Friday, July 3, 2009

Yoo Ye Eun

သမီးနာမည်က Yoo Ye Eun ဖြစ်ပါတယ်ရှင့်။
သမီးက အခု အသက် ငါးနှစ် ရှိပါပြီ။ သမီး ကျောင်းမတက်သေးပါဘူးရှင့်။
မေမေက နောက်ကျရင် တက်ရမှာပေါ့တဲ့။ ကျောင်းဆိုတာ ဘယ်လိုလဲ ဆိုတာ သမီး သိချင်လိုက်တာရှင့်။
သမီး ကျောင်းတက်ချင်တယ်။ အခုတော့ သမီးက အိမ်မှာ မေမေနဲ့ တစ်ယောက်တည်း နေရတယ်ရှင့်။
ဒါပေမယ့် မေမေက သမီးကို အပြင်ကို အလည်ပို့ပါတယ်။ တစ်ပတ်တစ်ခါလောက်ပါရှင့်။
တစ်ပတ်ဆိုတာ ဘယ်လောက် ရှိတယ်ဆိုတာ သမီး မသိပါဘူးရှင့်။
အဲဒီလို အပြင်ကို သွားရမယ့် နေ့တွေဆို သမီး တစ်အား ပျော်တာရှင့်။

အခုလဲ ဒီနေ့ မေမေက သမီးကို ပြောတယ်။ သမီး အပြင်သွားရမှာ။
လူတွေ အများကြီးနဲ့ တွေ့ရမှာတဲ့။ အပြင်သွားရမယ်ဆို သမီးက အရမ်းပျော်တာရှင့်။
အပြင်သွားရမယ်ဆိုတော့ သမီးက အရမ်းပျော်နေတာ။
အခု သမီးလေး အခန်းတစ်ခုမှာ ရောက်နေတယ်။ အပြင်မှာ လက်ခုပ်သံတွေ ဆူညံနေတာပဲ။
ခဏနေတော့ အန်တီကြီးတစ်ယောက်က သမီးကို စင်ပေါ်ကို လိုက်ပို့တယ်။
အဲဒီမှာ ဦးဦး တစ်ယောက်က သမီးကို ခေါ်ပြီး သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းတယ်။
သမီးထွက်လာတော့ လူတွေ အံ့အားသင့်နေတာပဲ။ တစ်ဟင်ဟင်.. တစ်ဟယ်ဟယ်နဲ့ပေါ့။

နောက် ဦးဦးက သမီးကို မေးတယ်။ သမီးနာမည်တွေ အသက်တွေပေါ့။
နောက် သမီးကို ပီယာနို တီးတတ်လားတဲ့။ ပီယာနိုလား။ တီးတတ်တာပေါ့။ သမီးက အိမ်မှာ ပီယာနို တီးနေတာပဲဟာ။ ဦးဦးက သမီးကို တီးတတ်ရင် တီးပြပါလားတဲ့။
သမီးလဲ သီချင်း တစ်ပုဒ် တီးပြလိုက်တယ်။ အိမ်မှာ မေမေ ဖွင့်ပြလို့ သမီး နားထောင်နေကျ သီချင်းလေ။
သီချင်းက “Fur Elise” ပေါ့။ တစ်ပုဒ်လုံး တီးပြတယ်။ (စကားချပ် - ဒီမှာ နားထောင်ကြည့်ပါ။)
Beethoven Für Elise Rondo.ogg
Beethoven - Für Elise)
လူတွေ အများကြီး ဟာ တွေ ဟင်တွေ ဖြစ်နေတယ်။ ဘာလို့လဲ မသိဘူးနော်။
နောက် တစ်ပုဒ် ထပ်တီးခိုင်းတယ်။ သမီးလဲ တီးပေးတယ်။ ဦးဦးက “ဟာ အဲဒါ.. Fantastic Impromtu” လို့ အော်လိုက်တယ်။
လူတွေ အများကြီး လက်ခုပ် ထပ်တီးတယ်ရှင့်။

