Saturday, May 31, 2008

အကြင်နာတွေနဲ့ ဖေးကူပါ...။ (မြန်မာ အနုပညာရှင်များ သီဆိုသည်...။)

Update(11 June 2008) : Comment တွင်ရရှိသော request ကြောင့် ဤပိုစ့်တွင် မူလက တင်ထားသော mp3 file ကို ဖယ်ရှားထားပါသည်။ ကိုခင်မောင်သန့်မှ request လုပ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။ စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

I am khin mg thant (Iron Cross)who organized to produce a song regarding to Nargis donation.Our works not finish yet.But the song has been exposed to the website some unscrupulous people.Our intention is to donate for Nargis people . The singers also contributed out of their own heart for donation .Please i have to request not to use this song at this time. After we have donated you can use it If it is in ur blog pls cancel it .By helping us you r helping them also we hope u r in a position to help .Thanks for ur help.Please forward to other blog who might use this song
with thanks,

KMT(IC)

တစ်လောက စင်ကာပူမှာ တရုတ် ငလျင်ဘေးအတွက် ရန်ပုံငွေ ရှာဖွေပွဲအဖြစ် စင်ကာပူကနေ ကမကထလုပ်ပြီး ထင်ရှားတဲ့ အနုပညာရှင်များကို ဖိတ်ခေါ်ကာ အနုပညာစွမ်းနဲ့ လိုက်ဖ်ရှိုးတစ်ခု ကျင်းပခဲ့ပါတယ်...။
ရန်ပုံငွေပေါင်း ဒေါ်လာ သန်းနဲ့ချီပြီး ရသွားပါတယ်...။
အဲဒီပွဲကို ကြည့်ပြီး ကျွန်တော်တို့ မြန်မာပြည်က မုန်တိုင်း ဒုက္ခသည်များအတွက် ဒီလိုရန်ပုံငွေ ရှာဖွေပွဲတစ်ခု လုပ်ပေးနိုင်ခဲ့ကြရင် ကောင်းမှာပဲလို့ ချဉ်ခြင်းတပ်မိပါတယ်...။
မဖြစ်နိုင်မှန်းတော့ သိတာပေါ့...။
ဒီလို ကူညီမှုတွေနဲ့ ပါတ်သက်တဲ့ သီချင်းတွေကလဲ ရှားတော့ ပွဲလုပ်ဖြစ်ရင်တောင်မှာ အချစ်သီချင်း၊ အသဲကွဲ သီချင်းတွေနဲ့ပဲ ဖျော်ဖြေရမှာပါ့ လို့ ထင်မိခဲ့ပါတယ်...။ No offense! Just my thoughts only.
(အိုင်စီ ၁၅ နှစ်မြောက် အန်ပလဂ်တုန်းကတော့ ကွယ်လွန်သူ ထူးအိမ်သင် ရေးတဲ့ “လောကကို အလှဆင်ကြစို့” သီချင်းလား မသိဘူး..။ အဲဒီသီချင်းတစ်ပုဒ်ပဲ အချစ်အကြောင်းနဲ့ ကင်းတာ...။ စောဘွဲ့မှူး သီချင်းများလဲ ရှိရင်ရှိမှာပေါ့...။)
မှတ်မိတဲ့ တစ်ခြား သီချင်းကတော့ ဆောင်းဦးလှိုင်ရေးပြီး ဆောင်းဦးလှိုင်၊ အေးချမ်းမေ၊ စည်သူလွင် ဆိုတဲ့ “ငြိမ်းချမ်းရေး နှင်းဆီ” သီချင်း...
မျိုးကြီးဆိုတဲ့ “နေရောင်အောက်က အသက်ရှုသံများ” သီချင်းတို့....။

