Sunday, September 6, 2009

ငယ်ငယ်တုန်းက...

  • ငယ်ငယ်က ကောင်းကင်ကို မော့ကြည့်ရင်း ကြယ်တွေ ကြွေနေတာ မြင်တော့ ကြယ်ဘယ်နှစ်လုံး ကျန်နေပါလိမ့်လို့ ရေတွက်မိတယ်။ အဒေါ်က မြင်တော့ ကြယ်တွေ ကုန်အောင် မရေနိုင်ရင် ဆံပင်တွေ ဖြူလိမ့်မယ်တဲ့။ ဒါနဲ့ တစ်ညလုံး နှင်းတောထဲ တိတ်တိတ်ထိုင်ပြီး ကြယ်တွေ ရေတွက်ခဲ့ဖူးတယ်။
  • မိုးညှင်းသံဗုဒ္ဓေ ဘုရားထဲက ကျောက်စာတွေကို လိုက်ဖတ်တော့ အကုန်မဖတ်ရင် ဘာဖြစ်မယ်ဆိုလို့ ပါဠိတွေကို ဖတ်တတ် မဖတ်တတ်နဲ့ ပြီးအောင် ဖတ်ခဲ့ရတယ်။ သူများတကာတွေ ဘုရားကို သုံးလေးပတ် ပတ်ပြီးနေပြီ .. ကိုယ်က ပြီးအောင် ဖတ်ဖို့ ကြိုးစားတုန်း။
  • မိုးရွာပြီးစ သက်တန့်ကြီး ကောင်းကင်ပေါ်မှာ ပေါ်လာတာကို လက်ညိုးထိုးမိရင် လက်နူတတ်တယ်တဲ့။ ထိုးမိခဲ့လို့ရှိရင် လက်မနူအောင် ဖင်ပြန်နှိုက်ရတယ် ဆိုတဲ့ ပေါက်ပေါက်ရှာရှာ အတွေးအခေါ်ကို ဘယ်ပညာရှိကျော် ကလေးက တွေးခဲ့လဲ မသိဘူး။ ကိုယ့်မှာ လက်နံတာပဲ အဖတ်တင်ခဲ့တယ်။
  • မိုးရွာနေတုန်း နေထွက်လာတာနဲ့ ကြုံရင် ပေါက်ပေါက်ရှာရှာ သံပေါက်လေး ဆိုကြတယ်။ နေပူမိုးရွာ၊ သူခိုးလာ၊ လာတဲ့ သူခိုး လှံနဲ့ထိုး၊ ထိုးလိုက် ထိုးလိုက် ဗထက်ချိုက်၊ ဗထက်ချိုက် ချော်လဲ နငယ် နှာခေါင်းပြဲ တဲ့။
  • အင်အင်းပါနေတဲ့ ခွေးမြင်ရင် တန်းလန်း ဖြစ်နေတုန်း လက်ညိုးနှစ်ချောင်းကို အချင်းချင်း ကွေးပြီးချိတ်တဲ့။ ချိတ်စရာ မရှိရင် ကိုယ့်လက်ညိုးချင်းချင်းကိုပဲ ချိတ်တဲ့။ အင်အင်းပါနေတဲ့ခွေး က ချေး တစ်သွားလိမ့်မယ်တဲ့။ ဘာလို့ တစ်အောင် လုပ်တာပါလိမ့်...။ ဧကန္တတော့ အိမ်ရှေ့မှာ ခွေးချေးမကျန်စေချင်လို့ ထင်ပါ့။
  • ငယ်ငယ်တုန်းက သူငယ်ချင်းချင်း မခေါ်ဘူးဆိုရင် ထိပ်နှစ်ဘက် ထိပြီး ကွေးထားတဲ့ လက်ညိုးနဲ့ လက်ခလယ်ကြားကို မခေါ်တဲ့ တစ်ယောက်က လက်ညိုးလေးနဲ့ ဆွဲဖြုတ်ရတယ်။ ဒါဆို တစ်ယောက်နဲ့ တစ်ယောက် မခေါ်တော့ဘူးပေါ့။ ပြန်ခေါ်ချင်ရင် ခုနက ကွေးထားတဲ့ လက်ညိုးနှစ်ချောင်းကို ပြန်ဖိပေးလိုက်ရင် ကျေအေးရောတဲ့။
  • ကိုယ့်ပစ္စည်းကို မတရားသဖြင့် ယူသွားရင် အဲဒီ ပစ္စည်းကို ခြေထောက်ကြားထဲကနေ သုံးကြိမ်သုံးခါ အသွင်းအထုတ် လုပ်လိုက်ပြီး နူပါစေ လို့ ကျိန်တတ်တာကို သတိရတယ်။
  • ခွေးနဲ့ အရူးဟာ ကလေးတွေရဲ့ ကမ္ဘာ့ရန်ဆိုတာ ခုထိ မှတ်မိနေတုန်း။
  • စက်ဘီးစီးသင်တော့ နောက်ကနေ အဒေါ်က လိုက်ထိန်းတာ။ တစ်ရက်တော့ အဒေါ်က ထိန်းပေးနေရင်း လွှတ်ပေးလိုက်တယ်။ ကိုယ်က သူထိန်းပေးနေတုန်း ထင်ပြီး စီးနေရင်းနဲ့ သူ့လှမ်းလှမ်း စကားပြောတာ။ ကြာတော့ စကားမပြန်လို့ မသင်္ကာလို့ ကြည့်တော့ သူက နောက်နား ခပ်လှမ်းလှမ်းမှာ ကျန်နေခဲ့ရော။ အဲဒီမှာတင် လန့်ဖျတ်ပြီး စက်ဘီးလဲ ဒူးကွဲ အာပြဲနဲ့ အော်ငိုပါရောလား...။

