Showing posts with label Food. Show all posts
Showing posts with label Food. Show all posts

Monday, July 18, 2011

P for Pork : ဝက်သားတုတ်ထိုး

မြန်ကောင်းသက်သာလွယ်ကူ အိမ်လုပ် ဝက်သားတုတ်ထိုး။



ပါဝင်ပစ္စည်းများ။
၁။ သုံးထပ်သား။
၂။ လျှာ။

၃။ အူနု။
၎။ အူချို။
၅။ အသည်း။
၆။ ဂျင်း (လက်နှစ်ဆစ်။)
၇။ ပါကော်ရှားကော ၃-၄ပွင့်ခန့်။
၈။ သကြား။ (လက်ဘက်ရည်ဇွန်းကြီး ၃ဇွန်းခန့်) 
၉။ ဆား (အနေတော်)
၁၀။ အချိုမှုန့် (အနေတော်။)
၁၁။ ကြက်သွန်ဖြူ (ခပ်စိပ်စိပ်လေး)
၁၂။ ငရုတ်သီး နီ/စိမ်း (ခပ်စိပ်စိပ် စိပ်ပေးပါ။)
၁၃။ Sin Sin တံဆိပ် ငရုတ်ဆီ။
၁၄။ ထန်းလျက် (၃-၄ ခဲ။)

ထန်းလျက်ကို ကျိုပေးပါ။ ပွက်ပွက်ဆူလာရင် မီးဖိုပေါ်က ချလို့ရပါပြီ။


ထန်းလျက် ကျိုနေတုန်း ....
အူချိုကို အဝနှစ်ဖက်စလုံး နှီးနဲ့ချည်ပေးပါ။ 
အပြင်ပိုင်းပဲ ဆန်ဆေးရည်နဲ့ သေချာဆေးရင် ရပါတယ်။
အူနု/မကြီး ကို ဆန်ဆေးရည်နဲ့ သေချာဆေးပါ။ 
အတွင်းအပြင်လှန်လိုက်ပြီး သံပုရာသီးနဲ့ ညစ်ပွတ်ပေးပါ။
အသည်း၊ လျှာကိုတော့ အနေတော် အတုံးကြီးတွေ ဖြစ်အောင် လှီးပြီးရေစင်စင်ဆေးပါ။
သုံးထပ်သား သိပ်မပါးပါစေနဲ့။
ဂျင်းကို ခပ်ပါးပါးလေး လှီးပေးပါ။



အိုးထဲကို  ရေထည့်ပါ။
ကြာညို့လောင်းထည့်ပါ။ 
ဂျင်းကို ထည့်ပါ။
သကြားထည့်ပါ။
ပါကော်ရှားကော ထည့်ပါ။
ဆားအချိုမှုန့် ကြိုက်သလောက် ထည်ပါ့။
ကလီစာတွေ အသားတွေ ထည့်ပေးပါ။ 
ရေကို ကလီစာတွေ မြုပ်ရုံထည့်ပေးပါ။
နောက် အိုးကို မီးဖိုပေါ်တင်လိုက်ပါ။
မီးအနေတော်လေးနဲ့ ပြုတ်ပေးပါ။ (လျှာတို့ နားရွက်တို့ သေချာကျက်အောင်ပါ။)
နူးမနူး တူလေးနဲ့ အသာထိုးကြည့်ပါ။ 
လက်ညိုးနဲ့ ဖျစ်ရင် လက်ပူလောင်မှာပေါ့....။ 
နားရွက်က နူးလွန်းရင် အပြင်နားက အရည်ခွံပုံပျက်တတ်လို့ အနူးမလွန်ပါစေနဲ့၊


အချဉ်အတွက်ကတော့..... 
ကြက်သွန်ဖြူကို စိပ်စိပ်လေး စိပ်ပေးပါ။
ငရုတ်သီးတောင့်တွေလဲ ထိုနည်းလည်းကောင်းပဲ စိပ်ပေးပါ။
ထန်းလျက်ကျိုတာ အရည်ကျလာပြီဆို ငရုတ်ဆီနဲ့ ကြက်သွန်ဖြူစိပ်၊ ငရုတ်သီးစိပ်တွေနဲ့ ရောပေးပါ။
သံပရာညစ်ပေးပါ။ အရသာ ကိုယ်လိုသလို ချိန်ပေးပေါ့။ 







ကျွန်တော်တော့ နည်းနည်း ခပ်ချဉ်ချဉ်လုပ်ပေးတယ်။ 
တုတ်ထိုးက အီတတ်လို့။

ပြင်တာ ဆေးတာ ခုတ်ထစ်တာ နာရီဝက်ပဲ ကြာတယ်။
ပြုတ်တာတော့ နည်းနည်းကြာတယ်။ ကျွန်တော် ၁ နာရီခွဲလောက် ထားလိုက်တယ်။
နေသာလို့ လုပ်ဖြစ်သွားတာလေးပေါ့။


စာကြွင်း။ ။ ယုံလားတော့ မသိဘူး။ တုတ်ထိုး မစားဖြစ်တာ နှစ်နှစ်ပြည့်တော့မယ်။

Thursday, April 8, 2010

Shan Foods

ထိုဟူးကြော်များကို ပြန်သုပ်ပေးနေသော အဒေါ်ကြီး။ အင်တာနက်ပေါ် တင်မလို့ ဆိုတာနဲ့ တစ်ပွဲတိတိ အလကား ပေးစားတယ်။ ပိုက်ဆံပေးတာ မယူ။ (ဒါတောင် သူများတွေလို ဒီအက်စ်လယ်အာတွေ မပါသေး။ ဆိုနီ ကင်မလာဖုန်းနဲ့ပဲ ရိုက်ထားတာ။)



ဒီနှစ်မှ ပေါ်လာတဲ့ စားစရာ တစ်မျိုးပါ။ ဘာကောင်လဲတော့ မသိဘူး။ အရသာက ပုဇွန်ခြောက်လိုပဲ။ ကောင်းတယ်။


ဒီဝက်အူချောင်းကတော့ ထမင်းလွတ် စားလိုက်တဲ့ ဝက်အူချောင်း ။ အစိတ်သားလောက်ကို တစ်ထိုင်တည်း စားလိုက်တာ။ ထပ်စားချင်သေးတယ်။ (သူများတွေလို သုံးလေးရက် ကြာမှ စင်ကာပူ ရောက်မှ ပြန်ကြော်တာကို ရိုက်ပြ စားပြတာ မဟုတ်။ ဈေးထဲက လတ်လတ်ဆတ်ဆတ် ဝယ်လာတဲ့ ဟာကို စားတာ။ ပူပူလေး ...။ ရှလွတ်)


မှတ်ချက်။ တီဇက်အေနှင့် ပုံအပြိုင်တင်နေသည်ဟု အမြင်မရောက်စေလို။

ပုံ/ TZA မပါလျင် ခေတ်မမှီဟု အပြောမခံနိုင်သူ တစ်ဦး။

နောက်အများကြီးလာမည်။ မကြာမှီ လာမည်မျှော့......။

Sunday, October 18, 2009

"B" for Beach a.k.a ဝက်သားတုတ်ထိုး ပါတီ

စနေနေ့ညက သူငယ်ချင်း တစ်ယောက်က အပေါင်းအဖော်များနဲ့ စုံစုံလင်လင် တွေ့ချင်တယ်ဆိုလို့ Sembawang Park ကို တွေ့ဖို့ သွားကြပါတယ်။ အတီးအဆိုမပါပဲ. သူငယ်ချင်းများနဲ့ အစားသောက်များသာ သက်သက် ပါတဲ့ ပွဲလေး တစ်ပွဲပါ။ အဲဒီချိန်းဆိုထားတဲ့ နေရာကို မသွားခင်မှာ တစ်ယောက်က မှာလို့ လာဗဲန်းဒါး နားက ဂိုးဒန်းမိုင်းက ယိုးဒယား စားသောက်ဆိုင်မှာ ကြက်အရေခွံကြော် ဝင်ဝယ်ပါတယ်။ နောက် အဲဒီကနေ တစ်ဆင့်ဆမ်ဘားဝမ်ကို အမ်အာတီနဲ့ ဒိုးပါတယ်။ ဆမ်ဘားဝမ် အမ်အာတီ ရောက်တော့ တက်စီနဲ့ ထပ်သွားပါတယ်။ ဘတ်စ်ကားတွေ သွားတာ ရှိပါတယ်။ နောက်ကျနေလို့ တက်က်စီနဲ့ သွားတာပါ။ ဟိုရောက်တော့ လူတော်တော်စုံပြီး တော်တော်လေးလဲ ခရီးရောက်နေကြပါပြီ။ ကိုယ်လဲ အမှီလိုက်မယ်လဲ ကျန်ရော.. လမ်းဆုံးဘူတာ ဆိုက်ပါပြီတဲ့။ ဟတ်ကော့ကြီး ကျန်ခဲ့တယ်။ ဒါနဲ့ ကျန်တဲ့ အစားဘက်ကို လှည့်ကြတာပေါ့။ ကြာဇံကြော်နဲ့ ဝက်သားတုတ်ထိုးတဲ့။ ဝက်သားတုတ်ထိုးကတော့ အိုးသူကြီး စပါယ်ရှယ်လစ်စ် ကယ်လ်ဗင် လုပ်လာတာလေ။ ဒီညတော့ ကြာဇံကြော်ည မဟုတ်ပဲ ဝက်သားတုတ်ထိုးည ဖြစ်သွားခဲ့တယ်။ အချင်း၊ အူတိုင်၊ နားရွက်၊ အစာအိမ်၊ လျှာ၊ မျက်လုံး စသဖြင့် အင်္ဂါရပ်များ စုံလင်စွာပါဝင်တဲ့ ဝက်သား တုတ်ထိုးပါ။ အချဉ်ကလဲ ကိုယ်တိုင် လုပ်လာတဲ့ အတွက် ဝမ်းတော်လားမှာကို စိုးရိမ်စရာ မလိုပါ။ အချိုတည်းဖို့ကတော့ ဖရဲသီးတွေ ပါတယ်။
အချုပ်ဆိုရရင်တော့ ဗော့ဒ်ဂါကို ဆန်းကစ်နဲ့ ရောလိုက်တဲ့ ညလေး တစ်ညပေါ့လေ။

