Monday, March 22, 2010

Ugly ရေ။

Ugly ရေ...

ပြတင်းပေါက်ကနေ လမင်းတစ်ခြမ်းပဲ့ မြင်နေရတယ်။
လမင်းကို ကြည့်ရတာ အေးချမ်းနေပါသလား။ ကိုယ်တော့ ပူနေတယ်။
လမင်းက ဘာလို့ အမြဲတမ်း ပက်လက် ဖြစ်နေတာလဲ။ မှောက်ခုံဖြစ်တဲ့ လမင်းကို မမြင်ဖူးသလိုပဲ။
Dream works လိုဂိုထဲက ကလေးလို တစ်ခြမ်းပဲ့ လလေးပေါ် ထိုင်ပြီး ငါးထိုင်မျှားကြည့်ချင်တယ်။
အဲ .. မျှားရအောင် ငါးလဲ တစ်ခါမှ မမျှားဖူးပါဘူးလေ။
ငယ်ငယ်က သူများတွေ ငါးမျှားတာ တီကောင်ကို အရှင်လိုက် ငါးမျှားချိတ်မှာ ချိတ်တော့ အသည်းငယ်တာနဲ့ မမျှားဖြစ်တော့ဘူး။
တိမ်ဖြူဖြူတွေ ပြေးလာနေတယ်။ ခဏနေ လကို အုပ်သွားတော့မှာ။ မလာနဲ့ သွား.... Rain Rain go away... (ဆက်ဆိုပေးကြပါ)။
လေနတ်သားက သူ့လက်နက်နဲ့ ပစ်လိုက်လို့ တိမ်တွေ ထွက်ပြေးသွားတယ်။
လမင်းလေး ပြန်ထွက်လာပြီ။
လက ဒီနေ့ အနောက်ကနေ အရှေကို သွားနေတာလား။ အရှေ့ကနေ အနောက်ကို သွားနေတာလား။
စာထဲမှာ ဖတ်ဖူးတာတော့ လက အနောက်ကနေ အရှေ့ကို သွားတာတဲ့။
အတော်ရှုပ်တာပဲ။
ဒါဆိုနေမင်းနဲ့ လမင်း လမ်းခုလတ်မှာ မတွေ့ကြဘူးလား မတိုက်မိဘူးလား။
အပိုလိုဆိုတာ လနတ်သားလား မသိဘူး။
အဲဒီ အပိုလိုနဲ့ အကြောင်းကို သူများပြောတာ ကြားဖူးတယ်။
ဇာတ်လမ်းက ဒီလိုတဲ့။
အပိုလို... သူ့မိန်းမကို ကြိုက်တာ ကျူးပစ်ထင်တယ်။
ကျူးပစ်က ချောလွန်းလို့ ကြည့်သူတိုင်းက မျက်လုံးကန်းတယ်တဲ့။
ဒါကြောင့် ကျူးပစ်က ညလူခြေတိတ်ချိန်မှ အပိုလို မိန်းမဆီ လာလည်တယ်တဲ့။
ပါးစပ်ရာဇဝင်တွေပါ။
နောက် ကျူးပစ်ကို ကြည့်မိရင် သူတို့နှစ်ယောက် တစ်သက်စာ ဝေးသွားမယ်တဲ့။
ဒါပေမယ့် သူ့ချစ်သူက ကျူးပစ်ကို ည ကျူးပစ် အိပ်နေတုန်း ခိုးကြည့်လိုက်မိတယ်တဲ့။ အဲဒီမှာ သူတို့ ကွဲသွားလေရော။
ဒါ ဇာတ်လမ်းမှားကြီး ဖြစ်နိုင်တယ်။
ကျူးပစ်နဲ့ ကြိုက်တာ Aphrotite အလှနတ်သမီးပါ။ ဘယ်က အပိုလို မိန်းမ ဖြစ်ရမှာလဲ။ နေဦး။ ဂရိနတ် ပုံပြင်တွေ ပြန်လှန်ပြီး လာပြောပြမယ်။
အဲ.. တွေ့ပြီ။

