Showing posts with label Miscellaneous. Show all posts
Showing posts with label Miscellaneous. Show all posts

Monday, June 6, 2011

ငါးပိရည်ကျို လုပ်စားဖြစ်တယ်။

ကိုယ်မနေ့က ငပိရည်ကျို လုပ်စားဖြစ်တယ်။
ရှိသမျှ တံခါးတွေ ဖွင့်..
ပန်ကာ အကုန်ဖွင့်ပြီး လုပ်တာ.....
မျှင်စိမ်းစားငပိကို သေချာမီးဖုတ်...
နောက် ပွက်ပွက်ဆူအောင် ပြုတ်
ငရုတ်သီးခြောက်ကို မီးဖုတ် ထောင်း..
ကြက်သွန်ဖြူကိုလဲ မွေးသွားအောင် မီးဖုတ်ထောင်း..
ပုဇွန်ခြောက်ကို ဘလဲန်ဒါထဲ ထည့်..
အမှုန့်မဖြစ်တစ်ဖြစ်လောက်အောင် ခြေ..
နောက် ပွက်နေတဲ့ ငပိရည်ကျို အိုးထဲ ထည့်မွေ..
နာရီဝက်လောက် လုပ်လိုက်တာ...
အပေါ်ထပ်က ပွစိပါစိ အော်သံကြားလောက်တော့မှ ဂက်စ်ပိတ် မီးဖိုပေါ်ချ...
ဂေါ်ဖီထုပ်ပြုတ်၊ ပဲသီးတောင့်ရှည်နဲ့ တို့စားလိုက်တာ...
ဆွေမျိုးတောင် မေ့တယ်။
ပုံမတင်တော့ပါဘူး။ 

ဟင်.. ဒါလဲ ပို့စ်တင်တာပဲလားဆိုတော့ တင်လိုက်ချင်လို့ပါ။ 
ငါးပိက ဒီအတိုင်းဆို ငန်နေလို့ ပုဇွန်ခြောက်လေးထည့်လိုက်မှ အငန်သက်သာသွားတယ်။

Tuesday, April 12, 2011

ပွင့်ကြွေတစ်ချို့

Photo Credit to : Hnin Wut Yi

ရတတ်သမျှအချိန်တွင် ကောက်သင်းကောက်သလို သူကောက်ချင်သော်လည်း ပွင့်ကြွေများက သူမျှော်လင့်ထားသလို အရေအတွက်များများ ကျမလာခဲ့။
တစ်ချို့က ချောက်ထဲသို့..
တစ်ချို့က ချောက်နှုတ်ခမ်းကျလုလု။
အရင်နေရောင်များများ ရခဲ့သော ကာလက ကောက်သင့်သလောက် မကောက်မိပဲ လေလွင့်သွားသော ပွင့်ကြွေများကို သူမြင်ယောင်မိသည်။
လေနတ်သားကိုပဲ အပြစ်တင်ရမည်လား...
ပွင့်ကြွေတွေ အများကြီး ကျန်နေသေးတယ်ဟု သူ့ကိုယ်သူ ဆင်ခြေပေးခဲ့တာကိုပဲ အပြစ်တင်လေမလား...။

တွေ့သမျှကို တံချူနှင့် ချူလိုက်ချင်သော်လည်း သူ့ချူတံကပဲ တိုလို့လား အပွင့်တွေက မြင့်လွန်းလို့ပဲလား မသိ။ မမှီနိုင် ဖြစ်နေသည်။ တစ်ချို့သော အပွင့်များသည် အလှမ်းမှီသော်လည်း လိုချင်သည့် အချိန်တွင် ချူနိုင်၍ ချန်ထားသည်။
လေနတ်သား နောက်တစ်ချက် အသော့ ပြန်လာသော အခါ အညှာမခိုင်သော အပွင့်တစ်ချို့ကြွေလာပြန်၏။
ကိုယ်လိုချင်သော အပွင့်တစ်ပွင့် ပါလာသည်ကိုတွေ့လေတော့ လက်နှင့် အယမ်း ....
ချောက်နှုတ်ခမ်းသို့ ရောက်သွားသည်။
အရှိန်ကြောင့် အောက်သို့ ကျလေသလော....
လေအေးစူးစူးက အောက်မှ ဒလစပ် ပင့်တင် ထိုးခွဲတက်နေသည်ကို ခံစားမိသည်။
တစ်ဟူးဟူး လေသံများသည် နားထဲသို့ အငမ်းမရ တိုးဝင်...

ငြိမ့်ကနဲ ငြိမ့်ကနဲ.....

သူအိပ်မက်မှ ဂယောင်ခြောက်ချား လန့်နိုးမိလေသလား...
ပွင့်ကြွေတွေကတော့ ဟိုတစ်ပွင့် ဒီတစ်ပွင့်...

Wednesday, December 8, 2010

My Wish list for this Christmas 2010

1. iPad

iPad


2. iPhone 4
iPhone 4
3. HTC HD7
HTC HD7

4. Nikon D7000
Nikon D7000

5. Sony Camcorder HDR-CX550E
HDR-CX550E

6. Sony PS3-Slim

Sony PS3-Slim 320GB

7. Nexus S
Nexus S

Wishlist က များသွားလား မသိဘူး။ အဟင်း....။
ဝယ်ပေးချင်ရင် ခုကတည်းက ကြိုစာရင်းပေးထားနော်...။

Sunday, October 31, 2010

Are you Gay or Not..

အသင် ဂေးဟုတ်မဟုတ် စမ်းသပ်ရန်။

http://www.petalia.org/gaytest.swf

Saturday, October 23, 2010

ဘိလပ်မြေ

“ဘော်...............”
ညနေ နေဝင်ချိန် ခြေခင်းသာချိန်လောက်ဆို ဒီလို သဘောင်္ ဥသြဆွဲသံကြားရင် ကိုဘမောင်တို့ ရွာသားတွေ ပျော်ကြတယ်။
ပျော်ကြမှာပေါ့။ အစိုးရ ဘိလပ်မြေတွေ တင်လာတဲ့ သဘောင်္က သူတို့ရွာနားက သိုလှောင်ရုံမှာ ဘိလပ်မြေအိတ်တွေ လာချတော့မှာလေ။
ဘိလပ်မြေအိတ်နဲ့ ရွာသားတွေနဲ့ ဘာဆိုင်လဲ ဆိုတာတော့ မမေးပါနဲ့...။
သဘောင်္ဝမ်းဗိုက်ထဲက ဘိလပ်မြေတွေကို ကုန်းပေါ်ထမ်းသယ်ဖို့ လူလိုတော့မယ်။
ကူလီလုပ်ချင်တဲ့ ရွာသားတွေလဲ အများသား...။
နောက် ကုန်တင်ကုန်ချ လုပ်နေချိန်မှာ ရွာထွက် မုန့်လေး အစားအသောက်လေးလဲ ရောင်းလို့ရတယ်။
သဘောင်္က လူတွေ ကို ရောင်းတာ မဟုတ်ဘူး။
သဘောင်္ဆိုက်ချိန်ကို လာစောင့်နေတဲ့ ရွာနီးချုပ်စပ်က လူတွေ စားဖို့ သောက်ဖို့...။
ဘာလို့ သဘောင်္လာချိန်ကို လာစောင့်ကြလဲ ဆိုတော့ အဖြေရှိတယ်။
သဘောင်္ဝမ်းဗိုက်ထဲက ဘိလပ်မြေအိတ်တွေဟာ တစ်ခါတစ်လေ အထားအသို မမှန်ရင် အိတ်တွေ ပေါက်ပြဲပြီး ပျက်စီး ထွက်ကျကုန်တယ်။ အဲဒါဆို အပျက်အစီးစာရင်းထဲ ထည့်လိုက်ရတယ်။
ဘိလပ်မြေအိတ်တွေကို ကမ်းပေါ်သယ်ပြီးသွာရင် ဝန်ထမ်းတွေက အမှုန်အမွှားတွေကို ပြန်လှဲကျင်းနေရတာကိုက အလုပ်တစ်လုပ်။
အဲဒီတော့ ကူလီ လာလုပ်တဲ့ ရွာသားတွေက သူတို့ မိသားစု မိန်းမ၊ ကလေးတွေ ခေါ်လာပြီး အခပေး သန့်ရှင်းရေး လုပ်ကြတယ်။ အဲဒီမှာ မိန်းမတွေက ဘိလပ်မြေမှုန့်တွေ မြင်တော့ သူတို့အိတ်လေးတွေနဲ့ မလှည်းပဲ သပ်သပ်ဖယ်ထားတဲ့ ဘိလပ်မြေမှုန့်တွေကို ပြန်တဲ့အခါ သယ်သယ်သွားကြတယ်။
ဝန်ထမ်းတွေကလဲ အမှိုက်တွေဆိုတော့ ဘာမှ မပြောကြဘူး။
အဲဒီဘိလပ်မြေမှုန့်တွေက မြေမှုန့်ဘာညာရောလို့ မသန့်ပေမယ့် ရွာထဲက ကုန်စုံဆိုင် သူဌေးက အတီးက လက်ခံ ဝယ်တယ်။
ပြီးတော့ အစစ်တွေထဲ သက်သာတဲ့ နှုန်းနဲ့ ပြန်ရောင်းတယ်။

နောက်ပိုင်း အဲလို လုပ်နိုင်တာလဲ သိတော့ ရွာသားတွေက ဝန်ထမ်းတွေကို အခမဲ့ သန့်ရှင်းရေး လုပ်ပေးမယ်။ ဝမ်းဗိုက်ပေါ် ကျန်နေခဲ့တဲ့ ဘိလပ်မြေအမှုန့်တွေသာ ပေးပါ လို့ တောင်းဆိုတော့ ဝန်ထမ်းတွေက တစ်ချက်ခုတ် နှစ်ချက်ပြတ်လို့ သဘောကျတာနဲ့ ခွင့်ပြုလိုက်တယ်။ ခါတိုင်း သန့်ရှင်းရေးလုပ်လို့ ပေးရတဲ့ အဖိုးအခကို အိတ်ထဲ ထည့်ရတယ်လေ။ နောက် သဘောင်္လဲ သန့်ရှင်းရေး လုပ်ပြီးသား ဆိုတော့ သူတို့အတွက် ရှဥ့်လဲ လျှောက်သာ ပျားလဲ စွဲသာ ဖြစ်သွားတာပေါ့။

အဲဒီတော့ နောက်ပိုင်းတွေမှာ ရွာသားတွေ မည်သူမဆို တံမြက်စည်း ကိုယ်စီနဲ့ တက်လာကြတယ်။ အဲဒီ သတင်းကို ကြားတော့ ရွာနီးချုပ်စပ်က လူတွေပါ လာသယ်ကြတော့တာပေါ့...။
ဒီလိုနဲ့ ဘိလပ်မြေသင်္ဘောလာတဲ့ အချိန်ဆို အဲဒီ ရွာကလေးရဲ့ သဘောင်္ဆိပ်မှာ ပွဲဈေးတန်းလိုကို စည်ကားလို့...။

ဒီလိုနဲ့ လာသယ်တဲ့လူ များလာတော့ လူတွေရတဲ့ ကိုတာ အချိုးတွေက နည်းလာတယ်။ အတီးကလဲ ဈေးပေါပေါနဲ့ ရလေတော့ များများရအောင် ဝန်ထမ်းကို ပေါင်းပြီး လာဘ်ထိုးတယ်။ ဘိလပ်မြေ အိတ်အကောင်းကို ထိုးခွဲပြီး အပျက်အစီး စာရင်း တင်ဖို့။ နောက်ပိုင်းကျတော့ အဲလို တစ်အိတ်စ နှစ်အိတ်စ ထိုးခွဲတာတွေ ဖြစ်လာတယ်။

