Tuesday, September 30, 2008

တစ်နေ့တာ မလွဲများ။

မိုးသားများ မဲညှို့နေ၏။
ညှို့မှိုင်းနေသော စိတ်အစုံကို ဒရွတ်တိုက် ဆွဲနေဘိသကဲ့သို့...။
စားပွဲပေါ်တွင် တင်ထားသော နိုင်ငံခြားဖြစ် ပရုတ်ဆီကို ရည်ရွယ်ချက်မဲ့ ငေးနေမိ၏။
တစ်နေ့ညဆီက မြင်ကွင်းတစ်ခုကို သတိရမိ၏။
မိမိမတ်တပ်ရပ်နေသော အမြင့်ဆီသို့ တက်လှမ်းလိုသော အောက်အရပ်ဆီမှ လူတစ်ယောက်ကို အားစိုက် ဆွဲတင်မိသဖြင့် ပခုံးဆစ်ဆီမှ နာကျင်မှုဒဏ် ခံစားလိုက်ရ၏။ အဆိုပါ ဒဏ်ကို ပျောက်ကင်းစေရန် အလို့ငှာ အဆိုပါ ပရုတ်ဆီဗူးကို Medic ထံမှ ယူထားရင်း မလိမ်းဖြစ်သေးသည်ကို သတိရမိ၏။
အလို... လက်မောင်းရင်းမှ နာကျင်ရောင်ယမ်းမှုဒဏ်ကို ဆစ်ကနဲ ခံစားမိ၏။
ဆေးလိမ်းလိုက်ဦးမှပါလေ ဟု ကိုယ့်ကိုယ်ကို အသိပေးလိုက်သော်လည်း ပျင်းရိခြင်းဒဏ်၏ သားကောင် ဖြစ်နေသော လက်အစုံက ထိုဆေးဗူးကို လှမ်းယူရမည်ကို တွန့်ဆုတ်နေ၏။

ညဦးပိုင်းဆီက ကောင်းကောင်း အိပ်မပျော်ခဲ့သောကြောင့် မနက်လင်းအားကြီးချိန်တွင် အိပ်ပျော်သွားခဲ့သည်။
ထုံးစံအတိုင်း နိုးလာချိန်တွင် အရှေ့အဇဋာ ကောင်းကင်ဆီမှ ဘာဏုရာဇာနတ်မင်းကြီးသည် လောကကြီးတစ်ထောင်ကို မီးတစ်ထောင်အားဖြင့် ထိန်ထိန်ညီးအောင် ထွန်းလင်းနေချေပြီ...။

အိပ်စက်ရာ မွေ့ရာထက်ဆီမှ အိပ်စက်ခြင်း၏ အရသာကို ခံယူနေရင်းမှပင် မိမိ၏ အသွေးကို စုပ်ယူ ၀ါးမျို သုံးဆောင်နေသော အနန္တ သတ္တ၀ါငယ်လေးကို ကျောနောက်ဘက်နားဆီမှ ယုယုယယ ကိုင်တွယ်လိုက်ပြီး သနားသောအားဖြင့် လက်ညိုးနှင့် လက်မ နှစ်ခုကြား ခပ်ဖွဖွ ဖိပြီးသည့် နောက်ကွယ်တွင်ကား.... “ဖေါက်” ဟူသည့် ညင်သာလွန်းလှသည့် အသံကို ကြားလိုက်သည့် ခဏ၀ယ် လက်ညိုးထိပ်တွင် နီရဲသော အရောင်ကို ဆောင်သည့် အရည်တို့ စွန်းထင်းကုန်၏...။ ထိုမှ သင်းပျံ့သော အနံ့သည် နှာသီးဝရှိ ဂန္ဓအာရုံကို အနှောင့်အယှက် ပေးလေကုန်၏။

Ooopss I did it Again...
နားထဲတွင်ကား ဘရစ်တနီ စပီးယား၏ တေးသွားကို ကြားယောင်မိ၏။

၎င်းနောက် ကြာညိုနံ့ သင်းသယောင် ထင်ရသည့် အာခံတွင်းဆီမှ မွေးရနံ့များကို အခန်းတွင်းရှိ တ်စပတ်ကြာ စုထားသည့် မလျှော်ရသေးသော အ၀တ်များ၏ အနံ့များကို ဖုံးလွမ်းသွားအောင် မှုတ်ထုတ်ခြင်း အမှုကို ၅ မိနစ်ကြာမျှ လုပ်ဆောင်ချေ၏။

မြင်ခြင်းအမှုကို လုပ်ဆောင်ပေးသည့် စက္ခုနှစ်ကွင်း အလင်းဆောင်သော အကြည်ဓါတ်ရှိသည့် မျက်လုံးအိမ်ကို ဖုံးလွမ်းလျက်ရှိသည့် မလိုလားအပ်သော၊ ကိုယ်တွင်း အပူဓါတ်ကြောင့် အရည်ကြည်ဘ၀မှ ကြည်ပျစ်သည့် အဆင်းသို့ ပြောင်းလဲသွားသည့် မျက်ချေးအစုံကို လက်ညိုးကွေးနှင် ပွတ်သပ်ခြင်း အမှုကို ၁၀ မိနစ်ကြာမျှ လုပ်ဆောင်၏။

၎င်းနောက်တွင်ကား မွေ့ရာထက် ဇိမ်ခံခြင်းအမှုကို ရပ်တန့်စေမည့် နာရီလက်တံများကို ဖုန်းမျက်နှာပြင်ပေါ်တွင် ပီပီသသ ထင်ထင်ရှားရှား မြင်လိုက်သည့် နောက်ကွယ်တွင်ကား ...။
၁။ အိပ်ရာပေါ်မှ ခုန်ဆင်း
၂။ တန်းပေါ်တွင် ညက ဖြစ်ကတတ်ဆန်း လွှားထားသည့် မျက်နှာသုတ်ပုဝါ အောက်သိုးသိုးကို ယူ
၃။ ရေချိုးခန်းတွင်း အမြန်ဝင်
၎။ ရေပန်းကို ဂိတ်ဆုံးတင်ကာ ဖွင့်
၅။ ကေသာ သန့်ရှင်းခြင်းအမှုနှင့် ဒန္တ သန့်စင်ခြင်းအမှုကို တစ်ပြိုင်တည်း လုပ်
၆။ ရွှေပြွန်မှ ရေသွန်
၇။ လိုအပ်ပါက အခင်းကြီး ကို တစ်ပြိုင်တည်း လုပ်ဆောင်
၈။ မုခ ကို သန့်စင်ဆပ်ပြာနှင့် သေချာတိုက်

၁၀မိနစ်အတွင်း အထက်ပါ အမှုများကို လုပ်ဆောင်ပြီးသကာလ ခရီးဆောင် သေတ္တာပေါ်တွင် ပုံထားသော လျှော်ပြီးသား (ဟု ထင်ရ) အ၀တ်များထဲမှ အသန့်ပြန့်ဆုံး အ၀တ်အစားကို ရွေးချယ် ၀တ်ဆင်(အရင်တစ်နေ့နှင့် မထပ်အောင် ရွေးရသေး၏)၊ အမြင်အာရုံကို ပိုမို ကြည်လင် ပြတ်သားစေသည့် ဖန်သလင်းမှန်အစုံကို တပ်ဆင်၊ ကေသာကို ကျော့ရှင်းအောင် ဓါတုဆေးဝါး အကူအညီယူ၊ (ဂျယ်လ်လိမ်းတာ ပြောတာ)၊ ကိုယ်သင်းနံ့ မွေးပျံ့စေရန် နှင်းဖြူ ဟု ခေါ်ဆိုအပ်သော ယောက်ျားတို့ သုံးအပ်သော အရာကို ထုံမွမ်းပြီး သကာလ အိမ်မှ ထွက်ရန် အသင့် ... အဲ.. မဖြစ်သေး...။

ရှိရှိသမျှ အပေါက်တို့ကို လိုက်ပိတ်ရပြန်၏။ ပြတင်းပေါက်များ၊ လေ၀င်လေထွက် အပေါက်များ။
သုံးလူ့ထွတ်ထား၊ လူနတ်ဗြဟ္မာတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူထသော၊ ဘဂ၀ါ မြတ်ဘုရား ကို သုံးကြိမ် ပုဆိန်ပေါက် ရှိခိုး ဦးတိုက်ပြီး သကာလ အခန်းအပြင်ကို ရောက်၏။

မောင်သော့ကို အိမ်အပ်ပြီးသည်နောက် လူရှိရှိ မရှိရှိ ၁၂ ထပ်သို့ သွားသွာရပ်နေတတ်သော ဓါတ်လှေကားကို တစ်ထပ်ပြီးတစ်ထပ် ရပ်ပြီး မိမိရှိရာ ၈ ထပ်သို့ ရောက်သည်တစ်ခဏ... ၁၅ မိနစ် ကြာစောင့်ပြီးသည်တွင် မြေညီထပ်သို့ ရောက်၏။

အလုပ်သို့ နောက်ကျသူတို့၏ ထုံးစံအတိုင်း လမ်းပေါ် မြင်မြင်သမျှ ကားများကို အားသည် မအားသည် မသိ လက်ပြ တားပြီးသည့်နောက် နောက်ထပ် ၁၀မိနစ် အကြာတွင် ကားပေါ်သို့ ရောက်ချေ၏။ ကားပေါ်မှ တစ်ရိပ်ရိပ် ထိုးတက်နေသော မီတာပြ ညွှန်းတန်းကို ကြည့်ပြီး ရင်ခုန်ရသည်က အကြိမ်ကြိမ်...။ များလေ.. မိမိ အသပြာ ပိုထွက်လေ မဟုတ်ပါလော...။

ထိုစဉ်ခဏတွင် ခွေးမြီးကောက် ကျည်တောက်စွပ်တတ်သော နောင်မှ တ တတ်သော နောင်တတို့သည် အစဉ်တစ်စိုက် ပြန်ပေါ်လာလေ၏။ ယင်းတို့သည်ကား...
- ညစဉ်ညတိုင်း ပြုမြဲ ပြုနေကျ ဘလော့ဂ်တစ်ကာ လှည့်လည်ကျက်စားခြင်းအမှုကို လျှော့မည်ဟူသော ဆုံးဖြတ်ချက်။
- ညစဉ် ၁၀ နာရီ အချိန်မှန် အိပ်ရာဝင်မည်ဆိုသော ဆုံးဖြတ်ချက်။
- မနက်တိုင်း ဘတ်စ်ကားမှီအောင် ထမည် ဆိုသော ဆုံးဖြတ်ချက်။

အဆိုပါ ဆုံးဖြတ်ချက်တို့သည် ယခုမှသာ ပေါ်လာသည် မဟုတ်...။ ယခင့်ယခင် ကာလ ကြာရှည်စဉ်ကပင် ရုံးသွားနောက်ကျသည့် မနက်တိုင်း တ မိသော နောင်တပင်တည်း...။ သမုဒ္ဒရာပြင်ထက် ပွက်သော ရေပွက်တို့၏ သက်တမ်းကြာကောင်း ကြာလိမ့်မည်...။ အဆိုပါ နောင်တတို့သည် တစ်ဗီဇနာ၊ လက်ဖျစ်တစ်တွတ်စာ သက်တမ်းရှိပါမည်လော...။
မောင်ဘွိုင်း မသိပါ...။
ခွေးမြီးကောက်သည် ကျည်တောက်မှ လွတ်သောအခါ ပြန်ကောက်သကဲ့သို့...
ဘာဏုရာဇာနတ်မင်းကြီး ဂေါယာကျွန်းတွင်သာ မေးတင် အနားယူသကဲ့သို့...။
အကောင်းစား အကျွန်ုပ် မောင်ဘွိုင်းသည်လည်း...

