Thursday, February 25, 2010

iPhone Trick for Un-JailBreaked

လူသုံးများနေတဲ့ အိုင်ဖုန်းကို နည်းနည်း နားလှည့်ပါးလှည့်ရိုက်တဲ့နည်းလေး ပြောပြချင်ပါတယ်။
အခု ကျွန်တော်ပြောပြမှာက အချုပ်မဖောက်ရသေးတဲ့ အိုင်ဖုန်း (Un-Jailed-Break iPhone 3GS) များအတွက် ဖြစ်ပါတယ်။

အိုင်ဖုန်းမှာ Apps များကို သိုလှောင်ဖို့ စာမျက်နှာပေါင်း ၁၁ မျက်နှာပါဝင်ပါတယ်။ စာမျက်နှာတစ်ခုမှာ Apps ပေါင်း ၁၆ ခု ကို သိမ်းဆည်း ပေးနိုင်ပါတယ်။ စာမျက်နှာ ၁၁ မျက်နှာကို Apps ပေါင်း ၁၇၆ ခု တင်ထား ပေးနိုင်ပါတယ်။ ဒါကတော့ Apple ကနေ iPhone များ ထုတ်လုပ်ကတည်းက သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ပါ။ အဆိုပါ Apps များကို iTunes ကနေ ရယူနိုင်ပါတယ်။ အခပေး Apps များရှိသလို အခမဲ့ Apps များလဲ ရှိပါတယ်။ လက်ရှိမှာ iTunes မှာ Apps ပေါင်း တစ်သိန်းမက တင်ထားတယ်လို့ သိရပါတယ်။

iTunes ပေါ်မှာ တစ်နေ့ တစ်နေ့ အသစ်ပေါ်လာတဲ့ Apps များဟာ သူ့ထက်ငါ ကောင်းသထက် ကောင်းအောင် ထုတ်လုပ်လာကြပါတယ်။ သုံးစွဲသူများအတွက်လဲ ဟိုဟာကောင်းတော့ ဆွဲချထားလိုက်မဟဲ့.. ဒီဟာလေးလဲ ဆွဲချထားလိုက်မဟဲ့နဲ့ ဖြစ်ကုန်ပါတယ်။ ဖုန်းထဲ ဆွဲချရင်း ဆွဲချရင်းနဲ့ ဖုန်းထဲမှာ သိုလှောင်ထားဖို့ နေရာ မကျန်တော့ပါဘူး။ ကျွန်တော်ဆို ခဏခဏ ဖြစ်နေပါတယ်။ အဟောင်းကို ဖျက်ရမှာလဲ နှမြော၊ အသစ်ကလဲ လိုချင်နဲ့ အတော်ကို ခွကျတဲ့ အဖြစ်ပါ။ ဒီလိုမျိုး ကန့်သတ်ချက်ကို ကျော်လွှားနိုင်ဖို့ အခု အိုင်ဖုန်းဟက်ကာတွေက အချုပ်ဖောက်(JailBreak)တဲ့ ဆော့ဖ်ဝဲတွေ ထွင်ထားပါတယ်။ ကျွန်တော်ကို ဖုန်းကို JB မလုပ်ချင်ပါဘူး။ JB လုပ်ထားမိတဲ့ ဖုန်းက ပါဝါ ပိတ်ရာကနေ ပြန်ဖွင့်ရင် ကွန်ပြူတာနဲ့ ပြန်ချိတ်မှ ဖုန်းပြန်ပွင့်တာမို့ မလုပ်ချင်တာပါ။

အခု လောလောဆယ် တွေ့ထားတဲ့ နည်းကတော့ အချုပ်ဖောက်စရာ မလိုပဲ Apple က ကန့်သတ်ထားတဲ့ ၁၁ မျက်နှာအစား စာမျက်နှာတွေ ထပ်တိုးလို့ ရတဲ့နည်း ဖြစ်ပါတယ်။ အောက်မှာ တိုးပုံ တိုးနည်း အဆင့်ဆင့်ကို ပြသထားပါတယ်။ လိုသလောက် တိုးလို့ ရပါတယ်။ ပုံထဲမှာ ပြထားတဲ့အတိုင်း ကျွန်တော့်ဖုန်းကို တိုးထားတာ ၁၃ မျက်နှာ ရှိသွားပါပြီ။

