Friday, October 31, 2008

Happy Hellllllllloweennnnnnnn !!!

ခုတစ်လော ကမ္ဘာ့ စီးပွားရေး အခြေအနေ မကောင်းပါ...။
နှစ်ပေါင်းနှစ်ရာကျော် ရပ်တည်လာခဲ့သော ဂျာမဏီ အခြေစိုက် လေးမန်း ကုမ္ပဏီကြီး အမေရိကား၌ ပြိုလဲချိန်မှာ စ၍ ၎င်းနှင့်ဆက်နွယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများ အသီးသီး အသက လှုပ်ခတ်လျက်ရှိ၏။

ပြိုကွဲရခြင်း အကြောင်းရင်းမှာ အတိုးနှုန်းများ မတန်တဆ မြှင့်တင်ကာ ချေးငွေများ လက်လွတ်စပါယ် ချေးထုတ်ပေးခဲ့သောကြောင့် ဟု စီပွားရေး သုတေသီများက ဆို၏။

ဘဏ်များသည် အိမ်ခြံမြေ ဆောက်လုပ်ရေး၊ ရောင်းဝယ်ရေး ကုမ္ပဏီများအား ၁း၃၅ အတိုးနှုံးဖြင့် ထုတ်ချေးခဲ့ရာ အဆုံးတွင် လုပ်ငန်းလည်ပတ်မှု မရှိတော့သော ဆောက်လုပ်ရေး လုပ်ငန်များ ဒေ၀ါလီခံရာမှ ဘဏ်လုပ်ငန်းကို ထိခိုက်ခဲ့ခြင်း ဖြစ်သည်...။

မိုနိုပိုလီ ကစားသကဲ့သို့ပင်...။ ဘဏ်များ ပြိုလဲတော့ သူနှင့် ဆက်စပ်ပတ်သက်နေသော ကုမ္ပဏီများလဲ အခြေယိုင်ကုန်၏။ အမေရိကားမှ စခဲ့သော ဂယက်သည် သုံးရက်အတွင်း အခြားသော ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ကုန်၏။

ယခုအခါ အဆိုပါဂယက်သည် ခြသေ့င်္ကျွန်းအထိပါ ကူးစက်လာ၏။ ပထမဆုံး ထိခိုက်သော လုပ်ငန်းမှာ ဘဏ်လုပ်ငန်းများပင်။ ဘဏ်လုပ်ငန်းမှ လစာများသော အရာရှိများသည် ကြိုတင် အကြောင်းကြားခြင်း မခံရပဲ အလုပ်မှ ရပ်ဆိုင်းခံရကုန်၏။

ဒုတိယ လှုပ်ခတ်သွားသော လုပ်ငန်းမှာ ဆီမီး ကွန်ဒတ်တာ၊ ဝေဖါ ထုတ်လုပ်ရေး လုပ်ငန်းများဖြစ်သည်။ ယခုအခါတွင်ကား ယင်းနှင့် ဆက်စပ်နေသော အိုင်တီ industry ဖြစ်ချေ၏။

Word of the Weeks/Months သည်ကား Recession / Retrenchment ပင်တည်း...။

အကြံပေးလိုသည်မှာကား မိမိ လက်ရှိုလုပ်ကိုင်နေသော လုပ်ငန်း၊ ရာထူး၊ နေရာ တည်မြဲရေးအတွက် လုပ်သင့်လုပ်ထိုက်သည်များကို မခိုမကပ်ပဲ လုပ်ခြင်းပင်တည်း...။

Happy Halloween.../

မိုး (၃)

ကိုရင်သာအေး ငံ့လင့်နေသော မိုးသည် မောင်မောင်ခေါ်စဉ်က ဗျာမထူးပဲ အောင်ကျော်ဟု အသံ ခပ်မာမာနှင့် ခေါ်မှ ထူးလာလေ၏...။
ကြည့်လေတိုင်း ဖွေးဖွေးလှုပ်ရုံမျှမက လှေနှင်သွားလာရလောက်အောင် သွန်ချလိုက်သည့်အလား ဒလဟော ဒင်းကြမ်း ရွာချလေ၏...။
အိမ်အောက်မှ ရွှံ့ပုပ်နံ့များ အဲ့အဲ့ ထွက်လာချေသည် တစ်မုံ့...။
ကိုရင်သာအေး ဆေးပေါ့လိပ်ကိုသာ တွင်တွင် ဖွာနေချေ၏။ အနံ့ဆိုးများမှ သက်သာလို သက်သာငြား...။

ဟိုမှာဒီမှာဆီမှ အုံအင်အသံများ နားကွဲလောက်အောင် ထွက်လာချေသည်...။
ဖားထီးများက ဖားမများကို ဖိုသံပေးနေချေပြီတကား...။
မိုးတွင်းတုန်းက မကမြင်းလိုက်ရရောထင့်။
အတိုးချကာ တီတီတာတာ အသံပေးနေကြ၏။

မိုးတွင်း မိုးမရွာသဖြင့် စပါးပျက်လေသော ကိုရင်သာအေးတစ်ယောက် သိမ်းထားသော ရေနံဆီ မီးခွက် ရှာချေ၏။
ခေါင်ထုပ်ပေါ် တင်ထားသော ရှားနှစ်တုတ်ကို လက်ဝယ် ဆွဲကိုင်ကာ ခမောက်ကိုဆောင်း၏။
ဟိုတစ်နှစ်က သိမ်းထားသော လွယ်အိတ်ကို စလွယ်သိုင်းသည်။
လုံချည်တိုတို ၀တ်၏။
ညာဘက်တွင်ကား ရှားနှစ်တုတ်၊ ဘယ်ဘက်တွင်ကား ရေနံဆီ မီးအိမ်ကို ကိုင်ကာ အိမ်ပေါ်မှသည် အိမ်အောက်သို့ ဆင်းချေ၏။

မြွေပါးကင်းပါး မကြောက်ပါလော ကိုရင်သာအေး...။
မကြောက်ရေးချ မကြောက်...။
လည်ရှည်ဖိနပ် အသိမ်းလွန်သဖြင့် ပြန်ရှာမရတော့ချေ။

မယ်မြတစ်ယောက် အိမ်နောက်ဖေး မီးဖိုချောင်တွင် ကြက်သွန်သင်နှင့်လေ၏။
မိုးကား အငြိုးနှင့်ရွာမဆုံးသေး...။

Thursday, October 30, 2008

New Gin ??

မိုးတွေ တစ်အား ရွာလွန်းနေတယ်ကွယ်...။
လေးဘက်နာတို့ ဂေါက်တို့ ဖြစ်တတ်တဲ့ သူတွေဆို ဒီရာသီဥတုမယ် အမလေး အဘလေးတွေ တနေရတဲ့ အချိန်၊ ခြေဆစ်လက်ဆစ်တွေကို ပွတ်သပ်ပြီး ရှုံ့မဲ့နေတဲ့ အချိန်ပေါ့...။

ဒီနေ့ နေးတစ်တော့ခ်ထဲမှာ မောင်မိုးစောရနဲ့ တွေ့တော့ တို့ ကိုနိုင်ကြီး အကြောင်း စကားမစပ်မိပါဘူး...။
ပြန်သွားတုန်းကလဲ ဒီမှာ မရှိတော့ ဘယ်တုန်းက ပြန်သွားမှန်းတောင် မသိဘူး...။
သူ့လက်ရာ ဓါတ်ပုံတွေ ပို့လာတော့မှ သူပြန်သွားတာ သတိရတာ...။

အဲဒါနဲ့ မောင်မိုးစောရကိုပေါ့... မနက်ဖြန်ကိုပေါ့...ကိုနိုင့်အလွမ်းပြေ အရှေ့ဖက် ကမ်းခြေ သွားမလို့ဆိုတော့ သူက ဂီတဗလသူ့ကို သင်ပေးထားတဲ့ မာတီနီကို ဘုံဘိုင်ရေနဲ့ ရောပြီးလိမ္မော်သီးချိုချဉ်အခွံနဲ့ ထုပ်ထားတယ်ဆိုတဲ့ အရည်ကို စပ်ပြီးတိုက်မယ်ဆိုပဲ...။
မသောက်ဖူးတာနဲ့ နက်ဖြန် လုပ်ကွာလို့...။
အင်းတဲ့...။