Monday, September 29, 2008

ပြန်လမ်းမဲ့

နတ်ဆိုးတစ်ပါး ရင်ထဲမှာ ကခုန်နေတယ်...။
စီဆီးဖတ်စ်ကိုတော့ တံတိုင်းအလွန်မှာ စောင့်ခိုင်းကြတာပေါ့..။
ဝင်လာမိမှတော့ တစ်ခုခု ပြန်ယူသွားပါလား...။

ကိုယ်ချိုးထားတဲ့ ဖဲကို ကိုယ်ပြန်မမှတ်မိတာ ဆိုးပါတယ်..။
အခုဆို အဲဒီကလေးမလေးတောင် အပျိုကြီး ဖါးဖါး ဖြစ်လို့ နေရော့...။
ကိုယ့်ရာဇ၀င်ကို ကိုယ်ရေးနေကြတယ်...။

ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်နေတယ်...။
ငါ့အရိပ်က ငါ့နောက်ကို လိုက်နေတယ်...။
ငါ့ကိုယ်စောင့်နတ်ကတော့ နတ်သဘင် အစည်းအဝေးမှာ အိပ်ငိုက်နေလေရဲ့...။

ဝမ်းစာမပြည့်လို့ စခန်းသာကို မလှမ်းနိုင်တာ ငါ့အပြစ်မဟုတ်...။
လောလောဆယ်တော့ အထုပ်ပိုက်ပြီး ပြန်သွားလေရဲ့...။
သတင်းထူးရင် ပြောပြပါ...။

မိုးလေ၀သ ထူးကဲဒီရေ လှိုင်းကြီးနိုင်...။
လောကကြီး ကြည်လင်နေပါသည်...။

Saturday, September 27, 2008

ပေါက်ကရ အိတ်တီ့ အပိုင်း (၆)

အခုတလော အာရုံကို ကို ကောင်းကောင်းမရပါဘူး...။ ဘလော့ဂ်ရေးဖို့ကို တော်တော်အားစိုက်ရတယ်...။
မရေးပြန်တော့လဲ ကိုယ့်မှာ တစ်ခုခု ဖြစ်နေသလိုလို... ဟိုလိုလို ဒီလိုလို မချိုသင်းရေးသလို ဖြစ်နေတာပါ့...။

အာရုံမရတော့ ဆည်းဆာရလားဆိုတော့လဲ ဆည်းဆာဆိုတဲ့ကောင်မလေး ရွာပြန်သွားတာ ခုထိ အဆက်အသွယ်ကို လုပ်မလာဘူး...။
အင်တာနက် ဘက်ဘုန်းကျိုးနေလို့လား...။

ရေအောက်ကေဘယ်လ်ကြိုးကို သဘောင်္ကျောက်ဆူးနဲ့ ငြိမိပြန်ပြီလား...။
ဆာဗာဒေါင်းနေလို့လား...။
အိတ်ချိန်းရုံးကို ဟ့သာဝတီဘက် ပြောင်းနေလို့များလား...။
...လား။
...လား...။
အိတ်စက်ထရာ... အိတ်စက်ထရာ စတဲ့ လားပေါင်းများစွာ မြည်းပေါင်းများစွာနဲ့ ဒီမောင်မှာ စိုးရိမ် ပူပန် နေရပါတယ်...။


စိတ်ပူတော့ ဂဏှာမငြိမ်... ဂဏှာမငြိမ်တော့ သွေးလေခြောက်ချား...
သွေးလေခြောက်ချားတော့... အပူမီးတောက်... အပူမီးတောက်တော့ ၀မ်းမီလောင်...
ဝမ်းမီးလောင်တော့ ဗိုက်ကဆာ....။
အဲဒါနဲ့ ....။
အော် ဒီနေ့လား...။

ဒီနေ့ နေရာတကာ လျှောက်လည်နေတယ်...။
လျှောက်လည်ရင်းနဲ့ ခုနင်က ပြောသလို ၀မ်းမီးများ တောက်လို့ ပင်နီစူလားဘက်ရောက်တော့ မြေအောက်ထပ်က အင်းလေးမှာ ထမင်း သွားစားလာတယ်...။
ငါးရှဉ့်ခြောက်စပ်ကယ်... ပုဇွန် အစိမ်းသုပ်ကယ်...။
ဒီမှာ အားလုံး စားနိုင်အောင် ပါဆယ် ထုပ်လာတာ...။
ပြောရဦးမယ်...။ အင်းလေးမှာ ခု စားစရာတွေ မှာရင် အရင်လို မကြာတော့ဘူး...။
ခုမှာတာ ၁၀ မိနစ် စွန်းစွန်းပဲ ကြာတယ်...။

ဆားဗစ်ကောင်းလာပြီပေါ့...။
ဒါပေမဲ့ ဒီတစ်ခေါက် ငါးရှဥ့်က အကောင်သေးတယ် ထင်ပါ့...။ အရိုးများတယ်...။


ဟိုတစ်ပတ်ကဆို အကောင်ကြိးတော့ အသားများပြီး အရိုးထွင်ထားတော့ အရိုးနည်းတယ်...။
သို့သော်လဲ ဆာဆာနဲ့ စားလိုက်တော့ မြိန်နေတာပဲ...။
ဒါပေါ့... မြိန်ရာဆွေမျိုး၊ ခင်ရာ ဟင်းကောင်းဆိုတာ...။
စားပြီးတော့ ဗိုက်တင်းတင်းနဲ့ မြောက်ဘက်တံတားပေါ် လျှောက်လာတုန်း
ဗြုန်းဆို တစ်ဝှီးဝှီး တစ်ဗြဲဗြဲနဲ့ မိုးချိန်းသံလိုလို ၊ တိုက်လေယာဉ်သံလိုလို ကြားလိုက်ရတော့ လေယာဉ်ဗုံးကြဲတယ် ထင်နေတာ...။
ကမန်းကတန်း ဗုံးခိုကျင်းများ ရှာမိတာပေါ့...။

ဘေးဘီကလူတွေက ဘာမှ မဖြစ်သလိုနေတာ တွေ့တော့ စပ်စုကြည့်မှ ဒီနေ့ ညဘက် ကားမောင်းတဲ့ အက်ဖ်ဝမ်းဖေါ်မြူလာ ကားမောင်းပြိုင်ပွဲ စနေတာတဲ့...။ ထိုင်ကြည့် လက်မှတ်တွေက ကုန်ပြီ...။ ရပ်ကြည့်လက်မှတ်တွေကတော့ ၁၂၈ ကျပ်တဲ့...။ အကြိတ်အနယ် ၀ယ်နေကြတယ်...။
စလုံးက လူတွေများ တစ်ခုခုဆို မြည်းလိုက်ရမှ စမ်းလိုက်ရမှ... kiasu ဆိုလား... အဲဒီ ဆိုက်ကို ၀င်နေကြတာ များတယ်...။

ခုလဲ အဲဒီ ဘာမဟုတ်တဲ့ ကားမောင်းပြိုင်ပွဲ ကြည့်ရဖို့ အရေးကို တန်းစီနေလိုက်တာ...။
ပြိးခဲ့တဲ့ အပတ်က အဲဒီကားမောင်းပြိုင်ပွဲက ကားသမားတွေနဲ့ ညနေစာစားဖို့ အရေး တစ်ယောက်ကို ၅၀၀၀ ကျပ် (ငါးထောင်ကျပ်တိတိ) တဲ့... လက်မှတ်ဖိုးက။ အဲဒါကိုလဲ ဈေးကြိးပေး သွားစားတဲ့သူရှိတယ်...။
အဲလို ကမ္ဘာကျော် ကားမောင်းသမားတွေနဲ့ တွေ့ဆုံခွင့်ရဖို့အရေးက နည်းလားပေါ့လေ...။
နေပါ...။ မောင်ဘွိုင်းတို့ နာမည်ကျော်လာရင် ဒီဘလော့ဂ်လာဖတ်တဲ့ မိတ်ဆွေတွေကို ဦးစားပေးမယ် သိလား...။
လောလောဆယ်တော့ အပေါ်က ငါးရှဥ့်ပဲ သုံးဆောင်သွားလိုက်ကြဦး...။

ကားမောင်းပြိုင်ပွဲကို စိတ်တော့ မ၀င်စားပါဘူး...။
ဒါပေမဲ့ ၀ူးဝဲ ဗြူးဗြဲ ဆိုတော့ အသံကြားတာနဲ့ မရိုးမရွ ဖြစ်လာတော့ သွားကြည့်တာ...။
လား... လား...။
မျက်စိရှေ့မှာ ဖြတ်သွားလိုက်တာ ကားတစ်စီး တစ်စီး.. အရှိန်မနည်းဘူးရယ်....။
တစ်စက္ကန့်ကို ကီလို တစ်ရာကနေ နှစ်ရာ့ငါးဆယ်ကတော့ အသာလေးပဲ...။
ဘီးတွေ တော်တော်ပွန်းကုန်မှာ....။
အဲဒါကြောင့် မောင်းပြီးရင် နာရီဝက်တစ်ခါလောက် ဘီးတွေ ချွတ်လဲတာ နေမှာ...။
တစ်ခုခု လမ်းချော်သွားရင် အရှိန်က နည်းတာ မဟုတ်...။ ကြောက်တာ...။
အောက်ကပုံမှာ မရမက ရိုက်ထားတယ်...။ ၀ါးတော့ အ၀ါးသား...။

လက်ကိုင်ဖုန်းနဲ့ ဗွီဒီယို ရိုက်ထားတာ ရှိတယ်...။ blogspot က လက်ခံတဲ့ ဖေါမက်ဆိုရင်တော့ တင်ပေးလိုက်မယ်...။