။ နောက်ဆုံးစာမျက်နှာကို Apps များနဲ့ အပြည့်ဖြည့်လိုက်ပါ။
။ ပထမ စာမျက်နှာက Voice Memo Apps ကို ခပ်ကြာကြာလေး ဖိလိုက်ပါ။ icon လေးရဲ့ ဘယ်အပေါ်ထောင့်မှာ x ပုံစံ ပေါ်လာမယ်။ icon လေးက wiggling လှုပ်နေပါလိမ့်မယ်။
။ အဆိုပါ Voice Memo ကို နောက်ဆုံးစာမျက်နှာဆီသို့ Drag လုပ်ပြီး ရွှေ့လိုက်ပါ။
။ နောက်ဆုံးစာမျက်နှာရဲ့ အောက်ဆုံးတန်း ညာဘက်ဆုံးမှာ နေရာချထားပေးပါ။
။ Dock ပေါ်က Safari Browser icon ကို လက်နဲ့ဖိပြီး ခုနက နေရာရွှေ့ထားတဲ့ Voice Memo icon အပေါ်တည့်တည့်ကို Drag လုပ်ပြီး ဆွဲချလိုက်ပါ။
။ Voice Memo Icon ဟာ pop out ဖြစ်ပြီး ပျောက်သွားပါလိမ့်မယ်။
။ Home Button ကို ပြန်နှိပ်လိုက်ပါ။ လှုပ်တုတ် လှုပ်တုတ် Wiggling ဖြစ်နေတဲ့ icons, apps များ အားလုံး နဂိုအတိုင်း ပြန်ငြိမ်သွားပါလိမ့်မယ်။
။ ဖုန်းကို ပါဝါ ပိတ်လိုက်ပါ။
။ ဖုန်းကို ပါဝါ ပြန်ဖွင့်လိုက်ပါ။ ဒုတိယ စာမျက်နှာမှာ ခုနက နောက်ဆုံးစာမျက်နှာကနေ pop up ဖြစ်ပြီး ပျောက်သွားတဲ့ Voice Memo Apps က ပြန်ပေါ်နေတာ ဖြစ်ပါတယ်။ အဆိုပါ ဒုတိယ စာမျက်နှာဟာ အသစ်ထပ်တိုးလိုက်တဲ့ စာမျက်နှာပါ။ မယုံရင် ပြန်ရေကြည့်လိုက်ပါ။ စာမျက်နှာ ၁၂ ခု ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။
၁၀။ Safari Browser ကို သူ့နေရာဖြစ်တဲ့ နဂို Dock ပေါ်ကို ပြန်ပြီး Drag ဆွဲချဖို့ မမေ့ပါနဲ့။ တော်ကြာ safari ပျောက်တယ် ရှာမတွေ့ဘူး ဖြစ်နေပါဦးမယ်။

ဒီနည်းအတိုင်းပဲ လိုအပ်ရင် လိုအပ်သလို စာမျက်နှာများကို တိုးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
ဘလော့ဖတ်လာ မိတ်သဟာ ကျန်းမာကိုယ်စိတ် မြဲပါစေ။


မသက်ဝေတစ်ယောက် ဖတ်ပြီး ကလယ်ကလယ် ဖြစ်မှာ မြင်ယောင်သေး။ မလုပ်တတ်ရင် လုပ်ချင်ရင် ဖုန်းဆက်လိုက်ပါ။

Tuesday, February 23, 2010

Arawjan Paraman Larban

ခေါင်းစဉ်ကြည့်ပြီးတော့ ဟင်ဒီနာမည်တွေ မထင်လိုက်ပါနဲ့။
အာရောဂျံ ပရမံ လာဘံ ကို ဗြိတိသျှလို တင်ထားတာပါ။
မှတ်မှတ်သားသားလေး ပြေးဖြစ်တာကို ပြောပြချင်တာ...။
နှစ်ပတ်လောက်တော့ ရှိလာပြီ။
ဒီနေ့မှ သေချာမှတ်တမ်းယူဖြစ်တယ်။
အိုင်ဖုန်းထဲက အလကားရထားတဲ့ အပလီကေးရှင်း ဖြစ်တဲ့ MotionX GPS application အကူနဲ့ ကိုယ်ဘယ်လောက်ပြေးထားတယ်ဆိုတာကို မှတ်တမ်းတင်တာပေါ့။
အလကားရတာဆိုတော့ လစ်မစ်လေးတွေ ရှိတယ်။
ကိုယ်ပြေးထားတဲ့ tracks ကို တစ်ခုပဲ သိမ်းထားလို့ရတယ်။
အသစ် သိမ်းချင်ရင် အဟောင်းဖျက်ပေါ့။
ကိုယ်လဲ ဘယ်ရမလဲ... သိမ်းထားတဲ့ အဟောင်းကို ဂျီမေလ်းထဲ ပို့ထားလိုက်ပြီး အဟောင်းကိုဖျက် အသစ်ကို ဆေ့ဖ်လုပ်သိမ်းထားလိုက်တာပေါ့။
ဒီနေ့ တိုက်ပတ်လည်ပြေးလိုက်တာ ၄.၅ ကီလို။
မနေ့က တော့ ၅.၅ ကီလို။
ဒီနေ့ အလုပ်နည်းနည်းပြိုင်းလို့ လျှော့ပြေးလိုက်တယ်....။


တစ်ဆက်တည်းပဲ ပြေးဖို့ တွန်းအားတစ်ခု ဖြစ်တဲ့ ညီမလေးကို ကျေးဇူးတင်ပါတယ်။
ဒီတစ်ခေါက် မာရသွန်တော့ မသွန်နိုင်တော့ စိတ်မကောင်း...။

Friday, February 19, 2010

Who know?