ဒီလိုညလေး ပြန်ကြုံချင်သေးတယ်။ ကျေးဇူး ကိုဟိုးမား

မုဒိတာပွားလို့ရအောင် ဖုန်းကင်မရာလေးနဲ့ ရိုက်လာတဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ဝါးတား မှုန်တုန် မကြည်လင် မပြတ်သားမှုများကို ဖယ်ပြီး ကြည့်လိုက်ရင် ဝက်သားတုတ်ထိုးဆိုတာ တွေ့ပါလိမ့်မယ်။

သိပ်တောင် မကျန်ချင်တော့ဘူး။ ရောက်တာ နောက်ကျသွားလို့...။ ဒါပေမယ့် အစုံတော့ စားရသေးတယ်။ မျက်လုံးက ဘယ်သူ စားသွားလဲ မသိဘူး။

ဒီဗန်းထဲက အူတိုင်တွေ အချင်းတွေ ကြက်ဥတွေနဲ့ပဲ ကျန်တော့တယ်။ လျှာက သတ်သတ်ဖွက်ထားတယ် ထင်တယ်။ ဘယ်ရောက်သွားပါလိမ့်။ ခုနက စားနေတုန်း....။

ဖရဲသီးလေးတွေ စားပါဦး။ ဆန်းကစ်ခွက်က အထဲမှာ ဆန်းကစ်ယောင်ဆောင်တဲ့ ဗော်ဒကာ ပါတယ်။

ကိုယ်ကြိုက်တဲ့ Angle ကနေ ကြည့်ချင်ရင် ကြည့်နိုင်အောင် Direct cut အနေနဲ့ ရှုထောင့်စုံစုံကနေ တင်ပြလိုက်ပါတယ်။
အလင်းများသွားလို့ နည်းနည်း ရောင်ပြန် များသွားတယ်။

"B" for Barbecue

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အသံမှာ စိုးစံတဲ့။
ငယ်ငယ်က ကြော်ငြာ ဖတ်ဖူးတာ။ စိုးစံတေးသံသွင်း ကြော်ငြာလေ....။
နောက်တော့ တစ်မျိုး ထပ်တိုးလာတယ်။ အရွက်မှာ လက်ဖက်ဆိုပြီး လက်ဖက်ခြောက်ရောင်းတဲ့ သူတွေ ကြော်ငြာ ပြန်ရော။

ဒီစလုံးကျွန်းရောက်ကတည်းက ဘာဘီကျူး ကောင်းကောင်းမစားရဘူး။ Seoul Garden, Han River တွေမှာ စားပြန်တော့လဲ ကိုယ်ကြိုက်တဲ့ ဝက်သားက မပါပြန်ဘူး။ ကိုယ်တိုင်လုပ်မှ စားရမဲ့ ဝက်သားကင်ပါလားလို့ သူငယ်ချင်းတစ်ယောက်ကို ညည်းပြတော့ သူက ဘူးဂစ်စ်ဆိုတဲ့ အရပ်မှာ ရှိတယ်တဲ့။ အဲဒါနဲ့ သူခေါ်ရာ လိုက်သွားတာနဲ့ စားဖြစ်လာတဲ့ပုံတွေ ပြန်တင်ပေးတာ။ ဆိုင် ဘူးဂစ်ဂျန်းရှင်း အနောက်ဘက်က လမ်းသွယ်လေးထဲမှာ။ Beach Hotel နားက Beach Road ပေါ်မှာ ရှိတယ်။ ဘူဖေးဘာဘီကျူး တစ်ယောက် ၁၈ ကျပ်တဲ့။ ကောင်းတယ်။ အစုံပဲ။ အရသာထဲမှာ ဆိုးလ်ဂါးဒန်းက အကောင်းဆုံးပဲ။

လမ်းညွှန်ပေးရမယ်ဆိုရင်တော့ ပထမ ဘူးဂစ်ဘူတာမှာ ဆင်းပါ။ ညာဘက်ကနေ ထွက်လိုက်ပါ။ ဘူးဂစ်ဂျန်းရှင်းကုန်တိုက်ကို တက်သွားပါ။ ရုပ်ရှင်ရုံ ရှိတဲ့ဘက် ရောက်ရင် ညာဘက် ကွေ့ပြီး ကုန်တိုက် အပြင်ကိုထွက်လိုက်ပါ။ အောက်က ကာရာအိုကေဆိုင်ကို တွေ့ရင် အသင် လမ်းမှန်ပေါ်ကို ရောက်နေပါပြီ။

ဒါဆိုရင် အဲဒီဘေးက လမ်းသွယ်လေးကို လမ်းသွယ် (၁)လို့ သတ်မှတ်ကြစို့။ လမ်းသွယ် (၁)ထဲကို ဝင်နေပြီလား...။ ဟိုးထား....။ အဲဒီလမ်းမဟုတ်ဘူး...။ ညာဘက်ကို ဆက်လျှောက်မယ်။ လမ်းသွယ် (၂) ကို ရောက်မယ်။ ဒါဆို အဲဒီ လမ်းထဲ ချိုးလိုက်ပါ။ လမ်းသွယ်လေးအတိုင်း ကမ်းနားဘက်ကို တည့်တည့် လျှောက်လာပါ။ အောက်က ဆိုင်လေးက လမ်းရဲ့ အဆုံး ဘယ်ဘက်ထောင့်မှာ ရှိပါတယ်။ ကျူဝင်စီနေလိုက်ပါ။

ကဲ.. အပြောလေးတွေ လျှော့ပြီး အလုပ်တွေနဲ့ သက်သေပြမယ်။ ရှိသမျှ အသားတွေ အကုန် သယ်လာခဲ့တယ်။ ဝက်၊ အမဲ၊ ဆိတ်၊ ကလီစာ၊ ခရု၊ ဂုံး၊ ကမာ၊ ပုဇွန် ကိုယ်ကြိုက်တာ ယူကင်စားပေတော့ကွယ်။ Happy Deepavali...





ဓါတ်ပုံတွေက ဆိုနီဖုန်းကင်မရာလေးနဲ့ ရိုက်တာမို့ ကြည်လင်ပြတ်သားမှု မရှိက ခွင့်လွှတ်ပါရန်။


ခေါင်းစဉ်ကတော့ မောင်တီဇက်အေဆီက စတိုင်ခိုးချတာ။ သူက "C"တွေနဲ့ ဓါတ်ကျနေတယ်။ ကိုယ်က Boyz ဆိုတော့ B နဲ့ ဈေးဦးဖောက်လိုက်တယ်။ အေးရော။


Update
: How to get there

1. First Go to Bugsin Junction. (Point A) 2. From Victoria Street, turn to right go to North Bridge Street.
3. Go along the North Bridge, you will find the first lane "Tan Quee Lan Street". Karaoke building is at that corner.
4. Do not turn to that lane and walk until you see the Liang Seah Street.
5. ok. now you turn into the lane called Liang Seah Street. Walk until the end of the road.
6. You will find that shop at the corner. Shop name written only in chinese character.


(Pictur attached)

Saturday, October 17, 2009

ကြက်သား ထောပတ်ထမင်း

ဒီမနက် ကြက်သား ထောပတ်ထမင်း စားဖြစ်တယ်။ မစားဖြစ်တာ ကြာလို့လား မသိဘူး။ စားကောင်းကောင်းနဲ့ စားလိုက်တာ နှစ်ပန်းကန်တောင် ကုန်တယ်...။ လောလောဆယ် ဗိုက်ကြီးက တင်းကားနေတော့ အိပ်ချင်နေတယ်။

ကြက်သားကို ရှယ်နူးနေအောင် ချက်ထားတယ်။ အနှစ်များများ ပါတယ်။


ထောပတ်ထမင်းက ဆန်ခြင်ထည့်တာ နည်းနည်းများသွားလို့ မနပ်တာနဲ့ နှစ်အိုးခွဲထည့်လိုက်တယ်။ ဖာလာစေ့တွေ ၊ အမွှေးအကြိုင်တွေ၊ အခေါက်တွေ၊ သပျစ်သီး ခြောက်တွေ ပါတယ်။ ကြက်သွန်ဥ ဥသေးလေးတွေ အလုံးလိုက် မြုပ်ပြီး ချက်တယ်။



ကြက်ခြေထောက်နဲ့ ရင်ပုံနားက အရိုးကိုကျတော့ ခုတ်ထစ်ပြီး ဟင်းရည်လုပ်လိုက်တယ်။



အအီပြေ သရက်သီးသနပ်လေး ရှိတယ်။ ကြက်သွန်နီကို အချဉ်ရည်ဆမ်းပြီး ငြုပ်သီး ပါးပါးလှီးထည့်ထားတဲ့ အချဉ်လဲ ရှိတယ်။
လောလောဆယ်တော့ ကမ္ဘ့ာအလေးဆုံး အရာကို ထမ်းထားရတယ်။

