Saturday, February 28, 2009

သွားရစ်လေ ... သွားနှင့်လေဦးတော့


- ငယ်ငယ်တုန်းက စာတစ်စောင် ဖတ်ဖူးတယ်။
အဖွားက အဖိုးကို ရေးပေးခဲ့ဖူးတာတဲ့။
ကြာတော့ ကြာပါပြီ။
၁၉၂၃ ကတည်းက ဆိုပါတော့...။
အဖိုးက ဒီစာကို မြတ်နိုးလွန်းလို့ ဆိုပြီး သူ့ကုတ်အင်္ကျီထဲက အိတ်ထောင်ထဲမှာ အသေအချာလေး သိမ်းထားတာ...။
သွားလေရာ ကိုယ်နဲ့ မကွာ ဆောင် ဆောင် သွားတတ်တယ်...။
အဖိုးကတော့ ပြောတယ်...။ သားလေး နားမလည်နိုင်ပေမယ့် အဖိုးပြောပြမယ်တဲ့...။
“အဲဒီတုန်းက မြေရှင်ကြေးရှင်ခေတ်ဆိုတော့ မင်းတို့အဖွားရဲ့ အဖေက အဖိုးကို သဘော မတူနိုင်ဘူးဆိုပြီး တူးတူးခါးခါး ဖြစ်တယ်”တဲ့...။ (အချစ်စစ် ဆိုတာ ဘယ် ဖြောင့်ဖြူးမလဲနော့...။)

- ဒါပေမဲ့လဲ တစ်ယောက်ကို တစ်ယောက် ချစ်ခင်စုံမက်ကြလေတော့ သူတို့နဲ့ ဝေးရာ တစ်နေရာကို နှစ်ဦးသဘောတူ ခိုးပြေးဖို့ ရူးရူးမိုက်မိုက် ဆုံးဖြတ်ခဲ့ကြတယ်။
အတူ ထွက်ပြေးပြီးတော့ တွေ့တဲ့ တရားရုံးတစ်ခုမှာ လက်မှတ်ထိုး လက်ထပ်ကြမယ်လေ။
အဲလို နှစ်ဦးသဘောတူ ဆုံးဖြတ်ပြီးတော့ ချိန်းထားတဲ့ နေ့ကို ရောက်လာတာပေါ့။
လေကလဲသာ ရာသီဥတုက ကောင်းနေတယ်။ အိမ်ကလဲ မရိပ်မိဘူး။
အဖိုးလဲ ချိန်းထားတဲ့ နေရာကို စုထားတဲ့ လုံလောက်တဲ့ ငွေစလေး ယူပြီး ထွက်လာတာပေါ့။
ချိန်းထားတဲ့ နေရာမျာ တော်တော်ကြာကြာ စောင့်မိသေးတယ်။
အချိန်အတော်ကြာလင့်လို့ မင်းအဖွား ရောက်မလာလေတော့ အဖိုးခမျာ ရူးမတတ် ခံစားရတယ်ကွယ်...။ အဖိုးတစ်ယောက်တည်း စိတ်ညစ်ညစ်နဲ့ ထွက်သွားမလို့ လုပ်သေးတယ်။ မင်းအဖွားက လုပ်ရက်လေခြင်းပေါ့ကွယ်။
ဒါပေမဲ့ အဖိုးတို့နှစ်ယောက်က အလွန်ချစ်ကြလေတော့ ဒါ ပုံမှန်မဟုတ်ဘူးဆိုပြီး မသင်္ကာလို့ ဘေးဘီကို ကြည့်မိမှ ချိန်းထားတဲ့ သစ်ပင်နားက ပင်စည်မှာ သံမှိုနဲ့ ရိုက်ထားတဲ့ စာတစ်စောင် တွေ့မိပါရောလား။
ထင်တဲ့ အတိုင်း မင်းအဖွားဆီကပါပဲကွယ်...။ စာထဲမှာ ရေးထားတာကတော့

- ချစ်ရေ.. အဲဒီကို ချစ်အရင် ရောက်နှင့်နေရင် ကိုယ့်ကို လက်မလျှော့ပါနဲ့နော်။
လုပ်စရာတွေက မပြီးပြတ်သေးလို့ အခွင့်မသာသေးဘူး။ အလုပ်တွေ မပြီးသေးဘူး..။ ပြီးတာနဲ့ ဆက်ဆက်ပြန်တွေ့ကြမယ်...။ ဒါပေမဲ့ ဘယ်လောက်ကြာမယ် ဆိုတာ မသိသေးဘူး ချစ်ရယ်...တဲ့ ။
ချစ်နဲ့ကိုယ် အခုရော၊ နောင်တစ်ချိန်ရော ပြန်တွေ့တဲ့အထိ အသက်ထက်ဆုံး ချစ်နေမယ်ဆိုတာ ယုံပါ... ဂတိပေးပါတယ်...။

- ကျွန်တော် အဖွားစာကို ဖတ်နေချိန်တုန်းက အဖွားက သိပ်မမာတော့ဘူး...။ အဲဒါ အဖိုးနဲ့ ဘုရားကျောင်းမှာ အဖွားအတွက် ပြန်လည် သက်သာနေကောင်းလာပါစေရယ်လို့ ဆုတောင်းဖို့ အသွားမှာ ဘုရားကျောင်းထဲ မ၀င်ခင် အဖိုးက ဒီစာကို ပေးဖတ်ခဲ့တာလေ...။
ကျွန်တော် ဒီအသက်အရွယ်အထိ (ဆယ့်ငါးနှစ်အထိ) အဖိုးငိုတယ်ဆိုတာ မမြင်ဖူးဘူး...။ ဒါပေမဲ့ ကျွန်တော် ဒီစာကို ဖတ်နေတဲ့ အချိန်မှာ အဖိုးလေ... မျက်ရည်တွေ မျက်လံးအိမ်န့ အပြည့် ၀ိုင်းနေတာ မြင်ရတယ်။ မျက်ရည်တွေ တွေတွေ ကျရင်းနဲ့ ပါးစပ်ကလဲ ဗလုံးပထွေး ပြောနေတာ ကျွန်တော် မြင်ရ ကြားရခဲ့တယ်...။ အဖွားက အဖိုးကို ရေးပေးခဲ့ စာထဲမှာ ပါတဲ့ အတိုင်းပဲ...။

- ချစ်ရေ.. အဲဒီကို ချစ်အရင် ရောက်နှင့်နေရင် ကိုယ့်ကို လက်မလျှော့ပါနဲ့နော်။
လုပ်စရာတွေက မပြီးပြတ်သေးလို့ အခွင့်မသာသေးဘူး။ အလုပ်တွေ မပြီးသေးဘူး..။ ပြီးတာနဲ့ ဆက်ဆက်ပြန်တွေ့ကြမယ်...။ ဒါပေမဲ့ ဘယ်လောက်ကြာမယ် ဆိုတာ မသိသေးဘူး ချစ်ရယ်...။
ချစ်နဲ့ကိုယ် အခုရော၊ နောင်တစ်ချိန်ရော ပြန်တွေ့တဲ့အထိ အသက်ထက်ဆုံး ချစ်နေမယ်ဆိုတာ ယုံပါ... ဂတိပေးပါတယ်...။
---------------------------------------------------------------------------
တစ်ခါက နာမည် ကျော်ကြားခဲ့ဖူးတဲ့ သီချင်းလေး တစ်ပုဒ်ပါ။ Collin Raye ဆိုတဲ့ ကန်းထရိး အဆိုတော်က ဆိုထားတဲ့ သီချင်းလေး ပါ။ "Love Me" ပါတဲ့...။
ဒီသီချင်းလေးကို ကြိုက်မိလို့ ဝေငှပေးလိုက်ပါတယ်။
နားလည် သဘောပေါက်သလောက် ဘာသာပြန်ပေးလိုက်ပါတယ်။
ဖတ်ရတာ ထောင့်နေ၊ ထောက်နေရင် ကျွန်တော် ပြန်တာ လိုနေသေးတယ်လို့ ဖြည်တွေး တွေးပေးလိုက်ပါ...။
မြန်မာတွေ ပြန်ဆိုထားတာ ရှိတယ်။
ဇော်ပိုင်က စံပါယ်ဖြူ ဆိုတဲ့ နာမည်နဲ့ ပြန်ဆိုထားတာ။
ဗားရှင်း ပြောင်းထားတယ်။
နည်းနည်း မြန်ထားတယ်။
အခုကတော့ အော်ရီဂျင်နယ် ဗားရှင်းကို တင်ထားပေးတယ်...။
သီချင်းနာမည်က Love Me
သီဆိုသူက Collin Raye

သီချင်းလေးက ဆုံးသွားတဲ့ အဖွားကို တမ်းတတဲ့ အဖိုးကို မြင်တဲ့ မြေးလေး နေရာကနေ ခံစားပေးတဲ့ အကြောင်းပါ။
သီချင်းစာသားလေးတွေပါ လိုက်ဖတ်ပြီး ခံစားကြည့်ပါ။ စိတ်ထဲနှစ်ပြီး နားထောင်ပါ။ လွမ်းစရာ ရသကို ပေးစွမ်းနိုင်ပါလိမ့်မယ်...။ ဆွေးဆွေးမြည့်မြည့်လေးပါ။

Love me (Collin Raye)
I read a note my Grandma wrote back in 1923
Grandpa kept it in his coat, and he showed it once to me
He said, "Boy, you might not understand, but a long, long time ago,
Grandma's daddy didn't like me none, but I love your Grandma so.

