Thursday, December 20, 2007

Blog Readability

cash advance

Get a Cash Advance


အင်း... ဘလော့ဂ် Addict ဖြစ်တယ်တာ ပြောတာ...။ ကိုယ့်ဘလော့ဂ်ကို update တောင် ကောင်းကောင်းမလုပ်ဖြစ်တာ တစ်လခွဲသွားပါရောလား...။ သို့ကလိုကြောင့် ဘလော့ဂ်ကြွလာ မိတ်သဟာများကို အားနာသမှု ဖြစ်မိပါကြောင်း ပြောကြားပါရစေ...။ အခု တစ်ခေါက်တော့ ညီမလေး နေနေနိုင် ဘလော့ဂ်ကို သွားဖတ်ရင်းနဲ့ ကိုယ့်ဘလော့ဂ်ကို ဖတ်နိုင်ဖို့ ဘလော့ဂ်ဖတ်သူရဲ့ နားလည်တန်စွမ်းဟာ ဘယ်အဆင့်ရှိမယ်ဆိုတာကို ခန့်မှန်းပေးတဲ့ The Blog Readabilityကိရိယာလေး သွားစမ်းမိပါတယ်...။ Genius ဖြစ်သူမှသာ ဖတ်လို့ နားလည်နိုင်မဲ့ ဘလော့ဂ်ပါတဲ့...။ အသင် စာဖတ်သူအနေနဲ့ ကျွန်တော့်ဘလော့ဂ်ကို ဖတ်လို့ နားလည်တယ်ဆိုရင်ဖြင့် ကိုယ့်ကိုယ်ကို ဥာဏ်ကြီးရှင် အဆင့်အတန်းရောက်နေပြီဆိုတာ ဂုဏ်ရုံ အဲ.. အဲ ဂုဏ်ယူလိုက်ပါ...။

ရီတော့ ရီရသား ကိုယ့်ဘလော့ဂ်ကို အင်္ဂလိပ်လို ရေးထားတာ ခပ်နည်းနည်းရယ်... အဲဒါကို အင်္ဂလိပ်ဆော့ဝဲနဲ့ လာစမ်းသပ်တော့ ဆော့ဝဲခင်မျာ ဘာဖတ်လို့ ဖတ်ရမှန်းမသိတာနဲ့ Genius Level ပေးလိုက်တာ နေလိမ့်မယ်...။ ဟာဟ...။

Thursday, November 1, 2007

မောင်ဘလော့ဂ် ၈၀

80%How Addicted to Blogging Are You?

Get a cash advance

အနော် ဘလော့ဂ် အက်ဒ်ဒစ် ဖြစ်နေပါသည်...။ ၈၀ ရာနှုံး တဲ့ ခင်ဗျ...။

Wednesday, October 24, 2007

The Seeker : The Dark Is Rising


ဒီတစ်ခါ သွားကြည့်မိတဲ့ ကားက The Seeker တဲ့...။ အင်္ဂလန်မှာ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းပေါ့လေ...။ ကာတွန်းဇာတ်လမ်းတစ်ခုကို မှီးပြီးတော့ ရိုက်ထားတာပါ...။ အလင်းဘက်တော်သားများနဲ့ အမှောင်ဘက်တော်သားတွေ အပြိုင် နွဲကြတဲ့ ဇာတ်လမ်းပါ...။ အမှောက်ဘက်တော်သားများက အတိတ်တုန်းက အလင်းဘက်တော်သားများကို ရှုံးနိမ့်ခဲ့ပါတယ်...။ အဲဒီလို ရှု့းနိမ့်ခဲ့တြ့ အတွက် အမှောက်ဘက်တော်သား ခေါင်းဆောင်ဟာ လိုအပ်တဲ့ တန်ခိုးအာဏာများ စုဆာင်းခဲ့တာ နှစ်ထောင်ချီနေပါပြီ။ အလင်းဘက်တော်သားများထဲကတော့ လူကြီးများသာ ကျန်ရှိနေပြီး အလင်းဘက်တော်သားများ အောင်နိုင်ရေးမှာ လိုအပ်တဲ့ အရာပေါင်း ၆ခုကို ရှာနိုင်ဖို့ လူငယ်တစ်ယောက်လိုပါတယ်။ အဲဒီလူငယ်ဟာ မိသားစုရဲ့ ခုနှစ်ယောက်မြောက်သားရဲ့ ခုနှစ်ယောက်မြောက် သား ဖြစ်ဖို့ လိုပါတယ်...။ အဲဒီမှာ သူတို့ လူငယ်လေး တစ်ယောက်ကို တွေ့သွားပါတယ်...။ ကြည့်လို့ ကောင်းတဲ့ ကားလေး တစ်ကား ဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။

Not Happy With Current Job

ခုတစ်လော ရုံးမှာ အထက်အရာရှိနဲ့ အဆင်မပြေဘူး ဖြစ်နေတယ်...။ အမြဲတမ်း အပြစ်တွေ တစ်ခုမဟုတ် တစ်ခု လိုက်ရှာနေတယ်....။ ကြည့်ရတာ တစောင်းစေး နဲ့ မျက်ချေး ထင်ပါရဲ့...။ အလုပ်သစ် ပြောင်းချင်တယ်။ ခက်တာက ကိုယ့်အရည်အချင်းနဲ့ အလုပ်သစ်ဆိုတာ လွယ်လွယ်ရနိုင်ပါ့မလား မသိ...။ အခု အလုပ်က အခြေအနေအရသာ ၀င်လုပ်နေရတာ...။ သိပ်ပြီးတော့ ကိုယ်နဲ့ အံဝင်တယ်လို့ မထင်ရ...။ semi conductor, wafer စတဲ့ ကုမဏီတွေမှာ ၀င်လုပ်ချင်တာ...။ ဒီနေ့တော့ စိတ်ညစ်နေတယ်...။ Jobs Street ထဲ အလုပ်ပြန်ရှာဦးမှာပါလေ...။

Tuesday, October 23, 2007

ကြောက်တတ်သူ တစ်ယောက်လား...