Ugly ရေ။
ဟုတ်တယ်။
အပေါ်က ဇာတ်လမ်းက အမှားကြီး...။
တစ်ကယ်တော့ ကျူးပစ်က အချစ်နတ်မိဘုရားဗီးနပ်နဲ့ မက်ဆန်ဂျာနတ်သား မာကျူရီတို့ရဲ့သား။
ဗီးနပ်စ်က သူ့ကို ကိုးကွယ်နေကျ Psyche မင်းသမီးလေးက ဗီးနပ်စ်ကို ကိုးကွယ်ဖို့ မေ့နေလို့ ဆိုက်ခီကို ဒဏ်ခပ်ဖို့ ကျူးပစ်ကို လွှတ်လိုက်တယ်။
ကျူးပစ်က ဆိုက်ခီကို မြင်တော့ ချစ်မိသွားရော။
ကြည့်ရတာ ကျူးပစ် သူ့မြှားနဲ့သူ ပြန်စိုက်မိလို့နေမှာ။
အဲဒီမှာ ကျူးပစ်က နတ်သားဆိုတော့ လူမိန်းမက မြင်လို့ မရဘူး။
ကျူးပစ်က ဆိုက်ခီဆီ ညတိုင်း လာလည်တယ်။
လာတိုင်း နားဝမှာ တိုးတိုးလေး ပြောတယ်။
သူ့ကို မကြည့်မိဖို့ အမြဲတမ်း မျက်စိမှိတ်ဖို့။
ဒါကို ဆိုက်ခီ အစ်မတော် နှစ်ယောက်က သွေးထိုးတယ်။ ကျူးပစ်က မကောင်းဆိုးရွားပါ။ ဘာညာပေါ့။
အဲဒီမှာ ဆိုက်ခီက တစ်ညမှာ ကျူးပစ်ကို မျက်လုံးဖွင့်ပြီး ကြည့်လိုက်မိတယ်။ ကျူးပစ် စိတ်ဆိုးပြီး ဆိုက်ခီကို ပစ်သွားတယ်။
ဆိုက်ခီခမျာ ကျူးပစ်ကို တွေ့ချင်လွန်းလို့ ကမ္ဘာကုန်ကျယ်သရွေ လိုက်ရှာတာ နောက်ဆုံး ဂျူပီတာ နတ်မင်းကြီးဆီ ရောက်သွားတယ်။
ဂျူပီတာ နတ်မင်းကြီးလဲ ဆိုက်ခီကို သနားတော့ တစ်သက်လုံး မသေနိုင်တဲ့ Immortal ဆုကို ပေးလိုက်တယ်။ အဲဒီမှာ ဆိုက်ခီဟာ လူသာမာန်မင်းသမီး ဘဝကနေ နတ်ဘုရားဘဝ အော်တိုရောက်သွားတယ်။
နောက်တော့ ကျူးပစ်နဲ့ ပေါင်းဖက်မိပြီး ကလေး သုံးယောက် ပွားစီးတယ်။
စကားမစပ် Psyche ဆိုတာ soul လို့ အမည်ရသတဲ့။

ဇာတ်လမ်းက ဒါပဲ။ (ဟင် တုံးတိတိကြီး။)
ဆားချက်ခြင်း ဖြစ်သည်။ သို့သော် ပို့စ်အသစ်စက်စက်။ ဒါပဲ။ နုတယ်လို့ လာမပြောနဲ့။ ဘွိုင်းအစစ်။

All Articles and Photos Credit goes to Widipedia

Chat ပေါ်က ဟာသ

[Batty]Euch, rap is just missing one letter. c.

[Eruc] rapc?...

[Batty]
Crap you idiot. you put the c on the other end

[Eruc]oic

[Batty]
Though you could also say it's missing an e

[Eruc]
wtf is erap?

* Batty bangs his head repeatedly against a wall

Credit to http://bash.org/


မှတ်ချက်။ ။ Chat နှင့် အကျွမ်းမဝင်သူများ နားလည်ရန် အနည်းငယ် ခက်လိမ့်မည်။
wtf = What The F**k!!

Friday, March 19, 2010

Warning : Health Care Issue Alert (သတိ - နှလုံးသား ဖျားနာလွယ်သည်။)

ယုန်ကလေးတွေ ကိုင်ကြည့်ဖူးလား။
ကိုယ့်လက်ထဲမှာ ပွေ့ဖူးလား။
ခိုတွေ ငှက်တွေ လက်နဲ့ ဖမ်းကိုင်ထားဖူးလား။

