Sunday, November 30, 2008

A Night In Geylan

ပျင်းရိဖွယ် ညတစ်ညကို ဖြတ်ကျော်ခြင်း။


ဂေးလန်း
ဖါးသား မြေအိုးချက်
တိုက်ဂါးဘီယာ
ဟန်နီကဲန် တစ်လုံး
ကြက်ခြေထောက်ချက်
ခရု ဂုံးကြော်
ဂဏန်း အစပ်ချက်
ဦးနော အောက်မေ့ဖွယ်
တိုက်ဂါး တစ်ကဒ်
အိစ်ကုတ်တ်

video


ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ညတစ်ညကို ကုန်လွန်စေရန် အတော်အတန် အားထုတ်လိုက်ရသည်...။
ဖါးသားမြေအိုးချက် ဟူသည့် ဖိတ်ခေါ်စကားကြောင့် အားစိုက်စရာ မလိုပဲ အေးအေးသက်သာ ဖြတ်ကျော်နိုင်ပြီ...။
ချိန်းမိတိုင်း လွဲလွဲတတ်သော အကျင့်ကြောင့် မချိန်းပဲ သွားရန် ဆုံးဖြတ်သည်။
ထုံးစံအတိုင်း အလွဲအချော်များနှင့် ကြုံရပြီးမှ ရည်ရွယ်ရာကို ရောက်သည်။








ဗြိတိသျှစကား လုံးဝ နားမလည်သော ဆိုင်ပါတကား။
ဤညာဘက်မှ ပုံသည်ကား အုံးအင်ကောင်ချက်ပင်တည်း။
နူးညံ့မှုသည် ကြက်သားနှင့် မလဲနိုင်ချေ။











ဘတ်ကူတေးကို စားချင်သည် ဆိုလာသဖြင့် မှာပေးရသည်။
မြည်းတောင် မမြည်းလိုက်ရ။
ကြိုက်မှ မကြိုက်တာ။







ရန်ကုန် ကန်တော်ကြီးမှာ ရွှေရှမ်းကန် ဖွင့်တုန်းက ဒင်းမ်ဆမ်း စားဖြစ်ခဲ့သေးရာ ကြက်ခြေထောက်ပေါင်းကို လွန်စွာ ကြိုက်ခဲ့၏။ ဒီညလည်း စားချင်သည်ဟု ရေရွတ်မိရာ အလိုက်သိသော သူငယ်ချင်းက တစ်ခြားမှ သွားမှာ လာပေး၏။ အရေးထဲ အဆိုပါ ကြက်ခြေထောက်ဗန်းကို မလာသော စားပွဲထိုးမလေးမှာ သကောင့်သား မင်းသားချော မောင်ဘွိုင်းကို အငမ်းလွန်သဖြင့် ချော်လဲသေး၏။ တော်သေးသည်.. လူက ပန်လန်လက်သော်လည်း လက်၌ သယ်လာသော ကြက်ခြေထောက်ဗန်းမှာ လွှတ်မကျချေ။ ကျွန်ုပ် ဤဖေကိုယ် အကောင်းစားမှာလည်း လဲနေသော စားပွဲထိုးမလေးထံ သွား၍ ကြက်ခြေထောက်ဗန်းကို ကူသယ်ပေးခဲ့ချေ၏။ (လူတော့ လာထူတာ မဟုတ်ဘူးဟု မြည်တမ်းလေမည်လော...။ )





နောက်ဆုံးမတော့ ကန့်လန့်လုပ်တတ်သော၊ ကန့်လန့်တိုက်တတ်သော အမူအကျင့်ရှိသည့် အကောင်ကို ခပ်စပ်စပ် ချက်ထားသော၊ မူရင်း နေးတစ် စင်ကာပိုးရီးယန်းတို့၏ လက်ရာစစ်စစ်ဟု ဂုဏ်ယူ ၀င့်ကြွားပြောဆိုတတ်သော ဂဏန်းအစပ်ချက်ဟင်း သည် ရောက်လာချေ၏။








ကောက်ချက်ချရသော်.....
ဂေးလန်းသို့သွား၍ ငတ်ကြီးကျသမျှ အတိုးချ စားသောက်ခဲ့သည်ဟု အဖြေရသတတ်။
မနက် ၁း၄၀ နာရီတွင်မှ ၀ှဲချီး စားသောက်ပွဲကြီး နိဌိတံလေ၏။

မှတ်ချက် ။ ။
- တက္ကစီငှားပြီး အိမ်အပြန်လာရာ လမ်းတွင် ဖုန်းကော်လ်တစ်ခု ၀င်လာ၏။
- East Coast သို့လာချေဟူသော အမိန့်ပေးသံ အဆုံးတွင် လမ်းကြောင်းပြောင်းချေကာ ကမ်းခြေသို့ ယွန်းချေ၏။
- တိုက်ဂါး သံဘူးဘီယာများ ကမ်းစပ်အမှိုက်ပုံးတွင် ထည့်မလောက်သော မနက် ၆း၃၀ နာရီမှ အိမ်ပြန်ရောက် အိပ်ချေ၏။
- ညနေစောင်း ၃း၄၃ မိနစ်တွင် ဟင်းထုပ်များ လုပ်ထားသည်... လာစားလှည့်ဟု ဆိုသော ဖုန်းကောလ်တစ်ခုကြောင့် အိပ်ရာမှ ကမန်းကတန်းထ ရေချိုးကာ အများကျွေးထားသည်ကို သွားဖြဲနားဖြဲ စားပြီး ကာလ ဗိုက်လေးကာ အိပ်ချင်ပြီတည်း...။
- မအိပ်မှီ ယမာန်နေ့နှင့် ယနေ့ လုပ်ဆောင်ဖွယ်ရာများကို မှတ်တမ်းတင်ချေအံ့ ဟု ယခုပို့စ်ကို ကမန်းကတန်း တင်ချေသည်။
- ဝေနေယျ အပေါင်း ကျန်းမာချမ်းသာ ဘေးဘယာ ဝေးကွာစေသတည်း...။


(မမြင်ရသော ကြိုးတစ်ချောင်း ပြတ်သွားသည်။ “ထောက် !!!!! ”)

Wednesday, November 19, 2008

Shan New Year Celebration Concert in Singapore (2008)






ဘလော့ဂ်ဖတ်လာ မိတ်သဟာ အပေါင်းတို့ခင်ဗျား။
အရင်က ဒီပို့စ်မှာ ရေးဖူးခဲ့သလိုပဲ စင်ကာပူပေါ်က အဝေးရောက် ရှမ်းမိသားစုများရဲ့ ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို အခုလ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်...။
ကျင်းပမဲ့ နေရာကတော့ လာဗဲန်းဒါး ဘူတာကနေ တစ်ဆင့် သွားရတဲ့ ဖူချောင်းခန်းမ မှာ ဖြစ်ပါတယ်။


ရှမ်းရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ဖေါ်ကျူးတဲ့ အကများ၊ ရှမ်းပျိုဖြူများရဲ့ လှပကျော့ရှင်းတဲ့ ကကြိုး၊ ကဟန်၊ ကကွက်များ၊ အိုးစည်ဗုံမောင်းသံ တစ်ညံညံနဲ့ ဓါးသိုင်းအကများ၊ တိုးနယားအကများ၊ ကိန္နရီ ကိန္နရာ ငှက်မောင်နှံ အကများ နဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်။


ရွှေပွဲလာ ဧည့်ပရိသတ်များအတွက် ရှမ်းအမျိုးသားတို့ရဲ့ အစားအသောက်များနဲ့ တည်ခင်းဧည့်ခံပါဦးမယ်။
အနုပညာကို ၀ါသနာ ထုံသူများအတွက် ယခုနှစ် အထူးအစီအစဉ် အဖြစ် နာမည်ကြီးအဆိုတော် တင့်တင့်ထွန်းကို အထူးဖိတ်ကြားထားပါတယ်။
ရှမ်းသီချင်းသံကိုမှ နားဆင်ချင်ပါတ်ယလို့ ဆိုလာသူများအတွက်လည်း လစ်ဟာမှု မရှိရလေအောင် အဆိုတော် စိုင်းထီးဆိုင်ရဲ့ ညီအရင်း ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းအောင်ထီးခမ်းကိုလဲ ဖိတ်ခေါ်ထားပါတယ်...။
ကိုထီးအလွမ်းပြေ သီချင်းများကို စိုင်းအောင်ထီးခမ်းမှ လာရောက်ဖျော်ဖြေပေးပါဦးမယ်...။




တစ်နှစ်မှ တစ်ခါသာ ကျင်းပတဲ့ ဒီပွဲတော်ကို စင်ကာပူရောက် ရှမ်းမိသားစု၊ မောင်မယ်များမှ ၀ိုင်းဝန်းအကောင်အထည်ကြတဲ့ ဒီပွဲကို တက်ဖြစ်အောင် တက်လိုက်ကြပါ။
အမြတ်အစွန်းကို မဓါန မထားတဲ့ ပွဲပါ။
ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့ ပွဲမို့ လာရောက်အားပေးကြပါ...။

လက်မှတ်များကို ပွဲတော်ည အထိ ရောင်းချသွားပါမယ်....
လက်မှတ် တန်ဖိုးကတော့ SGD 30 နဲ့ 40 အသီးသီး ဖြစ်ပါတယ်။
လက်မှတ်များ ရရှိနိုင်တဲ့ နေရာကတော့ ပင်နီစူလားပလာဇာက ရှမ်းတောင်တန်း၊ လွိုင်ဟိန်း နဲ့ နီးစပ်ရာ ရှမ်းအမျိုးသား မိတ်ဆွေ အပေါင်းအသင်းများထံမှ ၀ယ်ယူရရှိနိုင်ပါတယ်...။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် (စနေနေ့) ညနေ ၅ နာရီမှာ စတင်ပါလိမ့်မယ်...။
ခုံနေရာများကို ဦးရာလူစံနစ် စီစဉ်ပေးထားတဲ့အတွက် နေရာကောင်းရရန် စောစောကြွပါ...။

အသေးစိတ် ဖတ်ချင်ရင်တော့ ဒီပို့စ်မှာ တင်ထားပါတယ် ခင်ဗျား...။

ပွဲတော်ညမှ ဆုံတွေ့ကြပါစို့။

Tuesday, November 18, 2008

သေချာခဲ့ပြီလား...။

ဒီတစ်ခေါက်တော့ ဆားမချက်ချင်ပဲ ချက်မိတော့တယ်...။
အီးမေးလ်ထဲ ရောက်လာတဲ့ ဘာသာပြန် စာတစ်ပုဒ်ပါ...။
မူရင်းကလဲကောင်း၊ ဘာသာပြန်သူကလဲ တော်တဲ့အတွက် စာကောင်းတစ်ပုဒ် ဖြစ်သွားပါတယ်...။
(မူရင်းရော ဘာသာပြန်သူကိုပါ မသိပါ...။ )

ဖတ်ပြီးတော့ တစ်ခုခု ကျန်ခဲ့တယ်ဆိုရင် ဘာသာပြန်သူကို ကျေးဇူးတင်လိုက်ပါဗျာ...။
(ခေါင်းစဉ်ကတော့ ကျွန်တော့်ဘာသာ လိုက်ဖက်မယ် ထင်တာကို ပေးတားတာပဲ...။)

=======================================================

သေချာခဲ့ပြီလား...။

ညက ကျနော်အိမ်ပြန်ရောက်တော့ ကျနော့်ဇနီးက ညစာအတွက်ပြင်ဆင်နေခဲ့တယ်... ကျနော် သူ့လက်ကို ကိုင်ပြီး မင်းကို ပြောစရာရှိတယ်လို့ ပြောလိုက်တယ်... သူမ ထိုင်ပြီး ညစာကို တိတ်ဆိတ်စွာပဲ စားနေခဲ့တယ်... သူမမျက်ဝန်းထဲက နာကျင်မှုတွေ မြင်လေမလားလို့ ကျနော် ရှာနေမိနေတယ်...

ရုတ်တရက် ကျနော် ဘယ်လိုစပြောရမယ်ဆိုတာ မသိတော့ဘူးဖြစ်နေတယ်... ဒါပေမဲ့ ကျနော် ဘာကို စဉ်းစားနေတယ်ဆိုတာတော့ သူမကို အသိပေးကို ပေးရမယ်... "မင်းကို ကွာရှင်းချင်တယ်" ကျနော် တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်... ကျနော် စကားလုံးကြောင့် သူမစိတ်ဆိုးတဲ့ ပုံစံမပြပဲ ကျနော် ကို 'ဘာကြောင့်လဲ" လို့ အေးအေးဆေးဆေးပဲ သူမ ပြန်မေးတယ်... သူမမေးခွန်းကို ကျနော် မဖြေပဲ ရှောင်လွှဲနေလိုက်တယ်... အဲလိုလုပ်မှ သူမဒေါသထွက်လာတယ်... လက်ထဲကိုင်ထားတဲ့ ဇွန်း ခရင်းတွေ လွှတ်ပစ်ပြီး "ရှင် ယောက်ျားမဟုတ်ဘူး" လို့ ကျနော်ကို ပြန်အော်တယ်...