နေးတစ်တွင် မေးထားသော မေးခွန်း ဖြစ်ပါသည်။

ငွေရောင်ခေတ်များတွင် ခေတ်စားခဲ့သော ပိုစတာ တစ်ခု ရှိခဲ့ဖူးလေသည်။ အဆိုပါ ပိုစတာမှာ အဖြူအမည်းဖြင့်သာ ပုံနှိပ်ထားလေသည်။
ပုံတွင် ဖော်ပြသည်မှာကား...
မာရီလင်မွန်ရိုးသည် ဆွတ်ဆွတ်ဖြူနေသော ပိုးဂါဝန် (ပိုးထည် ဟုတ်မဟုတ် အကျွန်ုပ် မသိချေ။ ကျွန်ုပ် ညဏ်ကွန့်ခြင်းသာ ဖြစ်သည်) ကို ၀တ်ထားကာ လမ်းဘေးပလက်ဖောင်းတွင် ကားစောင့်နေစဉ် (ကားစောင့်သည်မှာလဲ ကျွန်ုပ် အထင်သာ ) လေကြမ်းသည် အောက် မှ အထက်သို့ ပင့်၍ ခပ်သော့သော့ ရိုက်လိုက်လေသော် သူမဂါဝန်သည် အထက်သို့ လန်မတတ်ဖြစ်သွားချိန်တွင် မွန်ရိုးသည် ဂါဝန်ကို လက်နှင့် ဒရောသောပါး လှပညက်ညောစွာ ဖိချလိုက်လေသည်...။
သို့သော်လဲ လေနတ်သားက အလစ်အငိုက်တွင် ၀င်ရောက်တိုက်ခိုက်လေသောကြောင့် မွန်ရိုး၏ ပေါင်သားဖြူဖြူကို တို့ထိ ကျီစယ်ခွင့်ရသွားလေ၏။
အဆိုပါ အခိုက်အတန့်ကို ဓါတ်ပုံဆရာများလဲ (ပါပါရာဇီ ထင်သည်) အမိအရ ရိုက်ထားလေ၏။
အီကဲ့သို့ အချီး နိဒါန်းများ သွယ်နေသည်မှာ အကြောင်းရှိ၏။
ရှည်လျားထွေပြား ပေများမနေပဲ အတိုချုံးရသော် အဆိုပါ ဇာတ်ဝင်ခန်းသည်
- ရုပ်ရှင်တစ်ကားကား၏ အကွက်တစ်ကွက်ပေလော..။
- သို့မဟုတ် ပိုစတာ ထုတ်စားရန် သက်သက် ဆက်တင် ဆင်ထားလေသလော...။
- သို့မဟုတ် ပါပါရာဇီများ လက်စွမ်းလျှပ်တစ်ပြက် ရိုက်ချက်ပေလော။
သိသူများ ဖြေကြားပေးပါလေ။


ရှေ့မှီနောက်မှီ ကိုလတ် တစ်ယောက် သိနိုင်မည် ထင်ပါသော်လည်း ကိုစမနှင့် ကားတော့ပစ်က်တွင် ပိန်ခြင်း ၀ခြင်းကို ငြင်းခုန်နေကြသည်က တစ်မုံ့၊ ဤကဲ့သို့သော ဘလော့တွင် လာရောက်ဖတ်ရှုလေ့ မရှိသော ကိုလတ်အလေ့အထကို သိရှိနားလည်သောကြောင့် ကိုလတ် မဟုတ်သော အကြောင်းခြင်းရာကို သိရှိသူ တစ်ဦးတစ်ယောက်က လာရောက်ဖြေဆိုစေလိုပါသည်။
လာရောက်ဖြေဆိုသူကို ရှေ့မှီနောက်မှီ ပက်လက်ကုလားထိုင်.. အဲ.. ရှေ့မှီ နောက်မှီ အဖိုးကြီး အဖွားကြီးဟု သမုတ်မည် မဟုတ်ပါ။ (အန်.. ဒါဆို ကိုလတ်က အဖိုးကြီးလား...။ အဲလိုတော့ မဆိုလိုပါ။ )

နောက်ဆုံးအနေနှင့် နိဂျုံးခုတ်ချင်သည်မှာ အထက်ပါ အကြောင်းများသည် တော့ပစ်က်နှင့် သွေဖည်သည်ရှိသော် ပျက်နေသော ကွန်ပြူတာကို လျှောက်ကလိရာမှ ပြန်ကောင်းသွားသဖြင့် အသစ်ဝယ်ရန် ပေးထားသော စရန်များ ဆုံးမလို ဖြစ်နေသည့် ဥစာ ပြောသကဲ့သို့ ဗယ်လင်တိုင်းဒေးနာ ခံစားကုန်သော် မင်မင်၊ မော်မော်များက မိမိတို့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်း ဖြစ်သော သက်ဆိုင်ရာ ခေါင်းစဉ်အောက်သို့ ပို့ဆောင်ပေးပါရန် အကြောင်းကြားအပ်ပါသည်။ (ဘာလာကြည့်တာလဲ...။ ဘာမှ မရှိတော့ဘူး။ ခွိခွိခွိ )

အမိန့်အရ
ပုံ/
လူချော မောင်ဘွိုင်း (aka) အဘွတ် (aka) ကဘွတ်အိုးအက် (aka) ကဘိုင်း

နောက်ဆက်တွဲ။
အခုပဲ ဂူဂယ်လိုက်တာ ထွက်လာတယ်။ The Seven Years Itch ကားထဲကပဲ။ ဇာတ်ဝင်ခန်းတစ်ခုပေါ့။ မြေအောက်ရထား လာနေချိန်မှာ မြောင်းဖုံးပေါ် မတ်တပ်ရပ်မိတဲ့ မွန်ရိုးတစ်ယောက် အောက်ကနေပင့်တိုက်တဲ့ လေအေးကို သဘောကျတဲ့ အခန်း။
http://www.youtube.com/watch?v=6yX4IjBg-XM&feature=related

