Monday, May 14, 2012

Bali Trip 01 : Preparation

http://www.indo.com/images/watercolor/penari.lowres.jpg 
Credit to : Indo.com


မင်္ဂလာပါ ပိတ်သတ်ကြီးတို့...။
သင်္ကြန်ပြီးနောက်ပိုင်း ပျောက်ချက်သား ကောင်းနေလိုက်တာ ခုမှ ပြန်ပေါ်လာတယ်။
ပျောက်ဆို ခေါင်းစဉ်ပါအတိုင်း ဘာလီကို ခရီးထွက်ဖို့ စီစဉ်နေရတာကိုး...။
အခုတော့ ခရီးထွက်ရာကနေ ပြန်ရောက်လာပါပြီ။ အသားတွေလဲ မည်းလို့......

တစ်ကယ်တော့ ခရီးထွက်ဖို့ အစီအစဉ် မရှိပါဘူး။
တစ်ယောက်သော သူမက ခရီးထွက်ချင်တယ် ခွင့်ရက်တွေ ရှင်းစရာ ကျန်နေတယ် ဆိုတာနဲ့ စီစဉ်ဖြစ်လိုက်တာပါ...။
စစီစဉ်တုန်းက ဘာလီကို မဟုတ်ပါဘူး။
မလေးရှား ကို အလုပ်ကိစ္စနဲ့ ရက်ရှည် ရောက်နေတဲ့ သူငယ်ချင်းကို သွားတွေ့ရင် ဂျန်းတင်းကို သွားဖို့ စီစဉ်ကြတာပါ...။
အဲဒီကို သွားဖို့ ဗီဇာ လိုတယ် ဆိုတာနဲ့ ပင်နီစူလားက ဗီဇာလျှောက်ပေးနေကြ Sin Myanmar ကိုချီတက်ပြီး ပတ်စ်ပို့ စာအုပ်တွေ သွားအပ်ကြပါတယ်။ သူငယ်ချင်းတစ်ယောက်လဲ ဂျန်းတင်းကို လိုက်မယ်ဆိုပြီး ဗီဇာလျှောက်ဖို့ တူတူသွားကြပါတယ်။ စင်ကာပူ ဒေါ်လာ ၂၅ ကျပ် ကျသင့်ပါတယ်။
မလေးဗီဇာအတွက် စာအုပ်တွေ ထားခဲ့ပြီး ဗီဇာကိစ္စကို စပ်စုကြည့်တော့ ကမ္ဘောဒီးယား ဗီဇာကို အွန်လိုင်းကနေ E-Visa လျှာက်ရင်လဲ ရတယ်လို့ သိရတယ်။ USD 25 ကျသင့်မယ် လို့ သိရပါတယ်။

အဲဒီနောက် ဘယ်ရက်လောက်ကို ခရီးထွက်ဖြစ်မလဲ ဆိုတာကို ရှာကြည့်လိုက်တော့ Vesak Day ကို အစားထိုးပိတ်ပေးတဲ့ ရက်တွေက အဆင်ပြေလောက်တယ် လို့ ဆုံးဖြတ်ပြီး မေလ ၅၊ ၆၊ ၇ ရက်နေ့တွေကို ရွေးလိုက်တယ်။

ရက်ရွေးပြီး ကားလက်မှတ်အတွက် Golden Mile Complex က ခရီးသွား အေးဂျင့်တွေဆီ လက်မှတ်စုံစမ်းဖို့ သွားကြတယ်။ လက်မှတ်တွေက အစားစားပဲ့...။
ည ၁၀ နာရီထွက်တဲ့ ကားတွေ ကို စီးသွားရင် အသင့်တော်ဆုံးဆိုတာ သိရတယ်။ ( လမ်းခရီး ကြာချိန် စုစုပေါင်း ၁၀ နာရီဆိုတာ သိရတယ်။)
ဂိုက်ငှားခ၊ ကားခနဲ့ မနက်စာ နဲ့ ဟိုတယ်ခ နဲ့ ကားပေါ်တစ်ညအိပ် ဟိုတယ်တစ်ညအိပ် သုံးရက်ခရီးကို ၁၂၀ ကျော် ကျတယ်။
တန်တယ်လို့ ဆိုရမှာပေါ့။