We had this crazy plan to meet and run away together
Get married in the first town we came to and live forever
But nailed to the tree where we were supposed to meet instead
I found this letter, and this is what it said :

"If you get there before I do
Don't give up on me
I'll meet you when my chores are through
I don't know how long I'll be

But I'm not gonna let you down
Darling wait and see
And between now and then
Til I see you again
I'll be loving you
Love, Me."

I read those words just hours before my Grandma passed away
In the doorway of the church where me and Grandpa stopped to pray
I know I've never seen him cry in all my fifteen years
But as he said these words to her, his eyes fill up with tears

"If you get there before I do
Don't give up on me
I'll meet you when my chores are through
I don't know how long I'll be

But I'm not gonna let you down
Darling wait and see
And between now and then
Til I see you again
I'll be loving you
Love, Me."

ထပ်ဖြည့်။ ။ အမ်ပီသရီးကို လိုချင်တယ်ဆိုရင် ဒီမှာ ကလစ်လိုက်ပါဗျာ...။ (ဗွီဒီယို ကြည့်မရဘူးဆိုတဲ့ နန်းညီအတွက်)
အသံချည်းပဲ နားဆင်ချင်တယ်ဆို အောက်က ကလစ်လေးကို နှိပ်လိုက်ပေါ့။ စာသားလေးပါ ပါတယ်။


Credit To : kissable84

ဗွီဒီယိုနဲ့ စာသားပါ ကြည့်ချင်တယ်ဆိုရင် ဒီယူထုကို နှိပ်လိုက်ပါ...။


Credit to : DCMusicFan14


စာကြွင်း။ ။ ညက ရေးထားတဲ့ ပို့စ်ပါ။ နေ့ခင်းမှာ တင်နိုင်အောင် စကယ်ကျူး လုပ်ထားပါတယ်။ ၃း၀၀ နာရီမှာ အော်တိုတက်နိုင်အောင် စမ်းထားတာပါ။ တက်မတက် အကြောင်းပြန်ပါ...။

တွေးမိတာလေးတွေ

  • ရေစုန်တွေ အလိုက်သင့် စီးမျောပြီး ရေဆန်တွင် အားစိုက်မထုတ်သူများကို ရေသာခိုသူများဟု သမုတ်၏။
  • အလျင်လို လမ်းအိုလိုက် ဆိုသည်မှာ လမ်းသစ်အတိုင်း လိုက်လျှောက်လျင် ဆူးနင်းမိမည်ကို စိုးရိမ်သောကြောင့်ဟု မှတ်ယူသော်ရ၏။
  • စကားကြီးဆယ်ခွန်းတွင် အသုံးအများဆုံးမှာ ကောက်ပင်ရိတ်လှီး စကားပြောနည်း ဖြစ်ပြီး အသုံးအနည်းဆုံးမှာ ကျွဲကူးရေပါ စကားပြောနည်း ဖြစ်သည်။
  • ပန်းဆယ်မျိုးအတတ်များအနက် တိမ်ကောလုနီးပါး ဖြစ်နေသည့် ပန်းတစ်မျိုးမှာ ပန်းတဉ်း အတတ်ဖြစ်သည်။
  • တိုင်းတစ်ပါးမှ လာသော အစားအသောက် အထုတ်များထဲတွင် ထည့်ထားသော အစေ့သေးသေးပါ အိတ်ကလေးမှာ စိုထိုင်းဆကို သက်သာစေရန် ဖြစ်သည်။
  • ဠင်းတများသည် ပုံပန်းသဏ္ဍာန် ဆိုးရွားလှသောကြောင့် အမည် သညာမှည့်ခေါ်ခံရာတွင်လဲ အက္ခရာများထဲတွင် ရုပ်အဆိုးဆုံး ဖြစ်သော ဠကြီးဖြင့် စာလုံးပေါင်းခြင်း ခံရ၏။
  • နေ့လည် နေ့ခင်း အချိန်များတွင် ၁၅ မိနစ်ခန့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက် အနားယူလျင် ညနေစောင်း အလုပ်များ ပိုမိုတွင်ကျယ်၏။


Wednesday, February 25, 2009

လေတွင် မျောလွင့်ခဲ့သော

နမ်းဖန်များတော့ ပြယ်သတဲ့...။
နှဲ့ဖန်များတော့ လှုပ်သတဲ့...။
ခံစားမှုတွေနဲ့ ဖွဲ့တည်ထားတဲ့ လူတွေဟာ ဒီနှလုံးသားရဲ့ ခိုင်းစေချက်ကိုပဲ လိုက်နာနေရမလား။

လူအကြောင်း ပေါင်းမှသိလေသတဲ့...။
အပင်တစ်ပင် ကောင်းမကောင်းဆိုတာ မျိုးမှန်မှ သန်သကိုး။

ခြောက်နှစ်တာ ကာလတစ်ခုကို အတူတူ ဖြတ်ကျော်လာခဲ့ပါပြီ...။
တစ်ယောက်အကြောင်းကို တစ်ယောက် သိနေတာပဲ...။ (လို့တော့ ထင်နေခဲ့ကြတယ်။)
တစ်ယောက်ခံစားချက်ကို တစ်ယောက်က သိနေသလိုပဲလား...။
ဝါယာကြိုးရဲ့ ဒီဘက် အစွန်းကတစ်ယောက်က ဘာလုပ်နေတယ်ဆိုတာ တစ်ခြားတစ်ဘက်က သိနေရုံနဲ့ နားလည်မှု ရနေပြီလို့ ကောက်ချက်ဆွဲလိုက်ရမလား...။

စိတ်ဆိုတာ မကောင်းမှု၌သာ မွေ့လျော်တတ်၏ လို့ မှတ်သားဖူးတယ်။
သူလဲလေ လောကီသားပေမို့ အနေနီးစပ်မှုကြောင့် စိတ်ရဲ့ဆွဲဆောင်ရာနောက်ကို အမှားမှားအယွင်းယွင်းနဲ့ လိုက်ဖူးလေခဲ့သလား။
လူ့စည်း ဘီလူးစည်း ဆိုတာ ဘယ်သူက သတ်မှတ်ခဲ့လေသလဲ။
ကိုယ့်ရဲ့ ပျောက်ဆုံးနေတဲ့ တစ်ခြမ်းဆိုတာရော ဟုတ်ပါ့မလားလို့ သံသယ ဖြစ်နေမိတယ်။
ရွဲ့နေတဲ့ အိုးနဲ့ သင့်တော်တဲ့ စလောင်းဖုံးဟာ ဖြစ်တည်စကတည်းက တူတူ ထုဆစ်ခံရရင်တော့ အံဝင်ဂွင်ကျ ဖြစ်ခဲ့မှာပေါ့...။
ခုတော့ လွဲမှားစွာ ဖြစ်ပေါ်လာတဲ့ စိတ်အာရုံ စေစားမှု တစ်ခုကြောင့် အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးသင့် မဖုံးသင့်...။

စာကြွင်း။ ။ ရုပ်ရှင်တစ်ကား ကြည့်မိတယ်။ အောက်က ကားလေးပါ။ ခြောက်နှစ်ကြာ လက်တွဲခဲ့ပြီးနောက် Six Years In Love လို့ အမည်ရတဲ့ ကိုးရီးယားကားလေးပါ။ ကြည့်ပျော်ပါတယ်။ ဇာတ်ဝင်သီချင်းလေးကိုတော့ ကြိုက်လို့ ဒီမှာ တစ်ခါတည်း တင်ပေးထားတယ်။
ဗီဒီယိုကတော့ ယူထုကနေ ဖွင့်ကြည့်ပေါ့...။