ဒိုင်ယာရီရေ...
ပြန်စဉ်းစားကြည့်တော့လဲ ကိုယ်ဟာ ငယ်ငယ်ကတည်းက အဖိနှိပ်ခံဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရသကိုး...။ မိဘများက အားပေးရှာသောလည်း ပတ်ဝန်းကျင်က ကိုယ့်အလိုမှ မဖြစ်ခဲ့တာကို ကြီးမှ သိရတာ...။
အဲဒီတော့ ကြောက်စိတ်ဆိုတာရှိခဲ့တာက အဆန်းမှ မဟုတ်တော့တာ...။
ဟိုဟာ မလုပ်နဲ့... ဒီဟာမလုပ်နဲ့...
ဒေ၀ါကြီးလာလိမ့်မယ်... အဲဒီလို အဲဒီလို...
ကြီးလာတော့လဲ ဒါ ဥပဒေနဲ့ မညီဘူးတဲ့...။
တစ်ချို့ကျတော့ လုပ်နေတာပဲ... ဘာမှလဲ မဖြစ်...။ ဘာဥပဒေလဲတော့ မသိဘူး..။
ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့
ရဲဖမ်းလိမ့်မယ်...။
တစ်ချို့များ သူတို့နဲ့တောင် ပလဲနံပ သင့်လို့ရယ်...။ အဆင်ကို ပြေလို့...။
ကားတစ်ဝီ၀ီစီး... ဟဲန်းဖုန်း ခါးကြားချိတ်... မာဘိုရိုလေးခဲ... တိုက်ဂါးသံဘူးလေးကိုင် ပူးလစ်စ် မျက်မှန်လေးတပ်... ကြောင်ကမ်ဘာ ရှုးဖိနပ်ကိုစီး... နှစ်ပိဿာလောက် လေးမယ့် ရွှေဆွဲကြိုးက လည်ပင်းမှာငိုက်လို့... နိုက်ကလပ် ညတိုင်းသွား... ဒါက အရင်တုန်းက ပြေလည်သူများ စတိုင်ကို ပုံဖေါ်တာ...။
သူရို့မယ်.. ဒီကွေ့ကို ဒီတက်နဲ့ လှော်မယ်.. ဟိုကွေ့ကို ဟိုတက်နဲ့လှော်ဖို့ အင်းထဲက လှော်တက်မျိုးစုံကို ကန်ထရိုက်ဆွဲပြီး ဂိုဒေါင်ထဲ ထည့်ထားသူများပေါ့...။
ကိုယ်ပြောချင်တာ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရမလားဆိုတော့လဲ ချင့်ချိန်ရမဲ့အရာတွေက များလွန်းတော့ ကိုယ့်ကိုယ်ကို လူကြောက်စာရင်းထဲ ထည့်လိုက်တာ ကြာပါပကော...။
ဇာပါးပါးနဲ့ အုပ်ထားတဲ့ ခပ်ကြမ်းကြမ်း ခဲခြစ်ပန်းချီလဲ ဖွင့်မပြနိုင်ခဲ့တာ ကြာပါပြီ...။
ကိုဒိုက်ရေ... ကျွန်တော့်ကို သွေးကြောင်တတ်နေပြီပါပကောလို့ သိရင် ပြောဦးမလား မသိ...။
အဟက်... ပုတ်သင်ညိုများလို့ အရောင်မပြောင်းတတ်တာက ခက်ပါသော်ကော...။
ဆိုတော့ ကိုယ့်ကို ကြောက်တတ်လား မေးလာခဲ့ရင် ဟုတ်ကဲ့ ကြောက်တတ်ပါတယ်လို့ ဖြေမှာပါ...။
ဟုတ်ကဲ့...။ တစ်ယောက်ယောက်ကို ရည်ညွှန်းပါတယ်ခင်ဗျား...။
အားလုံး ကောင်းပါသည်ခင်ဗျား...။

Monday, October 22, 2007

Let's Watch Movie online

ခုတစ်လော ပျင်းပျင်းရှိတာနဲ့ ရုပ်ရှင်တွေ ထိုင်ကြည့်နေတာ ...။ အရင်ကတည်းက ကြည့်လာတဲ့ ဆိုဒ်မှာ အသစ်ဘာတွေ တင်နေလဲလို့ သွားကြည့်တာ...။ မဆိုးဘူးရယ်.. အသစ်တွေ တော်တော်များ တွေ့နေတာနဲ့ တစ်နေကုန် ထိုင်ကြည့်နေလိုက်တယ်...။ ကိုးရီးယားကားနဲ့ ဂျပန်ကားများသာ တင်ထားပါတယ်။ ကြည့်ချင်သူများ အဆင့်အတန်းမှီ အင်တာနက် ကော်နက်ရှင် ရှိဖို့ လိုပါလိမ့်မယ်...။ လင့်ခ်ကတော့ အောက်မှာပါ။
http://www.mysoju.com

Sunday, October 7, 2007

Resident Evil : Extinction


အခု တစ်ခေါက် သွားကြည့်ခဲ့တဲ့ ရုပ်ရှင်တော့ Zombie လိုလို ဖုတ်ကောင် အဆက်ကားပါ...။ စစထွက်ချင်း နံပါတ်၁ မှာ လူသိပ်မကြိုက်ခဲ့ပေမဲ့... ဒုတိယပိုင်းမှာ မင်းသမီးရဲ့ အဖေါ်အချွတ်တွေကြောင့် လူတွေ ပိုကြည့်လာခဲ့ပါတယ်...။ အဆိုပါ အောင်မြင်အှုကြောင့်ပဲ ဂိမ်းတွေတောင် တွထွင် ခဲ့ပါတယ်...။ အခုလဲ အဆိုပါ အပိုင်း ၂ရဲ့ အောင်မြင်မှုကိုမှီတည်ပြီး အပိုင်း ၃ ကို ကြော်ငြာအား မသုံးပဲ ခပ်ရဲရဲ ရံတင်လာပါတယ်။ အမေရိကားမှာ T Virus ပိုးကူးစက်ခံရသူတွေဟာ Zombie တွေ ဖြစ်သွားကြပြီး လူရဲ့ အသားများကို စားသောက် နေထိုင် အသက်ရှင်ကြရပါတယ်...။ ပိုးမကူးသူများကလဲ အကူးမခံရအောင် လမ်းပေါ်မှာ ခရီး လှည့်လည်နေရပါတယ်။ အစိုးရပိုင်းက ပိုးကူးမခံရသေးသူများက Zombie တွေရန်ကလွှတ်အောင် မြေအောက်ထဲမှာ အစိုးရဌာန ဖွဲပြီး ကာကွယ်ဆေးထုတ်ဖို့ သုတေသန စခန်း ဆောက်ကာ အဖြေရှာနေကြပါတယ်...။ မင်းသမီးမှာက သူမတူ ထူးခြားတဲ့ စွမ်းရည်ပိုင်ဆိုင်ထားပါတယ်...။ အဲဒါကို သိတဲ့ သုတေသနမှူးက သွေးအမူနာကို မရ ရအောင် အပိုင်း ၂ တုန်းက ယူထားခဲ့ပါတယ်...။



မင်းသမီးရဲ့ သွေးနမူနာကို ရယုသွားခဲ့တဲ့ Zombie free zone က Zombie T Virus ပိုး မကူးတဲ့ သုတေသန အရာရှိဟာ အဆိုပါဗိုင်းရပ်စ်ပိုးကို ခုခံကာကွယ်နိုင်မဲ့ နည်းလမ်းကို ရှာသော်လည်း မအောင်မြင်သေးပါဘူး...။ အထက်ကလည်း သူ့ကို ဖိအားတွေ ပေးနေပါတယ်...။ အဲဒီမှာတင် သူ့ သုတေသန လုပ်ငန်း မပျက်စီးရေးအတွက် မကြံစည်သင့်တဲ့ အမှားတွေ ဆက်တိုက် ကျူးလွန်နေပါတော့တယ်...။

Wednesday, September 12, 2007

Apartment 1303


ခုတစ်လော ရုပ်ရှင်ကြည့်တာ ဓါတ်ကျနေတယ်။ ရေးမိတိုင်းလဲ ရုပ်ရှင်အကြောင်းတွေချည်းပဲ။ ဒီတစ်ခေါက် ကြည့်မိတဲ့ ကားကတော့ ဂျပန် ထိတ်လန့်သည်းဖို ကားတစ်ကားပါ ...။ ဂျပန်ထိတ်လန့် သည်းဖိုကားတွေက The Ring့ နဲ့ နာမည်ရလာခဲ့တာ ဆိုတော့ ခု ဒီဇာတ်ကားကိုလဲ အဆိုပါ ကားများနဲ့ တန်းတူ သဘောထားပြီး သွားကြည့်ခဲ့ပါတယ်။ အဖေါ်ပါရင် ပိုကောင်းမယ်...။ ကြည့်မယ်ဆိုရင် အဖေါ်နဲ့ သွားကြည့်ကြနော...။