ဖမ်းဆုပ်ဖြစ်တယ်ဆိုရင် သူတို့ ခန္ဓာကိုယ်တွေ တစ်ဆတ်ဆတ် တုန်နေတာ သတိထားမိလား။
နှလုံးခုန်သံတွေဟာ ပုံမှန်ထက် မြန်နေတယ် ဆိုတာ ခံစားဖူးလား။
အဲဒါ သူတို့ ကြောက်နေလို့ပေါ့။
ကြောက်တော့ စိတ်လှုပ်ရှားရော။
စိတ်လှုပ်ရှားတော့ ဦးနှောက်က ပုံမှန်ထက် အလုပ်လုပ်တော့ သွေးတွေ လိုတယ်။
သွေးလိုတော့ နှလုံးက ဦးနှောက်ဆီကို လိုအပ်တဲ့ သွေးပမာဏ ရောက်အောင် သွေးတွေညှစ်ပေး သန့်ပေးရသတဲ့။
အဲဒီမှာ နှလုံးက ခါတိုင်း ပုံမှန်ခုန်နေကျထက် ပိုပိုခုန်ပေးရတယ်တဲ့။

ဒီလို ပိုပိုခုန်ပေးရတော့ နှလုံးအလုပ်လုပ်ရတာ များလာရင် နှလုံးဒဏ်ပိပြီးတော့ နှလုံးရောဂါ ဖြစ်တတ်တယ်တဲ့။
အဟိတ်တိရစ္ဆာန်မှာတောင် စိတ်လှုပ်ရှားမှု များရင် နှလုံးရောဂါ ဖြစ်နိုင်တာနော်။

လူတွေမှာဆိုလဲ ဖြစ်မှာပေါ့။ လူတွေက Emotional Creature တဲ့။ စာတွေ ကဗျာတွေ ဖွဲ့တတ်တယ်။ စိတ်ကူးယဉ်တတ်ကြတယ်။ ကွန့်မြူးတတ်တဲ့ အတွေးတွေ ရှိတယ်။ ဆိုလိုချင်တာကတော့ စိတ်ခံစားချက်တွေကို ဦးစားပေးတတ်လွန်းကြတော့ နှလုံးရောဂါ ဖြစ်နိုင်ဖို့ လမ်းစဟာ တိရစ္ဆာန်တွေထက် အဆပေါင်း ၈၅.၃ ဆ ရှိတယ် ပြောပါတယ်။ တရားဝင်မဟုတ်တဲ့ သုတေသနလို့ ဆိုပါတယ်။

ဒီထဲမှာမှ အနုပညာရှင်တွေဟာ လူသာမာန်တွေထက် နှလုံးရောဂါ အဖြစ်များတာကို တွေ့ရတယ်တဲ့။ သူတို့က ကိုယ်မဟုတ်တဲ့ ဇာတ်ရုပ်တစ်ခုကို ကိုယ်ရော စိတ်ပါ နှစ်ပြီး ခံစားပြီး သဏ္ဍာန်လုပ် သရုပ်တူအောင် အလုပ်လုပ်ရတဲ့အတွက် စိတ်ခံစားမှု၊ စိတ်လှုပ်ရှားမှုတွေ များရာကနေ ဖြစ်တာလို့ ပြောပါတယ်။ ထက်ထက်မိုးဦး နှလုံးရောဂါရှိတယ်ဆိုတာ ဒါမျိုးတွေကြောင့် ဖြစ်မှာ။ မို့မို့မြင့်အောင်လဲ တစ်ခါပြောဖူးသလား မသိဘူး။ သူတစ်ခါလောက် သရုပ်ဆောင်လိုက်ရင် လူတစ်ကိုယ်လုံး ပစ်လဲချင်လောက်အောင် လူပင်ပန်း စိတ်ပင်ပန်းဖြစ်ရတယ်တဲ့။

ကိုယ်လဲ အနုပညာသမား မဟုတ်ပေမယ့် စိတ်လှုပ်ရှားလွယ်၊ ထိခိုက်လွယ်၊ ခံစားလွယ်သပ။
လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က စပြီး သတိထားမိတာ ညညဆို နိုးလာရင် နှလုံးခုန်တာ တစ်အားမြန်ပြီး ရင်ညွှန့်ထဲက အောင့်နာလာသလိုပဲ။ သတိထားဦးမှ။ လူတစ်ယောက် မသေမချင်း နားချိန် မရှိပဲ အလုပ်ဆက်တိုက် လုပ်နေရတဲ့ သေးကွေးနုနယ် ငယ်ရွယ်တဲ့ နှလုံးသားလေးကို ဒဏ်မပိပါစေနဲ့။