စကားမစပ် မလေးလမ်းမှာ ဂျလန်း ဂျလန်း သွားလုပ်တော့ ဖေါ်မြူလာဝမ်းကားဖြူဖြူကို ပရိုမိုးရှင်း ပြထားတာ ရိုက်ခဲ့တယ်....။ ကြိုက်တယ်...။


တစ်ကယ်က အဲဒီပုံထဲက ကောင်မလေးကိုပါ...။ ဟီဟိ...။ မျက်လုံးလေးက ဆွဲဆောင်မှုရှိတယ်...။ တစ်ချို့က အဲဒါ ကြာမျက်လုံးတဲ့...။ ကြာကြာစိုက်ကြည့်လို့လား... ကြာပင်နဲ့ တူလို့လား မသိ.... ဟိ...။ ကြည့်လို့တော့ ကောင်းတာ အမှန်ပဲ...။


Credit to : Sarpatee

ဒီပုံကတော့ ကဲန်နွန် ကင်မရာ အကောင်းစားကြီးကို လဲန့်အရှည်ကြီးနဲ့ တွဲရိုက်လိုက်တဲ့ ကျွန်တော့်သူငယ်ချင်းဆီက ခိုးလာတာ...။ နှစ်ယောက်စလုံး ချောတယ်နော်...။
တော်သေးပြီ...။ ဟိ
အောက်က ပုံတွေက ကဲန်နွန်နဲ့ သူ့တွဲဖက်ကြီး လဲန့် အရှည်ကြီး....။

Sunday, September 21, 2008

ခွေးမြီးကောက် ကျည်တောက်စွပ်ခြင်း နှင့် ပေါက်ကရ ၈၀များ...။

ခေါင်းစဉ်ကို ကြည့်ပြီး ဘွိုင်းတစ်ယောက် သုနက္ခ ဖြစ်သွားပြီလို့ အထင်တော် မရှိလိုက်ပါနဲ့...။
ခေါင်းစဉ်အတိုင်းပဲ ဖြစ်တုန်းခဏသာ နည်းနည်းပါးပါး နောင်တရသလို ဖြစ်ပြိး နောက်ပိုင်းလဲ ဒုံရင်းဒုံရင်း ဖြစ်သွားတတ်လို့ပါ...။

ဖြစ်ပုံကတော့ဗျာ...။ မောင်ဘွိုင်းတို့ ဘုရားမကြိုက်တဲ့ သူရာရည်နဲ့ လားလားမှ မတည့်ပါဘူးဗျာ...။
သောက်လိုက်ရင် ချို
မျိုလိုက်ရင်ခါး
ကိုကြီးကျော် ပလီလွန်းတယ်
ဆေးစိုက်တဲ့ကျွန်း... (နောက်ထ ဆိုင်း ၀င်လာစေ....။)

အာ...။ ဘာမှလဲ မဆိုင်ဘူး...။ မူးမူးနဲ့ ဘာတွေရေးမိမှန်း မသိဘူး...။

ဒီလိုဗျာ...။ အဲဗာတန်လေး တိုက်တဲ့ ဘီယာတောင် တစ်ငုံ ငုံတာနဲ့တင် လက်တွေ ရင်ဘတ်တွေ မျက်နှာတွေ ရဲတက်လာသဗျား...။
ဆိုတော့ကာ... သူရာရည်ဆိုရင် ပြောမနေနဲ့တော့ဗျာ...။ အဲလောက်ကို သူရာနဲ့ တည့်တာ... အဲအဲ အယ်လာဂျစ် ဖြစ်နေတာ..။ ဒါကို အမှတ်သည်းခြေ မရှိပဲ ခဏခဏ သွားသွားသောက်နေတာ...

ကျွတ်စ်.....။ ရှည်နေလိုက်တာ... ပြော စရာရှိ ပြောတာ မဟုတ်ဘူး....။
ဒီလိုဗျာ...။ သောက်လိုက်တိုင်း မူးလဲမူး နံလဲနံ မနက်တိုင်း ခေါင်းမူးခေါင်းကိုက်တတ်တဲ့... ဒီသူရာရည်ကို သောက်ပြီးတိုင်း တွေးမိတယ်...။
သောက်ပြီးတဲ့ နောက်တစ်နေ့ မနက်တိုင်းမှာ ခေါင်းကိုက်တဲ့ဲ့ အရသာကို ခံစားရင်းနဲ့ နောက် မသောက်တော့ဘူးကွာလို့ နောင်တရမိတာ အကြိမ်ကြိမ် အခါခါ....။
ဒါပေမေ့လဲ... အဲဒီ နောင်တက လေထဲက ပူစီဖေါင်းလောက်တောင် သက်ဆိုး မရှည်ရှာဘူး...။
ဘော်ဘော်တွေနဲ့တွေ့ရင်ကို ဖေါက်ကနဲ ဖေါက်ကနဲ ကွဲသွားတာပဲ...။
မနေ့ည စနေနေ့ညက အိစ်ကုတ်မှာ ဘော်ဘော်တွေနဲ့ သောက်ပြီး ကွန်ဖေါ့ဒ်တက်စီနဲ့ ပြန်လာတာ... ကားပေါ်မှာ ဂီတာ တစ်လုံး ကျန်ခဲ့တယ်...။ ဒီမနက် ၆ နာရီလောက်ပေါ့...။ ၁၁း၃၀ လောက် နိုးလာတော့ သတိရပြီး ဘော်ဘော်တွေ ဖုန်းဆက်တော့ တစ်ယောက်မှ ယူမသွား... ကိုယ်ကတော့ ဆတ်ဆော့ပြီး မူးမူးနဲ့ သယ်လာတာတဲ့...။ ကားပေါ်မှာ ပါသွားတာ...။ ပျောက်ပြီးပြန်တွေ့ ဒီပါမဲန့် ကို ဖုန်းဆက်တော့ ဟိုက ၀တ်ကျေတန်းကျေနဲ့ ပြန်ရှာပေးပါ့မယ်..။ ဖုန်းနံပါတ် ပေးထားခဲ့ဆိုတော့ ဖိုးဖိုးအိပ်ဖွားဖွားအိပ် နံပါတ်ပေးလိုက်တာ... ကျွန်တော် မေ့လောက်ပြီ ထင်တဲ့ ၁၅ မိနစ်လောက်လဲကြာရော... လူကြီးမင်း စီးလာတဲ့ ကားကို ချက်ကင်လိုက်ပြီးပါပြီ... ဘာမှ မကျန်ပါဘူး.. ဘာညာနဲ့ ဖုန်းပြန်ဆက်လာတယ်...။ ဘယ်သူက တစ်ကူးတစ်က ကျန်ခဲ့တယ်...။ လာပို့ပါမယ် ပြောမှာလဲနော့...။ မူးပြီး မေ့ကျန်ခဲ့တာ နည်းတောင်နည်းသေးတယ် လို့ ပြောမသွားတာ ကံကောင်း...။

အဲဒါ.... အဲဒါ... ပြောချင်တာ...။
သောက်စားမူးယစ်တယ်ဆိုတာ ဘာမှကို မကောင်းတာ...။
ဆိုတော့ နောက်ကို မသောက်တော့ဘူးလားဆိုတော့.... အဖေါ်ကောင်းရင် ငရဲပြည်ကို လိုက်.... ဦး.... မှာ....။
အဲ... ဖုန်းလာနေတယ်...။ အဲဗာတန်နဲ့ သွားတွေ့မယ်ဆိုပဲ...။

ဘီယာချမ်း... ဘီယာချမ်း...
ဘီယာဆိုတာ အရက်မဟုတ်ပါ...။ သောက်ပြီးရင် တစ်ငွေ့ငွေ့နဲ့လာတာ....
ဂုဏ်...ဂုဏ်.. ဂုဏ်...
ဂုဏ် ဆိုတာ ရုပ်ရှင်ရုံကို ခေါ်တယ်... အဲ...အဲ...
ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်...
ငွေကိုသာ ရေလိုသုံးရင်..
တစ်ပြည်လုံးမှာ လုပ်သမျှ တင့်တယ်
(ယောက္ခမကြီးက မျက်နှာချိုတယ်...
ကိုယ့်မယားက စေနတာပိုတယ်...။)၂
အော်.... လောကကြီးမှာလေ...
သောက်မယ် စားမယ်...ပျော်မယ်ပါးမယ်...။

သွားလိုက်ဦးမှ....
နောက်မှ အဲဒီ ခွေးမြီးကောက်ကို ဖြောင့်သွားအောင် ကိုကိုနဲ့ညီညီမှာ ဖြောင့်ဆေးနဲ့ သွားဖြောင့်မယ်...
ဖြောင့်ဆေး မပြယ်မချင်းတော့ မကောက်ဘူးပေါ့ဗျာ...။

အိမ်ပြောင်းဖို့ အိမ်ရှာလိုက်ဦးမယ်ဗျာ...။
အိမ်ကလဲ တစ်ရက်လောက်ပဲ ဖုန်း မဆက်လိုက်တာ... သူများ ငှားသွားပြီတဲ့...။
အစိမ်းလိုင်း လာဗဲန်ဒါးကနေ တဲန်းမနစ် တစ်လျှောက် ဖလက်တစ်ခုလုံး သို့မဟုတ် ၃ ယောက်စာ ကွန်မွန်းရွမ်း ရှိရင် လက်တို့လိုက်ပါဗျို့...။
အတူနေ အစ်ကိုက အဲဒီလိုင်းနားတစ်ဝိုက်မှာ အလုပ်ပြောင်းသွားတော့ အဲဒီကို ပြောင်းသွားချင်လို့...။
နို့မို့ မနက် မနက် ၆နာရီ ၇နာရီလောက် စောစော ထ နေရတာ မနှိပ်ဘူးဗျို့...။
ခုတော့ နှပ်လိုက်ဦးမယ်ဗျာ...။

နန္ဒါအတွက် ခက်ဆစ်။
ပျောက်ပြီးပြန်တွေ့ ဒီပါမဲန့် = lost and found department
ခွေးမြီးကောက် ကျည်တောက်စွပ် = တစ်ခုခုကို လုပ်လိုက်လို့ မှားမှန်း သိသော်လဲ သိပြီးခဏသာ နောင်တရပြီး နောက် အဖန်တလဲလဲ ထပ်တူ အမှားကို ထပ်ခါထပ်ခါ ပြုလုပ်ခြင်း...။ (အမြဲတမ်း ကောက်နေတတ်တဲ့ ခွေးအမြီးကို ဖြောင့်အောင် ဆိုပြီး... ၀ါးကျည်တောက်ထဲ ထည့်တုန်းခဏမှာသာ ဖြောင့်ပေမဲ့ ကျည်တောက်ထဲက ပြန်ထုတ်လိုက်ရင် နဂိုကောက်မြဲအတိုင်း ပြန်ကောက်သွားခြင်းနဲ့ တင်စားခေါ်ဝေါ်တာ ဖြစ်တယ်...။)

