Tuesday, September 1, 2009

ရင်ခုန်သံ ကြိမ်နှုန်းများ ထပ်တူကျခြင်း။

တစ်ခါမှ မကြုံဖူးတဲ့ သူစိမ်းတစ်ယောက်ယောက်နဲ့ ရင်ခုန်နှုန်းများ ထပ်တူကျတာ ကြုံဖူးလား။
ရင်ဘတ်တူ မိတ်ဆွေများနဲ့ ရင်ခုန်သံ ကြိမ်နှုန်းတွေ ထပ်တူကျတာ ကြုံဖူးလား။
လတ်တလောကမှ သတိထားမိတာလေးပါ။

ညလေးတစ်ညမှာပေါ့။ သာနေတဲ့ လရောင်အောက်မှာ အပေါင်းအဖော်များနဲ့ သီချင်းလေး ညည်းနေရင်း...
မြရဲ့ညကို ခံစားနေရင်းနဲ့... သီချင်းလေးတွေနဲ့ စီးမျောနေကြတာပေါ့။
ဂီတာတီးပေးတဲ့ အတီးသမားက ကိုယ်တို့တွေထက် နည်းနည်း စီနီယာကျမယ် ထင်ပါရဲ့။
တီးတဲ့ သီချင်းတွေက အခုခေတ် ကလေးတွေ မသိတဲ့ သီချင်း။
ကိုယ်တွေ ခေတ်တုန်းက ပေါက်ခဲ့တဲ့ သီချင်း။
အစပ်အဟပ်တည့်တာပေါ့ကွယ်။
သူနဲ့ကတော့ အမြဲမဟုတ်တောင် တွေ့ဖူးနေကျ ဆိုတော့ သူတီးတတ်တဲ့ သီချင်းတွေ ကိုယ်ရတယ်။ ကိုယ်သဘောကျတဲ့ သီချင်းတွေ သူတီးတတ်တယ်။

ကိုယ်တို့တွေ လုပ်နေတာက ဆိုရှယ် ဂဲသားရင်းဆိုတော့ အပေါင်းအဖေါ်မိတ်ဆွေ အသစ်များလဲ ပါတယ်လေ။
အဲဒီအထဲကမှ တစ်ယောက်သော သူကို သတိထားမိတယ်။
သူလဲ တို့လို သီချင်းကြိုက်တတ်သူပါလား။
နှစ်၂၀က တေးများ အထိ သူလိုက်ညည်းတတ်တယ်။
ကိုယ်တွေ ကြိုက်တတ်တဲ့ taste က သူ့taste နဲ့တူနေတယ်။
အင်္ဂလိပ်သီချင်း၊ မြန်မာ သီချင်း မိုနို စတီရီယို အကုန်ရတယ်။
မိန်းကလေးတွေထဲမှာ သီချင်းကို ဌာန်ကရိုဏ်းမှန်အောင်၊ စည်းနဲ့ဝါး မှန်အောင် ဆိုတတ်တာ အရှားသားကလား။
အဲဒါကြောင့် သတိထားမိတာပေါ့။

ဆိုတဲ့သူကလဲ ဆို၊ ပွဲတောင်းသူကလဲ တောင်းနဲ့ အဆိုနဲ့ အတီးက အပေးအယူမျှနေတယ်။
တစ်ချိန်မှာ ကိုယ်တစ်ခု Request လုပ်လိုက်တယ်။
သီချင်းတစ်ပုဒ်တီးဖို့ပေါ့။
အတီးသမားကို သီချင်းခေါင်းစဉ်ပြောပြတော့ သူ သိပ်မသိဘူး ဖြစ်နေတယ်။
ဆိုပြမယ်ဆိုပြီး ဆိုတော့ အဲဒီ မိန်းကလေးက လိုက်ဆိုတယ်။
အဲဒီမှာ သူ့ကို ချီးကျူးမိသွားတယ်။
တော်ရုံ သီချင်း ကြိုက်တတ်သူတွေထက်ကို ပိုခံစားတတ်တဲ့ ရင်ခုန်သံချင်း ထပ်တူကျတဲ့ တစ်ယောက်ဖြစ်တယ်ဆိုတာ လက်ခံလိုက်တယ်။
ဝမ်းလဲ သာမိတယ်။

ကျောင်းတုန်းက ဒီလို ရင်ခုန်သံခြင်း ထပ်တူကျတဲ့ သူငယ်ချင်းမလေး တစ်ယောက် တွေ့ဖူးတယ်။
သူလဲ ကိုယ်တွေလိုပဲ သီချင်းကောင်းလေးတွေ ကြိုက်တတ်တယ်။
ခုများတော့ အိမ်ထောင်ကျပြီး နောက်ပိုင်း ဘယ်တောင် ရောက်နေလဲ မသိ။
အခုတော့ ကိုယ်လို ဟာမိုနီ ဖြစ်တဲ့ သူငယ်ချင်းမလေးတစ်ယောက် ထပ်ရပြန်ပြီ။