သယ်တဲ့သူတွေကလဲ သယ်နေတာပဲ။ ကိုတာကလဲ နည်းသထက် နည်းလာတယ်။ ခါတိုင်းဆို အမှိုက်သရိုက်တွေနဲ့ ရောနေတာတွေဆို မြစ်ထဲ ပစ်လိုက်တာကနေ အခုဆို အမှိုက်တွေပါ အိမ်ကို ပြန်သယ်ပြီးမှ သတ်သတ် ထပ်ရွေးရတဲ့ အထိ ဖြစ်လာတယ်...။

ကိုဘမောင်ကတော့ လူရိုးလူအေး ဆိုတော့ သူများတွေလို ဝန်ထမ်းနဲ့ မပေါင်းတတ်...။
လူကလဲ လူဖလံလေးဆိုတော့ ကူလီမထမ်းနိုင်။
သူများတွေလို့ တွန်းထိုးပြီး လုမသယ်တတ်တော့ သိပ်မရရှာဘူးပေါ့။
အဲဒီတော့ သိပ်မကျန်ရှာဘူး။


သူပိုးပန်းနေတဲ့ ရွှေမိကို လက်ဆောင် ပစ္စည်းလေး ရွာဘုရားပွဲ အမှီ ဝယ်ပေးချင်တဲ့ အာသီသလေးကလဲ ရှိရှာတယ်။ ဒီတစ်ခေါက် သဘောင်္လာရင်တော့ ဘယ်သူ့မှ အားနာမနေတော့ပဲ တွန်းတွန်းတိုက်တိုက် လုသယ်မယ် အားခံထားရှာတယ်။

သဘောင်္လာတဲ့ နေ့မှာ သူကိုယ်တိုင် စပါယ်ရှယ် ပြင်ဆင်ထားတဲ့ ပုဆိုးစုတ်လေးကို ယူပြီး သဘောင်္ကို ရွာသားတွေနဲ့ အတူ အပြေး လာခဲ့တယ်။

ဘိလပ်မြေတွေ အကုန်သယ်ပြီးတဲ့ အချိန်မှာ သဘောင်္ပေါ်ကို ကုန်းဘောင်တံတား သစ်သားပြားကနေ အပြေးတက်ကြတယ်။

ဝမ်းဗိုက်ထဲကို အကုန် ပြေးဆင်းကြတယ်။ တံမြက်စည်းတွေနဲ့ အပြိုင်ကျုံးကြတာပေါ့။ ဘိလပ်မြေမှုန့်တွေက လေထုထဲမှာ တစ်ထောင်းထောင်းကို ထနေလို့။ အဆုတ်ထဲ အမှုန့်တွေ ဝင်သွားတာကိုလဲ ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူး။ မြန်မြန်ရလေ များများရလေ စောစော ပြန်ရလေ။ စောစောရောင်းရလေ ညနေစာ စောစောစားရလေပေါ့။

လူတိုင်း တစ်ယောက်ကို တစ်ယောက် ဂရုမစိုက်အားတော့ဘူး။ ဘိလပ်မြေမှုန့်တွေ ကပ်နေလို့ မျက်နှာတွေ ဖြူဖွေးကုန်ပြီး မျောက်ရုပ်ပေါက်နေတာကိုလဲ မရယ်အားကြဘူး။ ကိုဘမောင်တစ်ယောက်ကတော့ အရင်ခေါက်ကတည်းက ကြည့်ထားတော့ ဝန်ထမ်းတွေ ထိုးဖောက်ထားတဲ့ ဘိလပ်မြေမှုန့်ကျနေတဲ့ နေရာကို သိနေတယ်။ သူက အေးဆေးပဲ။ သူများတွေလို လုသယ်မနေတော့ပဲ ဘေးနားက ရှပ်ပြီး ဟန်ပြလှဲနေတယ်။ ဒီလိုနဲ့ ဝမ်းဗိုက်နားမှာ ဘိလပ်မြေမှုန့်တွေ အမှိုက်သရိုက်တွေ ကုန်စင်သလောက် ဖြစ်နေပြီ။ ပြန်တဲ့ လူလဲ ပြန်နေပြီ။ ကိုဘမောင်ကတော့ မခွာသေး။ ဝန်ထမ်းတွေကလဲ လူတွေကို မောင်းထုတ်နေပြီ။ နောက်တစ်မြို့ကို သွားစရာ ရှိတယ်လေ။

ဝန်ထမ်းတွေက အကုန်ကုန်သွားပြီ ထင်ပြီး သဘောင်္ကို ကမ်းကနေ ခွာဖို့ လုပ်တယ်။
ကိုဘမောင်ကတော့ သူမြင်ထားတဲ့ ချောင်နားက ဘိလပ်မြေမှုန့်တွေကို စကျုံးတော့တယ်။ သယ်ဖို့ မေ့သွားလို့လား.. ကျန်ခဲ့တာကို မသယ်နိုင်လို့လား မသိဘူး။ ဘိလပ်မြေမှုန့်တွေဟာ အိတ်တစ်ဝက်သာသာလေး ပိုနေတယ်။ ကိုဘမောင် တစ်ယောက် ဒီတစ်ခေါက် သူယူလာတဲ့ ပုစိုးစုတ်က ဆိုဒ်သေးနေလို့ သူ့ကိုယ်သူတောင် အပြစ်တင်နေသေးတယ်။
မျက်လုံးထဲမှာတော့ ရွာဘုရားပွဲမှာ သူဝယ်ပေးတဲ့ ပါတိတ်စလေးနဲ့ လှနေမယ့် သူ့ချစ်သူလေးကို မြင်ယောင်ရင်း ဘိလပ်မြေမှုန့်တွေ ကျုံးသယ်နေတယ်။

“ဘော်.........”
ဘဘောင်္ထွက်ဖို့ အသံပေးတဲ့ ဥသြသံကြားမှ ကိုဘမောင် ကမ်းပေါ် ပြန်တက်ဖို့ သတိရတော့တယ်။ ရသလောက်ကို သယ်လာတာ လူတောင် လှမ်းရတာ အနိုင်နိုင်။ သဘောင်္ ကုန်းပတ်ပေါ် ရောက်တော့ ဝန်ထမ်းတွေက ကိုဘမောင်ကို မြင်တော့တယ်။ ကမ်းကလဲ ခွာနေပြီ။ ကုန်းဘောင်တံတားကိုလဲ သိမ်းထားလိုက်ပြီ။ မမှီတော့ဘူး။ ကိုဘမောင်က ကမ်းကို ခုန်တက်ဖို့ လုပ်တယ်။ ကမ်းပေါ်က လူတွေက မြင်တော့ ဘိလပ်မြေအိတ်ကို လွှတ်ချပြီး ခုန်ခဲ့ဖို့ ပြောတယ်။ ကိုဘမောင်တစ်ယောက် ချီတုံချတုံ ဖြစ်နေတယ်။ နောက်တော့ မိုက်ရူးရဲစွာနဲ့ ဘိလပ်မြေ ထုတ်ထားတဲ့ ပုဆိုးအိတ်နဲ့အတူ ခုန်ချလိုက်တယ်။

ရေထဲ သူကျသွားတယ်။ အိတ်ကို သူမလွှတ်ထားဘူး။ သူက ရေလဲ သိပ်ကူးတတ်တာ မဟုတ်ဘူး။ ခွေးကူးတောင် အနိုင်နိုင်ရယ်။ အခုလို အလေးအလံ ပစ္စည်းပါ ပါနေတော့ ပိုဆိုးတာပေါ့။ လူက ကူးလေ နစ်လေ ဖြစ်လာတယ်။
နောက်တော့ ခေါင်းတောင် မဖော်နိုင်တော့ဘူး ဖြစ်နေတယ်။ နောက်တော့ စုံးစုံးမြုပ်သွားလေရော....။

ကိုဘမောင် အလောင်းကို နောက်တစ်နေ့နေမှ ရွာအောက်ဖက်လောက်နားက မြစ်ကြမ်းပြင်မှာ တွေ့တော့တယ်။ သူသယ်လာတဲ့ ဘိလပ်မြေအိတ်လေးကို ရင်ခွင်မှာ မလွှတ်တမ်း ပိုက်ပြီး ခွေခွေလေး နစ်နေတာ။ မြင်သူတိုင်း စိတ်မခိုင်ကြဘူး။ မျက်ရည်လွယ်တဲ့ ရွာက မိန်းကလေး တစ်ချို့ ငိုနေကြတယ်။ ကိုဘမောင် ချစ်သူလေးကတော့ မျောသွားလို့ အိမ်ကို ပြန်ခေါ်သွားလိုက်ရတယ်။

ကိုဘမောင်ဟာသူ့ဘိလပ်မြေမှုန့်တွေကို ပလပ်စတစ်အိတ်ထဲ သေချာထည့်ထားပြီး ထုပ်ပိုးထားလေတော့ ရေတစ်စက်မှ မဝင်ဘူး။ အကောင်းအတိုင်း ရှိနေတုန်း။ သူ့လက်ထဲမှာ မလွှတ်တမ်း ဆုပ်ထားတာ လက်ကို မနည်း ဖြည်ရတယ်။ လေသင်တုန်း ရိုက်ခံထားရတဲ့ သူ့အမေ မုဆိုးမကတော့ သားအလောင်းကို မြင်ပြီး အင့်ခနဲ တစ်ချက်ရှိုက်ပြီး မေ့သွားလိုက်တာ မထနိုင်တော့ဘူး။ ကိုဘမောင် အလောင်း မြေကျတဲ့ အထိ အိပ်ရာပေါ်မှာ ကျန်နေခဲ့တယ်။

ကိုဘမောင် အလောင်းကို မြေမြုပ်ပြီး ဂူသွင်းလိုက်ကြတယ်။ သူသယ်လာတဲ့ ဘိလပ်မြေမှုန့်တွေနဲ့ အုတ်ဂူ ဆောက်ပေးလိုက်တာပေါ့။

နောက်တော့လဲ ရွာလေးလဲ သူ့ပုံမှန် အနေအထားအတိုင်း ပြန်ဖြစ်သွားလေရဲ့။



xxxxxxxxxxxxxxxxxxxxxxxx

“ဘော်...................”
ညနေ နေဝင်ချိန် ခြေခင်းသာချိန်လောက်ဆို ဒီလို သဘောင်္ ဥသြဆွဲသံကြားရင် ကိုဘမောင်တို့ ရွာသားတွေ ပျော်ကြတယ်။
ကိုဘမောင် အုတ်ဂူလေးကတော့ ရွာထိပ်က ညောင်ပင်အောက်မှာ ရေညှိတွေ တက်လို့.....။


=======================================================

မှတ်ချက်။ ။
ငယ်ငယ်တုန်းက ဖတ်မိတဲ့ ဝတ္ထုတစ်ပုဒ်ပါ...။
အဲဒါဘယ်သူရေးတာလဲ မသိဘူး။ မိုးမိုးလား မစန္ဒာလား...။
ဝတ္ထုတိုအနေနဲ့ မဟေသီလား သပြေလား ပါလာတတ်တယ်လေ။
ကိုယ်အဲဒီဝတ္ထုငယ်ငယ်က ဖတ်မိပြီး သနားလိုက်တာ
ကိုယ်သနားတဲ့ ဇာတ်ကောင်က သူက အဲဒီလို တက်ကျုံးတဲ့ ရွာသားထဲက တစ်ယောက်...။
ဘယ်နေရာမှ ကိုယ်မခံစားဘူး။ မြစ်ကြမ်းပြင်မှာ ဘိလပ်မြေထုတ်ကို လက်က မလွှတ်တမ်း ရင်ခွင်ထဲပိုက်လို့ ခွေခွေလေး ဆိုတာပဲ ဖတ်မိပြီး မြင်ယောင် စိတ်မကောင်း ဖြစ်နေတာ။