Six Years In Love OST



အပေါ်က ယူထု ဖိုင်ကို ဖွင့်လို့ မရခဲ့ရင် ဒီနေရာကို ကလစ်နှိပ်ပြီး ကြည့်လို့ရတယ်။ တင်ထားတဲ့ တစ်ယောက်က ပိတ်ထားလို့ ပွင့်မလားလို့ ထင်တဲ့ လင့်ခ်နဲ့ စမ်းတင်ထားရတယ်။

တစ်ခါက သစ်ရွက်လှုပ်လျင် တစ်ခစ်ခစ် ရယ်မောတတ်သော ကောင်မလေး တစ်ယောက် ရှိခဲ့သည် လို့ ဇာတ်လမ်း အ
ဖွင့်မှာ ရေးပြခဲ့ရင် ကောင်းမလားလို့ စဉ်းစားရင်း...။


Credit to : popseoul
6 Years in Love (2007)
6년째 연애중

Starring: Kim Ha-Neul, Yun Gye-Sang, Shin Seong-Rok
Director: Park Hyeon-Jin
Genre: Romance, Drama


ကင်မ်ဟာနူးလ်လေး သရုပ်ဆောင်တာ မဆိုးဘူး။ Too Beatuiful To Lie နဲ့ My Tutor Friend မှာကတည်းက သူ့ကို ကြိုက်လာတာ။ အခုလို အတည်အတံ့ကားလေးလဲ သူသရုပ်ဆောင်တတ်သားပဲလို့။

(ပို့စ်အသစ် တင်ပါလို့ ညီမလေး မြိုးက ပြောလို့ ရှိတဲ့ငုတ်စိလေးကို နည်းနည်း ပေါင်ဒါဖို့ပေးလိုက်ပါတယ် အရပ်ကတို့။)

ထပ်ဖြည့်။ ။ အမ်ပီသရီးကတော့ ဒီကနေ ဒေါင်းလုဒ် လုပ်ပေါ့။ (၂၆ ဖေဖေါ်ဝါရီ ၂၀၀၉)

Six Years in Lovers.mp3

Saturday, February 21, 2009

စားချင်တာလေးတွေ ...

စားချင်တာလေးတွေ။

အခုတစ်လော စားချင်တာလေးတွေ တွေးတွေးပြီး တေးထားတယ်။
အခွင့်ရရင် သွားစားမယ်။

  • ဘူးဂစ်အမ်အာတီကနေ တက်တက်ချင်း အေတီအမ်တွေ နားမှာ ရောင်းနေတဲ့ ကြက်အရေခွံကင် (ပုံဖေါ်ပြပြီး ကိုယ့်ဟာကို ပြန်ရှာကြရန်။)
  • လာဗဲန်းဒါး ဘူတာကနေ ထွက်ပြီး အိုင်စီအေကနေ တစ်ဆင့် သွားရတဲ့ ဂိုးဒန်းမိုင်းလ် ဆိုတဲ့ ယိုးဒယားဈေးက ကောက်ညှင်းပေါင်းပူပူနွေးနွေးကို ငရုပ်သီးစိမ်းနုနုလေးတွေ ထောင်းထားတဲ့ နမ့်မ်ဖစ်နွံမ် ဆိုတာနဲ့ တို့တို့စားချင်တယ်။ သဘောင်္သီးထောင်း မစပ်တစ်စပ်က မပါမဖြစ်ပေါ့။ ကြက်တောင်ပံကင်က တွဲဖက်စားရတဲ့ စားစရာ ဆိုပေမဲ့ ဒီမှာရောင်းတဲ့ဟာတွေက နနွင်းမှုန့် ၀ါထိန်ထိန်တွေ တော်တော်သုံးထားတယ်။ ကျပ်တိုက်ထားသလို လုပ်ထားပြီး စားခါနီးမှ ပြန်နွေးပေးတော့ ကြက်တောင်ပံကင် စစ်စစ် အရသာ မရ...။
  • ပြီးတော့ ထပ်စားချင်တာက အဲဒီ ယိုးဒယား ဈေးထဲမှာပဲ ရောင်းတဲ့ ၀က်သားချဉ်။ ၀က်သား (အသားနဲ့ အခေါက်သာ) ကို စဉ်းကောလုပ်ထားတာကို ထမင်းနည်းနည်းထည့်ပြီး ချဉ်အောင် လုပ်ထားတာ။ ထိုင်းရိုးရာပေါ့လေ။ ရှမ်းပြည်က ၀က်သားချဉ်နဲ့ တူတယ်။ တစ်ခု ထူးတာက ယိုးဒယား ၀က်သားချဉ်က ဒီအတိုင်း စားလို့ရတယ်။ သူက စက်ရုံက ထုတ်ကြတာ။ သပ်ရပ်တယ်။ ပလပ်စတစ် အိတ်ရှည်လမျောမှာ ၀က်သားချဉ်ကို ထည့်ထားတော့ ၀က်အူချောင်းလို မြင်နေရတာ။ ကျက်ပြီးသား။ ဒီအတိုင်း စားလို့ရတယ်။ ရှမ်းဝက်သားချဉ်များကျတော့ ပြန်ကြော်ရတယ်။ ကြက်သွန်ဖြူကို ဥမပျက် အခွံခွာပြီး ဓါးပြားနဲ့ရိုက် ဆီနဲ့ကြော်လိုက်၊ အကွင်းလိုက် လှီးထားတဲ့ ကြက်သွန်နီကို ထပ်ထည့်၊ ကြက်သွန်နီတွေ အနေတော် အနေအထားရလာပြီဆို ၀က်သားချဉ်ကို ထည့်လိုက်၊ အနံ့လေးမွေးလာပြီဆိုရင် ခေါက်မွေထားတဲ့ ကြက်ဥလေး ထည့်ပြီးတော့ ဟိုဟိုဒီဒီ ဂလောက်ဂလောက်ဆိုပြီး မွေပေးလိုက်။ ကျက်လောက်ပြီဆို ဒယ်ပေါ်က ချပြီး စားလို့ရပြီ။
  • ခေါက်ယေ့တ်ဆိုက် လို့ ခေါ်တဲ့ ထိုင်းရိုးရာ ထမင်းချဉ်သွတ် ၀က်အူချောင်း။ အဲဒီ ဂိုးဒန်းမိုင်းက Dean Lea Luk ဆိုတဲ့ ဆိုင်မှာပဲ ရတယ်။
  • အဲဒီဆိုင် ဘေးနားက ဇင်းမယ်ဆိုတဲ့ ထိုင်းမြောက်ပိုင်းရိုးရာဆိုင်မှာ ယိုးဒယား မုန့်ဟင်းခါးတွေ သွားစားလို့ရတယ်။ ခေါက်နုံမ်ကျင်း လို့ ခေါ်တယ်။ အုန်းနို့ထည့်တာပေါ့။ နောက်ပြီး အဲဒီဆိုင်က အိမ်လုပ် ၀က်သားချဉ်လဲ ရတယ်။ သူတို့က ကိုယ်တိုင် လုပ်ရောင်းတာ။ ပလပ်စတစ် အိတ်လေးနဲ့ သုံးမြှောင့် တြိဂံလိုမျိုးလေး။
  • ရနံ့သစ် (ပင်နီစူလား)က ဒန်ပေါက်။
  • ယိုးဒယားဈေးက သရက်သီးအကြွပ် (ချိုချဉ်)ကို သူတို့ ငံပြာရည်နဲ့ တစ်ဂျွမ်းဂျွမ်း ကိုက်စားချင်တယ်။
ဒါတွေ အားလုံး ပြန်လာမှ စားမယ်။ ဘူးဂစ်၊ လာဗဲန်းဒါးနဲ့ စီးတီးဟောရေ.... ကိုယ်လာပြီ...။
(ဖုန်းက အ၀င်ပဲ ရတယ်။ အထွက်ခေါ်လို့ မရဘူး။ ဘာဖြစ်တာလဲ မသိဘူး။ စတားဟပ်ဘ်ကို ကန်စွန်းပလိန်း ကျွေးရမယ်။ အဲ.. အဲ.. ကွန်ပလိန်း တက်ရမယ်။)

Bonus

ဘောနပ်စ်ကတော့ မဖြစ်မနေ ထည့်ပေးလိုက်ပါတယ်။ သက်တမ်း ရှည်ကြာ အာဏာရ လေဘာ ပါတီနဲ့ ကွန်ဆာဗေးတစ်ပါတီတို့ အားစမ်းပွဲမှာဘယ်သူက အနိုင်ရသလဲ ဆိုတာ...။