နောက်တော့ အန်တီ တစ်ယောက်က လာပြောတယ်။ သူသီချင်း တစ်ပုဒ်ဆိုမယ် .. သမီးက လိုက်တီးပေးနိုင်မလားတဲ့။ သမီးကြိုးစားပေးပါ့မယ်ရှင့်။
အန်တီက အသံကြီးကြီးနဲ့ သီချင်းဆိုတယ်။ သမီးလဲ အန်တီ့အသံနဲ့ လိုက်မယ့် ကီး လိုက်ရှာရတာပေါ့။ ခဏနေတော့ ကီးကိုက်သွားတယ်။ အန်တီလဲ သီချင်းဆိုတာ သမီးနာမည်ပါ ထည့်ဆိုတယ်။ နောက်တော့ သမီးလေး လက်ကို ကိုင်ချင်လို့ပါ ဆိုပြီး သမီးလက်ကို လာကိုင်တယ်။ ဦးဦးကလဲ သမီး နဖူးကို နမ်းတယ်။ လူတွေလဲ တစ်အားပဲ လက်ခုပ်တီးတယ်။
သမီးပျော်လိုက်တာလေ...။ လူတွေ အများကြီး လက်ခုပ်သံတွေ...။
အိမ်မှာလဲ သမီး ပီယာနိုတီးရင် လူတွေ လာလာ နားထောင်ကြတယ်။ လူတွေ လာရင် သမီးပျော်တယ်ရှင့်။
မေမေက သီချင်းကြိုက်တတ်တော့ သူသီချင်း အသစ်ဖွင့်ရင် သမီးသေချာ နားထောင်ပြီး ပြန်ပြန်တီးပြတယ်။ မေမေဆို ပျော်နေတာ...။

ဒါပေမယ့် တစ်ခါတစ်လေ သမီး စိတ်မကောင်းဘူးရှင့်။
တစ်ခါတစ်ခါ မေမေက သမီးကို ဖက်ထားပြီး ငါ့သမီးလေး ကံဆိုးလိုက်တာ...။ ကံဆိုးလိုက်တာနဲ့။
ပြီးတော့ မျက်နှာနားက အပေါက် နှစ်ခုက ရေနွေးနွေးတွေ ကျကျတယ်။
မေမေ့ကို မေးကြည့်တော့ မေမေငိုတာတဲ့။
ငိုတယ်ဆိုတာ။ ဟို မျက်နှာက အပေါက် နှစ်ပေါက်နားက ရေတွေ ကျလာတာ ဟုတ်သလားရှင့်...။
ပြီးတော့လဲ ပြောသေးတယ်။ ငါ့သမီးလေး ကံဆိုးရှာတယ်။ မွေးကတည်းက စက္ခုနှစ်ကွင်း အလင်းမရရှာဘူးတဲ့။ အလင်းဆိုတာ ဘာလဲဟင်။ သိတဲ့သူတွေ ပြောပြပါလား။
အလင်းဆိုတာ ကွေးကွေးလေးလားဟင်။ အေးရော အေးလား။ နောက်ပြီး မြင်တယ်ဆို ဘာလဲဟင်...။



Credit : ozwally

Ye Eun လေးဟာ မွေးကတည်းက မျက်စိ မမြင်ခဲ့ရှာပါဘူး။ အခု လက်ရှိအမေက မွေးစား အမေ ဖြစ်ပါတယ်။ အသက်သုံးနှစ်အရွယ်လောက်မှာ အမေက သီချင်းတစ်ပုဒ်ကို ဖွင့်တော့ သူလေးက နားထောင်ပြီး ချက်ချင်းပဲ ပီယာနိုနဲ့ ပြန်တီးပြခဲ့ရာက သူလေးရဲ့ ပါရမီကို သတိထားမိတာပါ။ ခုနက Fur Elise ကိုလဲ ဘယ်သူကမှ သင်မပေးရပါပဲနဲ့ တစ်ခေါက်သာ နားထောင်ပြီး လက်တန်းတီးတာပါ။ ဘယ်မြူးဇစ်Sheet အကူမှ မပါပဲ တစ်ယောက်တည်း တီးတာပါ။ ပါရမီရှင်မလေးပါ။ အခုတော့ စတားကင်းအစီအစဉ်ကနေ ပြသရတဲ့အထိ နာမည်ကျော်သူလေးပါ။


(မနေ့က စီဘောက်ပရိတ်သတ် မျိုးက ဗွီဒီယိုကလစ် တစ်ခုကို မေးလ်နဲ့ ပို့လာပါတယ်။ ဖွင့်ကြည့်တော့ Koraen က တီဗွီ အစီအစဉ် တစ်ခုဖြစ်တဲ့ Star King အစီအစဉ်မှာ ဒီကလေးမလေး လက်စွမ်းပြတာကို တင်ဆက်တဲ့ ကလစ်လေး ဖြစ်ပါတယ်။ ဒါ့ကြောင့် သူနဲ့ ပတ်သက်တာလေးတွေကို ယူထုမှာ လိုက်ရှာမိတော့ တွေ့မိတာနဲ့ ဒီမှာပဲ မျှဝေပေးလိုက်ပါတယ်။ တော်တော်ခံစားမိတဲ့ အဖြစ်အပျက်တစ်ခုပါပဲ။)