အဲဒီညက ကျနော်တို့ နှစ်ယောက် စကားမပြောဖြစ်ကျတော့ဘူး... သူမကတော့ ငိုကြွေးနေခဲ့တယ်... ကျနော်တို့ အိမ်ထောင်ရေးမှာ ဘာများဖြစ်ခဲ့လို့လဲလို့ သူမ အဖြေရှာနေတယ် ဆိုတာကို ကျနော်သိပါတယ်... သူမ ကျေနပ်လောက်တဲ့ အဖြေ ကျနော် ပေးဖို့ ခက်ခဲနေတယ်... မိုး လို့ ခေါ်တဲ့ ချစ်စရာကောင်မလေး တစ်ယောက်အပေါ် ကျနော် နှလုံးသားတွေ တိမ်းညွတ်နေခဲ့ပြီးလေ... သူမကို ဘယ်လိုမှ ချစ်လို့ မရတော့ဘူး... အဲဒီအစား သူမကို သနားခြင်းတွေ သာရှိတော့တယ်...

ကျနော် ကိုယ့်အပြစ်ကိုသိနေတဲ့အတွက် ကျနော်တို့ရဲ့ အိမ်ရယ် ကျနော် လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းရယ် ကားရယ် ကို သူမ ပိုင်ဆိုင်မှုအဖြစ် ကွာရှင်းစာချုပ်ထဲ ထည့်ပေးခဲ့တယ်... သူမက အဲဒီစာချုပ်ကို တချက် ကြည့်ပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်တယ်... ကျနော်နဲ့ ဆယ်နှစ်လုံးလုံးအတူရှိနေခဲ့တဲ့ မိန်းမတယောက်ဟာ လုံးဝ သူစိမ်းတယောက်လိုပါပဲ... သူမရဲ့ ဆုံးရှုံးခဲ့တဲ့ အချိန်တွေ အင်အားတွေ ကျနော် စိတ်မကောင်းဖြစ်ပေမဲ့... ကျနော် နောက်မဆုတ်နိုင်တော့ပါဘူး... မိုးကို နင့်နင့်နဲနဲ ချစ်နေခဲ့ပြီးလေ...


နောက်ဆုံးတော့ ကျနော့်ရှေ့မှာ သူမ သည်းထန်စွာ ငိုကြွေးပါတော့တယ်.. ကျနော် မျှော်လင့်သလိုပါပဲ... ကျနော်အတွက်တော့ သူမရဲ့ငိုကြွေးမှုဟာ စိတ်သက်သာရာဖြစ်စေခဲ့ပါတယ်.. ပြီးခဲ့တဲ့ ရက်သတ္တပတ်လုံး ရှိနေခဲ့တဲ့ ကွာရှင်းဖို့ စိတ်ကူးဟာ ပိုပြီး ခိုင်မာ ရှင်းလင်းလာခဲ့တယ်...

နောက်နေ့ ကျနော် အိမ်ကို တော်တော်နောက်ကျပြန်ရောက်တယ်... သူမကတော့ စားပွဲပေါ်မှာ တခုခု ရေးနေတာတွေ့တယ်... ညစာမစားတော့ပဲ အိပ်ရာထဲ ထိုးဝင်ပြီ ခဏမှာပဲ အိပ်မောကျသွားတော့တယ်... ဘာလို့လဲ ဆိုတော့ တညနေလုံး မိုးနဲ့ သွားလာပျော်ရွှင်ခဲ့တာ ပင်ပန်းနေတယ်လေ... ကျနော် တရေးနိုးတော့ သူမကတော့ စားပွဲပေါ်မှာ စာရေးနေတုန်းပါပဲ... သူမကို ဂရုစိုက်မနေတော့ဘဲ တဖက်လှည့်ပြီး ပြန်အိပ်လိုက်တော့တယ်...

မနက်လင်းတော့ သူမက သူမဖက်က ကွာရှင်းခွင့်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ပြောလာတယ်... ကျနော်ဆီက ပိုင်ဆိုင်မှုတွေ ဘာတခုမှ မလိုဘူးတဲ့... ဒါပေမဲ့ တစ်လကြိုတင် အကြောင်းကြားပြီး မှ ကွာရှင်းရမယ်လို့ ဆိုတယ်... အဲဒီတလမှာ ကျနော်တို့ အတူတူ တတ်နိုင်သလောက် သာမန်လိုပဲ နေထိုင်ကြရမယ်လို့ ဆိုပါတယ်... သူမရဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်... ကျနော်တို့ နှစ်ယောက်ရဲ့ ရင်သွေး .. သား ရဲ့ စာမေးပွဲ ဟာ တလလောက်ပဲ လိုတဲ့အတွက်ပါတဲ့... သားကို စာမေးပွဲမတိုင်ခင် ကျနော်တို့ နှစ်ယောက်ရဲ့အိမ်ထောင်ရေး ပြိုကွဲမှုကြောင့် စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူးတဲ့....

ဒါကတော့ ကျနော် အတွက် လက်မခံနိုင်စရာ မရှိပါဘူး... ဒါပေမဲ့ သူမမှာ နောက်ထပ်တောင်းဆိုမှုတခု ထပ်ရှိပါသေးတယ်.. ကျနော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာဦးက ကျနော် သူမကို အိပ်ခန်းထဲ ပွေ့ချီပြီး ခေါ်ထုတ်ခဲ့ ခေါ်သွင်းခဲ့တာကို ပြန်ပြောပြီး... ဒီကွာရှင်းဖို့ စောင့်နေတဲ့ တစ်လအချိန်အတွင်းမှာ မနက်ခင်းတိုင်း သူမကို ကျနော်တို့ရဲ့ အိပ်ခန်းထဲကနေ အိမ်ရှေ့တံခါးထိ ပွေ့ချီပြီး ခေါ်သွားဖို့ တောင်းဆိုတယ်... သူမတကယ်ကို ရူးသွပ်နေပြီး လို့ ကျနော်တွေးလိုက်မိပါတယ်...


ဘာပဲဖြစ်ဖြစ်.. ကျနော်တို့ နှစ်ယောက်ရဲ့နောက်ဆုံးနေ့ရက်တွေ ကို ခံနိုင်ရည်ရှိရအောင် သူမရဲ့ ရူးကြောင်ကြောင်တောင်းဆိုမှုကို ကျနော်လက်ခံလိုက်ပါတယ်...

ကျနော် ကျနော့်မိန်းမရဲ့ ကွာရှင်းခွင့်တောင်းဆိုချက်တွေကို မိုး ကို ပြောပြတော့... ရယ်မောပြီး တကယ်ကို ဟာသပဲလို့ ပြောပါသေးတယ်... သူမဘယ်လို နည်းလမ်းတွေ သုံးသုံး.. သူမကတော့ ကွာရှင်းမှုကို ရင်ဆိုင်ရမှာပဲ လို့ နှာခေါင်းလေးရှုံ့ပြီး ပြောသေးတယ်.. ကျနော် သူမကို ကွာရှင်းမယ်လို့ ထုတ်ပြောခဲ့တဲ့နေ့ စပြီး ကျနော် နဲ့ သူမ မထိမတွေ့ဖြစ်ကျတော့ဘူး... အဲဒါကြောင့် ပထမဆုံးနေ့ သူမကို အခန်းထဲက ပွေ့ချီ ပြီး ခေါ်ထုတ်ခဲ့တဲ့အခါ ကျနော်တို့ နှစ်ယောက် ကချော်ကချွတ် ဖြစ်နေပါတယ်.. သားလေးက ကျနော်တို့ အနောက်က လက်ခုပ်တီးပြီး "ဖေဖေ မေမေ့ကို ဖက်ထားတယ်" လို့ ပြောရင်း ကျနော်တို့ အနောက်က လက်ခုပ်တီးနေပါတယ်... သားလေးရဲ့စကားလုံးတွေက ကျနော့်စိတ်ကို နာကျင်စေပါတယ်.. အိပ်ခန်းထဲကနေ.. ဧည့်ခန်းထဲ..နောက် အိမ်ရှေ့တံခါးထိ သူမကို ကျနော် လက်တွေနဲ့ ပွေ့ပြီး လျှောက်လာပါတယ်.. သူမက မျက်လုံးတွေ မှိတ်ထားကာ ကျနော်ကို ကွာရှင်းမဲ့အကြောင်း သားလေးကို အသိမပေးဖို့ တိုးတိုးလေး ပြောပါတယ်.. ကျနော် စိတ်အနှောက်အယှက်ဖြစ်ဖြစ်နဲ့ပဲ ခေါင်းညိတ်လိုက်တယ်...


သူမကို အိမ်ရှေ့တံခါးဝမှ ချပေးလိုက်တယ်... သူမလည်း အလုပ်သွားဖို့ ကားဂိတ်ကို ထွက်သွားတယ်.. ကျနော်လည်း ရုံးကို သွားပါတယ်...


ဒုတိယနေ့ကျတော့ ကျနော်တို့နှစ်ယောက်အဖို့ ပိုပြီး လွယ်ကူလာပါတယ်... ကျနော်ရင်ဘတ်ကို သူမက မှီထားပါတယ်.. သူမရဲ့ အင်္ကျီက ရနံ့တောင် ကျနော် ရနေမိပါတယ်.. ကျနော် ဒီအမျိုးသမီးကို သေသေချာချာ မကြည့်ခဲ့မိတာ တော်တော်ကြာပြီးလို့ သတိထားမိလိုက်ပါတယ်... သူမဟာ ငယ်ငယ်ရွယ်ရွယ်မဟုတ်တော့ဘူး ဆိုတာ သတိထားမိတယ်.. သူမမျက်နှာပေါ်မှာလဲ အရေးအကြောင်းလေးတွေတွေ့ရတယ်.. ဆံပင်တချို့လည်း ဖြူစပြုနေပါတယ်... ကျနော်တို့ အိမ်ထောင်ရေးက သူမဆီက အားလုံးရယူသွားခဲ့ပြီးလေ... အဲဒီတခဏမှာ ကျနော် သူမအပေါ် ဘာတွေ လုပ်ခဲ့မိပါလိမ့်လို့ တွေးနေမိပါတယ်....

နောက်တနေ့ကျပြန်တော့... ကျနော် သူမကို ပွေ့ချီလိုက်တဲ့အခါ ရင်နှီးကျွမ်းဝင်တဲ့ခံစားချက်တခု ပြန်ရလိုက်သလို ကျနော် ခံစားလိုက်ရပါတယ်.. ဒီအမျိုးသမီးဟာ ဆယ်နှစ်လုံးလုံး သူမရဲ့ဘ၀ ကို ကျနော်ကို ပေးခဲ့တယ်... နောက်ထပ် တနေ့ပြီး တနေ့ ကျနော်တို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုဟာ ပိုလာခဲ့တယ်.. မိုး ကိုတော့ ဒီအကြောင်းတွေ မပြောပြဖြစ်ခဲ့ဘူး... တလဆိုတဲ့ အချိန် ကုန်ဆုံးလာတာနဲ့ အမျှ သူမကို ပွေ့ချီ ရတာဟာ ပိုလို့ လွယ်ကူလာခဲ့တယ်... နေ့တိုင်း အလေးမသလို ဖြစ်နေတော့ ကျနော် ပို ပြီး အားတောင့်လာတာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်...

တမနက်တော့ သူမဟာ ဘာဝတ်ရင်ကောင်းမလဲ ဆိုတာ ရွေးနေပါတယ်... တော်တော်များများ ရွေးဝတ်ကြည့်ပြီးတဲ့အထိ စိတ်တိုင်းကျ ရှာမရဘူးဖြစ်နေတယ်... ကျမအင်္ကျီတွေ အားလုံး ကြီးကုန်ပြီ လို့ သက်ပြင်းလေး ချပြီး ဆိုပါတယ်.. ရုတ်တရက် ကျနော် သတိထားမိသွားတယ်.. သူမ တော်တော်လေး ပိန်သွားတာပဲ... ဒါကြောင့် ကျနော် သူမကို လွယ်လွယ်ကူကူ ပွေ့ချီနိုင်တာပေါ့... ကျနော် စိတ်ထိခိုက်သွားတယ်... သူမဟာ နာကျင်မှု ခံစားချက်တွေ ကို သူမနှလုံးသားထဲ မြုပ်နှံထားတာပဲလို့ တွေးမိတယ်...