Friday, October 9, 2009

မြိန်ရာ ဟင်းကောင်း

စနေနေ့ညက ပူလာအူပင်ကျွန်းကို ရောက်ခဲ့တယ်။ နောက်တစ်ရက်မှာ ပြန်လာတယ်။ မပြန်ခင်မှာ တစ်မနက်လုံး ကျွန်းအနှံ့ စက်ဘီးစီးတယ်။ နေ့လည်ခင်း မောတော့ လှေဆိပ်ကို ပြန်တယ်။ ထမင်းဝင်စားကြတယ်။ အရင်ဆုံးရောက်လာတဲ့ ဟင်း၂ မျိုးကို ဆာဆာနဲ့ စားကြတာ ထမင်း ၃ပွဲ လိုက်ပွဲယူဖြစ်တယ်။


DSC02396

ကန်စွန်းရွက်ကြော်ပါပဲ။ ပဲငပိစပ်စပ်လေးကို ဘာလချောင်နဲ့ ချက်ထားတာ။

DSC02395


ပုဇွန်တင်ပူရာ။ ကွေကာအုတ်ကြော်ကို ဖြူးထားတယ်။

Monday, August 31, 2009

As Usual

မနက်တိုင်း မငြီးမငွေ့စားဖြစ်နေတဲ့ ဝက်နံရိုးခေါက်ဆွဲ။

စားဖန်များတော့ ဆိုင်ရှင်က ကိုယ်လာရင် ထိုင်ပဲ စောင့်နေခိုင်းတော့တယ်။ သူ့ဟာသူ ပြင်ပြီး လာပို့ပေးတယ်။ တစ်ခြားရွေးချယ်စရာကလဲ ဝေးတော့ မသွားဖြစ်။ နီးနီးနားနား ဒီဆိုင်ကပဲ စားဖြစ်နေတယ်။

Sunday, August 9, 2009

အတိတ်ကို ပြန်လှန်ခြင်း (2)။

အတိတ်ကို ပြန်လှန်ခြင်း ဒုတိယပိုင်းအနေနဲ့ ဆက်ရရင် ဟိုအရှေ့က ခေါက်မောက် ဆိုတာလေးကို ဆက်ရမှာပါ့။ ခေါက်မောက်ဆိုတာ ကောက်သစ် ပေါ်တဲ့အချိန်မှာ ရတတ်တဲ့ ပေါ်ဦးပေါ်ဖျား ရာသီစာလေးပါ။ ကောက်သစ်ကို သေချာချက်ထားတဲ့ ကောက်ညှင်းမွှေးတစ်မျိုးပါ။ အနံ့လေးက သင်းသင်းလေးနဲ့ သူ့ချည်းသာ သက်သက် စားမယ်ဆို စားနိုင်တဲ့ ရာသီစာ တစ်မျိုးပေါ့။ တစ်ချို့ကတော့ ကွန့်ပြီး အုန်းဆံနုနုလေးနဲ့ ဖြူးစားကြတယ်။ တစ်ချို့ကတော့ သကြားဖြူးစားကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စားလို့ ကောင်းတာတော့ အမှန်ပဲ။ တစ်ချို့များကျတော့ အုန်းနို့ကထိနဲ့ နယ်ဖတ်ပြီးစားကြတယ်။ ရှမ်းပြည်မှာသာ ရနိုင်တဲ့ Exclusive Traditional Food တစ်မျိုးပေါ့။

ဆောင်းရာသီစာ နောက်ထပ်တစ်မျိုးကို မိတ်ဆက်ပေးရမယ်ဆိုရင်ဖြင့် ခေါက်လောက်လို့ ခေါ်တဲ့ ကစော်တစ်မျိုးကို ပြရမှာပါပဲ။ “ခေါက်” ဆိုတာ ထမင်း “လောက်” ဆိုတာ အရက်... တိုက်ရိုက်ဘာသာပြန်ရင် အရက်ထမင်းလို့ အချိုးမကျ အဆီအငေါ်မတည့်တဲ့ ဝေါဟာရကို ရမှာ ဖြစ်ပေမယ့် တစ်ကယ်ကတော့ သူက အရက် တစ်မျိုးပါပဲ။ သိကြတဲ့ အတိုင်း ရှမ်းပြည်က ဆောင်းရာသီမှာ အလွန်အေးချမ်းလေတော့ အအေးဒဏ်ကို ကာကွယ်ဖို့ လူတွေက တစ်နည်းတစ်ဖုံ အန်တုကြတာလို့ သဘောပေါက်ရင် ခေါက်လောက်ဟာ ဘာ့ကြောင့် ဆောင်းရာသီစာ ဖြစ်တယ်ဆိုတာ ခွင့်လွှတ်နားလည် သဘောပေါက် ကြပါလိမ့်မယ်။ ခေါက်လောက်ဆိုတာ ထမင်းကို အချဉ်ဖေါက်ထားတဲ့ ကစော်တစ်မျိုးပါ။ နောက်ထပ်ရက်နည်းနည်းလောက် ထားလိုက်ရင် အရက်အာနိသင် ရနိုင်ပါတယ်။ ဒါပေမယ့် ရှမ်းပြည်မှာ ကစော်ကို အရက်အဆင့်ထိ မထားပဲ ခေါက်လောက် အဆင့်ရတာနဲ့ ဈေးထဲမှာ လာရောင်းကြပါတယ်။ မြေအိုးခပ်ရွယ်ရွယ်ထဲမှာ ကစော်ကို ဖေါက်ထားတာပါ။ ဈေးမှာ လာရောင်းတော့လဲ အဲဒီ မြေအိုးအတိုင်း သယ်လာရောင်းကြတယ်။ အဖိုးကြီး အဖွားကြီးများက မက်မက်စက်စက် သုံးဆောင်ကြတဲ့ ရိုးရာ အချမ်းပြေ ရာသီစာ ဖြစ်ပါတယ်။ အရက်လိုပဲ သုံးဆောင်လိုက်ရင် လူတစ်ကိုယ်လုံး နွေးထေံးသွားပါတယ်။ သူ့ကို ဒီအတိုင်း သောက်ရင် ခါးလို့ မြေအိုးထဲမှာ သကြား ထည့်ဖျော်ထားပါတယ်။ ကလေးတွေ အကြိုက်ပေါ့။ ငယ်ငယ်က အဲဒီ ခေါက်လောက်ဆိုတာကို ကြိုက်တတ်လွန်းလို့ ခဏခဏ သွားသွားသောက်မိပါတယ်။ (အဲဒါကြောင့်လား မသိ.. ခုကြီးလာတော့ ယမကာ လုင် ဖြစ်နေတာ)

အဲဒီ ခေါက်လောက်ကို ကိုယ်ဝန်ဆောင် မိခင်များလဲ အချမ်းပြေ သောက်သုံးကြတယ်။ ခေါက်လောက်ကို ပြုတ်ပြီး ကြက်ဥခေါက်ထည့်တာပေါ့။ အားလဲရှိ အချမ်းလဲပြေတဲ့ ရိုးရာ တိုင်းရင်းဆေး တစ်မျိုးပါ။ မောင်သိန်းအောင်တို့များ ဒီပုံတော့ ရိုက်မလာဘူး...။

နောက်ရိုးရာ အစားအစာ တစ်မျိုးကို ထပ်မိတ်ဆက်ရရင် ကျော်စံကေးခြောက်လေး ဖြစ်ပါတယ်။ ခြေတံရှည် ဖားကောင်လေးများကို အခြောက်လှမ်းထားတဲ့ စားစရာ ဖြစ်ပါတယ်။ တစ်စည်းကို ကျော်စံကေးခြောက် ၁၂ ကောင်လောက် ပါတတ်တဲ့ အစည်းတစ်စည်းကို ၁၀ ကျပ်လောက် ပေးရပါတယ်။ (၁၉၉၄ ဈေးနှုန်း) အဲဒီ ကျော်စံကေးကို ဆီပူထဲမှာ ကြွပ်နေအောင် လိမ့်ပြီး ဆားလေး ဖြူးလိုက်ရင် ဟင်းတစ်မယ် ရပါတယ်။ တစ်ချို့လဲ အခါးရည်နဲ့ မြည်းကြတာပေါ့။ အရသာလား...။ ဘယ်လို အရသာနဲ့ နှိုင်းရမလဲဆိုတာ မပြောတတ်ဘူးရယ်။