ဆင်ဆာတွေ ဖြတ်ထားတယ်။
ကျေးဇူး ဝတုတ်...။


Monday, February 15, 2010

Model List

ကျွန်တော် ဓါတ်ပုံ ရိုက်ဖြစ်ရင် မော်ဒယ်အဖြစ် ရိုက်ချင်သူများ စာရင်းကို တေးထားတယ်။ အလှပုံ ဘာညာ ပေါ့ဗျာ။ ရိုက်မယ်သာ ပြောတာ။ ကင်မလာက ဘယ်နားနေမှန်း မသိဘူး။ ဖုန်းကင်မလာလေးနဲ့တော့ ဟိုရိုက်ဒီရိုက်။

ကဲ စာရင်းလေးတွေ ချရေးမယ်။ စာရင်းထဲ ပါတဲ့သူတွေ စိတ်မဆိုးကြေး။ (နောက်ဆက်တွဲ - စာရင်းထဲ မပါတဲ့သူတွေ စိတ်ဆိုးနေတယ်။ ဟိ)

၁။ ဒန်တန့်တန်
မျက်နှာ အနီးကပ်ပုံရိုက်လို့ အဆင်ပြေတယ်။ တစ်ကိုယ်လုံးခြုံရိုက်လဲ ရတယ်။ စွယ်စုံပေါ့လေ။ သူ့ကျတော့ ဆွေးနေတဲ့ ပုံတွေ ရိုက်လို့ မရဘူး။ လွတ်လပ်ပေါ့ပါး၊ ရယ်ရွှင်မြူးတူး၊ ပြေးလွှား ဆော့ကစား၊ အကြည့်စူးစူး စတဲ့ အမူအရာတွေနဲ့ ရိုက်လို့ ကောင်းတယ်။

၂။ ဝတုတ်
သူ့ကျတော့ နာမည်နဲ့လိုက်အောင်ကို တစ်ကိုယ်လုံးပုံ ရိုက်လို့ မသင့်တော်ချေဘူး။ ဒါပေမယ့် သူ့မှာ ထင်းနေတဲ့ မျက်ခုံးရှိတယ်။ မျက်နှာကျ ကောင်းတယ်။ မေးဖျားနားက မဲ့ကလေးက ဓါတ်ပုံအရိုက်ခံလို့ ကောင်းတဲ့ အမှတ်အသားလေး။ သူက အသားညိုတော့ ဓါတ်ပုံစားတယ်။ မျက်နှာ အနီးကပ် ကလို့စ်အပ်တွေ ရိုက်လို့ ကောင်းတယ်။ ခပ်ငေးငေး၊ ဆွေးရိပ်သန်း မျက်နှာပေးတွေ ရိုက်လို့ရတယ်...။

၃။ မြ
သူ့ မျက်နှာက ကြည်တယ်။ ပေါ့တ်ထရိတ် ရိုက်လို့ မကောင်း။ အပြုံးလေးတွေ အပြစ်ကင်းတယ်။ သူက နည်းနည်းတော့ အိုဗာ အိုက်တင်တွေ ပါတတ်တယ်။ နည်းနည်း ထိန်းပေးရင် ပုံကောင်းလေး ရနိုင်တယ်။

၎။ ခေးခေး
ဘာလာလာ ဒေါင်းတယ် ဆိုတဲ့သူပဲ။ အနီးကပ် ၊ အဝေးခွာ၊ မျက်နှာကလို့စ်အပ်ပ် အဆင်ပြေတယ်။ ပို့စ်ပေးတတ်တယ်။ ဖေ့ဘွတ်မှာတောင် သူ့ပုံတစ်ချို့တင်ထားတယ်။ မှဲ့လေး မဆိုစလောက် ဖျက်တာတစ်ခုပဲ။ ပြစ်မျိုးမှဲ့မထင် တော့ မဖြစ်ဘူးပေါ့လေ။ ဒါကလဲ မြင်တတ်မှပါ။

၅။ ဝဏ်
အလှတရားကို လမ်းလျှောက်သင်ခါစ၊ မြီးကောင်ပေါက်၊ အရွယ်ကောင်း၊ ကျရိပ် ဆိုပြီး ခွဲဖြစ်ခဲ့ရင် သူက အရွယ်ကောင်းမှာ ရောက်နေတယ်။ ရင့်ကျက်တည်ငြိမ်တယ်။ ပါးဖောင်းဖောင်းနဲ့ နှုတ်ခမ်းဖူးဖူးက ဆွဲဆောင်မှု ရှိတယ်။ ဒါကို အသားပေး ရိုက်ပေးရင် ပုံကောင်းရနိုင်တယ်။ သူက နည်းနည်း ဆက်ကစီဆန်တဲ့ အလှရှိတယ်။