စင်ကာပူမှာ ဘယ်လိုမှ ရှာလို့ မတွေ့တဲ့ ဗြနရာဇ် ရုပ်ရှင်ကားလဲ ဒီဗွီဒီ အခွေ သူယိုးဒယားက ၀ယ်လာတာ ရှိတယ်တဲ့...။
ယူလာခဲ့မယ်တဲ့...။

မောင်ဂူဂူးကတော့ သူ့ကို မတ်စေ့ ပို့ပေးဖို့ မမေ့ပါနဲ့တဲ့...။
အက်စ်အမ်ယူ ၈ ထပ်က နိမ့်လွန်းပါတယ်ကွာ...။
မတ်စေ့ကို ပို့တော့ ပို့ပေးလိုက်မယ်လေ...။

ခုနက မာတီနီကို ကိုစမ ၀က်ခေါက်ကင်နဲ့တောင် မြည်းကြည့်ချင်စိတ် ပေါ်လာတယ်...။
အဲဒီလူကြီးကလဲ တစ်ဆိတ်ရှိ အဲဒီ အစားအသာက်တွေပဲ လုပ်လုပ်စားပြီး ပုံတွေ မစားရ၀မခန်း လာလာ တင်နေတယ်...။
လုပ်ရမှာကလဲ ပျင်း... ကိရိယာက မပြည့်စုံ... ရောင်းတဲ့ ဆိုင်တွေကလဲ လျှာနဲ့ မတွေ့...။
အဲဒီလူကြီးတော့လား.. မြန်မာပြည် ပြန်ရောက်လို့ လုပ်မကျွေးရင် အိမ်ပေါ်တက်စားမှာ...။

အင်း... နက်ဖြန်တော့ ဘုံဘိုင်ရေနဲ့ မာတီနီေ၇ာထားတဲ့ အရည် ကို သောက်ရချည်သေးရဲ့...။

ကိုနိုင်ကြီး ဘာလို့ ချစ်စနိုးဦး ကြိုက်ရတာလဲဆိုတာ ခုမှ သိတော့တယ်...။
ချောတာကိုးနော့...။
ဖုန်းနံပါတ်သိပေမယ့် မပေးလိုက်ရဘူး ကိုနိုင်ရာ...။
ခု ဖုန်းကို ဖေါမက်ချလိုက်မိလို့ ဖုန်းနံပါတ်တွေ ပျောက်ကုန်ပြီဗျာ...။
ဒီလိုပဲ ပါးစပ်က လျှာက အရိုးမရှိတိုင်း ပြောမိတော့ ပြောမိတာတွေ ဖြစ်ကုန်တာပေါ့...။
မိုးပေါ်ထောင်ပစ်တာပါ ကိုနိုင်ရ...။

ခုနက အခန်းအပြင်ဘက် ထွက်လာပြီး ဧည့်ခန်းမှာ ထိုင်နေတာ... ဗြုန်းဆို လေကြမ်း တစ်ချက် ဆောင့်တိုက်ပြိး အိပ်ခန်းတံခါး ပိတ်သွားတယ်...။
အခန်းသော့က အထဲမှာ ကျန်ခဲ့တယ်...။
ဖုန်းလဲ ကျန်ခဲ့တယ်...။
မိန်းတံခါးဝကြီးလဲ ပိတ်ထားတယ်...။
ဝင်မရ ထွက်မရ ဆိုတာ ဒါကြီးကို ခေါ်တာပေါ့...။
တော်သေးတာက ချက်ထဲမှာ မောင်မိုး ရှိနေလို့ သူ့ကို အခန်းဖေါ်ကို အရေးတစ်ကြီး ဖုန်းဆက်ခိုင်းရတယ်...။
အခန်းဖေါ်က ချက်ချင်းပြန်လာမယ်တဲ့ ...။
နောက်မှ ငါ့မှာ အင်တာနက် ဖုန်း ရှိသားပဲ ဆိုပြီး သူ့ဆီ ပြန်ဆက်...။
အရေးတစ်ကြီး လာစရာ မလိုဘူးလို့ ပြန်ပြော...။

ဒီတစ်ခေါက် ကမ်းခြေသွားရင် တစ်ခုခု တီးချင်တယ်...။
ဂီတာ ပြောတာ...။
အရင်တစ်ခေါက်တုန်းကလဲ သယ်ရင်းဂီတာကို အပြန်မှာ စီးလာတဲ့ တက်စီသမားကို ပေးလိုက်ဖူးတယ်...။
(ဒီမှာ ရေးဖူးတယ် ထင်တာပဲ...။)
သူငယ်ချင်းခမျာ ရင်ကွဲနာ ပက်လက်ကို ကျလို့...။
အခုတော့ ဘယ်သူ့ဆီက ယူရမလဲတော့ မသိဘူး...။

ကမ်းခြေက ပိတ်ရက်ဆို လူများတာပဲ...။
ဟိုတစ်ခေါက် ကိုနိုင်လာတုန်းက သွားတာ... ဘေးနားက စုံတွဲ ချစ်ကြည်နူးတာတွေ ပျက်ပြီး နှစ်ယောက်သား စိတ်ပျက်လက်ပျက် ပြန်သွားရှာလေရဲ့...။

ဟယ်... ဟိုတစ်ခေါက်က ဖျာ... ဘယ်မှာ ကျန်ခဲ့တာလဲ မသိဘူး...။
ထိုင်စရာ မရှိလဲ သတင်းစာစက္ကူ ခင်းထိုင်လို့ ရတာပဲ...။

ဒီနေ့ ဂျီတော့ခ်ထဲမှာ ဘုမသိဘမသိ ကိုယ့်ကို လာအက်ဒ်ထားတဲ့ တစ်ယောက်နဲ့ ပြောဖြစ်တယ်...။
သူက ဂေးတဲ့...။
နင်ဂေးဖြစ်တော့ ငါက ဘာလုပ်ရမှာတုန်းဆိုတော့ သူ့ပုံကို ကြည့်ပြီး ဂေးမှန်း မသိဘူးလားတဲ့...။
ဘာဆိုင်လို့လဲ ဆိုတော့ ဂေးအချင်းချင်းဆို သိတယ်တဲ့...။
အဲ...။ ငါ့များ ဂေး မှတ်နေလား မသိဘူး...။
များက ယောက်ျားစစ်စစ်နှော် လို့ ပြောရမယ့်ပုံတောင် ပေါက်နေပြီ...။
ဆက်ပြောသေးတယ်..။ ခင်ဗျားမသိရင် ခင်ဗျားက ဂေး မဟုတ်လို့တဲ့...။
ကောင်မလေးပုံကို ပြရင် ပုံဘယ်လောက်သေးသေး ရုပ်ဆိုး၏ လှ၏ ခင်ဗျား သိမှာတဲ့...။
အတင်းကြီးပဲ...။
ဘလော့လိုက်တယ်...။
သဗ္ဗေသတ္တာ ကမ္မသကာ...။
(ပါဌ်ဆင့်ရိုက်ရမှာ ပျင်းတာ...။)

(သောကြာနေ့ကတည်းက ရေးထားတာ ဗြုန်းဆို စက်က ၀င်းဒိုးအပ်ဒိတ် အော်တို ဖြစ်ပြီး ရီစတတ် ဖြစ်သွားတာ ပျက်ပြီ ထင်တဲ့ ပို့စ်...။ ခုနက ဒရပ်ပ်ထဲ မှာ ပြန်တွေ့တော့ ပြန်တင်လိုက်တယ်...။ လူနာမည်တွေကတော့ အရင်းတွေ မဟုတ်ပါ...။ နစ်က်နိမ်းတွေပေါ့...။ တိုက်ဆိုင်သွားရင် ခွင့်မလွှတ်ပါနဲ့...။ မာတီနီကို ဘုံဘေဂျင်နဲ့ ရောပြီး လိမ္မော်သီးအခွံ ပါးပါးလေး ထည့်ထားတယ်ဆိုတဲ့ ယမကာကိုသာ မစပါ...။ )