ဒီမှာတော့ အသေအချာ ပြထားလေရဲ့...။

ကျေးဇူးတင်လွှာ။ ။ အိမ်ရှင်မရှိခိုက် အိမ်ကလေးကို ကြည့်ရှုစောင့်ရှောက်ပေးသူ၊ အလည်လာပေးသူ၊ အလည်မလာသူ၊ လာသော်ငြားလည်း အသံမပေးသူ၊ အသံပေးသူ၊ အမှိုက်ဖွသူ၊ အမှိုက်လှဲပေးသူ၊ သူခိုး မကပ်အောင် ညကင်းစောင့်ပေးသူ နှင့်တကွ အားလုံး အားလုံး....
ကျေးဇူး တန်င် နံမ်နံမ်ခါ့။
(ဂျေးကျူးကဘာဆိုင်ရော်)
ဂေါ်မဲ ဆုမိတ
အာရိဂတ်တိုး ဂိုဆိုင်းမတ်စ်
မက်က်ဆီးဗူကူး။
တန်းကရွှန်း။
စပိုက်ဆီဘာ ဘိုင်ရှိုးရယ် (ဂျာမာန်လို သင်ပေးတဲ့ နိနိကို ကျေးဇူးတင်ပါတယ်။)

Thursday, February 12, 2009

ကောင်းကင်လမ်းပြ ပုလိပ် လိုနေပြီလော...။

Photo Credit to : News Sky

ဒီနေ့မနက် ဖတ်မိတဲ့ သတင်းလေး တစ်ပုဒ်ပါ။
အာကာသထဲက ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အာကာသယာဉ်အချင်းချင်း တိုက်မိတယ်ဆိုတဲ့ သတင်း။ ရှာမရှားတဲ့ ဖြစ်ရပ်မှန် သတင်းပါ။ အမေရိကန်နဲ့ ရုရှား နှစ်ဘက်နိုင်ငံက လေကြောင်း အာကာသဆိုင်ရာ အရာရှိများက ဒီဖြစ်ရပ်နဲ့ ပါတ်သက်ပြီး အတည်ပြု ပြောကြားခဲ့ပါတယ်။ အာကာသပေါ်မှာ ယာဉ်နှစ်စင်း တိုက်မိတာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဖြစ်စဉ်က ဒီလိုပါ။ Irridium ဆက်သွယ်ရေး ကုမ္ပဏီက လွှင့်တင်ထားတဲ့ ဆက်သွယ်ရေး ဂြိုဟ်တုဟာ ဆိုဗီယက် ရုရှားက လွှတ်တင်ထားတဲ့ Cosmos 2251 craft ဂြိုဟ်တုပျက် တစ်လုံးနဲ့ ကောင်းကင်ယံထက်မှာ တိုက်မိခဲ့ပါတယ်။ ဆားဘီးယားနိုင်ငံ အပေါ်ဘက် ၄၉၁ မိုင် အထက် ကောင်းကင်ယံမှာ ဖြစ်ပွားခဲ့ပါတယ်။ နယူယောက် စံတော်ချိန် အင်္ဂါနေ့ မနက် အစောပိုင်း ၁၁း၀၀ နာရီလောက်က ဖြစ်ပွားခဲ့ပါတယ်။

တစ်နာရီကို ၁၇,၅၀၀ မိုင်နှုန်းနဲ့ သွားနေတဲ့ အာကာသယာဉ်နှစ်ခု တိုက်မိတာ ရှားရှားပါးပါး နဲ့ ပထမဆုံးအကြိမ် အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ယာဉ်နှစ်ခု တိုက်မိလို့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းများဟာ အနီးအနားက နိုင်ငံတကာ အာကာသယာဉ်စခန်းကို ခြိမ်းခြောက်လျက် ရှိနေပါတယ်။ အပျက်အစီး အစိတ်အပိုင်းများ စုစုပေါင်း ၂၀၀ ကနေ ၃၀၀ အထိ ဟာ အာကာသထဲမှာ ဦးတည်ရာမဲ့ လွှင့်မျောနေပါတယ်။

Russia’s space agency ဖြစ်တဲ့ Roscosmos က ပြောကြားရာမှာ အဆိုပါ အစိတ်အပိုင်းများဟာ ကမ္ဘာမြေနဲ့ လွန်စွာ နီးကပ်တဲ့ အတွက် နိုင်ငံတကာ အာကာသစခန်းကို ထိခိုက်ဖို့ ဖြစ်နိုင်ချေ နည်းပါတယ်လို့ ပြောကြားသွားပါတယ်။ မော်စကို ကာကွယ်ရေး ၀န်ကြီးဌာနဟာ အဆိုပါ ထိန်းချုပ်မှု ကင်းမဲ့တဲ့ ယာဉ်နဲ့ ပါတ်သက်ပြီး တာဝန်ရှိတယ်လို့လဲ ပြောကြားသွားပါတယ်။ အမေရိကန်က ကာကွယ်ရေးဝန်ကြီးဌာနကလဲ အပျက်အစီး အစိတ်အပိုင်းများရဲ့ အခြေအနေကို စက္ကန့်မလပ် စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။

မေရီလန်း အခြေစိုက် အီရီဒီယံ နိုင်ငံတကာ ဖုန်းနဲ့ အချက်အလက် ဆက်သွယ်ရေး ကုမ္ပဏီကတော့ သူ့ရဲ့ ကျန်တဲ့ ဆက်သွယ်ရေး ဂြိုဟ်တု ၆၆ လုံးနဲ့ Network ချိတ်ဆက်မှုကို Restore လုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်သွားမယ်လို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြားသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဖုန်း အသုံးပြုသူများ အနေနဲ့ ဆက်သွယ်မှုပိုင်းဆိုင်ရာ ပြဿနာ အနည်းငယ်ကို ကြုံတွေ့ရဖွယ် ရှိကြောင်း ပြောကြားသွားပါတယ်။

နာဆာကနေ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ စတင်မယ့် နိုင်ငံတကာ အာကာသ စခန်းဆီ သွားဖို့ ခရီးစဉ်ကိုတော့ ထိခိုက်မှာ မဟုတ်ဘူးလို့ နာဆာက ထုတ်ပြန်တဲ့ သတင်းစဉ်မှာ ပါရှိပါတယ်။ သို့သော်လည်း အချင်းဖြစ်ပွားရာ နေရာနဲ့ နီးကပ်စွာ တည်ရှိနေတဲ့ ယင်းတို့ရဲ့ ကမ္ဘာမြေကို စောင့်ကြည့်တဲ့ ဂြိုဟ်တုများရဲ့ အခြေအနေကိုတော့ စိုးရိမ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်သွယ်ရေး ကုမ္ပဏီ အီရီဒီယံကတော့ ပျက်စီးသွားတဲ့ ၄င်းတို့ရဲ့ ဂြိုဟ်တု နေရာကို ကမ္ဘာ ပတ်လမ်းကြောင်းမှာ အသင့်လွတ်တင်ထားတဲ့ အရန် ဂြိုဟ်တုနဲ့ ရက်ပေါင်း ၃၀ အတွင်း အစားထိုးမည် ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အဆိုပါ အာကာသယာဉ် အချင်းချင်း တိုက်မှုကြောင့် ဆက်သွယ်ရေး ဂြိုဟ်တု ပျက်စီးသွားလို့ အဆိုပါ ဂြိုဟ်တုကနေ အချက်ပြလှိုင်းများနဲ့ အသုံးပြုနေတဲ့ ပင်လယ်တွင်း ကူးသန်းသွားလာနေတဲ့ သင်္ဘောများအတွက် ဆက်သွယ်ရေးပိုင်းဆိုင်ရာ အခက်အခဲ ကြုံတွေ့နိုင်တယ်လို့ သတိပေးထားပါတယ်။

News Source : Bloomberg.com

Tuesday, February 10, 2009

Google's Sync

Google 's Sync

Google ကနေပြီးတော့ မနေ့က ဆော့ဖ်ဝဲ အသစ် တစ်မျိုးကို ထပ်မံ ထုတ်လုပ်လိုက်ပါတယ်။ အဓိက ကတော့ စမတ်ဖုန်းများကို ဦးတည်ပါတယ်။ ဖုန်းထဲက Contacts များနဲ့ Google Account ထဲက Contacts များကို Sync လုပ်နိုင်တဲ့ ဆော့ဖ်ဝဲပါ။ ဘီတာဗားရှင်းပဲ ရှိပါသေးတယ်။ ဖုန်းကနေ အီးမေးလ်ပေးပို့ခြင်း၊ လက်ခံခြင်းတို့ကို ပြုလုပ်တတ်တဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တစ်ခြားသော ခရီးမကြခဏ သွားဖြစ်တဲ့ သူများ အတွက် ရည်ရွယ် ထုတ်လုပ်ပါတယ်။