ဒါပေမယ့် ဖြစ်ချင်တော့ အတူလိုက်မယ့် သူငယ်ချင်းက မလိုက်နိုင်တော့သလို မလေးရှားကို ရောက်နေတဲ့ သူငယ်ချင်းက စင်ကာပူကို အလုပ်ကိစ္စနဲ့ ဝင်လာမယ် ဆိုတော့ မလေးရှားခရီးစဉ်က ပျက်သွားရော...။

ဒါဆိုလဲ ကမ္ဘောဒီးယား သွားပြီး ရှေးဟောင်း အန်ကောဝပ် ဘုရားတွေ သွားဖူးကြမယ်။ Siem Reap ကို သွားမယ် ဆိုပြီး လေယာဉ်လက်မှတ်တွေ လိုက်ရှာတာ ပိတ်ရက်နဲ့ တိုက်နေလို့ Silk Air တစ်ခုပဲ နေရာရှိတော့တယ်။ သို့သော်လည်း ဘွတ်ကင်တင်ပြီး Silk Air ဆိုဒ်က အယ်ရာ တက်နေတာနဲ့ ၂-၃ ရက် ကြာသွားတယ်။

ဆိုဒ်ပြန်တက်လာတော့လည်း ကိုယ် ဘွတ်ကင်တင်ထားတဲ့ ၂၃၀ တန် အသွားအပြန် က မရတော့ပဲနဲ့ ၆၀၀ ကျော်တန် ခရီးစဉ်ပဲ ရှိနေတယ်။ နောက် ခရီးစဉ်ရှိတဲ့ ရက်တွေက အဂါင်္နဲ့ ကြာသပတေးနေ့ ဖြစ်လေတော့ ခွင့်တွေ အတော်ပုပ်နေတယ်။

အဲဒါနဲ့ တစ်ခြား ခရီးစဉ် ရှိလို ရှိငြား လိုက်ရှာတော့ ဂျက်စတားက အင်ဒိုနီးရှားက  ဘာလီ ကျွန်းကို ခရီးစဉ် ရှိတယ် ဆိုလို့ လက်မှတ်ဈေးကြည့်လိုက်ပါတယ်။ ဘာလီ ဆိုလို့သာ ရွေးလိုက်တာ။ ဘယ်နေရာမှာ ရှိတယ် ဘယ်လေဆိပ်လဲ ဆိုတာကို အဲဒီချိန်ကျမှ ကမန်းကတန်း Google လိုက်ရတယ်။ လေဆိပ်က Denpasar မြို့နားကို ဆင်းမယ်တဲ့။ (အဲဒီမြို့က ဘာလီကျွန်းမှာ မြို့တော်လို ဖြစ်နေတာပါ။)