Monday, October 27, 2008

ပေါက်ကရ အိတ်တီ့ (၈)

- မျိုးကြီးရဲ့ ကန်တော်ကြီး လိုက်ဖ်ရှိုး(ဖေဖေါ်ဝါရီ ၂၀၀၇ )တုန်းက ကီးဘုတ်ဗညားနိုင် လက်စွမ်းပြတီးရင်းနဲ့ ကီးဘုတ် အရှေ့ကနေ အနောက်ဘက်ကို အကူးမှာ အသံကြိုးကို ခလုတ်တိုက်သွားတယ်...။ အကျိုးဆက်အနေနဲ့ သူတီးနေဆဲ လက်သံတွေ တိကနဲ ပြတ်တောက်သွားတယ်..။ အခု လိုက်ဖ်ရှိုးဗွီစီဒီမှာ အဲဒီ သီချင်း ပါမလာဘူး...။ သီချင်းနာမည်က “အဆိပ်ခွက်” တဲ့...။ အိုင်စီ ၁၅ နှစ်အခွေထဲက သီချင်းတစ်ဝက်မှာ မျိုးကြီး ခဏနားပြီး ရေသောက်ရာက ပြန်အလာမှာ “ကိုဗညား ဆက်ဆွဲလိုက်ရအောင် ” လို့ ကိုဗညားနိုင်ကို ပြောခဲ့တဲ့ သီချင်းပေါ့...။
အောက်က သီချင်းလေးပါ...။ အိုင်စီ ၁၅ နှစ်ပြည့်တုန်းက ဆိုထားတာ...။ “ကျန်တဲ့ တစ်ဝက်လောက် အမျိုးတွေပါ” လို့ အဲဒီပွဲမှာ ဆိုခဲ့တဲ့ လေးဖြူ လဲ အဲဒီကတည်းစပြီး စင်ပေါ် တက်မဆိုတော့တာ နောက်သုံးနှစ်အကြာ အခု နာဂစ်ရန်ပုံငွေ ရှိုးပွဲမှပဲ ပြန်ပေါ်လာတော့တယ်...။

အဆိပ်ခွက် ဗွီစီဒီ



- အိုင်စီ ဆယ်နှစ်ပြည့်တုန်းက သီချင်းတွေထဲမှာ သူများနဲ့ မတူတဲ့ သီချင်းတစ်ပုဒ်ပါတယ်...။ ကွယ်လွန်သွားတဲ့ စောဘွဲ့မှူးကို အိပ်စက်ရာကနေ ခဏ ပြန်နိုးထာပြီး “ရောဂါ” သီချင်းကို အိုင်စီအဖွဲ့သားများနဲ့ တူတူ ပြန်ဆိုခိုင်းတာပဲ...။ အဲဒီမှာ ဇော်ပိုင်၊ ထွဏ်းထွဏ်း၊ လေးဖြူ၊ အငဲ၊ (၀ိုင်ဝိုင်း ပါမပါ မသေချာ) တို့က ၀ိုင်းဆိုကြတယ်...။ တစ်ယောက် တစ်ပုဒ်ပေါ့...။ ဆရာဘွဲ့လဲ မပါမဖြစ်ပဲ...။ ၀င်ဆိုတယ်...။ ပရိုဂျက်တာကြီးနဲ့ ဆရာဘွဲ့ ထ ၂ ကျောင်းမှာ လိဒ်ဂစ်တာတီးပြီး အဲဒီ ရောဂါ သီချင်းကို ဆိုတုန်းက ရိုက်ထားတဲ့ ဗွီဒီယိုကို ပြထားတယ်...။ အဲဒီမှာ ချစ်စမ်းမောင်လဲ ၀င်တီးထားတယ်...။ ငယ်ငယ်လေး...။ တစ်ယောက်တစ်ပိုဒ် ဆိုကြတာပေါ့...။ သီချင်သံနဲ့ လိုက်လျော ညီထွေစွာ ဗီဒီယိုကလဲ ရှုခင်းအမျိုးမျိုးကို ပြနေလေရဲ့...။

ဥပမာ -
“ဆူးလေလမ်းမကြီးထက် ခိုတွေကို အစာကျွေးရင်း ၀မ်းနည်းတတ်တဲ့ မင်းအကြောင်းတွေးမိလာ” ဆိုတဲ့ အပိုဒ်မှာ ခိုတွေနဲ့ ရှုပ်ယှက်နေတဲ့ ဆူးလေလမ်းမကြီးမြင်ကွင်းကို ပြတယ်...။
တစ်ခါသားမယ်... ဇော်ပိုင် ဆိုရမဲ့ အလှည့်... ဆိုတဲ့ စာသားက
“အော်.. မိန်းမ မိန်းမ တစ်ဖွဖွ ဂါထာတွေ ရွတ်ရင်းက xxxx xxxx ” ဆိုတဲ့ စာသားမှာ ပရိုဂျက်တာက ဘာမြင်ကွင်းကို ပြနေတာ မြင်လဲ ပရိဿတ်ကြီးတို့...။
ဗိုလ်ချုပ်ဈေးမှာ သွားလာလှုပ်ရှားနေတဲ့ လူထူထူကြီးထဲက မိန်းမတွေတင်ပါးကို လိုက်ရိုက်ထားတဲ့ မြင်ကွင်းကို ပြနေတာဗျား...။ ကွက်ကွက်ကွင်းကွင်းနော့...။ (အခွေရှိသူများ ပြန်ကြည့်လိုက်ပါ...။)



ပွဲကြည့်ပရိဿတ်များဆို ပတ်တုတ်လို့ မနိုင်အောင် ပွဲကျနေလေရဲ့...။
ထားပါ...။ စတိတ်ရှိုးမှာကတော့ ပြလိုက်တယ်...။ ကြည့်လိုက်ရတယ်...။ လူတွေ မြင်လိုက်တယ်...။ ပြီးတော့ မေ့သွားတယ်...။
ဒါပေမဲ့ အခု ပြောချင်တာက စိစစ်ရေး တွေ တင်းကျပ်နေတဲ့ အချိန်မှာ ဒီအကွက်က ဗွီစီဒီထဲ ပါလာသဗျ...။

ရောဂါ ဗွီစီဒီ



- ခုတစ်လော ဟိုဟိုဒီဒီ ပျံ့ကျဲနေတဲ့ ဗွီဒီယိုကလစ်တွေ၊ ဓါတ်ပုံတွေ ကြည့်မိတော့ ခုခေတ် မော်ဒယ်တွေ ဓါတ်ပုံ ဗွီဒီယို ရိုက်တာ အ၀တ်အစား အကုန်အကျ အတော့်ကို သက်သာပါလားလို့...။
မြန်မာမော်ဒယ်များ ပြောပါတယ်...။
ဟိုတစ်လောက ချောင်းသာမှာ ရိုက်လာတဲ့ ပုံကို ကြည့်လိုက်ရတယ်...။
အစကတော့ ရိုးရိုးပါပဲ...။ kiku anone .... innocent ... cutie....
နောက်တော့ လားရိုး ခုနှစ်လွှာ ပေါက်စီလိုမျိုး တစ်လွှာပြီး တစ်လွှာ....။ အင်း...။

- မိုက်ကယ်ဂျက်ဆင် က သူ့ကို အခြောက်လို့ လူတွေ စွပ်စွဲတာ မခံနိုင်လို့ အဲရစ္စပရက်စလေ သမီးနဲ့ ယူပြတယ်...။ ကလေးတွေ ဘာတွေ မွေးတယ်...။