Credit to : Google
အခုထုတ်လုပ်လိုက်တဲ့ ဆော့ဖ်ဝဲကို အသုံးပြုနိုင်တဲ့ ဖုန်းအမျိုးအစား များကတော့ iPhone, Android, Windows Mobile Phone နဲ့ အခြားသော S60 Symbian ဖုန်း တို့ဖြစ်ပါတယ်။ UIQ3 Symbian ဖုန်းများအတွက် ဘီတာဗားရှင်းကို များမကြာမီ ကာလမှာ ဆက်လက် ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ နေ့လည်တုန်းက မိမိမှာ ရှိတဲ့ ဆိုနီဖုန်းနဲ့ ၀င်ကြည့်တော့ မီနူးသာ ရှိပြီး သုံးလို့ မရသေးပါဘူး။

တစ်ကယ်တော့ ဒီလို ဆော့ဖ်ဝဲမျိုး ပေါ်သင့်တာ ကြာပါပြီ။ ဖုန်းအသစ်တစ်လုံး ပြောင်းမယ်ကြံတိုင်း ခေါင်းခဲရတဲ့ အခက်ခဲဆုံး အပိုင်းကတော့ ဖုန်းထဲက Contacts နဲ့ Calender ကို တစ်ခြားဖုန်းထဲကို ပြောင်းထည့်ရတဲ့ အပိုင်းပါပဲ။ အခုတော့ Google ရဲ့ Sync ဆော့ဖ်ဝဲနဲ့ အလွယ်တကူ ပြောင်းနိုင်ပါပြီ။

စိတ်ဝင်စားသူများ အောက်က လင့်ခ်တွေမှာ သွားရောက် စမ်းသပ်နိုင်ပါတယ်။

Find out how to setup Google Sync services for your desktop and mobile devices.


Pictures and Links from Google. All Credits to Google.

Sunday, February 8, 2009

တနင်္ဂနွေရဲ့ ကျိုင်းတုံအာလူးထမင်းချဉ်

ဘလော့ဂ်ကြွလာ မိတ်သဟာများ ပျော်ရွှင်စရာကောင်းတဲ့ တနင်္ဂနွေနေ့ အားလပ်ရက် မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါလေစ။

စနေနေ့ မနေ့ကတော့ ရှမ်းအမျိုးသားများရဲ့ ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ်ရက်မြတ်ပါ။ East Coast မှာ ကျင်းပခဲ့တဲ့ ဒီပွဲကို သွားရောက် ဆင်နွဲလိုက်တာ ဒီမနက် ၆ နာရီမှ အိမ်ပြန်ရောက်ပါတယ်...။ တနင်္ဂနွေနေ့ကတော့ ထုံးစံအတိုင်း အားလပ်ရက်ဆိုတော့ အိပ်ရေးပျက်တာရော၊ ပင်ပန်းတာရော အတိုးချပြီး အိပ်လိုက်တာ နေ့ခင်း ၁၂ နာရီမှ နိုးဖြစ်တယ်။ နိုးလာတော့ ထုံးစံအတိုင်း ဗိုက်ထဲက တစ်ဂွီဂွီနဲ့ ဆန္ဒပြတော့တာပေါ့။ မီးဖိုချောင်မယ် ဆူညံဆူညံနဲ့ ဘာသံလဲမေး ဆိုပြီး စပ်စုလိုက်တော့ နောင်တော်ကြီးက ထမင်းတွေ နယ်နေတာကိုး။ ထမင်းကပူ ခရမ်းချဉ်သီးပြုတ်ရည်က ပူပူနဲ့ သူ့ခမျာ ခုန်ဆွခုန်ဆွ ဖြစ်နေပါတယ်။

ကျိုင်းတုံ အာလူး ထမင်းချဉ် နယ်နေတာပါ။ ပြီးခဲ့တဲ့ တုတ်ဆူး အစားအသောက် ပို့စ်တစ်ခုထဲက ရှမ်းထမင်းချဉ်နဲ့ ခပ်ဆင်ဆင် ဖြစ်ပေမယ့် ဒီကျိုင်းတုံ ရိုးရာ ရှမ်းထမင်းချဉ်ကတော့ ခရမ်းချဉ်သီးအနှစ် ပြုတ်ထားတာကို ထမင်းထဲ တစ်ခါတည်း နယ်ရတာပါ။

ထုံးစံအတိုင်း ကြက်သွန်နီ ဆီသတ်၊ ကြက်သွန်မြိတ်၊ ဂျူးမြစ်၊ ငါးမုန့်ကြော်နဲ့... တစ်ဝတီးလိုက်ရတာပေါ့။ တစ်ထိုင်တည်းကို သုံးလုံး ကုန်အောင် စားလိုက်တယ်။ တင်းကားလိုက်တဲ့ ဗိုက်...။ မျက်ခွံက လေးရော့...။ ဒီပို့စ်တင် ပြီး နောက်တစ်ခါ စက်တော် ခေါ်လိုက်မလားလို့...။

နောင်တော်ကြီးက အများကြီး လုပ်ထားတယ်။ လူက ၅ ယောက်တည်း ရှိတာကို ၂၄ လုံးတောင် လုပ်ထားတယ်။ တစ်ယောက်ကို အနည်းဆုံး ၄-၅ လုံးလောက်ကို စားရမှာ။ ညနေစာလွတ် စားလိုက်ရမလား စဉ်းစားနေတယ်။


စားချင်စဖွယ် ပြင်ဆင်ကွယ်။ Standard ကို ထမင်းချဉ်နှစ်လုံး ပြင်ထည့်ထားတယ်။


ကြက်သွန်နီကို ဗမာကြက်သွန်ဥ သေး နဲ့ ဆီသတ်ထားတယ်။ စားခါနီးမှာ ထမင်းချဉ်လုံးပေါ်ကို ဖြူးပြီး စားရပါတယ်။။


အချဉ် ထပ်ကြိုက်ရင်တော့ ခရမ်းချဉ်သီး အနှစ်လေး ထပ်ဆမ်းလိုက်ပေါ့နော...။



This is ငါးမုန့်ကြော် ....။ ဒီငါးမုန့်ကြော်ကြွပ်ကတော့ ရန်ကုန်က လူကြုံသယ်လာပေးတဲ့ ရွှေပင်လယ် တံဆိပ်ကို ကြော်ထားတယ်။


ဘလော့ဂ်လာ မိတ်ဆွေများ ကြိုက်သလောက် သုံးဆောင်သွားနိုင်ပါတယ်။ နောက်တစ်ဗန်း ကျန်သေးတယ်။ ထမင်း မကျက်သေးလို့ နောက်ကျသွားသူများ ခဏစောင့်ပေးပါ။

Bonus ဘောနပ်စ် -

မနေ့က နေ့လည်ခင်းက သွားစားလာခဲ့တဲ့ ရနံ့သစ်က ကြက်သားဒန်ပေါက်ပါ။ ကြက်သားမြင်ရအောင် ထမင်းအောက်မှာ မြုပ်ပေးထားတဲ့ ကြက်သားကို ဖေါ်ထားပေးပါတယ်။ (အရင်ပို့စ်တွေမှာ ကြက်သား မမြင်လိုက်ရဘူးလို့ သွားရည်ကျနေတဲ့ မနာလိုသူများက သဲနဲ့ ပက်ထားလို့...။ ဟိ)

ချဉ်ရည်ဟင်း


သရက်သီးသုပ်

ခါကြက်ဥ ဒိန်ချဉ်

ဒန်ပေါက်နဲ့ တွဲဖက်သုံးဆောင်ဖို့ ချဉ်ရည်ဟင်း၊ သရက်သီးသုပ်နဲ့ ခါကြက်ဥ ဒိန်ချဉ်။


ဒီပုံကတော့ ဟိုတစ်ရက်က မန်ကျည်းဖျော်ရည် နောက်ကွယ်က လျို့ဝှက် မိန်းကလေး ပိုင်ရှင် ကြိုက်တဲ့ ရှောက်သီးသုပ်။


အစာပိတ် အဲ.. အဲ ပို့စ် ပိတ်အနေနဲ့ ဒီနေ့ မနက်ပိုင်းမှာ စားဖြစ်တဲ့ အိမ်လုပ် မာလာဟင်း...။ ဒန်တန့်တန်...။ (ကန်စွန်းရွက်နဲ့ မုန်ညှင်းဖြူက ၀ယ်မလာမိတော့ ကျောက်ပွင့်သုပ်နဲ့ ကြွက်နားရွက်မှိုပဲ ထည့်လိုက်ရတယ်။)


