Friday, May 18, 2012

Bali Trip 03 : Departure

Bali Trip 01 , Bali Trip 02 ဖတ်ရန်။

Air Ticket, Hotel Booking Confirm ဖြစ်ပြီးတဲ့နောက် ယူစရာရှိတဲ့ စာရင်းများကို ပြုစုပြီးရင် ခရီးထွက်စို့လား...။

စင်ကာပူ လေကြောင်းလိုင်း ခရီးစဉ် SQ 946 နဲ့ ညနေ ၄း၄၀ ချန်ဂီလေဆိပ် တာမီနယ် ၂ ကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။
ဗီဇာကတော့ ဘာလီလေဆိပ်ရောက်မှာ Visa On Arrival ယူရုံပဲ ဆိုတော့ ကိစ္စ မရှိပါဘူး။
ပတ်စ်ပို့ကလဲ ၂၀၁၃ ၇ လပိုင်းမှ ကုန်မှာဆိုတော့ အားလုံး အဆင်ပြေပါတယ်။
Airport  က Singapore Air Counter မှာ နေ့လည် ၂ နာရီ Check In ဝင်ပါတယ်။ ဂျူတီဖရီးရှော့ထဲမှာ ရှော့ပင်ထွက်ချိန်ရအောင်ပါ။ တစ်ကယ်က မနက်ပိုင်းလေယာဉ်နဲ့ သွားချင်သော်လည်း ထိုင်ခုံပြည့်နေလို့ ညနေဖလိုက်နဲ့ သွားတာ ဖြစ်ပါတယ်။

ချက်အင် ပြီးတော့ လဝက ကို ဖြတ်ပါတယ်။
အဲဒီနောက် ဘယ်ဘယ်ခြမ်းက ငွေလဲ ကောင်တာ ရှိတဲ့ ဘဏ်တွေဆီ သွားပြီး အင်ဒိုနီးရှား ရူပီး လဲပါတယ်။ ချန်ဂီလေဆိပ်ကတော့ ရိတ်တယ်။ စင်ကာပူ တစ်ဒေါ်လာကို ၆၉၆၀ ရူပီးပဲ ပေးပါတယ်။ လဲပြီးတဲ့နောက် တစ်ခြားဆိုင်တွေကို လျှောက်ကြည့်ပါတယ်။
ထူးထူးထွေထွေတော့ မဝယ်ဖြစ်ပါဘူး။
နေကာမျက်မှန် တစ်လက်တော့ ဝယ်ဖြစ်ခဲ့တယ်။ အရှေ့ဖက် ပို့စ်မှာ ပြောခဲ့ပြီးပါပြီ။

အင်ဒိုနီးရှားကို သွားမယ်ဆိုရင် ငွေသားကို ရူပီး သန်း၁၀၀ ပဲ ယူသွားလို့ရပါမယ်။ အမေရိကန် ဒေါ်လာ ၁၁,၀၀၀ နီးပါးပေါ့လေ။ ကျွန်တော်ကတော့ စင်ကာပူ ငွေသား ၁၀၀၀ ဒေါ်လာ ယူသွားပါတယ်။

စင်ကာပူကနေ ဘာလီကျွန်းက Denpasar လေဆိပ်ကို ပျံသန်းချိန် ၂း၂၀ နာရီလောက် ကြာပါတယ်။ လေယာဉ်ပေါ်မှာ ညနေစာ ကျွေးပါတယ်။ စားလို့ ကောင်းအောင် ဝိုင်နီနှစ်ခွက်ဆင့် သောက်ပစ်လိုက်တယ်။

လေယာဉ်ပေါ်မှာ ရုပ်ရှင်တွေ ပြပေးပါတယ်။ အသွားကိုတော့ ကိုရီးယားကား Spell Bounce ဆိုတဲ့ Horror Movies ကြည့်သွားတယ်။ အဲယားကွန်း အေးလို့ စောင်တောင်းခြုံရတယ်။

ဘာလီကို ည ၇း၀၀ နာရီလောက်မှာ လေယာဉ်ဆိုက်ပါတယ်။ လေယာဉ်ဆိုက်တာ ၃ စီးတိုက်နေလို့ အဝင်မှာ လူတွေ ကျပ်ညှပ်နေပါတယ်။ ဗီဇာကြေး USD 25 ကို ဗီဇာကြေး ကောက်ခံတဲ့ ကောင်တာ ငါးခုကနေ ကောက်ခံပေးပါတယ်။ လူတန်းရှည်ကြီးက မြွေလိမ်မြွေကောက်ပါပဲ။ အများပိုင်းတွေ့ရတာ သြဇီတွေ ဖြစ်ပါတယ်။ လေဆိပ် ဖွဲစည်းပုံက မြန်မာပြည် ပြန်ရောက်သွားတဲ့ အတိုင်းပဲ...။ လျှောက်လမ်း တစ်လျှောက်မှာလဲ ဘာလီ လက်ရာ ပန်းပုတွေ လက်စွမ်းပြထားတဲ့ အရုပ်တွေ တွေ့ရပါတယ်။

ဗီဇာကြေးပေးဖို့ လူနည်းတယ် ထင်ရတဲ့ အတန်းကို တန်းစီပါတယ်။ ရှေ့မှာ အယောက် ၃၀ လောက်... တန်းစီနေပါတယ်။ တစ်မေ့တစ်မောလောက် တန်းစီပြီးမှ ကိုယ့်အလှည့် ရောက်ပါတယ်။ ဒေါ်လာနဲ့ ပေးဆောင်နိုင်သလို ရူပီးနဲ့လဲ ပေးဆောင်နိုင်ပါတယ်။ ကိုယ့်လက်ထဲက ပတ်စ်ပို့နဲ့ ယူအက်စ်ဒေါ်လာကို အသင့်ဆောင်ထားရုံပါပဲ။

ကောင်တာက ငွေလက်ခံတဲ့ ဝန်ထမ်းက ကိုယ့်လက်ထဲက ပတ်စ်ပို့ အနီရောင်ကို မြင်တာနဲ့ တောင်းကြည့်ပြီး No Need to pay Visa Fees for Myanmar လို့ ပြောပါတယ်။ အဲလိုမှန်း သိရင် အစကတည်းက တန်းမစီပါဘူး။ သတိပေးစာတမ်းလဲ ကပ်ထားတာ မတွေ့မိပါဘူး။ ကိုယ်တွေပဲ မျက်စိလျှမ်းသွားတာလား မသိဘူး။ အနောက်က တန်းစီနေတဲ့ သူတွေက ကိုယ်တွေကို အားကျတဲ့ အကြည့်နဲ့ ကြည့်နေကြတယ် (လို့ ထင်ပစ်လိုက်တယ်။ ၂ ယောက်စာ ဒေါ်လာ ၅၀ သက်သာတာ နည်းလား...။ :P ) အာဆီယံနိုင်ငံ မို့လို့လား မသိဘူး။ ဒီအတိုင်းဆို အင်ဒိုနီးရှန်းတွေ မြန်မာပြည် သွားလည်ရင် အပြန်အလှန်အနေနဲ့ ဗီဇာကြေး ပေးစရာ မလိုတော့ဘူးပေါ့။

အဲဒီနောက် လူဝင်မှု ကြီးကြပ်ရေး လဝက ကောင်တာ Immigration Counter ကို သွားပြီး တန်းစီပါတယ်။ ကောင်တာက ဗီဇာ တံဆိပ်တုံး ထုနေတဲ့ လဝက ဝန်ထမ်းက ကိုယ်တွေအလှည့်လဲ ရောက်ခါနီးရော၊ ကိုယ့်လက်ထဲက စာအုပ် အနီရောင်ကို တွေ့ရော ညာဘယ်ခြမ်းက အထူး သံတမန်၊ Airplane Crew Member နဲ့ Special Case များ အတွက်သာ လို့ ရေးထားတဲ့ လဝက ကောင်တာကို သွားဖို့ လက်လှမ်းညွှန်ပါတယ်။ ကိုယ်တွေကလဲ အဲဒီကို သွားခိုင်းတာ သေချာလားလို့ လက်ဟန်ခြေဟန် နဲ့ မေးတော့ ခေါင်းညိတ်ပြပြီး သွားမှာသာ သွားစမ်းပါလို့ လက်ဝှေ့ယမ်းပြပြန်ပါတယ်။

အဲဒါနဲ့ နှစ်ယောက်သား ကောင်တာ နှစ်ခုသာ ရှိတဲ့ စပါယ်ရှယ် လဝက ကောင်တာကို သွားပါတယ်။ အဲဒီမှာ တန်းစီနေတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ သူတို့က ကျွန်တော်တို့ လက်ထဲက စာအုပ်ကို သေချာတောင် စစ်မနေတော့ပါဘူး။ တံဆပ်တုံးနဲ့ ဒုန်းကနဲ ထု၊ Arrival Form White Card ကို ဖြဲယူ၊ Departure Form ကို စာအုပ်ကြားထဲ ညှပ်ပေးပါတယ်။ ပြီးပြီလား ဆိုတော့ ပြီးပြီတဲ့...။ Return Ticket တောင်းတာ ဘာညာ ဘယ်ဟိုတယ်မှာ တည်းမယ် ဘာညာ မမေးပဲ အမေးအမြန်း မရှိ တုံးထု ပေးလိုက်တော့ အံ့သြနေမိ....။