၆။ နာမည်ကြီးဘလော့ဂါ
နာမည်တော့ မတပ်တော့ပါဘူး။ သူ့ကိုတော့ မြှောက်ပေးလို့ မရဘူး။ အိုက်တင် မပေးတတ်တာ ပြောတာ။ သူလဲပဲ ထင်းနေတဲ့ မျက်ခုံးရှိတယ်။ မြင်သူတိုင်း သတိထားမိစေတဲ့ မျက်ခုံးနက်နက်ရှိတယ်။ ပါးလျားတဲ့ နှုတ်ခမ်း ရှိတယ်။ သဘာဝ ပင်ကိုယ် အရှိအတိုင်းပဲ။ ဆံပင်ကို အလယ်မခွဲပဲ ဘေးတစ်စောင်းခွဲ ရိုက်ရင် အဆင်ပြေတယ်။ သူ့ကို ကာလာစိုစိုနဲ့ ရိုက်တာထက် ဗင်းတေ့ခ်ျ ဆန်ဆန် ရိုက်တာတို့၊ ခရိုမာဖောက်တယ်ဆိုလား.. အဲလို ရိုက်ရင် ပိုကောင်းတယ်။ သူလဲ မျက်နှာ အနီးကပ် ရိုက်လို့ ကောင်းတယ်။ သူ့မျက်လုံးတွေ ဝိုင်းစက်တယ်။ လှတယ်။ တောက်စိုကြည်စင်နေတာပဲ။ အိပ်ရေးမဝလဲ ဒီအတိုင်း တောက်နေတယ်။ သမင်မမျက်လုံး ဆိုတာလား မသိဘူး။ ညီမလေးက နည်းနည်းပိန်တယ်။

ဒါလောက်ပဲ တို့ထိထားမယ်။ နောက်မှ ပြန် Update လုပ်မယ်။

စကားမစပ် မနေ့ညက ဆန်တိုဆာမှာ အတော်မူးသွားတယ်။
ယုံလား မသိဘူး။ ဒါ ပထမဆုံးအကြိမ် သွားဖူးတာပဲ။
ဒီနေ့မနက်ပြန်လာတော့ ကာစီနိုနဲ့ ယူနီဗာဆယ် စတူဒီယို ဝင်လည်တယ်။
ကာစီနိုက ဝင်ကြေး ၁၀၀ တောင် ပေးရတယ်။ ဈေးကြီးလိုက်တာ။
သူများလုပ်တာကို ကိုယ်လိုက်မလုပ်ရရင် သေမတတ်ဖြစ်နေတဲ့ Kiasu ဖြစ်နေတဲ့ စလုံးတွေလဲ ကျူတန်းရှည်တွေနဲ့ တွေ့ခဲ့ရတယ်။

Sunday, February 14, 2010

အလွဲတွေ

ကျွန်တော်တို့မြို့ကအလွဲလေး ပြောပြချင်တယ်။

သူငယ်ချင်း ညီအစ်ကိုနှစ်ယောက်... ဆိုးချက်က တာတေလန်
ရဲစခန်း လူဆိုးမှတ်တမ်းဝင်တွေ
တစ်နေရာရာမှာ ထစ်ကနဲရန်ဖြစ်ပြီဆို လူဆိုးထိန်းက အရင်ဆုံးသူတို့အိမ်လာမေးတယ် သူတို့ ပါမပါပေါ့လေ..
နှစ်ကောင်စလုံးက ခပ်ဆိုးဆိုးဆိုတော့ ရည်းစားသနာ အတည်တကျ မရှိချိန်ပေါ့လေ။
မြို့ကလေးက ချောင်ကျတော့ ည၇ နာရီဆို မီးပြတ်နေပြီ။ လမ်းမီးတိုင်ကလဲ ခရမ်းချဉ်သီးသာသာလောက်ပဲ လာတော့တယ်။
အပျိုလူပျိုများ ဆိုင်ကယ်နဲ့ လည်ကြချိန်ပေါ့။
မှောင်ကလဲ မှောင်ဆိုတော့ ရုပ်ဆိုးသူလှတဲ့အချိန်။
ညီအစ်ကိုနှစ်ယောက်သား ဆိုင်ကယ်တစ်စီးနဲ့ မြို့ပတ်စီးနေတာ လမ်းကွေ့တစ်ခုမှာ ရှေ့နားခပ်လှမ်းလှမ်းလောက်မှာ ကောင်မလေးတစ်ယောက် တစ်ယောက်တည်း ဆိုင်ကယ်စီးသွားနေတယ်...။
နောက်ဘက်က ကြည့်တော့ အမိုက်စားဆိုတော့ ညီအစ်ကိုနှစ်ယောက် လိုက်စကားပြောတယ်။ မှောင်ကလဲ မှောင်ဆိုတော့ ဘယ်သူမှန်းလဲ မသိဘူး။
ကောင်မလေးက လှည့်မကြည့်သလို စကားလဲ ပြန်မပြောဘူး။ ဆိုင်ကယ်ဦးထုပ်လဲ ဆောင်းထားတာကိုး..။
လိုက်ပြောနေရင်းနဲ့ သူတို့ရပ်ကွက်ကို သွားတဲ့လမ်းနားရောက်မှ နှစ်ကောင်သား အမူးပြေသလို ဖြစ်သွားတယ်။ ဆိုင်ကယ်နံပါတ်သေချာကြည့်မှ သူတို့ ဦးလေးနံပါတ်။

ညီမလေး ဝမ်းကွဲကိုမှ လိုက်စကားပြောနေတဲ့ အစ်ကိုနှစ်ယောက်။ မနက်ရောက်တော့ သူတို့နှစ်ယောက်သား အီလည်လည်နဲ့ ပြန်လာပြောပြတယ်။