ကျေးဇူးတင်ပါတယ်။

(ကျွန်တော်ပြောခဲ့တဲ့ သီချင်းလေးက ဟင်္သာတို့ရဲ့ နန်းတော်ရှေ့လို့ အမည်ရတဲ့ လွမ်းမိုးရဲ့ သီချင်းလေးပါ။ ခုချိန်မှာ ကျွန်တော်တို့လို နိုင်တီးဂွမ်တီးက လူကလွဲရင် အဲဒီသီချင်းသိတဲ့သူ တော်တော်နည်းတယ်။)

22 comments:

  1. ဟာမိုနီဖြစ်တဲ့ သူငယ်ချင်းရတာ ၀မ်းသာပါတယ်..
    ပျော်ရွင်ပါစေ။

    ReplyDelete
  2. ကိုဘွိုင်းဇ် က လဲ အဲဒီသီချင်း လွှမ်းမိုး ဆိုထားတာ သိတာပေါ့။ သိပ်ခေတ်နောက်မကျသေးပေမယ့် ခုခေတ် ၁၀ ကျော်သက် လေးတွေ က ဘယ်သိတော့မလဲဗျ။ သူတို့  သိတာ စိုင်းစိုင်း နဲ့ ကြက်ဖ တို့လောက်ပဲ။
    ဟင်္သာတို့ ရဲ့ နန်းတော်ရှေ့  သီချင်း ကို လိုက်မဆိုဖြစ်ဘူးဗျ။ နားထောင်ဖြစ်ခဲ့တယ်။

    ReplyDelete
  3. အနှစ်၂၀ မကတော့ဘူး ကိုမောင်မောင်ရ။
    ကိုမောင်မောင် မသိဘူးဆိုရင် ကျွန်တော့် အံ့အားသင့်တော့မလို့..။

    ReplyDelete
  4. သိပါတယ် ကိုလွှမ်းမိုးသီချင်း...။

    ReplyDelete
  5. ဟုတ်တယ်နော် ကိုဘ။
    သီချင်းအကြိုက်တူရင် မြန်မြန် ခင်မင်ရင်းနှီးလွယ်သလိုပဲ။ ပြီးတော့ အဲဒီ ခင်မင်မှုကလဲ ခိုင်မြဲတတ်တယ်။ တို့လဲ အဲဒီလွှမ်းမိုးသီချင်း ရကြောင်းပါ ဘော်ဒါ။ မာရဇ္ဇလဲ ထပ်ဆိုသေးတယ်။

    ReplyDelete
  6. ကိုဘ တို့ ဆို လွှမ်းမိုးတင်ဘယ်ကမလဲ ဂီတနက်သန် ကိုစောငြိမ်းတောင်သိတယ် (အသက်ကတော့ ၂၂ ပါ ဟိဟိ ဒါမှ ပြောင်းပြန်ပြောလို့ မရမှာ)
    သီချင်းမှန်သမျှ ကြိုက်တတ်ရင်တော့ သိကြတာများတယ် ထင်ပါတယ်
    မသိရင်တော့ observation နည်းလို့ ပဲ (ကြောက်၂နဲ့ ရေးသွားသည် မည်သူ့ ကိုမှ မရည်ရွယ်ပါ ရေးပြီးမှ လန့် ထှာ)

    ReplyDelete
  7. လွမ်းမိုးတင် သူသိတာ မဟုတ်။ မင်းအောင်၊ အနိုင် မောင့်အချစ်က ပိုပါတယ်တို့... ဟိုတောင်ဆီက မိုးညိုရင် တို့ အဲဒီ ခအောင်းသီချင်းဆိုပြတာ သူလဲ ဆိုတတ်တယ်ဗျ။ လက်လန်တယ်။ ဖုန်းနံပါတ် မတောင်းလိုက်မိဘူး။

    ReplyDelete
  8. ကိုကြီးရော အဲ့သီချင်းတွေ ရလား။ မေလေးလည်းရပါတယ်။ ဟုတ်တယ် သီချင်းကြိုက်တာတူတော့ ရင်းနှီးမြန်တယ်နော်။ သီချင်းဆို အကုန်လုံးကို ကြိုက်ပါတယ်။ ဟို ကိုမောင်မောင်ပြောတဲ့ ကြက်ဖ စိုင်းစိုင်းတို့တော့ နားမထောင်ဖြစ်ပေါင် နားအူပြီး သူတို့ပြောနေတာတွေကို နားမလည်လို့ (ကိုယ်ပဲ ပိန်းနေလို့လား မသိဘူး) အိပ်ခါနီးအထိ ပါးစပ်ထဲ သီချင်းရှိတယ်။ ကျန်တာမလိုဘူး။ အဲလောက်ထိ ကြိုက်တယ်။

    ReplyDelete
  9. ဒို့လဲနိုင်တီးဂွမ်တီးကပါဘဲ... ဒါပေမဲ့ အဲဒီသီချင်းမသိဘူး... ပိန်းတယ်နော်