တစ်ခြားနိုင်ငံသွားလို့ အနီရောင်စာအုပ် ကိုင်ထားတာ တွေ့ရင် ဖင်ပြန် ခေါင်းပြန် စစ်၊ အပြန် လေယာဉ်လက်မှတ် တောင်းစစ်တတ်တဲ့ တစ်ခြားနိုင်ငံက လဝက တွေနဲ့ မတူဖြစ်နေလို့ ကိုယ်က အထူးအဆန်း ဖြစ်နေတာ။

နှစ်ယောက်သား စာအုပ်ကို စစ်ကြည့်တော့လဲ ရက် ၂၀ ၃၀  (Typo Error : It is supposed to be 30 dyas by default. Thanks to မမမမ who commented in C-Box) အလည်ဗီဇာ တုံးထုပေးထားတာ တွေ့ရတယ်။ အဲဒါနဲ့ Luggage တွေ ရွေးဖို့ ပစ္စည်းတွေ ရှိရာဆီကို သွားတာပေါ့။ ပစ္စည်းတွေက ဝန်ထမ်းတွေက အောက်ကို ချထားပေးသား ဖြစ်နေပါပြီ။ ဒီမှာလဲ Custom ကို သွားတဲ့ လမ်းမှာ များလိုက်တဲ့ လူတွေ။ နည်းနည်းတော့ လူလည်လုပ်ပြီး သူများ တန်းစီတာကို ကြားဖြတ်တိုးလိုက်တယ်။ ဘယ်သူ့ကို ဘယ်သူမှလဲ ဂရုမစိုက်နိုင်တော့ပါဘူး။ အဲယားကွန်းကလဲ မနိုင်၊ ပူက ပူဆိုတော့ ထွက်ချင်တာပဲ သိတော့တယ်။ နိုင်ငံခြားသားတွေလဲ ဒီလိုပဲ တန်းစီမနေပဲ ကြုံရင် ကြုံသလို ဖြတ်ဖြတ် ဝင်နေတာ မြင်ရတယ်။ ပြည်မကြီးက တရုတ်၊ ဟောင်ကောင် ထိုင်ဝမ် တရုတ်နဲ့ သြဇီ အတွေ့များတယ်။ စလုံးတရုတ်များ မတွေ့မိသလိုပဲ...။

အကောက်ခွန်ကို Green Channel ကနေ ဖြတ်ခဲ့တာပေါ့။ ကိုယ်တွေက ဥပဒေနဲ့ မလွှတ်ကင်းတာ ဘာမှ မပါတော့ ဒီအတိုင်းပါပဲ။ မဖြတ်ခင်မှာ X-ray စက်ကို ပစ္စည်းတွေ အကုန်လုံး ဖြတ်ရပါတယ်။ အိတ်ဆောင်၊ လက်ဆွဲအိတ် အကုန် ဖြတ်ရပါတယ်။ တစ်ချို့ အိတ်တွေ ပုံပျက်ပန်းပျက် ဖြစ်နေတာ၊ ဥပဓိရုပ် သိပ်မကောင်းတာ မြင်ရင် ခေါ်ပြီး အိတ်ဖွင့်ခိုင်းပြီး စစ်ပါတယ်။ ရှေ့က Foreigner ကတော့ ဆေးဘဲရုပ် ပေါက်နေလို့ သူ့ပစ္စည်းတွေ စစ်နေပါတယ်။ ဘီးဖာတဲ့ ကော်ဗူးလိုဟာကို သေချာပိတ်ပြီး တိတ်နဲ့ အဖုံးတွေကို အလုံပိတ်ထားတဲ့ဟာကို အကောက်ခွန်က မေးတော့ သူက ယိုတွေလို့ ပြောပါတယ်။ ဘာတွေ ဖြစ်ကျန်ခဲ့လဲ မသိဘူး။ ကိုယ်တွေလဲ သူတို့ကို ဖြတ်ကျော်ခဲ့တယ်။

အကောက်ခွန်က ထွက်တာနဲ့ ကော်ရစ်ဒါ ဘေးမှာ ငွေလဲဆိုင် မှန်လုံခန်းလေးတွေ တန်းစီနေတာ တွေ့ရပါတယ်။ တိုးရစ်များက ပထမဆုံး တွေ့တဲ့ ဆိုင်မှာ လဲကြတာ များတယ်။ ၁၂ ဆိုင်လောက် ရှိမယ် ထင်တယ်။ သူတို့တစ်တွေလဲ လာသမျှ လူတွေကို ငွေလဲဖို့ ခေါ်နေတာ ရွှေတိဂုံဘုရားက ပန်းရောင်းသည်တွေ ဘုရားဖူးကို ပန်းဝယ်ခိုင်းသလိုပဲ။ ငွေလဲနှု့န်းက စလုံး တစ်ဒေါ်လာကို ရူပီး ၇၁၀၀ တဲ့။ မြို့ထဲက ဘဏ်မှာဆို ၇၃၀၀ အနည်းဆုံး ပေးပါတယ်။

ကျွန်တော်တို့က လဲစရာ မလိုတော့ ဒီအတိုင်းပဲ ထွက်ခဲ့ပါတယ်။ လေဆိပ် အတွင်းခန်းက လူကြိုတဲ့ အခန်းကို ထွက်လိုက်တော့ လာကြိုတဲ့ လူတွေ မနည်းပါဘူး။ ဆိုင်ရာ ဆိုင်ရာ ဟိုတယ်က လာကြိုသူတွေဟာ လက်ထဲမှာ လူနာမည်နဲ့ လေယာဉ်ဖလိုက် ခရီးစဉ် အမှတ်နဲ့...ဆိုင်းဘုတ်တွေ ကိုယ်စီ ကိုင်ထားပါတယ်...။ ဘုရားပွဲ ကျနေတာပဲ။ သူတို့ကို ရှောင်ကွင်းပြီး လေဆိပ်ခန်းမ အပြင်ဖက်ကို ထွက်လိုက်ပါတယ်။ ကိုယ်တိုင် တက်စီငှားမှာ ဆိုတော့ ဟိုတယ်ကို ကား မစီစဉ်ခိုင်းဘူးလေ။ Tripadvisor ထဲမှာ ရေးထားတာက BlueBire Taxi ကိုသာ ငှားပါတဲ့။ သူတို့က Meter နဲ့ မောင်းလို့တဲ့။ တစ်ခြား တက်စီသမားတွေက မတန်တဆ တောင်းတတ်လို့ပါတဲ့။ အဲဒါနဲ့ BlueBird လိုက်ရှာတော့ လေဆိပ် ကားပါကင်ပဲ တွေ့ပါတယ်။ လေဆိပ်အပြင်ဘက်က တံခါးပေါက် ညာဘက်ခြမ်းမှာ TAXI ဆိုပြီး ဆိုင်းဘုတ်ကြီးကြီး တပ်ထားတာ တွေ့တော့ ဝမ်းသာအားရနဲ့ သွားလိုက်ပါတယ်။ မှန်ကာထားတဲ့ အခန်းမှာ တက်စီတွေကို လက်ခံ ငှားပေးနေပါတယ်။ ကောင်တာနောက်မှာ ဇယားတစ်ခု ဆွဲထားပြီး ကိုယ်သွားလိုတဲ့ နေရာအလိုက် တက်စီ ဈေးနှုန်းတွေကို ရေးထားတာ တွေ့ရပါတယ်။ ကျွန်တော်တို့က Kuta သွားရမှာ ဆိုတော့ 50000~60000 ကျပါတယ်။ လက်မှတ်ဖြတ်တော့ IDR 60,000 ကျပါတယ်။ လက်မှတ်ဖြတ်၊ သက်ဆိုင်ရာ တက်စီသမားနဲ့ လိုက်သွား ကားပေါ်တက်ပြီး ဟိုတယ်ကို လိုက်ပို့ခိုင်းပါတယ်။

ကောင်းကင်မှာတော့ ပုဇွန်ဆီရောင် သမ်းနေတဲ့ ဆည်းဆာက လှချင်တိုင်း လှနေပါတယ်။
ကိုယ်လာပြီ ဘာလီရေ.....။

