ပေါက်စီ။
တရုတ်အမျိုးသားတို့ရဲ့ ရိုးရာ အစားအစာ။
ဂျုံမှုန့်ကို အထဲမှာ အသားဖြစ်ဖြစ်၊ ပဲချို ဖြစ်ဖြစ် ဌာပနာထားပြီး ပေါင်းထားတဲ့ မုန့်။
တစ်ခါတစ်လေ ဘာမှ မထည့်ပဲ ဒီအတိုင်း အလွတ်ပေါင်းတာတွေ ရှိတယ်။ ဒါကိုကျတော့ အချဉ်ရည် လို တို့စရာ တစ်မျိုးမျိုးနဲ့ တို့စားတာ ရှိတယ်။ အဆာပြေ အနေနဲ့ စားစား၊ မုန့်ပဲ သွားရည်စာလိုပဲ စားစား၊ ထမင်းလွတ်ပဲ စားစား စားလို့ရတဲ့ အစာ။
အစကတော့ ပေါက်စီက တရုတ်လူမျိုးတို့ရဲ့ စားစရာ။ နောက်တော့ ကမ္ဘာရွာ ဆိုတဲ့ နိယာမအရ အရှေ့ဖျား ဂျပန်မှသည် အနောက်တစ်လွှား အမေရိကားဆီသို့ ပျံ့နှံ့သွားပါပြီ။ တစ်ကမ္ဘာလုံး ပေါက်စီဆိုတာ မသိ မရှိတော့ပါဘူး။ မနက်စာ ဒင်းမ်ဆမ်း စားရာမှာ မန်ထိုပေါက်စီ၊ အဆာပြေ စားရာမှာလဲ ဒီပေါက်စီ.. ဟိုမှာလဲ ပေါက်စီ.. ဒီမှာလဲ ပေါက်စီနဲ့ နေရာအနှံ့ ပေါက်စီမှ ပေါက်စီ ဖြစ်နေပါပြိ...။
ငယ်ငယ်တုန်းကဆို အိမ်ရှေ့ကို ဖြတ်ဖြတ်ပြီး လည်ရောင်းနေတဲ့ ပေါက်စီသည် နှစ်ယောက်ရှိတယ်။ နှစ်ယောက်စလုံး တရုတ် အဖိုးအိုတွေ။ တစ်ယောက်က ဆိုင်းထမ်း နဲ့ ထမ်းရောင်းတယ်။ တစ်ဘက်က ပေါက်စီတွေ ထည့်ပေါင်းထားတဲ့ ပေါင်းအိုးနဲ့ အောက်က မီးသွေးမီးဖို ပူပူနဲ့။ ကျန်တဲ့ ဆိုင်းထမ်း နောက်တစ်ဘက်ကတော့ သတင်းစာ စက္ကူဖြတ်စတွေနဲ့ ကျွတ်ကျွတ်အိတ်၊ အချဉ်ရည် နီစွေးစွေးတွေ...။ နောက်ထပ် တစ်ယောက်ကတော့ လှည်းကလေးနဲ့ ရောင်းတယ်။ လှည်းကလေးကို ထိပ်နားမှာ မီးဖိုနဲ့ ပေါင်းအိုးနဲ့ ပေါက်စီတွေ ပေါင်းထားတယ်။ အဖုံးကတော့ အခုခေတ်လို ဒန်အိုးဖုံး မဟုတ်ပဲ သုံးထပ်သားပြားတွေ ၀ါးဘိုးဖတ်တွေနဲ့ ကိုယ်တိုင် လုပ်ထားတဲ့ ဟုမ်းမိတ်အဖုံး။ ဆောင်းတွင်းချိန်ဆို အဲဒီလှည်းနား ကျွန်တော်တို့ ကလေးတစ်သိုက် သွားသွားကပ်ကြတယ်။ မီးဖိုဓါတ်က အနွေးဓါတ်ရယ်၊ ပေါက်စီအဖုံးကို ဖွင့်လို့ ထောင်းကနဲ ထွက်လာတဲ့ ပေါင်းအိုးအငွေ့ပူပူနဲ့ တွဲပါလာတတ်တဲ့ ပေါက်စီနံ့ မွေးမွေးလေးရယ်...။ အဲဒါတွေက ကျွန်တော်တို့ ကလေးတစ်သိုက်ကို အတော် စွဲဆောင်မှု ရှိခဲ့တယ်...။