သတိလက်လွတ်နဲ့ ကျနော် သူမခေါင်းလေးကို သပ်လိုက်ပါတယ်.. အဲဒီအချိန် သား ရောက်လာပြီး... ဖေဖေ.. မေမေ့ကို ချီဖို့ အချိန်ရောက်ပြီး လို့ လှမ်းပြောတယ်... သားလေးအတွက်တော့ သူ့အဖေက သူ့အမေကို ပွေ့ချီသွားတာဟာ သူ့ဘ၀ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်နေပါပြီး... ကျနော့်ဇနီးက သားကို လက်ယပ်ခေါ်လိုက်ပြီး ခပ်ကျပ်ကျပ်ဖက်ထားလိုက်တယ်.. နောက်ဆုံးအချိန်လေးမှာ ကျနော်စိတ်တွေ ပြောင်းလဲသွားမှာ ကြောက်လို့ ကျနော် တဖက်ကို မျက်နှာလွှဲလိုက်ပါတယ်.. ပြီးတဲ့အခါ.. ကျနော် သူမကို လက်ထဲပွေ့ပြီး အိပ်ခန်းထဲကနေ ဧည့်ခန်းကို ကျော်ကာ အိမ်ရှေ့ထိ ခေါ်ခဲ့တယ်... သူမက ကျနော့်လည်ပင်းကို အသာအယာ သိုင်းထားတယ်... ကျနော်က သူမရဲ့ကိုယ်လေး ကို ခပ်ကျပ်ကျပ် ဖက်ထားတယ်... ကျနော်တို့ မင်္ဂလာဦးတုန်းက လို ပေါ့...

ဒါပေမဲ့... သူမရဲ့ကိုယ်လုံးပေါ့ပေါ့လေးက ကျနော်ကို စိတ်မကောင်းဖြစ်စေခဲ့တယ်... နောက်ဆုံးနေ့မှာတော့ သူမကို ကျနော့်လက်တွေနဲ့ ပွေ့ထားပေမဲ့.. ခြေတလှမ်းရွေ့ဖို့ ခက်ခဲနေခဲ့တယ်.. သားလေးလည်း ကျောင်းသွားပြီး... သူမကို ခပ်ကျပ်ကျပ် ပွေ့ထားပြီး တို့နှစ်ယောက်ကြားမှာ ရင်နှီးကျွမ်းဝင်မှုတွေ ပျောက်ဆုံးနေတာ ကို သတိမထားမိဘူးလို့ ကျနော် ပြောလိုက်တယ်...

ကျနော် ရုံးကို ကားမောင်းသွားတယ်.. တံခါးတောင်ပြန်မပိတ်ပဲ ကားပေါ်က ဆင်းလိုက်တယ်... နည်းနည်းလေး နှောင့်နှေးသွားရင် စိတ်တွေ ပြောင်းလဲသွားမှာကို ကျနော် ကြောက်နေမိတယ်.. ကျနော် ရုံးပေါ်ကို တက်သွားတယ်.. မိုး က တံခါးလာဖွင့်ပေးတယ်... မိုး... ကျနော် စိတ်မကောင်းပါဘူး... ကျနော် မကွာရှင်းချင်တော့ဘူး လို့ ပြောလိုက်ပါတယ်...

သူမက အံသြစွာနဲ့ ကျနော်ကို ကြည့်တယ်.. ကျနော် နဖူးကို စမ်းကြည့်ပြီး ရှင်နေကောင်းရဲ့လား မေးတယ်... ကျနော် သူ့လက်ကို ဖယ်လိုက်ပြီး... စိတ်မကောင်းပါဘူး မိုး... ကျနော် မကွာရှင်းတော့ဘူး... ကျနော်တို့ အိမ်ထောင်ရေးဟာ ပျင်းဖို့ကောင်းလိမ့်မယ်.. ဘာလို့လဲဆိုတော့ ကျနော်နဲ့ သူ ... ဘ၀ရဲ့အသေးစိတ်လေးတွေကို တန်ဖိုးမထားမိခဲ့လို့ပဲ... တစ်ယောက်နဲ့တစ်ယောက် မချစ်နိုင်ကျတော့လို့ မဟုတ်ဘူး... ခု ကျနော် သိလိုက်ပြီး... မင်္ဂလာဦးတုန်းက သူမကို ပွေ့ချီပြီး အိမ်ခေါ်လာတဲ့အချိန်ကစလို့.. သေခြင်းတရားက ကျနော်တို့ နှစ်ယောက်ကို မခွဲခင် အချိန်ထိ ကျနော် သူမကို ထွေးပွေ့သွားရမယ်...

မိုး ရုတ်တရက်အိပ်ရာလန့်နိုးသလို ဖြစ်သွားတယ်.. ကျနော့် ပါးကို ခပ်ပြင်းပြင်းရိုက်ပြီး တံခါးဆောင့်ဖွင့်ကာ ငိုကြွေးနေပါတယ်.. ကျနော် ရုံးအောက်ဆင်းလာပြီး ကားမောင်းထွက်လာခဲ့တယ်.. လမ်းမှာတွေ့တဲ့ ပန်းအရောင်းဆိုင်မှာ ကျနော် ဇနီးအတွက် ပန်းတစည်း ၀င်မှာတယ်... အရောင်းစာရေးမလေးက ကတ်ပေါ်မှာ စာရေးခိုင်းတော့.. ကျနော် ပြုံးပြီး ရေးလိုက်ပါတယ်...

ကျနော်တို့ ဘ၀တွေရဲ့ အသေးအဖွဲလေးတွေက ဆက်ဆံရေး တခု မှာ အရေးကြီးပါတယ်... အိမ်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေ၊ ဘဏ်စာရင်းတွေ မဟုတ်ပါဘူး... အဲဒါတွေက ပျော်ရွှင်စေတဲ့ ပတ်ဝန်ကျင်းတခု ဖန်တီးနိုင်ပေမဲ့ ပျော်ရွှင်မူကို တော့ မဖန်တီးပေးနိုင်ပါဘူး... ဒါကြောင့် သင့်လက်တွဲဖော်ရဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် အချိန်ပေးပါ... ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်ပေးမဲ့ အသေးအဖွဲလေးတွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လုပ်ပေးပါ... တကယ်ပျော်ရွှင်တဲ့ ဘ၀လေးတခု ဖြစ်မှာပါ...

Sunday, November 16, 2008

လူ့၊ လူ၊ လူး....။

ရင်ကို ခွဲကြည့်ပါ...။
ကိုယ့်နှလုံးသား တစ်ဆတ်ဆတ် တုန်နေတယ်...။
ကိုယ့်နေရာမှာ ၀င်ပြီး ခံစားကြည့်ပါ...။
ကိုယ့်နှလုံးသား တစ်ဆတ်ဆတ် တုန်နေတယ်...။
ကိုယ်တွေးသလို တစ်ချက်လောက် တွေးပေးပါ...။
ကိုယ့်နှလုံးသား တစ်ဆတ်ဆတ် တုန်နေတယ်...။

တစ်ဆိတ်လောက် နားလည်ပေးပါ...။
ကိုယ်သည် ကိုယ်သာ ဖြစ်သည်...။
ဘယ်သူနဲ့မှ မတူချင်ပါ...။
ကိုယ်ကိုယ်တိုင် ဖြစ်သော ကိုယ်သာ ဖြစ်ပါသည်...။

ကျေးဇူးပြုပြီးတော့ အိုင်းစတိုင်းနဲ့ မနှိုင်းပါနဲ့...။
အပြင်စာများ မစားရလို့ တားမြစ်ထားတဲ့ ရုပ်ရှင်ရုံထဲမှာ ပါးစပ်ထဲ အစာတွေ ပလုတ်ပလောင်းနဲ့ ခေတ္တ နားနေချိန်မှာ မိတ်ဆွေတွေကို လိုက်နူတ်ဆက်တတ်တဲ့ အကျင့် မရှိပါဘူး...။

ကျေးဇူးပြုပြီးတော့ အက်ဒီဆင်နဲ့ မနှိုင်းပါနဲ့...။
အမှားပေါင်း တစ်သောင်းကို လုပ်ပြီးမှ အမှန်တရား တစ်ခုတစ်လေကို တွေ့တတ်တဲ့၊ နုံချာတဲ့ အသိညဏ် ကိုယ်မရှိပါဘူး...။

တစ်ကယ်တော့ ကိုယ်ဟာကိုယ်ပါ...။
လူဆန်ဆန် နေတတ်တယ်...။
လူဆန်ဆန် ပြောတတ်တယ်...။
လူပီသစွာ အတ္တ ကြီးတယ်...။
လူပီသစွာ လောဘရှိတယ်...။
လူပီသစွာ မာနရှိတယ်...။
လူပီသစွာ ဒေါသ ရှိတယ်...။
လူပီသစွာ မောဟ ရှိတယ်...။
လူပီသစွာ လိမ်ညာတတ်တယ်...။
လးပီသစွာ ပီယ၀ါစာ၊ မုသာဝါသာ များကို ရေလဲသုံးတတ်တယ်...။
လူပီသစွာ (ပုထုဇဉ် ပီသစွာ) တဏှာပေမ၊ ရာဂတွေနဲ့ ဖုံးလွမ်းနေတဲ့ အတ္တဘောနဲ့ ခန္ဓာကိုယ်ရှိတယ်...။
လူထဲက လူသားဆန်တဲ့ လူတစ်ယောက်ပါပဲ...။

ကျေးဇူးပြုပြီးတော့ ကိုယ့်ကို လူသာမာန်နဲ့ မတူဘူးဆိုတဲ့ အတွေးအမြင်ကို စွန့်လွှတ်ပေးပါ...။
တစ်ကယ်တော့ ကိုယ်ဟာ လူတွေထဲက သာမာန် လူတစ်ယောက်ပါ...။


Saturday, November 15, 2008

Monkey and Mango : BamBuser

မျောက် အုန်းသီးရတာ မဟုတ်ပါဘူးတဲ့...။ မျောက် သရက်သီးရတာပါတဲ့...။ ဘာလို့လဲ ဆိုတော့ မျောက်သာ အုန်းသီး ရခဲ့ရင် ဘယ်လို ခွဲရမှာ မသိတာနဲ့ မစားလိုက်ရပဲ သရက်သီး ကျတော့ စားလို့ရလို့ပါတဲ့...။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်ဆီက အလုပ်မှာ ပျင်းပျင်းရှိတာနဲ့ ကိုယ့်စမတ်ဖုန်းလေးနဲ့ ကိုက်ညီမယ့် အပ်ပလီကေးရှင်း အသစ်များ ထပ်ထုတ်တာပါလိမ့် ဆိုပြီး အွန်လိုင်းပေါ် မွှေကြည့်ပါတယ်...။ ကိုယ့်ဖုန်းက စမတ်ဖုန်း ဆိုတော့ စွယ်စုံ ရတယ်လေ။ ရိုးရိုး စကားပြောနိုင်ရုံသက်သက် ဖုန်း ဆိုတာထက်ကို ကျော်လွန်ပြီးတော့ pocket PC သဖွယ် လုပ်လို့ရနိုင်တဲ့ စမတ်ဖုန်းပေါ့။
(ကြွားလိုက်ရတာ အရသာရှိပါ့...။)
:egdance:

အခု ဖုန်းက ပီစီအသေးစားလေး တစ်ခုလိုပါပဲ။ လိုအပ်တဲ့ ဆော့ဖ်ဝဲလေး ထည့်ပေးလိုက်တာနဲ့ မဆိုင်းမတွ ဆောင်ရွက်ပေးပါတယ်။ ဒီဖုန်း အကြောင်းကိုတော့ ဒီမှာ နဲ့ ဒီမှာ အနည်းအကျဉ်း ရှင်းပြဖူးပါတယ်။ သူ့ဆီမှာ သုံးတဲ့ OS က ကွန်ပြူတာမှာ သုံးတဲ့ Windows တော့ မဟုတ်ဘူးပေါ့။ (ဖုန်းအတွက် သုံးတဲ့ ၀င်းဒိုးကိုတော့ Window Mobile 3,4,5,6, 6.1 Windows CE စသဖြင့် သတ်သတ် ထုတ်လုပ်ထားပါတယ်။ ) ကျွန်တော်သုံးတဲ့ ဖုန်းက ဆိုနီအဲရစ်ဆန် ဖုန်းပါ။ OS ကတော့ Symbian OS 9.1 ဖြစ်ပြီး UI ဆိုတဲ့ User Interface ကိုတော့ oped source ဖြစ်တဲ့ UIQ 3.0 ကို သုံးထားပါတယ်။ OS က Symbian S60 ကို သုံးတဲ့ နိုကီယာဖုန်းများနဲ့ မတူပါဘူး။ UIQ နည်းပညာကို သုံးထားတဲ့အတွက် User Interface ဟာ ညက်ပါတယ်။ အနုစိတ်ပါတယ်။ ကွန့်လို့ ရတယ်။

ဆိုတော့ သူ့အိုအက်စ်နဲ့ ကိုက်ညီတဲ့ ဆော့ဖ်ဝဲဗားရှင်းများကို သုံးမှသာ သက်ဆိုင်ရာ ဖုန်းပေါ်မှာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်...။ (တစ်ချို့သော အက်ပဲလ် မက်ဆော့ဝဲများ မိုက်ခရိုဆော့ဖ် ၀င်းဒိုးမှာ သုံးမရသလိုပေါ့ဗျာ...။ ) အခုလဲ ကျွန်တော့် ဖုန်းနဲ့ ကိုက်ညီတဲ့ ဆော့ဖ်ဝဲများကို အွန်လိုင်းပေါ်မှာ လိုက်ရှာရင်းနဲ့ အသုံးလဲတည့်၊ အလကား လဲရတဲ့ ဟာလေးတွေကို စမ်းသုံးကြည့်မိပါတယ်...