- ယိုးဒယား နာမည်ကြီး အဆိုတော် ထုံချိုင်း (စပိုင်း စပိုင်း သီချင်းဆိုသူ။ ရန်အောင်က သိလား၊ သိလား ဟု မြန်မာမှု ပြန်ပြု)လဲ အခြောက်လို့ အစွပ်အစွဲခံရတယ်...။ အသက်က လေးဆယ်ကျော်လို့ ငါးဆယ်နား ကပ်နေပြီ...။ ယောက်ျားမယူသေး... အဲ.. အဲ... မိန်းမ မယူသေး...။



သူယူမယ်ဆို ချောပေ့လှပေ့ဆိုတဲ့ မဒီထိပ်ခေါင်များ သူ့နားမှာ ၀ဲလည်နေတာ...။ မယူဘူးရယ်...။ တစ်ခုခုတော့ တစ်ခုခုပဲ...။



(တော်ဝင်မိသားစုထဲက သမီးတော်တစ်ယောက်က သူ့စတိတ်ရှိုး လာကြည့်ရင်းနဲ့ သူ့ကို ဂုဏ်ပြအနမ်းပေးလိုက်တော့ သူ့ခင်မျာ အလိုလိုနေရင်းနဲ့ ဂျပန်ကို တရားမ၀င် ပြည်နှင်ဒဏ်ပေးခံလိုက်ရသလိုလို ကောလဟလ ဖြစ်လိုက်သေးတယ်...။ တစ်ကယ်လဲ သူဂျပန်မှာ နှစ်အတော်ကြာကြာ နေလိုက်သေးတယ်...။)





စပိုင်း စပိုင်း သီချင်း ဗွီစီဒီ






- ထုံချိုင်း သီချင်းတွေကို မြန်မာမှု ပြန်ပြုထားတဲ့ စွယ်စုံဟိုင်းဆင် အဲ.. အဲ စွယ်စုံရ မင်းသား၊ အဆိုတော် (နှစ်မျိုးထဲနဲ့တော့ စွယ်စုံလို့ ခေါ်လို့ ရမရ မသိဘူး...။) ရန်အောင်...။ သူလဲ ခုထိ ဘာ့ကြောင့် အိမ်ထောင် မပြုသေးတာလဲ မသိဘူး...။ သူ့ကို တန်းတန်းစွဲနေတဲ့ အပျိုကြီး မမ များ ငယ်ငယ်က အမျာကြီးပဲ တွေ့ဖူးတယ်...။ အသေရရ အရှင်ရရ ဆိုတဲ့ အစားထဲကပေါ့...။

- စွယ်စုံရ ဆိုလို့ ခေတ်ဟောင်းထဲက မင်းသားကြီး ၀င်းဦး...။ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊ ထုတ်ဝေသူ၊ မဂ္ဂဇင်းပိုင်ရှင် ... နည်းတဲ့ ဂုဏ်ပုဒ်တွေ မဟုတ်ဘူးနော်...။ မောင်ဗမာတောင် ဖြစ်လိုက်သေးလား မသိဘူး...။



- အဲ... တစ်လောကမှ ဆုံးပါးသွားတဲ့ ဒေါ်မေရှင် ... သူက သီချင်းဆိုတာ အဲလောက် အသံ အကောင်းကြီး မဟုတ်ဘူး...။ အဆွဲအင် အရှိုက်အ၀ိုက်တွေလဲ ပရို တစ်ယောက်လို မဟုတ်ဘူး...။ ဒါပေမဲ့ တော်တော့်ကို နာမည်ကြီးခဲ့တယ်...။ သူ့အသံက ဂရုဏာ အသံပါလို့တဲ့...။ သူဆိုခဲ့တဲ့ အောင်ခြင်းရှစ်ပါး ဘုရားဂုဏ်တော်ကို အမွမ်းတင်တဲ့ သီချင်းဆို မနက်တိုင်း နားထောင်ရတာ စိတ်ချမ်းသာတယ်...။


- တစ်လောက် MaMa Mia ရုပ်ရှင်သွားကြည့်ဖြစ်တယ်...။ အဲဒီထဲက ABBA သီချင်းတွေ ပြန်ကြားရတော့ ငယ်ငယ်က အဲဒီသီချင်းတွေကို နားထောင်ဖူးတာ အမှတ်ရသွားတယ်...။


သီချင်းခွေကိုတောင် မှတ်မိသေးတယ်...။ အဲဒီတုန်းက ခေတ်စားနေတဲ့ စတိုင်.. ရေခဲပိတ်စ ချောချောမွတ်မွတ်နဲ့ အစကို လက်မှာ ဖေါင်းထားတာ... တင်ပါးမှာ ကျပ်ပြီး အောက် ပြန်ကားသွားတဲ့ ဆင်ခြေထောက် ဘောင်းဘီ ... အပေါ်အောက် အဖြူတွေကို ၀တ်ထားတဲ့ စုံတွဲ နှစ်တွဲ...။ အဲဒီ သီချင်းတွေထဲက No Women No Cry ဆိုတာပဲ ဖတ်တတ်တယ်...။ အဲဒီတုန်းက ...။ ABBA , No Women No Cry... အခု အဲဒီ ကား ဒီဗွီဒီ ထွက်ရင် ၀ယ်သိမ်းထားမယ်...။ အိမ်ကို တစ်ခွေ ၀ယ်ပို့မယ်...။ အဖေက ABBA ကြိုက်တတ်တယ်...။

အော်...။ ပေါက်ကရ အိတ်တီ့ပါဆိုနေ...။ ဟိုရောက်ဒီရောက် ပေါက်ကရတွေပဲ အခု အိတ်တီ့ (80) လောက် ပြည့်အောင် ပြောမှာပေါ့...။
တော်သေးပြီ...။ နောက်များမှပေါ့...။
ဖြည်းဖြည်း...။ ကမ္ဘာကြီးက သူ့ဟာသူ မှန်မှန်လည်နေတုန်း...။

မိုး (၂)

မျှော်နေသော မိုး မလာသောကြောင့်
ကိုရင်သာအေး ရင်ဆို့ချေပြီ...။
လှည်းပေါ် ရေစည်တင်ကာ
အလွန်ဝေးသော အရပ်ဆီမှ
ရေတွင်းသို့ အသော့နှင်ချေ၏။
ရေတွင်းအောက်ခြေမှ ကားကားလေး သေနေသော ဖားသာ တွေ့ချေ၏။
အမောဆို့လေသတည်း...။
ခြောက်သယောင်းနေသော ပျိုးခင်းသည်
ကိုရင်သာအေး အပြန်ကို ငံ့လင့်နေသည့်အလား...။

Thursday, October 23, 2008

မိုး (၁)

မိုးတို့ ပျော်မြူးချိန် ၀ဿန်ခါ မုတ်သုံကို ရောက်ချေပြီ...။
မျှော်သာ မျှော်ချေသည်...။
မိုးကား မရွာချေ...။
တောင်အရပ်ဆီမှ ခြိမ့်ခြိမ့်မြူးသံ ကြားရ၏။
မိုးငွေ့ကား မလာသေး...။
ကိုရင်သာအေးတို့ ရင်ဆို့ချေပြီတည်း...။

ဟိုရောက် ဒီရောက် အတွေးများ

ပင်လယ်ပျော် ကိုတံငါတို့တော့
ငါးမြူးလေ သူရို့ မျက်နှာပေါ်က အပြုံးရိပ် တင်လေပေါ့...။
ဗီယက်နမ်က ငါးခိုးဖမ်းတဲ့ အဖွဲ့တွေတဲ့...။
နှစ်ပါတ်လောက် အနည်းဆုံးနေတယ်...။
ရေခဲစက်တွေလဲ ပါတယ်...။
မိသမျှ ငါးတွေ စက်လှေ ၀မ်းဗိုက်ထဲမယ် ရေခဲရိုက်ပြီးသားပဲ...။
ပြီးမှ နီးရာ ကမ်းကပ်ပြီး ရောင်းတာတဲ့...။