13 comments:

  1. ဟားဟားဟား

    ရီရတယ် ကိုဘ
    ဒါမျိုးလေးတွေ များများရေးပါ

    ReplyDelete
  2. မရယ်ရပါဘူး။။ ရိုးသားတဲ့ကောင်လေးတစ်ယောက်ကိုသနားမိတယ်။။
    စကားမစပ်. အဲဒါရယ်စရာရေးတာလား။

    ReplyDelete
  3. တကယ်ဆိုရင် ကလေးတွေကို ခြောက်မပြောသင့်ဘူး..
    အကျိုးသင့် အကြောင်းသင့်ရှင်းပြသင့်တယ်.. ။

    ReplyDelete
  4. ကိုဘ ငယ်ငယ်ကအကြောင်းလေးတွေကို သတိတယ ကြံ၂ဖန်၂ရေးတတ်တယ် ဆက်ရေးပါ

    ReplyDelete
  5. လက်တွေအကြောင်းချည်းပဲများ ရေးတာလား ထင်မိပြန်ပေမယ့် အဲလိုလည်း မဟုတ်ဘူးပဲဗျ

    ReplyDelete
  6. Ko Boyz.....you gave us a reminiscent talk of your childhood. I can see how innocent the little boy was. Like Sai Hti Saing's song, it's a lost paradise,which you will never get back.
    Keep going!

    ReplyDelete
  7. -နံပါတ်စဉ် (၃)ဖတ်ပြီး စဉ်းစားစရာပေါ်လာတာက
    "လက်မနူအောင် ဖင်ပြန်နှိုက်ပြီးတဲ့နောက် လက်နံသွားတဲ့အကြောင်း ကိုဘ ဘယ်လို သိသွားတာလဲ" အကြောင်းပြချက်ခိုင်လုံအောင်ဖြေပါ။

    -အဲဒီ(၃)က တို့နဲ့ မူကွဲတယ်..။ တို့က အသုဘကို လက်ညှိုးထိုးရင် လက်နူတယ်လို့ အယူရှိတာ..။ ငယ်ငယ်က အသုဘ ဆင်ထားတဲ့ဖက်ညွှန်ချင်ရင် မေးလေးထိုးပြီး လမ်းညွှန်တာပေါ့။

    - အောက်ကနံပါတ်တွေ အားလုံး အတူတူပဲ
    - နံပါတ်(၂) လုံးဝမသိခဲ့ဘူး၊ မိုးညှင်းသံဗုဒ္ဓေဘုရားကြီးနဲ့ မနီးလို့လည်း ဖြစ်ချင်ဖြစ်မယ်..။