ခေါက်ဖင်းဆိုတာလေ သိကြလား မသိဘူး။ ခေါက်ဖင်းဆိုတာ ထိုဟူးနွေးကို အခဲလေး ဖြစ်အောင် လုပ်ထားတဲ့ စားစရာကို ပြောတာ။ ခေါက်ဖင်း အမျိုးမျိုး ရှိတယ်။ မြေပဲနဲ့ လုပ်ထားတဲ့ ခေါက်ဖင်းကို ခေါင်ဖင်းထိုလင် (အညိုရောင် ရှိ) လို့ခေါ်တယ်။ မတ်ပဲ၊ ကုလားပဲနဲ့ လုပ်ထားတာကျတော့ ခေါက်ဖင်းထို (အဝါရောင် ရှိ) လို့ခေါ်တယ်။ ဆန်မှုန့်နဲ့ လုပ်တဲ့ ခေါက်ဖင်းကိုတော့ ခေါက်ဖင်းခေါင်လို့ ခေါ်တယ်။ (အဖြူနဲ့ အဝါကြား အရောင်အဆင်းရှိ)။ အများဆုံး စားဖြစ်တာကတော့ ခေါက်ဖင်းခေါင်ပဲ။ နေ့လည်နေ့ခင်း တစ်ရေးတစ်မော အိပ်ရာကနေ နိုးလာတဲ့ အခါ ခေါက်ဖင်းခေါင်ကို ခရမ်းချဉ်သီးရည် ချဉ်ချဉ်နဲ့ ငြုပ်သီးစပ်စပ်နဲ့ စားရတဲ့ အရသာကို ကျိုင်းတုံသူ/သားများ မေ့နိုင်မယ် မထင်ပါ။ ခေါက်ဖင်းထိုလင်ကတော့ ဆားနည်းနည်း ထည့်ထားတယ်။ သူလဲ ကြံသကာရည်ဖြစ်ဖြစ်၊ ခရမ်းချဉ်သီးရည်ဖြစ်ဖြစ် ဆမ်းစားရတာပဲ။

(ဒီအပေါ် က ပုံက ခေါက်ဖင်းထိုလင် ဖြစ်ပါတယ်။ မောင်တီဇက်အေဆီက ခွင့်မတောင်းပဲ ယူလာတာပါ။ ဘာဖြစ်လဲ.. ဘာဖြစ်လဲ...။)

ခေါက်ဖင်းထိုကျတော့ ထိုဟူးနွေး ဖြစ်နေတဲ့ အရည်ပျစ်ခဲခဲကို ဗန်းထဲထည့် အအေးခံထားတဲ့ ဟာပေါ့။ သူ့ကျတော့ ကြော်လိုက်ရင် နှစ်ပြန်ကြော်လို့ တောင်ကြီးမှာ ခေါ်တဲ့ စားစရာ ဖြစ်သွားတယ်။ မကြော်ပဲ ခဲနေတဲ့ဟာကို ဒီအတိုင်း အချဉ်ရည် တစ်ခုခုနဲ့ တွဲစားကြတယ်။ ကျိုင်းတုံမှာ နာမည်ကြီးတဲ့ နှစ်ပြန်ကြော်ကတော့ အရင် ကျိုင်းတုံ ရုပ်ရှင်ရုံဘေးနားမှာ ရောင်းတဲ့ ကုလားကြီး နှစ်ပြန်ကြော်ပဲ။ ငယ်ငယ်ကတည်းက အဲဒီနေရာမှာ ကုလားကြီး ရောင်းနေတာ တွေ့ရတယ်။ အခုထိလဲ အဲဒီကုလားကြီး ရောင်းနေတာပဲ။ ဒယ်အိုးကြီးကြီးနဲ့ ကြော်ရောင်းတာ။ အဲဒီ ကုလားကြီးဆို ရှမ်းကမ္မဝါစာ ဖတ်ရမလား ထင်ရလောက်အောင် ရှမ်းစကားကို ရှမ်းတွေထက် ထုံးလိုချေ၊ ရေလိုနှောက် ကျွမ်းကျင်တာကလား...။

ဆက်ရန်...။

Thursday, August 6, 2009

အတိတ်ကို ပြန်လှန်ခြင်း။

ဤပို့စ်သည် ဆားချက်သော ပို့စ်ဖြစ်၏။ ဖတ်ပြီးသူများ အတွက် အဟောင်း ဖြစ်သော်လည်း မဖတ်ရသေးသူ များအတွက် အသစ်ပင်တည်း။ ဖတ်ပြီးပါကလဲ တစ်ဖန်ပြန်လည် ဖတ်ရှုကာ မရှင်းသည့် အချက်များ အပြန်ပြန် အလှန်လှန် မေးမြန်းနိုင်ပါကြောင်း...။
(တစ်ကယ်က ဆားဖြူးတာပါ။ စကားလုံးကြီးကြီး သုံးလိုက်တော့ လူရှိန်တာပ။)