ဝတ္ထုနာမည်လေးနဲ့ စာရေးသူလေး သိချင်တယ်။
အခုက ကိုယ်ဖတ်ထားလို့ မှတ်မိသမျှလေးကို ပြန်ဆန်းသစ်လိုက်တာ။

ဝတ္ထုထဲမှာ ဘိလပ်မြေကို ဘယ်လို ထုပ်ထားတယ် ဆိုတာ မပါဘူး။ ပါလား မပါလား ဆိုတာ ကိုယ်မသေချာပါ။ ကိုယ်လဲ သတိမထားမိဘူး။ ကြီးလာမှ စဉ်းစားမိတာက တစ်ကယ်လို့ ပုဆိုးနဲ့ ထုပ်ထားရင် ရေစိမ့်ဝင်ပြီး ဘိလပ်မြေတွေ ခဲကုန်မှာပေါ့လို့။ (အခုတော့ နည်းနည်း ယုတ္တိတန်အောင် ပလပ်စတစ်နဲ့ ထုပ်ထားပေးလိုက်တယ်။ )
အရင်တုန်းက ဘိလပ်မြေ ဆိုတာ မရှိပဲ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ လုပ်တာတွေကို မြေစေးလား သရွတ်လား ခေါ်တာ ရှိပါတယ်။ အခုခေါ်နေတဲ့ ဘိလပ်မြေက အင်္ဂလိပ်တွေဆီကနေ တင်သွင်းလာတာ ဖြစ်လေတော့ ဘိလပ်က လာတဲ့ မြေ.. ဘိလပ်မြေလို့ ခေါ်ကြတာလို့ မှတ်ဖူးတယ်။

Wednesday, September 15, 2010

ကမ္ဘာပတ်ပြီး ရထားစီးရအောင်


Germany မှာ ရှိတဲ့ ရထားပုံတူသေးသေးလေးတွေ စုထားတဲ့ နေရာပါ။ ကမ္ဘာ့မြို့ကြီးတွေကိုလဲ ပုံတူ ဆောက်ထားပြီး ရထားလေးတွေက အဲဒီမြို့တွေကို ပတ်ပြေးနေတာပါ။ ကလေးလေးရှိရင် ခေါ်သွားလို့ ကောင်းတဲ့ နေရာလေးပဲ။ သွားချင်လိုက်တာ။

Tuesday, September 14, 2010

Looking for Room(Whole unit/flat) to rent

Looking for whole unit / flat

Requirement :
Location : Bedok (Preferred North)
Room Type : 3NG(2+1) or 4NG(3+1)
Budget : 1,600 , 2,100 respectively
Avail : 1st Oct

Pls, contact me if someone have helpful info:
Thanks.

အခန်းရှာနေတုန်းမို့ အသိလေးဘာလေးရှိရင် ပြောပြပါဦး။

Wednesday, August 25, 2010

တစ်ခါက (၁)



မီးမီး။ ။ ဟဲလို ကိုကိုလား... မီးမီးဗိုက်ဆာတယ်။
ကိုကို။ ။ အင်း... ချက်ထားတာ ရှိတယ်။ လက်ဖက်နဲ့ နယ်စားမယ်လေ။ ဒါပဲနော်။ (ဂွပ်)


xxxxxxxxx

ထမင်းစားခန်းထဲတွင်....
ကိုကို ။ ။ (အင်း... မီးမီးအတွက် ထမင်းကျန်သေးတယ်။ မချက်တော့ဘူး။)
တစ်နာရီခန့်အကြာ....
ကိုအောင်။ ။ ဟေး .. ပြန်ရောက်တာ စောလှချည်လား။ အလုပ်မသွားဘူးလား...။
ကိုကို။ ။ ဒီနေ့ စောပြန်လာလိုက်တယ်။
ကိုအောင် ရေမိုးချိုး/ထမင်းစား...

xxxxxxxxx

ကိုကို။ ။ (ဟိုက် ကိုအောင် ထမင်းတွေ အကုန်စားလိုက်ပြီ။ မီးမီးအတွက် မကျန်တော့ဘူး။ ထပ်ချက်လိုက်ဦးမှ...)
ဗျို့ ကိုအောင် ထမင်းကုန်သွားတာ ပြန်ချက်မပေးဘူးဗျာ။ ဒီမှာ ဘာမှ မစားရသေးဘူးဗျ။
ကိုအောင်။ ။ ဟေ.. မသိဘူးလေကွာ။ အစောကြီး ရောက်နေတော့ စားပြီးပြီ ထင်နေတာ။

xxxxxxxxx
နာရီဝက်ခန့်အကြာ...
မီးမီး။ ။ ကိုကို တံခါးဖွင့်ပေး...

ကိုကို။ ။ (ဟိုက် မီးမီး ရောက်လာပြီ။ ထမင်းက ခုမှ ကျက်လို့ တော်သေးတယ်။ လက်ဖက်လေးနဲ့ နယ်ပေးမှ ပူပူလေး စားလို့ ကောင်းမယ်။ ခမျာ ကားစီးလာတာ ပင်ပန်းရှာတယ်။ ဆာနေရော့မယ်။ မြန်မြန်လေး လုပ်မှ...။)
လာ လာ..ဒီမှာ ထမင်းကို လက်ဖက်နဲ့ နယ်ပေးနေတာ။
မီးမီး။ ။ ဟင် မီးက ပူရင် မစားတတ်ဘူး...။ (စိတ်ကောက်သွား....ခြေဆောင့်ထွက်သွား)


Sunday, June 27, 2010

အတ္တ တစ်ခုကို ပုံဖော်ခြင်း။

ဒီလိုနဲ့ ကြယ်တွေ ငိုတဲ့ညကို ငါလွန်ခဲ့တယ်...။
တိမ်ခါးခါးတွေကတော့ အခုထိ တောက်နေတုန်း...။
ငါ့လက်ထဲက မရှိမုန့်ကို လာလာတောင်းနေတော့
အိတ်ထဲက အလွမ်းတစ်ဆုပ် ကြဲပေးလိုက်တယ်...။

နိုးချိန်တန်လို့မှ ထ မလာတာ ငါ့အပြစ် မဟုတ်...။
ငတက်ဖြားက ငါ့ကို သူခိုးလို့ လာဟစ်နေတယ်...။
(အိပ်မက်ထဲထိတောင် ငါပြုံးမိရဲ့...။)
ဥယျာဉ်မှူးတစ်ယောက် မဟုတ်သလို
မာလီလဲ မဟုတ်ဘူး...။

ငါပြုံးနေခဲ့တာ မဟုတ်ဘူး...။
မချိရင်ကွဲ ဖြစ်နေတာ...။
မင်းသား မဟုတ်တောင် ဆိုင်းနောက်ထ လို့
အထင်ရှိနေတဲ့ နင့်ရဲ့
ဟန်ဆောင် မျက်နှာဖုံး ကွာကျတော့
အလို ...။
ဘီလူးမဟုတ်ဘူးကိုး...။
စပျစ်သီးချဉ်တယ်လို့
ငြီးနေတဲ့ လျှာနှစ်ခွနဲ့ မြေခွေး ဖြစ်နေပါရော့လား...။
လက်ထဲမှာလဲ ဓါးမြောင်တစ်ချောင်းနဲ့
သွေးတွေ စွန်းနေတယ်...။
ငါ့ကျောမှာတော့ သွေးတွေ စက်စက်ယိုလို့...။

အဒ်ဂါ အယ်လဲန်ပိုး၊ ဆီမွန် ဒီပူးပွား
တိုက်ဂါးဝုဒ်၊ မော်စီတုန်း
....
....
သူတို့နဲ့တူပေမဲ့ မတူခဲ့ဘူး...။
မကာရ်းကောင်ကြီးရေ့...။
နင့်မှာ ချိုနှစ်ချောင်းတောင် ရှိခဲ့ပေမယ့် လိုက်မဝှေ့ခဲ့ပါလား...။
လင်းပိုင်လို အမြီး ရှိပေမယ့် ရေမကူးခဲ့ပါလား...။

စကားမစပ်
တန်ရာတန်ရာပဲ ပြောစမ်းတဲ့...။
သင်္ကြန်အမြောက်လို မဖြစ်ချင်စမ်းနဲ့တဲ့...။
ရှေ့မှီ နောက်မှီ ပုဂ္ဂိုလ်များ ပြောခဲ့ကြတယ်...။
ဥပုသ်စောင့်ချင်ယောင်ဆောင်တဲ့
ကျားတစ်ကောင်တော့ တွေ့ခဲ့တယ်...။
ဝက်ပျိုမ များကတော့ တစ်နေ့ထက်တစ်နေ့ လျော့လျော့သွားတာပဲ...။

ဟိမ၀န္တာက သင်းကွဲငှက်ကြီးရေ...။
(တစ်ကယ်တော့ အပုပ်ကောင်ကို စားတဲ့ လင်းတ တစ်မျိုးပါ...။)
ရေခြား မြေခြားမှာ နေတတ်အောင် နေပါ့လား...။
အတောင်ညောင်းလို့ နားမယ်ဆိုလဲ
လွတ်ရာကျွတ်ရာနေကွဲ့...။
သာဂိ လေးဂွစာ မိသွားလို့
အရှေ့မြောက် လေစီးကြောင်းထဲ မပါသွားပဲ နေဦးမယ်...။

နက္ခတ်တွေ စုံတော့မယ့်နေ့ကို ရောက်တော့မယ်...။
လတစ်စင်းကတော့ ပျောက်နေတုန်း...။
တဂိုးရေ...။
နေမင်းနဲ့လွဲလို့ ငိုနေခဲ့တာ မဟုတ်ပါဘူး...။
လမ်းမတန်းက ဖုန်ထူနေလို့
မျက်စိမှိတ်ထားခဲ့တာပါ...။
နေ့တိုင်း မြင်နေရတာပဲ...။
တစ်ရက်လောက် လွဲတာနဲ့ ဘာမှ ဖြစ်လောက်မှာ မဟုတ်ဘူး...။

(ပြန်ကောက်ရရင်တော့)
ဒီလိုနဲ့ ကြယ်တွေ ငိုတဲ့ညကို ငါလွန်ခဲ့တယ်...။
တိမ်ခါးခါးတွေကတော့ အခုထိ တောက်နေတုန်း...။
.......
.......
အိတ်ထဲက အလွမ်းတစ်ဆုပ် ကြဲပေးလိုက်တယ်...။


(အလွမ်းသင့် ကွင်းပြင်ကို ဖြတ်တိုက်လာသော မကျေနပ်ခြင်း လေညှင်းများကို ခံစားထားခြင်း ဖြစ်သည်။
အရမ်းကာရော ဘာသာပြန်လိုပါက မူပိုင်ခွင့် ရှိသည်ကို သတိချပ်လေ...။)

စာကြွင်း။ ။ ဆားချက်တာနော်။ ဆားချက်တာ။

Sunday, June 6, 2010

စုံစီနဖာ အမှတ်စဉ် (မသိ/မမှတ်မိ ၀၂)