သူတို့ညီမဝမ်းကွဲလဲ နောက်ဆို ညဖက်ကို တစ်ယောက်ထဲ ထွက်မလည်ရဆိုပြီး ဦးလေးက အမိန့်ထုတ်လိုက်တယ်ဆိုပဲ။
:P

Saturday, February 13, 2010

We Are The World

ကျွန်တော်တို့ မှီတင်းနေသော ကမ္ဘာမြေကြီးက ကျွန်တော်တို့နဲ့ တစ်သားတည်း ထပ်တူကျတယ်လို့ ထင်ပါသလား။
ပတ်ကြားအက်တွေ ဖုံးလွမ်းနေတဲ့ လွင်တီးခေါင်က နွားရိုးခေါင်းဟာ ပူပြင်းလှတဲ့ နေရောင်အောက်မှာ ခြောက်သယောင်းနေပါတယ်။
ဗိုက်ပူနံကားကလေးငယ်လေးကတော့ ယင်တစ်လောင်းလောင်းနဲ့ ပုပ်ပွနေတဲ့ အကောင်ရဲ့ဘေးနားက ဝပ်နေတဲ့ ရေအိုင်လေးထဲက ရေကို အငမ်းမရ လက်ခုပ်နဲ့ ခပ်သောက်နေလေရဲ့။
အရိုးငေါငေါနဲ့ သစ်ပင်ဟာ ဘုရားစူး သစ်ပင်လို့ ပြောလို့ရအောင် ရိုးတံတွေသာ ကျန်ပါတော့တယ်။
ဒါဟာ အာဖရိကရဲ့ သဲကန္တာရ တစ်နေရာက မြင်ကွင်းတစ်ခုပါ။

အမေရိကားမှာ နှင်းမုန်တိုင်းတွေ နှစ်နှစ်ဆက်တိုက် ဆိုးဝါးပြင်းထန်စွာ ကျနေပါတယ်။
ဖိလစ်ပိုင်က အိပ်ပျော်နေတဲ့ မီးတောင်ဟာ အခုတော့ အသက်ဝင်လာပါပြီ။ အဲနားတစ်ဝိုက်မှာ နေထိုင်နေကြတဲ့ ဒေသခံ ပြည်သူတွေကို ဘေးလွှတ်ရာ ရွှေ့ပြောင်းပေးနေပါပြီ။

တရုတ်ပြည်မှာ ဒီဇင်ဘာလဆန်းပိုင်းလောက်က အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခံလို့ ရေဘေးဒုက္ခကို ကြုံတွေ့နေရတယ်....။ ရွာလုံးကျွတ် ရွှံရေတွေအောက် မြုပ်သွားကြတယ်။

ပီရူးမှာ မြေပြိုမှုတွေ ဆက်တိုက် ဖြစ်နေတယ်။ ညတွင်းချင်း အရှင်လတ်လတ် အိပ်နေရင်းတန်းလန်းနဲ့ မြေပြိုလို့ တစ်ခါတည်း မြေမြုပ်ပြီးသားတွေ ဖြစ်သွားကြတယ်။

ကမ္ဘာကြီးက လူသားတွေကို ဒဏ်ခတ်နေပြီလား...။
လူသားအချင်းချင်း စာနာသနား ကူညီထောက်ထားဖို့ အချိန်ရောက်နေပြီ။
ကောင်းကင်နိုင်ငံတော်က တံပိုးခရာသံတွေ စမှုတ်နေပြီလား...။

အာဖရိကမှာ လွန်ခဲ့သော ၂၅ နှစ်ကျော်က အငတ်ဘေး ဆိုက်ခဲ့တာ သွားလေသူ မိုက်ကယ်ဂျက်ဆင်က ဦးဆောင်ပြီး အငတ်ဘေးဒုက္ခသည်များအတွက် ရန်ပုံငွေ ရှာဖွေခဲ့တယ်။ အခုပို့စ်ခေါင်းစဉ်ပါ "We Are The World" သီချင်းကို သူကိုယ်တိုင် ရေးစပ်ပြီး သူနဲ့ နီးစပ်ရာ သူ့အပေါင်းအသင်း မိတ်ဆွေ နာမည်ကျော် အဆိုတော်များနဲ့ စုပေါင်း သီဆိုခဲ့တယ်။ အဲဒီက ရလာတဲ့ အမြတ်တွေကို အာဖရိကကို လှူခဲ့တယ်။ မွန်မြတ်လှတဲ့ အလှူပေပါပဲ။

မကြာတင်သေးမီက ဟေတီဆိုတဲ့ နိုင်ငံငယ်လေးမှာ ငလျင်တစ်ခု လှုပ်သွားပါတယ်။ အသက်အိုးအိမ်စည်းစိမ် ပြုတ်ပြုန်းဆုံးပါးသွားသူတွေ အများကြီးပါပဲ။ ကမ္ဘာတစ်ဝှမ်းလုံးကလဲ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးကြတယ်။ ရိက္ခာတွေ ပို့ကြတယ်။ အကူလူအင်အားတွေ ကျန်းမာရေး ဝန်ထမ်းတွေ ပို့ကြတယ်။