ဇာတ်လမ်းအကျဉ်းပဲ ရေးပြတော့မယ်။ ကွန်ဒိုမီနီယံ တစ်ခုမှာပေါ့...။ ည သန်းခေါင်ကျော် တစ်ယောက်တည်း ပြန်လာလို့ ဓါတ်လှေကား တက်စီးရင် ဗြုန်းဆို ကိုယ့်ဘေးနားမှာ ဂျပန်ကီမိုနို ၀တ်ထားတဲ့ မျက်နှာတစ်ခုလုံးကို ဆံပင်ရှည် အဖြူနဲ့ ဖုံထားတဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာပြီး ဓါတ်လှေကား တက်စီးလေ့ ရှိသတဲ့။ ၁၃ ထပ်ကို ရောက်ရင် ဒီအထပ်က ၁၃ ထပ်လားဆိုပြီး မပီမသ မေးတတ်တယ်။ အမေးခံရသူက ကောင်ူကောင်းမကြားလို့ ပြန်မေးမိရင် ငါ့မျက်လုံး ပြန်ပေးဆိုပြီး ဟောက်ပက် ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ လှမ်းတောင်းတတ်သတဲ့...။ အဲဒီလို သတင်းတွေနဲ့ နာမည်ကြီးနေတဲ့ တိုက်ရဲ့ အထပ် ၁၃ ထပ်မြောက်က အခန်း နံပါတ် ၃ ကို လာငှားတဲ့ သူတိုင်း တိုက်ပေါ်က တစ်နည်းနည်းနဲ့ ပြုတ်ကျ၊ ခုန်ချကြပြီး သေတာချည်းပဲတဲ့...။ (အခန်းခကလဲ ဈေးချိုလွန်းသတဲ့။) သေတဲ့သူတွေဟာ ၂၀ ၀န်းကျင်တွေ ဖြစ်ပြီး အမျိုးသမီး တွေသာ ဖြစ်ပါတယ်။ အိမ်ကနေ ပထမဦးဆုံး တစ်ယောက်ထည်း အခန်းငှားနေတဲ့သူတွေ ဖြစ်ကြောင်း ရဲမှတ်တမ်းများ အရ တိုက်ဆိုင်နေပါတယ်။ ဒီလို ဆုံးသွားတဲ့ သူတွေထဲက တစ်ယောက်ရဲ့ အစ်မဖြစ်သူဟာ ဒီအကြောင်းကို မကျေနပ်လို့ နယ်မြေတာဝန်ခံ ရဲတစ်ယောက်နဲ့ ပူးပေါင်း စုံစမ်းလိုက်တဲ့အခါ...။
ဒန်တန့်တန်...။
ရင်ခုန်ခြောက်ခြားဖွယ်အတိပါတကား...။ ဓါတ်လှေကားက အခန်းကကတော့ ဟောင်ကောင်မင်းသမီ ရှုကြည်သရုပ်ဆောင်တဲ့ မျက်လုံးဇာတ်ကားနဲ့ ခပ်ဆင်ဆင်ရယ်...။ အဲဒီဟောင်ကောင်ကားကြည့်ပြီးကတည်းက ဓါတ်လှေကားတွေကို တတ်နိုင်သမျှ ရှောင်ထားခဲ့တာ...။ အခုဒီရောက်မှ ပြန်စီးဖြစ်တယ်။ အခု ဒီကားကို ပြန်ကြည့်တော့ ည ည ညဥ့်နက်အချိန်ပိုက ပြန်လာတဲ့ ကျွန်တော့်အတွက် ၈ ထပ်ကို လှေကားနဲ့ပဲ ကုန်းကြောင်းတက်ရမလို ဖြစ်နေပြီ...။
အဲဒီနေ့က ကျွန်တော်ထိုင်တဲ့ ခုံတန်းမှာ ကျွန်တော် တစ်ယောက်တည်းပဲ ရှိပါတယ်။ ရေကြည့်လိုက်မှ ဟိုးနှစ်တန်းကျော်လောက်က လူ ၃ ယောက်ရယ်..။
ကျွန်တော်ရယ် ကျွန်တော်ရယ် အဲဒီ ၃ ယောက်ရယ်မှ ပေါင်း ၄ ယောက်တည်းနဲ့ ည ၁၁း၃၀ ရှိုးကို ကြောက်ကြောက်လန့်လန့်ကြည့်ပြီး အပြန် ရုပ်ရှင်ရုံက ဓါတ်လှေကားနဲ့ အဆင်းမှာ ဂျမ်း ဖြစ်သွားရင်း၊ အခန်းကို အပြန်မှာ မီးကို ချွေတာတဲ့အနေနဲ့ တစ်တိုင်ခြား လမ်းမီးလင်းနေတဲ့ မှောင်မဲမဲ တိုက်ကြားမှာ ပြန့်ကျဲနေတဲ့ တစေကြီးပွဲက စက်ကူဝါ၀ါတွေကြားမှာ ဟိုးပရလောကသားတွေဆီ ဟွန်ဒီလွဲပေးတုန်းက ငွေစက်ကူမီးရှို့လို့ ထွက်လာတဲ့ မီးခိုးမြူဆိုင်းဆိုင်းကြားမှာ သုတ်သုတ်နဲ့ ပြန်ခဲ့တုန်း ခွေးချေးပုံလား ကြောင်ချေးပုံလား မသိ တက်နင်းခဲ့ရတဲ့ ကားတစ်ကားပါ...။ (ကြောက်မလားလို့ ရေးလာလိုက်တာ နောက်ဆုံးခန်းမှ နံလိုက်တာ..။)

1408 ခြောက်ခြားဖွယ် ညတစ်ည

ကြောက်တတ်ရင်တော့ ဒီကားကို မကြည့်ဖို့ ပြောပါရစေ..။
သဲထိတ်ရင်ဖို သရဲကားပါ။
ကားနာမည်က 1408 တဲ့...။
သရုပ်ဆောင်ကတော့ ဂျွန်ဂူးဆက် (John Cuseck)ဖြစ်ပါတယ်။ ခါတိုင်း ဒရာမာ ဇာတ်လမ်းတွေပဲ ရိုက်ရာကနေ အခုတော့ သဲထိတ်ရင်ဖို သရဲကားဖက်ကို လှည့်ရိုက်ပါတယ်။ သရုပ်ဆောင် သက်တမ်းက မနည်းတော့ အခုကားမှာ သရုပ်ဆောင်တာ အတော် ပီပြင်ပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ ဒီလိုပါ။
မင်းသားက သရဲသုတေသီ တစ်ယောက်ပေါ့။ သရဲ နာမ် လောကနဲ့ ပါတ်သက်ပြီး ကိုယ်တိုင် ကွင်းဆင်း လေ့လာပြီး မှတ်တမ်းတင်ကာ စာအုပ်ထုတ်ရေးစားနေတဲ့ စာရေးဆရာ တစ်ပိုင်း သုတေတီ တစ်ပိုင်း ဖြစ်ပါတယ်။

မိန်းမနဲ့ ကွဲနေပါတယ်။ မိန်းမနဲ့ ကွဲပြီးနောက်ပိုင်း တစ်မြို့ဆီမှာ နေပါတယ်။ သမီးလေးတစ်ယောက် ရှိခဲ့ဖူးပေမယ့် ကုမရတဲ့ ရောဂါတစ်ခုကြောင့် ဆုံးပါးသွားခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့်လဲ သူ့မိန်းမနဲ့ ကွဲပြီး တစ်ယောက်ထဲ တေလေနေကာ စာရေးစားတဲ့ အလုပ်ကို လုပ်နေပါတယ်။

အမေရိကားတစ်လွှား သရဲခြောက်ပါတယ်လို့ နာမည်ကျော်ကြားနေတဲ့ အိမ်တွေ၊ ဟော်တယ်တွေကို သွားပြီး... ကိုယ်တိုင် ညလုံးပေါက်နေကာ အတွေ့အကြုံ ယူပါတယ်။ အဲဒီကနေတစ်ဆင့် အမှန်တကယ် ခြောက်တာကို ကြုံခဲ့ရသလို နာမည်ကြီးအောင် အတုအယောင် သတင်းလွှင့်တာတွေနဲ့လဲ ကြုံခဲ့ရပါတယ်။ အဲဒီအတွေ့အကြုံတွေကို အခြေခံပြီး ရေးတဲ့ သူ့စာအုပ်တွေကတော့ ရောင်းတမ်းဝင်ထဲမှာ ပါမြဲ ပါနေတာပေါ့။