  1. ညဦးပိုင်း မအိပ်ခင်မှာ ရှုးပေါက်ထားရင် မနက်လင်းအားကြီးမှာ ထစရာ မလိုဘူး။
  2. Apple အနေနဲ့ iPhone တွေကို perfect prototype, reliable OS တွေ မဖြစ်မချင်း အသစ်တွေ ခဏခဏ မထုတ်သင့်ဘူး။ 3GS ထုတ်တာ တစ်နှစ်တောင် မပြည့်သေးဘူး။ အခု 4G ဆိုတာ ကို လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် WWDC မှာ ကြေငြာမယ်လို့ ကောလဟဠတွေ ဖတ်နေရလို့ လက်ထဲက ဖုန်းကိုပဲ လွင့်ပစ်ရတော့မလိုလို။
  3. တစ်ကယ်က အိုင်ဖုန်းက spec အပိုင်း ပြောရရင် သူများတွေလို စုံစုံလင်လင် ရှိတာ မဟုတ်ဘူး။ apps တွေ စုံတာရယ်၊ touch response က သူများတွေထက် ကောင်းတာရယ်မို့ သုံးဖြစ်တာ။
  4. အိုင်ဖုန်းကို ဂျေးဘရိတ်လုပ်လိုက်တာ ပိုကောင်းလာတယ်။ အရင်ကထက် response ပိုနှေးသွားတယ်လို့ သတိထားမိတယ်။ (Jail Break ၂ လ သက်တမ်း အတွေ့အကြုံအရ။)
  5. အဝတ်လျှော်စက်ထဲမှာ တပ်ထားတဲ့ Belt က Elastic properties လစ်မစ် ကုန်သွားရင် အဝတ်တွေကို ကောင်းကောင်းမညှစ်တော့တာ သိရတယ်။
  6. ဖေ့ဘွတ် သိပ်မသုံးသင့်တော့ဘူး လို့ ထင်တယ်။ (ဆင်ခြေ- ဗရိုက်ဗေစီ မရှိတာ၊ နောက် ကိုယ်တင်လိုက်တဲ့ပုံတွေကို ဖေ့ဘွတ်ထွင်တဲ့သူတွေက ကြိုက်တဲ့နေရာမှာသုံးခွင့်ရှိတယ် ဆိုတာကို မကြိုက်တာ။)
  7. မြန်မာသံရုံးက ဝန်ထမ်းတွေ အသစ်တွေ ဖြစ်တယ်လို့သိရတယ်။ ရောက်ဖူးတဲ့ လူတွေက ပြောတယ်။ ကိုယ်တို့က အသစ်လား အဟောင်းလားဆိုတာ သုံးနှစ်တစ်ခါ သက်တမ်းတိုး အခွန်ဆောင်မှ ရောက်တာ ဆိုတော့ မသိပါဘူး။ အဲ.. ၁၀ နှစ် တစ်ခါလောက် အဲဒီ သံရုံးမှာ ဝန်ထမ်း အပြောင်းအလဲ ရှိတယ်ဆိုရင်တော့လဲ ကိုယ်မသိဘူးပေါ့လေ။
  8. နိုင်ငံကူးလက်မှတ် စာအုပ် သက်တမ်းတိုး၊ အခွန်ဆောင်၊ စာအုပ် အသစ်လဲ စတာတွေ ဘာပဲလုပ်လုပ် စာအုပ်အသစ် နံပါတ်အသစ်ကို မဖြစ်မနေ ပြောင်းရတော့မယ် ဆိုပါတယ်။
  • ပထမ တစ်ရက် - ကိုယ်ဘယ်ရက်အတွက် ဖောင်တင်ရမယ်ဆိုတာကို ကျူနံပါတ် သွားယူရပါမယ်တဲ့။ သံရုံးထဲကို ရုံးဖွင့်ချိန်အတွင်း သွားပြီး နာမည် စာရင်းပေး။ အဲဒီမှာ ကိုယ် ဘယ်နေ့ လာပြီး ဖေါင်တင်ရမယ် လက်ဗွေနှိပ်ရမယ်ဆိုတာ သိပါတယ်တဲ့။ (တစ်ပတ်ကနေ နှစ်ပတ်လောက် ခွာချိန်းပါမယ်။)
  • ဒုတိယ တစ်ရက် - သံရုံးကဖေါင် သွားဖြည့်ရပါမယ်။ လက်ဗွေနှိပ်ရပါမယ်။ ဖေါင်တင်ရပါမယ်။ ငွေ ၁၅၀ ပေးရပါမယ်။ အဲဒီမှာ သူတို့က နောက်ရက်တစ်ရက်ကို သတ်မှတ်ပေးပြီး စာအုပ်အသစ် လာထုတ်ခိုင်းပါမယ်။ (ဒါလဲ ၁ ပတ်ကနေ ၂ ပတ်ကြာမယ်။)
  • တတိယ တစ်ရက် - စာအုပ်အသစ် သွားထုတ်လို့ရပါပြီ။ အဟောင်းကို ချက်ချင်း ပေးလိုက်ချင်လဲ ရတယ်။ ဒါမှမဟုတ် သက်ဆိုင်ရာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံက ရုံးတွေမှာ ကိုယ့်ပါတ်စ်ပို့ ကို update အကြောင်းကြားမယ်ဆိုရင် အဟောင်းကို အသစ်ထုတ်ပေးပြီး တစ်လအတွင်း သုံးခွင့်ရှိပါမယ်။ အဟောင်းကို တစ်လအတွင်း မြန်မာ သံရုံးကို ပြန်အပ်ရမှာ ဖြစ်ပါတယ်။
  • ဖူး... မလွယ်လိုက်တာ....။
9. ချစ်သူကို လွမ်းတယ်။

Monday, March 22, 2010

Ugly ရေ။

Ugly ရေ...

ပြတင်းပေါက်ကနေ လမင်းတစ်ခြမ်းပဲ့ မြင်နေရတယ်။
လမင်းကို ကြည့်ရတာ အေးချမ်းနေပါသလား။ ကိုယ်တော့ ပူနေတယ်။
လမင်းက ဘာလို့ အမြဲတမ်း ပက်လက် ဖြစ်နေတာလဲ။ မှောက်ခုံဖြစ်တဲ့ လမင်းကို မမြင်ဖူးသလိုပဲ။
Dream works လိုဂိုထဲက ကလေးလို တစ်ခြမ်းပဲ့ လလေးပေါ် ထိုင်ပြီး ငါးထိုင်မျှားကြည့်ချင်တယ်။
အဲ .. မျှားရအောင် ငါးလဲ တစ်ခါမှ မမျှားဖူးပါဘူးလေ။
ငယ်ငယ်က သူများတွေ ငါးမျှားတာ တီကောင်ကို အရှင်လိုက် ငါးမျှားချိတ်မှာ ချိတ်တော့ အသည်းငယ်တာနဲ့ မမျှားဖြစ်တော့ဘူး။
တိမ်ဖြူဖြူတွေ ပြေးလာနေတယ်။ ခဏနေ လကို အုပ်သွားတော့မှာ။ မလာနဲ့ သွား.... Rain Rain go away... (ဆက်ဆိုပေးကြပါ)။
လေနတ်သားက သူ့လက်နက်နဲ့ ပစ်လိုက်လို့ တိမ်တွေ ထွက်ပြေးသွားတယ်။
လမင်းလေး ပြန်ထွက်လာပြီ။
လက ဒီနေ့ အနောက်ကနေ အရှေကို သွားနေတာလား။ အရှေ့ကနေ အနောက်ကို သွားနေတာလား။
စာထဲမှာ ဖတ်ဖူးတာတော့ လက အနောက်ကနေ အရှေ့ကို သွားတာတဲ့။
အတော်ရှုပ်တာပဲ။
ဒါဆိုနေမင်းနဲ့ လမင်း လမ်းခုလတ်မှာ မတွေ့ကြဘူးလား မတိုက်မိဘူးလား။
အပိုလိုဆိုတာ လနတ်သားလား မသိဘူး။
အဲဒီ အပိုလိုနဲ့ အကြောင်းကို သူများပြောတာ ကြားဖူးတယ်။
ဇာတ်လမ်းက ဒီလိုတဲ့။
အပိုလို... သူ့မိန်းမကို ကြိုက်တာ ကျူးပစ်ထင်တယ်။
ကျူးပစ်က ချောလွန်းလို့ ကြည့်သူတိုင်းက မျက်လုံးကန်းတယ်တဲ့။
ဒါကြောင့် ကျူးပစ်က ညလူခြေတိတ်ချိန်မှ အပိုလို မိန်းမဆီ လာလည်တယ်တဲ့။
ပါးစပ်ရာဇဝင်တွေပါ။
နောက် ကျူးပစ်ကို ကြည့်မိရင် သူတို့နှစ်ယောက် တစ်သက်စာ ဝေးသွားမယ်တဲ့။
ဒါပေမယ့် သူ့ချစ်သူက ကျူးပစ်ကို ည ကျူးပစ် အိပ်နေတုန်း ခိုးကြည့်လိုက်မိတယ်တဲ့။ အဲဒီမှာ သူတို့ ကွဲသွားလေရော။
ဒါ ဇာတ်လမ်းမှားကြီး ဖြစ်နိုင်တယ်။
ကျူးပစ်နဲ့ ကြိုက်တာ Aphrotite အလှနတ်သမီးပါ။ ဘယ်က အပိုလို မိန်းမ ဖြစ်ရမှာလဲ။ နေဦး။ ဂရိနတ် ပုံပြင်တွေ ပြန်လှန်ပြီး လာပြောပြမယ်။
အဲ.. တွေ့ပြီ။

Ugly ရေ။
ဟုတ်တယ်။
အပေါ်က ဇာတ်လမ်းက အမှားကြီး...။
တစ်ကယ်တော့ ကျူးပစ်က အချစ်နတ်မိဘုရားဗီးနပ်နဲ့ မက်ဆန်ဂျာနတ်သား မာကျူရီတို့ရဲ့သား။
ဗီးနပ်စ်က သူ့ကို ကိုးကွယ်နေကျ Psyche မင်းသမီးလေးက ဗီးနပ်စ်ကို ကိုးကွယ်ဖို့ မေ့နေလို့ ဆိုက်ခီကို ဒဏ်ခပ်ဖို့ ကျူးပစ်ကို လွှတ်လိုက်တယ်။
ကျူးပစ်က ဆိုက်ခီကို မြင်တော့ ချစ်မိသွားရော။
ကြည့်ရတာ ကျူးပစ် သူ့မြှားနဲ့သူ ပြန်စိုက်မိလို့နေမှာ။
အဲဒီမှာ ကျူးပစ်က နတ်သားဆိုတော့ လူမိန်းမက မြင်လို့ မရဘူး။
ကျူးပစ်က ဆိုက်ခီဆီ ညတိုင်း လာလည်တယ်။
လာတိုင်း နားဝမှာ တိုးတိုးလေး ပြောတယ်။
သူ့ကို မကြည့်မိဖို့ အမြဲတမ်း မျက်စိမှိတ်ဖို့။
ဒါကို ဆိုက်ခီ အစ်မတော် နှစ်ယောက်က သွေးထိုးတယ်။ ကျူးပစ်က မကောင်းဆိုးရွားပါ။ ဘာညာပေါ့။
အဲဒီမှာ ဆိုက်ခီက တစ်ညမှာ ကျူးပစ်ကို မျက်လုံးဖွင့်ပြီး ကြည့်လိုက်မိတယ်။ ကျူးပစ် စိတ်ဆိုးပြီး ဆိုက်ခီကို ပစ်သွားတယ်။
ဆိုက်ခီခမျာ ကျူးပစ်ကို တွေ့ချင်လွန်းလို့ ကမ္ဘာကုန်ကျယ်သရွေ လိုက်ရှာတာ နောက်ဆုံး ဂျူပီတာ နတ်မင်းကြီးဆီ ရောက်သွားတယ်။
ဂျူပီတာ နတ်မင်းကြီးလဲ ဆိုက်ခီကို သနားတော့ တစ်သက်လုံး မသေနိုင်တဲ့ Immortal ဆုကို ပေးလိုက်တယ်။ အဲဒီမှာ ဆိုက်ခီဟာ လူသာမာန်မင်းသမီး ဘဝကနေ နတ်ဘုရားဘဝ အော်တိုရောက်သွားတယ်။
နောက်တော့ ကျူးပစ်နဲ့ ပေါင်းဖက်မိပြီး ကလေး သုံးယောက် ပွားစီးတယ်။
စကားမစပ် Psyche ဆိုတာ soul လို့ အမည်ရသတဲ့။

ဇာတ်လမ်းက ဒါပဲ။ (ဟင် တုံးတိတိကြီး။)
ဆားချက်ခြင်း ဖြစ်သည်။ သို့သော် ပို့စ်အသစ်စက်စက်။ ဒါပဲ။ နုတယ်လို့ လာမပြောနဲ့။ ဘွိုင်းအစစ်။

All Articles and Photos Credit goes to Widipedia

Friday, February 19, 2010

Who know?