အခုလဲပဲ ဂီတ အနုပညာရှင်များက သူတို့ တတ်အားတဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီဖို့ ဆုံးဖြတ်ကြတယ်။ အဲဒါကတော့ အနုပညာရှင်များ အားလုံး စုစည်းပြီး အယ်လ်ဘမ်တစ်ခု ထုတ်ကြတယ်။ ရတဲ့ အမြတ်ငွေကို ဟေတီ ငလျင်ဘေး ဒုက္ခသည်များအတွက် လှူဒါန်းကြပါမယ်တဲ့။ ဖေဖော်ဝါရီလ ၁ ရက်နေ့က အားလုံးစုပေါင်း အသံသွင်းခဲ့တဲ့ ဒီသီချင်းလေးကို အခုအခါ iTunes စတိုးမှာ အခပေး ဒေါင်းလုပ် လုပ်ပြီး နားဆင်ရင်းနဲ့ အလှူငွေတွေ ထည့်ဝင်လှူဒါန်းပေးနိုင်ပါတယ်တဲ့။

အသေးစိတ် သိချင်ရင်တော့ iTunes store ကို သွားကြည့်လိုက်ပါ။
ယူထုကနေ ကြည့်ချင်သူများအတွက် အောက်က ယူထုကို အားပေးလိုက်ကြပါ။


Credit to wearetheworld

Tuesday, February 9, 2010

သတ်ပုံမှားတဲ့ည

လှံဖျား ပုဇဉ်းနားတုန်း
ကျီးကန်းက ချေးပါချသတဲ့။

တိုက်တိုက်ဆိုင်ဆိုင်
ကြားလိုက်ရတဲ့ ပန်းရှိုက်သံကြောင့်
လိပ်ပြာတစ်ကောင်
လန့်ဖျတ်ပြီး ပျံထွက်သွားတယ်။

ပန်းရုံမှာတော့ ရုတ်ရုတ်သဲသဲနဲ့ ကျန်ခဲ့လေရဲ့။
မြေပြင်ကို ပွင့်လွှာတစ်ချို့ သက်ဆင်းသွားတာ မြင်ရတယ်။

ရုတ်တရက် မွေ့လိုက်တဲ့ လေရိုင်းကြောင့်လား။
နဂိုအခြေမခိုင် ယိုင်နဲ့နေတဲ့ အညှာကြောင့်လား။

မျက်ကန်းတောတိုး စိတ်ဆင်ရိုင်းတစ်ကောင်
နောင်တ ဒဏ်ရာနဲ့ အော်ညည်းနေလေရဲ့။

ခက်ထန်နုပျိုတဲ့ သားသမင်နဲ့
ရမ္မက်ထန်နေတဲ့ ကျားဘုရင်တို့
တစ်ဘက်ကို တစ်ဘက် အကဲစမ်းနေလေရဲ့။

အမှောင်တွေ ကွယ်ပျောက်ပြီး
လင်းပတဲ့ မနက်ခင်းတစ်ခုကို ရောက်ဖို့
သတ်ပုံမှားတဲ့ ည ဘယ်နှစ်ခုကို ဖြတ်ရဦးမလဲ။



ကဗျာမဟုတ်။ စာစုသာဖြစ်ပါတယ်။
နားလည်မှာ မဟုတ်တဲ့ အတွက် နားလည်ချင်ယောင်ဆောင်ပေးလဲ စိတ်မဆိုးပါဘူး။
ဘယ်သူသိတာမှတ်လို့။

Thursday, February 4, 2010

လွယ်လွယ်လေး မှတ်လိုက်ရအောင်

ဂျီတော့ခ်မှာ ညီမလေးတစ်ယောက် သူဖတ်မိတဲ့ မြန်မာစာ နဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုကို လာပြပါတယ်။
“မ” နဲ့ “ဘဲ” အသုံးအနှုန်းကို ရှင်းပြထားတဲ့ ဘလော့ပို့စ်လေး တစ်ခုပါ။ ဒီမှာ ပါ။ “မ”နောက်က “ဘဲ”တွေ လိုက်နေတယ်လို့ အတိုချုံးမှတ်လိုက်တာပဲ။ :P

အဲဒီပို့စ်မှာ တစ်ဆက်တည်း (ဋသန်လျင်းချိတ်)၊ (ထဝမ်းဘဲ)၊ (ဍရင်ကောက်) ကို အတိုချုံးမှတ်ပုံလေးလဲ ကော်မန့်မှာ တစ်ယောက်က လာရေးထားတာ ဖတ်လိုက်ရတယ်။ အဲဒီမှာ ကိုယ်သတိရလိုက်တာကတော့ နေးတစ်မြန်မာမှာ ပူးကောင် ဆိုတဲ့ မဲန်ဘာတစ်ယောက် ဝေမျှထားတဲ့ ဋ၊ ဌ၊ ဍ တွေ မှတ်သားထားပုံပဲ။ သူလဲ ကျောင်းက သူ့ဆရာတွေ ပြောပြထားလို့ မှတ်မိနေတာလို့ ဆိုတယ်။ ပုံပြင်လေးနဲ့ပေါ့လေ။ အခုတော့ အဲဒီပို့စ်ကို ပြန်သွားရှာတော့ မတွေ့မိတော့ဘူး။ မှတ်မိသလောက်ပဲ ပြန်ပြောပြတော့မယ်။