ပေါက်စီကို ၀က်သားပေါက်စီ၊ ကြက်သားပေါက်စီနဲ့ ပဲပေါက်စီ ဆိုပြီး ခွဲခြား ရောင်းတာ ရှိတယ်။ ၀က်သားပေါက်စီဆို ပေါက်စီထိပ်မှာ အနီရောင် တို့ထားတယ်။ ကြက်သားပေါက်စီဆို အစိမ်းရောင်။ ပဲပေါက်စီကတော့ ဘာမှ တို့မထားဘူး။ ကျွန်တော်ငယ်ငယ်က ဘာလို့ အသားပေါက်စီတွေ မစားလဲ မသိဘူး။ ပဲပေါက်စီပဲ စားတယ်။ ချိုလို့နေမှာ။ ပေါက်စီ အဲလောက် မက်မက်စက်စက် သိပ်မကြိုက်ခဲ့ဘူး။ အခုကြတော့ ပေါက်စီဆို ကြိုက်သလား မမေးနဲ့။ ဘာပေါက်စီပဲလာလာ အကုန်ကြိုက်တယ်။ :D
ပေါက်စီမှာ အဓိကအားဖြင့် ပါတာကတော့ အသားပေါက်စီမှာဆို ၀က်သားပေါက်စီထဲမှာ တောက်တောက်စင်းထားတဲ့ ၀က်သား၊ အကွင်းလိုက် လှီးထားတဲ့ ၀က်အူချောင်း၊ ကြက်သွန်နီ/ဖြူ၊ ငရုတ်ကောင်း၊ ကြက်ဥပြုတ် တစ်စိတ် နှစ်စိတ်လောက်ကို ပါးပါးလှီးထည့်ထားတာ။ ကြက်သားပေါက်စီကတော့ ၀က်သားနေရာမှာ ကြက်သားကလွဲပြီး ကျန်တာ တူတူပဲ။ ပဲပေါက်စီကတော့ ဘယ်လို လုပ်တာလဲတော့ မသိဘူး။ ပဲအနှစ်ကို ထန်းညက်လား ကြံသကာလား မသိ.. ရောကြိတ်ထားတာလေး။
အဲဒီ ကျွန်တော်တို့ မြို့ကလေးက ပေါက်စီသည် နှစ်ယောက်ဟာ မနက်စောစောနဲ့ ညဦးပိုင်းတွေမှာ မြို့တွင်း လှည့်ပြီး ရပ်တစ်ကာလည် ရောင်းကြတယ်။ သူတို့လာပြီဆို အဝေးကနေ သူတို့ အော်ရောင်းနေတဲ့ အသံတွေ ကြားရတတ်တယ်။ ဆိုင်းထမ်းနဲ့ အဖိုးကြီးကတော့
“ပေါက်^-စီ၊ ပေါက်^-စီ၊ ပေါက်^-စီ၊ ပေါက်^-စီ၊ ”
ဆိုပြီး လေးခါ တိုပြတ်ပြတ်နဲ့ အော်တတ်တယ်။ ဒါဆို ဆိုင်းထမ်း အဖိုးကြီး လာပြီပေါ့...။
လှည်းကလေးနဲ့ ရောင်းတဲ့ ပေါက်စီသည်ကျတော့
“ပေါက်......................................... စီ”