Thursday, May 17, 2012

Bali Trip 02 : What to Bring and Necessity

Bali Trip 01 ဖတ်ရန်။

Air Ticket လဲရပြီ။ ဟိုတယ် ဘွတ်ကင်လဲ အဆင်ပြေပြီ။ သွားလည်ရမယ့် နေရာတွေကိုလဲ အသည်းလေးကို တာဝန်ပေးထားပြီး သူကလဲ အိမ်စာတွေ ကြေနေပြီ ဆိုတော့ ကျွန်တော့်ဖက်ခြမ်းက လိုအပ်တာတွေ စီစဉ်ရပါတော့တယ်။
အောက်က စာရင်းကတော့ လိုအပ်တယ်လို့ ထင်တာတွေ ပြုစုထားတာပါ။

၁။ ခရဒ်ဒစ်ကဒ်
၂။ နိုင်ငံတကာမှာ ငွေသားထုတ်နိုင်တဲ့ ATM Card (DBS, POSB သုံးသူများ အနေနဲ့ နိုင်ငံခြား မထွက်ခင် ကိုယ့် အေတီအမ်ကဒ်ကို နိုင်ငံခြားမှာငွေသား ထုတ်နိုင်အောင် Activate လုပ်သွားသင့်ကြောင်း။ ဘဏ်က ပင်လယ်ရပ်ခြားမှာ အေတီအမ်ကနေ ငွေသား ထုတ်ယူခွင့်ကို အော်တို ပိတ်ထားပါတယ်။)
၃။ ငွေသား (စင်ကာပူ ၅၀၀ အနည်းဆုံး ယူသွားပါရန်။)
၎။ ပတ်စ်ပို့
၅။ နေလောင်ခံ လိမ်းဆေး (SPF 50 နှင့်အထက် ကိုသာ ဝယ်ယူပါရန်)
၆။ နေကာမျက်မှန် (နေပူချက် ရက်စက်တယ်။)
၇။ ရေကူးဝတ်စုံ (၂ စုံလောက်ဆို တော်ပါပြီ။)
၈။ ထသွား ထလာ ဝတ်စုံ (ချွေးစုပ်လွယ်တဲ့ ၊ ပါးတဲ့ အကျီ ဘောင်းဘီ တို များ)
၉။ ဖုန်း (ဆက်သွယ်ရေး မပြတ်စေရန် ဖုန်းကို Roaming ကြိုဖွင့်ရန်။)
၁၀။ Flip Flop ဖိနပ် နဲ့ Shoe ဖိနပ်
၁၁။ အနွေးထည်
၁၂။ ခရီးသွား အာမခံ 

၁။ ခရဒ်ဒစ်ကဒ်

http://serenachew.files.wordpress.com/2009/12/dbsvisadebit_card.jpg

အရင်ကတော့ နိုင်ငံရပ်ခြားမှာ ခရဒ်ဒစ်ကဒ် မသုံးချင်ပါဘူး။ မသုံးချင်တဲ့ အကြောင်းကတော့
http://www.sgrate.com/images/200903/goods_img/43_G_1236499047901.jpg(က) ကိုယ့်ကဒ်ကို မိတ္တူပွားပြီး ခိုးသုံးမှာ စိုးရိမ်တာရယ်။
(ခ) ဒေသခံ ငွေကြေးကနေ ကိုယ့်သုံးနေကျ စင်ကာပူ ဒေါ်လာကို ပြန်ပြောင်းပေးတဲ့ ငွေလဲနှုန်းတွေ ကွာနေတာရယ်။
(ဂ) တစ်ချို့နိုင်ငံတွေက ခရဒ်ဒစ်ကဒ် သုံးရင် ကဒ်ဝန်ဆောင်ခကို ၃ % ထပ်ဖြတ်တာရယ်။
စတာတွေကြောင့် သိပ်မသုံးဖြစ်ပါ။
http://www.dbs.com/sg/personal/cards/debit-card/common/img/dbs_nus_alumni_debit.jpg
အခုတော့ ဘာလီမှာ ကျွန်တော့ ကိုယ်တွေ့အရ အထက်က အကြောင်းအချက်တွေ ကင်းရှင်းပါတယ်။ ဒီကို ပြန်ရောက်လို့ ဘဏ်ရှင်းတမ်းတွေ ပြန်တိုက်ကြည့်တော့ ငွေလဲနှုန်းက မဆိုစလောက်ပဲ ကွာတာမို့လို့ အဆင်ပြေပါတယ်။ ဘာလီမှာ ငွေလဲနှုန်းက ၇၃၀၀ ဆိုရင် ဘဏ်က ဖြတ်တာက ၇၂၀၀ လောက် ရှိပါတယ်။


၂။ ATM Card

http://wirused.files.wordpress.com/2010/09/posbcard.jpg 

DBS နဲ့ POSB ဘဏ်က ပြီးခဲ့တဲ့ သုံးလေးလ လောက်တုန်းက မသမာသူတွေက သူ့အေတီအမ်စက်မှာ လျို့ဝှက် ကင်မရာတွေ တပ်ပြီး ငွေလာထုတ်သူရဲ့  အေတီအမ်ကဒ် အချက်အလက်ကို ခိုးယူ၊ ကဒ်ကို ပွားပြီး မလေးရှားမှာ ငွေသားတွေ သွားထုတ်ခဲ့ပါတယ်။
အဲဒီအတွက်ကြောင့် ဘဏ်ကနေပြီးတော့ အေတီအမ်ကဒ်တွေကို ပင်လယ်ရပ်ခြားမှာ ထုတ်ယူခွင့်ကို Default ပိတ်ထားပါတယ်။ ကိုယ်က အလည်ခရီး ထွက်လို့ အေတီအမ်မှာ ငွေထုတ်ချင်ရင် ဘဏ်ကို အကြောင်းကြားပြီး ဖွင့်ခိုင်းရပါတယ်။
တစ်ခြားသော ဘဏ်တွေက ပိတ်မပိတ်တော့ မသိပါ။ ကိုယ်နဲ့ သက်ဆိုင်ရာ ဘဏ်ကိုသာ ဆက်သွယ် မေးမြန်းကြပါ။

၃။ ငွေသား

http://image.shutterstock.com/display_pic_with_logo/204772/204772,1236619744,2/stock-photo-close-up-shot-of-singapore-dollar-notes-26390563.jpg 
ကျွန်တော် စင်ကာပူ ဒေါ်လာ ၅၀၀ ပဲ ယူသွားပါတယ်။ (မလောက်ပါဘူး။ :P )
ချန်ဂီလေဆိပ်က ငွေလွဲကောင်တာကနေ ဒေါ်လာ ၂၀ ဖိုးလောက်ပဲ ငွေလဲသွားပါ။ တက်ကစီဖိုးပါ။ (Hotel ကနေ Airport Transportation ကို ကြိုစီစဉ်ထားရင်တော့ တက်စီ ငှားစရာ မလိုပါ။ ကိုယ့်ကို လာကြိုတဲ့သူတွေကို လူအုပ်ပေါင်း မြောက်များစွာ ထောင်ထားတဲ့ နာမည် ဆိုင်းဘုတ်ကနေ ပြူးပြဲ ရှာဖို့တော့ လိုပါတယ်။)
ကျွန်တော့် ဟိုတယ် ရှိရာ အရပ်ဖြစ်တဲ့ Kuta ကို သွားချင်ရင် ရူပီး ၆၀,၀၀၀ ပဲ ကျပါမယ်။
လေဆိပ်က အဆောက်အဦက ထွက်တာနဲ့ အဆောက်အဦ အပြင်ဖက် ညာဘက်ခြမ်းမှာ တက္ကစီငှားလို့ရတဲ့ အခန်း ရှိပါတယ်။ TAXI ဆိုပြီး ဆိုင်းဘုတ်တပ်ထားပါတယ်။ အဲဒီအခန်းရှေ့က ကောင်တာမှာ ကိုယ်သွားချင်တဲ့ ဧရိယာကို ပြောပြီး ကျသင့်ငွေ ပေးလိုက်ရင် ဘောက်ချာ တစ်စောင် ဖြတ်ပေးပါတယ်။ အဲဒီနားက အသင့်စောင့်နေတဲ့ ဒရိုင်ဘာနဲ့ အတူ ကားပါကင်ထဲက တက္ကစီဆီ လျှောက်သွားပြီး စီးရုံပါပဲ။
ဘာလီလေဆိပ်မှာ ငွေလဲ ကောင်တာတွေ ရှိပါတယ်။ မလဲပါနဲ့။
မြို့ထဲနားက ငွေလဲတဲ့ နေရာတွေ ရှိပါတယ်။ Money Exchange ဆိုတဲ့ နာမည်နဲ့ ဖွင့်ထားတဲ့ ငွေလဲဌာနက စိတ်အချရဆုံးလို့ ဆိုပါတယ်။ လိုဂိုက အနီနဲ့ အပြာကို Money Exchange ဆိုပြီး သရုပ်ဖော်ထားပါတယ်။
Jalan Pantai Kuta တို့ တစ်ခြားနေရာက လဲပေးတာတို့ဟာ ငွေလဲနှုန်း ပိုပေးတတ်ပေမယ့် Trick တွေ လုပ်တတ်လို့ နာမည်ကြီးပါတယ်။ မသိတဲ့ သူတွေ သွားလဲမိရင် အချဉ်ဖမ်းပါတယ်။
ကိုယ်လဲတုန်းမှာ ငွေကတော့ ကိုက်ပါရဲ့။ ဟော်တယ် ပြန်ရောက်လို့ ပြန်ရေလိုက်ရင် ငွေက မကိုက်တတ်တာ ခဏခဏ ကြုံတတ်ပါတယ်။ အဲလို နေရာတွေကို ရှောင်ပါလို့ အသိပေးချင်ပါတယ်။
အပေါ်က ပြောတဲ့ Red and Blue တံဆိပ်ပါတဲ့ ငွေလဲဌာနကိုသာ သုံးပါလို့ အကြံပေးချင်ပါတယ်။
ကျွန်တော်သွားတုန်းက မေ ၄-၈ ရက်နေ့ ငွေလဲနှုန်းကတော့ စင်ကာပူ တစ်ဒေါ်လာကို ၇၃၀၀ ရူုပီး ရပါတယ်။