သရဲခြောက်တဲ့နေရာတိုင်းကို လိုက်လိုက်ပြီး လေ့လာစူးစမ်းရေးသားလေ့ ရှိတဲ့အတွက် သူ့ဆီကို အနယ်အနယ်အရပ်ရပ်က ဖိတ်ခေါ်စာတွေ ရောက်တတ်ပါတယ်။ ဘယ်အရပ်က ဘယ်အိမ် ဘယ်ဟော်တယ်ကဖြင့် သရဲခြောက်လွန်းလို့ လာရောက် စူးစမ်းလှည့်ပါ ဘာညာပေါ့...။

တစ်ရက်မှာတော့ သူ့ဆီကို ထူးဆန်းတဲ့ ပို့စ်ကဒ် တစ်စောင် ရောက်လာပါတယ်။ ပို့စ်ကဒ်ကတော့ ဟော်တယ် ကြော်ငြာ ပို့စ်ကဒ် ဖြစ်ပြီး အခန်းနံပါတ် ၁၄၀၈ ကို လုံးဝ မ၀င်ပါနဲ့ ဆိုတဲ့ စာသား တိုတိုတုတ်တုတ်လေးပဲ ပါပါတယ်။
အဲဒီဟော်တယ်ဟာ နယူးယောက်က ဒေါ်လ်ဖင် (Dolphin)ဆိုတဲ့ ဟော်တယ် ဖြစ်ပါတယ်။

ဒါနဲ့ သူလဲ စိတ်ဝင်စားသွားပြီး ဟော်တယ်ကို တိုက်ရိုက ဖုန်းလှမ်းချိတ်ပါတယ်။ တနင်္လာနေ့ ရမလားဆိုတော့ မရဘူးတဲ့။ အင်္ဂါလဲ မရဘူးတဲ့။ ကျန်တဲ့ ရက်တွေရောဆိုတော့ ဘွတ်ကင်နဲ့ ပြည့်နေပါပြီတဲ့...။ နောက်နှစ်ဆိုလဲ မရနိုင်ပါဘူးတဲ့...။ အဲဒါနဲ့ သူလဲ တော်တော် စိတ်ဝင်စားသွားပြီး သူ့ရဲ့ စာအုပ်ထုတ်ဝေသူထံကနေတစ်ဆင့် အဆိုပါ အခန်းကို မရရအောင် ဘွတ်ကင်ယူခိုင်းလိုက်ပါတယ်..။
ငှားလို့ရတဲ့အကြောင်း ကွန်ဖမ်းရတော့ သူ စာကြည့်တိုက်သွားပြီးတော့ အဲဒီအခန်းအောကာင်းကို လေ့လာတဲ့အခါမှာ အဲဒီအခန်းမှာ သွားရောက်တည်းခိုဖူးသူတိုင်းဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားကြတဲ့အကြောင်းတွေ ဖတ်ရပါတယ်။ ရက်ရက်စက်စက်ကို သေဆုံးသွားတဲ့အကြောင်း ၁၉၀၀ ပြည့်နှစ်များဆီကနေ အခုခေတ်အထိကို မိုက်ခရိုဖလင်နဲ့ သိမ်းထားတဲ့ သတင်းစာတွေကနေတစ်ဆင့် သိရှိခဲ့၇တယ်။ (စကားမစပ် မြန်မာပြည်မှာ အရင်ကတည်းက အဲဒလို မိုက်ခရိုဖလင်နဲ့ သတင်းစာတွေ သိမ်းတဲ့ နည်းပညာ သုံးနိုင်ခဲ့ရင် ကောင်းမှာပဲလို့ တွေးမိသေးတယ်။) ရုပ်ရှင်အကြောင်း ပြန်သွားလိုက်ရအောင်။

အဲဒီနောက် သူ နယူးယောက်ကို ထွက်သွားပါတယ်။ ဟော်တယ်ရောင်တော့ ရီဆပ်ပ်ရှင်နစ်စ်က သူ့ကို မန်နေဂျာနဲ့ သွားတွေ့ခိုင်းပါတယ်။ မန်နေဂျာကတော့ ဆင်မ်မြူရယ် ဂျက်ဆန်ပါ။ မန်နေဂျာက သူ့ကို အဲဒီအခန်းကို မသွားဖို့ကို တားမြစ်ပါတယ်။ သွားတဲ့သူတိုင်း တစ်နာရီကျော်အောင် မနေနိုင်ကြဖူးလို့လဲ ရှင်းပြပါတယ်။ စာကြည့်တိုက်ထဲက သတင်းစာထဲမှာ မပါတဲ့ ဖုံးကွယ်ထားတဲ့ လူသေမှုအကြောင်းတွေလဲ ပြောပြပါတယ်။ သို့ပေမဲ့ သူကတော့ လာရင်းအကြောင်းကိုပဲ ပြောပြပြီး ဒီတစ်ညတော့ မရရအောင် နေမယ်ဆိုပြီး အခန်းသော့ကို ဇွတ်တောင်းပါတယ်။ မန်နေဂျာက သူ့ကို နှစ်ချို့ဝိုင်အကောင်းစား တစ်ခွက်နဲ့တောင် လာဘ်ထိုးပြီး တားသေးတယ်။ ၀ိုင်ပုလင်းပါသွားတာပဲ အဖတ်တင်တယ်။ မတတ်သာတဲ့ အဆုံး သော့ ထုတ်ပေးလိုက်ရပါတယ်။
အခန်းထဲမှာ သူရောက်သွားတော့ သူကြုံရတာတွေကို တိတ်ရီကော်တာ တစ်လုံးနဲ့ မှတ်တမ်းတင်ပါတယ်။

ဇာတ်လမ်းက အဲဒီမှာ စတာပဲ...။ အဲဒီအခန်းက သင်မိသွားရင် အီလက်ထရောနစ်ကိရိယာတွေ အလုပ်မလုပ်တော့ပါဘူး။ ဖုန်းအလုပ်မလုပ်တော့ပါဘူး...။ ရေဒီယို မရတော့ပါဘူး...။
ဒီလိုနဲ့ သူ အခန်းထဲက ကုတင်ပေါ်မှာ ပျင်းပျင်းနဲ့ ၀ိုင်ထိုင်သောက်နေတုန်း ဗြုန်းဆို ဘေးနားက ရေဒီယိုက ခေတ်ဟောင်းသီချင်း တစ်ပုဒ်ထွက်လာပါတယ်။


သူ့အပေါ်က နာရီက အချိန်မှတ် ကောင်တာတစ်ခုလို ဖြစ်သွားပြီး မိနစ် ၆၀ ကနေ စတင် ရေတွက်ပါတော့တယ်။



အတော်ကို ထိတ်လန့်စရာကောင်းတဲ့ ကားတစ်ကားပါ။ မျက်စိဖွင့်တစ်ဝက် ပိတ်တစ်ဝက်နဲ့ တစ်ကားလုံး ကြည့်ခဲ့ရလောက်အောင် ဘယာနက ရသကို ပေးစွမ်းနိုင်ပါတယ်။ ထိတ်လန့်သည်းဖိုရသကို ခံစားလိုသူများ သွားရောက် မြည်းစမ်းပြီး မိမိရဲ့ သတ်တိကို စမ်းသပ်နိုင်ပါကြောင်း...။

Sunday, September 9, 2007

စိုင်းထီးဆိုင် မောင့်လပြည့်ဝန်း အမ်တီဗွီ (သို့) အိုရေ ပိုလိုရေ (သို့) Chinese Ghost Story