တစ်ခါသားမယ် ငါးပူတင်း အကြီးစား သုံးကောင် လက်မှာဆွဲလို့ ရေနံစင်ကို လာကပ်တယ်...။
စားစရာလေး မုန့်လေး တစ်ခုခုနဲ့ လဲချင်လို့တဲ့...။
ဘီစကစ်ပဲ ရှိတယ်လို့ ပြောတော့ ရတယ်တဲ့...။
ပင်လယ်စာလေး လတ်လတ်ဆတ်ဆတ် စားလိုက်ရတဲ့ တစ်နေ့ပေါ့...။
ကိုယ်က လှိုင်းမူးတာမပျောက်တော့ ပါးစပ်ပျက်နေတာကိုး...။
ကွတ်ခ်က ငါးကြော်လေး ရှယ်ကြော်ပေးပြီး ကျွေးရှာတယ်...။
ကောင်းပါ့...။

ပင်လယ်လေကြမ်း တိုက်တော့
ကိုယ်နေရတဲ့ သဘောင်္လေးက ဟိုမှာ ဒီမှာ လူးကာ လှိမ့်ကာ ပေါ့လေ...။
ဆန်ကောထဲက ဆီးဖြူသီးတွေတော့ အစေ့နဲ့ အဆံနဲ့ တစ်ခြားစီ ဖြစ်ရော့...။
ကျွန်တော့်မှာတော့ မျော့မျော့လေးပဲ ကျန်တော့တယ်...။

အပေါ်ကို မြောက်တက်သွားလိုက်...
ငြိမ့်ခနဲ့ ကောက်ကို ပြန်ကျလာလိုက်...
(ဘာမဆိုင် ညာမဆိုင် ဘရိုင်ယန် အဒမ်ရဲ့ တိမ်နံပါတ် ၉ ကို သတိရသေးရဲ့...။)
ဘယ်လူး မလိုလိုနဲ့ ညာဘက် စောင်းလိုက်...
ခြေရင်းဘက်က မြောက်တက်လာမလိုလိုနဲ့ ဘယ်ဘက်ကို မှောက်ကျလိုက်နဲ့ ...

ဝမ်းထဲက အစာတွေကို ရိပ်ခနဲ့ လည်ဝကို ရောက်လာတယ်...။
နီးရာ သန့်စင်ခန်းကို ယိုင်တိယိုင်တိုင် ယိုင်ထိုးထိုးနဲ့ ပြေး...
ဘေစင်ထဲ ခေါင်းစိုက်
အာခေါင်ထဲ လက်ညိုးထိုးထည့်ပြီးသကာလ...
အပုပ်ကောင် ရုပ်ဆောင်နေတဲ့ ဒီ အတ်တဘောကြီး စားထားသမျှ
မကြေညှက်သေးတာရော၊ ချက်ပြီးသားရော
အကုန် ဒလဟော ရေတံခွန်လို သွင်သွင်စီးပါလေရော...။

အပြန်လမ်းမှာ အမေ့သား ၄ ကီလို လျော့သွားတယ် အမေ...။
မျက်နှာမှာ နေလောင်ကွက်တွေနဲ့...။
ဂိ....။

Tuesday, October 7, 2008

G2000 Sales

ဒီတစ်ခေါက် G2000 ကနေ ဆေးလ်တွေ ချနေတာ စောနေသလားလို့...။
စက်တင်ဘာ ကနေ အောက်တိုဘာ ၁၉ ရက်နေ့အထိတဲ့...။
Tampines မှာ လို့ ပြောတယ်...။ Tampines ကို မြောက်ပိုင်း Woodlands Interchange ကနေ ဘတ်စ်ကား ၁၆၈၊ ၁၆၁၊ ၈၅၈ စီးပြီး တိုက်ရိုက် သွားလို့ ရောက်တယ်...။
ဈေးရောင်းပွဲတောကိုတော့ ဘယ်လို ထပ်သွားရမယ်ဆိုတာတော့ မသိသေးဘူးရယ်...။

အောက်မှာသူတို့ဆီက ကြော်ငြာလေး...။ ဖြတ်ပိုင်း ဆောင်ထားရင် ဒစ်စ်ကောင့် ပိုရမလား မသိဘူး...။


ဖြစ်သလို စားတာကို ဘယ်လိုရေးရမလဲ...။

မပြောမပြီး မတီး မမြည်...။
တက်ဂ်တဲ့သူက တက်ဂ်နေတော့ တက်ဂ်ခံလိုက်တာပေါ့...။
ဒါ့နဲ့ တက်ဂ်တယ်ဆိုတာ ဘာပါလိမ့်မဆိုပြီး အဘိဓါန် လှန်၊ ၀ီကီပီဒီးယား ဖွင့်နဲ့ အလုပ်ရှုပ်သွားသေးတယ်...။
Tagging ဆိုတာ တစ်ကယ်တော့ စားသောက်ကုန်တွေမှာ ၊ ကုန်ပစ္စည်းတွေမှာ အမှတ်အသား (Tag/label) လုပ်တယ်ဆိုတာကို ခေါ်တာတဲ့...။ ဒါက အကြမ်းဖျင်း ပြောတာ...။ ၀ီကီမှာတော့ အတော့်ကို စုံစုံလင်လင် ရှင်းထားတယ်...။

ဥပမာ - Dog Tag ဆိုပါတော့...။ သူက ခွေးလည်ပတ်မှာ ဆွဲထားတဲ့ သံပြားကို ခေါ်တာ...။ ခွေးပိုင်ရှင် နာမည်၊ ကာကွယ်ဆေး ထိုးထား / ထိုးမထား ၊ ရောဂါ ကင်းရှင်းမှု ရှိမရှိ စတဲ့ အချက်အလက်တွေကို ရိုက်ထားတဲ့ အပြားလေး...။
(ဒါလေး ဖတ်မိတော့ မောင်ဘွိုင်းတစ်ယောက် ကိုယ့်လည်ပင်းကို ပြန်စမ်းမိတယ်...။)

နောက်တစ်ခုကျတော့ ကွန်ပြူတာ ပရိုဂရမ်မင်း နဲ့ ပတ်သက်တာ...။ HTML Tag တဲ့...။ ရိုးရှင်းလွယ်ကူတဲ့ ကွန်ပြူတာ ဘာသာစကားတစ်မျိုးပါ...။ ဒီလို tag တာကျတော့ ကိုယ်နဲ့ မဆိုင်သလိုပဲနော်...။

ဖတ်ရင်းဖတ်ရင်းနဲ့ မျက်စိလည်လာတော့ လာတက်ဂ်တဲ့သူ ဘလော့ဂ် သွားဖတ်ကြည့်တယ်..။ အတက်ဂ်ခံရသူက ဘာလုပ်ပေးရတာပါလိမ့်... စပ်စုကြည့်တယ်...။

အော်... တက်ဂ်တယ်ဆိုတာ ကိုယ်ရေးချင်တာကို ခေါင်းစဉ်ပေးပြီး တစ်ခြားသူတစ်ယောက်ကို ရေးခိုင်းတာကိုး...။ အဲဒါကို tagging လုပ်တယ်လို့ ခေါ်သလား...။ မသိပါဘူးဗျာ... Blogabulary တွေကို...။ ကိုယ်က ဘလော့ဂ်သာ ရေးနေတာ...။ အဲဒီလို Tag Game များတော့ သတိမထားမိပါဘူးဗျာ...။

အခုလဲ နန်းညီ က ဖြစ်သလိုစားတဲ့ အကြောင်းကို ရေးခိုင်းထားတယ်ဗျာ...။
(Tag လုပ်ထားတယ်ပေါ့ဗျာ...။)

ရေးခိုင်းတဲ့သူက ရေးခိုင်းပြီး မရေးမချင်း အကြွေးရှင် လာတောင်းနေသလို တောင်းနေတော့ ရေးပေးရသပ...။
ခက်တာက ကိုယ် ဖြစ်သလိုစားတယ်ဆိုတာတွေက မရှိသလောက်ပါပဲ...။ အလဲ့...။
စားတာတွေကတော့ ရှိပါတယ်...။
ဖြစ်သလို ကြက်ကုန်းပေါင်ကို ၀က်စတူးနဲ့ စားတာမျိုး...