- သိတယ်မဟုတ်လား... သူက ကိုယ့်လိုပဲ.. ဘေ့စစ်က နည်းရှာတော့ သူလာမမေးခင် ကြိုဖြေထားလိုက်တာ....။
-စီဗုံးမှာ အမ်းမား kom ကော်မန့်တွေ တိုစိတိုစိ လာရေးထားဦးမှာ စိုးလို့ ကြိုရေးထားပေးတာ...။ ဟီဟိ...။
- အမ်းမား ဆိုတာကို မသိမမှီလိုက်သူများ ဒီစီဘောက်စ်ရယ်၊
ဒီကိုလာ စီဘောက်စ်ရယ်...၊ kom စီဘောက်စ်ရယ်ကို ဆက်စပ် ဖတ်ကြည့်မှ သဘောပေါက်မှာ ဖြစ်ပါကြောင်...။
- လောလောဆယ် Kom ရဲ့ ဘလော့ဂ်ကော်မဲန့်မှာတော့ အမ်းမား နဲ့ပါတ်သက်ပြီး တစ်ယောက်ကတော့ ခေါင်းစားနေလေရဲ့...။ ဟီဟိ ပျော်တာ...။

Saturday, September 20, 2008

Blog Introduction

ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်းတို့ခင်ဗျာ...။
ပျော်စရာကောင်းတဲ့ ပိတ်ရက်လေး တစ်ခု ဖြစ်ပါစေဗျာ...။
ဒီတစ်ခါတော့ ဘလော့ဂ်ပေါ်က ကောင်းနိုးရာရာ ဖတ်သင့်တာလေးတွေကို ညွှန်းပေးချင်လို့ပါ...။

သိပ်များများစားစား မဟုတ်ပါဘူး...။
အရယ်သန်တဲ့ ကျွန်တော် မကြခဏ ဖတ်လေ့ရှိတဲ့ ဘလော့ဂ်လေးတွေကို ညွှန်းချင်တာ...။

၁။ ဒီကိုလာ (http://degolar.blogspot.com)
သူကတော့ အရင် ဘလော့ဂ်အဟောင်းကနေ အခု လက်ရှိ ဘလော့ဂ်ကို ပြောင်းခဲ့တာ တစ်နှစ်မကြာသေးဘူး...။ ဘလော့ဂ်အဟောင်းကို ပိုစုံတယ်...။ ပိုရီရတယ်...။ အခု ဘလော့ဂ်လဲ ရီရပါတယ်...။
ဘ၀အစုံစုံ အကြောင်း...
လေယာဉ်ပေါ်က ဘေစင်မှာ ရွှေပန်းနဲ့ ရှုရှုးပန်းတာ...
ဟောင်ကောင် အချုပ်ထဲ အလည်ရောက်ဖူးတာ...
မလေးက ဂျဲန်တင်းတောင် တက်တာ...
အန်တီယု အကြောင်း..
ထိုင်ဝမ်က ဂျပန်စားသောက်ဆိုင်က မျက်နှာ ရဲတွတ်နေတဲ့ ကောင်မလေးနဲ့ သူ့ရဲ့ တစ်ညတာ အကြောင်း...။
အို..... သွားတာ ဖတ်ကြည့်လိုက်ပါလေ...။
အနည်းဆုံးတော့ စိတ်လက်ပေါ့ပါးသွားပါလိမ့်မယ်...။ (သူရေးတဲ့ အရည်မရ အဖတ်မရတွေ ဖတ်ပြီးတော့ပေါ့လေ...။ဟိ)
ဖတ်လို့ မကောင်းရင်တော့ သူရေးတာ မကောင်းလို့ပေါ့ဗျာ...။ ဟဲ...။
ရုပ်ရှင်ဖတ်ညွှန်းများလဲ သူက လုပ်တတ်သေးတာဗျ...။
မလေးရှားကို ဗိုင်းရိတ်စီဒီများ ၀ယ်ပြီးတော့ ဝေဖန်ရေး ၊ လေကန်ရေး လုပ်နေတာ...။
နောက်ဆုံးတစ်ခုကတော့ အုန်းသီးလက်ဝယ်ရောက်နေတဲ့ မျောက်လိုပါပဲ...။
အဲဒီ အုန်းသီး အကြောင်းကို သူတစ်ဖွဖွ ပြောလို့ မဆုံးဘူး...။
ကိုယ့်ငါးဖယ်ကို ကိုယ်ခဏခဏ ချဉ်တတ်တဲ့ ကိုငါးဖယ်ကြီးပေါ့ဗျာ...။ (ဒီစကားပုံလောက်တော့ SMNTL နားလည်လိမ့်မယ်လို့ ယံကြည်ပါတယ်...။)
သူ့လက်ထွက် ငါးဖယ်တွေကို ခဏခဏ ထုတ်ကြွားတတ်ပါတယ်...။
တင်းတင်းလေးကြောင့်သာ ကျွန်တော် အဲဒီ ငါးဖယ်တွေကို အောင့်အီးသည်းညည်းခံ ဖတ်နေရတာပါဗျာ...။
ကြည့်ကျက်ပြီး ဖတ်ကြဗျိုး...။

၂။ ဏဗဏ (http://navana07.blogspot.com)
သူကတော့ ကျွန်တော်တို့ ပုဂံနေပြည်တော်ဆိုတဲ့ အရပ်မှာ ကျက်စားလာကတည်းက လက်စောင်းထက်ခဲ့တဲ့ အစ်ကိုကြီးပေါ့ဗျာ...။
ကျောင်းမှာလဲ သူက ကျွန်တော်တို့ စီနီယာနောင်တောင်ကြီးဗျ...။
ကျောင်းမှာလဲ တစ်ခေတ်တစ်ခါ သူ့နာမည်တွင်သွားခဲ့တယ်...။
ပုဂံနေပြည်တော်မှာလဲ သူ့စာတွေဆို စောင့်ဖတ်နေကြတဲ့ ပရိသတ်များ ဒုနဲ့ ဒေးပါ...။
ဟော... နေးတစ်နိုင်ငံတော်ကိုလဲ ကျွန်တော်တို့ ပြောင်းလာရော... ကျွန်တော်တို့ အစ်ကိုကြီးလဲ ပါလာသဗျ...။
ဒီမှာလဲ နောက်ထပ် နောက်ထပ် အသစ်အသစ်သော သူရဲ့ ကြုံရဆုံရ ဘ၀အစုံအစုံ အကြောင်းကို ဟာသသောလေးနဲ့ နှောပြီး တင်ပြထားတာ ဖတ်ရပြန်တယ်...။
အခု ကိုဏဗဏက သူအရင်က ရေးထားတဲ့ စာတွေကို ဘလော့စာမျက်နှာထက်ပေါ် စတင်နေပါပြီ...။
ဟိုးအရင် ငယ်ငယ်ကစ၊ ကျောင်းတက်တာ အလယ်..၊ အခု လက်ရှိ အလုပ်လုပ်နေတဲ့ အထိ ပေါ့ဗျာ...။ တင်ထားပါတယ်...။
လက်ရှိ တော့ ကျောင်းတက်တဲ့ အပိုင်းအထိပဲ တင်ထားတာ တွေ့ရတယ်...။
နောက်ဆုံး လက်ရှိအပ်ပ်ဒိတ်အခြေအနေကို ဖတ်ကြည့်ချင်ရင်တော့ ဒီနေရာ (နေးတစ်မြန်မာ)မှာ သွားဖတ်နိုင်ပါတယ်...။
Sing up တော့ ဒီနေရာမှာ Native Myanmar Forum မှာ လုပ်ဖို့ လိုလိမ့်မယ်နော့...။
သမန်ပေါသွပ်နဲ့ ၀င်းဦး စပ်ထားတဲ့ ရုပ်နဲ့ ကျွန်တော့် အစ်ကိုကြီးစာတွေကို သိပ်မညွှန်းတော့ပါဘူးဗျာ...။
သွားသာ ဖတ်ကြည့်လိုက်တော့ဗျိုး...။

အခုညွှန်းထားတဲ့ ဘလော့ဂ်နှစ်ခုကို ဖတ်ပြီးလို့မှ လုံးလုံး မရီရဘူးဆိုရင်တော့....။
မိတ်ဆွေ ဆိုက်ခက်ထရစ်နဲ့ သွားပြီး မက်တီကယ် ထရစ်မဲန့် ယူသင့်ပါပြီလို့...။

Wednesday, September 17, 2008

2103 နှစ်မြောက် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်

မိုင်ဆွန်ခ...။
မတွေ့ရတာ အတော်တောင် ကြာပြီပေါ့ ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်းတို့...။
ကျန်းခံ့သာလို့ မာပါစ...။
ရာသီဥတု အကူးအပြောင်းကလဲ မြန်နေတော့ နှာစေးချောင်းဆိုး အာဂန္တု အဖျားလေးများလဲ ရာသီအလိုက် ရောက်လာတတ်ပါတယ်...။
ပန်နာဒေါ၊ ပါရာမောလေးများ ဆောင်ထားကြပါကုန်...။

ဒီလိုပါပဲ ရာသီစက်ဝန်းတွေ တစ်ခုနဲ့ တစ်ခု ကူးပြောင်းလို့ တစ်နှစ်ပြီး တစ်နှစ် ဖြတ်ကျော်သွားပါတယ်...။
နှစ်ဟောင်းကုန်လို့ နှစ်သစ် ရောက်ပြီဆိုရင်ဖြင့် နှစ်သစ်ကူးပွဲတော်များ ကျင်းပတတ်ကြတာ ဓမ္မတာပါပဲ...။
အနောက်တိုင်း နှစ်သစ်ကူးပွဲတော်ကတော့ အများ သိကြတဲ့အတိုင်း ခရစ်သက္ကရာဇ် တစ်ခုရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ နောက်ဆုံးရက် ၃၁ ရက်နေ့ညမှာ နှစ်သစ်ကူးပွဲတော်ကို ကျင်းပကြပါတယ်..။
အရှေ့တိုင်း ဗုဒ္ဓဘာသာ နိုင်ငံများမှာတော့ ဧပြီလလယ်လောက်၊ မြန်မာကောဇာသက္ကရာဇ် အနေနဲ့ ပြောရရင်တော့ တန်ခူးလမှာ နှစ်သစ်ကူး ပွဲတော်ကို ကျင်းပကြပါတယ်...။
တရုတ်နိုင်ငံမှာတော့ နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလကုန် သို့ ဖေဖေါ်ဝါရီလဆန်းပိုင်းလောက်မှာ ကျင်းပကြပါတယ်...။