အချိန်မအားတာနဲ့ ကိုယ့်ဘလော့ဂ်ပေါ်ကို မလှည့်ဖြစ်တာ တော်တော်ကြာသွားပါပကော။ တစ်ခုကောင်းတာက ကိုယ့်ကို ကပ်ကြွားသွားတာ မခံလိုက်ရတာပဲ။ :D ဒီတစ်ခေါက်ပြချင်တဲ့ ဗွီဒီယိုလင့်ခ်လေးက ကိုကွာကွာ တင်ထားတဲ့ စိုင်းထီးဆိုင်ရဲ့ မောင့်လပြည့်ဝန်း သီချင်းအမ်တီဗွီပေါ့လေ။ စိန မြန်မာ ဖက်စပ် ထုတ်လုပ်ထားတာပဲ။ သီချင်းလေး ကောင်းသလို နောက်က အမ်တီဗွီနောက်ခံရဲ့ ဇာတ်လမ်းလေးလဲ ကောင်းတယ်...။

တစ်ကယ်တော့ အဲဒီနောက်က ဗွီဒီယိုက ဟိုးလွန်ခဲ့သော အနှစ်နှစ်ဆယ်လောက်က စုန်းသရဲ၊ကဝေ၊ မှော်ကားတွေ ခေတ်စားစဉ်တုန်းက ကျော်ကြားခဲ့တဲ့ ဟောင်ကောင် တရုတ် သရဲကားပေါ့..။
ဒီဇာတ်လမ်းလေးက နာမည်ကြီးလွန်းလို့ ဒီသရုပ်ဆောင်တွေနဲ့ အပိုင်း ၁ ၂ ၃ ၄ စသဖြင့် အပိုင်း ၇ အထိ ကို ရိုက်ခဲ့ကြတယ်။ ဒီဇာတ်လမ်းကိုပဲ တစ်ခြား သရုပ်ဆောင်၊ မင်းသား၊ မင်းသမီးနဲ့ ထပ်ရိုက်ကြသေးတယ်။ ဒါပေမဲ့ အသစ်တွေ ဘယ်လိုပေါ်ပေါ် ဒီအဟောင်းကိုတော့ မမှီကြဘူးလို့ ဆိုကြတယ်။ ကျွန်တော်လဲ ဒီအဟောင်းကိုပဲ ပိုကြိုက်တယ်...။ ငယ်ငယ်တုန်းက ဒီကားကို ဗွီဒီယိုရုံမှာ ကြော်ငြာပြီဆိုရင် "အိုရေ ပိုလိုရေ သရဲကား" ဆိုပြီး ကြော်ငြာလေ့ရှိတယ်...။ ပြတိုင်း ရုံပြည့်ရုံလျှံပဲ...။ ပိုင်ရှင် အမြတ် ၁၀ ဆ မက ရတဲ့ကားဆိုတာ ဒီကားပဲ ရှိမယ်ထင်ပါရဲ့။
(မှတ်ချက်။ ။ တီဇက်အေရဲ့ ဘာဘာညာညာ ပြတဲ့ ဗွီဒီယိုရုံ မဟုတ်ပါ...။ သူ့ဗွီဒီယိုရုံအကြောင်း ဖတ်ချင်ရင် ဒီကို သွားပါ...။ တီဇက်အေမှ ကြောငြာခ ပြန်ပေးရန်။)
ဇာတ်လမ်းအကျဉ်းပြောရရင် အရင် စိန်တိုင်းမှာ ဘုရင်တွေ အုပ်စိုးစဉ်တုန်းက နန်းတွင်းပညာကျော်ဘွဲ့လက်မှတ်ရဖို့ဆိုရင် နေပြည်တော်ကို စာမေးပွဲ သွားဖြေကြရတယ်။ စာမေးပွဲက တစ်နှစ်မှ တစ်ခါလား မသိ ကျင်းပတယ်။ ဆိုတော့ ဘ၀လမ်းတိုးတက်ရေးအတွက် စာပေပညာရှင်များဟာ ကိုယ့်နေရပ် တစ်နယ် တစ်တောင်ကျေးကနေ နေပြည်တော်ထိကို ခက်ခက်ခဲခဲ လာရောက်ပြီး ၀င်ရောက် ဖြေဆိုကြတယ်။ တစ်နှစ်မှာ တစ်ယောက်ပဲ အောင်လက်မှတ်ကို လှမ်းယူခွင့်ရှိတယ်။ ကွာလတီ ထိန်းတာပေါ့ဗျာ။ ဆိုတော့ကာ... ဒီဇာတ်လမ်းထဲက မင်းသားလေးလဲ နေပြည်တော်တက်ပြီး စာပေပညာရှင်ဘွဲ့ကို ဖြေဆိုဖို့ အလာ လမ်းမှာ မထင်မှတ်ပဲ တစ်ခြားလောက က ပရသား (သရဲမဆိုတော့ ပရသမီးလို့ ဆိုရင် ပိုမှန်မလားပဲရယ်။) နဲ့ကြုံရော..။ ပုံမှန်အားဖြင့်ဆိုရင် အဲဒီ ပရသားတွေဟာ သူတို့နယ်ထဲ နယ်ကျွံရောက်လာတဲ့ လူသားတွေကို ဂုတ်သွေး စုပ်ခွင့်ရှိတယ်။ သို့သော် ဒီပရသမီးလေးကျတော့ (စကားမစပ် ချောတယ်နော်...။) မင်းသားလေးကို မြင်မြင်ချင်း သဘောကျသွားပြီး ဖမ်းမစားပဲ တစ်ခြား ပရသားတွေ ရန်ကနေ လွှတ်အောင် စောင့်ရှောက်ရင်းနဲ့ ဒန်တန့်ဒန် သွားတယ်...။ အဲဒီလို မဒန်တန့်ဒန်ခင်တော့ မင်းသားက 'မ' ဆို ယင်မတောင် ဖမ်းမချက်ဖူးလေတော့ ပရသမီးခမျာ မချင့်မရဲနဲ့ပေါ့...။ နောက်တော့ သူတို့နှစ်ယောက် တစ်ကယ်ပဲ ချသ်ကြိုက်သွားကြတယ်။ လူသားနဲ့ ပရလောကသမီး ဘယ်လို ချစ်ကြိုက်တယ်ဆိုတာ အိုင့်ကို လာမမေးနဲ့ ... သိဘူးပဲ ဖြေမှာပဲ...။ အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးခြင်းမရှိ ဆိုတဲ့ ဘယ်သူထားခဲ့မှန်းမသိတဲ့ စကားပုံအတိုင်း သူတို့နှစ်ယောက်ရဲ့ အချစ်ဟာလဲ မုန်တိုင်းထန်ခဲ့တာပေါ့...။ သိတဲ့အတိုင်းပဲ ဗီလိန်တို့ လူကြမ်းတို့ပါမှ မင်းသားမင်းသမီးကို ပရိတ်သတ်တွေ ပိုသနားတတ်ကြတော့ ဒီကားထဲမှာလဲ ဗီလိန် ပါလာပြန်ရော...။ တစ်ခြားသူ ဟုတ်ရိုးလား...။ ပရလောကသမီးများကို အုပ်စိုးနေတဲ့ စရိုက်ခပ်ကြမ်းကြမ်း မာမီစတိုင်နဲ့ ယမမင်းလိုလို ချိုပါတဲ့ ပရသားတွေရဲ့ အရှင်သခင်ပေါ့...။ နောက်တစ်ယောက်ကတော့ ပရလောက်ကသားများကို နှိမ်နှင်းနေတဲ့ မှော်ဆရာပေါ့...။ ပရသား ထိန်း မာမီက မင်းသားကို ဒုက်ခရောက်အောင် လုပ်လိုက်၊ မင်းသမီးက ကယ်လိုက်၊ မှော်ဆရာက ပရမင်းသမီးကို လိုက်ဖမ်းဖို့ ကြိုးစားလိုက်၊ မင်သားက ကယ်လိုက်နဲ့ နောက်ဆုံးမတော့ ပရထိန်းနဲ့ မှောဆရာနဲ့တိုက်ကြ ... မင်းသားနဲ့ မင်းသမီးက မျိုးမတူ ဇာတ်ခြားလေတော့ ကွဲကြ... နောက်ဆုံးတော့ မင်းသားက အသက်စွန့်ခံပြီး အချစ်စစ်ဆိုတာ ဒီလို ရှိတယ်ဆိုပြီး အနစ်နာခံပြ...။ ပြီးပြီ...။