အခု နောက်ဆုံး သီဆိုလိုက်ကြတဲ့ သီချင်းကတော့ ရင်ကို တိုက်ရိုက်ထိရှတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်...။
အင်တာနက် ဘလော့ဂ်စာမျက်နှာများ၊ အီးမေးလ်များ၊ အွန်လိုင်း စာမျက်နှာများမှာ လတ်တလော ပျံ့နှံ့နေတဲ့ သီချင်းပါ...။
နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်သွားတဲ့သူတွေကို ရည်စူးပြီး ရေးသားသီဆို ထုတ်လုပ်တဲ့ သီချင်းလို့ ယူဆမိပါတယ်...။ “အကြင်နာတွေနဲ့ ဖေးကူပါ” လို့ အမည်ရပါတယ်...။
ဒီသီချင်းကြောင့် လူသားချင်း စာနာထောက်ထားတဲ့ စိတ်ထားများ ပွားများနိုင်ပါစေ...။
အချင်းချင်း ဒီ့ထက်မက ကူညီနိုင်ကြပါစေ...။ တေးရေးတော့ ဘယ်သူလဲတော့ သေချာ မသိဘူး။ စာသားကြည့်ရတာ ၀င်းမင်းထွေးနဲ့ တစ်ခြားသူနဲ့ ပေါင်းရေးတာလား မသိဘူး...။

သီဆိုတဲ့ အနုပညာရှင်များတော့ နားထောင်မိတဲ့အထဲက မှတ်မိသလောက်
၀၁။ လေးဖြူ
၀၂။ အငဲ
၀၃။ ၀ိုင်ဝိုင်း
၀၄။ မျိုးကြီး
၀၅။ ဇော်ပိုင်
၀၆။ ကြိုးကြာ
ဝရ။ လေးလေးဝါး
၀၈။ ထူးအယ်လင်း
၀၉။ ချောစုခင်
၁၀။ စင်ဒီ ???
၁၁။ ဆုန်သင်းပါရ်
၁၂။ ရှင်ဘုန်း or ခင်ဘုန်း ??? (တယ်လီဖုန်း သီချင်းဆိုတဲ့သူ)
၁၃။ ကိုအောင် ???
၁၄။ အယ်နောင်း ???
၁၅။ ဟန်ထွန်း
၁၆။ ဖြူဖြူကျော်သိန်း
၁၇။ R ဇာနည်
၁၈။ L လွန်းဝါ ???or လင်းနစ် ??? (နောက်ဆုံး chorus ပိုဒ် မတိုင်ခင် အသံချိုချိုနဲ့ ၀င်ဆိုတာ...။)

(???? တွေက မသေချာပါ...။ အသံကို သေချာ မကျက်မိတော့လို့ပါ...။)

တို့ ဖြစ်ပါတယ်...။

(မူရင်း တေးရေး/တေးဆို/ထုတ်လုပ်သူများထံ ခွင့်မတောင်းပဲ မျှဝေခြင်း ဖြစ်ပါသည်...။ စီးပွားရေးအတွက် မျှဝေခြင်း မဟုတ်တဲ့အတွက် နားလည်ကြပါလိမ့်မယ် ထင်ပါတယ်...။ အချိန် အတိုင်းအတာ တစ်ခုအထိသာ ကျွန်တော့် ဘလော့ဂ်ပေါ်မှာ တင်ထားမှာ ဖြစ်ပါတယ်..။ ညာဘက် အပေါ်က side bar မှာ အဲဒီ သီချင်းပေါင်းလေးပုဒ်ကို တင်ထားပေးပါတယ်...။)

အောက်ကတော့ အကြင်နာတွေနဲ့ ဖေးကူပါ သီချင်းရဲ့ စာသားတွေပါ...။


အကြင်နာတွေနဲ့ ဖေးကူပါ..။
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင် ပျက်စီးသွား

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော် မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား
(အူး.. အားလုံးရဲ့အဖြေလား)

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်
အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား ...
အိုး ဘ၀တွေ တစ်ခေါက်ပြန်လှစေဖို့
အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘ၀တွေ နာကြင်ခြင်း)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ နာကြင်အဖေါ်မဲ့ ဘ၀တွေ