ဆိုပြီး အသံကို လေးလေးပင်ပင် အရှည်ကြီးဆွဲလို့ အော်တတ်တယ်။ သူက အသံပိုအောင်တယ်။ အဖွားကြီးတွေဆို သူ့ကို မုန်းကြတယ်။ သူအော်လိုက်ရင် ရင်ထဲကို စူးပြီး အောင့်အောင့်သွားလို့တဲ့...။ ဘာပဲပြောပြော နှစ်ယောက်စလုံးကတော့ လာပြီဆိုရင် ၀ယ်စားချင်သူတွေ တစ်ပြုံကြီးပဲ...။
ရန်ကုန်ရောက်လာတော့ မန်းလေး၊ လားရှိုး စသဖြင့် အထက်ပိုင်းက တရုတ်ပြည်နဲ့ နီးစပ်တဲ့ နေရာက လူတွေ အကြေအရပ်ကို ဆင်းလာကြပြီး တရုတ်အစားအစာတွေ ရောင်းကြတယ်။ ပေါက်စီလဲ ဘယ်နေမလဲ။ မတ်စ်ပရော်ဒတ်ရှင်းနဲ့ ရောင်းကြတာပေါ့။ ရန်ကုန်က နာမည်ကြီးတဲ့ ပေါက်စီတွေကတော့ ၀မ့်ဝမ့်ပေါက်စီ၊ ကျိုင်းတုံ ပေါက်စီ၊ လားရှိုးခုနှစ်လွှာ ပေါက်စီ စသဖြင့်ပေါ့ကွယ်...။
အခုများမှာတော့ ခြင်္သေ့ကျွန်းက စားချင်စဖွယ် တစ်စက်မှ မရှိတဲ့ ပေါက်စီ သေးသေးလေးတွေနဲ့ အာသာ ဖြေနေရတော့တယ်ကွယ်။
“ဘောနပ်စ်”
အရေးကြီး မက်ဆေ့ခ်ျ - အောက်ဖေါ်ပြပါ စာသားနှင့် ပုံများသည် အသက် ၁၈ နှစ်နှင့် အထက် လူကြီးများ အတွက်သာ ရည်ရွယ်ပါသည်။
ဒီနေ့တော့ မနက်စာ ပေါက်စီ ကျွေးချင်ပါတယ်။ မစားခင်မှာတော့ ကျွန်တော် ကျွေးမယ့် ပေါက်စီကို လာတဲ့လူ အရေအတွက်နဲ့ အညီအမျှ ကျွေးရမှာဖြစ်လို့ တစ်ခု ကူညီစေလိုပါတယ်။ အရင်တုန်းက အဲလိုပဲ မလုပ်လိုက်မိလို့ မလောက်မငှ ဖြစ်တာ ကြုံခဲ့ရလို့...။ အခုတော့ ကူညီကြပါဦး..။ အောက်က ပုံတွေထဲမှာ ပေါက်စီ ဘယ်နှစ်လုံးပါတယ်ဆိုတာ ကူညီရေတွက်ပေးကြပါ။
စားချင်လိုက်တာကွယ်....
အဲ.. အဲ...။ ဟေ့လူတွေ ... ပေါက်စီ ဘယ်နှစ်လုံးရှိတာတဲ့တုန်း....။
ဟာ!!!!
နှစ်လုံးမကဘူး...။ ပေါက်စီ ရေခိုင်းနေတာ ဘာတွေ ရေနေတာတုန်း...။
ကျွန်တော်လဲ ပေါက်စီ ကြိုက်တတ်တယ်။
“သားတို့အကြိုက် ပေါက်စီ”၀န်ခံချက်။ တစ်ဆင့်ပို့လာသော အီးမေးလ်ထဲမှ ပုံများ ဖြစ်ပါသည်။ ပိုင်ရှင် မသိပါ။ ပိုင်ရှင်ပေါ်ပါက ခွင့်တောင်းပါသည်။ ခွင့်မပြုပါက ပိုင်ရှင်အလိုကျ ဖြုတ်ပေးပါမည်။
Photo : From Chained Mail.