နေးတစ်တွင် မေးထားသော မေးခွန်း ဖြစ်ပါသည်။

ငွေရောင်ခေတ်များတွင် ခေတ်စားခဲ့သော ပိုစတာ တစ်ခု ရှိခဲ့ဖူးလေသည်။ အဆိုပါ ပိုစတာမှာ အဖြူအမည်းဖြင့်သာ ပုံနှိပ်ထားလေသည်။
ပုံတွင် ဖော်ပြသည်မှာကား...
မာရီလင်မွန်ရိုးသည် ဆွတ်ဆွတ်ဖြူနေသော ပိုးဂါဝန် (ပိုးထည် ဟုတ်မဟုတ် အကျွန်ုပ် မသိချေ။ ကျွန်ုပ် ညဏ်ကွန့်ခြင်းသာ ဖြစ်သည်) ကို ၀တ်ထားကာ လမ်းဘေးပလက်ဖောင်းတွင် ကားစောင့်နေစဉ် (ကားစောင့်သည်မှာလဲ ကျွန်ုပ် အထင်သာ ) လေကြမ်းသည် အောက် မှ အထက်သို့ ပင့်၍ ခပ်သော့သော့ ရိုက်လိုက်လေသော် သူမဂါဝန်သည် အထက်သို့ လန်မတတ်ဖြစ်သွားချိန်တွင် မွန်ရိုးသည် ဂါဝန်ကို လက်နှင့် ဒရောသောပါး လှပညက်ညောစွာ ဖိချလိုက်လေသည်...။
သို့သော်လဲ လေနတ်သားက အလစ်အငိုက်တွင် ၀င်ရောက်တိုက်ခိုက်လေသောကြောင့် မွန်ရိုး၏ ပေါင်သားဖြူဖြူကို တို့ထိ ကျီစယ်ခွင့်ရသွားလေ၏။
အဆိုပါ အခိုက်အတန့်ကို ဓါတ်ပုံဆရာများလဲ (ပါပါရာဇီ ထင်သည်) အမိအရ ရိုက်ထားလေ၏။
အီကဲ့သို့ အချီး နိဒါန်းများ သွယ်နေသည်မှာ အကြောင်းရှိ၏။
ရှည်လျားထွေပြား ပေများမနေပဲ အတိုချုံးရသော် အဆိုပါ ဇာတ်ဝင်ခန်းသည်
- ရုပ်ရှင်တစ်ကားကား၏ အကွက်တစ်ကွက်ပေလော..။
- သို့မဟုတ် ပိုစတာ ထုတ်စားရန် သက်သက် ဆက်တင် ဆင်ထားလေသလော...။
- သို့မဟုတ် ပါပါရာဇီများ လက်စွမ်းလျှပ်တစ်ပြက် ရိုက်ချက်ပေလော။
သိသူများ ဖြေကြားပေးပါလေ။


ရှေ့မှီနောက်မှီ ကိုလတ် တစ်ယောက် သိနိုင်မည် ထင်ပါသော်လည်း ကိုစမနှင့် ကားတော့ပစ်က်တွင် ပိန်ခြင်း ၀ခြင်းကို ငြင်းခုန်နေကြသည်က တစ်မုံ့၊ ဤကဲ့သို့သော ဘလော့တွင် လာရောက်ဖတ်ရှုလေ့ မရှိသော ကိုလတ်အလေ့အထကို သိရှိနားလည်သောကြောင့် ကိုလတ် မဟုတ်သော အကြောင်းခြင်းရာကို သိရှိသူ တစ်ဦးတစ်ယောက်က လာရောက်ဖြေဆိုစေလိုပါသည်။
လာရောက်ဖြေဆိုသူကို ရှေ့မှီနောက်မှီ ပက်လက်ကုလားထိုင်.. အဲ.. ရှေ့မှီ နောက်မှီ အဖိုးကြီး အဖွားကြီးဟု သမုတ်မည် မဟုတ်ပါ။ (အန်.. ဒါဆို ကိုလတ်က အဖိုးကြီးလား...။ အဲလိုတော့ မဆိုလိုပါ။ )

နောက်ဆုံးအနေနှင့် နိဂျုံးခုတ်ချင်သည်မှာ အထက်ပါ အကြောင်းများသည် တော့ပစ်က်နှင့် သွေဖည်သည်ရှိသော် ပျက်နေသော ကွန်ပြူတာကို လျှောက်ကလိရာမှ ပြန်ကောင်းသွားသဖြင့် အသစ်ဝယ်ရန် ပေးထားသော စရန်များ ဆုံးမလို ဖြစ်နေသည့် ဥစာ ပြောသကဲ့သို့ ဗယ်လင်တိုင်းဒေးနာ ခံစားကုန်သော် မင်မင်၊ မော်မော်များက မိမိတို့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်း ဖြစ်သော သက်ဆိုင်ရာ ခေါင်းစဉ်အောက်သို့ ပို့ဆောင်ပေးပါရန် အကြောင်းကြားအပ်ပါသည်။ (ဘာလာကြည့်တာလဲ...။ ဘာမှ မရှိတော့ဘူး။ ခွိခွိခွိ )

အမိန့်အရ
ပုံ/
လူချော မောင်ဘွိုင်း (aka) အဘွတ် (aka) ကဘွတ်အိုးအက် (aka) ကဘိုင်း

နောက်ဆက်တွဲ။
အခုပဲ ဂူဂယ်လိုက်တာ ထွက်လာတယ်။ The Seven Years Itch ကားထဲကပဲ။ ဇာတ်ဝင်ခန်းတစ်ခုပေါ့။ မြေအောက်ရထား လာနေချိန်မှာ မြောင်းဖုံးပေါ် မတ်တပ်ရပ်မိတဲ့ မွန်ရိုးတစ်ယောက် အောက်ကနေပင့်တိုက်တဲ့ လေအေးကို သဘောကျတဲ့ အခန်း။
http://www.youtube.com/watch?v=6yX4IjBg-XM&feature=related

ဆင်ဆာတွေ ဖြတ်ထားတယ်။
ကျေးဇူး ဝတုတ်...။


Tuesday, February 9, 2010

သတ်ပုံမှားတဲ့ည

လှံဖျား ပုဇဉ်းနားတုန်း
ကျီးကန်းက ချေးပါချသတဲ့။

တိုက်တိုက်ဆိုင်ဆိုင်
ကြားလိုက်ရတဲ့ ပန်းရှိုက်သံကြောင့်
လိပ်ပြာတစ်ကောင်
လန့်ဖျတ်ပြီး ပျံထွက်သွားတယ်။

ပန်းရုံမှာတော့ ရုတ်ရုတ်သဲသဲနဲ့ ကျန်ခဲ့လေရဲ့။
မြေပြင်ကို ပွင့်လွှာတစ်ချို့ သက်ဆင်းသွားတာ မြင်ရတယ်။

ရုတ်တရက် မွေ့လိုက်တဲ့ လေရိုင်းကြောင့်လား။
နဂိုအခြေမခိုင် ယိုင်နဲ့နေတဲ့ အညှာကြောင့်လား။

မျက်ကန်းတောတိုး စိတ်ဆင်ရိုင်းတစ်ကောင်
နောင်တ ဒဏ်ရာနဲ့ အော်ညည်းနေလေရဲ့။

ခက်ထန်နုပျိုတဲ့ သားသမင်နဲ့
ရမ္မက်ထန်နေတဲ့ ကျားဘုရင်တို့
တစ်ဘက်ကို တစ်ဘက် အကဲစမ်းနေလေရဲ့။

အမှောင်တွေ ကွယ်ပျောက်ပြီး
လင်းပတဲ့ မနက်ခင်းတစ်ခုကို ရောက်ဖို့
သတ်ပုံမှားတဲ့ ည ဘယ်နှစ်ခုကို ဖြတ်ရဦးမလဲ။



ကဗျာမဟုတ်။ စာစုသာဖြစ်ပါတယ်။
နားလည်မှာ မဟုတ်တဲ့ အတွက် နားလည်ချင်ယောင်ဆောင်ပေးလဲ စိတ်မဆိုးပါဘူး။
ဘယ်သူသိတာမှတ်လို့။

Sunday, January 31, 2010

စုံစီနဖာ အမှတ်စဉ်(မသိ/မမှတ်မိ)