၎။ပတ်စ်ပို့
ခြောက်လ သက်တမ်း အနည်းဆုံး ရှိရပါမယ်။ Visa On Arrival ယူရပါမယ်။

၅။ နေလောင်ခံ လိမ်းဆေး



https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjQdMswLbvrplRvvuk0osQFtfVAIqcEqsFMxSmpxWc4_XvJb31SZuEWAAruTJ-pKyy9NwLVtLl7zdT9_5dF62G-9MnGHLePAi2bZ6UXk83IGik5FXzLZNeJskNd1frVHne0wW8IIPTAY4/s1600/079656009330.jpg
ပင်လယ်ကမ်းခြေ ရှိရာ အရပ် ဖြစ်တဲ့ အတွက် နေအတော်ပူပါတယ်။ နေလောင်ခံ လိမ်းဆေးတွေ လိမ်းထားမှ သင့်တော်ပါမယ်။ ဖူးကက်သွားတုန်းက သေချာ မလိမ်းခဲ့မိလို့ ပြန်ရောက်ပြီး အရေခွံတွေ အသားနီလန်တာ၊ အရေခွံကွာတာ ဖြစ်ဖူးပါတယ်။ SPF 50 နဲ့ အထက် နေလောင်ခံ လိမ်းဆေးတွေ လိမ်းပေးရင် ပိုအဆင်ပြေပါမယ်။ အပေါ်မှာ ပြထားတဲ့ ဗူးလိုမျိုး ဖြန်းဆေး သုံးပါတယ်။

၆။ နေကာမျက်မှန်
UV နဲ့  Polarized  စတာတွေ ပါတဲ့ အမျိုးအစား မျက်မှန်တွေက စူးရှပြင်းပြတဲ့ နေဒဏ်ကနေ ကာကွယ်ပေးပါတယ်။
 
Sunglass Hutကျွန်တော့်မှာ နေကာမျက်မှန် အဆင်သင့် မရှိလို့ ချန်ဂီင်္လေဆိပ်ထဲက ဂျူတီဖရီးဆိုင်တွေကနေ ဝယ်ပါတယ်။ Sunglass Hut ကနေ ဝယ်တာပါ။ Immigration ကို ဖြတ်ပြီးရင် ညာဘက် ချိုးလိုက်ပါ။ ဂိတ် E,F သွားတဲ့ ဖက်ခြမ်းမှာ ရှိပါတယ်။
Oakley Holbrook Polarized Polished Black အမျိုးအစား ဝယ်ပါတယ်။ SGD 244.77 ပေးရပါတယ်။ ဘာလီ လေဆိပ်က ဂျူတီဖရီးမှာတော့ ၂၇၀ ကျော် ကျပါတယ်။ ချန်ဂီက ပိုတန်ပါတယ်။


၇။ ရေကူးဝတ်စုံ။
ရေကူးဝတ်စုံကတော့ ပင်လယ်ကမ်းခြေမှာ ရေကစားချင်သူတွေ Water Sport Activities  လုပ်ချင်သူများအတွက် သယ်ဆောင်သွားသင့်ပါတယ်။ ဟော်တယ်ခန်းမှာ ဝရန်တာ ပါရင် အပြင်မှာ တစ်ညလှမ်းရုံနဲ့ ခြောက်နိုင်ပါတယ်။ ဓါတ်ပုံပေါင်း မြောက်များစွာ ရိုက်ချင်သူများ၊ ရေကူးဝတ်စုံ မထပ်ချင်သူများ အတွက် ၄ ထည်လောက်တော့ သယ်သွားပါ။
ကျွန်တော်ကတော့ ၂ ထည်ပဲ ယူသွားတယ်။


၈။ ထသွားထလာဝတ်စုံ။
ထသွားထလာ အတွက် ပေါ့ပေါ့ပါးပါး ရှိမယ့် အဝတ်အစားတွေ ရွေးချယ်သင့်ပါတယ်။ နေပူတာ ပက်စက်တယ်။ ရေများများ သောက်ပေးသင့်တယ်။


၉။ ဖုန်း။
ဘာလီမှာ ဖုန်းအော်ပရေတာ မျိုးစုံ ရှိပါတယ်။
ကိုယ်နဲ့ သင့်တော်ရာကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။
ကျွန်တော်ကတော့ မသုံးခဲ့ဘူး။
ကိုယ့်ရဲ့ မိတ်ဆွေများနဲ့ အဆက်အသွယ် မပြတ်စေဖို့ စင်ကာပူက ဖုန်းကို ခရီးမထွက်ခင်က ကျွန်တော် ကြိုပြီး Roaming ဖွင့်ထားခဲ့ပါတယ်။
စတားဟဘ်ဖုန်း သုံးထားပါတယ်။ စတားဟဘ်က ဖုန်းဖြေဆိုသူ ညံ့ဖျင်းပုံ ပြောချင်လို့ပါ။
အရင် အလုပ်တုန်းက ပင်လယ်ရပ်ခြား ခရီး ခဏခဏ ထွက်ဖြစ်တော့ Roaming ကို လစဉ်ကြေး ပေးပြီး ဖွင့်ထားပါတယ်။ တစ်လ ၈ ကျပ် ပေးရတယ်။ အဲဒါက နိုင်ငံခြား ရောက်နေရင် သူက စတားဟပ်ရဲ့ Roaming Partner Network ကို ချိတ်ပေးပါတယ်။ ဖုန်း အဝင်အထွက် ပိုက်ဆံပေးရပါတယ်။ မက်ဆေ့ခ်ျကတော့ အဝင် ဖရီးပါ။ အထွက် ပေးရပါမယ်။

အလုပ်သစ် ပြောင်းသွားတော့ ခရီး သိပ်ထွက်စရာ မလိုတော့တာနဲ့ တစ်လ ၈ ကျပ် ပေးရတဲ့ Roaming စရိတ်ကို နှမြောလို့ ပြန်ပိတ်လိုက်ပါတယ်။ အဲဒီအတွက် နိုင်ငံခြား ခရီးထွက်ရင် Pay As You Roam ဆိုတဲ့ ပလန်ကို သုံးပါတယ်။ အဲဒီအတွက် ခရီး တစ်ခါထွက်တိုင်း Roaming Function့ ကို ဖွင့်ပေးဖို့ စတားဟဘ်ကို အကြောင်းကြားရပါတယ်။ တစ်ခါဖွင့်ပေးတိုင်း ၁၀.၄၇ ကျပ် ပေးရပါတယ်။
(I just received the bill from Starhub and there was no activation charges at all. I'm not sure they waived for me or it will be reflected and next month bill. But the Roaming call charge and SMS charges were reflected in this bill. So I assume that no activation fees was charged. Let's see next month bill.)
ခရီးမထွက်ခင် တစ်ရက်အလိုမှာ ဖုန်းဆက်ပြောတော့ မအူမလည် ဖုန်းအော်ပရေတာနဲ့ တိုးပါတယ်။ ကျွန်တော်က ခရီးထွက်ဖို့အတွက် Pay As You Roam Plan  ကို Activate လုပ်ပေးဖို့ ပြောတော့ ဒီပလန်က စင်ကာပူ နိုင်ငံသားများအတွက်သာ ဖြစ်ပါတော့တယ်တဲ့။ ၂၀၁၂ ဇန်နဝါရီလက စပြီး အကျိုးသက်ရောက်မှု ရှိတာပါတဲ့...။
အဲဒါနဲ့ မဖွင့်ခဲ့ရဘူးပေါ့ဗျာ...။

