Wednesday, September 12, 2007

1408 ခြောက်ခြားဖွယ် ညတစ်ည

ကြောက်တတ်ရင်တော့ ဒီကားကို မကြည့်ဖို့ ပြောပါရစေ..။
သဲထိတ်ရင်ဖို သရဲကားပါ။
ကားနာမည်က 1408 တဲ့...။
သရုပ်ဆောင်ကတော့ ဂျွန်ဂူးဆက် (John Cuseck)ဖြစ်ပါတယ်။ ခါတိုင်း ဒရာမာ ဇာတ်လမ်းတွေပဲ ရိုက်ရာကနေ အခုတော့ သဲထိတ်ရင်ဖို သရဲကားဖက်ကို လှည့်ရိုက်ပါတယ်။ သရုပ်ဆောင် သက်တမ်းက မနည်းတော့ အခုကားမှာ သရုပ်ဆောင်တာ အတော် ပီပြင်ပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ ဒီလိုပါ။
မင်းသားက သရဲသုတေသီ တစ်ယောက်ပေါ့။ သရဲ နာမ် လောကနဲ့ ပါတ်သက်ပြီး ကိုယ်တိုင် ကွင်းဆင်း လေ့လာပြီး မှတ်တမ်းတင်ကာ စာအုပ်ထုတ်ရေးစားနေတဲ့ စာရေးဆရာ တစ်ပိုင်း သုတေတီ တစ်ပိုင်း ဖြစ်ပါတယ်။

မိန်းမနဲ့ ကွဲနေပါတယ်။ မိန်းမနဲ့ ကွဲပြီးနောက်ပိုင်း တစ်မြို့ဆီမှာ နေပါတယ်။ သမီးလေးတစ်ယောက် ရှိခဲ့ဖူးပေမယ့် ကုမရတဲ့ ရောဂါတစ်ခုကြောင့် ဆုံးပါးသွားခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့်လဲ သူ့မိန်းမနဲ့ ကွဲပြီး တစ်ယောက်ထဲ တေလေနေကာ စာရေးစားတဲ့ အလုပ်ကို လုပ်နေပါတယ်။

အမေရိကားတစ်လွှား သရဲခြောက်ပါတယ်လို့ နာမည်ကျော်ကြားနေတဲ့ အိမ်တွေ၊ ဟော်တယ်တွေကို သွားပြီး... ကိုယ်တိုင် ညလုံးပေါက်နေကာ အတွေ့အကြုံ ယူပါတယ်။ အဲဒီကနေတစ်ဆင့် အမှန်တကယ် ခြောက်တာကို ကြုံခဲ့ရသလို နာမည်ကြီးအောင် အတုအယောင် သတင်းလွှင့်တာတွေနဲ့လဲ ကြုံခဲ့ရပါတယ်။ အဲဒီအတွေ့အကြုံတွေကို အခြေခံပြီး ရေးတဲ့ သူ့စာအုပ်တွေကတော့ ရောင်းတမ်းဝင်ထဲမှာ ပါမြဲ ပါနေတာပေါ့။

သရဲခြောက်တဲ့နေရာတိုင်းကို လိုက်လိုက်ပြီး လေ့လာစူးစမ်းရေးသားလေ့ ရှိတဲ့အတွက် သူ့ဆီကို အနယ်အနယ်အရပ်ရပ်က ဖိတ်ခေါ်စာတွေ ရောက်တတ်ပါတယ်။ ဘယ်အရပ်က ဘယ်အိမ် ဘယ်ဟော်တယ်ကဖြင့် သရဲခြောက်လွန်းလို့ လာရောက် စူးစမ်းလှည့်ပါ ဘာညာပေါ့...။

တစ်ရက်မှာတော့ သူ့ဆီကို ထူးဆန်းတဲ့ ပို့စ်ကဒ် တစ်စောင် ရောက်လာပါတယ်။ ပို့စ်ကဒ်ကတော့ ဟော်တယ် ကြော်ငြာ ပို့စ်ကဒ် ဖြစ်ပြီး အခန်းနံပါတ် ၁၄၀၈ ကို လုံးဝ မ၀င်ပါနဲ့ ဆိုတဲ့ စာသား တိုတိုတုတ်တုတ်လေးပဲ ပါပါတယ်။
အဲဒီဟော်တယ်ဟာ နယူးယောက်က ဒေါ်လ်ဖင် (Dolphin)ဆိုတဲ့ ဟော်တယ် ဖြစ်ပါတယ်။