အခုလဲပဲ အရှေ့တောင်အာရှ တစ်ဝိုက်မှာ မှီတင်းနေထိုင်ကြတဲ့ ရှမ်းမျိုးနွယ်များဟာလဲ ၎င်းတို့ရဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ ရှိကြပါတယ်...။ မူရင်းဌာနေ တောင်ပေါ်ဒေသ မှာ နေထိုင်ကြတဲ့ ရှမ်းအမျိုးသားများရဲ့ နှစ်သစ်ကူးပွဲတော်ဟာ စပါးပင်များ ရင့်မှည့်စပြုတဲ့ ရာသီ နတ်တော်လဆန်း တစ်ရက်နေ့မှာ ကျရောက်လေ့ရှိပါတယ်...။

နှင်းပွင့်များ တစ်ဖွဲဖွဲကျဆင်းနေတဲ့ ဟေမန္တ ဆောင်းရာသီရဲ့ ညချမ်းမှာ မီးပုံနံဘေးမှာ ၀ိုင်းဖွဲ့ပြီး နှစ်သစ်ကို ကြိုဆိုလာခဲ့ကြပါတယ်...။ မျိုးဆက် တစ်ခုကနေ တစ်ခု လက်ဆင့်ကမ်းပြီး ကျင်းပလာတာ ဒီနှစ်ဆိုရင်ဖြင့် ၂၁၀၃ နှစ် တိုင်တိုင် ရှိခဲ့ပါပြီ...။

အခု လာမည့် ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာခ ၂၈ ရက်နေ့ မြန်မာသက္ကရာဇ်အားဖြင့် ၁၃၆၃ ခု နတ်တော်လဆန်းဟာဖြင့် ရှမ်းမျိုးနွယ်များရဲ့ နှစ်သစ်တစ်ခုကို ကူးပြောင်းတဲ့ ကာလ၊ နှစ်သစ်ကို ကြိုဆိုတဲ့ ကာလဖြစ်ပါတယ်...။


ကမ္ဘာအရပ်ရပ်မှာ ပြောင်းရွှေ့မှီတင်း နေထိုင်ကြတဲ့ ရှမ်းအမျိုးသားများဟာ မိမိတို့ ရောက်ရှိရာ ဒေသတွေမှာ အချင်းချင်း စုပေါင်းကြပြီး မိမိတို့ရဲ့ နှစ်သစ်ကူးပွဲတော်ကို အတူတကွ ပျော်ရွှင်စွာ ကျင်းပကြိုဆိုကြပါတယ်...။
ထိုနည်းတူစွာဖြင့် စင်ကာပူမှာ ရောက်ရှိနေတဲ့ အဝေးရောက် ရှမ်းအမျိုးသားများကလဲ မိမိတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများ တိမ်ကောပပျောက်မှု မရှိစေဖို့ ရိုးရာပွဲတစ်ခု ဖြစ်တဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ကျင်းပဖို့ အစီအစဉ် ရှိနေပါတယ်...။

အရင့်အရင် နှစ်များက ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ခဲ့ကြပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က စပြီး ဧည့်ခံဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်းကာ မြန်မာပြည်မှ နာမည်ကျော် တေးသံရှင်များကို ဖိတ်ခေါ်ပြီး ကပွဲခန်းမမှာ သီဆိုဖျော်ဖြေ ကျင်းပခဲ့ကြပါတယ်...။ ပွဲတော်ကို တက်ရောက်ကြတဲ့ ဧည့်သည်တော်များအတွက်လဲ ရှမ်းရိုးရာ အစားအသောက်များနဲ့ တည်ခင်း ဧည့်ခံပါတယ်...။ ထို့ပြင်တ၀ ရှမ်းအမျိုးသားများရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှူ ဓလေ့ရိုးရာ ပြကွက်များ၊ ရိုးရာအ၀တ်အစား ဆင်ယင်သရုပ်ပြပွဲ၊ ရိုးရာအကများ စသည်တို့ကို ပြသခဲ့ပါတယ်...။

၂၀၀၇ ခုနှစ်တုန်းကတော့ ပြပွဲအချို့ကို ပြောပြရရင် “ပွဲဆံလောင်း” လို့ ခေါ်တဲ့ မောင်ရှင်လောင်းလှည့်လည်ပွဲ၊ ရှမ်းအမျိုးသမီးများရဲ့ အ၀တ်အစား ဆင်ယင် သရုပ်ပြပွဲ မော်ဒယ်ရှိုး၊ တိုးနယားအက၊ ကိန္နရာ အက စသည်များကို သရုပ်ဖေါ်တင်ဆက်ခဲ့ပါတယ်...။

ဒါ့အပြင် နာမည် ကြီး အဆိုတော်များကိုလဲ ပွဲတော်မှာ ပါဝင်ဖျော်ဖြေသီဆိုရန်အတွက်လဲ နှစ်အလိုက် ဖိတ်ခေါ်ခဲ့ပါတယ်...။

၂၀၀၆ ခုနှစ်တုန်း နာမည်ကြီး ရှမ်းအဆိုတော် ဖြစ်တဲ့ (အခု ဆုံးပါးသွားပြီ ဖြစ်တဲ့ ) စိုင်းထီးဆိုင်
၂၀၀၇ ခုနှစ်မှာကျတော့ အဆိုတော် ဘိုဖြူနဲ့ စိုင်းဆိုင်ကျွမ်ဖ။ ဧည့်သည် အဆိုတော် အဖြစ် အဆိုတော် ဆုန်သင်းပါရ်က ပါဝင်ကူညီ ဖျော်ဖြေခဲ့ပါတယ်...။
ယခုနှစ် ၂၀၀၈ မှာတော့ ရှမ်းအဆိုတော် စိုင်းဆိုင်မော၊ စိုင်းအောင်ထီးခမ်း နဲ့ တင့်တင့်ထွန်း တို့ကို လျာထား ဖြစ်ပါတယ်...။ (စိုင်းအောင်ထီးခမ်းဟာ အဆိုတော် စိုင်းထီးဆိုင်ရဲ့ ညီအရင်း ဖြစ်ပါတယ်...။)

အစားအသောက်အနေနဲ့ကတော့ ၂၀၀၇ ခုနှစ်တုန်းက ကျိုင်းတုံ ၀က်အူချောင်း ၊ နမ့်ဖစ်ပါ အစရှိတဲ့ ရှမ်းရိုးရာ အစားအသောက်များနဲ့ ဘူဖေးအဖြစ် တည်ခင်းဧည့်ခံခဲ့ပါတယ်...။ ဒီအခုနှစ်မှာကျတော့ မနှစ်ကနဲ့ မတူ ရှမ်းရိုးရာ အစားအသောက်များကို ရွှေပွဲလာ ဧည့်ပရိသတ်များအကြိုက်တွေ့စေရန် စီစဉ်ထားပါတယ်...။

ဒီတစ်နှစ်အတွက် ပွဲတော် ကျင်းပမယ့် ကပွဲ ခန်းမကို လာဗဲန်းဒါး ဘူတာနားက ဖူးချူးခန်းမကို ငှားရမ်းထားပါတယ်...။ ပွဲတော် အစီအစဉ် အသေးစိတ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်...။

၂၀၀၈ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော် (စင်ကာပူ) အစီအစဉ်။
နေရာ။ ။ ဖူးချောင်းခန်းမ (လာဗဲန်းဒါး ဘူတာရုံအနီး) လက်မှတ်နောက်ကျောတွင် လမ်းညွှန်မြေပုံပါသည်။
@21 Tyrwhitt Road (Near Jalan Besar Stadium - North Gate) Foochow Building, Singapore 207530. Click Here for detail map.

နေ့ရက်
။ ။ ၂၀၀၈ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၂ ရက် (စနေနေ့)။

အချိန်
။ ။ ညနေ (၀၅း၀၀) နာရီမှ (၁၁း၀၀) နာရီအထိ။

အစားအသောက်
။ ။ ရှမ်းရိုးရာ အစားအသောက်။ Click here to check.

ဖျော်ဖြေရေး
။ ။ ရှမ်းရိုးရာ ယဉ်ကျေးမှု အကများ၊ ပြကွက်များ၊ ၀တ်စားဆင်ယင်မှု ဖက်ရှင်ပြပွဲများ၊ နာမည်ကြီး အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများ။
Click here to check.
(Optional : ရှမ်းရိုးရာ ဓါးသိုင်းအက (အမျိုးသမီး) ကို တင်ဆက်ရန် လျာထားသည်။ အဆင်ပြေပါက အဆိုပါ ပြကွက် ပါမည်။)

လက်မှတ် တန်ဖိုး
။ ။ SGD 30, SGD 40
(နေရာကောင်းရရန် စောစောကြွပါ...။ ခုံနေရာများကို ပွဲတော်ခန်းမ Reception Counter တွင် တာဝန်ရှိသူများမှ လက်မှတ် တန်ဖိုးအလိုက် First Come First Serve စံနစ်ဖြင့် သတ်မှတ်ပေးပါလိမ့်မည်။)

လက်မှတ်များ ၀ယ်ယူရရှိနိုင်သော နေရာများ
-
၁။
mr.boyz@gmail.com သို့ အီးမေးလ်ပို့ပေးပါရန်။
၂။ ရှမ်းတောင်တန်း (ပင်နီစူလား ကုန်တိုက်)။
၃။ လွယ်ဟိန်း
(ပင်နီစူလား ကုန်တိုက်)။
၎။ သီရိမွန်
(ပင်နီစူလား ကုန်တိုက်)။
၅။ နီးစပ်ရာ ရှမ်းတိုင်းရင်းသားများ။

ဒီမှာလဲ အစီအစဉ်အသေးစိတ်ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်...။


Potential Reserved list :(လက်မှတ် ၀ယ်ယူမည့်သူများ စာရင်းများ။ လျာထားစာရင်း :D )
01. KOM + 1
02. TZA + 1 (+1 ကတော့ သိပ်မထင်) :D (ဓါတ်ပုံရိုက်ရန် အလွန်ကောင်းသော ပြကွက်နှင့် ချောမောလှပသော ရှမ်းပျိုဖြူ မော်ဒယ်များ ရှိသည်။)
03. Mi Nwe + 1
04. RedRose + 1
05. Suzu (+1 ရမလား အကြောင်းပြန်ပါ...။ ဟိ)
06. အန်တီမေ
07. Thinking Honey + 1
08. Ma Bay Dar
09. GuGu (+1 or not pls confirm :D )
10. TommyGirl +1
11. Ko Paw + Madam Paw
12. NayNayNaing
13. FreshUp
14. ကလူသစ် +1

Venue Map

မျက်ကန်း

ဒီလိုနဲ့
မင်္ဂလာရှိတဲ့ မနက်ခင်းတစ်ခုကို
အဓိပ္ပါယ်ရှိရှိ ရိုက်ချိုးဖို့အတွက်
ဗလာကျည်နဲ့ ပစ်သွင်းလိုက်တဲ့ ပစ်ချက်တစ်ခု
တန်းတန်းမတ်မတ် ရောက်ခဲ့တယ်...။
(စက်တင်ဘာရဲ့ အစောပိုင်းရက်တွေကပေါ့...။)