ဘာလီရောက်လို့ ဝိုင်ဖိုင်ရတော့ စတားဟပ်ဆိုဒ်ကို ဝင်ကြည့်တော့မှ ကိုယ့်အကောင့်ထဲကို ဝင်ပြီး ဖွင့်ဖို့ apply လုပ်ရတာ တွေ့တယ်ဗျ..။ အဲဒါနဲ့ Activate လုပ်ဖို့ apply လုပ်လိုက်တယ်။ အီးမေးလ်တစ်စောင် ပြန်ဝင်လာတယ်။ Next Working Day မှ ပွင့်ပါမယ်တဲ့...။
စောင့်ကြည့်တော့ နောက်တစ်ရက်လဲ နေရော ပွင့်နေတာဗျာ...။
ဖုန်းဖြေတဲ့ မနူးမနပ် အော်ပရေတာ CSO ကို စိတ်ထဲကနေ ကျိန်ဆဲ ပစ်လိုက်တာ...။ @#@$#%$%@^$

ဘာလို့ စင်ကာပူဖုန်းကို ဟိုမှာ သုံးချင်တာလဲ ဆိုတော့ ကျွန်တော့်ရဲ့  အေတီအမ်ကဒ်၊ ခွက်ဒစ်ကဒ် Transaction အားလုံးကို SMS Alert, Notification အဖြစ် ကျွန်တော့ဖုန်းထဲကို မက်ဆေ့ခ်ျပို့ဖို့ ဘဏ်နဲ့ ကျွန်တော် ချိတ်ထားတာ ရှိပါတယ်။
အဲဒီအတွက် အေတီအမ်ကနေ ငါးဆယ်နဲ့ အထက် ငွေထုတ်တယ်ဆိုရင် ဘဏ်ကနေ ဘယ်နေရာက အေတီအမ်စက်ကနေ ဒီအချိန်မှာ ဘယ်လောက် ပမာဏ ရှိတဲ့ ငွေကို ထုတ်ယူပါတယ် ဆိုပြီး မက်ဆေ့ခ်ျ စာတို တစ်စောင်ကို ကိုယ်သတ်မှတ်ထားတဲ့ ဖုန်းဆီက ပို့လာပေးပါတယ်။ မှန်မမှန် ကိုယ်ကလဲ တိုက်စစ်လို့ ရတာပေါ့လေ။ အကယ်၍များ ကိုယ့်ကဒ်ကို ပွားပြီး တစ်ခြား မသမာသူတွေ တစ်နေရာက ထုတ်ယူမယ် ဆိုရင်လဲ အဲဒီ မက်ဆေ့ခ်ျက ဝင်လာမှာ ဆိုတော့ အလိုအလျောက် သိနေပြီးသားပေါ့။

ခွက်ဒစ်ကဒ်လဲ ထိုနည်းလည်းကောင်းပါပဲ။ Merchant တစ်ယောက်ဆီမှာ ကိုယ့်ခွက်ဒစ်ကဒ်နဲ့ ဝယ်သုံးလိုက်လို့ Merchant ကနေ တစ်ဆင့် ကျသင့်ပမာဏကို ဖြတ်လိုက်ရင် ကိုယ့်အကောင့်ထဲမှာ ဘယ်လောက် ဖြတ်သွားပါတယ် ဆိုတဲ့ အကြောင်းကို ဘဏ်ကနေ မက်ဆေ့ခ်ျ ပို့ပေးတယ်။ ကိုယ်ဝယ်ခဲ့တဲ့ ပမာဏ၊ ဆိုင် မှန်မမှန် ချက်ချင်း တိုက်စစ်လို့ ရတာပေါ့...။ (ဘာလီမှာ ကျွန်တော့်ကဒ်ကို ၂ခါ ဖြတ်ဖို့ ကြိုးစားတဲ့ ဆိုင် အကြောင်း ထပ်ရေးပါမယ်။)

ဆိုတော့ ကျွန်တော့်အတွက် နိုင်ငံရပ်ခြားမှာ ဖုန်း သုံးဖို့က လိုပါတယ်။ ပြောတာ မပြောတာ အပထား .. မက်ဆေ့ခ်ျကတော့ အဝင်အတွက် လိုလို့ Roaming ကို ဖွင့်ဖို့ လိုတယ် ဆိုတာကို ရှင်းပြချင်တာပါ။

၁၀။ Flip Flop ဖိနပ်၊ ရှုးဖိနပ်။
ကမ်းခြေ သွားလည်မှာ ဆိုတော့ ညှပ်ဖိနပ်ကတော့ လိုပါတယ်။ ပူလွန်းလို့ ရှုးဖိနပ် အမြဲတမ်း မစီးနိုင်ပါဘူး။ Tour ထွက်ရင်တောင် နေရာ အချိန်အခါ ကြည့်ပြီး ရှုးစီးမလား ညှပ်ဖိနပ် စီးမလား ဆိုတာ ကြည့်ရတယ်။ ရှော့ပင် ဘာညာထွက်မယ် လိုကယ်တွေ ဘာလုပ်တယ် အနီးအနား တစ်ဝိုက် လမ်းလျှောက်ထွက်မယ်ဆိုရင်တော့ ညှပ်ဖိနပ်ပဲ ကောင်းပါတယ်။


၁၁။ အနွေးထည်။
ကျွန်တော်တို့ ရွေးချယ်တဲ့ ခရီးစဉ်မှာ မီးတောင်တက်တဲ့ ခရီးစဉ် ပါတဲ့ အတွက် ခရီးသွားအေးဂျင့်က အနွေးထည် ယူသွားဖို့ ပြောပါတယ်။ စင်ကာပူကနေ လိုလိုမယ်မယ် လေယာဉ်ပေါ် ချမ်းရင် ဝတ်လို့ရအောင် မိုးကာလေကာ တစ်ထည် ယူလာတော့ အတော်ပဲ ဖြစ်သွားတယ်။ ဒါကတော့ တောင်တက်ချင်တဲ့ သူတွေမှပါ။ ကျန်တာတော့ မလိုပါဘူး။

၁၂။ ခရီးသွား အာမခံ
ခရီးသွား အာမခံကတော့ လေယာဉ်လက်မှတ်ဝယ်ကတည်းက Option တစ်ခုအနေနဲ့ လေကြောင်းလိုင်းက ရောင်းပေးတတ်ပါတယ်။ ဝယ်တာ မဝယ်တာကတော့ ကိုယ့်ကဏ္ဍပေါ့လေ။ ကျွန်တော်ကတော့ ဝယ်လိုက်တယ်။ အပြင်က DBS က ရောင်းတဲ့ Travel Shild ကိုလဲ သတ်သတ် ထပ်ဝယ်လိုက်ပါတယ်။ သူက နှစ်ယောက်ပေါင်းကို ၂၀% ဈေးလျှော့ပေးတာ အပါအဝင် ၆၄ ကျပ် ကျသင့်ပါတယ်။ DBS ကနေ ဝယ်ရင် ပထမဦးဆုံး Customer ဆို ၂၀% ဈေးလျှော့ပေးတဲ့ အပြင် တစ်ယောက်ကို ပလန် ၆၀ ကျော် တန်တဲ့ဟာ ဝယ်ရင် ဖိနပ်တွေ ထည့်လို့ရတဲ့ Adidas တံဆိပ် အိတ်လေးကို လက်ဆောင်အနေနဲ့ ပြန်ပေးပါတယ်။ လေကြောင်းက ရောင်းတာက တစ်ယောက်က ၂၀ ကျပါတယ်။ အာမခံက အသွားအပြန် အတွက် အကျုံးဝင်ပါတယ်။
ဘယ်လိုတွေ အကျိုးကျေးဇူး ရမလဲ ဆိုတော့
၁။ လေယာဉ်ထွက်ခွာချိန်ထက် ၆ နာရီ နောက်ကျ ထွက်ရင် တစ်နာရီကို ဘယ်လောက်ဆိုပြီး နစ်နာကြေး ပေးပါတယ်။
၂။ လေယာဉ်ခရီးစဉ် (အသွားအပြန် Single Trip အတွင်း) ကိုယ့် Luggage ပစ္စည်း ပျောက်ရှခဲ့သော် အလျော် ပေးပါတယ်။
၃။ ကွန်ပြူတာတွေ၊ နာရီတွေ အဖိုးတန်ပစ္စည်းတွေ ပျောက်ခဲ့လို့ ရှိရင် အလျော်ပေးပါတယ်။
၎။ ခရီးသွားနေစဉ်အတွင်း ဖျားနာ နေမကောင်း မတော်တဆ ဖြစ်လို့ ဆေးရုံ ဆေးခန်း သွားရသည် ရှိသော် ဆေးရုံတက်စရိတ်၊ လူနာတင်ကား ခေါ်တဲ့ စားရိတ်၊ ဆေးခန်းပြတဲ့ အတွက် ကုန်ကျစားရိတ်များ ပြန် Claim လို့ ရပါတယ်။
၅။ အသက်အန္တရာယ် ထိခိုက် ဆုံးပါးမှုများအတွက်လဲ လျော်ကြေး ပေးပါတယ်။

ဆိုတော့ ခရီးသွား အာမခံ ဝယ်ထားတာ မမှားပါဘူး။ သူက ရက် ၃၀ အတွင်း သွားလာတဲ့ ခရီးစဉ်အတွက် အကျုံးဝင်ပါတယ်။
အကျယ်ကို ဖတ်ချင်ရင် ဒီက လင့်ခ်မှာ ဖတ်နိုင်ပါတယ်။