Song Lyrics Credit to : နေနေနိုင်
ဖြည့်စွက်ချက်။ ။ သီချင်းကို သေချာ နားထောင်ပြီးတဲ့နောက် သီချင်းကို ရေးစပ်သီကုံးသူ တေးရေးဆရာ၊ ပါဝင် သီဆိုကြတဲ့ အနုပညာရှင်များ၊ တီးခတ်ပေးကြတဲ့ အနုပညာရှင်များ၊ ထုတ်လုပ်ပေးတဲ့ ပရိုဂျူဆာများကို သန့်သန့်လေး ကျေးဇူးတင်မိတယ်...။

Wednesday, May 28, 2008

အားဘန်းနဲ့ စိတ်ဖွပ်ရအောင်...။

ခေါင်းစဉ်ကို ကြည့်ပြီး ခေါင်းစားသွားမယ် ထင်တယ်...။
အခုတစ်လော နုနယ်တဲ့ ခံစားလွယ်တဲ့ စိတ်လေးတွေ ညစ်ထေးနေလို့ သန့်စင်သွားအောင် လျှော်ဖွပ်ဖို့ ပြောချင်တာပါ...။
အားလုံးတူတူ ခဏတာလောက် စိတ်ကို အနားပေးလိုက်ရအောင်လား...။

အီးမေးလ်ထဲကို ၀င်လာတဲ့ ဟာသလေးတစ်ခုပါ...။
အဓိက ဇာတ်ကောင်ကတော့ ကာတွန်းကိုတွတ်ပီရဲ့ ဇာတ်ကောင် ကိုစောတင်မောင်လို လုပ်လိုက်ရင် တစ်လွဲ ဖြစ်တတ်တဲ့ “အားဘန်း” လို့ အမည်ရတဲ့ ဇာတ်ဆောင်ပါ...။ မတူတာကတော့ အားဘန်းက ပိုထုံတယ်...။ ပိုတုံးတယ်...။ တစ်ခါတစ်လေ အားဘန်းရဲ့ စဉ်းစားချက်တွေဟာ သာမာန်မဟုတ်တဲ့အတွက် အများ အမြင်မှာ ရီစရာ ဖြစ်နေပါတယ်...။

ရင်မောစရာ ဘ၀အမောများကို ခဏတာလောက် ဘေးဖယ်ထားပြီး ရယ်မောလိုက်ရအောင်လား...။

၁။ ဖုန်းနံပါတ် အသစ် ပြောင်းလဲခြင်း။
အားဘန်း တစ်ယောက် ဖုန်းအသစ်ဝယ်ပြီးတဲ့နောက် သူ့ဖုန်းစာအုပ်ထဲက သူငယ်ချင်းများဆီကို SMS နဲ့ အကြောင်းကြားပါတယ်...။
“ဟေး... သယ်ရင်းတို့...။ ကိုယ်အခု ဖုန်းနံပါတ်အသစ် ပြောင်းလိုက်ပြီ...။ အရင် Nokia 3310 ...အခုတော့ Nokia 6610”
(ဖုန်းနံပါတ်နဲ့ မော်ဒယ်နံပါတ်ကို မခွဲတတ်ပုံ)

၂။ တော်လိုက်တဲ့ ငါ့သား။
အားဘန်း။ ။ ကိုယ့်သားအငယ်ကောင် အခု ဆေးကျောင်းမှာ ရောက်နေတယ်...။ ကိုယ်သူ့အတွက် အရမ်းဂုဏ်ယူတယ်...။
အားဘန်း သူငယ်ချင်း။ ။ ဟုတ်လား။ ဘာမေဂျာနဲ့ ဆေးကျောင်းမှာ စာသင်နေတာလဲ...။
အားဘန်း။ ။ ကိုယ့်သားရဲ့ ထူးခြားတဲ့ ခန္ဒာကိုယ် ကို သူတို့က ပြန်လေ့လာနေတာ...။