  • သောကြာနေ့ညက အင်းလေးမှာ ထမင်းသွားစားဖြစ်တယ်။ ထုံးစံအတိုင်း မပါမဖြစ် ငါးရှဉ့်ခြောက်စပ်ပေါ့။ ဒီတစ်ခေါက် အင်းလေးမှာ သွားစားဖြစ်တိုင်း တိုးတက်မှုတွေ တွေ့ရတယ်။ ငါးရှဥ့်ခြောက်စပ် အရင်လို တူးခါနီး ကျွတ်သလိုမျိုး ကြော်လာတာ မဟုတ်တာ့ဘူး။ တော်သင့်ရုံ အတုံးလေးကို ရသာ နှံ့စပ်အောင် နယ်ပြီး သေချာကျက်အောင် (ကျက်အောင်) ကြော်လာတယ်။ ကျက်အောင် ဆိုတာကို ကွင်းစကွင်းပိတ်ထဲ ထည့်ရေးရတာက ဧရာဝတီမှာ သွားစားတော့ အတုံးကြီးပြီး မကျက်ဘူး။ ကိုက်လိုက်ရင် ညှီစော်နံတာ မပျောက်ဘူး။ (အဲဒီတုန်းက အင်းလေးက အတုံးသေးပြီး အကျွတ်လွန်တယ်။ သို့သော် ကျက်အောင် ကြော်တော့ သူ့ပဲ စားဖြစ်တော့တယ်။) နောက်ဟင်းရံကတော့ ဝက်သားပေါင်းနဲ့ ကန်စွန်းရွက်အစပ်ချက်။ ငါးပိထောင်း တောင်းတာ လူများနေလို့ ထမင်းတွေ စားကုန်ခါနီးမှ ရောက်လာတယ်။ စပ်ချက်များ.. ဇွန်းဖျားလေးနဲ့ ကော်ပြီး စားကြည့်တာ ရေသုံးခွက် အငမ်းမရ သောက်လိုက်ရတယ်။ အရည်ဖျော်ကတော့ ထုံးစံအတိုင်း ထောပတ်သီးဖျော်ရည်။
  • နောက်တော့ စားပြီးသောက်ပြီး အင့်ကားနေတဲ့ ဗိုက်ကို အစာချေတာမှာ အကူအညီရအောင် အတူပါလာတဲ့သူကို အတင်းပဲ အက်စ်ပလန်းနိတ်ဘက် လမ်းလျှောက်သွားဖို့ ခေါ်တယ်။ သောကြာနေ့ညဆိုတော့ သီချင်းလေးတွေ ဖရီးရှိုးတွေ ဆိုတာ ရှိတယ်။ လေတစ်ဖြူးဖြူးတိုက်နေတဲ့ ဟိုက်ကုတ်ဘေးနားက လမ်းလေးကိုဖြတ်၊ ဟိုတစ်ဘက်ခြမ်းက ဘောလုံးကွင်းမှာ သာနေတဲ့ ကောင်းကင်ထက်က လမင်းကြီးကို အာရုံခံစားပြီးကြည့်၊ စင်ကာပူခံတပ်သိမ်းပွဲတုန်းက ကျဆုံးသွားတဲ့ အာဇာနည်တွေကို အလေးပြု၊ ပန်းခြံလေးကိုကျော်၊ တံတားအောက်ကို ငုံ့ဖြတ်လိုက်တဲ့ သကာလ concert လုပ်တဲ့ နေရာကို ရောက်ခဲ့တယ်။
  • ဆိုနေတဲ့ အသံကို ကြားကြားချင်း ဒါ ဖိလစ်ပီနို တစ်ယောက်ဆိုတာဆိုတာ အတပ်သိလိုက်တယ်။ ဘယ်လိုသိလဲ မမေးပါနဲ့။ Common Sense ပေါ့လေ။ မြန်မာပြည်မှာ နေတုန်းက ဖဦးထုပ်တွေနဲ့ အတူတူ လုပ်ဖူးတော့ သူတို့ရဲ့ အင်္ဂလိပ် လေယူလေသိမ်းကို ဖမ်းမိတယ်။ လူကြားထဲမှာ၊ အမ်အာတီပေါ်မှာ သူတို့ စကားပြောနေရင် ဘယ်သူက မလေး၊ ဘယ်သူက ဖိလစ်ပီနိုဆိုတာ မျက်စိမှိတ်နေရင်းကနေ ခွဲခြားနိုင်တယ်။ အခုလဲ သူသီချင်းဆိုနေတာ နားထောင်ရင်း သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ် အကြားအစပ်တွေမှာ မိတ်ဆက်စကားတွေ ပြောရင် ဖိလစ်ပီနိုတစ်ယောက်ရဲ့ accent က ပိုသေချာလာတယ်။ သူဆိုသွားတာတွေက နာမည်ကျော် ဂန္တဝင်သီချင်းတွေပဲ။ အတိအကျ တူအောင် လိုက်ဆိုတာ မဟုတ်ပဲ သူ့စတိုင်နဲ့သူ အော်ဂင်သမားတစ်ယောက်၊ ဟော်လိုဂီတာ အတီးသမား တစ်ယောက်နဲ့အတူ အပေးအယူ မျှတစွာနဲ့ ဆိုသွားခဲ့တယ်။ You Are Wonderful Tonight တို့ ဘာတို့ ဆိုသွားတာ မဆိုးဘူး။ ဖေ့ဘွတ်ပေါ်မှာ တင်ထားပေးတယ်။
  • အခုတစ်လော ခေါင်းထဲ ဝင်နေတဲ့ သီချင်းကတော့ When I Need You ဆိုတဲ့ သီချင်းလေး။ မာရီယာကာရေး ဆိုတာလဲ ကောင်းတယ်။ မူရင်းလေးလဲ ကောင်းတယ်။ အဆိုရခက်တဲ့ သီချင်း။ ပင်လယ်ထဲ ရောက်တုန်း ကာရာအိုကေမှာ စမ်းဆိုတာ လွဲကုန်တာပဲ။
  • တစ်မိုးအောက်မှာ တူတူနေတဲ့ သူထဲက ပစိပစပ်များတာကို သည်းခံနေရတာလောက် ဆိုးတာ မရှိဘူး။ ခက်တာက ကိုယ့်ကိုပြောတာ မဟုတ်လို့ သွားတားလို့လဲ မရ။ နားထဲကို ခဏခဏ ဝင်နေ။ စိတ်ညစ်တယ်။ အေးအေးနေချင်ပါတယ်ဆို။
  • အခုတစ်လော အဆင်မပြေတာ များနေတယ်။ ပျော်အောင် ရှာကြံနေနေတယ်။ အဟက်။ ဘန်ကောက် ပတ်စ်ပို့ကို ကဗျာဆရာ ပို့လာပေးတော့ ဝင်ခွင့်ရသွားတယ်။ ကျေးဇူး ကဗျာဆရာ။ အခုတော့ Epiode 2 မှာ Chapter 3 ရဲ့ Finale ရောက်နေတယ်။ တုတ်တုတ်ကား ၁၅ စီးစား ဝယ်ဖို့ ပိုက်ဆံလိုနေတယ်။ ဘတ်ငွေတွေ လိုနေတာ။ နယူးယောက်က ပိုက်ဆံတွေ ဘန်ကောက်ကို လွဲပေးလို့ ရရင် ကောင်းမှာပဲ။ ကျူးဘားကတော့ Business တွေ expense လုပ်ဖို့ ပိုက်ဆံ မလောက်သေးဘူး။ ဒေသခံတွေကို ငှားထားတာ အစုံ မငှားနိုင်သေးဘူး ဖြစ်နေတယ်။ ကိုယ့်လုပ်ကွက်ကို လာလာဖျက်တာ ခံနေရတယ်။ နယူးယောက်မှာပဲ ဆေးကုနိုင်တယ်။ နယူးယောက်မှာတော့ ကာစီနို ၅၀၀ နီးပါး၊ ဟိုတယ် ၅၀၀ နီးပါး၊ ကျန်တာတွေလဲ ၅၀၀ နီးပါး ဆောက်ထားတာ ရှိတယ်။ သို့သော် နယူးယောက်မှာတော့ လုပ်စရာ ဘာမှ မရှိတော့ဘူး။ လုပ်ကွက်တွေလဲ ကုန်နေပြီ။ ရုရှားမှာတော့ စီးပွားရေးတွေ အကုန်လုပ်ပြီးပြီ။ နယ်ပယ်ချဲ့တာ နောက်ဆုံးခန်းပဲ ကျန်တယ်။ ဘန်ကောက် ပတ်စ်ပို့ရလို့ ဘန်ကောက်မှာပဲ ကျက်စားနေတယ်။
  • ဘူးဂစ်စ်နား သုံးခေါက် ရောက်ပြီ။ ရောက်တိုင်းလဲ တိုကီ က ကြက်အရည်ခွံ သွားသွားဝယ်ဖြစ်တယ်။ ကိုလက်စထရောများတယ်ပဲ ဆိုဆို အစားနဲ့ ပတ်သက်လာရင်တော့ မတားနဲ့ ဆိုပဲ။ တစ်ခါသွား ၃၀ ကျော် ကုန်ကုန်လာတယ်။ အဲ့ဖက် ခြေလှမ်း မလှမ်းမိအောင် ထိန်းထားတယ်။ အင်းပေါ့လေ။ ပင်လယ်ထဲသွား ခဏခဏ ငတ်ပြတ်လာတော့ ကိုယ့်ကို ပြန်သနားတော့ ဒါလောက်တော့ ကျွေးသင့်ပါတယ်လေ။
  • အရင်တုန်းက ကိုယ်နဲ့ စိတ်တူကိုယ်တူ မိတ်ဆွေ တစ်ယောက်ရှိတယ်။ အရင်က ရှိတယ်ဆိုလို့ အခု မရှိတော့တာ မဟုတ်ဘူး။ သူနဲ့ ကိုယ်နဲ့က ဒီစလုံးရောက်တဲ့ အထိ တစ်တွဲတွဲ ရှိတယ်။ နိုင်ငံရေး၊ ဝါသနာ၊ စာပေ၊ အနုပညာ နဲ့ ပတ်သက်လို့ ကိုယ်နဲ့ ရင်ခုန်သံချင်း တူတယ်။ ဆွေးနွေးလို့ ရတယ်။ အလုပ်စောပြီးရင် တစ်ခါတစ်လေ Boat Quay မှာ သူနဲ့ကိုယ် စင်ကာပူချောင်းက ဖြတ်လာတဲ့ လေပူတွေကို ခံစားရင်း တော်ကီတွေ ပစ်ကြတယ်။ ကမ္ဘာ့အရေးတွေ ဆွေးနွေးကြတယ်။ အောင်မယ် အပြင်းအထန် ဆွေးနွေးတာနော့။ ကိုယ်က ဒိုင်ယာနာကို ကြည့်ရသလောက် သူက သစ္စာမရှိတဲ့ ဒိုင်ယာနာလို့ သတ်မှတ်တယ်။ မာသာ ထရီဇာကို ကိုယ် မကြိုက်ပေမယ့် သူက လေးစားတယ်။ ရထားပေါ်ကနေ ဂန္ဓီ ပစ်ချခဲ့တဲ့ ဖိနပ်တစ်ဘက်နဲ့ ပတ်သက်ပြီး တစ်ပတ်လောက် မခေါ်မပြော ဖြစ်အောင် အမြင်မတူတာ ဖြစ်ခဲ့ဖူးတယ်။ ကိုယ်က ဂန္ဓီပစ်ချခဲ့တာက သူ့အတွက် အသုံးမလိုတော့လို့ ဒီအတိုင်း ပစ်ချလိုက်တာ။ ကောက်ရသူ နောက်တစ်ဘက် ပြန်ရပါစေတော့လို့ ပစ်လိုက်တာ မဟုတ်ဘူး ဆိုတော့ သူက မဟုတ်ဘူးတဲ့။ ဂန္ဓီကိုယ်တိုင် အဲဒီသဘောနဲ့ ပစ်လိုက်တာပါလို့ အင်တာဗျူးမှာ သတင်းစာဆရာကို ပြန်ပြောပြတာ သူဖတ်ဖူးတယ်တဲ့။ သက်သေ မပြနိုင်ရင် မယုံဘူးလို့ ပြောတော့ သူတင်းသွားတယ်။ တစ်ပတ်လောက်ကို ကိုယ့်ကို ဖုန်းမခေါ်တော့တာ။ ကျန်တဲ့ နေရာတွေမှာတော့ သဘောထား တိုက်ဆိုင်ကြပါတယ်။ အဲ ဘလော့တာတော့ ခေါ်တာ မရဘူး မောင်။ ခါးညောင်း လက်ညောင်း မျက်စိညောင်းတဲ့ အလုပ်တဲ့။ အဖျော်ယမကာလေးများ သောက်မယ်ဆိုရင်တော့ သူများလို ဘီယာစတေရှင် ဘာညာသူ မလိုက်ဘူး။ အေးဆေး သက်သာတဲ့ တစ်နေရာမှာ သူက ဝိုင်ပဲ သောက်ချင်တာတဲ့။ ကိုယ်ကတော့ အပြင်းတွေပေါ့လေ။ သူက မိန်းကလေး ပီပီ ဝိုင်ဆို တော်ပြီ။ စနေညများဆို အစ်စ်ကုဒ်မှာ ဝိုင်တစ်ပုလင်း၊ ဘီယာတစ်ကဒ်၊ ချီးဗာ့စ် ၊ ဘလက်လေဘယ် တစ်လုံး၊ ဝေါ့မန်းလေး တစ်လုံး၊ ဂီတာပါရင် ဂီတာ၊ မြည်းစရာ အဆာပလာ၊ သတင်းစာ စက္ကူနဲ့ သွားလေ့ ရှိတယ်။ နောက်တော့ သူလဲ ရည်းစားတွေ ဘာတွေနဲ့ ဖြစ်လာတော့ ကိုယ်လဲ အနေအထိုင် ဆင်ခြင်လိုက်တယ်။ သူခေါ်တိုင်း သိပ်မသွားဖြစ်တော့ဘူး။ ခုတော့ သူအချိန်ပြည့် အွန်မလိုင်းနိုင်တဲ့ မြန်မာပြည်ကို သူ့အဖေ ကျန်းမာရေးကြောင့် ပြန်သွားလေရဲ့။ မေးလ်တွေကတော့ ပို့နေဆဲ။ သူငယ်ချင်းလေးကို လွမ်းလိုက်တာ။
  • မလေးရှားရောက်တုန်း medical checkup လုပ်လိုက်ရတယ်။ urgent လုပ်လိုက်ရပြီး ပင်လယ်ထဲ ဆင်းသွားတယ်။ ရင်းဂစ် ၂၅၀ ကုန်သွားတယ်။ ရီဆတ်ကို အပြန်မှ ဝင်ယူပါဆိုတော့ အပြန်ကျ ဝင်ယူတော့ ဆရာဝန်က ကိုယ်နဲ့ တွေ့ချင်လို့ပါတဲ့။ ဝင်တွေ့တော့ ဆရာဝန်က ကိုယ့်မျိုးရိုးထဲမှာ ဆီးချိုဖြစ်ဖူးသူ ရာဇဝင် ရှိမရှိ မေးတယ်။ ကိုယ့်ဘကြီးနဲ့ ကိုယ့်အစ်မ ဝမ်းကွဲ ဖြစ်ဖူးတယ်။ ဘာလို့လဲလို့ ဆရာ့ကို မေးတော့ သွေးစစ်ချက် အဖြေထဲမှာ သကြားဓါတ်ပါဝင်နှုန်းက မြင့်နေလို့တဲ့။ ၁၁.၉ something ရှိနေလို့တဲ့။ သာမာန် သကြားဓါတ် ပါဝင်နှုန်းသည် ၃ ကနေ ၆ ဆိုတဲ့ သတ်မှတ်ချက်အတွင်းမှာသာ ရှိပါသည်တဲ့။ ပိုသေချာအောင် သွေးထပ်ဖောက်စစ် ကြည့်ရမယ် ပြောတယ်။ ဖောက်ပြန်ပေဦးတော့။ နောက်ထပ် ၃၀ ရင်းဂစ် ပေးလိုက်ရတယ်။ အဖြေကို အီးမေးလ်ထဲ ပို့လာမယ်တဲ့။ စိတ်ညစ်လိုက်တာ။
  • ဆီးချို စစ်တာနဲ့ ပတ်သက်ပြီး ဆရာဝန်တစ်ယောက်က ကိုယ့်ကို ရှင်းပြဖူးတာ ရှိတယ်။ ဆေးမစစ်ခင် အနည်းဆုံး ၈ နာရီ အစာ ရှောင်ရမယ်။ နောက် သွေးဖောက်စစ်။ ဒါက ပုံမှန်စစ်တာ။ Accurate result ရချင်ရင်တော့ ၈ နာရီ အစာရှောင်ပြီးရင် ဆရာဝန်ကနေ သကြားဓါတ် 75 mg ပါတဲ့ အရည်တစ်ခွက် သောက်ခိုင်းမယ်။ ပြီးရင် သွေးဖောက်ယူမယ်။ နောက်တစ်နာရီခြားတစ်ခါ သွေးဖောက်ယူမယ်။ နှစ်နာရီလုပ်ရမယ်။ ဘယ်မှ မသွားပဲ ကိုယ်လက်လှုပ်ရှားမှု မလုပ်ရပဲ အနားယူနေရမယ်။ ဒါမှ တိကျတဲ့ အဖြေကို ရနိုင်မယ်တဲ့။ ဒီလို လုပ်တာကို Oral Tolerance Test ဆိုလားခေါ်ပါတယ်တဲ့.
  • လောလောဆယ်တော့ ဒီမှာ ကိုယ်သွားစစ်တာ နောက်ကျလို့ General Test လောက်ပဲ လုပ်ပေးလိုက်တယ်။ သွေးဖောက်လိုက်ပြီး သွေးကို Test Paper ပေါ် အစက်ချ၊ အဲဒါကိုမှ စက်ကလေး တစ်ခုထဲ ထည့်လိုက်၊ စက်က analysis လုပ်ပြီးရင် ဒိုင်ခွက်ပေါ်မှာ ဂဏန်းလေး ပြနေလိမ့်မယ်။ အဲဒါသည် ကိုယ့်ရဲ့ သွေးထဲ သကြားဓါတ်ပါဝင်နှုန်းကို ပြတာပဲ။ စနေနေ့က သွားလုပ်ခဲ့တယ်။ ၅.၄ တဲ့။ နောက်မှ Oral Tolerance Test ဆိုတာ သွားလုပ်တော့မယ်။
  • စနေညမှာ ရှမ်းတို့ ရိုးရာ တုတ်ဆူးပွဲအတွက် လိုက်သွားတယ်။ စုံစီနဖာ သွားလုပ်ပေးတာပါ။ ကိုယ်က အချိန်တိုင်း အားနေတာ မဟုတ်တော့ ဘယ်နေရာမှာမှ သတ်သတ်မှတ်မှတ် commit လုပ်ပြီး တာဝန်မယူပေးနိုင်ဘူးလေ။ ကိုယ်ရှိတဲ့ အချိန်နဲ့ အားနေတဲ့ အချိန်နဲ့ ကြုံနေရင် သွားကူလုပ်ပေးပါတယ်။ အခုတုတ်ဆူးပွဲမှာ တစ်အိမ်တက်ဆင်း အိမ်ရှင်တွေကို နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း သွားရောက်ဆုတောင်းပေးကြတဲ့ အခမ်းအနားလေးပေါ့။ အိမ်ရှင်က တစ်လှည့် တုတ်ဆူးလာတဲ့ သူတွေကို အစားအသောက်တွေနဲ့ ပြန်ဧည့်ခံကြတယ်။ အလှူငွေတွေ ထည့်လာကြတယ်။ အဲဒီအလှူငွေတွေကို ဒီက ရှမ်းဘုန်းကြီးတွေ ကျောင်းထိုင်နေတဲ့ OBVS ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ နဝကမ္မ အလှူငွေအနေနဲ့ ထည့်ဝင်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ စနေနေ့ညကတော့ ခွေးဗိုက်နမ်းတဲ့ ညပါပဲ။ ဖေ့ဘွတ်မှာ ဓါတ်ပုံတွေ တင်ထားတယ်။
  • ဖေဖော်ဝါရီလ ၇ ရက်နေ့ဟာ ရှမ်းအလံကို တရားဝင် အသိအမှတ်ပြုကြတဲ့ နေ့ရက်ဖြစ်သလို ရှမ်းပြည်နယ်နေ့လဲ ဖြစ်ပါတယ်။ ဝေးမြေရောက် စင်ကာပူက ရှမ်းမိသားစုများလဲ ရှမ်းမိသားစုဝင်အချင်းချင်း တွေ့ဆုံကြမယ့် အစီအစဉ်လေးကို လုပ်ထားကြပါတယ်။ အခုတစ်ပတ် လာမယ့် ဖေဖော်ဝါရီ ၆ ရက် စနေနေ့ကို East Coast မှာ တွေ့ဆုံပွဲလေး လုပ်ကြပါမယ်။ အစားအသောက်အနေနဲ့ကတော့ ကောက်ညင်းနဲ့ ရှမ်းရိုးရာ နမ့်ဖစ်ထောင်း ကျွေးမွေးပါမယ်။ စင်ကာပူရောက် ရှမ်းမိသားစုဝင်များ မိမိတို့ အပေါင်းအသင်း မိတ်ဆွေများနဲ့ လာရောက်ဆင်နွဲကြပါလို့ ဖိတ်မန္တက ပြုပါတယ်။ မိမိတို့ တစ်နိုင် အစားအသောက်တွေ ယူလာမယ်ဆိုရင်လည်း လက်ခံပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၅း၃၀ နာရီမှာအစီအစဉ် စတင်ပါမယ်။ ဂိမ်းတွေ ကစားမယ်။ သီချင်းတွေ ဆိုကြမယ်လို့ သိရပါတယ်။
  • ပြီးခဲ့တဲ့နှစ်က ကျင်းပဖြစ်ခဲ့တာလေးတွေ အောက်မှာ ပုံနဲ့ ပြထားတယ်။ စားစရာလေးများလဲ ပါသလို ဂိမ်းကစားတာလဲ ပါတာပေါ့။ နောက် သီချင်းလေးတွေ ဝိုင်းဖွဲ့ သီဆိုတာလဲ ပါတယ်။ ပျော်စရာလေးပဲ။