၁၃။ အခြား။
ကင်မရာ လိုပါတယ်။ ဘက်ထရီကို အားများများ သွင်းပါ။ ဘက်ထရီ အပို ဆောင်ပါ။ ချာဂျာ ယူသွားပါ။
ဖုန်းအတွက်လဲ ချာဂျာတွေ ယူသွားပါ။
ဘာလီက တည်းခိုခန်းတွေမှာ သုံးတဲ့ မီးပလက်ပေါက်က စင်ကာပူကနဲ့ မတူပါဘူး။ 2 Pin Plug အလုံး ဖြစ်ပါတယ်။ စင်ကာပူက သုံးတဲ့ ပလပ်တွေကတော့ အများစုဟာ 3 Pin Plug အပြား ဖြစ်ပါတယ်။





ဖူနန်က ချယ်လန်ဂျာမှာပဲ ဖြစ်ဖြစ် တစ်ခြား နီးစပ်ရာ လျှပ်စစ်ပစ္စည်းဆိုင်မှာ ဖြစ်ဖြစ် Universal Travel Power Adaptor တွေ ရောင်းတာ ရှိပါတယ်။
 All-in-One Travel Power Plug Adapter for US, UK, EU, AU
All in One Travel Power Adaptor

အဲဒါလေးကို ဝယ်ထားပါ။ ဒါမှ ဘာလီ ရောက်ရင် ချာဂျင်သွင်းဖို့ သင့်တော်တဲ့ မီးပလပ်ပေါက် လိုက်ရှာရတဲ့ ဒုက္ခက ကင်းဝေးပါမယ်။ ကျွန်တော်ကတော့ အဲဒီ All in One Travel Power Adaptor ကို ဝယ်ထားတာပါတယ်။
Camera, Camcorder တွေမှာ Memory Card တွေလဲ အပို ဆောင်ထားဖို့ မမေ့ပါနဲ့။ ဘာလီ ရှုခင်းတွေက လှလွန်းလို့ ဓါတ်ပုံ ဗီဒီယိုတွေ ခဏခဏ ရိုက်မိပြီး Memory Card တွေ ပြည့်သွားတတ်ပါတယ်။
ကျွန်တော့ CamCorder နဲ့ HD Video တွေ ရိုက်လိုက်တာ CamCorder ထဲက Built-In Memory 32GB အပြင် Memeory Card 32GB  ပါ ပြည့်သွားတယ်။ ကိုယ်တွေ့။
(စကားမစပ် ချန်ဂီက ဂျူတီ ဖရီးဆိုင်မှာ အီလက်ထရောနစ် ပစ္စည်း ရောင်းတာ ရှိတယ်။ နာမည်ကြီး တံဆိပ်တွေကို Discount တော်တော် ချပေးတယ်။)

ကဲ လိုအပ်တာတွေတော့ စီစဉ်ပြီးပါပြီ။
နောက်တစ်ပို့စ်မှာတော့ ခရီးထွက်တာ စတင်ပါတော့မယ်။

ဟိုး တက္ကစီ အိုင်ဝမ့်နားဂိုးတူ အဲယားပို့တ်....။

Monday, May 14, 2012

Bali Trip 01 : Preparation

http://www.indo.com/images/watercolor/penari.lowres.jpg 
Credit to : Indo.com


မင်္ဂလာပါ ပိတ်သတ်ကြီးတို့...။
သင်္ကြန်ပြီးနောက်ပိုင်း ပျောက်ချက်သား ကောင်းနေလိုက်တာ ခုမှ ပြန်ပေါ်လာတယ်။
ပျောက်ဆို ခေါင်းစဉ်ပါအတိုင်း ဘာလီကို ခရီးထွက်ဖို့ စီစဉ်နေရတာကိုး...။
အခုတော့ ခရီးထွက်ရာကနေ ပြန်ရောက်လာပါပြီ။ အသားတွေလဲ မည်းလို့......

တစ်ကယ်တော့ ခရီးထွက်ဖို့ အစီအစဉ် မရှိပါဘူး။
တစ်ယောက်သော သူမက ခရီးထွက်ချင်တယ် ခွင့်ရက်တွေ ရှင်းစရာ ကျန်နေတယ် ဆိုတာနဲ့ စီစဉ်ဖြစ်လိုက်တာပါ...။
စစီစဉ်တုန်းက ဘာလီကို မဟုတ်ပါဘူး။
မလေးရှား ကို အလုပ်ကိစ္စနဲ့ ရက်ရှည် ရောက်နေတဲ့ သူငယ်ချင်းကို သွားတွေ့ရင် ဂျန်းတင်းကို သွားဖို့ စီစဉ်ကြတာပါ...။
အဲဒီကို သွားဖို့ ဗီဇာ လိုတယ် ဆိုတာနဲ့ ပင်နီစူလားက ဗီဇာလျှောက်ပေးနေကြ Sin Myanmar ကိုချီတက်ပြီး ပတ်စ်ပို့ စာအုပ်တွေ သွားအပ်ကြပါတယ်။ သူငယ်ချင်းတစ်ယောက်လဲ ဂျန်းတင်းကို လိုက်မယ်ဆိုပြီး ဗီဇာလျှောက်ဖို့ တူတူသွားကြပါတယ်။ စင်ကာပူ ဒေါ်လာ ၂၅ ကျပ် ကျသင့်ပါတယ်။
မလေးဗီဇာအတွက် စာအုပ်တွေ ထားခဲ့ပြီး ဗီဇာကိစ္စကို စပ်စုကြည့်တော့ ကမ္ဘောဒီးယား ဗီဇာကို အွန်လိုင်းကနေ E-Visa လျှာက်ရင်လဲ ရတယ်လို့ သိရတယ်။ USD 25 ကျသင့်မယ် လို့ သိရပါတယ်။

အဲဒီနောက် ဘယ်ရက်လောက်ကို ခရီးထွက်ဖြစ်မလဲ ဆိုတာကို ရှာကြည့်လိုက်တော့ Vesak Day ကို အစားထိုးပိတ်ပေးတဲ့ ရက်တွေက အဆင်ပြေလောက်တယ် လို့ ဆုံးဖြတ်ပြီး မေလ ၅၊ ၆၊ ၇ ရက်နေ့တွေကို ရွေးလိုက်တယ်။

ရက်ရွေးပြီး ကားလက်မှတ်အတွက် Golden Mile Complex က ခရီးသွား အေးဂျင့်တွေဆီ လက်မှတ်စုံစမ်းဖို့ သွားကြတယ်။ လက်မှတ်တွေက အစားစားပဲ့...။
ည ၁၀ နာရီထွက်တဲ့ ကားတွေ ကို စီးသွားရင် အသင့်တော်ဆုံးဆိုတာ သိရတယ်။ ( လမ်းခရီး ကြာချိန် စုစုပေါင်း ၁၀ နာရီဆိုတာ သိရတယ်။)
ဂိုက်ငှားခ၊ ကားခနဲ့ မနက်စာ နဲ့ ဟိုတယ်ခ နဲ့ ကားပေါ်တစ်ညအိပ် ဟိုတယ်တစ်ညအိပ် သုံးရက်ခရီးကို ၁၂၀ ကျော် ကျတယ်။
တန်တယ်လို့ ဆိုရမှာပေါ့။

ဒါပေမယ့် ဖြစ်ချင်တော့ အတူလိုက်မယ့် သူငယ်ချင်းက မလိုက်နိုင်တော့သလို မလေးရှားကို ရောက်နေတဲ့ သူငယ်ချင်းက စင်ကာပူကို အလုပ်ကိစ္စနဲ့ ဝင်လာမယ် ဆိုတော့ မလေးရှားခရီးစဉ်က ပျက်သွားရော...။

ဒါဆိုလဲ ကမ္ဘောဒီးယား သွားပြီး ရှေးဟောင်း အန်ကောဝပ် ဘုရားတွေ သွားဖူးကြမယ်။ Siem Reap ကို သွားမယ် ဆိုပြီး လေယာဉ်လက်မှတ်တွေ လိုက်ရှာတာ ပိတ်ရက်နဲ့ တိုက်နေလို့ Silk Air တစ်ခုပဲ နေရာရှိတော့တယ်။ သို့သော်လည်း ဘွတ်ကင်တင်ပြီး Silk Air ဆိုဒ်က အယ်ရာ တက်နေတာနဲ့ ၂-၃ ရက် ကြာသွားတယ်။

ဆိုဒ်ပြန်တက်လာတော့လည်း ကိုယ် ဘွတ်ကင်တင်ထားတဲ့ ၂၃၀ တန် အသွားအပြန် က မရတော့ပဲနဲ့ ၆၀၀ ကျော်တန် ခရီးစဉ်ပဲ ရှိနေတယ်။ နောက် ခရီးစဉ်ရှိတဲ့ ရက်တွေက အဂါင်္နဲ့ ကြာသပတေးနေ့ ဖြစ်လေတော့ ခွင့်တွေ အတော်ပုပ်နေတယ်။