မာလာဟင်း အမြန် စားချင်သူများအတွက် ထပ်ဖြည့်။ ။
ပင်နီစူလားက သုံးထပ်မှာ ဖွင့်ထားတဲ့ ရှမ်းတောင်တန်း စတိုးဆိုင် (ရဲရင့် လက်ဘက်ရည်ဆိုင် နားက)မှာ ရယ်ဒီမိတ် မာလာဟင်း အခြောက်ထုပ် တွေ့ခဲ့တယ်။ အခြေခံ အဆာပလာတွေ ပါတယ်။ (ကျောက်ပွင့်၊ အသားတု၊ ဆန်ခေါက်ဆွဲ အကြည်၊ ဂျုံပြား၊ စသဖြင့်ပေါ့လေ)။ ဟင်းသီးဟင်းရွက်ကတော့ ကိုယ်ကြိုက်တာသာ ထည့်ပါလေ...။ ကျွန်တော်ကတော့ ကန်စွန်းရွက် နဲ့ မုန်ညင်းဖြူ နိုင်နိုင်ထည့်ပြီး နူးအိနေအောင် ပြုတ်တယ်။ ပူပူစပ်စပ်နဲ့ဆိုတော့ ၀ါးစရာ မလိုပဲ တစ်ခါတည်း မျိုချလို့ ရတယ်လေ...။
အစပ်ကြိုက်ရင် အထုပ်ထဲ ပါလာတာ အကုန် ထည့်ပါ။ မကြိုက်ရင်တော့ နည်းနည်းပဲ ထည့်ပါ။

ရှမ်းတောင်တန်းမှာ ရောင်းနေတဲ့ မာလာဟင်းထုပ်ကတော့ “ရှမ်းမောမြေ ” တံဆိပ်ပါ။ အချိန်ကုန် သက်သာ မြန်ကောင်းသက်သာတဲ့ လျှာရင်းမြက်စေမယ့် ဟင်းပဲ...။

ရှမ်းတောင်တန်း ဆိုင်ပိုင်ရှင်မှ မာလာဟင်း အထုပ်များ ရောင်းအားတက်လာပါက မောင်ဘွိုင်း အကောင်းစားလေးအား ကြော်ငြာခ မာလာဟင်း တစ်လ တစ်ထုပ် ပေးရန်...။ (ဟီဟိ လာဖတ်မိပါကပေါ့နော်...။)

Friday, February 6, 2009

EZ Link ကဒ် နောက်ဆက်တွဲ။

ဒီမှာ အရင်က နည်းနည်း ရေးဖူးထားတာ ရှိပါတယ်။ အခု အဲဒီကဒ်နဲ့ ပါတ်သက်ပြီး နည်းနည်းပါးပါး အသုံးဝင်လာတာလေး တွေ့ရလို့ ပြန်လည် တင်ပြခြင်းပါ။

မှတ်မှတ်ရရ ဇန်န၀ါရီ ၂၂ ရက်နေ့ပါ။ လေဆိပ်က အပြန်မှာ SMRT တက်စီ စီးမိပါတယ်။ ယာဉ်မောင်းသူနဲ့ စကားစမြည်ပြောပြီးတော့ ဟိုဟိုဒီဒီ ကြည့်မိတာ အောက်က ပုံလေး တွေ့တယ်ခင်ဗျ။

သူ့ကို မေးကြည့်တော့ အဲဒါ အီးဇီးလင့်ခ်ကဒ်နဲ့ တက်စီဖိုး ချေလို့ရတယ်တဲ့..။ ကဒ်ကို ဒီအတိုင်း တင်လိုက်ရုံနဲ့ ငွေချေပြီးသားတဲ့။ အဆင်ပြေတာနဲ့ အဲဒီနေ့က တက်စီဖိုးကို အသင့်ပါလာတဲ့ အီးဇီးလင့်ခ်ကဒ်နဲ့ ချေလိုက်တယ်။ တစ်ခါကလည်း ဆဲဗင်းအီလဲဗင်းမှာ ပိုက်ဆံ မလောက်တာနဲ့ ချေဖူးတယ်။ နောက်ဆို ဘယ်နေရာတွေမှာ အီးဇီးလင့်ခ်ကဒ်နဲ့ ချေနိုင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ကြပါစို့။


ဘောနပ်စ်
ဘောနပ်စ်အနေနဲ့ကတော့ ဟိုတစ်လောက အင်းလေးမှာ သွားစားလာဖြစ်တဲ့ စားသောက်စရာ ပုံတွေကို တင်ပေးလိုက်ပါတယ်။



ဝက်သားနီချက်ပါ။ အဲဒီနေ့က မနူးလို့လား မသိဘူး နည်းနည်းမာတယ်။


တောင်ကြီး တိုဟူးနွေးနဲ့ ဆင်တယ်။ နည်းနည်းကျဲတယ်။ ကျိုင်းတုံ တိုဟူးနွေးကတော့ ပိုပျစ်တယ်။



တိုဟူးနွေးနဲ့ တွဲစားဖို့ မုန်ညင်းချဉ်။


တိုဟူးနွေးနဲ့ တွဲစားဖို့ တိုဟူးခြောက်ကြော်။

စားပြီးသောက်ပြီး အအီပြေ သောက်ဖို့ မန်ကျည်းဖျော်ရည်။

(Bonus က မူရင်းပို့စ်ထက်တောင် ပိုများသွားတယ်။)

Wednesday, February 4, 2009

Google Latitude (New!!!)

Google Latitude



ခုတစ်လော Google က နည်းပညာ အသစ်တွေ ထုတ်လာပါတယ်။ ပြီးခဲ့ ၄ ရက်လောက်ကပဲ Google Earth မှာ သမုဒ္ဒရာ ကြမ်းပြင်ထိကို တိုက်ရိုက်ကြည့်နိုင်တဲ့ လယ်ဗယ် အထိ မြှင့်တင်ခဲ့တာ မကြာသေးပါဘူး။ အခု နောက်တစ်ခါ Google Maps ကနေ တစ်ဆင့် မိမိ တည်ရှိရာ နေရာကို ပြနိုင်တဲ့ နည်းပညာ အသစ်ကို ထုတ်လုပ်လိုက်ပြန်ပါပြီ။ Google Latitude လို့ ခေါ်ပါတယ်။ GPS မလိုတော့ပါ။ ဒါပေမဲ့ Google နဲ့ ဒေတာတွေ ချိတ်ဆက်ရယူဖို့ကတော့ အင်တာနက် ကော်နက်ရှင် တစ်ခုခု ရှိရပါမယ်။

ဒီနည်းပညာနဲ့ မိမိ ဘယ်မှာ ရှိနေတယ်၊ မိမိတို့ရဲ့ သူငယ်ချင်း ဘယ်မှာ ရှိနေတယ်ဆိုတာကို သိနိုင်ပါတယ်။ ဂျီမေးလ် အကောင့်နဲ့ ၀င်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ ဖုန်းကနေ တစ်ဆင့် အသုံးပြုနိုင်သလို ကွန်ပြူကနေတစ်ဆင့်လဲ သုံးပြနိုင်ပါတယ်။

ဖုန်းထဲကို Google Maps ဆော့ဖ်ဝဲ အသစ်ကို သွင်းပါ။ မိမိတို့ ဖုန်းရဲ့ WAP Browser ထဲကို google.com/latitude ဆိုတာကို ရိုက်သွင်းပါ။ အဲဒီနောက် ဆော့ဖ်ဝဲကို ဖုန်းထဲ ဒေါင်းလုဒ်လုပ်ပါ။ အင်စတောလ် လုပ်ပါ။ Voila!!!! ချက်ချင်း အသုံးပြုလို့ ရပါပြီ။

လက်ရှိ အသုံးပြုနိုင်တဲ့ စမတ်ဖုန်း အမျိုးအစားအတွေကတော့

Google Latitude is a feature of Google Maps for mobile on these phones:
  • Android-powered devices, such as the T-Mobile G1
  • iPhone and iPod touch devices (coming soon)
  • most color BlackBerry devices
  • most Windows Mobile 5.0+ devices
  • most Symbian S60 devices (Nokia smartphones)
  • many Java-enabled (J2ME) mobile phones, such as Sony Ericsson devices (coming soon)

လောလောဆယ်တော့ ကျွန်တော့်ဖုန်းက ဆိုနီအဲရစ်ဆန် UIQ3.0 Symbian OS 9.1 ကို သုံးထားတာ ဆိုတော့ ဒီနည်းပညာက Support မလုပ်သေးပါဘူး။

Windoes Mobile 6.0 အသုံးပြုထားတဲ့ စမတ်ဖုန်းနဲ့ စမ်းကြည့်တော့ အဆင်ပြေပါတယ်။ လောလောဆယ် သူငယ်ချင်းတွေဆီကို invite လုပ်ပြီး သုံးခိုင်းထားတယ်။ သူတို့က accept လုပ်ပြီး Latitude ကို အင်စတောလ် လုပ်မှ ဒီနည်းပညာ ဘယ်လို အသုံးဝင်တယ်ဆိုတာ သိမယ်။ လောလောဆယ်တော့ still pending in invitation progress ပေါ့။ ကျွန်တော် ပို့လိုက်တဲ့ invitation link ကို ရတဲ့သူများ ဆက်လက် စမ်းကြည့်ပါ။ ချိတ်ဆက်လို့ ရမရ စမ်းကြည့်ချင်ရုံ သက်သက်ပါ။

ကွန်ပြူတာနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့

View it on your computer

See your friends' locations and status messages on a full screen even without a compatible phone or data plan.