လေယာဉ်လက်မှတ်ကြည့်လိုက်တော့လဲ ကီလိုမပါ၊ အစားအသောက်မပါ လေယာဉ်စရိတ်က ဈေးကြီးနေတယ်။ တစ်ခြား လေကြောင်းတွေ လိုက်ရှာတော့ Singapore Airlines့ က ထူးထူးခြားခြား ဂျက်စတားထက် သက်သာတဲ့ အပြင် အသွားအပြန် ကီလို ၄၀ ရနေသေးတယ် ဆိုတော့ ဘာလီခရီးစဉ်ကို ရွေးပြီး စင်ကာပူ လေကြောင်းနဲ့ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်တစ်ခုက Krisflyer Member ဝင်ထားရင် စင်ကာပူလေကြောင်းကို အသုံးပြုပြီး ကိုယ်သွားခဲ့သမျှ မိုင်ခရီးတွေကို စုဆောင်းထားနိုင်ပါတယ်။  သူတို့ သတ်မှတ်ထားတဲ့ ပွိုင့်တစ်ခု ရောက်ရင် လေယာဉ်လက်မှတ် အခမဲ့ ပြန်ပြီး Redeem လုပ်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ အဲဒါနဲ့ ကျွန်တော့် မန်ဘာကဒ်နဲ့ပဲ အသုံးပြုပြီး စင်ကာပူ လေကြောင်းလိုင်းကနေ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ခွင့်တင်ထားတဲ့ ရက်တွေကလဲ ကပ်နေတော့ ဘာလီကိုပဲ ရွေးလိုက်ပါတယ်။ အွန်လိုင်းကနေပဲ ခရဒ်ဒစ်ကဒ်နဲ့ ဝယ်လိုက်ပါတယ်။ အေးဂျင့်ဆီ သွားနေရင် လက်မှတ် မကျန်တော့မှာ စိုးလို့ပါ။ ကံကောင်းပါတယ်။ ဝယ်ပြီးလဲ ပြီးရော နေရာ ထိုင်ခုံရွေးတော့ တစ်ယောက်တစ်ခုံပဲ ရပါတော့တယ်။ နှစ်ယောက်တွဲထိုင်လို့ မရတော့ပါဘူး။ အပြန်ကိုတော့ တူတူ ထိုင်လို့ရတဲ့ နေရာတွေ ကျန်ပါတယ်။
(ဂျက်စတားဆို ခုံရွေးခ ၁၅ ကျပ် သတ်သတ် ထပ်ပေးရမယ်။ နောက် အစားအသောက်လဲ ထပ်ပေးရမယ်။ ကီလိုခ၊ လေယာဉ်ပေါ် ချမ်းလို့ စောင်ငှားတာက အစ ပိုက်ဆံပေးရလို့ အားလုံး တွက်ကြည့်လိုက်ရင် စင်ကာပူ လေကြောင်းနဲ့ တူတူလောက် ကျသွားပါတယ်။)

ဘာလီ သွားမယ်ဆိုတော့ ဘယ်ကိုတည်းမယ် ဘယ်သွားမယ်ဆိုတာ ခရီးစဉ် ဆွဲဖို့ လိုလာပါတယ်။ ဖြစ်ချင်တော့ ကျွန်တော့ရုံးကလဲ အလုပ်တွေ ဆက်တိုက် ကျလာပါတယ်။ အဲဒါနဲ့ ဘယ်နေရာကို သွားမယ် ဘယ်နေရာမှာ တည်းမယ် ဆိုတဲ့ တာဝန်ကို တစ်ယောက်သော သူမ (အသည်းလေး) ပေးလိုက်ပါတယ်။ ကိုယ်လဲ လက်လှမ်းမီသမျှ မေးကြည့်ပါတယ်။ တစ်ချို့သော ဘလော့ဂ်ဂါများက အင်ဒိုနီးရှားမှာ ရှိတယ်ဆိုတဲ့ ဘလော့ဂါ ကိုသောမတ်စ်ကို ဆက်သွယ်ဖို့ ပြောပါတယ်။ ကိုသောမတ်က အင်ဒိုမှာ မနေတော့ပါဘူး။ ဘာလီပို့စ်ကို ညွှန်းပေးတဲ့ မိတ်ဆွေများအတွက် ကျေးဇူးတင်ပါတယ်။

ဘာလီ အကြောင်းကို Run Through ဖတ်ကြည့်တော့ နေစရာ တည်းစရာ ပေါများတယ်လို့ ဆိုပါတယ်။ လည်စရာ ပတ်စရာတွေက များလွန်းလို့ အားလပ်ရက်ရှည်ရှည် များများ ပြင်ဆင်ထားပါမှ နှံ့ပါမယ်တဲ့...။ ဒီအတိုင်း သွားလဲ ရတယ် . ဟိုရောက်မှ တည်းခိုခန်း လိုက်ရှာလဲ အဆင်ပြေတယ် လို့ ညွှန်းကြပါတယ်။ သို့သော်လည်း ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ အရပ်ဒေသ ဖြစ်သည်က တစ်ကြောင်း သူတို့ ပြောစကားများ မရှိသည်က တစ်ကြောင်း နယ်ခံ မိတ်ဆွေ မရှိသည်က တစ်ကြောင်းတို့ကြောင့် ဟိုတယ်ကို မသွားခင်ကပဲ ဘွတ်ကင်လုပ်ဖို့ စီစဉ်ပါတယ်။