အဲဒါနဲ့ တစ်ခြား ခရီးစဉ် ရှိလို ရှိငြား လိုက်ရှာတော့ ဂျက်စတားက အင်ဒိုနီးရှားက  ဘာလီ ကျွန်းကို ခရီးစဉ် ရှိတယ် ဆိုလို့ လက်မှတ်ဈေးကြည့်လိုက်ပါတယ်။ ဘာလီ ဆိုလို့သာ ရွေးလိုက်တာ။ ဘယ်နေရာမှာ ရှိတယ် ဘယ်လေဆိပ်လဲ ဆိုတာကို အဲဒီချိန်ကျမှ ကမန်းကတန်း Google လိုက်ရတယ်။ လေဆိပ်က Denpasar မြို့နားကို ဆင်းမယ်တဲ့။ (အဲဒီမြို့က ဘာလီကျွန်းမှာ မြို့တော်လို ဖြစ်နေတာပါ။)

လေယာဉ်လက်မှတ်ကြည့်လိုက်တော့လဲ ကီလိုမပါ၊ အစားအသောက်မပါ လေယာဉ်စရိတ်က ဈေးကြီးနေတယ်။ တစ်ခြား လေကြောင်းတွေ လိုက်ရှာတော့ Singapore Airlines့ က ထူးထူးခြားခြား ဂျက်စတားထက် သက်သာတဲ့ အပြင် အသွားအပြန် ကီလို ၄၀ ရနေသေးတယ် ဆိုတော့ ဘာလီခရီးစဉ်ကို ရွေးပြီး စင်ကာပူ လေကြောင်းနဲ့ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်တစ်ခုက Krisflyer Member ဝင်ထားရင် စင်ကာပူလေကြောင်းကို အသုံးပြုပြီး ကိုယ်သွားခဲ့သမျှ မိုင်ခရီးတွေကို စုဆောင်းထားနိုင်ပါတယ်။  သူတို့ သတ်မှတ်ထားတဲ့ ပွိုင့်တစ်ခု ရောက်ရင် လေယာဉ်လက်မှတ် အခမဲ့ ပြန်ပြီး Redeem လုပ်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ အဲဒါနဲ့ ကျွန်တော့် မန်ဘာကဒ်နဲ့ပဲ အသုံးပြုပြီး စင်ကာပူ လေကြောင်းလိုင်းကနေ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ခွင့်တင်ထားတဲ့ ရက်တွေကလဲ ကပ်နေတော့ ဘာလီကိုပဲ ရွေးလိုက်ပါတယ်။ အွန်လိုင်းကနေပဲ ခရဒ်ဒစ်ကဒ်နဲ့ ဝယ်လိုက်ပါတယ်။ အေးဂျင့်ဆီ သွားနေရင် လက်မှတ် မကျန်တော့မှာ စိုးလို့ပါ။ ကံကောင်းပါတယ်။ ဝယ်ပြီးလဲ ပြီးရော နေရာ ထိုင်ခုံရွေးတော့ တစ်ယောက်တစ်ခုံပဲ ရပါတော့တယ်။ နှစ်ယောက်တွဲထိုင်လို့ မရတော့ပါဘူး။ အပြန်ကိုတော့ တူတူ ထိုင်လို့ရတဲ့ နေရာတွေ ကျန်ပါတယ်။
(ဂျက်စတားဆို ခုံရွေးခ ၁၅ ကျပ် သတ်သတ် ထပ်ပေးရမယ်။ နောက် အစားအသောက်လဲ ထပ်ပေးရမယ်။ ကီလိုခ၊ လေယာဉ်ပေါ် ချမ်းလို့ စောင်ငှားတာက အစ ပိုက်ဆံပေးရလို့ အားလုံး တွက်ကြည့်လိုက်ရင် စင်ကာပူ လေကြောင်းနဲ့ တူတူလောက် ကျသွားပါတယ်။)

ဘာလီ သွားမယ်ဆိုတော့ ဘယ်ကိုတည်းမယ် ဘယ်သွားမယ်ဆိုတာ ခရီးစဉ် ဆွဲဖို့ လိုလာပါတယ်။ ဖြစ်ချင်တော့ ကျွန်တော့ရုံးကလဲ အလုပ်တွေ ဆက်တိုက် ကျလာပါတယ်။ အဲဒါနဲ့ ဘယ်နေရာကို သွားမယ် ဘယ်နေရာမှာ တည်းမယ် ဆိုတဲ့ တာဝန်ကို တစ်ယောက်သော သူမ (အသည်းလေး) ပေးလိုက်ပါတယ်။ ကိုယ်လဲ လက်လှမ်းမီသမျှ မေးကြည့်ပါတယ်။ တစ်ချို့သော ဘလော့ဂ်ဂါများက အင်ဒိုနီးရှားမှာ ရှိတယ်ဆိုတဲ့ ဘလော့ဂါ ကိုသောမတ်စ်ကို ဆက်သွယ်ဖို့ ပြောပါတယ်။ ကိုသောမတ်က အင်ဒိုမှာ မနေတော့ပါဘူး။ ဘာလီပို့စ်ကို ညွှန်းပေးတဲ့ မိတ်ဆွေများအတွက် ကျေးဇူးတင်ပါတယ်။

ဘာလီ အကြောင်းကို Run Through ဖတ်ကြည့်တော့ နေစရာ တည်းစရာ ပေါများတယ်လို့ ဆိုပါတယ်။ လည်စရာ ပတ်စရာတွေက များလွန်းလို့ အားလပ်ရက်ရှည်ရှည် များများ ပြင်ဆင်ထားပါမှ နှံ့ပါမယ်တဲ့...။ ဒီအတိုင်း သွားလဲ ရတယ် . ဟိုရောက်မှ တည်းခိုခန်း လိုက်ရှာလဲ အဆင်ပြေတယ် လို့ ညွှန်းကြပါတယ်။ သို့သော်လည်း ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ အရပ်ဒေသ ဖြစ်သည်က တစ်ကြောင်း သူတို့ ပြောစကားများ မရှိသည်က တစ်ကြောင်း နယ်ခံ မိတ်ဆွေ မရှိသည်က တစ်ကြောင်းတို့ကြောင့် ဟိုတယ်ကို မသွားခင်ကပဲ ဘွတ်ကင်လုပ်ဖို့ စီစဉ်ပါတယ်။

ဒီနေရာမှ တစ်ခုမျှဝေချင်တာကတော့ ဘယ်အရပ်ဒေသကို မဆို သွားချင်တယ်ဆိုရင်ဖြင့် Tripadvisor ဆိုတဲ့ ဆိုဒ်ကလေးကို သွားပြီး ဖတ်ကြည့်ကြပါလို့...။ အစကတော့ ကျွန်တော် ဖတ်လေ့ မရှိပါဘူး။ နောက်ပိုင်း Today သတင်းစာက ခရီးသွား သတင်းထောက်က မြန်မာပြည် ကို အလည်သွားတာ TripAdvisor ဖတ်ပြီး သွားလည်တာ လို့  ညွှန်းထားလို့ အဲဒီ ဆိုဒ်ကို သွားဖတ်မိပါတယ်။ အဲဒီဆိုဒ်က တစ်ကမ္ဘာလုံးက သူလက်လှမ်းမီသမျှ ဟိုတယ်၊ လေယာဉ်ခရီးစဉ်၊ အားလပ်ရပ် သွားလည်ဖို့ နေရာ၊ Tourist Attractions စတာတွေကို တစ်စုတစ်စည်းတည်း ထားပေးတဲ့ နေရာပါ။ ဟိုတယ် ဆက်ရှင်မှာ ဆိုရင် ဟိုတယ် တစ်ခုချင်းစီအလိုက် နိုင်ငံအလိုက် တင်ထားပြီး အဲဒီ ဟိုတယ် တစ်ခုချင်းစီရဲ့ အောက်မှာ သွားရောက် တည်းဖူးသူတွေက ဆိုးသည် ကောင်းသည် ကော်မန့် ပေးထားတာကို ဖတ်နိုင်ပါတယ်။

အဲဒါနဲ့ အဲဒီ ဆိုဒ်ကနေတစ်ဆင့် ဟိုတယ်အကြောင်းကို အရင် ဖတ်ပါတယ်။ အသည်းလေးက သူ့ဖေ့ဘွတ်ထဲက သွားဖူးတဲ့ သူငယ်ချင်းတွေဆီကလဲ အချက်အလက်တွေ စုဆောင်းပါတယ်။ TripAdvisor ကို ဖတ်ဖူးတဲ့ အသည်းလေးက အကြံပေးပါတယ်။ နာမည်ကြီးဟိုတယ်တွေကို လိုက်ကြည့်ပြီး အဲဒီနေရာနား တစ်ဝိုက်က ဈေးသင့်တာတွေ ရှာဖို့...။