This service is free from Google; carrier charges may apply.

- အကျယ်ကို ဒီမှာ ဆက်ဖတ်လို့ ရပါတယ်။
- ဖုန်းသမားများ အတွက် ဒီမှာ ဆက်ဖတ်ပါ။
- ကွန်ပြူတာ သမားများအတွက် ဒီမှာ ဆက်ဖတ်ပါ။

အသုံးပြုကြည့်ပြီး ကောင်းမကောင်းကို ဒီမှာ ပြန်လာပြောနော်။
ဗွီဒီယိုကို ဒီမှာ ကြည့်နိုင်ပါတယ်။

Gmail New Button or Google Bugs again


ခုနကပဲ အတိအကျ ပြောရရင် မြန်မာစံတော်ချိန် ၈း၃၀ နာရီလောက်ကပဲ ဂျီမေးလ်ကို စစ်လိုက်တာ ခါတိုင်းတွေ့နေကျ သရီးဒီ ပြူးတူးပြဲတဲ ခလုတ်တွေက အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း သေသေသပ်သပ် ချပ်ချပ်ရပ်ရပ် ဗိုင်းကောင်းကျောက်ဖိ ခလုတ်လေးတွေ အသွင် ပြောင်းသွားသတဲ့ကွယ်...။

ဒါလဲ Bug လား... Human Error လားဆိုတာ ဂူဂယ်က စာထုတ်ရဦးမယ် ထင်ပါရဲ့..။ ဟိုတစ်လောကလဲ (၂-၃ ရက်လောက်က) ဂူဂယ် ဆာ့ခ်ျအင်ဂျင် သုံးလိုက်တဲ့ လူတွေ မျက်လုံးပြူးသွားလောက်အောင် ရှိရှိသမျှ ဆိုဒ်တွေကို Malware ပါလို့ အန္တရာယ် ရှိပါတယ်ဆိုပြီး အင်တာနက်ဆိုဒ် အကုန်လုံးကို လေဘယ်လ် တပ်လိုက်တာ စီအီးအိုကိုယ်တိုင် တောင်းပန်စာ ထုတ်လိုက်ရပါရောလား...။ အဲဒါက စာရိုက်တာ အမှားပါသွားလို့တဲ့...။

ကြည့်ကျက်လုပ်ဦး ဂူဂယ်လ်ရယ်...။

iPhone Rival From Toshiba

Photo Credit : http://www.pcmag.com
ခုတစ်လော အိုင်ဖုန်းနဲ့ ပါတ်သက်တဲ့ သတင်းတွေ တော်တော်များများ ပလူပျံနေပါတယ်။ Palm ကနေ ပြီးတော့ အိုင်ဖုန်းကို ယှဉ်ပြိုင်နိုင်မယ့် Palm Pre အမျိုးအစားကို ထုတ်လိုက်တဲ့ သတင်း၊ အဲဒီလို ထုတ်လိုက်တာနဲ့ အိုင်ဖုန်း ထုတ်တဲ့ Apple ကုမ္ပဏီက သူ့ရဲ့ တီထွင်မှုတွေကို တုပတယ်ဆိုပြီး စကား စစ်ထိုးလိုက်ကာ တရားဥပဒေကြောင်းအရ တရားစွဲဆိုမယ်လို့ ဆိုတဲ့ သတင်း၊ Apple ကနေပြီးတော့ အိုင်ဖုန်းမှာ သုံးထားတဲ့ နည်းပညာများကို မူပိုင်ခွင့် ပြုလိုက်တဲ့ သတင်း၊ ကွန်ပြူတာတွေကိုပဲ တစ်စိုက်မတ်မတ် ထုတ်လာတဲ့ DELL က စမတ်ဖုန်း ထုတ်တော့မယ် ဆိုတဲ့ သတင်း (အိုင်ဖုန်းကို ယှဉ်ဖို့ ထုတ်မယ်လို့ ဆိုပါတယ်။) အစရှိသည် ပေါ့လေ။

အခု နောက်ဆုံး ရရှိတဲ့ သတင်းအရ တိုရှီဘာကနေပြိးတော့ အထက်ဖေါ်ပြပါ ပုံပါအတိုင်း TG01 အမည်ရ Touch Screen Smart Phone ကို ထုတ်လုပ်ပါတော့မယ်။ ၂၀၀၉ ခုနှစ်ရဲ့ ပထမ သုံးလပါတ်လည်မှာ ဒီဖုန်းကို ဥရောပ တစ်လွှားမှာ သုံးစွဲနိုင်ပါမယ်။ သိသာထင်ရှားတဲ့ အချက်ကတော့ ဖုန်းရဲ့ စကရင်ကို 4.1" အထိ ထုတ်လုပ်မယ်ဆိုတာပါပဲ။ Windows Mobile OS ကို အသုံးပြုမှာ ဖြစ်ပြီး WM6 or WM 6.1 လား ဆိုတာတော့ မသိရသေးပါဘူး။ မိုက်ခရိုဆော့ဖ်က Windows Mobile 7 ကို ဈေးကွက်တင်ဖို့က နှောင့်နှေးနေတာနဲ့ လက်ရှိ WM6 OR WM 6.1 OS ကိုသာ သုံးစွဲမယ်လို့ မျှော်လင့်ရပါတယ်။ ထုတ်ခဲ့သမျှ Windows Mobile OS ကို အသုံးပြုတဲ့ ဖုန်းတွေမှာ စကရင် ပမာဏ အရွယ် အကြီးမားဆုံးလို့ သိရပါတယ်။ နောက်ဆုံးပေါ် စမတ်ဖုန်း တွေမှာ ပါရှိတဲ့ လုပ်ဆောင်ချက်တွေ အကုန်ပါမယ်လို့ သိရပါတယ်။

အသေးစိတ် အချက်အလက်များကိုတော့ ကုမ္ပဏီက တရားဝင် ထုတ်ပြန် ကြေငြာထားခြင်း မရှိပေမယ့် လာမယ့် နှစ်ပါတ်မှာ ကျင်းပမယ့် MWC (Mobile World Conference) မှာတော့ အသေးစိတ် သိရှိနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

နည်းပညာပိုင်းဆိုင်ရာ မြင့်မားလာမှုကြောင့် နောက်ပေါ်တဲ့ ဖုန်းများက သာစမြဲဆိုတဲ့ အတိုင်း ဒီတိုရှီဘာက ထုတ်မယ့် ဖုန်းမှာ ဘယ်လို အားသာချက်တွေ ပါမလဲ ဆိုတာ စောင့်ကြည့်ရအောင်။ လက်ရှိ အိုင်ဖုန်းနဲ့ တစ်တန်းတည်း ယှဉ်ထိုး ပြောဆိုနေတဲ့ ဖုန်းတွေကတော့ HTC Touch HD, Nokia N97 တို့ ဖြစ်ပါတယ်။

Source : PC Mag, Gearlog, GSMArena

ထပ်ဖြည့်။ ။ ဖုန်းက ၀င်းဒိုး ၆.၁ ဗားရှင်း ကို သုံးမှာပါ။


Sunday, February 1, 2009

တုတ်ဆူး နှင့် ရှမ်းထမင်းဝါ

နှစ်တစ်နှစ်ရယ်လို့ ကူးပြောင်းတဲ့ ကာလကို ရောက်ခဲ့လို့ရှိရင် ဆိုင်ရာ ဆိုင်ရာသော လူမျိုးများဟာ မိမိတို့နှင့် ဆက်စပ်သော ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမမှား၊ မိတ်ဆွေများကို နှစ်သစ်ဆုမွန်ကောင်းများ တောင်းဆုပေးခြင်း အမှုကို အပြန်အလှန် ပြုလုပ်ကြပါတယ်။