ငါ့နှယ်... စိုင်းထီးဆိုင် ရဲ့ မောင့်လပြည့်ဝန်းပါဆိုမှ ဘယ်လိုကနေ ဘယ်လို "အိုရေ ပိုလိုရေ"မူဗွီရီဗျူး ဖြစ်သွားလဲ မသိဖူး။ ဖျက်ရမှာလဲ နှမြော... အိုအေ...။ ဘာဖြစ်လဲ ကိုဘလော့ဂ်ကို ရေးတာပဲ...။ အော့်ဖ်တော့ပ်ပစ်က် ဖြစ်လဲ ဖြစ်ပဒစ်ပေါ့...။ :D ပြောရင်းနဲ့ အဲဒီကားတောင် ပြန်ကြည့်ချင်လာပြီ။

Thursday, August 30, 2007

Ratatouill & Evan Almighty




မနေ့က တစ်ကား ဒီနေ့တစ်ကား ကြည့်မိတယ်။ Sneak ရှိုးဆိုလို့ ၀င်ကြည့်တာ ။
ရီရတယ်။ မနေ့က ကြည့်မိတဲ့ကားက Ratatouille တဲ့။ အစားအသောက် အချက်အပြုတ် ၀ါသနာပါတဲ့ အနံ့ခံကောင်းတဲ့ ကြွက်ကလေး နဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့က နာမည်ကြီး စားသောက်ဆိုင်မှာ အမှိုက်သိမ်းတာဝန် ထမ်းဆောင်နေတဲ့ ကောင်လေး နှစ်ယောက်အကြောင်းကို ကြည့်ချင်စဖွယ် ရီချင်စရာလေး ဖြစ်အောင် ရိုက်ထားတာပါ။

Finding Nemo နီမိုငါးလေးကို ရိုက်ကူးတဲ့ အဖွဲ့ကပါ။ ကောင်းပါတယ်။
Evan Almighty ကတော့ ဂျင်မ်ပာရေးပါဝင်တဲ့ Bruce Almighty ရဲ့ အဆက်လို့ ပြောလို့ ရသလို တစ်ကားစီလို့လဲ ပြောလို့ ရပါတယ်။ နောဧ (Noel)ကို God ဘုရားသခင်က Ark လှေကြီး ဆောက်ခိုင်းတဲ့ ခရစ်ယာန်ပုံပြင်အကြောင်း ကြားဖူးရင် ဒီကားကို ခံစားနိုင်မှာပါ။ ကွန်ဂရက်အမတ်အဖြစ် လောလောလတ်လတ် အရွေးခံရတဲ့ တက်သစ်စ အမတ်ငယ်တစ်ယောက် သူ့ရဲ့ ရည်ရွယ်ချက် ဆုတောင်းအတိုင်း ဘုရားသခင်က ဖြည့်စွမ်းပေးတဲ့ အခါ...။

Tuesday, August 28, 2007

Rare Eclipse

Earlie risers across the United States will be treated to a great lunar eclipse early Tuesday morning if you are so inclined to be an early riser.
ဒီနေ့ညနေပိုင်း စင်ကာပူ စံတော်ချိန် ၅း၅၀ လောက်မှာ လကြတ်မှာ ဖြစ်ပါတယ်။ ကမ်ဘာကြီးရဲ့ အရိပ်ထဲကို လမင်းကြီး ဖြတ်သန်းဝင်ရောက်သွားမှာမို့လို့ တစ်နာရီကျော်ကျော် လပေါ်ကို နေမင်းအလင်းရောင် ပျောက်ကွယ်နေမှာ ဖြစ်ပါတယ်။ လမင်းကြီး အပြည့်ကြတ်တာကိုတော့ ဒီကမ်ဘာ့အရှေ့ဘက်ခြမ်းက အာရှနိုင်ငံ တော်တော်များများ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ စင်ကာပူမှာတော့ လမင်းကြီး ရာဟုဖမ်းရကနေ လွတ်လာပြီးနောက်ပိုင်းလောက်ကိုသာ မြင်တွေ့ရမှာပါ။ နီရဲနေတဲ့ လမင်းကို မြင်ကြရမှာပါ။ လိုက်ဖ်လွင့်တာကို ကြည့်ချင်ရင်တော့ ဒီနေရာကနေ စင်ကာပူ စံတော်ချိန် ၅း၀၀ လောက်ကစပြီး အွန်လိုင်း Live Streaming လွင့်ပေးမှာမို့လို့ အချိန်နဲ့ တစ်ပြေးညီ ကြည့်ရှုနိုင်ပါကြောင်း...။ တိုက်ဆိုင်မှုလား မသိဘူးနော်။ လွန်ခဲ့တဲ့ ခရစ်နှစ် ၂၀၀၀ တုန်းက တစ်ခါ လအပြည့်ကြတ်ခဲ့ပြီး ၇ နှစ်အကြာမှာ နောက်ထပ်တစ်ခါ ထပ်ကြတ်တာ ဖြစ်ပါတယ်။
Live Straming link : htt://www.discoverychannelasia.com/eclipse/

News Source : Here and Here

Monday, August 27, 2007

IPhone Unlocking Success

ထူးခြားတဲ့ သတင်းလေးပါ။ နယူးဂျာစီပြည်နယ်မှာ နေထိုင်တဲ့ ၁၇ နှစ်သားလေး George Hotz ပါ။


သူနဲ့ အွန်လိုင်းပေါ်က နည်းပညာ ရူးသွပ်သူတစ်စုတို့ နာရီ ၅၀၀ ကြာ ကြိုးပမ်းမှုရဲ့ ရလာဒ် အဖြစ် IPhone ကို Unlocking လုပ်နိုင်ပါပြီ။

အဲဒီအတွက် AT&T ရဲ့ ဖုန်းဝန်ဆောင်မှု လုပ်ငန်းကိုသာ သုံးစွဲနိုင်ရာမှ တစ်ခြားသော ဖုန်းဝန်ဆောင်မှုလုပ်ငန်းများရဲ့ ဖုန်းဆားဗစ်များပါ သုံးစွဲနိုင်ပါပြီ။ မြန်မာ့ဆက်သွယ်ရေး ဖုန်းဆားဗစ်ကိုလဲ သုံးစွဲနိုင်ပါပြီ။ ကောင်းပါလေရဲ့။ သူများ သားသမီးများ တော်ချက်။ အခု သူ Unlock လုပ်လိုက်နိုင်တဲ့ ဖုန်းကို သူတို့ဆီက တစ်ယောက်က ဒေါ်လာ သုံးသောင်းတန် ကားတစ်စီး Nissan 350Z roadster and three, new 8GB iPhones နဲ့ အလဲအလှယ် လုပ်လိုက်ပါတယ်။ ကောင်လေး တော်တယ်။ ဒီမှာ သူတို့ ဘလော့ဂ်။