တော်ရုံဆို ခံစားတတ်တဲ့ စိတ်ကို ပြင်တော့မယ်။ ဥပေက္ခာ ဆိုတဲ့ စကားလုံးကို နားလည်အောင် လုပ်တော့မယ်။ မောင်ဘွိုင်းကို စိတ်လှုပ်ရှားအောင် လာမလုပ်ကြနဲ့နော်။ နှလုံးရောဂါဖြစ်သွားရင် တရားခံ ဖြစ်သွားမယ်။ :)

(၂၀၀၉ နှစ်ဦးပိုင်းတုန်းက ရေးထားတဲ့ Personal Draft Post ပါ။ ခုမှ publish လုပ်ဖြစ်တော့တယ်။ အကြွေးတွေ ရှင်းနေတာ။ ဒါဆားချက်တာ မဟုတ်ဝူး...။ )

Wednesday, March 10, 2010

ကျွန်တော်နဲ့ Haiku

ငယ်ငယ်က မဂ္ဂဇင်း တစ်ခုမှာ မောင်သာနိုးရေးတဲ့ ဂျပန်ဟိုက္ကူ ကဗျာ အကြောင်း ဖတ်မိတယ်။
ဟိုက္ကူဆိုတာ ဇင်ဘာသာနဲ့ ဘယ်လို ပတ်သက်ဆက်စပ်တယ် ဆိုတဲ့ အကြောင်းတွေလဲ ပါတာပေါ့။
ဟိုက္ကူဆိုတာ ပထမကြောင်း ငါးလုံး ၊ ဒုတိယကြောင်း ခုနှစ်လုံး ၊ တတိယ ငါးလုံး.... ဆိုလား မသိဘူး။ အဲလို ရေးနည်းတွေလဲ ပြောပြထားတယ်။
မြည်သံစွဲ လင်္ကာတွေလဲ သုံးတယ်တဲ့။
ဟိုက္ကူကဗျာကို ဇင်ဘုန်းကြီးများလဲ ရေးစပ်ကြတယ်ဆိုတာတို့ ဘာညာပေါ့ဗျာ။
သူရေးပြသလောက် ကိုယ်တို့က ဖတ်ခဲ့ရတာကိုး။
အဲဒီမှာ သူက နာမည်ကျော် ဂျပန် ဟိုက္ကူ ကဗျာ တစ်ပုဒ်ကို ဥပမာ ပေးတယ်။
အင်္ဂလိပ်လိုလား ဂျပန်လိုလား မသိ မူရင်းကို သူတင်တယ်ထင်တယ်။
အဲဒီတုန်းက ကိုယ်က ငယ်နေသေးတော့ မြန်မာလို သူပြန်ထားတာပဲ မှတ်မိတယ်။

ရေကန်ထဲကို
ဖားကလေး ခုန်ချ
ပလုံ။


Picture Credit to : http://www.scottramsey.com.au/


အဲလိုပေါ့လေ။ အဲဒါတွေပဲ မှတ်မိတယ်။
ဒါနဲ့ ကိုယ်လဲ ခပ်တည်တည်နဲ့ အင်္ဂလိပ်လို ဘာသာပြန်ချလိုက်တယ်။
တောက်မည့် မီးခဲ တစ်ရဲရဲ ဆိုသလိုပေါ့လေ။ (အဟက်...)
ဘယ်လို ပြန်လဲ ဆိုတော့...


Into the pond
Jump The Frog
Zoop!

ကဲ ဘယ်လောက်တော်တဲ့ ကိုယ်လဲ။
ခုထိ မှတ်မိနေတုန်း။ ဟိုတစ်လောက ရီတာတို့ ပလုံတို့နဲ့တောင် စကားစပ်ရင်း ပြောပြဖြစ်သေးတယ်။

ဘာရယ် မဟုတ် ငယ်ငယ်က ကိုယ့်ကိုယ်ကို အဟုတ်ထင်ပြီး လုပ်ချင်ရာ လုပ်တာတွေကို မှတ်တမ်းတင်ထားချင်လို့။
(နောက်ဆို အင်္ဂလိပ်ပုံပြင် တစ်ပုဒ်ကြောင့် အတော့်ကို ဖြစ်ပျက်ခံစားလိုက်ရတာကို လာရေးပြဦးမယ်။ တစ်ကယ်တော့ ကိုယ်က လူကောင်ကြီးပြီး အသည်းငယ်တယ်ဆိုတာ ပြောပြချင်ထှာ။ လာ လာ မစကြနဲ့။ ဟီး။ )