၃။ မနက်ဖြန်မှ။
အားဘန်း။ ။ ကျွန်တော် အိပ်မက်ထဲမှာ ညတိုင်း ဘောလုံးကန်နေတယ်လို့ မက်တယ်ဆရာ။ ညတိုင်းပဲ...။
ဆရာဝန်။ ။ ဟုတ်လား။ ဒါဆို ဒီည မအိပ်ခင် ဒီဆေးသောက်လိုက်...။
အားဘန်း။ ။ မနက်ဖြန်ညမှ သောက်လို့ ရမလားဆရာ...။ ဒီနေ့က ဖိုင်နယ်ရောက်နေလို့...။

၎။ တူတူပဲ။
အားဘန်း။ ။ ကိုယ်သေရင် မင်း နောက်အိမ်ထောင်ပြုမလားဟင်။
ဇနီး။ ။ ဟင့်အင်း...။ ညီမလေးနဲ့ပဲ တူတူနေမယ်...။ ရှင်ရော ကျွန်မသေခဲ့ရင် နောက်အိမ်ထောင်ပြုမလားဟင်။
အားဘန်း။ ။ ဟင့်အင်း.. မင်းညီမလေးနဲ့ပဲ တူတူနေမယ်လေ...။

၅။ အိုးမိုင်ဂေါ့ဒ်။
အားဘန်း။ ။ လူတွေက ကိုယ့်ကို ဘုရားသခင် အမှတ်နဲ့ ဆက်ဆံကြတယ်...။
ဇနီးသည်။ ။ ဟုတ်လား။ ရှင် ဘယ်လို သိလို့တုန်း...။
အားဘန်း။ ။ ကိုယ်ပန်းခြံထဲ ၀င်သွားတာနဲ့ အားလုံးက “အိုး ဘုရားရေ... နင်လာပြန်ပြီလား”တဲ့...။

၆။ ချန်ထားခဲ့တယ်။
အားဘန်း။ ။ ရဲမှူးကြီးခင်ဗျား...။ သူခိုးက ကျွန်တော့်အိမ်က တီဗွီကလွဲလို့ ကျန်တဲ့ ပစ္စည်းတွေ မ သွားပါတယ်ခင်ဗျား...။
ရဲမှူးကြီး။ ။ ဘာလို့ သူခိုးက တီဗွီကို ချန်ခဲ့တာတုန်း...။
အားဘန်း။ ။ ကျွန်တော် တီဗွီထိုင်ကြည့်နေလို့ပါ...။

၇။ အားဘန်းကို အတန်းထဲမှာ ဘယ်လို ရှာကြမလဲ...။
အတန်းထဲမှာ ဆရာမက ကူးချစရာစာတွေကို ကျောက်သင်ပုန်းမှာ ရေးပြီးနောက် ပြန်ဖျက်လိုက်တဲ့ အချိန်မှာ မှတ်စုစာအုပ်ထဲက ကူးထားတဲ့ စာတွေကို လိုက်ဖျက်နေတဲ့ ကိုယ်တော်ချောဟာ အားဘန်းပေါ့...။

၈။ ဟုတ်တာပဲ...။။
အားဘန်း။ ။ ဒီအပြေးသမားတွေ ဘာလို့ ပြေးနေကြတာတုန်း...။
နံဘေးကလူ။ ။ အနိုင်ရသူတစ်ယောက်က ဆုဖလားရမှာလေ...။
အားဘန်း။ ။ အနိုင်ရမှာက တစ်ယောက်ထဲကို ဘာလို့ အကုန်လုံးက လိုက်ပြေးနေကြတာတုန်း...။ တစ်ယောက်တည်း ပြေးရင် တော်ရောပေါ့...။

၉။ မှန်လိုက်လေခြင်း။
ဆရာမ။ ။ “I killed a person” ဆိုတဲ့ ၀ါကျကို Future Tense အနေနဲ့ ပြောင်းပြစမ်း... အားဘန်း...။
အားဘန်း။ ။ “You will go to jail” ပါ ဆရာမ...။