အစားအစာ
ဝါးစားပါ
အသားပါသလား
ငါးပါသလား...။

အားစမ်းတာလား...
သွေးတိုးစမ်းတာလား...
ကိုယ်တိုင်ချိုးထားတဲ့ ဖဲနဲ့
ခိုးထားတဲ့ ဖဲနဲ့
တစ်ချပ်မှောက် ကစားဝိုင်းဟာ
မိုးလင်းပေါင်းများခဲ့ပေါ့...။

ခြင်္သေ့ဟာ
သားကောင်ကြီးငယ်မဟူ
တူညီတဲ့ လုံ့လနဲ့ ဖမ်းလေ့ရှိသတဲ့...။
နှံပြည်စုတ်ကို အမြောက်နဲ့ချိန်တော့
သုကျိတ်က ရီနေမှာပေါ့...။

ဆားနဲ့ပဲ စားနိုင်တယ်လို့ ဆိုခဲ့တဲ့သူတွေများ
ခုတော့ ချိစ်မပါတာကို ရေးကြီးခွင်ကျယ်လုပ်နေကြပြီ...။
အောက်ကလိအာ.. အာကလိအောက်တွေလဲ အဆံထွားနေပါလား...။

မိတ်ဆွေ...
မကူညီချင်နေပါ
ဖြားယောင်းသွေးဆောင်မှုတွေ မလုပ်ပါနဲ့...။
ဒီလိုနဲ့ တစ်မိုးတောင် သောက်ရော့...။

(ဆယ်စုနှစ်ပေါင်း နှစ်ခုစာမှ အသံများသို့...။)

Saturday, September 13, 2008

သမ္မတရွေးကောက်ပွဲ ၀င်မယ်...။

လွတ်လပ်တဲ့၊ ပြစ်မှုပြစ်ဒဏ် မရှိတဲ့ ၊ နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့် အပြည့်အ၀ရရှိထားတဲ့ ကျွန်တော်...။
အခု ကျွန်တော် ဘာလုပ်မလဲ...။
ဒီနှစ်အတွက် သမ္မတ ရွေးကောက်ပွဲ ၀င်ဖို့ ကြိုးစားနေပါတယ်...။
ဘလော့ဂ်ကြွလာ မိတ်သဟာများ ကျွန်တော့်ကို မဲထည့်ပေးကြပါ...။
ကျွန်တော်သာ သမ္မတ အဖြစ် အရွေးခံရရင်
- ပြည်သူလူထုတွေရဲ့ လိုအပ်ချက်ကို ဖြည့်စွမ်းပေးပါ့မယ်...။
- နိုင်ငံတော်ရဲ့ စီးပွားရေးမောင်းနှင်အားကို ဒီထက်ပိုပြီး တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးပါ့မယ်...။
- ပြည်သူတွေရဲ့ ကျန်းမာရေးကို အာမခံချက် ရှိအောင်၊ လူတိုင်း တန်းတူညီမျှ ဆေးကုသခွင့် ရှိနိုင်အောင် ကြိုးစားပေးပါ့မယ်...။
- လိင်တူချင်း လက်ထပ်တာကို ခွင့်ပြုပါ့မယ်....။
- အခွန်တော်များ ကောက်ခံခြင်းကို ကာလအပိုင်းအခြား တစ်ခုအထိ ကင်းလွှတ်ခွင့်ပေးပါ့မယ်...။
- လမ်းပန်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးပါ့မယ်...။
- လူတိုင်း လူတိုင်း အလုပ်ကိုယ်စီနဲ့ ဖြစ်အောင် ကြိုးစားပေးပါ့မယ်...။
- ကျောင်းနေအရွယ် ကလေးတိုင်း အခမဲ့ ပညာရေးစံနစ်နဲ့ ပညာသင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးပါ့မယ်...။
- အိုစာမင်းစာ စုဆောင်းရေး ရန်ပုံငွေအတွက် လစဉ် ထည့်ဝင်ငွေ ပမာဏကို လျှော့ချပေးပါ့မယ်...။
- အလုပ်လက်မဲ့ ဦးရေ ကျဆင်းအောင် ဆောင်ရွက်ပေးပါ့မယ်...။
-.... လုပ်ပေးပါ့မယ်...။
-.... လုပ်ပေးပါ့မယ်...။
-.... လုပ်ပေးပါ့မယ်...။

(ကျွန်တော့်ကို မဲပေးကြပါ...။)


Monday, September 8, 2008

Another WeekEnds ...


မင်္ဂလာပါဗျို့...။
နေကောင်းကြပါရဲ့လားဗျာ...။
ပြီးခဲ့တဲ့ သောကြာနေ့ညက အိပ်ရာဝင်တာ နောက်ကျသွားတယ်...။
မနက် စနေလဲ နှိုးရော အပြင်လောကကို ဆန်းစစ်လိုက်တာ (မျက်ချေးလက်လေးသစ်နဲ့ အပြည့်...)
မိုးလေးက နည်းနည်းအုံ့မှိုင်းမှိုင်း ဖြစ်နေတယ်...။
ကြည်နေတဲ့ စိတ်လေးတောင် ညစ်ကျူသွားရော့...။ ခြသေ့င်္ကျွန်းမှာ မိုးတွေက ရွာလိုက်ရင် ခွေးနဲ့ ကြောင် နောင်ဂျိန်ပလေးသလို ရွာနေကျဆိုတော့... ဒီတစ်နေ့တော့ သွားစရာရှိတာတော့ သွားဖြစ်မှာ မဟုတ်တော့ဘူးလို့ တွေးမိတယ်...။
ထင်တဲ့ အတိုင်းပါပဲ...။ တစ်နေ့လုံးမိုးက အားရပါးရ ရွာချနေလိုက်တာ.... ညနေစောင်းမှာပဲ ကိုယ်တော်က ရပ်တော်မူတော့တယ်...။
မိုးစဲတာနဲ့ သစ်တောမြေက ဘူတာကို ပြေး... ရထားစောင့်စီး... ကျွန်းဆွယ်ကုန်တိုက်ကိုသွား... ငွေလွဲစရာရှိတာ သွားလွဲ ... စားစရာ အခြောက်အခြမ်းများ ပြေးပြီး ၀ယ်.... မြေအောက်မှာ ကြွက်များနဲ့တူတူ ငါးခူကြော်နဲ့ ထမင်းစား... နေရပ် အသိုက်မမြုံကို ပြန်လာ...။

ညဘက် ခေါင်းချ အိပ်မယ်လို့ ကြိုးစားတဲ့ ၉ နာရီလောက်မှာ ရေကန်နားမှာ နေတဲ့ ဘော်ဘော်ဆီက အကြွေးရစရာရှိလို့ ဖုန်းဆက်တော့ ဗျစ်ရည်များ သောက်မလားတဲ့...။ အမြည်းဖိုး နင်စိုက်တဲ့...။
ဒါမျိုးဆို နတ်ပြည်လာခေါ်တာတောင် မလဲနိုင်တဲ့ မောင်ဘွိုင်းဇ်တစ်ယောက် ငေါက်ကနဲ လိုက်သွားတာပေါ့...။ ဒီလိုနဲ့ သူပျော်စံရာ ရေကန်နားက ဘူတာမှာ နာရီဝက်လောက် သူ့ကို စောင့်ပြီး သကာလ ဗျစ်ရည်ဆိုင်ဆီ ချီတက်တော့တယ်...။

ဗျစ်ရည်ဆိုင်မယ် လူတွေ တော်တော်စုံနေကြပြီ...။ တစ်ချို့များဆို ဆန်ပြုတ်တောင် ရောင်းပြီးနေကြရော့...။ ဗျစ်ရည်ရောင်းသမများကလဲ သူ့ထက်ကဲ ရွှေပြည်စိုး အပြိုင်အဆိုင် အရောင်းမြင့်တင်ရေး လာလုပ်နေကြလေရဲ့...။
အဖြူကတစ်မျိုး၊ အနီကတစ်မျိုး၊ အ၀ါကတစ်မျိုး၊ အပြာက တစ်မျိုး၊ အစိမ်းက တစ်မျိုး...။

အဖြူက ကျောက်ဆူး...။
အနီက မသိလိုက်ဘူး...။
အ၀ါက အဲဗာတန် အသင်းအကျီင်္နဲ့ ဆင်းဂါးတဲ့...။
အပြာက ကျား...။
အစိမ်းက ဘီယာချမ်း...။ (မဆီမဆိုင် မီးယပ်ချမ်း မီးယပ်ချမ်းဆိုပြီး ထထ ဆိုတဲ့ စည်သူလွင်ကို သတိရသေးတယ်...)

အားလုံးထဲမှာ အချောဆုံးလို့ ထင်ရတဲ့ တစ်ယောက်ကို ကျွန်တော့်သူငယ်ချင်းက ရွေးတယ်...။
အဲဗာတန်နဲ့ အ၀ါလေးကို ...။ စင်းဂါးတဲ့...။
ကိုယ်က ဟိုက်နီကဲန်သောက်ချင်တာ...။ တူရို့က အဲဗာတန်ဆိုလဲ အဲဗာတန်လိုက်ရတယ်...။
စိနလိုပဲ ပြောတတ်တယ်...။ ဒုက္ခ.. လက်ဟန်ခြေဟန်နဲ့ ၃ ပုလင်း ဆိုပြီး မှာလိုက်ရတယ်...။
ပုလင်းဖုံးဖွင့်တော့ အဖုံးအပေါ်က စတစ်ကာမှာ ကံစမ်းမဲပါတယ်တဲ့...။ ၅ ကျပ်ဖိုး ပေါက်တယ်...။ တိုတယ်ကျတဲ့အထဲက ၅ ကျပ် နှုတ်ပြီးပေး....။

အမြည်း.. အမြည်း..။ ဘယ်မှာလဲ...။ ဆီးဖုဒ်ကောင်းတယ်တဲ့...။ သွားမှာမယ်လေ...။ ငါးတစ်ကောင် ၁၆ ကျပ်တဲ့...။ အလိုလေး...။ ရိတ်လိုက်တာ...။ ဘာမှလဲ မရှိပဲနဲ့...။ ဟေ စားချင်တယ်...။ အေးလေ.. ငါက အမြည်းစိုက်ဆိုတော့ စိုက်ရမှာပေါ့လေ...။ ဘာ... ဒီကနုကမာလဲစားချင်သေးတယ်...။ How Much
多少 ...။
ဘယ်ဘက် လက်ညိုးတစ်ချောင်းနဲ့ ညာဘက်က လက်သန်း တစ်ချောင်းထောင်ပြတယ်...။ ပါစးစပ်ကလဲ... စူလျူ့ခွဲ့ တဲ့...။ အင်း... ပေါင်း ၃၂ ကျပ် ....။