နောက်ဆုံး တွေ့မိတဲ့ ဆော့ဖ်ဝဲကတော့ Bambuser လို့ခေါ်တဲ့ ဆော့ဖ်ဝဲပါ။ သူက မိမိဖုန်းမှာ ပါတဲ့ ဗွီဒီယို ရီကော့်ဒ်ဒင်း ဖန်ရှင်ကို အသုံးချပြီးတော့ မိမိဘလော့ဂ်၊ ၀က်ဆိုဒ်ပေါ်မှာ ဗွီဒီယိုတွေကို တိုက်ရိုက် လွင့်ပြနိုင်ပါတယ်။ Company တွေကတော့ မိမိတိုရဲ့ Website တွေမှာ company အကြောင်းကို တိုက်ရိုက် လွင့်ချင်တာပဲ ဖြစ်ဖြစ်၊ ပြပွဲတစ်ခုခုမှာ မိမိတို့ ထုတ်ကုန်တွေကို ပြသတာကို ကမ္ဘာအနှံ့က လူတွေ တိုက်ရိုက် ကြည့်ရှုနိုင်အောင် ထုတ်လွင့်ပြသချင်တာပဲ ဖြစ်ဖြစ် ဒီဆော့ဖ်ဝဲလေးကို အသုံးချရုံပါပဲ...။ ဘလော့ဂ်ပေါ်မှာတော့ မိမိတို့ရဲ့ ရောင်းရင်း၊ အပေါင်းအသင်း မိတ်ဆွေများကို မိမိတို့ရဲ့ happy moment ကို တိုက်ရိုက်ပြချင်တာ၊ ခရီးထွက်လို့ရှိရင် ရောက်တဲ့နေရာကနေ တိုက်ရိုက် ရိုက်ကူးပြီး မိမိတို့ ဘလော့ဂ်ပေါ်မှာ အချိန်မဆိုင်းပဲ လွင့်ပေးနိုင်ပါတယ်။ (ကြွားချင်တာကို တိုက်ရိက် ကြွားနိုင်အောင်ပေါ့လေ။)
:LoL:

ဒီဝက်ဘ်ဆိုဒ်မှာ ရီဂျစ်စတာ လုပ်လိုက်ပါ။ ကိုယ့်ဖုန်းနဲ့ ကိုက်ညီမဲ့ ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပါ။ ဖုန်းထဲကို အင်စတော လုပ်ပါ။ (၀က်ဘ်ကင်မ်သုံးပြီး ရိုက်ချင်သူများ အတွက်လဲ ၀က်ဘ်ကင်မ် ဆော့ဖ်ဝဲ ရှိပါတယ်။) ရီဂျစ်စတာ လုပ်ပြီးချိန်မှာ မိမိဘလော့ဂ်ပေါ် တင်ဖို့အတွက် လိုအပ်တဲ့ HTML စာသားတွေကို တစ်ခါတည်း ထုတ်ပေးပါတယ်။ ကော်ပီကူးပြီး မိမိတို့ ဘလော့်မှာ တင်လိုက်တာနဲ့ ကိုယ့်အကောင့်အတွက် သတ်သတ် assign လုပ်ပေးထားတဲ့ ဗွီဒီယို ပလေယာတစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ တစ်ခုကောင်းတာက မိမိတို့ ရိုက်ကူးလိုက်တဲ့ ဗွီဒီယို ဖိုင်တွေကို သူ့ဆာဗာပေါ်မှာပဲ တစ်ခါတည်း တင်နိုင်တဲ့ အချက်ဖြစ်ပါတ်။ တစ်ခြားသော application များလို့ သတ်သတ် ဆာဗာပေါ်မှာ တင်စရာ မလိုပါဘူး။ မိမိတင်ထားတဲ့ ဖိုင်တွေကို လိုအပ်သလို ပြင်ဆင်၊ တည်းဖြတ်၊ ဖြတ်တောက်နိုင်ပါတယ်။

ရိုက်ကူးဖို့ စတင်တော့မယ်ဆိုရင် မိမိရဲ့ ဖုန်း၊ ရိုက်ကူးမယ့် ကင်မရာ၊ ၀က်ဘ်က်မ်ဟာ အင်တာနက်နဲ့ ဆက်သွယ်နေဖို့ လိုပါလိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော့်ဖုန်းမှာ အိမ်က ၀ါယာလက်စ်ကို ၀ိုင်ဖိုင် နဲ့ အရင် ချိတ်ပါတယ်။ ပြီးမှ application ကို run ပါတယ်။ setting ကို အော်တို ကော်နက် ဆိုပြီး ရွေးထားတော့ application ကို run တာနဲ့ သူက အင်တာနက် ကော်နက်ရှင်ကို တန်းချိတ်ပြီး ရိုက်ကူးမှုကို စတင်ကာ မိမိတို့ရဲ့ ဗွီဒီယို ပလေယာ အကောင့်ထဲကို တိုက်ရိုက် လှမ်းပို့ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ဘက်က ကြည့်ရှုသူတွေကလဲ Video streaming လုပ်ပြီး ကြည့်နိုင်ပါတယ်။ တိုက်ရိုက်လွင့်နေချိန်မှာ မကြည့်လိုက်ရလဲ လွင့်ပြီးသား ဖိုင်တွေကို ပြန်လည် ကြည့်ရှုနိုင်အောင် လုပ်ပေးထားပါတယ်...။ တိုက်ရိုက်လွင့်နေချိန်မှာ သတိထားမိအောင် live ဆိုတဲ့ တိုင်တယ် တပ်ပေးပါတယ်။ offline ဖြစ်နေရင် “Boyz (အကောင့် ပိုင်ရှင်ပေါ့ဗျာ) is not broadcasting right now” ဆိုပြီး စာတမ်း ထိုးထားပေးပါတယ်။ ဒါဆိုရင် သူနောက်ဆုံးလွင့်ခဲ့တဲ့ဖိုင်ကို မြားကလေး ပုံစံဖြစ်နေတဲ့ ပလေး ခလုတ်ကို နှိပ်ပြီး ကြည့်နိုင်သလို ဒီမတိုင်ခင်တုန်းက လွင့်ခဲ့တဲ့ ဗွီဒီယိုဖိုင်များကို စတုရန်း အကွက်လေးတွေ တန်းစီနေတဲ့ ခလုတ်ကို နှိပ်ခြင်းအားဖြင့်လဲ တစ်ဖိုင်ချင်း ကြည့်နိုင်ပါတယ်။

အားနည်းချက်ကတော့ အင်တာနက် ကော်နက်ရှင် ရှိမှပဲ မိမိတို့ ရိုက်ကူးမှုကို ဆာဗာပေါ် လှမ်းချိတ်လို့ရတဲ့ အချက်ပါ။ ခရီးသွားနေသူများကတော့ ကြွားချင်ကြတယ်ဆိုရင် Data Plan Flat rate မယူထားရင်တော့ တေဘီဆြာပဲ...။
:suicide:
ဗွီဒီယိုဖိုင်များက ဒေတာတွေ တော်တော်များကို အသုံးပြုတာကိုး...။
:oops2:

Screenshot နဲ့ ရှင်းပြပေးချင်သော်ငြား စိတ်ဝင်စားသူ မရှိတာကတစ်ကြောင်း၊ ပျင်းနေတာက တစ်ကြောင်း ကြောင့်ရယ်ကြောင့် မတင်ဖြစ်တော့ပါ။ မေးမြန်း စုံစမ်းမှုများ ပြုသပ ဆိုရင်တော့ ကော်မန့်ဖြစ်ဖြစ်၊ စီပုံးထဲမှာ ဖြစ်ဖြစ် မက်ဆေ့ခ်ျများ ထားပေးပါ။ စိတ်အခန့်သင့်ရင်၊ ရွှီးတတ်တဲ့အချက်တွေဆိုရင် ခရီးသွားဟန်လွဲ၊ လမ်းကြုံ ၀င်ဖြေပေးပါမယ်။ ဖြေမထားဘူးဆိုရင်တော့ မသိလို့ပဲ ဖြစ်ဖြစ်၊ မအားလို့ပဲ ဖြစ်ဖြစ်၊ မတွေ့မိလို့ပဲ ဖြစ်ဖြစ်၊ မဖြေချင်တာပဲ ဖြစ်ဖြစ် အဲဒီ တစ်ဖြစ်ဖြစ်တွေထဲက တစ်ဖြစ်ဖြစ်ကြောင့် ဖြစ်လိမ့်မယ်လို့ ဖြစ်လိုက်ကြပါ အဲ. အဲ ဖြည့်တွေးလိုက်ကြပါ။ လိုက်ဖတ်ပေးတဲ့အတွက် ကျေးဇူးပါဗျား။
:thanks:

နောက်များမှာ အခုဖုန်းထဲမှာ လက်ရှိသုံးနေတဲ့ Third Party အလားရတဲ့ ဆော့ဖ်ဝဲများ အကြောင်းကို တစ်ခုချင်း လာရှင်းပြပါ့မယ်...။ (Note that "No Time Limit")


(အခုတစ်လော အတည်အတံ့တွေ ရေးမရ ဖြစ်နေပါတယ်။ လက်က ပျက်နေပြီလား မသိ... ဟိ..ပြောင်ချော်ချော် ဖြစ်နေပါတယ်...။)
:partyman:
မောတာ...။
:ashamed:

ရေး.... :dance:တစ်ပုဒ်ပြီးသွားပြီ...။ လေးငါးရက်လောက်တော့ အေးဆေး နားလို့ရပြီ...။ :excited:
:backtotopic:

Wednesday, November 12, 2008

အိမ်သာဋီကာ (၂)



ဒီပို့စ်တိုလေးကတော့ အရင် ပို့မှာ ပြောဖူးခဲ့တဲ့ ကေအယ်လ် လေဆိပ်မှာ အိမ်သာတွင်း ရေပန်း ထည့်မပေးတဲ့ ကိစ္စကို ပြောချင်တာပါ...။
ရောက်တိုင်းလဲ ခဏခဏ ကြည့်မိတယ်...။
ကျွန်တော် ၀င်မိတဲ့ အခန်းကပဲ ဖြစ်နေသလား မသိဘူး...။ ရေပန်းကို လုံးလုံး မရှိတာပါ...။
အခု နောက်ဆုံးအခေါက်မှာတော့ တပ်ထားတာ တွေ့ပါတယ်...။
သက်သေအနေနဲ့ ကင်မရာ နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်...။
ဝမ်းသာ ပျော်ရွှင်ကြပါကုန်...။
( ဘောင်ကွပ်ချင်သော်ငြား မကွပ်တတ်၍ မကွပ်တော့ပါ...။ )

ထပ်ဖြည့်။ ။ Kom မှ ကေအယ်လ်လေဆိပ်တွင်ရိုက်သည်ကို မယုံပါ၊ သက်သေပြပါဟု တောင်းဆိုလာသဖြင့် အောက်ပုံ နှစ်ပုံကို ထပ်တင်လိုက်ရသည်...။


Align Center

Thursday, November 6, 2008

pfingo Phone Promotion (Nov)



အသေးစိတ် သိလိုပါက အထက်ပါ ပုံကို ကလစ်နှိပ်ကြည့်ပါ


ကျွန်တော် အခုတစ်လော သုံးဖြစ်နေတဲ့ VoIP ဖုန်းပါ...(တစ်နှစ်ကျော်ကြာ သုံးဖြစ်သွားပါပြီ...။)။
Stauhub ကနေပြီးတော့ ၀န်ဆောင်မှု ပေးနေတဲ့ အင်တာတက် စနစ်သုံး ဖုန်းဝန်ဆောင်မှု လုပ်ငန်း ဖြစ်ပါတယ်...။
သုံးရတာ အဆင်ပြေပါတယ်...။