တစ်ခါတစ်လေ အချိန်မရလို့ ပါရီက ပုဇွန်စိမ်းသုတ်ကို ကမန်းကတန်း ကိုယ်ပိုင်လေယာဉ်နဲ့ မှာလိုက်ပြီး စားလိုက်ရတာမျိုး...



အလုပ်များလွန်းလို့ ဂျပန်က ငါးပူတင်းစွပ်ပြုတ်နဲ့ နှစ်ပါးသွားရတာမျိုးတွေက ရှိပါ့...။



ဒါပေမယ့် ဘယ်ဒင်းဘယ်ဟာကို ဘယ်လိုစားမှ ဖြစ်သလိုစားတာ ဆိုတဲ့ စံသတ်မှတ်ချက်ကလဲ မရှိတော့ ရေးရခက်နေတယ်...။

ဆိုတော့က ဖြစ်နိုင်ရင်ပေါ့နော်... ညီမလေးနန်းညီရယ်... ဘယ်လိုဘယ်ပုံ ရေးရမယ်ဆိုတာလေး Guide လေးပေးပါဦးလို့...။

နည်းလေး ဘာလေး သိတော့ ရေးရတာ ပိုလွယ်သွားတာပေါ့နော့...။
အဟက်...။
၈ ရက်နေ့ကို ခရီးထွက်ရမယ်ဆိုတော့ ပြန်လာမှ ပြန်ရေးပေးမယ်ကွယ်...။
တာ့တာ

Monday, October 6, 2008

Home Sweet Home


အိမ်
====



အမေ ရှိတဲ့ နေရာ...။
အဖေ ရှိတဲ့ နေရာ...။
အမြဲတမ်း ပြန်နေချင်တဲ့ နေရာ...။
ကြယ်ငါးပွင့်ဟိုတယ်ထက် နေလို့ကောင်းတဲ့ နေရာ...။
ကျောလုံ ရင်လုံ စိတ်ချ လက်ချ အိပ်လို့ရတဲ့ နေရာ...။

ဒီနေရာကို အိမ်လို့ ခေါ်တယ်...။
ဒီအိမ်လို့ ခေါ်တဲ့ နေရာနဲ့ ဝေးနေခဲ့တာ ဆယ်စုနှစ် နှစ်ခု ရှိတော့မယ်...။

အိမ်ကို လွမ်းတယ်...။

Saturday, October 4, 2008

ခေမာရဌ်သို့ တမ်းချင်း...။

မိုးအကုန် ဆောင်းအကူးညများကို သူအမှတ်ရမိသည်...။
အိမ်ခေါင်မိုးဆီမှ နှင်းခါးများ ရိုက်သံနှင့် မိုးကျသံ တစ်ဖြောက်ဖြောက်တို့ကို နားခံရင်း ညဥ့်လယ်ယံ လူခြေတိတ်ချိန်မှ ထကာ မနက်အထိ စာကြည့်ခဲ့ဖူးသည်ကို သတိရ၏။
တရုတ်အနွေးထည်ကို အထပ်ထပ်ဝတ်၊ ဂွမ်းကပ်စောင်ကို အထပ်ထပ်ပတ်ခြုံကာ အအေးဒဏ်ကို ကာကွယ်ခဲ့ဖူးသည်ကို အမှတ်ရမိ၏။
မနက်ဝေလီဝေလင်း အိမ်ရှေ့တံခါး ဖွင့်လိုက်မိလျင်ဖြင့် တွေ့ခဲ့ ကြုံခဲ့ဖူသော နှင်းလေလား... မိုးမှုန်လေလား မပီဝိုးတ၀ါးနှင့် မြင်ကွင်းများကို လွမ်းမိချေသည်...။

သူနေသော အရပ်သည် တောင်များ ပတ်လည် ၀ိုင်းလျက်ရှိသော ဒယ်အိုးပုံ ချိုင့်ဝှမ်းနေရာ ဖြစ်လေသည်...။
တောင်များ ပတ်ချာလည့် ၀ိုင်းရံနေခြင်းကြောင့် အေးမြသော ရာသီဥတုသည် နွေရာသီမှတစ်ပါး မြို့လေးအား အမြဲတစ်စေ လွမ်းမိုး၏။
မြို့လေးသည် တောင်ပေါ်မြို့လေး ဖြစ်သော်ငြား စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းခဲ့သည်...။ ထိုသို့ ဖြစ်ထွန်းရခြင်းမှာ မြို့လေးကို ရစ်ခွေကာ စီးဆင်းလျက်ရှိသော မြစ်ငယ်လေးကြောင့် ဖြစ်ချေသည်...။
အဆိုပါ မြစ်ငယ်သည် အခြားသော မြစ်များနှင်မတူပဲ
တောင်မှ မြောက်သို့ စီးဆင်းနေသော မြစ်တစ်ခု ဖြစ်ချေ၏။

အရှေ့တိုင်းမှ လာသော စိနတိုင်းဖြစ်ကုန်စည်များ၊ ပြည်မကြီးမှ ရောက်လာသော ကုန်စည်များ၊ ယိုးဒယားအရပ်မှ လာသော ကုန်စည်များ ဖလှယ်ရာ၊ ပေါင်းကူရာ နေရာ ဖြစ်သောကြောင့် မြို့လေးသည် အချက်အချာကျ၏။

ထိုမြို့လေးသည် ရာဇ၀င်ချီ၍ ရှိခဲ့၏။ ထိုမြို့လေးတွင် သူနေခဲ့ဖူး၏။
ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်ခဲ့၏။ ထိုမြို့၏ အလယ်တွင် သူငယ်စဉ်တောင်ကျေးကလေးက စ၍ နေထိုင်ခဲ့သော၊ အိမ်ဟုခေါ်ဆိုအပ်သော နေရာရှိ၏။

ထိုအိမ်ကို ယခုအခါ သူ အဝေးမှ ရော်ရမ်းမှန်းဆ တမ်းတလျက် လွမ်းရလျက်ရှိ၏။

သူမှတ်မိသမျှ သူ၏အိမ်နှင့် မြောက်ဘက်ဆီမှာတွင် ညောင်ပင်တစ်ပင်ရှိ၏။ ထိုညောင်ပင်သည် မြို့ပေါ်မှ မထေရ်မြတ်တစ်ပါး သီဟိုဠ်သို့ အလည်သွားရင်းနှင့် တစ်ဆက်တည်း ဘုရားပွင့်တော်မူရာ နီပေါသို့ ၀င်ရောက်ကာ ဘုရားရှင်ပွင့်တော်မူထသော ညောင်ပင်မှ ညောင်ကိုင်းကို မျိုးပွားယူကာ မြို့လည်ကောင်တွင် ပူဇော်ကာ စိုက်ထားရာမှ ဧရာမ ညောင်ပင်ကြီး ဖြစ်နေချေပြီ...။
မြို့သူမြို့သားများသည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်နှင့်အညီ ထိုညောင်ပင်တွေ နတ်ကွန်းတစ်ခုကို ဆောက်လုပ် ကိုးကွယ်ချေ၏။
"Heart of The City" ကျိုင်မိုင်း (သို့) မြို့၏နှလုံးသည်းပွတ် ဟု အမည်သညာ တွင်၏။
ရှင်လောင်းလှည့်လျင် အဆိုပါ နတ်ကွန်းသို့ နတ်ပြကြ၏။
ဥပုသ်နေ့တိုင်း အဆိုပါ နတ်ကွန်းတွင် ဆွမ်းကပ်ကြ၏။
ယခင်အခါက မြို့နီးချုပ်စပ်မှ ရွာသားများ မြို့ပေါ်တက်လာလျင် တစ်ကူးတစ်က သွားရောက် ရှိခိုးကြ၏။