ကဲ ဘာရေးရမှန်း မသိလို့ စုံစီနဖာ ခေါင်းစဉ်တပ်ရေးပေးလိုက်တယ်။ ကျေနပ်ပါ မိငယ်။

Thursday, January 28, 2010

အဆင်မပြေခြင်းများ

တောရိပ်တောင်ရိပ်ပါသော နောက်ခံကားပေါ် မီးထိုးစေ။
ရုပ်ရှင် ရိုက်ကွင်းတစ်ခု၏ အပြင်အဆင်။
မိတ်ကပ်အဖွေးသားဖြင့် မင်းသား ရိုက်ကွင်းပေါ်တက်လာ။

ဒါရိုက်တာ (စိတ်ထဲတွေး)။ ။ လုပ်ချလာပြန်ပြီ။ သဘာဝ အတိုင်းလိုချင်ပါတယ်ဆို။
မင်းသား။ ။ ဗျို့... ဆက်တင်တွေကလဲ မလန်းပါလား။ နည်းနည်းမှောင်ပေးလိုက်ရင် ကောင်းမယ်။
ဒါရိုက်တာ။ ။ ဟုတ်ကဲ့ မင်းသား။ (နောက်ဘက်သို့လှည့်၍) ဟေ့ ဆလိုက်နှစ်လုံးလျှော့မယ်။
မီးသမား။ ။ ဗျာ ဆရာ။ ကြိုးသွယ်ထားတာ အားလုံးတစ်ဆက်တည်း ဖြစ်နေတယ်။ ဖြုတ်လို့ မရဘူး။ (ခုနက ငါ ၃ လုံးပဲ တပ်မယ်ဆိုတာကို ဆရာကြီး လာလုပ်ချင်သေးတယ်။)
ဒါရိုက်တာ။ ။ ဟာ မင်းအတော် ရှည်တဲ့ ကောင်ပဲ။ လျှော့ဆိုလျှော့ကွာ။ (ကတောက် မင်းသား နောက်ကျနေလို့ အလုပ်မဖြစ်ရတဲ့ ကြားထဲ)

မင်းသား။ ။ ကဲ ရိုက်မယ်။ ကျွန်တော် ၂ခန်းပဲ ရိုက်နိုင်မယ်။ တစ်ခြား ကူးစရာ ရှိသေးတယ်။ ဟိုမှာ မမ စောင့်နေတယ်ဗျ။ သူနဲ့ မရိုက်ဖြစ်ရင် ကျွန်တော် ကွဲမယ်။
ဒါရိုက်တာ။ ။ ဟုတ်ကဲ့ မင်းသားကိုပဲ ကျွန်တော်တို့ စောင့်နေတာ။ ကင်မရာမင်းတွေ အသင့်ပြင်မယ်။
ကင်မရာမင်း ၁ ။ ။ အသင့်ပဲ ဆရာ။
ကင်မရာမင်း ၂။ ။ ကျွန်တော့် ထရော်လီက ဂျမ်းဖြစ်နေတယ်။ ကောင်လေးတွန်းတာ ဟိုနားက မီးကြိုးတင်တဲ့ နေရာမှာ ထစ်နေတယ်။
ကင်မရာမင်း ၃။ ။ မင်းသားကို ကျွန်တော် ကလို့စ်အပ်ပ် ဆွဲတာ တစ်အားဖွေးနေတယ်။
ကင်မရာမင်း ၄။ ။ ဆရာ ကောင်းကင်ဆိုင်းကြိုးက မခိုင်ဘူး ထင်တယ် ဆရာ။