    - နံပါတ်(၁)ကတော့ 14-5-6 နှစ်အရွယ်မှာ ကြယ်ကြွေတာ မြင်ရင် လက်မဝှက်ပြီး လက်သီးဆုတ်ထားရမယ်၊ ညအိပ်တဲ့ထိ လက်သီးဆုတ်ကိုမဖြေရဘူး၊ ညအိပ်ရင် အဲဒီလက်သီးဆုတ်ကိုခေါင်းအုံးအောက်ထားအိပ်ရင် အိပ်မက်ထဲမှာ ဖူးစာရှင်ကို တွေ့ရမယ်တဲ့...။
    အဲဒါလည်း မအိပ်ခင် လက်သီးဆုတ်ကိုယောင်ပြီး ဖြေမိတာနဲ့ပဲ မတွေ့လိုက်ရပါဘူး.... ။

    ReplyDelete
  8. ရီတာ - ရယ်ရတယ်ဆိုလို့ ဝမ်းသာမိပါတယ်။

    ခင်ဦးမေ - ရယ်ရအောင်လား ငိုရအောင်လားတော့ မသိပါ။ မှတ်မိတာလေးတွေ ချရေးပြခြင်း ဖြစ်ပါတယ်။

    မြိုး - ကလေးကိုမခြောက်ရဘူးဆိုတာ မှန်ပါတယ်။ လက်တွေ့ကျင့်သုံးနိုင်အောင် ကြိုးစားသင့်ပါတယ်။

    မေ - ဆက်ရေးမှာပါ။ လာဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

    နန်းညီ - လက်တွေ အကြောင်းကို အစက နားမလည်ပါဘူး။ မြိုးရှင်းပြမှ သိတော့တယ်။ နောက်ဆို ခြေထောက်တွေ အကြောင်း ရေးပြပါ့မယ်။

    ဝဝ- ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံကို ပြန်လည် တမ်းတခြင်းပေါ့ဗျာ။

    ဆင်ဆင်- ခွေးချေးပုံပေါ် ထိုင်မိတုန်းက နှိုက်မိတာ ထင်ပါတယ်။ လက်သီးဆုပ်ကို ယောင်ပြီး မဖြေမိရင် အိပ်မက်ထဲ တွေ့တဲ့ တစ်ယောက်က မောင်ကြီး ဟုတ်မဟုတ် သိချင်လိုက်တာ။

    ReplyDelete
  9. အဲဒါကြောင့် ဆင်ဆင်တစ်ယောက် အခု မေးစေ့တွေ နူနေတာ နေမှာ။ (အသုဘကို မေးနဲ့ ငေါ့ ထိုးပြ ပြ နေလို့...။)

    ReplyDelete
  10. မသိချင်ပါနဲ့တော့လေ.. တို့က ပြီးသွားပါပြီ...(အထက်စီးလေသံဖြင့်)

    ကိုဘပဲ လက်သီးဆုတ်လေး ခေါင်းအုံးအောက်ထားအိပ်ပြီး ရှာဖွေလေ ပျောက်ဆုံးလေ... အဲလေ.. ရှာဖွေလေ တွေ့ရှိလေ လုပ်ပါဦး ...ခွိ..။
    (

    ReplyDelete
  11. ယောင်ပြီး ကိုယ့်မေးစေ့ကိုယ် ပြန်စမ်းမိသွားတယ်.. ဟားဟား..။

    အကောင်းစားမေး၊ အော်မေး(original)နော်..
    ဘာမှ မနူဘူး.... ကိုလက်နံရဲ့ ..။

    ReplyDelete
  12. ကိုယ့်ပစ္စည်း မတရားလုယူသွားပါတယ်ဆိုမှ ခြေထောက်ကြားထဲ ဖြတ်ဖို့ အချိန်ရှိသလား ကိုboyz ရေ။
    မကြားဖူးတဲ့အယူအဆတွေ လာဖတ်သွားပါတယ်။

    ReplyDelete
  13. ဂျူနီယာရေ...။ အနုနည်းနဲ့ ခဏ ပြန်တောင်းပြီး လုပ်တာပေါ့။ ငယ်ငယ်က ကိုယ်က အဲလို အကျင့်တွေက ကောင်းကြတာကလား...။

    ReplyDelete