ဒီနေရာမှ တစ်ခုမျှဝေချင်တာကတော့ ဘယ်အရပ်ဒေသကို မဆို သွားချင်တယ်ဆိုရင်ဖြင့် Tripadvisor ဆိုတဲ့ ဆိုဒ်ကလေးကို သွားပြီး ဖတ်ကြည့်ကြပါလို့...။ အစကတော့ ကျွန်တော် ဖတ်လေ့ မရှိပါဘူး။ နောက်ပိုင်း Today သတင်းစာက ခရီးသွား သတင်းထောက်က မြန်မာပြည် ကို အလည်သွားတာ TripAdvisor ဖတ်ပြီး သွားလည်တာ လို့  ညွှန်းထားလို့ အဲဒီ ဆိုဒ်ကို သွားဖတ်မိပါတယ်။ အဲဒီဆိုဒ်က တစ်ကမ္ဘာလုံးက သူလက်လှမ်းမီသမျှ ဟိုတယ်၊ လေယာဉ်ခရီးစဉ်၊ အားလပ်ရပ် သွားလည်ဖို့ နေရာ၊ Tourist Attractions စတာတွေကို တစ်စုတစ်စည်းတည်း ထားပေးတဲ့ နေရာပါ။ ဟိုတယ် ဆက်ရှင်မှာ ဆိုရင် ဟိုတယ် တစ်ခုချင်းစီအလိုက် နိုင်ငံအလိုက် တင်ထားပြီး အဲဒီ ဟိုတယ် တစ်ခုချင်းစီရဲ့ အောက်မှာ သွားရောက် တည်းဖူးသူတွေက ဆိုးသည် ကောင်းသည် ကော်မန့် ပေးထားတာကို ဖတ်နိုင်ပါတယ်။

အဲဒါနဲ့ အဲဒီ ဆိုဒ်ကနေတစ်ဆင့် ဟိုတယ်အကြောင်းကို အရင် ဖတ်ပါတယ်။ အသည်းလေးက သူ့ဖေ့ဘွတ်ထဲက သွားဖူးတဲ့ သူငယ်ချင်းတွေဆီကလဲ အချက်အလက်တွေ စုဆောင်းပါတယ်။ TripAdvisor ကို ဖတ်ဖူးတဲ့ အသည်းလေးက အကြံပေးပါတယ်။ နာမည်ကြီးဟိုတယ်တွေကို လိုက်ကြည့်ပြီး အဲဒီနေရာနား တစ်ဝိုက်က ဈေးသင့်တာတွေ ရှာဖို့...။

အဲဒါနဲ့ သူပေးတဲ့ အကြံအတိုင်း လိုက်ရှာပါတယ်။ ကမ်းခြေနဲ့ ပိုနီးပြီး လူစည်တဲ့ နေရာကို တွေ့ပါတယ်။ Kuta နဲ့ Legian ကို တွေ့ပါတယ်။ Shopping Area, Night Life နဲ့ Club တွေက Kuta ဖက်မှာ ပိုများပါတယ်။ Jalan Legian တစ်လျှောက်၊ Jalan Poppies Lane 1,2 နဲ့ အဓိအားဖြင့် Jalan Patai Kuta တစ်ဝိုက်တွေက အဓိက နေရာ လူစည်တဲ့ နေရာတွေ ဖြစ်ပါတယ်။

အဲဒီနားတစ်ဝိုက်လိုက်ရှာကြည့်တော့ နာမည်ကြီး Harris Resort Hotel ကို တွေ့တယ်။ နေရာကိုလဲ သဘောကျတာနဲ့ TripAdvisor ထဲက Harris Hotel နဲ့ ပတ်သက်တာကို ဖတ်မိတယ်။ နောက် ဟိုတယ် ဘွတ်ကင် ဆိုဒ် တစ်ခုဖြစ်တဲ့ Agoda ထဲမှာလဲ Rating တွေ ပေးထားတာ 4 Stars 5 Stars တွေ ပြည့်နေတော့ နေရာကို ရွေးဖြစ်ပါတယ်။  Kuta နား တစ်ဝိုက်ဖြစ်ပါတယ်။ ဈေးနှုန်းကို စုံစမ်းကြည့်တော့ ၂၀၀ ကျော် ဖြစ်နေတာနဲ့ လက်လျှော့ပြီး သူ့အနား တစ်ဝိုက်က ဟိုတယ်တွေ ရှာတယ်။