ယင်းညောင်ပင်နှင့် မနီးမဝေးတွင် မြို့၏ သင်္ကေတ တစ်ခုဖြစ်သော “မဟာမြတ်မုနိ ဘုရား” စံတော်ရာ ကျောင်းတော်ကြီး တည်ရှိ၏။
ဘုရားရှင်၏ မဏိတော်ကို မန္တလေး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးနှင့် တစ်ထေရာတည်း ထပ်တူကျစေရန် ထိုစဉ်အခါက မြို့၏စော်ဘွားသည် ယုံကြည်ကိုးစားသည့် အမတ်ပညာရှိကို မန်းရွှေပြည်တော်သို့ စေလွတ်ကာ ကြေးသွန်း ထုလုပ်စေ၏။
မုခတော်မှာ အလွန်ပင် သပ္ပါယ်ချေ၏။ ဖူးတိုင်း မ၀... ထပ်ခါထပ်ခါ ဖူးချင်၏။
မြို့နီး ချုပ်စပ်သာမက အခြားသော ဝေးလံသော အရပ်ဒေသမှ ဘုရားဖူးများ ရောက်လာကုန်လေ့ရှိ၏။
ထို့ကြောင့် မြို့ကလေးသို့ ရောက်ရှိသူတိုင်းသည် ဘုရားရှင်ထံပါး သွားရောက်ဖူးမြော်ကုန်ကြ၏။
မြို့ကလေးသို့ရောက်လျင် အဆိုပါ မဟာမြတ်မုနိ ဘုရားကို အရောက် ဖူးကြကုန်၏။
တစ်ခေါက်ရောက်တိုင်း တစ်ခေါက် ၀င်ဖူးလျင် မြို့ကလေးသို့ နောက်တစ်ခေါက် ပြန်လာနိုင်သည်ဟု ယုံကြည်ကြသောကြောင့် ဘာရောက်ဖူးမျှော်သူ ရပ်ဝေးဧည့်သည်များနှင့် စည်ကား၏။

ဘုရားကြီးနှင့် မနီးမဝေးတွင် မြို့၏ စော်ဘွား စံတော်မူရာ ဖြစ်ခဲ့ဖူးသော ဟော်နန်းနေရာ ရှိ၏။
အဆိုပါ ဟော်နန်းသည် သူ့ခေတ်သူ့အခါက ဆိုလျင် ရှမ်းပြည်တစ်လွှား၌ အကြီးဆုံး၊ အလှပဆုံး၊ အခမ်းနားဆုံးနှင့် အတင့်တယ်ဆုံး ဖြစ်ခဲ့၏။
ဟော်နန်းကို ဆောက်သည့် ဗိသုကာ ပညာရှင်သည် အိန္ဒိယ တိုင်းသားဟု အဆိုရှိကုန်၏။
စော်ဘွားသည် တပ်ခ်ျမဟာ အဆောက်အဦကို မြင်မိသည့် နောက်ပိုင်းတွင် အဆိုပါ အဆောက်အဦ၏ ခမ်းနားထည်ဝါ လှပ အချိုးကျမှုကို ခံစားမိသောကြောင့် ပုံစံတူ ဟော်နန်းကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်၏။
(ယခုအခါ အဆိုပါ ဟော်နန်းနေရာတွင် ခေတ်၏ ပြယုဂ်တစ်ခု ဖြစ်သည့် ခေတ်မှီ ဟော်တယ်ကြီးတစ်ခု ရောက်ရှိနေချေပြီ...။)

ဟော်နန်း၏ အရှေ့ဘက်တွင် အရှေ့ဘက်စံ မိဘုရား စံမြန်းရာ အိမ်တော် ရှိ၏။
မြောက်ဘက်တွင် မြောက်နန်းစံ မိဘုရား စံတော်မူရာ မြောက်အိမ်တော် ရှိ၏။
အနောက်ဘက်တွင် ခြားထားသော ကန်၏ အခြားတစ်ဘက်ဆီ၌ အနောက်နန်းစံ မိဘုရား၏ အိမ်တော် ရှိ၏။
တောင်အရပ်တွင်ကား မြဘုရားကျောင်းသည်သာလျင် ရှိ၏။
ထို့ကြောင့် တောင်ညာစံ မိဘုရားအတွက် အိမ်တော်သည် တောင်ဘက် မြို့ရိုးအနီးတွင် ရှိ၏။ အဝေးဆုံး ဖြစ်ချေသည်...။
အဆိုပါ အိမ်တော်အနီးတွင် ယခုထက်တိုင် တည်ရှိနေသော မြို့အ၀င်တံခါးဝသည် ထီးထီးတည်း ကျန်နေ၏။ မြို့ရိုးများမှာမူကား အချိန်ကာလ၏ တိုက်စားမှုကြောင့် ပျောက်ပြယ်ကုန်၏။

အဆိုပါ တောင်ညာစံ မိဘုရား၏ အိမ်တော်အနီးတွင် မြို့လေးကို အဆက်ဆက် အုပ်စိုးခဲ့သော နယ်ရှင်ပယ်ရှင် စော်ဘွားများ၏ ရုပ်ကလာပ်များ ဂူသွင်းထားရာ စော်ဘွားသင်္ချိုင်းရှိ၏။
အဆိုပါ သချိုင်္င်းကို တစ်နှစ်လျင် တစ်ခါသာ ဖွင့်၍ မြို့သူမြို့သားများ ဂါရ၀ ပြုရန် အခွင့်ပေး၏။
အဆိုပါ နေ့သည် မြို့အခေါ် ဈေးဟောင်းနေ့ ပင် ဖြစ်ချေသည်...။
ဈေးဟောင်းနေ့သည် တစ်နှစ်မှ တစ်ခါသာ အဆိုပါ သချိုင်္င်းအနီး၌ ကျင်းပ၏။
မြန်မာအလို သင်္ကြန်မကျမီ တစ်လအလို လဆန်းတွင် အဆိုပါ ဈေးဟောင်းနေ့ကို သတ်မှတ်ကာ ဈေးများ တည်ခင်းရောင်းချ၏။

စော်ဘွားများ အုပ်စိုးစဉ်ကာလက ရာဇ၀တ်သားများကို ကွပ်မျက်ခြင်းမပြုမီ အဆိုပါ ဈေးဟောင်းနေ့တွင် အဆိုပါ ရာဇ၀တ်သားအား လှည့်လည်ပြသ၏။
ဈေးထဲတွေ့သမျှ၊ ရှိသမျှ အစားအသောက်၊ ကုန်ပစ္စည်းများကို ရာဇ၀တ်သားမှ လိုချင်၊ စားသောက်ချင်ခဲ့လျင် ယူစေ၊ စားစေသည့် အခွင့်ရှိ၏။
မသေခင် နောက်ဆုံး အခွင့်ထူး ခံစားစေခြင်း ဖြစ်၏။
ဈေးထဲတွင် တွေ့သော သမီးပျိုကို ရာဇ၀တ်သားမှ သဘောကျလျင်လည်း ရာဇ၀တ်သား အလိုကို လိုက်စေ၏။
ထို့ကြောင့် အဆိုပါ ဈေးဟောင်းနေ့ ကျင်းပသည့်နေ့၌ ရာဇ၀တ်သားများ လှည့်လည်မည်ဆိုလျင် မိန်းမပျိုများ အပြင်ကို မထွက်ကြတော့ချေ...။