ဒါနဲ့ သူလဲ စိတ်ဝင်စားသွားပြီး ဟော်တယ်ကို တိုက်ရိုက ဖုန်းလှမ်းချိတ်ပါတယ်။ တနင်္လာနေ့ ရမလားဆိုတော့ မရဘူးတဲ့။ အင်္ဂါလဲ မရဘူးတဲ့။ ကျန်တဲ့ ရက်တွေရောဆိုတော့ ဘွတ်ကင်နဲ့ ပြည့်နေပါပြီတဲ့...။ နောက်နှစ်ဆိုလဲ မရနိုင်ပါဘူးတဲ့...။ အဲဒါနဲ့ သူလဲ တော်တော် စိတ်ဝင်စားသွားပြီး သူ့ရဲ့ စာအုပ်ထုတ်ဝေသူထံကနေတစ်ဆင့် အဆိုပါ အခန်းကို မရရအောင် ဘွတ်ကင်ယူခိုင်းလိုက်ပါတယ်..။
ငှားလို့ရတဲ့အကြောင်း ကွန်ဖမ်းရတော့ သူ စာကြည့်တိုက်သွားပြီးတော့ အဲဒီအခန်းအောကာင်းကို လေ့လာတဲ့အခါမှာ အဲဒီအခန်းမှာ သွားရောက်တည်းခိုဖူးသူတိုင်းဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားကြတဲ့အကြောင်းတွေ ဖတ်ရပါတယ်။ ရက်ရက်စက်စက်ကို သေဆုံးသွားတဲ့အကြောင်း ၁၉၀၀ ပြည့်နှစ်များဆီကနေ အခုခေတ်အထိကို မိုက်ခရိုဖလင်နဲ့ သိမ်းထားတဲ့ သတင်းစာတွေကနေတစ်ဆင့် သိရှိခဲ့၇တယ်။ (စကားမစပ် မြန်မာပြည်မှာ အရင်ကတည်းက အဲဒလို မိုက်ခရိုဖလင်နဲ့ သတင်းစာတွေ သိမ်းတဲ့ နည်းပညာ သုံးနိုင်ခဲ့ရင် ကောင်းမှာပဲလို့ တွေးမိသေးတယ်။) ရုပ်ရှင်အကြောင်း ပြန်သွားလိုက်ရအောင်။

အဲဒီနောက် သူ နယူးယောက်ကို ထွက်သွားပါတယ်။ ဟော်တယ်ရောင်တော့ ရီဆပ်ပ်ရှင်နစ်စ်က သူ့ကို မန်နေဂျာနဲ့ သွားတွေ့ခိုင်းပါတယ်။ မန်နေဂျာကတော့ ဆင်မ်မြူရယ် ဂျက်ဆန်ပါ။ မန်နေဂျာက သူ့ကို အဲဒီအခန်းကို မသွားဖို့ကို တားမြစ်ပါတယ်။ သွားတဲ့သူတိုင်း တစ်နာရီကျော်အောင် မနေနိုင်ကြဖူးလို့လဲ ရှင်းပြပါတယ်။ စာကြည့်တိုက်ထဲက သတင်းစာထဲမှာ မပါတဲ့ ဖုံးကွယ်ထားတဲ့ လူသေမှုအကြောင်းတွေလဲ ပြောပြပါတယ်။ သို့ပေမဲ့ သူကတော့ လာရင်းအကြောင်းကိုပဲ ပြောပြပြီး ဒီတစ်ညတော့ မရရအောင် နေမယ်ဆိုပြီး အခန်းသော့ကို ဇွတ်တောင်းပါတယ်။ မန်နေဂျာက သူ့ကို နှစ်ချို့ဝိုင်အကောင်းစား တစ်ခွက်နဲ့တောင် လာဘ်ထိုးပြီး တားသေးတယ်။ ၀ိုင်ပုလင်းပါသွားတာပဲ အဖတ်တင်တယ်။ မတတ်သာတဲ့ အဆုံး သော့ ထုတ်ပေးလိုက်ရပါတယ်။
အခန်းထဲမှာ သူရောက်သွားတော့ သူကြုံရတာတွေကို တိတ်ရီကော်တာ တစ်လုံးနဲ့ မှတ်တမ်းတင်ပါတယ်။

ဇာတ်လမ်းက အဲဒီမှာ စတာပဲ...။ အဲဒီအခန်းက သင်မိသွားရင် အီလက်ထရောနစ်ကိရိယာတွေ အလုပ်မလုပ်တော့ပါဘူး။ ဖုန်းအလုပ်မလုပ်တော့ပါဘူး...။ ရေဒီယို မရတော့ပါဘူး...။
ဒီလိုနဲ့ သူ အခန်းထဲက ကုတင်ပေါ်မှာ ပျင်းပျင်းနဲ့ ၀ိုင်ထိုင်သောက်နေတုန်း ဗြုန်းဆို ဘေးနားက ရေဒီယိုက ခေတ်ဟောင်းသီချင်း တစ်ပုဒ်ထွက်လာပါတယ်။


သူ့အပေါ်က နာရီက အချိန်မှတ် ကောင်တာတစ်ခုလို ဖြစ်သွားပြီး မိနစ် ၆၀ ကနေ စတင် ရေတွက်ပါတော့တယ်။



အတော်ကို ထိတ်လန့်စရာကောင်းတဲ့ ကားတစ်ကားပါ။ မျက်စိဖွင့်တစ်ဝက် ပိတ်တစ်ဝက်နဲ့ တစ်ကားလုံး ကြည့်ခဲ့ရလောက်အောင် ဘယာနက ရသကို ပေးစွမ်းနိုင်ပါတယ်။ ထိတ်လန့်သည်းဖိုရသကို ခံစားလိုသူများ သွားရောက် မြည်းစမ်းပြီး မိမိရဲ့ သတ်တိကို စမ်းသပ်နိုင်ပါကြောင်း...။

No comments:

Post a Comment