Harris Hotel က ကမ်းနားလမ်း ဖြစ်တဲ့ Jalan Pantai Kuta ပေါ်မှာ ရှိတာပါ။ ကမ်းခြေနဲ့ အဲဒီလမ်းပဲ ခြားပြီး ကမ်းခြေကို မျက်နှာမူပြီး အနောက်ဖက်ကို မျက်နှာမူ ဆောက်ထားတဲ့ ဟိုတယ် ဖြစ်ပါတယ်။ သူ့ဘေးနားက လမ်းသွယ်လေးက Jalan Poppies Lane 2 ပါ။ အဲဒီလမ်းသွယ်လေးထဲမှာ ဈေးသက်သာတဲ့ ဟိုတယ်
သွားတွေ့ပါတယ်။ Dekuta Hotel ပါတဲ့...။



http://img.agoda.net/hotelimages/172/172338/172338_1006071131003137165_STD.jpg

 Dekuta Hotel ရဲ့ အတွင်းခန်း

http://farm6.staticflickr.com/5283/5228149481_0b3021d34a.jpg

                                                                 Dekuta Hotel  ရဲ့ ရေကူးကန်။


နောက်တစ်ခုကတော့ Best Western Resort Hotel  ဖြစ်ပါတယ်။ 

ဟိုတယ် နှစ်ခုစလုံးကို တည်းဖူးသူတွေက TripAdvisor မှာပဲ Comment တွေ ပေးထားတာ တွေ့တော့ အချိန်ပေး ဖတ်ကြည့်တယ်။

Dekuta ဟိုတယ်က အိမ်သာထဲက Seawage အနံ့တွေ ထွက်တယ်တဲ့။ ဟိုတယ်ဘေးက လူနေအိမ်မှာ ကြက်တွေ မွေးထားလို့ မနက်မနက်ဆို ကြက်တွန်သံတွေ ကြားရတယ်တဲ့။ Best Wentern ဟိုတယ်ကတော့ အခန်းကျဉ်းပြီး ခြင်ကိုက်တယ်။ ဘေးနားမှာ Construction Site ရှိနေပြီး အသံ ဆူညံမှုတွေ ဖြစ်နေကြောင်း လောလောလတ်လတ် တည်းဖူးသူတွေက မှတ်ချက်ရေးထားတယ်။ အဲဒါနဲ့ Harris ကိုပဲ တည်းမယ် လုပ်ခါမှ ကော်မန့်တွေ ပြန်ဖတ်ကြည့်တော့ သူလဲပဲ ဘေးနားမှာ ရှေ့နားမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် ရှိနေလို့ အသံ ဆူညံပြီး Beach ကိုလဲ မမြင်ရတော့တဲ့ အကြောင်း ရေးထားပြန်ရော...။

ကိုယ်ကလဲ လူစည်ကားတဲ့ Kuta ဧရိယာပဲ လိုချင်တာ ဆိုတော့ နောက်ဆုံး တွေ့ထားတဲ့ Dekuta နဲ့ Best Wentern ထဲက တစ်ခုခုကို ရွေးဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ညလုံး ခြင်ကိုက်မယ့် ဟိုတယ်ကို ပယ်လိုက်ပြီး Dekuta ကို ဖုန်းဆက်ကြည့်တယ်။ အဲဒီက Reception့ က ညဆိုင်းကျတဲ့ Ivan ဆိုတဲ့ ဝန်ထမ်းကို အနံ့ဆိုးအကြောင်း စုံစမ်းတာပေါ့။ အွန်လိုင်းဆိုဒ်တွေမှာ ဖတ်ရတယ်။ အဲဒါ အခြေအနေ ဘယ်လို ဖြစ်လဲ ဘာညာ ဆိုတော့ စည်ပင်ဖက်က ပိုက်လိုင်းတွေကြောင့် သူတို့ ဟိုတယ် တင်မက အနီးအနားက ဟိုတယ်တွေပါ ထိခိုက်တယ် ဆိုတဲ့ အကြောင်း၊ အခုတော့ စည်ပင်ကလဲ ပြင်ပြီးသွား၊ သူတို့လဲ ပြင်ဆင်ပြီး ပိုက်အသစ်တွေ လဲလိုက်လို့ အနံ့အသက် မရှိတဲ့ အကြောင်း အာမခံပါတယ်။