ဒါရိုက်တာ။ ။ (စိတ်ညစ်ညူးစွာဖြင့်) ဟာ ဘာလို့ ခုမှ လာပြောနေတာလဲ။ ခုနက စောစောစီးစီး ကြိုလုပ်ထားတာ မဟုတ်ဘူး။ စက်သမား ခင်ဗျားမီးကြိုးကို အပေါ်ကနေ ဆွဲလိုက်ဗျာ။ ကြိုးဆွဲ.. မင့်ကြိုးအသစ်လဲလိုက်။ ငါမနေ့က ဝယ်လာတာ ရှိတယ်။ (မင်းသားဖက်လှည့်၍) မင်းသား မိတ်ကပ် နည်းနည်း လျှော့ရင် ကောင်းမယ် ထင်တယ်။ မော်နီတာမှာ မင်းသား နည်းနည်း တောက်နေတယ်။
မင်းသား။ ။ ဟာ.. ကျွန်တော် သီချင်းဆိုစရာ ရှိသေးတယ်ဗျ။ နောက် ခင်ဗျား မိတ်ကပ်ဆရာ ဟိုကောင်နဲ့ ကျွန်တော် မပြင်ချင်ပါဘူး။ ကျွန်တော့် မိတ်ကပ်ဆရာပဲ ခေါ်လိုက်မယ်။ (ဆဲလ်ဖုန်း ထုတ်၍ပြော) သန္တာ ငါ့ဆီကို အခုလာ။ အရင်နေရာပဲ။ ဟိုကို နောက်မှပဲ သွားတော့။

အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံး။

မိတ်ကပ်အကုန်ပြင်ပြီး၊ ကြိုးပြင်တပ်ပြီး။

ဒါရိုက်တာ ။ ။ ကဲ အားလုံး အသင့်ဖြစ်ရင် ရိုက်မယ်။ ရယ်ဒီ ဝမ်းတူးသရီး။ Take 1, Scene 1
မင်းသား။ ။ ဟိုး ဟိုး.. ကျွန်တော့်ကို စကရစ်ပေးဦးလေ ဒါရိုက်တာရဲ့။
ဒါရိုက်တာ။ ။ မင်းသားကို ဟိုတစ်နေ့က ပေးထားတယ်လေ။ အဲဒါရဲ့ အဆက်ပဲ။
မင်းသား။ ။ အဲ.. (မလုံမလဲဖြင့်) ဘယ်နားထားမိမှန်း မသိဘူး။ တစ်စုံလောက် ပေးပါဦး။
ဒါရိုက်တာ။ ။ ဟင် ဒုက္ခပဲ။ ဒီအခန်းက မင်းသားအခန်းနော်။ မုဒ်အပြည့်နဲ့ ဝင်ရမှာ။
မင်းသား။ ။ အိုး.. ရတယ်။ ခဏလေး ကျက်လိုက်ရင် ရတယ်။ ကျွန်တော်တို့က လုပ်လာတာ ကြာပြီ။
ဒါရိုက်တာ။ ။ ဖြစ်ပါ့မလား မင်းသား။
မင်းသား။ ။ ဖြစ်တယ် ပေးမှာသာ ပေးစမ်းပါ။ ဟိုဘက်ကွင်း မကူးနိုင်ပဲ နေဦးမယ်။

ဒါရိုက်တာ။ ။ ကဲ... ကဲ မင်းသားကို တစ်စုံပေးလိုက်ဟေ့။ မြန်မြန်။
မင်းသား စာရွက်ကို ကိုင်၍ တစ်တွတ်တွတ် ကျက်။ (၁၀ မိနစ်ခန့်)

မင်းသား ။ ။ ကဲ ရပြီ။ စမယ်။
ဒါရိုက်တာ။ ။ (မယုံနိုင်သော မျက်နှာဖြင့်) မင်းသား ဒိုင်တွေက တစ်လုံးလွဲလို့ မရဘူးနော်။ နောက်ပြီး ဒီကောင်က ကလို့စ်အပ်ပ်
မင်းသား။ ။ (မျက်စိတစ်ဘက်မှိတ်လျက် လက်မထောင်ပြစေ) အိုကေပါ။

ဒါရိုက်တာ။ ။ ကဲ ရိုက်မယ်။ Take 2, Scene 1
........
.......
.......
ဒါရိုက်တာ။ ။ ကတ်.. ကတ်... မင်းသား စကားလုံးတွေ မှားနေတယ်။
မင်းသား။ ။ နောက်မှ ပြန်ဒပ်ပ် လုပ်လိုက်မယ်လေ။ အချိန်မရဘူး။
ဒါရိုက်တာ။ ။ လိုက်ဖ်သွင်းတာ ပိုကောင်းပါတယ်။ ပြန်ဒပ်ပ်မယ်ဆိုရင်လည်း စကားလုံးတွေ မှန်အောင် လစ်ပ်ဆင်းင် လုပ်နိုင်မှ ကောင်းတာပေါ့။
မင်းသား။ ။ ဟာဗျာ။ (စိတ်ရှုပ်သွားစေ။)
ဒါရိုက်တာ။ ။ ပြန်ရိုက်မယ်ဟေ့။ Take 2, Scene 1
.....
....
Take 4, Scene 1
Take 5, Scene 1
Take 6, Scene 1
Take 7, Scene 1

နေလုံးကြီး အနောက်ဂေါယာကျွန်းသို့ မေးတင်သွား........

ကဲကဲ.. တော်ပါပြီ။ ဖြတ်ညှပ်ဆက်ပဲ လုပ်တော့မယ်။ မင်းသားလဲ သွားစရာ ရှိသေးတယ်။ အားလုံး ပစ္စည်းသိမ်းမယ်ဟေ့။

ဒါရိုက်တာ မောမောနှင့် ဆေးပြင်းလိပ်ကို ခဲကာ အနားယူနေစေ...။ စက်အဖွဲ့ မီးအဖွဲ့များ ပစ္စည်းသိမ်းစေ။
ထိုစဉ် ကင်မရာမင်း ၁ မှ ဒါရိုက်တာ အနား မရဲတရဲ ချဉ်းကပ်လာစေ။
ကင်မရာမင်း ၁။ ။ ဆရာ.. ဆရာ ကျွန်တော့်ကို မဆူနဲ့နော်။
ဒါရိုက်တာ။ ။ ဘာလဲကွ။ ဒီနေ့အတွက် အလုပ်တွေ ပြီးသွားပြီလေ။ ဘာပြောစရာရှိလို့လဲ။ ဘာအမှား လုပ်လို့လဲ။
ကင်မရာမင်း ၁။ ။ အခု စက်သိမ်းတော့ ကျွန်တော့်ကင်မရာ စစ်ကြည့်တော့ ဖလင်မပါပဲ ရိုက်မိတယ် ဆရာ။
ဒါရိုက်တာ။ ။ ဟေ။ (လန့်ဖြတ်၍ ခေါက်ကုလားထိုင်တွင် ထိုင်ရက်မှ ကိုယ်မတ်လာစေ။)
ကင်မရာမင်း ၂။ ။ ဟာ ကျွန်တော့်ထဲမှာလဲ မထည့်လိုက်မိဘူး။
ကင်မရာမင်း ၃။ ။ ဟင် ကျွန်တော် မနေ့က သေချာထည့်ထားတာ အခုမရှိတော့ဘူး။
ကင်မရာမင်း ၄။ ။ ဟင် ကျွန်တော့်စက်ထဲလဲ မရှိဘူး။

ဒါရိုက်တာ။ ။ (အဆမတန် ပြူးထွက်နေသော မျက်လုံးဖြင့်အော် ပါးစပ်ဟောင်းလောင်း ဖြစ်စေ) ဟေ။

ပါးစောင်တွင်ခဲထားသော ဆေးလိပ် လုံချည်ပေါ် ကျသွားရာမှ မီးပေါက်စေ....။
အားးးးးးးးးးးးးးးးးးးးးး

ဤတွင် တစ်ခန်းရပ်

Thursday, November 19, 2009

၂၁၀၄ နှစ် ရှမ်းနှစ်သစ်ကူးပွဲတော်

မိုင်ဆွန်ပီမိုင်တိုင်းခါ့
ဟိုက်ယူလီ မီးငင်း

၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၁၀၄ နှစ် ရှမ်းနှစ်သစ်ကူးပွဲတော်နေ့ အခမ်းအနားက ပုံတွေ ဖြစ်ပါတယ်။

လှပတဲ့ ရှမ်းရိုးရာ သိုင်းကကွက် တစ်ကွက်ပါ။

ရှမ်းလုင်နဲ့ ရှမ်းမေပျိုတို့ရဲ့ ဓါးသိုင်းအက ဖြစ်ပါတယ်။


အိန္ဒိယနယ်စပ်တွင် နေထိုင်သော ရှမ်းမျိုးနွယ် အက

ထိုညကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သော အစီအစဉ်တင်ဆက်သူ။

Wednesday, November 18, 2009

တစ်ခုတည်း သိတယ်။



ပန်ချင်သူ မရှိလဲ အချိန်တန်ရင် ပန်းကတော့ ပွင့်နေမှာပဲ။
အချိန်ဆိုတာ မတည်ငြိမ်ခြင်း၊ နေရာဆိုတာ မတည်မြဲခြင်းလို့ ယူဆကြတယ်။
ပင်လယ် ဘယ်လောက် ကြီးကြီး၊ အိုင်ငယ် ဘယ်လောက်သေးသေး ရေ ရေကတော့ အတူ။

Lyrics Credit : စိုင်းခမ်းလိတ်

Tuesday, November 17, 2009

Happy Tai (Shan) New Year 2104


ဒီကနေ့ညဟာဖြင့် ကမ္ဘာအရပ်ရပ်က ရှမ်းတိုင်းရင်းသားများ အားလုံး ရှမ်းနှစ်သစ်ဖြစ်တဲ့ ၂၁၀၄ ခုနှစ်ကို ကြိုဆိုကြတဲ့ အခါသမယ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့ကို ကူးပြောင်းသွားရင်း ရှမ်းနှစ်သစ် ဖြစ်တဲ့ ၂၁၀၄ နှစ်ထဲကို ချဉ်းနင်း ဝင်ရောက်သွားပါပြီ။

မွေးမြေ တောင်ပေါ်မှာတော့ နှစ်သစ်ကူးပွဲတော် ကြိုဆိုတဲ့ ည ကို ခြိမ့်ခြိမ့်သဲ ကြိုနေလောက်ရောပေါ့။

မွေးချင်းညီအစ်ကို ရှမ်းမောင်နှမများအားလုံး...

"Mai Soong Kha"

Monday, October 19, 2009

Lost & Found

မခိုင်သင်းသင်း ပိုင်ဆိုင်သော
၁။ POSB Bank Card
၂။ S-Pass Card
ကောက်ရထားပါသည်။

ပိုင်ရှင်ဖြစ်ကြောင်း အထောက်အထား (ပါတ်စ်ပို့တ်၊ ကျောင်းသားကဒ် အစရှိသည်) နှင့် အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်၍ သွားရောက်ထုတ်ယူနိုင်ပါသည်။
မိုဘိုင်း - ၈၃၅၀ ၄၉၅၈

(ကောက်ရသူအား မုန့်ကျွေးပါလေ။ ဘလော့ပိုင်ရှင်ကို ကျွေးချင်သည် ဆိုပါက လူ့ကျင့်ဝတ်နီတိအရ ဖိတ်ခေါ်ချက်ကို မငြင်းဆန်သင့်သဖြင့် အားနာစွာ လိုက်လျောပါမည်။)