ပုဇွန်တောင် ဗိုလ်ချုပ်လမ်းဆုံးက မာလာဟင်းနဲ့ အကင်တွေ စားချင်လိုက်တာ ဘန်ကောက်က မူကထ စားချင်လိုက်တာ တင်လိုက်တာနဲ့ ချက်ချင်းတက်တယ်။ မြန်မာပြည် ကော်နက်ရှင်ထက် နှာတစ်ဖျားလေးတာ့ သာသွားပြီပေါ့ကွယ်။ လူမရှိတဲ့ ဒီနေ့ကျမှ ကော်နက်ရှင်တွေက ဇွတ်ကောင်းနေတယ်။ ဇင်းမယ် နိုက်ဘာဆားနားက စားသောက်ဆိုင်မှာ ဂုံးကို ကြက်ဥနဲ့ ကော်ကြော်နဲ့ ရောကြော်ထားတာ စားချင်တယ်။ (၁၉ လမ်းထိပ်က ဂဏန်းခွက်ကြော်နဲ့ မတူဘူး) ဘဲသားခေါက်ဆွဲ ဆိုပြီး ဆန်ကြာဇံကို ဘဲသားပြုတ်ရည် ချိုတိုတိုနဲ့ ရောင်းတဲ့ လက်တွန်းလှည်း ခေါက်ဆွဲဆိုင်က ခေါက်ဆွဲစားချင်တယ်။ ဒါလဲ ဇင်းမယ်ကပဲ။ ကြက်အူထဲကို ထမင်းချဉ်နဲ့ဆန်ကြာဇံ ရောထည့် အချဉ်တည်ထားတဲ့ ဆိုက်အို ဆိုတာလဲ စားချင်တယ်။ အီဆန်ဆိုတဲ့ အရပ်က လာတာ။ ကြက်အရေခွံ လတ်လတ်ဆတ်ဆတ် ကိုကြွပ်နေအောင် ကြော်ထားတဲ့ အရေခွံကြော်လဲ စားချင်တယ်ဗျာ။ ကောက်ညှင်းကို အုန်းနို့ဆမ်းပြီး ဆင်စွယ်သရက်သီးမှည့်နဲ့ တွဲစားရတဲ့ အစားအစာလေးလဲ စားချင်တယ်။ နွေရာသီရောက်လို့ တောင်လေတိုက်ရင် အော်တတ်တဲ့ အကောင်လေ။ စီကနဲ စီကနဲ အော်တတ်တယ်။ အဲဒီကောင်တွေက လူရည်ချွန် နို့မှုန့်ဗူးနဲ့ တစ်ပြည်၁၂ ကျပ်ဆိုပြီး ရောင်းတတ်တယ်။ အတောင်ချွတ်ပြီး ဆီပူနဲ့လိမ့်တာကို အခါးရည်နဲ့။ ဆားတော့ နည်းနည်းဖြူးပေါ့။ တစ်ချို့ကတော့ အာဂျီနိုမိုတိုလေးပါ ထည့်သေးတယ်။ မဲန်းင်ဂျယ် လို့ ခေါ်ကြတယ်။ မျက်စိပြူးပြူးနဲ့ မောင်တီဇက်အေများ သိမလား မသိဘူး။ (အဲဒီအကောင် မျက်စိပြူးတာ ပြောတာ။ မောင်တီဇက်အေ ပြူးတယ် မဆိုလိုပါ။) နောက် နွေရာသီစာ တစ်ခုကတော့ ခါချဉ်ဥပဲ။ ကျိုင်းတုံမှာ သင်္ကြန်မတိုင်ခင် တစ်လအလိုမှ စော်ဘွားဈေးဟောင်းနေ့ ဆိုပြီး မြို့လည်က စော်ဘွားသချိုင်္င်းမှာ မြို့မဈေးကရော ရွာနီးချုပ်စပ်က ဈေးသည်တွေပါ လာရောင်းတတ်တယ်။ အဲဒီအချိန်မှာ စားရင် အရသာ အရှိဆုံးလို့ ပြောတယ်။ ကတက်ချဉ် နုနုလေးနဲ့ သုပ်စားကြတယ်။ အရည်လေးက ချဉ်ချဉ်လေး၊ ခါချဉ်သက ကိုက်လိုက်မိရင် ထောက်ကနဲနဲ့ ဆိမ့်တာ။ တစ်ခါတစ်လေ ခါချဉ် ပါပါလာတတ်တယ်။ အတောင်ပံ ပါတဲ့ ခါချဉ်ကျတော့ ဝါးမိရင် ဆိမ့်ချဉ်ချဉ်နဲ့။ လူတွေများ သူများ အသက်ပါမှ စားလို့ အရသာ ရှိကြလား မသိဘူး။ တို့များ တောင်ပေါ်မှာ နောက်တစ်မျိုး စားတာရှိတယ်။ သူက ခူကောင်လိုပဲ။ အမွှေးမပါဘူး။ ဖြူဖြူလေးတွေ။ မျက်စိထဲ မြင်အောင် ပြောရရင် ဘောက်ဖတ် အဖြူကောင်လိုပဲ။ သူက ဝါးပိုးဝါးတွေ ဆိုလား။ အဲဒီ ဝါးတွေထဲမှာ အကောင်ပေါက်တာတဲ့။ ရောင်းရင်လဲ အဲဒီအတိုင်း တောထဲက ယူလာတဲ့ ဝါးကျည်တောက်ထဲက အတိုင်း ရောင်းတယ်။ အရင်တုန်းကဆို အီကော့တွေ အဲလို တစ်ဘက်ပိတ် ဝါးကျည်တောက်ကို ပလပ်စတစ် အစနဲ့ ပိတ်ပြီး လာလာရောင်းတယ်။ တရုတ်တွေဆို ဝယ်ကြသလား မမေးပါနဲ့။ တရုတ်တွေလောက် အကောင်းကြိုက်တာ တရုတ်ပဲ ရှိတယ် (ဒါက တောင်ပေါ်ရှမ်းစာနော်)။ သူ့ကိုလဲ ဆီပူလေးနဲ့ ကြော်ရတယ်။ ဆားဖြူးလိုက်ရင် ဆိမ့်ဆိမ့်လေးပေါ့။ တက်စာ။ တွင်းအောင်းကောင် ထင်တာပဲ။ မြေကြီးထဲ မြုပ်နေတဲ့ ဝါးတွေထဲက ရတာတဲ့။ အရောင်အဆင်း မရှိပဲ ဖြူဖြူလေးဆိုတော့ စားဝိုင်းတွေမှာ တင့်တယ်တာပေါ့လေ။ လူကြီးလက်မလောက် ရှိတယ်။ အခွံက စားလို့လဲ ရတယ်။ တို့များ ငယ်ငယ်တုန်းကတော့ အဲဒီအကောင်ကို ထက်ပိုင်း ချိုးလိုက်ပြီး အလယ်က အဆံတိုင်ကို ဖယ်၊ အခွံနဲ့ အနှစ်နဲ့ ဝါးလိုက်တာပဲ။ လယ်ကြွက်များ စားဖူးလား။ ပုသိမ် အသွားလမ်းက ရေနံ့သာ ဆိုတာကို သယ်ရင်းအလည်ခေါ်လို့ ရောက်တော့ ထန်းရည် ပေါတာကိုး။ ရခိုင်ရိုးမနဲ့ နီးတယ်။ လယ်ကြွက်နဲ့ မြည်းတာဗျာ။ ကြက်သားနဲ့ မလဲနိုင်ဘူး။ လယ်ကြွက်ဆိုတော့ စပါးတွေချည်း ရွေးစားတော့ ဆူဖြိုးနေတာပေါ့ဗျာ။ ဝတုတ်တုတ်တွေ။ အိမ်ကြွက်လို ကုပ်ချောင်းချောင်း ပိန်ညောင်ချိ မဟုတ်ဘူးဗျ။ မြွေသားကတော့ ငယ်ငယ်တုန်းက ငါးတန်းနှစ်မှာ စားဖူးတယ်။ သယ်ရင်းတို့ အဖေက တရုတ်နှစ်ကူးမှာ လတ်လတ်ဆတ်ဆတ် ချက်ကျွေးတာဗျား။ ပထမ မြွေခေါင်းကို စားပွဲခုံမှာ သံနဲ့ အသေရိုက်လိုက်တယ်။ နောက် လည်ပင်းလောက်နားကနေ ပတ်ပတ်လည်ကို ဓါးနဲ့ အရာပေးလိုက်တယ်။ အရေခွံကို အဲဒီကနေ အမြီးအထိ နောက်လှန် ဆွဲချလိုက်တယ်။ အရေခွံချည်းပဲ အကောင်းအတိုင်းရတာပေါ့၊ နောက် မြွေကျောကို ဓါးနဲ့ ခွဲတယ်။ ခွဲပြီးဟလာတဲ့ နေရာမှာ အသင့်ခွဲထားတဲ့ သစ်သားစာနဲ့ ကန့်လန့်ခံ လိုက်တယ်။ မခံရင် ခွဲထားတဲ့ နေရာတွေက ပြန်စေ့တတ်လို့တဲ့။ နောက် အထဲက အူကလီစာတွေ ထုတ်တယ်။ အသားချည်းပဲ ပြုတ်တယ်။ ပြုတ်နေတုန်း အိုးနား မကပ်ရဘူးဗျ။ အဆိပ်တွေ မွှန်မှာ ကြောက်တာရယ်၊ မျက်စိကန်းမှာ စိုးတာရယ်တဲ့။ မြွေသားက ချိုတယ်ဗျ။ ဂျင်းနိုင်နိုင်နဲ့ ချက်တာ။ မြွေသားက ပူတယ်ဆိုပဲ။ ဂျင်းကလဲ ပူတာပဲ။ သိတဲ့ အတိုင်း တရုတ်နှစ်ကူး ဆိုတာ တောင်ပေါ်မှာ ဆောင်းရာသီလေ။ ချမ်းနေတုန်း။ နောက် စားဖူးတာလေး။ ယုန်သားတဲ့။ မန်းလေးမှာ ကျောင်းတက်တုန်းက စားဖူးတာ။ ဆီပြန် ချက်လိုက်တော့ နူးနေတာပဲ၊ သူလဲ ချိုတယ်ဗျ။ ဇင်းမယ် ရောက်တုန်းကတော့ မျောက်ချေးခါး ဆိုတာ စားဖူးတယ်။ လူတွေက ပေါက်ပေါက်ရှာရှာကို စားကြတာ။ အခုလဲ မျောက်ချေးခါးတဲ့။ မျောက်ရဲ့ အစာအိမ်လောက် နားက ချေးမဖြစ်တစ်ဖြစ် ဟာတွေ ကပ်နေတဲ့ အူတွေပေါ့။ နားဝင်ချိုအောင် မျောက်ချေးခါးလို့ ပြောတာပဲ။ ဘယ်လို ချက်တာလဲတော့ မသိဘူး။ အင်းသားရိုးရာ အစာ ဆန်လှော် ဆေးခါးဟင်းချိုနဲ့ အရသာ ဆင်တယ်။ ခါးသက်သက်လေး။ ကျန်တာကတော့ ဝက်ကလီစာလိုပါပဲ။ အရည်ကတော့ သောက်လို့ ကောင်းတယ်။ အသားပြုတ်ရည် ချိုခါးခါးလေး။ အစာအိမ်ဆိုလို့ တစ်ဆက်တည်း ပြောရရင် ဆိတ်ပုဆိုးကြမ်းဆိုတာ အဲဒါကို ခေါ်တာ မဟုတ်လား။ တောင်ပေါ်မှာတော့ အမဲ အစာအိမ်ကို ခုလိုပဲ ခါးသက်သက် အရည်သောက် ပူပူလေး လုပ်ပြီး အရက်နဲ့ မြည်းတတ်တယ်။ ငယ်ငယ်က အဲဒီ အရည်သောက် အမဲအစာအိမ် ဟင်းချို ခါးသက်သက်ကို သောက်ချင်လွန်းလို့ အရက်ဆိုင်ထဲ ဝင်တာ မောင်းထုတ် ခံရဖူးတယ်။ အဲဒါနဲ့ ဦးလေးကို သွားဝယ်ခိုင်းဖူးတယ်။ အမေ့မောင်ပေါ့လေ။ ခုတော့ ဆုံးသွားပါပြီ။ အဲဒီခါးသက်သက် ဟင်းရည်တွေ သောက်မိတိုင်း သူ့တောင် သတိရ မိသေးတယ်။ နောက် ဝက်သား သုံးထပ်သားကို တောက်တောက်စင်းပြီး အစိမ်းအတိုင်း သုပ်တာ။ သူက ရှမ်းရိုးရာ အဆာပလာ အမှုန့် ဟင်းခတ် အမွေးအကြိုင်တွေ ထည့်နယ်ရတယ်။ ပူစီနံနဲ့ တွဲစားတယ်။ သူလဲ ယမကာ လုင်အကြိုက် အမြည်းပဲ။ ငယ်ငယ်က မြို့လေးမှာ အဲဒါ လုပ်တာ အရမ်းတော်တဲ့ လုံးဆမ် ဆိုတဲ့ ဦးလေး တစ်ယောက် ရှိတယ်။ (လုံးဆမ် ဆိုတာ ဦးလေးဆမ် ပေါ့။ ဘိုဆန်ဆန်ဆိုရင် Uncle Sam ပေါ့လေ)။ သူ့တစ်ကိုယ်လုံး တက်တူးတွေနဲ့။ မနက်ပိုင်းဆို ဈေးထဲမှာ သူကိုယ်တိုင် ကောင်းပေ့ဆိုတဲ့ ဝက်သားရွေးဝယ်တယ်။ သူဝယ်နေကျဆိုင်က ဝက်သားမကောင်းရင် ကောင်းတာ ဝယ်တယ်။ နောက် အိမ်ပြန်ပြီး ချက်ဖို့ ပြင်ဆင်တယ်။ ပြီးရင် နေ့ခင်းလောက်ဆို အကျီင်္ချွတ်နဲ့ စဉ်းနှီးတုံးကြီးကြီးမှာ ဝက်ခုတ်ဓါး ပြားပြားကြီးနဲ့ ဇိမ်ပြေနပြေ ဝက်သား တောက်တောက်စင်းတော့တာပဲ။ သူ့ဆိုင်မှာ သွားဝယ်ရင် အဲ့ဒီအချိန်နဲ့ အမြဲတမ်း တိုးတယ်။ စင်းပြီး ဆိုရင် သူက ပြင်ထားတဲ့ အဆာပလာတွေနဲ့ သေချာနယ်တယ်။ ဟင်းခတ်အမယ်များလဲ သူ့စိတ်ကြိုက် သူ့အချိုးအစားနဲ့ သူပဲ။ သူလုပ်တာ သူများနဲ့ မတူဘူး။ တော်တော်ကောင်းတယ်။ နံနံပင်၊ ပူစီနံ၊ ဂေါ်ဖီထုပ် နဲ့ တွဲစားရတာပေါ့။ ငယ်ငယ်ကတော့ အိမ်က အစိမ်း ပေးမစားဘူး။ ဝယ်ပြီး ပြန်လာရင် ရေထည့်ပြီး အိုးနဲ့ ပြန်လှော်လိုက်တယ်။ ဆီနဲ့ မကြော်ဘူး။ အဲဒီ ကြော်ပြီးသားကိုမှ စားရတာ။ အဲဒီတုန်းကဆို အစိမ်း စားချင်လိုက်တာ။ ကြီးလာရင် စားမယ်ပေါ့လေ။ ဒါပေမဲ့ ကြီးလာတော့ တစ်နယ်တစ်ကျေးကို လွှင့်သွားတယ်။ အန်ကယ်ဆမ်လဲ မရှိတော့ဘူး ထင်တာပဲ။ မောင်တီဇက်အေတို့များ အဲဒီ ဝက်သားစိမ်းစင်းကောသုပ်ကို မှီလိုက်သေးလား မသိဘူး။ နောင်ခိုက်မှာ ရောင်းတာလေ။ ရိုးရာ အစားအစာတွေ ဆိုလို့ နောင်ဖါ အရပ်က လာလာရောင်းတတ်တဲ့ ခေါက်ခက်ပ် ဆိုတာ သတိရတယ်။ ဆန်ကို အမှုန့်ထောင်း၊ ရေဖျော်၊ ဂျင်းရည် ထောင်းထည့်၊ ငရုတ်သီးမှုန့် ထည့်၊ ဆားထည့်။ နောက်တော့ ပြုတ်လိုက်တာလား မသိဘူး။ အဒီအရည်ကို ဝါးပင်က ဝါးကပ်ခေါ်တာလား၊ တစ်ဘက်က အမွှေးတွေနဲ့ တစ်ဘက်က ပြောင်ချောဟာလေ။ နှီးတုတ်တုတ်လေးတွေနဲ့ သီတာလေ။ (လူ မသီတာကို ပြောတာ မဟုတ်ဘူး။ သီထားတာကို ပြောတာ။) အကိုင်မတော်ရင် လေမွေ့ရင် အကုန်သွားပဲ။ အဲဒီအရည်ကို အဲဒီ ပြောင်ချောနေတဲ့ ဖက်မှာ သုတ် နေလှမ်း၊ ခြောက်သွားရင် ပြန်ခွာပြီး မီးခဲ သင်းသင်းလေးမှာ မီးနည်းနည်း ပြလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားလို့ရတယ်။ တစ်ဂျိုးဂျိုး တစ်ဂျွတ်ဂျွတ်ပဲ။ သူက အငန်မျိုးပေါ့။ အချိုမျိုးကျတော့ အချပ်ကြီးတယ်။ မုန့်လေပွေလို အချပ်ကြီးတယ်။ လေအဝှေ့မခံဘူး။ ကျိုးကျက်ပြီး ပါသွားတာပဲ။ စားပြီးရင် အာဂလောင်တွေမှာ ကပ်ကျန်တတ်တယ်။ သူငယ်စာတွေပေါ့ဗျာ။ အငန်မျိုးရော အချိုမျိုးရောကို မီးပြင်းပြင်းမှာ ခဏလေး ပြလိုက်ရင် စားလို့ရတယ်လေ။ ရောင်းတာကတော့ တစ်ခါတည်း ကင်ပြီးသားကို ရောင်းတာပဲ။ တောင်းကြီးကြီးမှာ စီထည့်တာ။ အပေါ်က ပလပ်စတစ်အုပ်တာပေါ့။ ဝယ်သူလာရင် နှီးတံ ခပ်တုတ်တုတ်ကို အောက်ဖက်က ကွင်းချည်ထားပြီး အဖျားနားက ထိပ်ချွန်တာလေးကနေ ဖေါက်စွပ်ပြီး သီရောင်းလိုက်တာပဲ။ အငန်မျိုးကို ဒီအတိုင်း စားလို့ ရပေမယ့် ကျွန်တော်က ထွင်စားတယ်။ ငရုတ်သီးမှုန့်ကြော်ကို ဆားနဲ့ အချိုမှုန့်နဲ့ ထပ်ထည့်လိုက်တယ်။ နောက် အဲဒီ ခေါက်ခက်ပ် အငန်အချပ်ပေါ် ထပ်သုတ်စားတယ်။ ရှယ်ပဲ။ ရန်ကုန်က မုန့်ဟင်းခါးတွေမှာ ထည့်တဲ့ ပဲကပ်ကြော် သိတယ်ဟုတ်။ ဆားမပါ ဘာမပါလေ။ ကျွန်တော်တို့ဆီက ပဲကပ်ကြော်ကတော့ ရှယ်ပဲ။ ကုလားပဲ၊ ပဲလုံးကြီး စတာတွေနဲ့ ကြော်တယ်။ ကြက်သွန်ဖြူ ရိုက်ထည့်တယ်။ ဆား၊ အချိုမှုန့်ပါတယ်။ မနက်ဆို ကောက်ညှင်းပူပူနဲ့ အဲဒီပဲကြော်နဲ့ တွဲစားတာ အရသာဗျ။ ချမ်းကချမ်း.. အေးနေတဲ့ လက်ကို ကောက်ညင်းပူပူနဲ့ ထိလိုက်လို့ ရတဲ့ အနွေးဓာတ်၊ ပဲကြော် အရသာ။ ရှလွတ်... နောက် ရွှေဖရုံသီးကို ဆန်မှုန့်နဲ့ ကြော်တဲ့ အကြော်လဲ ကျွန်တော့် ဖေးဘရိတ်ပဲ။ ကြက်သွန်မြိတ် အောက်က ကြက်သွန်ဥ သေးသေးတွေနဲ့ ကြော်တဲ့ အကြော်လဲ ကျွန်တော်ကြိုက်တယ်။ မနက်တိုင်း ကျူရှင်သွားရင် အဲဒီ အကြော်နဲ့ ကောက်ညှင်းနဲ့ စားစားသွားတာ မှတ်မိတယ်။ နောက် နန်တုံလို့ ခေါ်တဲ့ တစ်ကယ့် ရှမ်းတောင်ပေါ်ရိုးရာ အစားအစာ။ ဘာလို့လဲ ဆိုတော့ သူက အပူပိုင်း မြေပြန့် ပြည်မကြီးတွေမှာ လုပ်စားလို့ မရဘူး။ ဝက်သားကို အရိုးရော အခေါက်ရော အသားရော ပြုတ်ထားတာ။ ထုံးစံအတိုင်း ကြက်သွန်ဖြူ၊ နံနံပင်၊ ဘာညာပေါ့ဗျာ။ အဲဒါရော ပြုတ်ထားတာကို သံဗန်းမှာ လက်နှစ်ဆစ်လောက် ပြည့်အောင် အရည်ရော အသားရော အခေါက်ရောဖြည့်။ ခြံထဲက ဗူးစင်ပေါ်မှာ ဖြစ်ဖြစ် အိမ်ခေါင်မိုးမှာ ဖြစ်ဖြစ် တင်ထားလိုက်။ ညကျ နှင်းတွေ မဟားဒယား ကျလာရော။ အရည်က အေးပြီး ခဲမလိုလို ဖြစ်ရော။ ရေခဲတဲ့ အထိတော့ မခဲဘူးပေါ့လေ။ သူက အသားပြုတ်ရည်ဆိုတော့ ကျောက်ကျောလို။ မနက်ဆို ဈေးထဲမှာ ဗန်းလိုက် မ လာပြီး ရောင်းတယ်။ လိုချင်သလောက် ဝယ်လို့ရတယ်။ ငှက်ပျောဖက်လေးနဲ့ သေချာ ထုပ်ပေးတယ်။ ဘုန်းကြီးကျောင်း ဆွမ်းချိုင့် အလှည့်ကျပြီဆို ဒီဟင်းရယ်၊ ဆားဘဲဥရယ်က ပင်တိုင်ပဲ။ နောက် ဘုန်းကြီးကျောင်းမှာ ပင်တိုင် ကပ်တတ်တဲ့ ဆွမ်းဟင်းတစ်မျိုးက ထိုဖူးကြော်သုပ်..။ ဆန်းတယ်တော်။ ရှမ်းပြည်မှာ ထိုဖူးကို ကြော်ပြီးသုပ်တာ။ မြိုးတို့ လွိုင်နိုင်းမှာ သွားစားတဲ့ ထိုဟူးနွေးကို သူတို့က အတုံးလေး ဖြစ်သွားအောင် ဗန်းထဲထည့်ပြီး အခြောက်ခံလိုက်တာ။ အဲဒါကို ပြန်ကြော်ထားတာကို ပဲငံပြာရည်၊ ဂေါ်ဖီထုတ်၊ နံနံပင် စတာတွေနဲ့ သုပ်ထားတာ။ အဲဒါကို ငှက်ပျောဖက်နဲ့ ထုတ်ပြီး ရောင်းတာ။ အဲ့တုန်းကဆို ထိုဟူးနွေးသုပ်များ ဝယ်လာမိရင် အထားမတတ်ရင် ပဲငံပြာရည်တွေက တစ်စက်စက်နဲ့ ကျနေတာ။ အိမ်ရောက်တော့ ပဲငံပြာရည် ပြန်ထည့်ရတယ်။ အခုနေခါတော့ ပလပ်စတစ်တွေနဲ့ ထုတ်နေပါပြီ။ အရင်က ဝက်သားတန်းရုံ အပြင်ဘက် ဘေးမှာ ခုံနဲ့ ခင်းရောင်းတဲ့ အဒေါ်ကြီးတစ်ယောက် လုပ်တာ အရသာ ကောင်းတယ်။ လူတွေ တန်းစီနေတာပဲ။ သူအရင်ကုန်တယ်။ နောက် ငါးဒုက္ခ၊ ငါးကို ဝမ်းဗိုက်ကနေ မခွဲပဲ ဆူးတောင်ဘက်ခြမ်းကနေ အမြီးအထိ တောက်လျှောက်ခွဲထားတာကို အပြားလိုက်ဖြန့် နောက် ငြုပ်သီးစိမ်းထောင်း၊ ကြက်သွန်နီထောင်းကို ထည့်ပြီး ပြန်ခေါက်၊နှီးနဲ့ ပြန်ချည်။ ဆီပူပူနဲ့ သေချာကြော်။ နှီးချည်ထားတဲ့အလိုက် ပြန်ကြော်တာ။ မနက်ကျတော့ ဈေးထဲ ပြန်လာရောင်းရောပဲ။ တိုဟူးသုပ်၊ နန်တုံ၊ ငါးဒုက္ခတွေက မရိုးနိုင်တဲ့ လူတိုင်း ကြိုက်တဲ့ ရိုးရာ အစားအစာတွေပေါ့ကွယ်။ ငယ်ငယ်တုန်းက စာမေးပွဲဖြေပြီး နောက်တစ်ရက်ဆို မောင်တီဇက် အကျီင်္အသစ်လေးနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံနောက်ခံက ကျိုင်းဖေါင်း ချောင်းကို picnic ထွက်တာ ခေတ်စားဖူးတယ်။ အဲဒီလို ပစ်ကနစ် ထွက်ပြီဆို ကောက်ညှင်းရယ်၊ ဆားဘဲဥရည်စိမ်ရယ်၊ နန်တုံရယ်၊ တိုဟူးသုပ်ရယ်၊ ငါးဒုက္ခရယ် နောက် ဝက်ခေါက်ကြော်၊ တိုဟူးရီးတွေကတော့ မပါမဖြစ် ပင်တိုင် ပစ်ကနစ် အစားအသောက်တွေပဲ။ အဲလို ပစ်ကနစ် ထွက်ပြီဆိုမှဖြင့် ဒီလို အစားအသောက် ကြုံရမှာပဲ။ လူတိုင်းကတော့ တစ်မျိုးမဟုတ် တစ်မျိုး ပါလာတာပဲ။ အဲ့ဒါလဲ သူ့ဟင်းငါနှိုက် ငါ့ဟင်းသူနှိုက်နဲ့ ကုန်သွားတာပဲ။ နန်တုံက နေပြင်းရင် မြန်မြန် အရည်ပျော်တတ်တယ်။ အဲလိုဆို သိပ်စားလို့ မကောင်းတော့ဘူး။ ဒါပေမဲ့လဲ ကုန်တာပါပဲ။ နန်တုံထုတ်တဲ့ ဖက်တောင် လျှာနဲ့ လျက်တဲ့ ခပ်နောက်နောက် သယ်ရင်းတွေလဲ ရှိပါ့။ တစ်နှစ်တစ်ခါကို မှန်မှန်ကြီးကို ကျိုင်းဖေါင်းချောင်း ပစ်ကနစ် ထွက်တာကတော့ မရိုးနိုင်အောင် လေးတန်းနှစ်လောက်ကနေ တောက်လျှောက်ထွက်လာတာ ဆယ်တန်းအောင်တဲ့ အထိပဲ။ နောက် ရှမ်းပြည်မှာပဲ ရတတ်တဲ့ ခေါပုတ်ကင်။ သူက ကောက်ညှင်းပူပူကို နှမ်းနက်နဲ့ ရောပြီး ထောင်းတာ။ ဆားထည့်တာလဲ ရှိတယ်။ အဖြူမျိုးပေါ့။ ကြံသကာ ထည့်ထောင်းတာကတော့ အညိုမျိုးပေါ့။ ခေါပုတ်ကို ထောင်းပြီးရင် အနေတော် အချပ်လေးတွေ လုပ်ပြီး နေလှမ်းထားရတယ်။ ဆောင်းတွင်းမှာ လုပ်တာများတယ်။ နှင်းရိုက်အောင် ဆိုပြီး ညလဲ အပြင်မှာပဲ နှင်းရည် သောက်ခိုင်းတယ်။ ခေါပုတ်ဖြူကို မီးပြင်းပြင်းနဲ့ ကင်လိုက်ရင် ခေါပုတ်က ကြွပ်ရွ ပြီး ကြွဖေါင်းလာတယ်။ အဲဒါကို လက်ညိုးနဲ့ ပူမှန်းသိသိနဲ့ သွားဖေါက်ဖေါက်ပစ်တယ်။ ဖေါက်လိုက်လို့ ဖေါင်းတက်လာတာ ပြန်ပိန်လျော့သွားတာကို သဘောကျတာ။ နောက် မောင်တီဇက်ပြောတဲ့ နှမ်းပျစ်ရည် ဆိုတာနဲ့ တို့စားတာ။ တစ်ကယ်က ကြံသကာကို ကျိုထား ပြီး နှမ်းတွေထည့်တားတဲ့ ပျစ်တောက်တောက် ကြံသကာရည်ပေါ့ကွယ်။ ပူပူလေးနဲ့ ချိုချိုလေးကို ဆောင်းတွင်း ချမ်းစီးစီးမှာ လျှာအကျက်ခံပြီး တစ်ဖူးဖူးနဲ့ စားကြတယ်။ အနွေးထည်လေး ဝတ်လို့၊ လည်ပင်းမှာ မာဖလာလေး ပတ်လို့၊ ခေါင်းမှာ သိုးမွေးဦးထုပ် ဆောင်းလို့၊ ဘောင်းဘီဝတ်ပြီး ခြေအိတ်စွပ်ထားတဲ့ မောင်ဘွိုင်းတစ်ယောက် လက်ထဲမှာ ခေါပုတ်ဖြူ ကိုင်ပြီး ပါးစပ်ထဲက ခေါပုတ်ပူပူကို တစ်ဖူးဖူး မှုတ်စားနေတာ မြင်ယောင်ပါလေ။ ဘယ်လောက်ရိုးသား အပြစ်ကင်းစင်ပြီး ချစ်စဖွယ်ကောင်းတဲ့ နုနုနယ်နယ် ငယ်ငယ်ရွယ်ရွယ် ချာတိတ်လေးလဲလို့...။ အဟိ ဆောင်းတွင်း ချမ်းစီးစီး နှင်းတွေ ကျနေတာကို နောက်ခံထားပေါ့လေ။ မျက်နှာမှာ မီးဖိုက မီးအလင်းရောင်တွေ ဟပ်လို့...။ ခေါပုတ်အညို အချိုကိုတော့ ဒီအတိုင်း ကင်စားတယ်။ နဂို ချိုပြီးသားဆိုတော့ ဘာမှ ထပ်တို့စရာ မလိုတော့ဘူး။ ဆောင်းတွင်းမှာ ကောက်သစ်ပေါ်ချိန်ဆို စားရတတ်တဲ့ ရာသီစာ နောက်တစ်မျိုးရှိတယ်။ ခေါက်မောက်လို့ ခေါ်တာလေ။ သူက ကောက်ညှင်းတစ်မျိုး ပဲဗျ။ အနံ့မွေးတယ်။ နဂိုမွေးတာလား၊ အနံ့မွေးစေတဲ့ သစ်ရွက်တွေနဲ့ ထည့်ပေါင်းတာလား မသိ။ မွေးနေတာပဲ။ အရောင်ကလဲ အဲဒီ သစ်ရွက်ကြောင့်ထင်တယ်။ စိမ်းစိမ်းလေး။