(အရင်တုန်းကတော့ voipdiscount, voipstunt, Skype Out အစရှိတဲ့ VoIP ၀န်ဆောင်မှု လုပ်ငန်းတွေကို သုံးပါတယ်...။ သူတို့ဆီက ဆာဗာအခြေအနေကြောင့် ဖုန်းပြောရတာ ပြတ်တောင်းပြတ်တောင်း ဖြစ်သည်က တစ်ကြောင်း၊ ကိုယ်ပြောလိုက်တဲ့ စကားသံသည် တစ်ဘက်ကို ၂ စက္ကန့်လောက် နောက်ကျပြီးမှ ရောက်သွားတတ်လို့ ပြောရတာ အဆင်မပြေတာက တစ်ကြောင်းတို့ကြောင့် မသုံး ဖြစ်တော့ပါ...။)

pfingo က starhub ကနေ ပေးတဲ့ ၀န်ဆောင်မှု ဖြစ်တာကြောင့် connection ကောင်းပြီး အသံ အရည်အသွေး ကြည်လင်ပြတ်သားစွာနဲ့ ဆက်သွယ် ပြောဆိုနိုင်ပါတယ်...။
အကယ်၍ ပြည်တွင်းက မိမိတို့ရဲ့ ဆွေမျိုး၊ မိတ်ဆွေများကို ဒီအကောင့် ပေးထားလိုက်ရင် သူတို့အနေနဲ့ အင်တာနက်ကဖေးဖြစ်ဖြစ်၊ မိမိတို့ ကိုယ်ပိုင် ကွန်ပြူတာမှာ ဖြစ်ဖြစ် ဒီဆော့ဖ်ဝဲကို သွင်းပြီး ပေးထားတဲ့ အကောင့်နဲ့ sign in လုပ်လိုက်ရင် မိမိတို့ရှိရာ စင်ကာပူကို တစ်မိနစ်ကို ၂ ဆင့်နှုန်းနဲ့ ဆက်သွယ်နိုင်ပါတယ်...။

ကွန်ပြူတာ၊ အင်တာနက်နဲ့ ဒီ pfingo account ရှိရုံနဲ့ နိုင်ငံခြားကို ဈေးနှုံးသက်သာစွာနဲ့ ဆက်သွယ်နိုင်ပါပြီ...။
Account subscription က တစ်နှစ်မှ စင်ကာပူ ဒေါ်လာ ၁၂ ကျပ်ပဲ ကျပါတယ်...။ (Basic Plan ပေါ့...။ ကျွန်တော်လဲ ဒီပလန်ပဲ သုံးနေတယ်...။)
ဘေ့စ်စစ်ပလန်ကို ပရိုမိုးရှင်းကာလအတွင်း sign-up လုပ်မယ်ဆိုရင် subscription တစ်နှစ်စာ အခမဲ့ ပေးပါတယ်...။
ရက်အကန့်အသတ် ရှိပါတယ်...။ ၂၀၀၈ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးပါ...။
pfingo ဖုန်းနံပါတ် တစ်ခု ပေးပါတယ်...။ 3xxx xxxx
ကျွန်တော့်နံပါတ်ကတော့ ၃၁၁၃ ၇၆၅၃ ပါ...။
အမြဲတမ်းတော့ ဖွင့်မထားပါဘူး...။
နိုင်ငံခြားကို ခေါ်ဆိုချင်တဲ့ အချိန်မှာမှ ဖွင့်ပါတယ်...။
ဖုန်းခေါ်ဆိုဖို့ လိုအပ်တဲ့ credit ကိုတော့ သူတို့ဆီမှာ အွန်လိုင်းကနေတစ်ဆင့် ၀ယ်ယူနိုင်ပါတယ်...။
စင်ကာပူ နိုင်ငံတွင်း ခေါ်ဆိုမှုတွေကို တစ်မိနစ်ကို ၂ ဆင့်နှုန်းသာ ကျသင့်ပါတယ်...။
ထိုင်းနိုင်ငံကို ခေါ်ဆိုမှုကိုတော့ လောလောဆယ် ပရိုမိုးရှင်းအနေနဲ့ တစ်မိနစ်ကို ၅ ဆင့် သတ်မှတ်ထားပါတယ်...။
မြန်မာပြည် ခေါ်ဆိုမှုကိုတော့ တစ်မိနစ် ၅၀ဆင့်နှုန်းနဲ့ ကောက်ခံပါတယ်...။
pfingo အချင်းချင်း ဆက်သွယ်မှုကိုတော့ ဖရီး (သို့) အခမဲ့ပါ...။
အောက်မှာ လတ်တလော ပရိုမိုးရှင်း rate တွေကို ပြထားပါတယ်...။



အသံအရည်အသွေး ကြည်လင်ပြတ်သားမှု ရှိပါတယ်...။
သုံးသင့်တယ်လို့ ထောက်ခံပါတယ်...။
(မောင်တီဇက်အေကတော့ အရင်တုန်းက credit ၀ယ်တာ အွန်လိုင်း မရလို့ ဒီမှာ မြည်တွန်တောက်တီး ဖူးပါတယ်...။ တစ်ကယ်တော့ ဆာဗာ ဒေါင်းနေတာနဲ့ ကြုံတော့ သူ purchase လုပ်တာ အဆင်မပြေ ဖြစ်သွားတာပါ...။ ကျွန်တော့်အတွက်ကတော့ အဲဗား အဆင်ပြေပါတယ်...။)

ခြွင်းချက်။ ။ ဖုန်းနံပါတ်တစ်ခုတော့ provide လုပ်ရပါလိမ့်မယ်...။ အဲဒါမှ သူက activation key တစ်ခုကို sms နဲ့ ပို့ပေးလာမှာ ဖြစ်ပါတယ်...။

အသေးစိတ် သိချင်ရင်တော့ အပေါ်က ပုံကို ကလစ်နှိပ်လိုက်ပြီး သွားကြည့်လိုက်ပါ...။

ဘလော့ဂ်ကြွလာ မိတ်သဟာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ...။
(ယနေ့ ဖွင့်မယ့် ၁.၅ မီလီယံ တိုတိုမှာလဲ ဒုတိယဆုတွေ ပေါက်ကြပါစေ...။ ပထမဆုက ကျွန်တော့်အတွက် ဖြစ်သွားလို့ပါ...။ ခွိခွိခွိ)

Tuesday, November 4, 2008

နွားဋီကာ

အီးမေးလ်ထဲက ရလာတဲ့ လူကြီးဟာသ တစ်ပုဒ်ပါ...။

တွေးပြီးတော့ တစ်စိမ့်စိမ့် ရီ ဆိုတာ ဒီလို ဟာသပေါ့...။

ဒီလိုနဲ့ လာမယ့် သောကြာညကို တောင့်တောင့်ခံ ချီတက်လိုက်ရအောင်...။

Way to go!!!! (Credit to Ms. K Khine Aung)


SOCIALISM

You have 2 cows. You give one to your neighbor.

COMMUNISM

You have 2 cows. The State takes both and gives you some milk.

FASCISM

You have 2 cows. The State takes both and sells you some milk.

NAZISM

You have 2 cows. The State takes both and shoots you.

BUREAUCRATISM

You have 2 cows. The State takes both, shoots one, milks the other, and then throws the milk away.

TRADITIONAL CAPITALISM

You have two cows. You sell one and buy a bull. Your herd multiplies, and the economy grows. You sell them and retire on the income.

SURREALISM

You have two giraffes. The government requires you to take harmonica lessons.

AN AMERICAN CORPORATION

You have two cows. You sell one, and force the other to produce the milk of four cows. Later, you hire a consultant to analyze why the cow has dropped dead.

A FRENCH CORPORATION

You have two cows. You go on strike, organize a riot and block the roads because you want three cows.

A JAPANESE CORPORATION

You have two cows. You redesign them so they are one-tenth the size of an ordinary cow and produce twenty times the milk. You then create a clever cow cartoon image called 'Cowkimon' and market it worldwide.

A RUSSIAN CORPORATION

You have two cows. You count them and learn you have five cows. You count them again and learn you have 42 cows. You count them again and learn you have 2 cows. You stop counting cows and open another bottle of vod ka.

A SWISS CORPORATION

You have 5000 cows. None of them belong to you. You charge the owners for storing them.

A CHINESE CORPORATION

You have two cows. You have 300 people milking them. You claim that you have full employment, and high bovine productivity. You arrest the newsman who reported the real situation.

AN INDIAN CORPORATION

You have two cows. You worship them.

A BRITISH CORPORATION

You have two cows. Both are mad.

AN IRAQI CORPORATION

Everyone thinks you have lots of cows. You tell them that you have none. No-one believes you, so they bomb the ######## out of you and invade your country. You still have no cows, but at least now you are part of a democracy.

A NEW ZEALAND CORPORATION

You have two cows. Business seems pretty good. You close the office and go for a few beers to celebrate.

AN AUSTRALIAN CORPORATION

You have two cows. The one on the left looks kinda cute. Despite the high cost of living, it remains popular.

Monday, November 3, 2008

ရပ်ကွက်ထဲမှာဗျာ...။

အေးဗျာ...။
ခင်ဗျားတို့ပြောတော့ ကျွန်တော်တို့ မြို့ကလေးမှာတုန်းက အရူးတွေကြားမှာ နေရတာကို ပြန်သတိရမိသေး...။
အဲဒီအရူးဟာဖြင့် ကျွန်တော်ငယ်ငယ်လေးကတည်းက လမ်းသလားနေတာ ခုထိ မာမာချာချာ ရှိတုန်း...။
ပါးစပ်ကလဲ ပွစိပွစိနဲ့ ...။ သူစိတ်တိုလာပြီဆို (မရိုမသေဗျာ) မလုံမလဲဝတ်ထားတဲ့ ထမီကို လှန်ပြီး ပုတ် ပုတ်ပြတယ်...။ ပါးစပ်ကလဲ ပတ်... ပိန် ဆိုပြိး အော်...။
ဘာအဓိပါယ်လဲ ဆိုတာတော့ သူမှ သိတာဗျ...။
သူ့ကို ပတ်ပိန် အရူးမလို့ ခေါ်တယ်...။
ရေဆို တစ်ခါမှ မချိုးဘူး...။ သူ့အနား ရောက်သွားရင် နံသလား မမေးနဲ့...။
တစ်ခါသားမယ် သူ့ကို ဘယ်က အဖွဲ့ကလဲ မသိဘူး... ဖမ်းချုပ်ပြီး ရေချိုးပေးတာ တွေ့ဖူးတယ်...။
ကျွန်တော်တို့ အိမ်ရဲ့ မျက်နှာချင်းဆိုင်မှာ စတည်းချလေ့ရှိတယ်...။
အတော့ကို ချမ်းတဲ့ ကျွန်တော်တို့ မြို့ကလေးမှာ သူနှစ်စဉ်နှစ်တိုင်း အချမ်းဒဏ်ကို တွန်းလှန်ခဲ့သလဲ ဘယ်သူမှ မသိဘူး...။

သူရူးရတဲ့ အကြောင်းရင်းကို ဘယ်သူမှ ဂဃနဏ မသိကြဘူး...။
မွေးခါစ ကလေး သေသွားလို့ သွေးနုနု သားနုနုနဲ့ စိတ်ချောက်ချားသွားμ ရူးတယ် ပြောလိုပြောရဲ့...။
သူဌေးသမီးတဲ့... သူ့ယောက်ျား ကားမှောက်သေသွားလို့ ရူးသွားတာတဲ့...။
သူ့မိသားစုက အရူးဆိုပြီး ကြဉ်ထားတာတဲ့...။ သို့ပေမဲ့ စားစရာ သောက်စရာလေးများ လာလာပေးတတ်တယ်တဲ့...။

မြို့ကလေးကို ဗွီအိုင်ပီတွေ လာပြီဆို ရှိရှိသမျှ အရူးတွေက ဆိုင်ရာက လိုက်ဖမ်းပြီး အချုပ်ထဲ ထည့်သိပ်ကြတယ်...။
အဲဒီအချိန်ဆို ခွေးတွေက တစ်စီစီ၊ အရူးတွေက ထွက်ပြေး၊ လိုက်ဖမ်းတဲ့သူကလိုက်ဖမ်းနဲ့... လမ်းပေါ်မှာ ဆူညံပွက်လောရိုက်လို့ပေါ့...။
နောက်တစ်ပါတ်လောက် ကြာရင် ပြန်လွှတ်ပေးတယ်...။ ဆံပင်တွေ ကိုက်ပေးတာပေါ့...။ ညှပ်ပေးတာ မဟုတ်ဘူးနော်...။
ကတ်ကြေးနဲ့ ကိုက်ပေးတာ...။
ပုံမကျ ပန်းမကျနဲ့...။