အဲဒါနဲ့ သူပေးတဲ့ အကြံအတိုင်း လိုက်ရှာပါတယ်။ ကမ်းခြေနဲ့ ပိုနီးပြီး လူစည်တဲ့ နေရာကို တွေ့ပါတယ်။ Kuta နဲ့ Legian ကို တွေ့ပါတယ်။ Shopping Area, Night Life နဲ့ Club တွေက Kuta ဖက်မှာ ပိုများပါတယ်။ Jalan Legian တစ်လျှောက်၊ Jalan Poppies Lane 1,2 နဲ့ အဓိအားဖြင့် Jalan Patai Kuta တစ်ဝိုက်တွေက အဓိက နေရာ လူစည်တဲ့ နေရာတွေ ဖြစ်ပါတယ်။

အဲဒီနားတစ်ဝိုက်လိုက်ရှာကြည့်တော့ နာမည်ကြီး Harris Resort Hotel ကို တွေ့တယ်။ နေရာကိုလဲ သဘောကျတာနဲ့ TripAdvisor ထဲက Harris Hotel နဲ့ ပတ်သက်တာကို ဖတ်မိတယ်။ နောက် ဟိုတယ် ဘွတ်ကင် ဆိုဒ် တစ်ခုဖြစ်တဲ့ Agoda ထဲမှာလဲ Rating တွေ ပေးထားတာ 4 Stars 5 Stars တွေ ပြည့်နေတော့ နေရာကို ရွေးဖြစ်ပါတယ်။  Kuta နား တစ်ဝိုက်ဖြစ်ပါတယ်။ ဈေးနှုန်းကို စုံစမ်းကြည့်တော့ ၂၀၀ ကျော် ဖြစ်နေတာနဲ့ လက်လျှော့ပြီး သူ့အနား တစ်ဝိုက်က ဟိုတယ်တွေ ရှာတယ်။

Harris Hotel က ကမ်းနားလမ်း ဖြစ်တဲ့ Jalan Pantai Kuta ပေါ်မှာ ရှိတာပါ။ ကမ်းခြေနဲ့ အဲဒီလမ်းပဲ ခြားပြီး ကမ်းခြေကို မျက်နှာမူပြီး အနောက်ဖက်ကို မျက်နှာမူ ဆောက်ထားတဲ့ ဟိုတယ် ဖြစ်ပါတယ်။ သူ့ဘေးနားက လမ်းသွယ်လေးက Jalan Poppies Lane 2 ပါ။ အဲဒီလမ်းသွယ်လေးထဲမှာ ဈေးသက်သာတဲ့ ဟိုတယ်
သွားတွေ့ပါတယ်။ Dekuta Hotel ပါတဲ့...။



http://img.agoda.net/hotelimages/172/172338/172338_1006071131003137165_STD.jpg

 Dekuta Hotel ရဲ့ အတွင်းခန်း

http://farm6.staticflickr.com/5283/5228149481_0b3021d34a.jpg

                                                                 Dekuta Hotel  ရဲ့ ရေကူးကန်။


နောက်တစ်ခုကတော့ Best Western Resort Hotel  ဖြစ်ပါတယ်။ 

ဟိုတယ် နှစ်ခုစလုံးကို တည်းဖူးသူတွေက TripAdvisor မှာပဲ Comment တွေ ပေးထားတာ တွေ့တော့ အချိန်ပေး ဖတ်ကြည့်တယ်။

Dekuta ဟိုတယ်က အိမ်သာထဲက Seawage အနံ့တွေ ထွက်တယ်တဲ့။ ဟိုတယ်ဘေးက လူနေအိမ်မှာ ကြက်တွေ မွေးထားလို့ မနက်မနက်ဆို ကြက်တွန်သံတွေ ကြားရတယ်တဲ့။ Best Wentern ဟိုတယ်ကတော့ အခန်းကျဉ်းပြီး ခြင်ကိုက်တယ်။ ဘေးနားမှာ Construction Site ရှိနေပြီး အသံ ဆူညံမှုတွေ ဖြစ်နေကြောင်း လောလောလတ်လတ် တည်းဖူးသူတွေက မှတ်ချက်ရေးထားတယ်။ အဲဒါနဲ့ Harris ကိုပဲ တည်းမယ် လုပ်ခါမှ ကော်မန့်တွေ ပြန်ဖတ်ကြည့်တော့ သူလဲပဲ ဘေးနားမှာ ရှေ့နားမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် ရှိနေလို့ အသံ ဆူညံပြီး Beach ကိုလဲ မမြင်ရတော့တဲ့ အကြောင်း ရေးထားပြန်ရော...။

ကိုယ်ကလဲ လူစည်ကားတဲ့ Kuta ဧရိယာပဲ လိုချင်တာ ဆိုတော့ နောက်ဆုံး တွေ့ထားတဲ့ Dekuta နဲ့ Best Wentern ထဲက တစ်ခုခုကို ရွေးဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ညလုံး ခြင်ကိုက်မယ့် ဟိုတယ်ကို ပယ်လိုက်ပြီး Dekuta ကို ဖုန်းဆက်ကြည့်တယ်။ အဲဒီက Reception့ က ညဆိုင်းကျတဲ့ Ivan ဆိုတဲ့ ဝန်ထမ်းကို အနံ့ဆိုးအကြောင်း စုံစမ်းတာပေါ့။ အွန်လိုင်းဆိုဒ်တွေမှာ ဖတ်ရတယ်။ အဲဒါ အခြေအနေ ဘယ်လို ဖြစ်လဲ ဘာညာ ဆိုတော့ စည်ပင်ဖက်က ပိုက်လိုင်းတွေကြောင့် သူတို့ ဟိုတယ် တင်မက အနီးအနားက ဟိုတယ်တွေပါ ထိခိုက်တယ် ဆိုတဲ့ အကြောင်း၊ အခုတော့ စည်ပင်ကလဲ ပြင်ပြီးသွား၊ သူတို့လဲ ပြင်ဆင်ပြီး ပိုက်အသစ်တွေ လဲလိုက်လို့ အနံ့အသက် မရှိတဲ့ အကြောင်း အာမခံပါတယ်။

အဲဒါနဲ့ Dekuta Hotel ကို ဘွတ်ကင်လုပ်ဖို့ Agoda ကို ဘွတ်ကင် တင်ကြည့်တော့ သူ့ဈေးက ဟိုတယ်ရဲ့ ဝဘ်ဆိုဒ်ကနေ တိုက်ရိုက် သွားဘွတ်ကင် လုပ်တာထက် ဈေးနည်းနည်း များနေလို့ ဟိုတယ်ကနေပဲ ဟိုတယ်ကို ဘွတ်ကင် တင်ပါတယ်။ Discount Promotion ဘာညာ နှု့တ်လိုက်တော့ အသားတင် ၄ ည ၅ ရက်စာကို စင်ကာပူ ဒေါ်လာ ၃၀၄ ကျပ် ကျသင့်ပါတယ်။ မနက်စာ အပါအဝင် ဖြစ်ပါတယ်။

ကိုယ့်ခရဒ်ဒစ်ကဒ် အင်ဖော်မေးရှင်းတွေ အကုန်ထည့်ပြီး ဘွတ်ကင် တင်လိုက်ပါတယ်။ ရေကူးကန်ဖက်ကို မျက်နှာမူတဲ့ အခြမ်းကို ပေးဖို့ Request လုပ်ပါတယ်။ ပိုက်ပိုက်တော့ မဖြတ်သေးပါဘူး။ Check In လုပ်မှ ငွေသားနဲ့ ပေးချေမလား ကဒ်နဲ့ ပေးမလား ဆိုတဲ့ အချက်ပေါ် မူတည်ပြီး တည်းခိုခ ရှင်းပေးရပါမယ်။

ကိုယ့်ဖက်က လိုအပ်တဲ့ အချက်အလက်တွေ နာမည်၊ ကဒ် Info: တွေ ပြည့်စုံပြီ။ ဟိုတယ်ကလဲ ကိုယ့်ကဒ်သည် တရားဝင်ဖြစ်ကြောင်း အတု မဟုတ်ကြောင်း စစ်ဆေးပြီးတာနဲ့ ဟိုတယ် Booking Confirmation ကို ကိုယ့် အီးမေးလ်ထဲကို ပို့လာပါမယ်။ အဲဒါကို ပရင့် ထုတ်ထားဖို့ လိုပါမယ်။

ဟိုတယ် ဘွတ်ကင် ရတော့ စိတ်ချမ်းသာသွားပါတယ်။

နားပါဦးမယ် ဒေါ်အေးကြွယ်....။

P.S : ထုံးစံအတိုင်းပဲ လေပေါနေတာကြောင့် လိုရင်း မရောက်သေးပါကြောင်း...။ :P