ဟိုက္ကူဆိုတာ သိချင်သူများအတွက် ဝီကီမှာတော့ ဒီလို ရှင်းပြထားလေရဲ့။

မောင်သာနိုးရှင်းပြခဲ့တဲ့ နာမည်ကြီး ဂျပန် ဟိုက္ကူကတော့ အောက်ကအတိုင်းပါပဲ။ ဘရှိုး ဖား လို့ အမည်ရမယ် ထင်ပါတယ်။

Furu ike ya
kawazu tobikomu
mizu no oto


ဒါကို နိုင်ငံတကာက ဘာသာရပ် အသီးသီးနဲ့ ပြန်ထားတာကို ဒီမှာ အမျိုးပေါင်း သုံးဆယ်လောက် တွေ့ရပါလိမ့်မယ်။

ပင်လယ် အလွန်

ပင်လယ်ပျော် ကိုတံငါတို့တော့
ငါးမြူးလေ သူရို့ မျက်နှာပေါ်က အပြုံးရိပ် တင်လေပေါ့...။
ဗီယက်နမ်က ငါးခိုးဖမ်းတဲ့ အဖွဲ့တွေတဲ့...။
နှစ်ပါတ်လောက် အနည်းဆုံးနေတယ်...။
ရေခဲစက်တွေလဲ ပါတယ်...။
မိသမျှ ငါးတွေ စက်လှေ ၀မ်းဗိုက်ထဲမယ် ရေခဲရိုက်ပြီးသားပဲ...။
ပြီးမှ နီးရာ ကမ်းကပ်ပြီး ရောင်းတာတဲ့...။

တစ်ခါသားမယ် ငါးပူတင်း အကြီးစား သုံးကောင် လက်မှာဆွဲလို့ ရေနံစင်ကို လာကပ်တယ်...။
စားစရာလေး မုန့်လေး တစ်ခုခုနဲ့ လဲချင်လို့တဲ့...။
ဘီစကစ်ပဲ ရှိတယ်လို့ ပြောတော့ ရတယ်တဲ့...။
ပင်လယ်စာလေး လတ်လတ်ဆတ်ဆတ် စားလိုက်ရတဲ့ တစ်နေ့ပေါ့...။
ကိုယ်က လှိုင်းမူးတာမပျောက်တော့ ပါးစပ်ပျက်နေတာကိုး...။
ကွတ်ခ်က ငါးကြော်လေး ရှယ်ကြော်ပေးပြီး ကျွေးရှာတယ်...။
ကောင်းပါ့...။

ပင်လယ်လေကြမ်း တိုက်တော့
ကိုယ်နေရတဲ့ သဘောင်္လေးက ဟိုမှာ ဒီမှာ လူးကာ လှိမ့်ကာ ပေါ့လေ...။
ဆန်ကောထဲက ဆီးဖြူသီးတွေတော့ အစေ့နဲ့ အဆံနဲ့ တစ်ခြားစီ ဖြစ်ရော့...။
ကျွန်တော့်မှာတော့ မျော့မျော့လေးပဲ ကျန်တော့တယ်...။

အပေါ်ကို မြောက်တက်သွားလိုက်...
ငြိမ့်ခနဲ့ အောက်ကို ပြန်ကျလာလိုက်...
(ဘာမဆိုင် ညာမဆိုင် ဘရိုင်ယန် အဒမ်ရဲ့ တိမ်နံပါတ် ၉ ကို သတိရသေးရဲ့...။)
ဘယ်လူး မလိုလိုနဲ့ ညာဘက် စောင်းလိုက်...
ခြေရင်းဘက်က မြောက်တက်လာမလိုလိုနဲ့ ဘယ်ဘက်ကို မှောက်ကျလိုက်နဲ့ ...