လာလာ.. ကမ်ပိန်...။ ချီးစ်ယား...။ အဲဗာတန်က ဟိုဘက်က ကွန်မြူနီကိတ် လုပ်လို့ ပိုကောင်းတဲ့ ၀ိုင်းမှာ တစ်ပြုံးပြုံးနဲ့...။ ဟဲ့ ဒီကိုလာ...။ (Degolar ကိုခေါ်တာ မဟုတ်... ခေါ်လိုက်တိုင်း မအားတဲ့ နင့်ကိုမခေါ်ဘူး...။) အဲဗာတန်လေးကို ခေါ်တာ...။ လိုင်လိုင်... ဝေါ်ယောက် ဖီကျို... ဆမ်ပိန်...။ မီးကျိုး မောင်းပျက် စိန ဘာသာများ ... မူးရင် ထွက်လာပြီ...။ အဲဗာတန်တော့ နားလည် မလည် မသိ...။ ပြုံးစိစိနဲ့ ထွက်သွား...။ ပြန်လာတော့ ဗျစ်ရည် ၃ ပုလင်း ပြန်ပါလာတယ်...။ အဖုံးဖွင့် ... ပြီးတော့ ပုလင်းလည်ပင်းကို လက်နဲ့ သပ်ချ...။ ဘာအကျင့်လဲ မသိ...။ နောက် စတစ်ကာခွာ...။ အဖုံးပေါ်က စာကို ကြည့်ပြီး တစ်ခုခုပြော...။ သူငယ်တန်းတုန်းက ကဗျာတစ်ပုဒ် ပြန်သတိရသွားတယ်...။

ပါပီကလေး ပုတုတု
သူ့စကားက ၀ုဝု၀ု
သူ့စကား လူမသိ
လူ့စကား သူမသိ
သနားပါဘိ...။

သူက ပါပီလား ..ကိုယ်က အယ်လ်ဇေးရှင်းလား...။ နားမလည်တော့ ဒုက္ခပဲ လို့ ကိုယ့်ဘာသာစကားနဲ့ လွတ်ကနဲ ပြောမိ...။ အဲဗာတန် နှုတ်ခမ်းလေး ၀ိုင်းသွား....။ ဟယ်... သူဒီစကားတတ်တာလား၊ ဘယ်မှာနေတာလဲ၊ ဘာလုပ်တာလဲ... လဲ... လဲ....@#$%^ ။ ကရားရေယို လား ကရားရေလွတ်လား မသိသိ.. အဲဒီထဲက တစ်ခုခုနဲ့ တစ်တွတ်တွတ် ပြော...။ ဘော်ဘော်နှစ်ယောက် နားမလည်...။ အော်...ဆင်းဂါးကလဲ ပရိုမိုးရှင်းကို သူ့လူတွေနဲ့ ဒီစလုံးအထိ နယ်ချဲ့တာကိုး...။

ဘော်ဘော်တစ်ယောက် ခုနက ကဲန်တင်းက ဖြတ်လာတုန်း အီကြာကွေး သုပ် တွေ့ခဲ့တယ်တဲ့...။ ဘယ်ကဒါ ဒီမှာ အီကြာကွေး သုပ် ရှိရမှာတုန်း...။ သွားကြည့်တော့ တိုဟူးကြော်ကို သုပ်ထားတာ ဖြစ်နေတယ်...။ ဒီတစ်ယောက်ကတော့ မူးနေပြီ ထင်ပါ့...။ ခုနက ကိုသန့်စင်နဲ့ သွားတွေ့မယ်... ကျားသွားကြည့်မယ် တုန်းက မှာပြီး အမျိုးသမီးခန်းထဲ ၀င်လာတဲ့တစ်ယောက်....။ အင်း.... တိုဟူးသုပ်ကိုပဲ အီကြာကွေး ဆိုပြီး ညာကျွေးလိုက်ရတယ်...။ သူလဲ မူးမူးနဲ့ ဒီအီကြာကွေးသုပ် ကောင်းတယ်ဆိုပြီး နောက်နှစ်ပွဲ ထပ်မှာ ပေးလိုက်ရတယ်...။ အီကြာကွေးဆိုလို့ ဒီမှာ တီဇက်အေရဲ့ တောင်ထိပ်ကို စွပ်သွားတဲ့ အီကြာကွေးလေးများ အကြောင်း သွားဖတ်လိုက်ဦး...။

အီကြာကွေးစားလို့မှ မပြီးသေးဘူး.... နောက်တစ်ယောက် တုံတုံနဲ့ ယမ်းနေတဲ့ တုံယမ်းစားချင်တယ်တဲ့...။ ဘာမှ မဟုတ်ဖူး...။ ခုနက အဲဗာတန်ကြောင့် သူချက်ချင်း ဒီရောဂါ ထသွားတာ...။ အဲဗာတန်က သူ့ကို အဲဒီ သူတို့ရိုးရာ အစားအသောက်နာမည် ပြောပြသွားတာကို သူက စမ်းကြည့်ချင်တာ...။ ဒီဖုဒ်ကုတ်မှာ ရတယ်တဲ့...။ သူသွားမှာမယ်ဆိုတော့ သွားပေါ့...။ တစ်အောင့်နေတော့ သူမှာထားတဲ့ တုံယမ်း ရောက်လာတယ်...။ ကြည့်လိုက်တော့ ကြာဇံတွေနဲ့ ...။ ဒုက္ခ တုံယမ်းပါဆိုနေ ဘယ်က ကြာဇံတွေကပါ ရောပါလာတာတုန်း...။ မင်္သကာလို့ လာပို့တဲ့ ဆိုင်က ကောင်မလေးကို မေးတော့ .... ဘီးဟွန်းတုံယမ်း...။ ပေါက်တတ်ရယ်မှ ကရ တွေ ဖြစ်ကုန်ပါပြီ...။ ဒီစလုံးကလဲ ထွင်သလား မမေးနဲ့...။ ကဲ... မှာပြီးမှတော့ မထူးတော့ဘူး...။ နင်မှာတာဆိုတော့ နင်က ကြာဇံတွေ ကုန်အောင်စား.. ငါတော့ ပုဇွန်နဲ့ ငါးနဲ့ အရည်တွေပဲ သောက်တော့မယ်ဆိုပြီး ၀ိုင်းပြီး ပွဲတော်တည်ကြတယ်...။

ကုန်သဗျား...။ ဘီးဟွန်းတုံယမ်းက ၁၀ တဲ့...။ ကြာဇံတွေက လူငါးယောက်စာ အေးဆေး စားလို့ရတယ်...။ သကောင့်သားတွေခမျာ ညစာ မစားရသေးလို့ဆိုပြီး တွယ်လိုက်ကြတာ... တုံယမ်းဇလုံ ဆေးစရာ မလိုတော့ဘူး...။

ဗျစ်ရည်တွေလဲ မှာသောက်လိုက်ကြတာ...
အဲဗာတန်ကလဲ ခွက်ထဲက အရည်တွေ တစ်လက်မ မလျော့လိုက်နဲ့ ... လာလာဖြည့်သွားတယ်...။
ဗျစ်ရည်က လေနဲ့ထိတာ ကြာရင် ခါးတတ်တဲ့ အမျိုးဆိုတော့ ခွက်အောက်က စခါးပြီပေါ့...။ နောက်ထပ် လာမဖြည့်ခင် တစ်ခွက်လုံးကုန်အောင် ကျိုက်လိုက်ရတယ်...။ ဂလု.. အင့်...။ ဗိုက်တော့ အတော် ကယ်သွားတယ်...။
ကိုသန့်စင်နဲ့ နှစ်ပါးသွားရတယ်...။
အပေါ်က ဖြည့်လိုက်... အောက်ကနေ လျော့သွားလိုက်နဲ့...

မနက် ၁နာရီခွဲမှ ဘော်ဘော် အခန်းကို ပြန်ရောက်တော့တယ်...။
ပူလွန်းလို့ ဆိုပြီး ၁၂ ထပ်က ဘော်ဘော်အခန်းကို ပြတင်းပေါက်ဖွင့်ပြီး အိပ်ကြတယ်...။ ကျွန်တော်ကတော့ အိပ်ချင်လို့ ကုတင်ပေါ် တက်ကွေးတယ်...။ ဟိုနှစ်ယောက်ကတော့ တစ်ယောက်က ချက်ဦးမယ်ဆိုပြီး ကြမ်းပြင်မှာ ၀မ်းလျားမှောက် ဂျီတော့ခ်... တစ်ယောက်ကတော့ အမေ့အိမ်ကို ဂစ်နဲ့ လွမ်း...။ (နားညည်းလိုက်တာ.. အိပ်မရလို့ လှမ်းငေါက်မလို့ဟာကို အိပ်ပျော်သွားတယ်...။)

မနက်လဲလင်းရော ကုတင်ပေါ်မှာ ၃ ယောက်သား ပုဆိုးတွေ ခြုံပြီး ကွေးလိုက်ကြတာ...။
မနက်လင်းခါနီးတုန်းက မိုးတွေရွာတော့ ကြမ်းခင်းကို မိုးတွေပက်...။
လပ်ပ်တော့ပ်တွေ ရေစို...။
ယာမဟာ ဂီတာလေးက ရေဆင်းသောက်နဲ့...။
အတော့်ကို ကြည့်လို့ကောင်းတဲ့ ပွဲလေး တစ်ပွဲ ဖြစ်သွားတယ်...။

ဆက်ရန်...။

Monday, September 1, 2008

အော့ဖ်ရှိုးဂျော့ဘ်တဲ့လား...။

မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ…။

ဘလော့ဂ်လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေခဲ့တာ တစ်လနီနီးကို ရှိရော့…။လာလည်ပြီးတော့ ပို့စ်အဟောင်းများကိုသာ ဖတ်လိုက်ရပြီး ပြန်သွားလိုက်ရတဲ့ မိတ်ဆွေများကို အလွန်ပင် အားနာမိပါတယ်…။

ကျွန်တော် ခုတစ်လော ခြေထောက်မှာ ဗွေပေါက်နေသလား ဆိုရလောက်အောင် သွားလိုက်ရတဲ့ခရီးတွေ မနည်းပါဘူး…။ ဒီတစ်ခေါက် ပြန်လာတာလဲ ခဏလေးပဲ နေရမှာ နောက် ၃-၄ ရက်လောက်နေရင် ပင်လယ်ထဲ ပြန်ဆင်းရမှာဗျ…။ တောင်ပေါ်သားက ခုတော့ ပင်လယ်ပျော်ကြီးကို ဖြစ်လို့ပေါ့ဗျာ…။