12 comments:

  1. စိတ်ဝင်စားစရာပါ
    ဖြန့် ဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
    spy cam ball pen လည်း လာကြည့်ပါဦး

    ReplyDelete
  2. လူတိုင်းမှာ ပါရမီ တစ်မျိုးစီတော့ ရှိစမြဲပဲလေ..။ သိရတဲ့ အတွက် ကျေးဇူးပါ..။

    ReplyDelete
  3. ခလုပ်တွေ ကျတော့ သူဘယ် လို သိလဲ ဟင်... တော်လိုက်တာ
    မီးချစ် ကတော့ ဒို ရေ မီ ဖာ ဆို လာ တီ နဲ့  တင် ရပ် သွားတယ်
    အဟီး

    ReplyDelete
  4. What a gifted little girl? So emotional

    ReplyDelete
  5. သနားပါတယ်...Yoo Ye Eun ပျော်ရွှင်ပါစေ။

    ReplyDelete
  6. မျက်ရေမခိုင်ပါဘူးဆိုမှ ကိုဘက ဖွဲ့ပြလိုက်တာ ငိုတော့မယ်၊ ဟွန်း၊ ခုတလော တော်တော်နု၊

    သမီးလေးတော်လိုက်တာ၊ မျက်စိမမြင်လို့ပဲ ဒီဘက်မှာ ပါရမီဒီလောက်ပါလား မသိပါဘူး၊ လူ့ဘဝက တခုရှိရင် တခြားတခုကို ပေးလိုက်ရတဲ့ သဘောမျိုးဖြစ်နေတာ တွေ့တွေ့နေတယ်

    ReplyDelete
  7. သနားပါတယ်နော်...

    ReplyDelete
  8. တကယ့်ပါရမီရှင်ပါပဲ... ကိုဘွိုင်းကိုတောင် မဆီမဆိုင် သတိရသွားတယ်... ပါရမီရှိပုံချင်း တူလိုက်တာလို့...

းဝ)

    ReplyDelete
  9. မေဇင် - ကျွန်တော်တော့ ဘာပါရမီမှ မပါဘူး ထင်ပါရဲ့။ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်တာ မတွေ့ရဘူး။

    မီးမီးချစ် - ခလုတ်တွေကို နှိပ်တော့ အသံထွက်တယ်လေ။ အဲဒီကမှ သူအသံတွေကို နားယှဉ်ပြီး ဘယ်နေရာ ဒို ဘယ်နေရာ မီ ဆိုတာ သိတာပေါ့။

    မီယာ - ပါရမီရှင်လေးပါ။

    Potato - ထိုနည်းလည်းကောင်း ဆုတောင်းပေးပါတယ်။

    Mae - မျက်ရည်မခိုင်ရင် ပုဝါဆောင်ထားပါ။ အမြင်အာရုံ ချွတ်ယွင်းတော့ အကြားအာရုံမှာ ထက်သွားတဲ့ သဘောပေါ့။

    Rose of Sharon - ဟုတ်တယ်။ သနားစရာကောင်းသလို ဂရုဏာ သက်စရာလဲကောင်းတယ်။

    ကိုလူထွေး - ကျွန်တော့်ကို ဘာလို့ သတိရသွားတာလဲ။ သိပါရစေခင်ဗျ။

    ReplyDelete
  10. ဟေးး နာ့မှာ လဲ ပါရမီ ရှိတယ်လေ ကိုဘရဲ့ ခိခိ ပေါပါရမီလေ ဟဟ သိဘူးရား ကိုဘရ ခိခိ

    ReplyDelete
  11. ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိတာကိုက ပါရမီ တမျိုးလား မသိဘူး။ (ကိုယ့်ဘာသာ ပြောတာပါ)

    ReplyDelete
  12. ဂရုဏာသက်စရာလေးနော်။ မျှပေးတာကို ကျေးဇူး ဘွိုင်းဇ်ရေ။ နင်လည်း ပါရမီရှိပါတယ်။ ဆော့တဲ့ဝဲတွေနဲ့လေ(စတာနော်) ။ ဆော့ဖ်ဝဲလ်ဆိုင်ရာမှာ နင်လည်းကျွမ်းပြီးသားပဲနော်
    maylay

    ReplyDelete