ဟော်နန်းနှင့် အနောက်စံမိဘုရားအိမ်တော် အကြားတွင် ကန်ကြီး တစ်ကန် ရှိလေ၏။
ပါးစပ်ရာဇ၀င်များအရ တစ်နှစ်တစ်ခါ အဆိုပါ ကန်စောင့်နတ်အား သမီးကညာ အပျိုစင် ၇ ယောက်ကို ဆက်သရသည်ဆို၏။
ပျက်ကွက်ခဲ့လျင် အဆိုပါ ကန်ကြီးမှ အော်သံထွက်ကာ အနီးအပါး ဖြတ်သန်းသွားလာသူများ၊ နေထိုင်သူများမှ ရေနစ်၍ အသက်ဆုံးရှုံးခြင်း များ ဖြစ်တတ်သည် ဆို၏။
ယခုအခါ အဆိုပါ အယူအဆများ မရှိတော့ပါ...။
ထူးခြား ဖြစ်ရပ်အနေနှင့် အဆိုပါ ကန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ကျောက်ခဲရေပေါ်သော ဖြစ်ရပ် ဖြစ်ခဲ့ဖူး၏။ ထိုပေါ်ခဲ့သော ကျောက်တုံးကြီးအား ဘုရားစင်အောက်တွင် ထားရှိကာ ကြားသိသူ လူအများမှ ထူးဆန်းအံ့သြဖွယ် တစ်ရပ်အနေနှင့် သွားရောက် ကြည့်ရှုကြကုန်၏။ နောင်တွင် တာဝန်ရှိသူမှ လာရောက် သိမ်းဆည်းသွားသည်ဟုသာ ကြားရလေ၏။
အဆိုပါ ကန်ကို တစ်ပတ် ပတ်မိလျင် မြို့ကလေးကို နောက်တစ်ကြိမ် ပြန်လာခွင့် ကြုံနိုင်သည်ဟု မြို့သားများသည် အလည်လာသူ ကိုရွှေဧည့်သည်များအား ပြောကြားလေ့ ရှိကြ၏။

မြို့ကလေးသည် ၎င်းကို အမှီသဟဲပြုနေသည့် မြို့သူမြို့သားများအား အကာအကွယ်ပေးခဲ့၏။
မြို့ကလေးသည် ခေတ်အဆက်ဆက် ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ ခံခဲ့၏။
မြို့ကလေးသည် ၎င်း၏ ရင်ခွင်မှ ထွက်ခွာသွားသော သူများကို ကြုံခဲ့၏။
မြို့ကလေးသည် ၎င်း၏ ရင်ခွင်ထံသို့ ပြန်လည် ခိုဝင်လာသော ဒဏ်ရာနှင့် သားငယ်သမီးငယ်များကို ၀မ်းနည်းပက်လက် တစ်ယုတစ်ယ ပိုက်ထွေးပေး၏။
မြို့ကလေးသည် ၎င်း၏ နှလုံးသည်းပွတ်ကို မကောင်းဆိုးဝါးများမှ ဆွဲယူခြေမွ ဆုတ်ယူဖျက်ဆီးသည်ကို အံကြိတ်ခဲ့၏။
မြို့ကလေးသည် ဒဏ်ရာဒဏ်ချက်များ၊ အနာရွတ်များနှင့် ပြည့်နှက်နေသော ရင်ခွင်အစုံကို ဥပေက္ခာပြုကာ သမိုင်းကို ပြောပြခဲ့၏။

အဆိုပါ မြို့လေးသည် သူချစ်ခဲ့သော၊ သူချစ်နေဆဲ ဖြစ်သော၊ ချစ်နေလိမ့်ဦးမည် ဖြစ်သော ခေမာရဌ် မြို့ကလေးသာလျင် ဖြစ်ချေတော့သည်တကား....။

Thursday, October 2, 2008

Unabilities မလုပ်တတ်ခြင်းများ။

ငှက်ငယ်တို့သည် သဘာဝမှ ပေးအပ်သော အင်ဂျင်နီယာ အတတ်ပညာဖြင့် မိမိတို့ စံပျော်ရာ အသိုက်အမြုံကို ဆောက်နိုင်ကြ၏။
ပင့်ကူတို့သည် မွေးရာပါ သဘာဝတရားက ပေးအပ်သော အတတ်ပညာဖြင့် မိမိ၏ အိမ်ကို ဆောက်လုပ်နိုင်၏။
ပုရွက်ငယ်သည် တစ်ခြား အကူမပါပဲ မြေတွင်းလေးများ ဖေါက်ကာ အိမ်ဆောက်နိုင်၏။




အကျွန်ုပ် အကောင်းစားလေး မောင်ဘွိုင်းမှာကား အိမ်မပြောနှင့် သံတစ်ချောင်းကိုပင် ဖြောင့်အောင် မရိုက်တတ်ချေ...။ တူနှင့်သံကိုသာ ကောင်းကောင်း မကိုင်တတ်...။ သို့ဆိုလျင် အခြားမည်သည့် ကိရိယာကို ကိုင်တတ်သနည်းဆိုသော်... ဘာမှ မကိုင်တတ်ပါ...။

အမ်အိုင်တီကျောင်းတော်တွင် ပညာရင်နို့ သောက်စို့စဉ်အခါက ၀ပ်ရှော့ဟုသည့် အလုပ်ရုံတွင် အင်္ဂျင်နီယာတို့ တတ်အပ်သော လွှထိုး၊ ရွေတိုက်၊ တွင်စား၊ တံစဉ်းပွတ်၊ ပန်းပဲထု စသည့် ကိစ္စများကို လက်တွေ့ လုပ်ရရာ... လက်ဖ၀ါး သွေးခြေဥ ပေါက်ပြဲ၊ နဖူးကချွေး ခြေမသို့ တစ်ဒီးဒီးကျ၊ လက်မွေး မီးလောင် စသည် စသည်များကို လုပ်ကိုင်ရသော်လည်း ကံမပါရော့ထင့်...။

၁။ တွင်ခုံမှ စားပေးလိုက်သော နပ်ချောင်းသည် တစ်လက်မ အချင်းမှ ၀.၂၅ အချင်းသို့ တွင်ခုံဆရာ ငိုချင်လောက်အောင် ခုတ်ဖူးသည်...။
၂။ ခြောက်မြောင့်ပုံ နပ်ကိုညီအောင် တံစဉ်းနှင့် လက်ပေါက်ပြဲအောင် တိုက်ရင်း ရှည်လမျော ဖြစ်သွားဖူး၏။
၃။ အာဂွန် ဂဟေဆော်ခြင်းဟူသည့် အပိုင်းတွင် သံပြားနှင့် ဂဟေတံ ဖြုတ်မရအောင် တေ့ဆက် ဆော်ဖူး၏။ အလျော် ပေးလိုက်ရ၏။
၎။ ပန်းပဲဖိုတွင် သံကို ဖုတ်ရ်ျ လိုရာပုံသွင်းနိုင်စေရန် ပန်းပဲမောင်တင့်တယ် သဖွယ် ဆယ်ပေါင်တူကို ဆကာ ဆကာ မြှောက်မြှောက်ကာ နှင့် မီးဖိုရျု နီရဲနေသော သံတုံးမှာ အေးစက်သာ သွားလိမ့်မည်...။ နပ်ဟူသော ဘ၀ကို မရောက်နိုင်တော့...။
၅။ ၈ လက်မ ရှည်သော နှစ်လက်မ ပတ်လည် သစ်သားချောင်းကို ၂ လက်မ ပတ်လည် ဖြစ်အောင် ရွေဘော်ထိုးဖူး၏။

ဤသည်မှာကား အကောင်းစားလေး မောင်ဘွိုင်း၏ သရုပ်သကန်ကို တစ်စိတ်တစ်ဒေသ ဖေါ်ပြသော ပို့စ်တစ်ခု ဖြစ်ချေ၏။
ဤမျှလောက် သဲလွန်စ ပေးလိုက်လျင် အကျွန်ုပ်သည် မည်သူ ဖြစ်သည်ကို င့ါနှမ သိပါလိမ့်မည်...။
နောက်နောင် အလုပ်ခွင်ထဲတွင် အလုပ်ပျက်လောက်အောင် ဓါတ်ချောစာများ မပို့ပါနှင့် ...။
ကျေးဇူးတင်ပါသည်...။

(ဆားချက်လိုက်တာပါဗျာ...။ နန်းညီ တဂ်ထားတာတော့ နောက် အားမယ့် တစ်ရက်ရက်ပေါ့...။ ခုတော့ ကျည်တောက်ထဲကဟာလေး မထုတ်ချင်သေးလို့...။ ဟိ)