သူလဲ တစ်ခါတစ်လေ မြို့ကလေး ဘေးပတ်လည်က အမူးသမား များနဲ့ တိုးမိရင် မချောင်ချေဘူး...။
လူစိတ်မရှိဘူး ပြောရမယ်...။
အရူးတောင် မရှောင် အုပ်စုလိုက် မုဒိမ်းကျင့်ကြတယ်...။
မိုးလင်းတော့ အဲဒီ အရူးမက ဈေးရှေ့မှာ ငိုပြီးတော့ အမူးသမားတွေကို ထိုင်ဆဲနေတာ ပက်ပက်စက်စက်ပဲ...။
သူပြောတာတွေကို ကြားမိမှ လူတွေက သွားတိုင်ကြတာ...။
အကုန်မိကုန်ရောတဲ့...။
၇ နှစ်ယောက်တောင် လို့ ကြားတယ်...။ (အဲဒီနောက်ပိုင်း အစိမ်းရောင် ၀တ်တဲ့သူတွေမြင်ရင် သူဆဲပြီး ထွက်ပြေးနေတော့တာပဲ...။)

အဲဒီ အမူးသမားတွေကတော့ နယ်ခံ မဟုတ်တာသေချာတယ်...။
ဘာလို့လဲဆိုတော့ ဒီဒေသ နယ်ခံကလူတွေက ဒီအရူးနဲ့ နေ့တိုင်း တွေ့နေတော့ တစ်နည်းမဟုတ် တစ်နည်း သံယောဇဉ် ဖြစ်ကြတယ်...။
အရူးမ နေမကောင်းဖြစ်ရင် ဆေးတွေ ၀ယ်ပေး၊ အစားအသောက်တွေ ၀ယ်ပေးနဲ့...။
အရူးမကလဲ သူ့ကို သနားတဲ့သူတွေက အိမ်ခေါ်ထားရင် ဘယ်တော့မှ တစ်ရက်ထက်ပို မနေဘူး...။
ထွက်ပြေးတယ်...။
လမ်းပေါ်မှာပဲ ပြန်နေတယ်...။

နောက်တော့လဲ ကိုဂျေ့ အရူးမလိုပဲ သားကြောဖြတ်ပေးလိုက်ရတယ်...။
တစ်လောက မြို့က ပြန်လာတဲ့ အသိတစ်ယောက်ကို ဘာရယ် မဟုတ် စကားစပ်လို့ မေးကြည့်တော့ ခုထိ မာမာချာချာ ရှိတုန်းပဲတဲ့...။
တစ်ခါက ရပ်ကွက်ထဲမှာပေါ့ဗျာ...။

Saturday, November 1, 2008

ခေမာရဌ် တမ်းချင်း (၂)

တစ်မိုးကုန်လို့ တစ်ဆောင်းသစ်ပြန်ပေါ့...။
ရာသီစက်ဝန်းက အကြိမ်ကြိမ် လည်နေလေရဲ့...။
ငွေပုလဲပွင့်မိုးစက်များက လွင့်ပါး ပျောက်ကွယ်သွားပြီ ငွေနှင်းမှုန်များ ပြန်လည် အစားထိုးလာပါပြီ...။
မျှော်လေတိုင်း မှိုင်းမှုန်ရီ... မပီပြင် ၀ိုးတစ်ဝါးနဲ့ ပန်းချီကျော်လက်ရာ တစ်ခုအလား ...။
မြောက်ပြန်လေ တိုက်လာတိုင်း တောင်ယာမီးခိုးနံ့ ဖျော့ဖျော့ ရလိုက်လေသလား...။
ချမ်းစီးတဲ့ ညတိုင်း ဟိုးအဝေးက တောင်ပေါ်မှာ တောင်ယာ မီးရှို့တာ တွေ့မိလေသလား...။
လယ်ကွင်းထဲမတော့ နုပျိုနေဆဲ ကောက်သစ်နံ့တွေနဲ့ သင်းနေပြီ...။

ဒီအချိန်ဆို မြို့ကလေးမှာ မနက်ဆို နှင်းထုတွေဟာ မီးထိုးလို့ မကွဲတော့ပါဘူး...။
မြို့နီးချုပ်စပ်က နယ်သူနယ်သားများ ရောင်းချစရာ ပစ္စည်းများကို နွားလှည်းပေါ်တင်ပြီး မနက်စောစော ၃ နာရီလောက်ဆို နွားများကို တစ်ရှုးရှုးနဲ့ မောင်းကာ မြို့မဈေးကို နှင်းမကွဲမီ ရောက်အောင် အသော့နှင်နေကြပြီ...။

ချမ်းစီးလှတဲ့ တောင်ပေါ်ဆောင်းရဲ့ အအေးဒဏ်ကို အထပ်ထပ် ခြုံထားတဲ့ ဂွမ်းကပ်စောင်ပုံထဲကနေ အန်တုရင်း အဲဒီ ဈေးကိုသွားတဲ့ နွားလှည်းက နွားရှင်များ နွားငေါက်သံ၊ ချောင်းဟန့်သံ၊ တစ်အီအီနဲ့ မြည်ပြီး တစ်ဝက်တစ်ပျက် ခင်းထားတဲ့ ကတ္တရာလမ်းပေါ် နင်းဖြတ်သွားတဲ့ လှည်းဝင်ရိုးသံ၊ လေထဲကို လွင့်သွားတဲ့ နှင်တံ ၀င့်တဲ့ တစ်ဝှစ်ဝှစ်နဲ့ အသံ...။
လွမ်းတမ်းတနေတုန်းပဲ...။

ဒီလို ဆောင်းတွင်းမှာဆို စားစရာ ပူပူနွေးနွေးများလဲ ပေါပါလေ့...။
ခေါပုတ်...။ အများ သိတဲ့ ခေါပုတ်။ အချိုနဲ့ သာမာန်ခေါပုတ်...။
မီးသွေး မီးဖို သေးသေးလေး...။ အဲဒီဘေးမှာ ၀ိုင်းဖွဲ့ထိုင်ရင်း အနွေးဓါတ်ယူကြ၊ မီးလှုံကြ...။
မီးဖိုနားကို စောင်ထဲက ထုတ်လာတဲ့ လက်ကလေးတွေကိုယ်စီပြလို့...။
အာခံတွင်းက စကားပြောလိုက်ရင် ထွက်လာတဲ့ အာငွေ့များက မသိရင် နဂါးကြီး မီးတန်းငွေ့များ မှုတ်ထုတ်လိုက်သလို...။
အဲဒီနောက် မီးဖိုပေါ်ကို သံဇကာတင် ပြီးရင် ခေါပုတ်ကို ကင်...။
ကြံသကာရည်နဲ့ တို့စားရင် တို့စားကြ...။ မဟုတ်ရင် တို့ဟူးရီးနဲ့ တို့စားကြ...။

အဲ.. စောင်ပုံထဲ၊ မီးပုံနား မကွေးချင် မကပ်ချင်သူများကတော့ မနက် ချမ်းချမ်းစီးစီးကို ကျန်းမာရေး လိုက်စားဖို့ အပြေးလေ့ကျင့်ခန်းများ လုပ်ကြလေရဲ့...။
မြို့ကလေးရဲ့ အရှေ့မြောက်ယွန်းယွန်းမှာ လေဆိပ်ငယ်လေး တစ်ခု ရှိတယ်...။
မြို့ကလးနဲ့ လေဆိပ်ကို ကတ္တရာလမ်းနဲ့ တစ်ဖြောင့်တည်း နီးပါး ဆက်ထားတယ်...။ လယ်ကွင်းတွေကို ဖြတ်လို့ပေါ့...။
အဖေါ်အပေါင်း တစ်သိုက်နဲ့ မနက် လေးနာရီကို ထကြ...။


(ကျွန်တော်တို့ စုရပ်ဖြစ်တဲ့ မြို့ဘယ်က ဘုရားကြီးပါ...။ ပုံထဲမှာတော့ ရှင်လောင်းလှည့်လည်ပွဲမှာ ဘုရားကြီးကို နောက်ခံထားပြီးပြီး အလှူဒါယိကာဒါယိကာမ များ က အမှတ်တရ ရိုက်နေတာပေါ့...။)

စုရပ်ဖြစ်တဲ့ ဘုရားကြီးနားမှာ သွေးပူလေ့ကျင့်ခန်း လုပ်ပြီး တစ်ယောက်ကို တစ်ယောက်စောင့်ကြ...။
လူစုံရင် လေယာဉ်ကွင်းလမ်း အတိုင်း တောက်လျှောက် ပြေးကြ...။
နှစ်မိုင်နီးပါး ရှည်တဲ့ ခရီးပါပဲ...။
လေယာဉ်ကွင်းမရောက်ခင်မှာ နမ့်လပ်ဆိုတဲ့ ချောင်းကလေး ရှိတယ်...။
ချောင်းကလေးရဲ့ ဟိုမှာဖက်ဆီကတော့ တရုတ်ပြည်အထိ ပေါက်တဲ့ မိုင်းလားလမ်း ရှိတယ်...။ လေယာဉ်ကွင်းရှိတယ်...။ သနကချင်း(၄) ဆိုတဲ့ အရင်က အခေါ် ဖိုးချင်း တပ် ရှိတယ်...။
ချောင်းကလေးကို ဖြတ်ဆောက်ထားတဲ့ တံတားလေးကို ကျော်မှ အဲဒီနေရာကို ရောက်တာ...။
လေယာဉ်ကွင်းကတော့ လြုံခုံရေး အရ မနက်ကို ပိတ်ထားတယ်...။ ကင်းတဲမှာ အစောင့်စစ်သားက စစ်စောင်ခြုံလို့ပေါ့...။
အပြေးလေ့ကျင့်ခန်း လုပ်နေတဲ့ ပေါင်ဖြူ မမ၊ ညီမတွေကို ငေးရင်းနဲ့...။

တံတားနားတစ်ဝိုက်အထိပါပဲ...။
လူတွေက အဲဒီနားမှာပဲ လေ့ကျင့်ခန်းတွေ လုပ်ကြတယ်...။
တစ်ချို့တရုတ် အဖိုးကြီး အဖွားကြီးများက လမ်းလျှောက်တုတ် ကိုယ်စီနဲ့ ဖြည်းဖြည်းမှန်မှန် လျှောက်ကြရင်း တံတားနားမှာ ထိုက်ချိတွေ ကစားကြတယ်...။
တစ်ချို့သော လူငယ်၊ လူရွယ်များက ဂျော့ကင် ရွရွလေး ပြေးလာကြပြီး အဲဒီ တံတားနားမှာပဲ သွေးပူလေ့ကျင့်ခန်းတွေ လုပ်ကြတယ်...။
လယ်ကွင်းကို ဖြတ်ပြီး ကောက်သင်းနံ့ကို သယ်ဆောင်လာတဲ့ လတ်ဆတ်တဲ့ လေကို ရှုရှိုက်ရင်းနဲ့ပေါ့...။

အဲဒီမှာ တစ်နာရီလောက် နေပြီး မြို့ကလေးဆီကို လမ်းလျှောက်လို့ တစ်ဖုံ၊ ဂျော့ကင်း ပြေးခဲ့လို့ တစ်သွယ် ပြန်ကြတယ်...။
မြို့ကလေးနား ပြန်ဝင်လာပြီဆို ဘုရားကြီးကနေ မနက် ၅နာရီတိုင်း နိဗ္ဗါန်ဆော်သမျိုးနဲ့ လော်စပီကာကနေ ဖွင့် ဖွင့်ပေးတဲ့ တီးလုံးကို ကြားရတယ်...။ မနက်ခင်း ရေကင်းသံလိုလို ဘာလိုလိုပေါ့...။

အခုလို ဆောင်းတွင်း ၀င်လာပြီ ဆိုမှဖြင့် မြို့ကလေးကလဲ ဖက်ရှင်တစ်မျိုး ပြောင်းသွားတယ်...။
စိနတိုင်းကလာတဲ့ အနွေးထည်များဟာ ဈေးချိုသလို တော်ရုံ အအေးဓါတ်ကို ကာကွယ်ပေးနိုင်တယ်...။
လူတိုင်းလူတိုင်း အနွေးထည်ပွပွကြီးတွေနဲ့ ဂျင်းဘောင်းဘီ ကိုယ်စီနဲ့ပေါ့...။
ပျိုပျိုမေ များကတော့ ပါးအို့နီရဲရဲလေးတွေနဲ့ အလှသွေးကြွယ်နေကြ...။
သားမွေးအစစ် မဟုတ်တဲ့ သားမွေးတု အင်္ကျီတွေကိုယ်စီနဲ့...။
ရုရှားရုပ်ရှင်ကားတွေမှာ မြင်ဖူးတဲ့ အေးမြတဲ့ ရာသီမှာ ဆောင်းလေ့ရှိကြတဲ့ နားရွက်ထိ ဖုံးတဲ့ ဦးထုပ်ကို အကဲပိုတဲ့ ကိုကို မမ များက ဆောင်းလေရဲ့...။ အများအားဖြင့် အဖိုးကြီးတွေပဲ ဆောင်းကြတယ်...။
ဆေးတံခဲလို့ပေါ့...။