တစ်ခါက မြန်မာအက္ခရာ အုပ်စုထဲက ရုပ်ဆိုးဆိုး ညီအစ်ကို သုံးယောက်ဖြစ်တဲ့ ဋသန်လျင်းချိတ်၊ ဌဝမ်းဘဲနဲ့ ဍ ရင်ကောက်တို့ဟာ ခရီးတစ်ခု ထွက်လာကြသတဲ့။ အရင်တုန်းက သူတို့ သုံးယောက်ပုံစံဟာ အခုလို မဟုတ်သေးဘူးတဲ့။ ဘယ်လိုပုံစံလဲ ဆိုတာတော့ သူတို့ကို တွေ့မှ ပြန်မေးပေးမယ်နော်။ အခုတော့ သူတို့ကို အခု ရေးသားထားတဲ့ အက္ခရာဖြစ်တဲ့ ဋ၊ ဌ၊ ဍ တွေကို ဘယ်လိုဖြစ်လာတယ်၊ အတိုကောက်တွေကို ဘယ်လို မှတ်သားရတယ်ဆိုတာ ပြောပြမယ်နော်။

ဒီလိုနဲ့ ခရီးထွက်လာတဲ့ ညီအစ်ကိုသုံးယောက်မှာ အငယ်ဆုံးဖြစ်တဲ့ ညီထွေး ဋသန်လျင်းချိတ်က နောက်ကနေ လျှောက်ပြီး ကိုလတ်ဖြစ်တဲ့ ဌဝမ်းဘဲက အလယ်မှာ နေတယ်။ အစ်ကိုကြီးဖြစ်တဲ့ ဍရင်ကောက်ကတော့ ရှေ့ကနေ ဦးဆောင်ပြီး လျှောက်သွားသတဲ့။

ဒီလိုနဲ့ လမ်းခရီးမှာ လျှောက်နေရင်း နောက်က ညီထွေးဖြစ်တဲ့ ဋသန်ချင်းချိတ်က စချင် နောက်ချင်တဲ့ စိတ် ဖြစ်လာတော့ သူ့အရှေ့နားက သွားနေတဲ့ ကိုလတ် ဌဝမ်းဘဲကို ခြေထိုးလိုက်သတဲ့။ အဲဒီမှာ ကိုလတ် ဖြစ်တဲ့ ဌဝမ်းဘဲခမျာ နောက်က ညီထွေး ဋသန်လျင်းချိတ် ခြေထိုးလိုက်တဲ့ အတွက် ခြေခွင်သွားပြီး ဟပ်ထိုး ဟပ်ထိုး ဖြစ်သွားသတဲ့။ ဟပ်ထိုး ဖြစ်သွားတဲ့ ကိုလတ်က သူ့ရှေ့က ဦးဆောင်သွားနေတဲ့ ကိုကြီး ဍရင်ကောက်ကို တိုက်မိမလို ဖြစ်တော့ ကိုကြီး ဋရင်ကောက်က စိတ်တိုသွားသတဲ့။ အဲဒါနဲ့ နောက်ဘက်ကို လှည့်ပြီး ကိုလတ်ဌဝမ်းဘဲ နဲ့ ညီထွေး ဋသန်လျင်းချိတ်ကို မဆော့ဖို့ အော်ငေါက်ရာက မြန်မာအက္ခရာ ရေးထုံးဖြစ်တဲ့ ဆိုတာ ဖြစ်လာသတဲ့။

ညီလေး နှမလေးတို့ရေ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ညီလေး နှမလေးတို့လဲ ဒီပုံပြင်လေးကို နားထောင်ပြီး ဋသန်လျင်းချိတ်၊ ဌဝမ်းဘဲ နဲ့ ဍရင်ကောက် အရေးအသားကို မမှားအောင် သတိထားရေးကြပေါ့ကွယ်။
နောင်များမှာတော့ တစ်ခြားသော မှတ်သားစရာ ဖြစ်တဲ့ (ဂငယ်) နဲ့ (ရှစ်ဂဏန်း) ၊ (ရကောက်) နဲ့ (ခုနှစ်ဂဏန်း) ခွဲခြားမှတ်သားနည်း ပုံပြင်ကို ဆက်ပြောမယ်ကွယ်။



စာကြွင်း။ ။ ဋသန်လျင်းချိတ် လား ဋသန်ညင်းချိတ် လားတော့ မသေချာပါ။ ငယ်ငယ်က ကြားဖူး၊ ဖတ်ဖူး၊ ဆိုဖူးခဲ့တာတော့ ဋသန်လျင်းချိတ် ပါပဲ။ အမှန်ကို သိသူတွေ လာပြင်ပေးရင် ကျေးဇူးတင် မဆုံးဖြစ်မိမှာပါ။


- ဆက်စပ် ဖတ်ရှုနိုင်မယ့် အရင်က ရေးဖူးတဲ့ မြန်မာစာလုံးပေါင်းဆိုင်ရာ ပို့စ်။
ဇော်ဂျီယူနီကုဒ် ရေးနည်း

ဖြည့်စွက်ချက်။
ဇော်ဂျီလက်ကွက်ဖြင့် ဋ၊ ဌ၊ ဍ ရိုက်နည်း။
- ဋ = shift + "3"
- ဌ = shift + "x"
- ဍ = Shift + "1"