    ReplyDelete
  10. အသက် ၃၀- ၃၅ လောက်လူတွေ လွှမ်းမိုးကို သိပါတယ်း) သိပ်မထူးဆန်းပါဘူး

    ReplyDelete
  11. ဟင်္သာတို့ရဲ့ နန်းတော်ရှေ့မှာ တံခါးမှုးဖြစ်ပါရစေ....
    အမလဲ ရပါတယ်.... ဟဲဟဲ

    ReplyDelete
  12. ရမှာပေါ့ဗျာ...
    အစ်မက ၆၀ ကျော်နေမင့်ဟာ...။
    :P

    ReplyDelete
  13. ခေါင်းစဉ်က( ခြင်း )မှာ အောက်ကမြင့်ပါနေတယ်..
    သီချင်းတွေ နားထောင်ဖြစ်ပါတယ်..
    အနည်းငယ်ပေါ့..
    ကိုဘတို့လောက် တော့ ဘယ်ဟုတ်ပါ့မလဲ..

    ReplyDelete
  14. လွှမ်းမိုးဆိုတာ အဆိုတော်လား။ သိပါဘူးဗျာ။ ကြက်ဖတို့ ဂျေမီတို့လို ခုန်ဆွခုန်ဆွ သီချင်းဆိုတတ်လား။ စိတ်ဆိုးနဲ့နော် မေးကြည့်တာ။

    ReplyDelete
  15. ဟာ ကိုဘွိုင်းကလဲ အဲဒီသီချင်းသိကြပါတယ် နန်းတော်ရှေ့မှာတံခါးမှုးဖြစ်ချင် တာ ဟုတ်တယ်မဟုတ်လား ပြန်ဆိုတေးတွေကြောင့် သိကြမယ်ထင်ပါတယ် စ ဖတ်တုန်းကတော့ ဟိုးအရင်တုန်းက သီချင်းလားလို့ သူများတွေတော့ သိဘူး သမီးပျိုကတော့ အော်..မြရင်...မြရင်....မြရင် တို့တောင်သိတယ် နဲနဲပါးပါး ပြောဘာဒယ် ဟဲဟဲ

    ReplyDelete
  16. အကြိုက်ချင်းတူရင် ပိုရင်းနှီးမြန်တာ အမှန်ပဲ...

    ReplyDelete
  17. အဲဒီသီချင်းကို ပြန်ဆိုတာ ရှိသေးလား။
    မကြားမိသလိုပဲ။

    ReplyDelete
  18. လွှမ်းမိုးးသီချင်းတွေကို မိုးစက်နှင်းဆီသို့တမ်းချင်း ၁ ၂ ၃ ဆိုပြီးထွက်တယ်။ အဆိုတော်အသစ်တွေရော အဟောင်းတွေကပါ ပြန်ဆိုထားတာပေါ့။ လွှမ်းမိုးတူ နန္ဒဧရာတော့ သူ့ဘာသူ သပ်သပ်ခွေနဲ့ ဆိုတယ်လေ။ အဲ့သီချင်းကိုတော့ မာရဇ္ဇက ဆိုတယ်။ လွှမ်းမိုးဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ တော်တော် အလွမ်းပြေပါတယ်။

    ReplyDelete
  19. ဟိုးရှေးရှေးတုန်းကပေါ့ကွာ။ (လွမ်းထှာ)။ သူနဲ့ အဘနဲ့ ရင်ခုန်သံချင်း ထပ်တူကျခဲ့သပေါ့။ ရာသီတွေ အလီလီပြောင်းလို့ ခုတော့လေ . . . ။ ခုတော့ အကြိုက်ချင်းတူ ရန်သူတွေဖြစ်ကုန်ပြီကွ ငါ့တူရ။(သနားထှာ . . . ကိုယ့်ကိုကိုယ်။)

    ReplyDelete
  20. အဲလို ရင်ဘတ်တူတဲ့ လူတွေ ဘ၀မှာ တကယ်လိုအပ်ပါတယ်..
    အဲလို ရင်ဘတ်ချင်းတူတာ သိလိုက်ရတာ ဘာနဲ့မှ မတူဘူးနော်..
    အားကျတယ်ရှင်..

    ReplyDelete
  21. ကျွန်တော် ကိုယ်ပိုင်ဘလောဂ်တွေကိုရေးသားချင်တယ်။ဘယ်လိုစရေးရမှန်ကိုမသိဘူး။
    ကူညီပြီးလမ်းပြပေးပါလားဗျာ...

    ReplyDelete
  22. ကိုယ်ပိုင်ဘလော့ ရေးချင်တယ်ဆိုရင် အောက်ကလင့်ခ်မှာ သွားရောက် လေ့လာနိုင်ပါတယ်ခင်ဗျား...။
    http://mghla.blogspot.com/2007/07/blog-post_31.html

    ReplyDelete