အာခါလူမျိုးများကတော့ တောထဲက သစ်ဥ သစ်ဖု ဆေးဖက်ဝင်တာတွေကို သယ်လာပြီး မြို့ထဲကို စီတန်း ၀င်လာတတ်တယ်...။
ဆေးရွက်ကြီးတွေ ငုံလို့ နီကျံနေတဲ့ သွားတွေ ပေါ်အောင် ပြုံးပြပြီး “ပေါ်လိမ့်.. မယ်လိမ့်” ချင်းထပ်အောင်၊ မိုးမွန်အောင် ခေါ်ပြီး သူတို့ ပစ္စည်းတွေ ရောင်းတယ်...။ (ပေါ်လိမ့်.. မယ်လိမ့်ဆိုတာ သူဌေး၊ သူဌေးမကို ရှမ်းလိုခေါ်တာ...။) အပြန်မှာ ဆားခဲတွေ၊ အသားခြောက်တွေ ၀ယ်ဝယ် ပြန်သွားတတ်တယ်...။ သူတို့က ဆားတော်တော် စားကြတယ်...။ သွေးတိုး ဖြစ်တာတော့ မတွေ့မိဘူး...။ သေချာတာကတော့ အိုင်အိုဒင်း ဓါတ် ချို့တဲ့လို့ လည်ပင်းကြီး ရောဂါဖြစ်တဲ့ အာခါ လူမျိုးဆိုတာ တော်တော်ရှားတယ်...။ နေးတစ်ခေမာရဌ်သားများသာ လည်ပင်းကြီး ရောဂါ ဖြစ်ကြတာ...။

ဆားဆိုလို့...။ မြို့ကလေးမှာ ဆားချော/မှုန့်များဟာ ပြည်မကြီးကနေ တောင်ကြီးလမ်းကြောင်းနဲ့ သွင်းလာတာ များတယ်...။ ဆားခဲများကတော့ တောထဲ တောင်ထဲက ဆားတွင်းကြီးကနေ တူးလာ ရောင်းကြတာ...။ အာခါ လူမျိုးများက ဈေးပိုပေါတဲ့ ဆားခဲတွေကို ၀ယ်ကြတယ်...။ ရာဇူအကြီးကြီးတွေနဲ့ ချိန်စက်ပြီး အနည်းဆုံး ငါးပိဿာ ၀ယ်ကြတယ်...။ ပြီးရင် သူတို့ဘာသာ သူတို့ သံဆုံနဲ့ ပြန်ထောင်းကြတယ်...။ (ရာဇူဆိုတာ ချိန်ခွင်ကိုခေါ်တာ...။ )

မြို့ကလေးဟာ တိုင်းရင်းသား ပေါင်းစုံနဲ့ ရောပြွမ်းနေတယ်...။ အီကော့၊ အာခါ၊ လားဟူ၊ မူးဆိုး၊ ၀၊ လွယ်၊ တိုင်းအဲန် စတဲ့ လူမျိုးတွေပေါ့...။ ကချင်တွေလဲ ရှိတယ်...။

ဗဟုသုတ အနေနဲ့ ပြောရရင် ငယ်ငယ်တုန်းကဆို ၀ တွေဆို တစ်အားကြောက်တယ်...။ သူတို့ကို ၀ဆန်ထုန် လို့ခေါ်ကြတယ်...။ သူတို့တစ်တွေရဲ့ ပုံစံကို ပြောရရင် သူတို့ ဆံပင်ပုံစံက တစ်ပုံစံထဲပဲ...။ အရှေ့ဘက်က ကြည့်လိုက်ရင် ဆံပင်ပုံစံဟာ တြိဂံလိုပဲ...။ ကြီးကြီးငယ်ငယ် အဲဒီ ပုံစာပဲ ထားတယ်...။ ယိုးဒယား အဆိုတော် ထုံချိုင်းတောင်မှ အဲဒီ ဆံပင်ပုံထားဖူးတယ်...။ အဲဒါကို မြို့ကလေးက လူတွေက ရီစရာအနေနဲ့ ပြောကြတယ်...။ ထုံချိုင်းက ၀လူမျိုးတွေရဲ့ ဆံပင်ကို ကြိုက်လို့ အတုခိုးတာ.. အဲဒါ ၀တို့က ပိုပြီး ဖက်ရှင်ကျတယ် ဘာညာပေါ့...။ ၀ဆန်ထုန်တွေ ၀တ်တတ်တဲ့ အင်္ကျီက ကိုယ်နဲ့ မတော်တဲ့ တိုက်ပုံတိုနံ့နံ့ နဲ့ တူတယ်...။ ခါးပေါ်တဲ့ အင်္ကျီ လိုပေါ့...။ ဘောင်းဘီကတော့ အများသူငါ ရီစရာ ပြောကြတဲ့ ဂွကျတယ်ဆိုတဲ့ ရှမ်းဘောင်းဘီပေါ့...။ ဒါပေမဲ့ ရှမ်းတိုင်းရင်းသားများရဲ့ ဂွကျတယ်ဆိုတဲ့ ရှမ်းဘောင်းဘီကို ၀ဆန်ထုန်တွေရဲ့ ဘောင်းဘီက ရီတာပေါ့လို့ ပြောပါလိမ့်မယ်...။ သူတို့ ဘောင်းဘီဂွက ဒူးအောက်တောင် ရောက်တယ်...။ မျက်စိထဲသာ မြင်ယောင်ပါလေတော့ ဘယ်လောက် ဂွကျလိမ့်မလဲဆိုတာ...။

ပြောရင်းနဲ့ ချော်သွားတယ်...။ သူတို့ကို ကြောက်ရတဲ့ အကြောင်းရင်း....။
သမိုင်းအဆိုအရ သူတို့ဟာ မြို့ကလေးမှာ အဦးဆုံး အခြေချ နေထိုင်ဖူးတဲ့ လူမျိုးတွေပါတဲ့...။
နောက်မှ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်နယ်ထဲမှာ နေထိုင်တဲ့ ဂုံရှမ်း လူမျိုးများက ၀င်ရောက် နေရာယူပြီး အဲဒီ နေးတစ်ဗ် ၀ ဒေသခံတွေကို မောင်းထုတ်ပြီး တောင်ပေါ်ကို ပို့လိုက်ကြတယ်...။
အဲဒီလို သမိုင်းတွေ ရှိခဲ့လို့ မြို့ကလေးရဲ့ စော်ဘွားများ နန်းတက်ပွဲ ကျင်းပရင် နန်းတော်မှာ ထမင်းစားပွဲ တစ်ခု တည်ခင်းထားတယ်...။ အဲဒီမှာ ၀လူမျိုးတစ်ယောက် ထမင်းထိုင်စားနေရတယ်...။
နန်းတက်မယ့် စော်ဘွားက သတ်မှတ်ထားတဲ့ အချိန်ကျရင် အဲဒီ ထမင်းဝိုင်းကို ၀င်လာပြီး ထမင်းထိုင်စားနေတဲ့ ၀ လက်ကို ဆွဲကာ အပြင်ကို မောင်းထုတ်ရပါသတဲ့...။
ပြီးမှ နန်းတက်ပွဲကို ဆက်ကျင်းပကြသတဲ့...။
(ကြားဖူးတဲ့ ပါးစပ်ရာဇ၀င်ကို ပြန်ပြောင်းရေးပြတာပါ...။ မှတ်တမ်းမှတ်ရာများ မရှိတဲ့ အတွက် မှားချင် မှားနိုင်ပါတယ်...။ အင်္ဂလိပ်ခေတ်အုပ်စိုးတုန်းက မြန်မာပြည်မှာရော ရှမ်းပြည်မှာပါ ကျင်လည်ခဲ့ဖူးတဲ့ မောရစ်ကောလစ် Morris Corris ?? ဆိုတဲ့ အင်္ဂလိပ်စာရေးသူကတော့ နေ၀င်ဘုရင်များ (Sunset Empires)မှာ ပြောဖူးသလား မသိ...။ အခု ထပ်စွမ်ခမ်းလို့ ခေါ်တဲ့ စွန်တောင်းစေတီ ဘုန်းကြီးကျောင်းနဲ့ မြို့ရဲ့ အရှေ့ဘက် မြို့ရိုးကို ဖြတ်သွားရတဲ့ ပါလျံဆိုတဲ့ ဘုန်းကြီးကျောင်းမှာ မြို့သမိုင်းတွေရှိတယ်တဲ့...။ ထပ်စွမ်ခမ်းက မှတ်တမ်းအကြောင်းကို ဆုံးပါးသွားတဲ့ သမိုင်းသုတေသီ ဒေါက်တာ သန်းထွန်းက တစ်ခါသာ တွေ့ဖူးခဲ့ပြီး မှတ်တမ်းကော်ပီ ယူခွင့်မကြုံလိုက်ဘူး ပြောတယ်...။ ရှမ်းမျိုးနွယ်စုများ တရုတ်ပြည်ကနေ ရှမ်းကုန်မြေမြင့်ကို ဖြတ်လို့ အခု ရောက်နေတဲ့ နေရာမျာ အခြေချနေတဲ့ အကြောင်းကို ကွင်းဆက် ပြန်ဆက်ပေးမဲ့ မှတ်တမ်း သမိုင်းလို့ ပြောတယ်...။ ပါလျံဘုန်းကြီးကျောင်းက ကိုရင်တွေ ပြောပြတာကတော့ ပိဋကတ်တိုက်လို့ ခေါ်တဲ့ တိုက်ဟောင်းထဲမှာ မိုင်းနေ လို့ ခေါ်တဲ့ ရှမ်းတစ်မျိုးရဲ့ ဘာသာနဲ့ ရေးထားတဲ့ ပုရပိုဒ်များ ရှိတယ်တဲ့...။ ကောက်ကောက်ကွေးကွေးနဲ့ ပဲပင်ပေါက် စာသား ကျနေတာပဲတဲ့..။ ဖတ်တတ်တဲ့ သက်ကြီးရွယ်အိုများ အတော်ကို နည်းပါပြီတဲ့...။ ခုဆို မရှိသလောက် ဖြစ်လောက်ရောပေါ့...။ ၀မ်းနည်းစရာ...။ အဲဒါတွေကို ငယ်ငယ်က ကြားဖူးပေမယ့် အဖိုးတန်မှန်း မသိတော့ အရေးမထားခဲ့တာ...။ စိန်လက်စွပ်ထက် ဆန်ကွဲကိုသာ တန်ဖိုးထားတဲ့ ကြက်မလို ဖြစ်နေခဲ့ပေါ့...။ နှမြောစရာ ကောင်းလိုက်တာ...။ အဲဒီ မှတ်တမ်းမှတ်ရာများ ရာသီဥတုဒဏ်၊ ပိုးစားခြကိုက်တဲ့ ဒဏ်၊ လူတွေ ပယောဂကြောင့် ပျက်စီးရမဲ့ဒဏ်တွေနဲ့ မကြုံခင် တစ်ယောက်ယောက်က ကော်ပီ သိမ်းထားနိုင်ရင် ကောင်းမှာပဲ...။ )