လူမျိုးတိုင်းမှာ ချစ်စရာကောင်းတဲ့ ဒီဓလေ့တွေ ကိုယ်စီ ကိုယ်စီ ရှိကြပါတယ်။ ထိုနည်းတူ ရှမ်းမျိုးနွယ်များမှာလည်း ဒီလို ချစ်စရာကောင်းတဲ့ နှုတ်ခွန်းဆက်တဲ့ ဓလေ့ ရှိကြပါတယ်။ ဒါကို တုတ်ဆူး လို့ ခေါ်ပါတယ်။ တုတ်ပေါ်က ဆူး မဟုတ်ပါ။ ရှမ်းအခေါ်အဝေါ် ဖြစ်ပါတယ်...။

ဝေးတစ်နေရာရောက် ရှမ်းမိသားစုများလဲ အဆင်ပြေတဲ့ အချိန်လောက်မှာ ဒီတုတ်ဆူးဓလေ့ကို လက်ဆင့်ကမ်းလာတာမှာ အခု စင်ကာပူရောက် ရှမ်းမိသားစုများကလဲ ခြေခင်းလက်ခင်းသာတဲ့၊ ဒီအချိန်ကို ရွေးပြီး တုတ်ဆူး ထွက်ကြပါတယ်။ အတိအကျ ပြောရရင်တော့ ဇန်န၀ါရီလ ၃၁ ရက်နေ့ကို ရွေးပြီး တုတ်ဆူး ထွက်ကြပါတယ်။

ပင်နီစူလားထဲက ရှမ်းမိသားစုများ ရှိရာ ဆိုင်တွေကို လိုက်လံပြီး နှုတ်ခွန်းဆက်ကြပါတယ်။ အဲဒီနောက် မြို့ထဲက ကျန်တဲ့ မိသားစုများ ရှိတဲ့ အိမ်တွေကို လိုက်လံပြီး တုတ်ဆူး ထွက်ခဲ့ကြပါတယ်။ အိမ်ရှင်များကလည်း အထူးတလည် ကြိုတင်ပြင်ဆင် ချက်ပြုတ်ထားကြတဲ့ စားသောက်ဖွယ်ရာများနဲ့ အပြန်အလှန် ဧည့်ခံကြပါတယ်။

မနေ့က ကျွန်တော်တို့ ရှမ်းရိုးရာ တုတ်ဆူး (နှစ်သစ် ကယ်ရိုဆင်းကင်းသဘော) အနေနဲ့ ရှမ်းမိသားစုများ ရှိရာ အိမ်တွေကို ရှမ်းလူငယ်များ စုပေါင်းပြီး တစ်အိမ်တက်ဆင်း လှည့်လည်ကာ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ကျက်သရေ မင်္ဂလာ ကောင်းချီး အဖြာဖြာများ ကျရောက်ပါစေကြောင်း သွားရောက် ဆုတောင်းပေးရင်းနဲ့ ရိုးရာ နှစ်ကူးသီချင်းများကို သီဆို တီးမှုတ် ကခုန်ခဲ့ကြပါတယ်။

အိမ်ရှင်တိုင်းကလည်း ၀မ်းပန်းတစ်သာ အားပါတစ်ရနဲ့ ကြိုဆိုကြကာ လာရောက် သီဆိုဆုတောင်းပေးသူများကို အပြန်အလှန်အနေနဲ့ ရှမ်းရိုးရာ အစားအသောက်များနဲ့ ပြန်လည် ဧည့်ခံပြီး ဆုတော်ငွေများ ပြန်လည် ချီးမြှင့်ခဲ့ကြပါတယ်။ ကွင်းစ်တောင်းက စပြီး ပင်နီစူလား၊ ဆဲန်းကန်း၊ ပါဆားရစ်၊ ၀ုဒ်လန်းနဲ့ နောက်ဆုံးတော့ ဆမ်ဘားဝမ်းမှာ ဘူတာဆုံးပါတော့တယ်...။

အိမ်တိုင်းက ကျွေးမွေးကြတာကို အားပါးတရ သုံးဆောင်လိုက်တာ ပုံတွေတောင် ရိုက်ဖို့ မေ့သွားတယ်။ နောက်ဆုံးအိမ် ဖြစ်တဲ့ Semba Wang က ကိုစိုင်းတွမ်ဆိုင် တို့ မိသားစု အိမ်ရောက်မှပဲ အပန်းဖြေ နားနေကြရင်းနဲ့ ဗိုက်ဖြည့်လို့ ၀ကာမှပဲ စားထားတာတွေ ကို မှတ်တမ်းတင်ဖို့ သတိရပါတယ်။

စားသောက်ဖွယ်ရာများနဲ့ ဧည့်ခံခဲ့ကြတဲ့ အိမ်ရှင်များ၊ ရှမ်းမိသားစုများကို ကျေးဇူး အထူး တင်ရှိပါကြောင်း။

၁။ ရှမ်းထမင်းချဉ်။

တောင်ကြီး ငါးထမင်းနယ်နဲ့ တူတယ်နော်။ ဒီဟာက ငါးမပါတဲ့ သတ်သတ်လွတ် ထမင်း။


ဒီခရမ်းချဉ်သီး အနှစ်လေး ဆမ်းလိုက်

ငရုတ်သီးလေးများ ကြိုက်တတ်ရင် ဒီ ငရုတ်သီးကြော်လေး တွဲစားပါလှည့်...။




ဂျူးမြစ်တစ်ကိုက် (ရှယ်ပဲ...)


ငါးမုန့်ကြော် တစ်ကိုက်နဲ့ (တစ်ကြွမ်းကြွမ်း...)

မနေ့က ၆ ချပ်တိတိ ကုန်အောင် စားလိုက်တယ်...။ စားပြီလို့ ဗိုက်ပြည့်တာတောင် အားမရပဲ အိမ်ကို ပါဆယ် ဆွဲခဲ့သေးတယ်။ မဒမ်တွမ်ဆိုင်က သဘောကောင်းစွာနဲ့ နောက်ထပ် ၁၂ ချပ် ထည့်ပေးလိုက်တာကို ဒီမနက်မှာ မနက်စာ အနေနဲ့ ဒုတိယံပ္မိ စားလိုက်ရပါတယ်။ ကျေးဇူးပါ မဒမ်တွမ်ဆိုင်။


Bonus : ဘောနပ်
အိမ်လုပ် ဒန်ပေါက်။

ဒီတစ်ခေါက် ဘောနပ်အနေနဲ့ကတော့ အိမ်မှာနေတဲ့ အစ်ကိုကြီးက ချက်ကျွေးတဲ့ ဒန်ပေါက် ထမင်းကို တင်ဆက်ချင်ပါတယ်။ ထမင်းများသွားလို့ မနပ်တာနဲ့ သုံးခါ ပြန်တည်လိုက်တယ်...။ ညနေစာပေါ့လေ..။ ကရမက် ၊ ကရဝေးနံ့လေး သင်းနေတာပဲ။ ထောပတ် နိုင်နိုင် သုံးထားတယ်။ အဆီနည်းတယ်။ များရင် အီတယ်...။

ဒန်ပေါက်က ကျက်ကျက်ချင်း ၀ိုင်းအားပေးလိုက်တာ အိုးကပ်လေးပဲ ကျန်တော့တယ်။ ဘလော့ဂ်ကြွလာ မိတ်သဟာများ တန်းစီစံနစ်နဲ့ အားပေးကြပါ။ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်တူကို သနား ဆိုတဲ့ ဆိုရိုးအတိုင်း အမ်းမား ကြွပါ။ ဒုတိယ ကိုကေ၊ နောက် ဆင်ဆင် မမွန်တီဇက်အေ၊ အို ဟိုကလေး ကာကာ နောက်မှာ သွားတန်းစီချေ...။ သန္တာ လာပါ...။ ခွေဖြူက ကာကာရှေ့ကနေ လာလှည့်...။ နေဦး..။ ကိုဒီဘီ လာပါ။ ကိုအောင်သာငယ်ကိုတော့ အိမ်ကို ပါဆယ် ပို့လိုက်ပြီ...။ မေမိုးက မလာနိုင်လို့တဲ့။ ချန်ထားပေးလိုက်တယ်။ မီယာကတော့ နောက်ကျလာလို့ မကျန်တော့ပါဘူး။ ပေါက်ကတော့ ရန်ကုန်က နီလာ ဒန်ပေါက်နဲ့ နှစ်ပါးသွားနေလောက်ပြီ။ (မေမြို့က လေငွန်မှာ ငြိမ့်ချင် ငြိမ့်နေမှာ။) နန်းညီလဲ အိပ်ရာထနောက်ကျလေတော့ သူ့အိမ်မှာပဲ သွားပို့ထားမယ်.. တော်ကြာ နုမော်ဒယ်ပုံတွေ သူလာ မပြပဲ နေလိမ့်မယ်...။