အဲဒါနဲ့ Dekuta Hotel ကို ဘွတ်ကင်လုပ်ဖို့ Agoda ကို ဘွတ်ကင် တင်ကြည့်တော့ သူ့ဈေးက ဟိုတယ်ရဲ့ ဝဘ်ဆိုဒ်ကနေ တိုက်ရိုက် သွားဘွတ်ကင် လုပ်တာထက် ဈေးနည်းနည်း များနေလို့ ဟိုတယ်ကနေပဲ ဟိုတယ်ကို ဘွတ်ကင် တင်ပါတယ်။ Discount Promotion ဘာညာ နှု့တ်လိုက်တော့ အသားတင် ၄ ည ၅ ရက်စာကို စင်ကာပူ ဒေါ်လာ ၃၀၄ ကျပ် ကျသင့်ပါတယ်။ မနက်စာ အပါအဝင် ဖြစ်ပါတယ်။

ကိုယ့်ခရဒ်ဒစ်ကဒ် အင်ဖော်မေးရှင်းတွေ အကုန်ထည့်ပြီး ဘွတ်ကင် တင်လိုက်ပါတယ်။ ရေကူးကန်ဖက်ကို မျက်နှာမူတဲ့ အခြမ်းကို ပေးဖို့ Request လုပ်ပါတယ်။ ပိုက်ပိုက်တော့ မဖြတ်သေးပါဘူး။ Check In လုပ်မှ ငွေသားနဲ့ ပေးချေမလား ကဒ်နဲ့ ပေးမလား ဆိုတဲ့ အချက်ပေါ် မူတည်ပြီး တည်းခိုခ ရှင်းပေးရပါမယ်။

ကိုယ့်ဖက်က လိုအပ်တဲ့ အချက်အလက်တွေ နာမည်၊ ကဒ် Info: တွေ ပြည့်စုံပြီ။ ဟိုတယ်ကလဲ ကိုယ့်ကဒ်သည် တရားဝင်ဖြစ်ကြောင်း အတု မဟုတ်ကြောင်း စစ်ဆေးပြီးတာနဲ့ ဟိုတယ် Booking Confirmation ကို ကိုယ့် အီးမေးလ်ထဲကို ပို့လာပါမယ်။ အဲဒါကို ပရင့် ထုတ်ထားဖို့ လိုပါမယ်။

ဟိုတယ် ဘွတ်ကင် ရတော့ စိတ်ချမ်းသာသွားပါတယ်။

နားပါဦးမယ် ဒေါ်အေးကြွယ်....။

P.S : ထုံးစံအတိုင်းပဲ လေပေါနေတာကြောင့် လိုရင်း မရောက်သေးပါကြောင်း...။ :P

8 comments:

  1. ကိုယ်တို့သွားတုန်းကလည်း dekuta ပဲ။ ကောင်းပါတယ် အဲဒီဟာလေး။

    ReplyDelete
    Replies
    1. ဟုတ်တယ်။ နေလို့ ကောင်းတယ်။ ညအိပ်နဲ့ မနက်စာပဲ ဟိုတယ်မှာ နေဖြစ်တာ...။
      ကျန်တဲ့ တစ်ချိန်လုံး လမ်းပေါ်မှာချည်းပဲ...။

      Delete
  2. မျှော့နေမယ်.. ကျော့ကေသွယ်

    ReplyDelete
    Replies
    1. လာပါမည် ဒေါ်ဇာခြည်...။

      Delete
  3. ဆက်ပါအုန်း ဆပ်ပြာတုန်း

    ReplyDelete
    Replies
    1. ဆက်မယ်လေ သက်ခြယ်မေ...
      ယလဲ့.. ငါကွ...။

      Delete
  4. ဆက်ရေးလေ ကိုဘွိုင်းဇ်... အမတို့ မရောက်ဖူးသေးဘူး အခု ကလေးကျောင်းပိတ်ရက်မှာ သွားမလားလို့...း))

    ReplyDelete
  5. ဆက်မယ် အစ်မ... အချက်အလက်တွေ ပြန်ရှာနေလို့...။

    ReplyDelete