(ဒေတာတွေ သိမ်းထားပေးတာ ကျေးဇူးပါ တီဇက်အေ။ လက်မညောင်းရတော့ဘူးပေါ့ကွယ်...။)
နောက်မှ မောင်တီဇက်ကို မပြောရသေးတာတွေကို အာရုံလာတဲ့ အချိန်မှာ အပီစုပ် တူးအနေနဲ့ ပြန်တင်မယ်။

Monday, June 29, 2009

စားဖြစ်တဲ့ ညနေစာလေး။

သေးငယ်တဲ့ ကမ္ဘာပိုင်ရှင်က ပြုစုလို့ ဒီနေ့ ညနေစာ ဟန်ကျသွားတယ်။
Golden Miles က Din Deang Lea Lurk ဆိုလား။ စားနေကျ ဆိုင်လေးပါ။
ဗိုက်ကို ဖေါင်းကားသွားတာပဲ။
စားဖြစ်တာလေးတွေကတော့ အောက်မှာ ပုံလေးတွေနဲ့...။

၁။ ကိုက်လန် ၀က်ခေါက်ကြော်

၂။ မပါမဖြစ် ပင်လယ်စာ တုံယမ်း

၃။ သဘောင်္သီးထောင်း (လယ်ပုစွန်လုံး)

၎။ ကြက်အရေခွံကြော်

၅။ ဖားကြက်သွန်ကြော်


၆။ ၀က်သားပြုတ်သုပ် (ဆန်လှော်ထည့်) (ဒါ့ပုံ ရှာမတွေ့လို့ မထည့်လိုက်ရတော့ဘူး)

၇။ ပုဇွန်အစိမ်းသုပ်

သရက်သီး ဖျော်ရည် နှစ်ခွက်ဆင့် သောက်ခဲ့တယ်။ စပ်လွန်းလို့...