Wednesday, August 22, 2007

The Day of Pressing F5


အင်း..။ ဒီနေ့တစ်နေ့လုံး F5 ခလုတ်ကို နှိပ်ရတာ ခလုတ်လေးတောင် ပွန်းနေရှာပေါ့...။ စကားသာ ပြောတတ်မယ်ဆိုရင် ငါ့ကို သိပ်မနှိပ်ပါနဲ့လို့များ ပြောမလား မသိဘူး။ F5 ခလုတ်လေးရေ... ဒီအချိန်မှာ မင်းဟာ ကိုယ့်အတွက်တော်တော်ကို အသုံးဝင်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာက ကိုယ် တာဝန်ကျေပွန်ဖို့အတွက် မင်းအဖြည့်ခံဖြစ်ရတာ ဂုဏ်ယူပါကွာ။ ကိုယ်မလုပ်နိုင်တာကို ရှေ့ဆောင်လမ်းပြ လုပ်ဆောင်သွားသူကို လေးစားပါတယ်။

Tuesday, August 21, 2007

Let's Walk Till Journey Ends

အခုလတ်တလော ရင်ကို လာမှန်တဲ့ သီချင်းတစ်ပုဒ်ပါ...။
လေးဖြူရဲ့ "ခဏလေးများ" စီးရီးစ်ထဲက ဖြစ်ပြီး
သီချင်းခေါင်းစဉ်ကတော့ "ခရီးများ အဆုံးထိလျှောက်" ပါ။

တေးသွားနဲ့ စာသားကို လင်းလင်းက ရေးစပ်ထားပြီး အဆိုပိုင်းကိုတော့ ရော့ခ်သူရဲကောင်းကြီး လေးဖြူက သီဆိုထားပါတယ်။
ရင်ဘတ်ကြီးနဲ့ ခံစားကြည့်လိုက်ကြပါစို့...။


"ခရီးများ အဆုံးထိလျှောက်"

မင်းရဲ့ အနမ်းတစ်ရှိုက်နဲ့
ငါ့ရဲ့ အနမ်းတစ်ရှိုက်နဲ့
ခံစားချက်တူညီ
ရှိခဲ့တဲ့နောက်...။
မင်းရဲ့အတွေးများနဲ့
ငါ့ရဲ့ အတွေးများနဲ့
အနာဂတ်သစ် တူညီ
ထားခဲ့တဲ့နောက်တော့...။
ခမ်းနားခြင်း ကင်းမဲ့
အရိုးသားဆုံး ခရီးတစ်ခု
ငါတို့နှစ်ယောက် ကိုယ်တိုင်
ရွေးထားခဲ့ပြီး...။
သဘောထားများ အပြည့်နဲ့
ဆူးလမ်းများနင်းဖြတ်
ဘာဖြစ်ဖြစ်ပါကွယ်
ခရီးများဆုံးအထိလျှောက်
(အဆိုးများကြုံကြိုက်တုန်းမှာ
ဒုက်ခတွေဟာ ခဏပါ
အနမ်းများကို အသက်သွင်းကာ
ခရီးများ အဆုံးထိလျှောက်

လက်တွေ့ဟာ ရင်ဘတ်မှာ
လမ်းဆုံးဟာ ခဏပါ
အနမ်းများကို အသက်သွင်းကာ
ခရီးများအဆုံးထိလျှောက်...။)
အားဟာ...
ခရီးများအဆုံးထိလျှောက်...။
အူးဟူ...
ခရီးများအဆုံးထိလျှောက်...။


Credit to Lynn Lynn, Lay Phyu

Friday, August 17, 2007

Downside of Downloading


ကော်ပီရိုက် နည်းပညာ၊ မူပိုင်ခွင့် စတာတွေနဲ့ ပတ်သက်လာရင် အနောက်နိုင်ငံတွေထက်ကို အမြင်ကတ်လောက်အောင် လိုက်နာတတ်တဲ့ စင်ကာပူနိုင်ငံမှာ အင်တာနက် သုံးစွဲရတာ နည်းနည်း သတိထားရပါမယ်...။ ပိုင်းရိတ်မူဗွီများ၊ သီချင်းများ၊ ဆော့ဖ်ဝဲများကို တရားမ၀င် ကူးယူ ဆွဲချ သုံးစွဲတာကို အပြစ်ပေးတော့မယ်လို့ သိ၇ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ထုတ် တူဒေး သတင်းစာမှာ ပါတဲ့ သတင်း တစ်ပုဒ်ကို ကြည့်လိုက်ရအောင်...။ စာမျက်နှာ-၄ မှာ ပါတဲ့ သတင်းပါ။ Downside of Downloading ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါပါတယ်။ သတင်း အကျဉ်းကို တင်ပြရရင်တော့ အနုပညာ မူပိုင်ခွင့် ရှိသူများအနေနဲ့ ၀မ်းမြောက်ဖွယ် သတင်းပါတဲ့...။ တရားရုံးကနေပြီးတော့ စတားဟပ်ပ် အိုင်အက်စ်ပီကို သုံးစွဲသူပေါင်း တစ်ထောင်ကျော်ရဲ့ အချက်အလက်တွေကို ဖွင့်ပြဖို့ အမိန့်ပေးလိုက်ပါတယ်။ အဆိုပါ စတားဟပ်ပ်ရဲ့ ၀န်ဆောင်မှု သုံးစွဲသူ တစ်ထောင်ကျော်လောက်ဟာ ဂျပန်နိုင်ငံက လတ်တလော ရေပန်းစားနေတဲ့ ကာတွန်းရုပ်ရှင် Anime' ကို အင်တာနက်ကနေ တရားမ၀င် Download လုပ်ယူခဲ့လို့ပါတဲ့။ အဆိုပါ တရားနိုင် ကာတွန်းကား Anime' ဖြန့်ချိသူ ကတော့ လျော်ကြေးအနေနဲ့ ဒီ လုပ်သူ တစ်ဦးချင်းစီကနေ စင်ကာပူ ဒေါ်လာ ၅၀၀၀ စီကို ရရှိမယ့်အပြင် နောက်နောင်ကို သူ့ကာတွန်းကားတွေကို တရားမ၀င် ကူးယူ ဒေါင်းလုဒ် လုပ်တာတွေ မပြုတော့ပါဘူးဆိုတဲ့ ခံဝန်ချက် ရရှိပါမယ်...။
ဒီဖြစ်ရပါအပေါ် သဘောတူမျှတဲ့သူတွေ ရှိသလို သဘောထား ကွဲလွဲသူများလဲ ရှိပါတယ်...။ သဘောတူသူ အများစုကတော့ အနုပညာ အသိုင်းအ၀ိုင်းနဲ့ မူပိုင်ခွင့်ရှိတဲ့ ထုတ်လုပ်သူများ ဖြစ်ကြပါတယ်။ (သူတို့စီပွားရေးကိုး... တူမှာပေါ့...။)
ဥရောပမှာတော့ အိုင်အက်စ်ပီတွေကို တရားရုံးကနေ သုံးစွဲသူအချက်အလက်များကို အတင်းအကျပ် တောင်းဆိုလို့ မရပါဘူးတဲ့...။
နန်ယန်း ဥပဒေ စီမံရေးရာ ဒါရိုက်တာ (ဘာသာပြန်တာ မှန်လား မှားလားတော့ မသိ...။ ရေးထားတာကတော့ Law Managing Director တဲ့...။) ပြောတာကတော့ တရားရုံးကနေ သံသယ ၇ှိဖွယ် အင်တာနက်ကနေ တရားမ၀င် ကူးယူမှုတွေကို စစ်ဆေးချင်တိုင်း မိမိဖေါက်သည်တွေရဲ့ အချက်အလက်ကို ခဏခဏ အတောင်းခံရတဲ့ ဖြစ်ရပ်ကို ရှောင်ချင်ကြတယ်၊ မမျှော်လင့်ကြဖူးလို့ ပြောပါတယ်။ တကယ်လို့ အဆိုပါ တရားမ၀င် ဆွဲချ ကူးယူမှုများ အဆမတန် များပြားလာမှသာ တောင်းယူသင့်တယ်လို့ ၄င်းရဲ့ ထင်မြင်ယူဆချက်ကို ပြောပြပါတယ်။ တရားရုံးကလဲ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်များ တောင်းခံတဲ့ နည်းလမ်း အပြင် တစ်ခြား လက်ခံနိုင်မယ့် နည်းလမ်းများကို ရှာဖွေသင့်ကြောင့် ပြောကြားသွားပါသေးတယ်။ ဒါမှမဟုတ် အိုင်အက်စ်ပီကနေတစ်ဆင့် သုံးစွဲသူများထံ သတိပေးခြင်း၊ သို့မဟုတ် အဆိုပါ ၀ဘ်ဆိုဒ်(Web site)ကို ဘလော့က်(Block) လုပ်လိုက်ခြင်း စတဲ့ အရေးယူမှုတွေနဲ့ ပြီးမြောက်နိုင်တယ်လို့လဲ အကြံ ပြုထားပါသေးတယ်...။
(တော်ပြီကွယ်...။ ရေးရတာ လက်ညောင်းတယ်...။ အကျယ်သိချင်ရင်တော့ ဒီမှာ သွားဖတ်တော့...။)