ဝမ်းထဲက အစာတွေကို ရိပ်ခနဲ့ လည်ဝကို ရောက်လာတယ်...။
နီးရာ သန့်စင်ခန်းကို ယိုင်တိယိုင်တိုင် ယိုင်ထိုးထိုးနဲ့ ပြေး...
ဘေစင်ထဲ ခေါင်းစိုက်
အာခေါင်ထဲ လက်ညိုးထိုးထည့်ပြီးသကာလ...
အပုပ်ကောင် ရုပ်ဆောင်နေတဲ့ ဒီ အတ္တဘောကြီး စားထားသမျှ
မကြေညှက်သေးတာရော၊ ချက်ပြီးသားရော
အကုန် ဒလဟော ရေတံခွန်လို သွင်သွင်စီးပါလေရော...။

အပြန်လမ်းမှာ အမေ့သား ၄ ကီလို လျော့သွားတယ် အမေ...။
မျက်နှာမှာ နေလောင်ကွက်တွေနဲ့...။
ဂိ....။

Monday, March 8, 2010

စိတ္တဇ

နေ့စဉ်ထုတ်သတင်းစာများ ပြန့်ကျဲလျက်။
ရုပ်ရှင်လက်မှတ်များ ဟိုတစ်စောင် ဒီတစ်စောင်။
အခန်းထောင့်တွင်မတော့ တုံးလုံးပက်လက် Jack Danial နှင့် Chivas ပုလင်းခွံ။
အပေါ်သို့ လွှင့်ပျံတက်သွားသော ဆေးလိပ်မီးခိုးများကို ကြည့်လျက် အဟက် ဟု ရယ်မိလေသလား။
“အဟွတ်” တဲ့။
မရှိုက်တတ် ရှိုက်တတ်နဲ့ အဆုတ်ထဲ ဆေးလိပ်ငွေ့ကို ရှိုက်မှတော့ ချောင်းဆိုးပြီပေါ့။
ဘယ်တော့မှ မြည်လာမည် မဟုတ်သော ဖုန်းခေါ်ဆိုသံကို အခါခါ ငံ့လင့်စွာ တမ်းတလျက်။
မက်ဆေ့ခ်ျ စာတိုများ ခေတ္တ ခဏ ငုပ်လျိုးနေရာမှ ကြာရှည်စွာ တိတ်ဆိတ်လာခဲ့လေရာ...။

တိတ်ဆိတ်ခြင်း၏ အော်မြည်သံကို မခံနိုင်သည့် အဆုံး
အခန်းထောင့်တွင် ထောင်ထားသော ဂစ်တာကို မာရ်နတ်ဆိုး စစ်ချီနေသည့်အလား တီးလိုက်လေမှ စိတ်အဆာတစ်ဝက် ပြေသွားသည်။

ဆေးလိပ်ဗူးခွံမှ စာတမ်းများကို တောင်စဉ်ရေမရ ဖတ်နေမိသည်။
"Smoking Kills"
အဖတ်ဖတ်လန်နေသော အနာများနှင့် ပြည့်နေသော နှုတ်ခမ်းတစ်စုံကို တွဲတင်ထားသည်။ အာခေါင်ကင်ဆာပေါ့။

လွန်လေပြီးသော ရက်များဆီက တစ်တုံတုံမြည်နေခဲ့သော ဖုန်းသည် ယခုအခါတွင်မတော့ သူမဟုတ်သကဲ့သို့ အိပ်မောကျလျက်။

အလွတ်ရနေသော နံပါတ်တစ်ခုကို နှိပ်လိုက်ပြီးမှ Call ဟူသော ခလုတ်စိမ်းစိမ်းလေးကို မနှိပ်မိ။


ကြက်ခြေခတ် မီးခိုးရောင်ဖျော့ဖျော့ Icon လေးသည် Gtalk list တွင် ယခုတိုင် ရှိနေဆဲ။

ပုပ်သိုးဟောင်းနွမ်းနေသော ရက်စွဲများနှင့် ဂျီမေးလ်ထဲက မက်ဆေ့ခ်ျများသည် စာတစ်စောင်သာ ဖြစ်ခဲ့ပါက အထပ်ထပ် ဖတ်လွန်းသဖြင့် ကြေမွကောင်း ကြေမွနေချေလိမ့်မည်။

ရင်ဘတ်ဆီမှ စေးထန်းထန်းအရာများ စီးနေတာကို မြင်မှ အလန့်တကြား စမ်းမိသည်။ နှလုံးသွေး ဆိုတာ ဒါလား။
ကျောဘက်မှလဲ ထိုနည်းလည်းကောင်း။
နံရံတွင်မတော့ မြှားတစ်စင်း...။
သွေးစများနှင့် ခြောက်သွေ့လျက်။
ပြတင်းတံခါးမှ တစ်ဖျတ်ဖျတ် အသံကြား၍ လှည့်ကြည့်လိုက်တော့ အိပ်မှုန်စုန်မွားနှင့် ကျူးပစ်။
“ကိုယ်ပစ်တာ အရှိန်လွန်သွားတယ်” ဟု ပြောရင်း အပြင်ကို ပျံသန်းသွားသည်။
အမြင်အာရုံများ ဝေဝါးလာသည်။
ထို့နောက်...
ထို့နောက်....