ပင်လယ်ထဲမှာနေရတော့ ပျော်တယ်လို့ မထင်ပါနဲ့…။

ပင်လယ်ဆိုတာ ကမ်းစပ်ကနေ ကြည့်ရင်သာ အလွန်လှတာ…။

ဆက်တိုက်ကြီး ၃-၄ပါတ်လောက် နေလိုက်ရရင်တော့လား… အီသွားပါလိမ့်မယ်…။


လက်ရှိလုပ်နေရတဲ့ အလုပ်က ပင်လယ်ထဲက ကမ်းလွန်ရေနံတွင်းများ ရှိရာဆီကို လိုက်သွားလုပ်ရတဲ့ အလုပ်ဆိုတော့ ပင်လယ်ဘက်ကို မကြာခဏဆိုသလို ခရီးထွက်ဖြစ်တာပေါ့…။

အဝေးကြီးတော့ မဟုတ်ပါဘူး…။ ယိုးဒယားနဲ့ မလေးရှား တစ်ဝိုက်ပါ….။ တရုတ်ကတော့ ရံဖန်ရံခါမှ သွားရတယ်...။

ဆောက်ချိုင်းနားဆီး ထဲကို သွားရတာပေါ့ဗျာ…။ (တံတွေးစင်လိုက်တာ…။)


ဟိုအရင်တွေတုန်းကဆို အင်တာနက်ထဲမယ် လျှောက်ကြည့် လမ်းသလားဖူးတော့ ပင်လယ်ထဲ သွားလုပ်ရမယ့် အလုပ်တဲ့…။ သူများ ပြောပြောနေတဲ့ အော့ဖ်ရှိုးဂျော့ ဆိုတာပေါ့…။ သဘောင်္သားတော့ မဟုတ်ဘူးတဲ့…။ ကမ်းလွန် ရေနံတွင်းတူးတဲ့၊ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းတဲ့ အလုပ်ဆိုပဲ…။ အတန်းပညာ အရည်အချင်း ၁၀ တန်းအောင်ရင်ကို အလုပ်ရတယ်တဲ့…။ စားဖိုမှုး၊ အကူ၊ သန့်ရှင်းရေး၊ အိပ်ခန်းအပြင်အဆင်၊ ရေနံတွင်းတူး အကူ၊ အို ... စံလို့.. စံလို့...။ အင်္ဂျင်နီယာတွေဆို ပြောမနေနဲ့တော့ အလုပ်တွေ ကြိုက်တာရွေးတဲ့…။


မက်လုံးကလဲ မက်လောက်စရာ…။ ဘာတဲ့…။ ၂၄ နာရီ မီးမပြတ်၊ ရေမပြတ်၊ အင်တာနက် ဖရီး၊ ဆက်တယ်လိုက်တီဗွီ၊ ကာရာအိုကေ အစုံ၊ အ၀တ်အစား ကိုယ်တိုင်လျှော်စရာ မလို၊ အိပ်ရာခင်းကိုယ်တိုင် သိမ်းစရာမလို၊ စားစရာ သောက်စရာ အလျှံပယ်၊ ၂၄ နာရီ ကြိုက်တဲ့ အချိန် ကင်တင်းထဲ ၀င်စားလို့ရတယ်…။

အလုပ်နေရာကတော့ ဘာရိန်းပင်လယ်ကနေ စလို့ ဟိုး မြောက်ပိုင်း အင်္ဂလန် ရှရှား အအေးပိုင်း နိုင်ငံတွေအထိ နေရာစုံမှာ လူလိုနေတယ်ဆိုပဲ…။ တစ်ရက် အလုပ်ချိန် ၈ နာရီ။ တစ်နာရီကို ဒေါ်လာ ၅၀ (ဆိုတော့ တစ်ရက်ကို အနည်းဆုံး ဒေါ်လာ ၄၀၀ စီပြီ…။) နှစ်ရက်လုပ် တစ်ရက်နား၊ ခွင့်တွေ စုထားပြီး ပြန်မယ်ဆိုရင် တစ်နှစ်ကို ၄ လလောက် အိမ်မှာ အေးဆေး နှပ်နေလို့ရတယ်…။ အိမ်ပြန်ရင် အသွားအပြန် လေယာဉ်လက်မှတ် စီစဉ်ပေးမယ်…။ အို… မက်လုံးများကတော့ စုံနေတာပဲ…။

သဘောကျလို့ အလုပ် လျှောက်မယ်ဆိုပြီး ဆက်သွယ်လိုက်တာ သူတို့က လျှောက်လွှာပြန်ပို့လာတယ်…။ ကနေဒါက လိပ်စာနဲ့ဗျ…။ သူတို့က ယိုးဒယားမှာ လာဗျူးမယ်တဲ့…။ အဲဒီအတွက် ဏမသခန််ငညါ ၤနန် အနေနဲ့ ဒေါ်လာ ၁၂၈ ကျပ်ကို သူတို့ဆီ လွဲပေးပါပေါ့…။ လက်ခံရရှိတာနဲ့ ဘယ်နေ့ဘယ်ရက်မှာ အင်တာဗျူးမယ်ဆိုတာကို အကြောင်းကြားပါမယ်ဆိုပြီး တံဆိပ်တုံးတွေ၊ ဖုန်းနံပါတ်၊ အီးမေးလ် (အီးမေးလ်က သူတို့ ကုမ္ပဏီ လိပ်စာ ဒိုမိန်းနဲ့ဗျား…။ ၂၀၀၃ ခုနှစ်လောက်ကဗျ…။) လိပ်စာ အပြည့်အစုံနဲ့ဆိုတော့ အင်မဟုတ်တာ သေချာသွားပြီပေါ့…။

ကျွန်တော့်မိတ်ဆွေကို ပြောပြတော့ သူလဲ တူတူ လျှောက်တယ်…။ သူ့ဆီလဲ ပြန်စာနဲ့တစ်ကွ လျှောက်လွှပါ ပို့လာတယ်…။ သူက ကျွန်တော့်ထက်တောင် ပိုစိတ်အား ထက်သန်နေသေးတယ်…။ ခုပဲ ငွေသွားလဲပြီး သူတို့ ဘဏ်အကောင့်ကို ချက်ချင်းသွားလဲမယ်တဲ့…။ ကျွန်တော်လဲ သူ့ဆီရောက်နေတဲ့ စာကို တောင်းကြည့်လိုက်တော့ ကျွန်တော့်ဆီ ပို့ထားတာနဲ့ တစ်သဝေမတိမ်း တူနေတာကို တွေ့တယ်…။ စာရွက်ထောင့်စွန်းမှာ မင်စွန်းနေတာကအစ…။ အဲဒီမှာ ကျွန်တော် သံသယ ၀င်သွားတယ်…။ ချက်ချင်းပဲ အင်တာနက်ပေါ်ကို အဲဒီ ကုမ္ပဏီနာမည်ကိုါသသါူန နဲ့ ရှာကြည့်လိုက်တော့ လားလား… နိုင်ငံတစ်ကာကို လှည့်ပြီး ရိုက်စားလုပ်နေတဲ့ ကုမ္ပဏီပါလား…။ လိပ်စာကလဲ စုံတယ်…။ အမေရိကား၊ ထိုင်း၊ ဂျပန် အစုံပဲ…။ ရိုက်စားမှန်း ဘယ်လို သိသွားလဲဆိုတော့ ဂူဂယ်ထ်ထဲမှာ ဖိလစ်ပိုင် သံရုံးကနေပြီးတော့ ဒီကုမ္ပဏီနဲ့ ပါတ်သက်တဲ့ အကြောင်းကို သူတို့ နိုင်ငံသားတွေ သိအောင် နို့တစ် ထုတ်ပေးချက်ကို သွားဖတ်မိတာ…။ ဖိလစ်ပင်တွေက ကမ်းလွန်အလုပ်တွေဆို ကျွမ်းတယ်…။ သူတို့တစ်တွေပဲ နေရာရတာ များတယ်…။ အဲဒါကြောင့်လဲ သူတို့တွေ အထိနာကြတာပေါ့…။ အဲဒါကို ယုံလို့ ငွေလွဲပြီး ပေးတဲ့ လိပ်စာအတိုင်း လိုက်သွားတော့ ရုံးခန်း မတွေပဲ ဂိုဒေါင်ပျက်ကြီးကို တွေ့တာတို့၊ သချိုင်းကုန်းလိပ်စာ ပေးထားတာတို့ စုံနေတာပဲ…။

တော်သေးတာပေါ့…။ နို့မို့ မောင်ဘွိုင်းတစ်ယောက် သောင်ပြင်မှာ လွတ်ခံထားရတဲ့ ရွှေဟင်္သာငယ်လေး ဖြစ်တော့မလို့…။ ဒါနဲ့ ကျွန်တော့်မိတ်ဆွေကို အဲဒီ ၀ဘ်ပေ့ခ်ျကို ပြပြီး အလိမ်အညာ ရိုက်စား ကုမ္ပဏီ ဖြစ်တဲ့အကြောင်း ရှင်းပြလိုက်မှာ ကိုယ်တော်ချောလဲ ဒေါ်လာ ၁၂၈ ကျပ်ဖိုး သက်သာသွားတယ်…။

နောက်ပိုင်းမယ် သူအလုပ်ပွဲစားတွေနဲ့ ဆက်သွယ်တော့ ပွဲစားတွေက သူ့ကို အော့ဖ်ရှိုးဂျော့ ဆိုပြီး အဲဒီ အင်တာနက်ပေါ်က အလုပ်ကို ပြပါတယ်...။ မိတ်ဆွေကတော့ ဟဲဟဲနဲ့ ရီပြီးတော့သာ ပြန်ခဲ့ပါတယ်...။ ခုတော့လဲ ကျွန်တော်က အဲဒီ အလုပ်တွေ ရှိရာနေရာမှာ သွားရောက်လုပ်ကိုင်တော့ အရင်ကက ကိုယ်တောင် ဒီအလုပ်တွေ လုပ်ဖို့ ကြံစည်ခဲ့သေးပါလားလို့ တွေးပြုံးမိတယ်...။ သူတို့မယ်... တစ်ရက်ကို နာရီ ၂၀ လောက် လုပ်နေရတာ...။ နေ့ဆိုင်းညဆိုင်းသမားတွေအတွက် အစားအသောက်၊ အ၀တ်လျှော်၊ သန့်ရှင်းရေး... ဇယ်ဆက်နေတာပဲ...။ မိတ်ဆွေများ သိရင်တော့ လုပ်ချင်ဦးမလား မသိဘူး...။


အဲဒါနဲ့ ပါတ်သက်လို့ အခု ဒီပို့စ်ကို တင်လိုက်မိတယ်...။ မိတ်ဆွေကိုတောင် သတိပြန်ရမိသေး...။

ပို့စ်တစ်ခုတော့ ဖြစ်သွားတာပေါ့နော...။ ဟဲဟဲ...။