ကဲ... ၀အကြောင်းပြန်ဆက်လိုက်ကြစို့...။
ဆိုတော့ အဲဒီ ၀များဟာ မြို့ကလေးပေါ်ကို နောက်ထပ် ခြေချခွင့် မရှိတော့ပါဘူး...။ တောင်ပေါ်မှာသာ နေထိုင်ကြရပါတော့တယ်...။ တောင်ပေါ်မှာနေတော့ တောင်ယာလုပ်ငန်းနဲ့ အသက်ရှင်ရတာပေါ့...။ တောင်ယာလုပ်ငန်းဆိုတာ ရွှေ့ပြောင်း တောင်ယာ လုပ်ငန်းနဲ့ ခပ်ဆင်ဆင်ပေါ့...။ သူတို့က တစ်နေရာမှာ တစ်နှစ်စိုက်လို့ အဒီနေရာက မြေဆီလွှာတွေ ကုန်သွားရင် တစ်နှစ်တစ်ခါ နေရာပြောင်းစိုက်ကြတယ်..။ ပြောင်းစိုက်တော့ နေရာသစ်မှာ ခုတ်ထွင် ရှင်းလင်းရတယ်...။ သူတို့အတွက် ပင်ပန်းတယ်..။ ဆိုတော့ နေရာဟောင်းမှာပဲ နေချင်သူတွေ အတွက် တောင်ယာ အဟောင်းပေါ်မှာ ကျန်နေတဲ့ စိုက်ပြီးသား၊ ရိတ်ပြီးသား အပင်များကို မီးရှို့ကြတယ်...။ အဲဒီအတွက် ဆောင်းတွင်းပိုင်းလောက်ဆို မြို့ကလေးကို ၀ိုင်းရံနေတဲ့ တောင်တစ်ဝိုက်မှာ တောင်ယာတွေ မီးရှို့ထားတာ အတန်းလိုက် မြင်နေရတာပေါ့...။ တစ်ခါတစ်လေဆို မြို့ကလေးကို လင်းချင်းနေအောင် တောင်ယာမီးတွေ လောင်နေတာ မြင်ရတယ်...။ ပြာတွေကတော့ လေထုထဲကနေ ၀ဲပြီး မြို့ကလေးပေါ်ကို တစ်လူလူ လွင့်လို့ပေါ့...။ ပြာတွေက ကောက်ရိုးတွေကို မီးရှို့လိုက်လို့ ပြာကျသွားတဲ့ အချောင်းလိုက်အတိုင်း လေထဲ လွှင့်နေတာ...။ မြို့ကလေးက လူတွေကတော့ အဲဒီအချိန်ဆို ချောင်းတွေ ဆိုး မျက်စိတွေ စပ်နဲ့... ကျိန်ဆဲ မေတ္တာ ပို့နေကြတာပေါ့...။

ဝတွေက တောင်ယာ လုပ်ငန်းလုပ်ကြတာ အကျယ်ကြီးပဲ...။ အကုန် လိုက်မကြည့်နိုင်ဘူး...။ အဲဒီအတွက် အစောင့်လိုတယ်ဆိုပြီးတော့ သူတို့ ရိုးရာ အယူအရ ၀ိညာဉ်တစ်ခုခုကို အစောင့်ထားတဲ့ ထုံးစံ ရှိတယ်..။ အရင်တုန်းကဆို သူတို့ တောင်ပေါ်နေ မျိုးနွယ်စု တစ်ခုနဲ့ တစ်ခုဟာ အမြဲတမ်း စစ်ပွဲဖြစ်ပြီး တိုက်ခိုက်နေလေ့ရှိတယ်...။ နယ်မြေလုကြတာ၊ စားနပ်ရိက္ခာ လုကြတာ၊ မိန်းမပျိုလေးများကို လိင်ကျေးကျွန်အဖြစ် လုကြတာပေါ့...။ တိုက်ပွဲတစ်ခု ပြီးသွားရင် အနိုရတဲ့သူက ရှုံးတဲ့သူရဲ့ ဦးခေါင်းကို ဖြတ်ပြီး ပြန်သယ်လာကြတယ်...။ ပြီးတော့ အနိုင်ရသူတို့ရဲ့ တောင်ယာတွေမှာ အစောင့်သဘောအနေနဲ့ ခေါင်းပြတ်ကို တုတ်ပေါ် စိုက်ပြီး ဒီအတိုင်း ထားကြတယ်တဲ့...။

နောက်ပိုင်းမှာ တိုက်ပွဲများ သိပ်ဖြစ်တာ မရှိတာ့ဘူး..။ ဒါပေမဲ့ ယဉ်ကျေးမှုက နိမ့်ပါးသေးတဲ့ အတွက် တောင်ယာအစောင့်လိုတယ်ဆိုတဲ့ အယူက မပျောက်ပါဘူး...။ ဆိုတော့ တစ်နှစ်တစ်ခါ လိုအပ်တဲ့ အစောင့်ရဖို့ သူတို့တစ်တွေဟာ မြို့ကလေးပေါ်ကို ဆင်းလာပြီး ကလေးတွေကို ခေါ်ခေါ်သွားတယ်ဆိုတဲ့ သတင်းထွက်လာခဲ့တယ်...။ အဲဒီနောက်မှာတော့ မြို့ပေါ်က လူတွေကြားမှာ ၀ဆန်ထုန်တွေက ကလေးတွေကို ဖမ်းခေါ်သွားပြီး ခေါင်းဖြတ်ကာ တောင်ယာမှာ အစောင့်အနေနဲ့ ထားကြတယ်ဆိုတဲ့ ကောလဟလများ ထွက်ပေါ်လာပါတော့တယ်...။ အဲဒီတုန်းက ကလေးငယ်များဟာ နေ၀င်ရီတစ်ရောဆို အပြင်မှာ မဆော့ရဲတော့ဘူး...။ ခြေလက်မျက်နှာ ဆေးပြီး အိမ်ထဲမှာ ကုပ်ကုပ်လေးနေကြတော့တာပဲ...။ ကျွန်တော်တောင် ကြောက်ခဲ့ရသေးတယ်...။ ကြည်ပါလား ... သူတို့များ မြို့ထဲ ၀င်လာပြီဆို ကြောက်စရာကြီးတွေ...။

တြိဂံဆံပင်ပုံနဲ့...
နီကြောင်ကြောင် မျက်လုံးနဲ့...
တိုနံ့နံ့ တိုက်ပုံအကျီင်္နဲ့...
ဂွကျလှတဲ့ ရှမ်းဘောင်းဘီနဲ့...
ခါးမှာလဲ ဂေါ်ရခါး ဓါးကောက်ကြီးတွေနဲ့...။
ပြီးတော့ လာရောင်းတဲ့ ကုန်ပစ္စည်းတွေလဲ ကြည်ပါဦး...။ အခေါင်းစပ်ဖို့ ပျဉ်ပြားတွေ...။ တရုတ်တွေပဲ သူတို့နဲ့ အဆက်အဆံ လုပ်ကြတယ်...။ တရုတ်တွေက အခေါင်းတွေကို မသေခင် ပြင်ကြတာလေ...။
ကြောက်စရာကြီးတွေ...။

ကာလ အတိုင်းအတာ တစ်ခုအထိ အဲဒီ ၀ဆန်ထုန်တွေ ဆိုတာ ကြောက်စရာတွေ ဖြစ်ခဲ့တယ်...။ ခုတော့လဲ အတိတ်တွေမှာ ကျန်ခဲ့ပြီ...။ တောင်ယာ မီးရှို့တဲ့ အလေ့က ရှိသေးရဲ့လား မသိဘူး...။ သေချာတာကတော့ ခေါင်းဖြတ်တဲ့ ဓလေ့ကတော့ ပျောက်သွားတာပဲ...။ (နဂိုက ရှိမရှိဆိုတာ ကိုယ်မှ မမှီတော့ မသိဘူး...။ တစ်ခုရှိတာက အရင်တုန်းက ယိုးဒယားဘက်ကို ကလေးတွေကို ခိုးခိုးပြီး သွားရောင်းစားတဲ့ ကလေး မှောင်ခိုခေတ် တစ်ခေတ် ရှိခဲ့ဖူးတယ်...။ )
ခုတော့ တိုးတက်လာတဲ့ နေထိုင်ခြင်းဓလေ့များကြောင့် အဲဒီ ၀တွေကို ရိုးရာ အ၀တ်အစားများနဲ့ မတွေ့ရတော့ပါဘူး...။ ဂျင်းပဲန်နဲ့ ရေဘင်နဲ့ ဖြစ်ကုန်ပါပြီ...။ တစ်ချို့ဝများဆို ဂေါ်ရခါး ဓါးကောက်များ အစား သေနတ်ကိုင်နေသလားပဲရယ်... အဲငှယ်...။ :P

အင်း... ရေးရင်း ရေးရင်းနဲ့ တမ်းချင်းကနေ ၀ လူမျိုးများ အကြောင်း narrative ဖြစ်တော့မယ်...။

နောက်ဆုံးအနေနဲ့ ပါးချင်တဲ့ မက်ဆေ့ခ်ျကတော့ မြို့ကလေးရဲ့ နေးတစ်ဗ်ရှမ်းတွေဟာ အများအားဖြင့် ဂုံရှမ်း မျိုးနွယ်စုများ ဖြစ်ကြပါတယ်...။ ယိုးဒယားပြည်နဲ့ နီးတဲ့အတွက် ယိုးဒယား ယဉ်ကျေးမှုများ တူညီသလောက် ဖြစ်ပါတယ်...။ စကားအပြောအဆို အသုံးအနှုန်းများသည်လဲ တစ်ထပ်တည်း မဟုတ်တောင် ဆင်တူယိုးမား ပါပဲ...။ တူမှာပေါ့... တိဗက်တိုဘားမင်းဆိုတဲ့ အစုကနေ ဆင်းလာကြတာကို...။ ယိုးယားတွေ တစ်ခါတုန်းက မြို့ကလေးကို လာရောက် သိမ်းပိုက်အုပ်စိုးသွားတဲ့ ခေတ်တစ်ခေလဲ ရှိခဲ့ဖူးတယ်...။ ပြောချင်တာကတော့ ယဉ်ကျေးမှုများ ကူးလူး ဖလှယ်ခဲ့တာကိုပါ...။ အခုလို ဆောင်းရာသီ အခါသမယ ရှမ်းတို့ရဲ့ နှစ်သစ်ကူးရာသီ နီးလာတဲ့ အခိုက်မှာ မြို့ကလေးဟာ နှစ်ကူးရဲ့ အနံ့အသက်များနဲ့ ထုံမွမ်းနေတော့တယ်...။ ဟိုမှာ ဒီမှာ နှစ်ကူး သီချင်းလေးများ ပျံ့လွင့်နေခဲ့တယ်...။ အဲဒီသီချင်းလေးကို ငယ်ငယ်ကတည်းက ကြားနေခဲ့ရတယ်...။ နောက်ပိုင်းမှာသာ အကြောင်းကြောင်းကြောင့် ပျယ်လွင့်သွားခဲ့တယ်...။ အခုတော့ ကြုံကြိုက်လို့ အသိတစ်ယောက်ဆီကနေ အီးမေးလ်နဲ့ ပြန်လည် မျှဝေလာလို့
- ဘလော့ဂ်ဖတ်လာ မိတ်သဟာများ ကြားဖူးသွားအောင်၊
- အဝေးရောက် ရှမ်းတိုင်းရင်းသားများ နားဆင်နိုင်အောင်၊
- အထူးသဖြင့် မြိုကလေးကနေ အဝေးကိုရောက်နေတဲ့ ခေမရဌ်သားများ အလွမ်းပြေ နားထောင်နိုင်အောင်
ပြန်တင်ပေးလိုက်ရပါတယ်...။

နှစ်ကူးရိုးရာ သီချင်းနာမည်ကတော့ "Sawaddee Pee Mai" ပါတဲ့...။ မင်္ဂလာနှစ်သစ် လို့ အမည်ရပါတယ်...။ အောက်က လင့်ခ်မှာ သီချင်းလေးကို တင်ပေးထားပါကြောင်း...။

Sawadee Pee Mai သို့မဟုတ် မင်္ဂလာ နှစ်သစ်

Credit to : Ma Mee Mee of KTG

မြို့ကလေးအကြောင်းပြောရင်းနဲ့ အရင်က သိမ်းထားဖူးတဲ့ မြို့ကလေးရဲ့ စော်ဘွားပုံနဲ့ မိသားစုပုံ အချို့ကို ဝေငှလိုက်ပါတယ်...။


Freedom

မြန်မာပြည်ကို လွမ်းတယ်...။
နေးတစ်ထဲမယ် တစ်ယောက်က တစ်နေရာကို ခရီးထွက်စရာရှိလို့ သူငယ်ချင်းကို ခေါ်တယ်တဲ့...။
အခေါ်ခံရတဲ့ တစ်ယောက် ကင်မရာအိုး...။
သူ့ကင်မရာက ထွက်တဲ့ပုံတွေဆို ကိုယ်က စောင့်ကြည့်နေရတယ်...။
လှချက်...။
လူက အနုပညာအခံကလဲ ရှိတော့ ရိုက်လိုက်တဲ့ ပုံတိုင်းက Message တစ်ခုခုကို အမြဲပေးနေတတ်တယ်လို့ ကိုယ်ခံစားရတယ်...။
ခေါ်တဲ့ သူငယ်ချင်းက စားစရာ၊ နေစရာ အဆင်သင့်တဲ့..။ ကင်မရာနဲ့ လိုအပ်တာတွေပဲ ယူလာခဲ့ပါတဲ့...။
ကင်မရာမဲန်းကတော့ လိုက်သွားမဲ့ ပုံစံပါပဲ...။

ပြောချင်တာကတော့ သူတို့များ တစ်ခုခု လုပ်မယ်ဆို ကောက်ကက် လုပ်နိုင်လောက်အောင် စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြတယ်...။

အားကျမိတာလေးပါ...။

သူပြန်လာရင်တော့ ပုံကောင်းလေးတွေ ငမ်းရဦးမှာပ...။