အပြင်ဘက်ဆီမှာတော့ လေပြင်းတစ်ချက် ဝှေ့ကနဲ တိုက်နေလေ၏။
“ဖြောင်း”

ငယ်ငယ်က ဖတ်ဖူးတဲ့ ဝတ္ထု တစ်ခုရဲ့ စတိုင်ကိုမှီးထားတာ။

Wednesday, March 3, 2010

Chaser, Runner, Bystander

လိုက်တုန်းက ပြေးနေသူ
မောလို့ ရပ်လိုက်တော့ ကျီစယ်ပြန်တယ်။

ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို
ခဲတစ်လုံး ပစ်ချလိုက်သလို ဂယက် ပြန်ထသွားတယ်။
ကမ်းစပ်ကိုတောင် လှိုင်းတွေ ခတ်သွားလေရဲ့။

ဒီလိုနဲ့ သစ်စိမ်းတွေ အခါခါ ကျိုးပြန်ပေဦးမပေါ့။

လရောင်ကို ယစ်မူးနေလို့ ဂယောင်ဂတမ်း ရေးမိတယ် ထင်ပါ့။ ခွင့်လွှတ်ပါကုန်။
အစ်မကြီး ယို။ :P

meebo for iPhone

တစ်ချို့တွေကတော့ သိပြီး ဖြစ်ပါလိမ့်မယ်။ အခုပို့စ်ကတော့ မသိသေးသူများအတွက် မျှဝေခြင်း ဖြစ်ပါတယ်။ နောင်ကိုလဲ အလျဉ်းသင့်ရင် သင့်သလို ကြုံရာ iPhone နဲ့ ပတ်သက်တာလေးကို သိသလောက် ဖြန့်ဝေသွားပါမယ်။



iPhone အတွက် IM များကို တစ်နေရာတည်းမှာ အကုန်စုထားပေးတဲ့ apps တစ်ခုပါ။
msn, yahoo, gtalk, ICQ, AIM, FaceBook စတဲ့ အကောင့်တွေကို တစ်ခုချင်း လိုက်စစ်နေစရာမလိုပဲ တစ်ချိန်ထဲမှာ chatting ဝင်နိုင်ပါတယ်။



ebuddy တို့နဲ့ မတူတဲ့ အချက်ကတော့ iPhone မှာ သူ့ကို တစ်ခါတည်း log in လုပ်ထားလိုက်ရင် apps က နောက်ကနေ running လုပ်ထားမှာ ဖြစ်ပါတယ်။ iPhone မှာပါတဲ့ Push Function ရဲ့ လုပ်ဆောင်ချက်ကို အသုံးပြုထားတဲ့အတွက် apps ကို ပိတ်ထားပေမယ့် ကိုယ် log in လုပ်ထားတဲ့ chat messenger တစ်ခုခုကနေ ပြီးတော့ တစ်ယောက်ယောက်က ကိုယ့်ကို မက်ဆေ့ခ်ျပို့လာရင်၊ chatting လုပ်လာရင် ကိုယ့်ကို အလိုအလျောက် အသိပေးတဲ့ လုပ်ဆောင်ချက် ပါပါတယ်။ တစ်ခု သတိထားရမှာက apps ကို ပိတ်ထားသော်ငြားလည်း ကိုယ် log in ဝင်နေသမျှ ကာလပတ်လုံး ကိုယ်ဟာ အွန်လိုင်းမှာ ရှိနေတယ် ဆိုတာပါပဲ။ အွန်လိုင်း မရှိစေချင်ရင်တော့ သက်ဆိုင်ရာ အကောင့်ကို log out လုပ်ဖို့ မမေ့ပါနဲ့။ တစ်ညလုံး အွန်လိုင်း ဝင်ထားတယ် ဖြစ်နေဦးမယ်။ ကြုံဖူးပါပြိ။



ဘယ်သူတွေနဲ့ ဘယ်အချိန်မှာ ဘယ်အကောင့်ကနေ ဘာတွေ ပြောခဲ့တယ်ဆိုတာကိုလဲ မှတ်တမ်းတင်ပေးထားတဲ့ လုပ်ဆောင်ချက်လဲ ပါတယ်။