(ပို့စ်အသစ် မတင်ဖြစ်၊ ပုံတွေနဲ့ ဆားချက်တယ်။)

Thursday, May 28, 2009

Golden Triangle ရွှေတြိဂံ ရှမ်းစားသောက်ဆိုင် အသစ်

ရှမ်းရိုးရာ အစားအသောက်များ ကောင်းမကောင်းကိုတော့ အထူးအထွေတော့ မညွှန်းလိုပါဘူး။ စားဖူးသူတိုင်း သိကြပါတယ်။ အခု ကျွန်တော်တို့ နေထိုင် ခြင်္သေ့ကျွန်းလေးမှာ ဈေးကွက်လိုအပ်ချက်အရ ရှမ်းစားသောက်ဖွယ်ရာများ ရောင်းချတဲ့ စားသောက်ဆိုင်များ အလျိုလျို ပေါ်လာပါပြီ။ အခုတော့ အသစ်ဖွင့်လာတဲ့ ဆိုင်ကလေး တစ်ဆိုင်နဲ့ မိတ်ဆက်ပေးလိုပါတယ်။ ကိုယ်တိုင် သွားရောက် မြည်းစမ်းကြည့်မှ ကောင်းမကောင်း သိမှာပါ။ ပင်နီစူလား မြေအောက်ထပ်က အိုရီရဲန်တယ် ဆိုင်ဘေးနားမှာဖွင့်ထားတာပါ။ လောလောဆယ် ဆိုင်အခြေအနေအရ ထောင့်ခန်းနားမှာပါ။
လိပ်စာကတော့

Golden Triangle
B1-07,Penisular Plaza
ဖြစ်ပါတယ်။

ရှမ်းပြည် အရှေ့ပိုင်း အစားအစာများ၊ ထိုင်းရိုးရာ အစားအသောက်များကို အဓိကထား ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းချိုသာမှု၊ စွဲမက်ဖွယ်ရာ ရသာစုံ ဟင်းလျာများ၊ ဖေါ်ရွေသော ၀န်ဆောင်မှုများနဲ့ ရွှေတြိဂံခေါ် Golden Triangle စားသောက်ဆိုင်ကို ယနေ့ ၂၈ မေလ မှ စတင်ကာ ဖွင့်လှစ်လိုက်ပါပြီ။

အဖေါ်အပေါင်းတစ်သိုက်နဲ့ သွားရောက် သုံးဆောင်ကြပါလို့ သတင်းပေးလိုက်ပါတယ်။ အောက်မှာတော့ Press Show တုန်းက ရိုက်လာတဲ့ ပုံတွေပါ။ နောက်များမှ ဘယ်ပံက ဘာဆိုတာ အသေးစိတ် တင်နိုင်အောင် ကြိုးစားပါမယ်။ အခုတော့ ပုံကိုပဲ ရှုစားသွားလိုက်ပါဗျား။


၁။ဝက်သားကြော် ထင်တယ်။ ၂။ ကြက်ချိုချဉ်ကြော် ၃။ သဘောင်္သီးထောင်း


၎။ သရက်သီးထောင်း။ ၅။ ၀က်သားလုံး မုန့်တီ ၆။ ထိုဖူးနွေး။


၇။ ကျိုင်းတုံ မုန့်တီရည်ကျဲ ၈။ ကျိုင်းတုံမုန့်တီ အရည်ပျစ် ၉။တိုဟူးနှစ်ပြန်ကြော်။

စားသောက်ဖွယ်ရာ အမျိုးအစားပေါင်း ၃၀ လောက်ရှိတယ်။ မီနူး သေချာ ထွက်လာမှ ရေးပေးမယ်။ ပုံတွေက တင်ရတာ အခက်အခဲ ဖြစ်နေလို့ ဒီလောက်နဲ့ပဲ ကျေနပ်ပါ။

အထက်ပါ ပုံများမှ အစားသောက်များအပြင် လောလောဆယ် သိသလောက် ရနိုင်တဲ့ စားသောက်ဖွယ်ရာ များကတော့
၁။ နာနတ်ထမင်းကြော်၊
၂။ ထိုင်းငပိထမင်းကြော်၊
၃။ လတ်နာ့(ထိုင်းကော်ရည်ခေါက်ဆွဲ)၊
၎။ ဖတ်ထိုင်း (ထိုင်းခေါက်ဆွဲကြော်)၊
၅။ ထိုင်း သာကူကျို၊ မုန့်လက်ဆောင်း။
၆။ ထိုင်းစတိုင် သရက်သီး ကောက်ညှင်း။
၇။ တုံယမ်း ဟင်းချို။
၈။ ၀ွန့်ဆိမ့် (ထိုင်းစတိုင် ကြာဇံသုတ်။ ပုဇွန်ထည့်တယ်။)
၉။ ရှမ်းထမင်းဝါ

စတာတွေ ဖြစ်ပါတယ်။ မှတ်မိသလောက်သာ ရေးချရတဲ့အတွက် တစ်ခြား ကျန်ခဲ့တဲ့ စားသောက်ဖွယ်ရာများလဲ ရှိနိုင်ပါတယ်။ နောက်ကို မီနူး အပြည့်အစုံ ရခဲ့ရင် ထပ်မံ တင်ပြသွားမှာပါ။

ဆိုင်ရှင်အစ်မကြီးက အတော် သဘောကောင်းပါတယ်။ မျက်မှန်တစ်ဝင်းဝင်းနဲ့ ဖြူဖြူ လုံးလုံးနဲ့ ငါ့အစ်မကြီး...။
ဒီနေ့ ဆိုင်ဖွင့်ပွဲကို မတက်ရောက်နိုင်တဲ့ အတွက် ခွင့်လွှတ်ပါ။

***ဆိုင်ဖွင့်ပွဲ အထူး အစီအစဉ်။***
ပင်နီစူလား သုံးထပ်က ရှမ်းတောင်တန်း စတိုးဆိုင်မှာ (ထိုဟူးကြော် ထင်တယ်) အခမဲ့ စားခွင့် လက်မှတ်များ သွားရောက် ယူနိုင်တယ်လို့ သိရပါတယ်။ ဇွန်လ ၅ ရက်နေ့အထိ အကျုံးဝင်တယ်လို့ သိရပါတယ်။

Sunday, May 17, 2009

Happy Birthday Ko James

ယခုကဲ့သို့ ကျွေးရ ပြုရသော စေတနာအကျိုးကံကြောင့် နောင်လဲ ဒီထက်မက ကျွေးနိုင် မွေးနိုင်ပါစေဗျာ။
10k စား အဆင့်ကို မြန်မြန် ရောက်ပါစေဗျာ...။
Tom လေးလဲ သူ့ဒက်ဒက်နဲ့ အတူတူ အမြန်နေနိုင်ပါစေဗျာ။
ယနေ့ကျရာက်သော (xx)နှစ်မြှောက် မွေးနေ့မှသည် နောင်နှစ်ပေါင်း ၈၅ နှစ်တိုင်အောင် သားမြေးမြစ် တီတွတ်ကျွတ်ဆက်ဘောက်ဘက် နဲ့ ပျော်ပျော်ပါးပါး နေနိုင်ပါစေ။

ကိုဂျိမ်းစ် ကိုယ်တိုင် ဒီနေ့မနက်ကတည်းက ပြင်ဆင်တည်ခင်း ကျွေးမွေးတဲ့ ရှမ်းရိုးရာ မြီးရှည်ပါတဲ့ဗျား...။

ဒါက ထည့်ရမယ့် အဆာပလာ စာရင်းများ...။


ဒါကတော့ မပြောလဲ သိတဲ့ ငရုတ်သီး။


မပါမဖြစ် ဆီချက်၊ (ပါကော်ရှားကော ထည့်ထားသည်။)



ကြက်သွန်မြိတ်များ (မနေ့က ကျွန်တော် နည်းနည်း ကူလှီးပေးထားသည်။)



ကြက်သွန်ဖြူချဉ်။



ကော်ရည်။



ကြက်သားကြိုက်သူ ကြက်သား...။



ဝက်သားကြိုက်သူအတွက် ၀က်သား...။


ပြီးတော့ ဟင်းရည်။


ခေါက်ဆင့် (မုန့်တီပါ။)


ပြင်ဆင်ပြီးတော့ စားချင်စဖွယ်လေး။ နေ့လည်၊ ညစာ လွတ်ပါသည်။
အားလုံးပဲ လာရောက်သုံးဆောင်နိုင်ပါပြီ။ ၀၀လင်လင်ပါပဲ။
(တစ်ချို့များကတော့ ရခိုင်မုန့်တီ၊ ထောပတ်ထမင်း စားသည် ဟု လေသံပစ်ကြသည်။ အကျွန်ုပ်ကတော့ ပုံနှင့်တကွ တင်ပြပါသည်။ အပြောမဟုတ်၊ ဒ့ါပုံနှင့် သက်သေပြပါသည်။)

စားပြီးတော့ ဆုတောင်းပေးရပါမည်။

အားလုံး ၀ိုင်းဝန်းဆုတောင်းပေးကြပါ။ အောက်မှာပါတဲ့အတိုင်း ကျွန်တော် တိုင်ပေးတာ လိုက်ဆိုကြပါ။


Happy Birthday To You
You Belong To The Zoo
You Are Monkey And Donkey
Happy Birthday Bro James