Tuesday, August 14, 2007

Stats Counter Setting

သိပြီးသား ဖြစ်ရင် ဖြစ်မှာပါ...။ ကိုယ့်ဆိုဒ်မှာ လူဝင်ကြည့်ရင် ဘယ်နှစ်ယောက် ၀င်ကြည့်ပြီးပြီလဲ ဆိုတာကို မှတ်ပေးတဲ့ ကောင်တာအကြောင်းလေ...။ အများအားဖြင့် စတက်ကောင်တာကို (statcounter) သုံးကြတာ များတယ်...။ ဒါပေမဲ့ တစ်ခု သတိပြုရမှာက ကိုယ့်ဆိုဒ်ကို ၀င် ၀င်ပြင်ရင် ပြင်တဲ့အကြိမ်အလျောက် ကောင်တာက တက်တက်သွားတယ်...။ မတက်ချင်ရင် စတက်ကောင်တာရဲ့ ကိုယ်ပိုင် အကောင့်ထဲက Setting ထဲမှာ ကိုယ့်အိုင်ပီကို Block လုပ်လိုက်လို့ရတယ်...။ ဒီလို လုပ်လိုက်တော့ ကိုယ့်ဆိုဒ်ကို ကိုယ်ကလွဲပြီး လူဘယ်နှစ်ယောက် ၀င်ကြည့်တယ်ဆိုတဲ့ အရေအတွက်ကို အမှန်အကန် ရတာပေါ့...။

Monday, August 13, 2007

Rush Hour 3 : Rotten Tomatoes

Image:Rushhourposter5.jpg

Full resolution (432 × 627 pixel, file size: 99 KB, MIME type: image/jpeg)


ဒီနေ့ ဂျက်ကီချန်းပါတဲ့ ရုပ်ရှင်သွားကြည့်လာတယ်...။ Rush Hour အရမ်းရီရတာပဲ...။ ကောင်းတယ်ဗျာ...။ ခုလို လွတ်လွတ်လပ်လပ် ရီရတဲ့ အရှေ့တိုင်း ဟာသရသပါတဲ့ ကားတွေ မကြည့်ရတာ အတော်တောင်ကြာနေပြီ...။ သွားကြည့်ကြပါဦးလို့ လက်တို့လိုက်ပါတယ်...။ အဲဒီထဲက တရုတ်သိုင်းကျောင်းမှာ သိုင်းဆရာနဲ့ ခရစ်စ်နဲ့ စကားမပေါက်တာ၊ နားလည်မှုလွဲတာတွေက တော်တော်ရီရတာပဲ...။
Chris - Who are you?
Teacher 1 - I'm "Yeu".
Chris - How can you be me ? (turn to another teacher and ask)Who are you?
Teacher 2 - I'm "Mee".
Chris - (Frustrating)I know you are you.
ချစ်ကဲန်းနုဂက်နဲ့ ကုဒ်နဲ့ ဂျက်ကီချန်းနဲ့ ရောသောက်ရတာ တော်တော်ကောင်းတာပဲ...။ သီးတောင် သီးတယ်...။ ဇာတ်ဆောင် ခလေးမလေးတောင် အတော်ကြီးလာပြီပဲ...။

Sunday, August 12, 2007

Shan New Year Celebration in Muse, Shan State, Myanmar

ရှမ်းအမျိုးသားများရဲ့ တစ်နှစ်တစ်ခါ ကျင်းပကြတဲ့ ပွဲလေးတစ်ပွဲပါ...။
ရှမ်းအမျိုးသားများရဲ့ နှစ်သစ်ကူးပွဲတော်ဟာ အများအားဖြင့် အနောက်တိုင်း ပြက်ခဒိန်တွေရဲ့ ၁၁ လ ပိုင်းနှောင်းရက်တွေမှာ ကြုံတတ်ပါတယ်...။
ရှမ်းနှစ်သစ်ကူးပွဲတိုင်းမှာ အကြောင်းမတိုက်ဆိုင်တာရယ်၊ မကြုံကြိုက်တာရယ်ကြောင့် ကျွန်တော် ပါဝင်ဆင်နွဲခွင့် မကြုံတာ များပါတယ်...။
ဒါပေမဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပခါနီးလေ သတင်းတွေ ကြားရပြီဆိုရင်ဖြင့် စိတ်လှုပ်ရှားတတ်လေ့ ရှိပါတယ်...။
အောက်က လင့်ခ်တွေကတော့ ယူကျူ့ပ်ပေါ်မှာ တင်ထားတာလေးတွေ တွေ့လို့ အမိမြေ ရှမ်းပြည်ကို သတိရစိတ်နဲ့ အမှတ်တရ ပြန်လည် တင်ပေးလိုက်ပါတယ်...။
ရှမ်းပြည် အထက်ပိုင်း (မြောက်ပိုင်းလို့ ပြောရရင် ပို အဆင်ပြေမယ် ထင်ပါ့...။)က မန်းလေးကနေ တရုတ်ပြည်ကို သွားတဲ့လမ်းပေါ်မှာ တည်ရှိနေတဲ့ မူဆယ်မြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ရဲ့ တစ်စိတ်တစ်ဒေသသော ဗွီဒီယိုကလစ်များကို တင်ပြလိုက်ရပါတယ်...။ ဗွီဒီယိုတင်ပေးသူများကို အထူးကျေးဇူးတင်ရှိပါတယ်...။ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်မှာ ရှမ်းပျိုဖြူလေးများရဲ့ ရိုးရာ အကကို အောက်က ကလစ်မှာ မြင်တွေ့နိုင်ပါတယ်။

ဒီကလစ်ကတော့ ရှမ်းအဆိုတော်များ စုပေါင်းပြီး ၀ိုင်းဖွဲ့သီဆိုတားတဲ့ ရိုးရာနဲ့ ခေတ်ဟန်ရှမ်းသီချင်းကို ပေါင်းစပ် သီဆိုထားတဲ့ သီချင်းပါ...။

နှစ်သစ်ကူးပွဲတော် ကျင်းပမယ့် ကွင်းပြင်ဆီကို ကျေးရွာ ရပ်ကွက်အလိုက် ရှမ်းအမျိုးသား ကြီးကြီးငယ်ငယ်များ လာရောက်စုပေါင်းနေကြတဲ့ ကလစ် ဖြစ်ပါတယ်...။