နောက် စာရိုက်ရတာ အဆင်ပြေအောင် အလျားလိုက် မုဒ်လဲ ထည့်ထားပေးတယ်။
အသေးစိတ်တော့ Install လုပ်ပြီး စမ်းကြည့်ကြပါလား။

Download လုပ်ချင်သူများအတွက် iTunes Store ရဲ့ အောက်က လင့်ခ်မှာ သွားယူနိုင်ပါတယ်။

http://itunes.apple.com/app/meebo/id351727311

iPhone အပြင် အခြားသော Windows Mobile Phone, Java Phone, Symbian Phone, Android Phone , BlackBerry Phone များ အတွက်လဲ သက်ဆိုင်ရာ ဗားရှင်းတွေ ရှိပါတယ်။ အောက်က လင့်ခ်မှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ ဗားရှင်းကို Download လုပ်နိုင်ပါတယ်။ လုပ်ဆောင်ချက်တွေကတော့ ဖုန်းအမျိုးအစားပေါ် မူတည်လို့ ကွာခြားနိုင်ပါတယ်။

http://www.meebo.com/meebomobile/


iPhone အတွက် အောက်က ပုံကို ကလစ် နှိပ်လိုက်ရင် ရပါတယ်။



Android Phone သုံးသူတွေ အတွက်ကတော့ အောက်က ပုံကို ကလစ်လုပ်လိုက်ပါ...။



Windows Mobile, Symbian, BlackBerry phone အမျိုးအစား သုံးသူများအတွက်ကတော့ အောက်က လိုဂိုလေးကို နှိပ်ပေးလိုက်ပါ။

Tuesday, March 2, 2010

iPhone apps on my phone









့ပထမ စစချင်း တင်လိုက်တုန်းက ဖုန်းထဲကနေ ဘလော့စပေါ့ကို Direct တင်လိုက်တာ။ ပုံတွေက တစ်ကြောင်းကို တစ်ပုံချင်း တက်သွားတယ်။ အခုမှ ပြန်ကြည့်မိတော့မှ ရှည်လမျော ဖြစ်နေလို့ ပြန်ပြင်လိုက်ပါတယ်။

သုံးထားတဲ့ apps တွေက အကုန်လုံး ဖရီးတွေချည်းပဲ။ ဒါပေမယ့် တစ်ချို့တွေက အခုအချိန်မှာ ၅ ကျပ် ၆ ကျပ်တွေ ပြန်ဖြစ်နေပြီ။

ကျွန်တော်ဘာလို့ ဖရီးရထားလဲ သိချင်လား။
ပထမဆုံးပုံရဲ့ ဘယ်ဘက်အောက်ဆုံးထောင့်နားက apps ကို တွေ့မိလား။
နာမည်က Pandora Box တဲ့။ ဒီ Application က Apple ရဲ့ iTunes စတိုးမှာ တင်ထားတဲ့ apps တွေထဲက တစ်နေ့တာ ဖရီးအနေနဲ့ ပေးထားတတ်တာတွေကို တစ်စုတစ်စည်းတည်း ပေါင်းထားပေးတယ်။ ကိုယ်ကြိုက်တာ တွေ့ရင် သုံးပေါ့ဗျာ..။ တစ်နေ့တစ်နေ့ ဘာတွေ ဖရီး တက်လာမလဲ စောင့်နေတာ အမော...။ :P

လောလောဆယ် လိုချင်နေတာက ၁၀၀ တန် Tom Tom Navigation Software. Singapore, Malaysia, Indonesia မြေပုံတွေ ပါတယ်။ ဟိုတစ်လောက ၅၀% ဈေးချတာ တရုတ်ပြည် ရောက်နေတော့ ဝယ်ဖို့ အခွင့်အရေး မရလိုက်ဘူး။

တော်သေးပြီ ဒေါ်အေးရီ။
နောက်မှ ဆက်ပါဦးမယ် ဒေါ်အုန်းကြွယ်...။


အပွေးမြင် အပင်သိ အသွေးမြင် အသွင်သိတဲ့။
ကျွန်တော် တင်ထားတဲ့ သုံးထားတဲ့ apps တွေကနေ တစ်ဆင့် ကျွန်တော့်စိတ်ကို ဖတ်နိုင်တယ်ဆိုရင် မှန်မလားဟင်။