၁၀။ ဘာဖြစ်လဲ။
အားဘန်း။ ။ ဟဲ့...ကောင်မလေး...။ ပန်းခြံထဲက အပင်တွေကို ရေထွက်လောင်းလိုက်စမ်း...။
အစေခံ။ ။ မိုးရွာနေတယ် သခင်...။
အားဘန်း။ ။ အဲဒီတော့ ဘာဖြစ်လဲ...။ ထီးမိုးပြီး သွားလောင်းချည်...။ ခိုင်းလိုက်ရင် ဆင်ခြေတွေ ချည်းပဲ...။
အစေခံ။ ။ တိန်...။

ပြုံးပျော်ဟားနိုင်ကြပါစေ။

Monday, May 26, 2008

What a Wonderful and Unfair World ?

ဒီနေ့ကြားလိုက်ရတဲ့ သတင်း တစ်ခုကြောင့် လောကကြီးကို အရမ်း... အရမ်းကို အံ့သြမိပါကြောင်း...။
လောကပါလ တရားဆိုတာကို ပိုပြီး သံသယဖြစ်မိပါကြောင်း...။
ကောင်းတာ လုပ်ရင် ကောင်းတာရမယ်ဆိုတဲ့ တရားကို မယုံကြည်သလို ဖြစ်လာတဲ့ အကြောင်း...။

အကြည်ဓါတ် ပိုခမ်းသွားပြီ...။
ရေးမလို့ ပြင်နေတဲ့ စာတွေ ပျောက်ကုန်ပြီ...။

စိတ်ကုန်တယ်...။
စိတ်ပျက်တယ်...။
စိတ်လေတယ်...။
ရွံရှာတယ်...။
စက်ဆုပ်တယ်...။

တစ်ကယ်ကို ပြောစရာ စကားတွေ ကုန်သွားပြီ...။
တစ်ကယ်... လေတယ်... ဒီနေ့...။

Saturday, May 24, 2008

ပြန်ရဦးမလား...။

တစ်ခါက ဒါတွေ ရှိခဲ့တာပေါ့လို့ ပြောစမှတ် ပြုရတော့မှာလား...။

၁။ ပုသိမ် ထီး၊ ဟာလ၀ါ။
၂။ ဖျာပုံ ပေါ်ဆန်းမွှေး။
၃။ ဘိုကလေး မီးသွေး၊ ပုဇွန်ခြောက်။
၎။ လပွတ္တာဆား။

ဘယ်တော့များမှ ပုံမှန် အခြေအနေကို ပြန်ရောက်မှာပါလိမ့်...။
ဖန်တီးရှင်များ ဘ၀ကို စာနာမိတယ်...။ သူတို့တစ်တွေ အခြေအနေ ဘယ်လိုရှိနေကြပါလိမ့်...။

History of Fail Efforts (OR) Frustration, False Hopes and Failure

History of Fail Efforts : အောင်မြင်မှု မရှိသော ကြိုးစားအားထုတ်မှု မှတ်တမ်းများ။
Frustration : စိတ်အနှောင့်အယှက် ဖြစ်ခြင်း၊ စိတ်ဆိုး ဒေါသထွက်ခြင်း၊ အမျက်ခြောင်းခြောင်း ထွက်ခြင်း။
False hopes : ဖြစ်နိုင်ချေမရှိသော မျှော်လင့်ချက်၊။
Failure : တစ်စုံတစ်ခုသော ကိစ္စရပ်ကို ပြီးပြည့်စုံအောင် မဆောင်ရွက်နိုင်ခြင်း၊ ပျက်ကွက်ခြင်း။

Source : Google News .


နေရောင်အောက်က အသက်ရှုသံများ။

ခပ်ကြမ်းကြမ်းလေး ၀င်သရမ်းသွားတဲ့
သဘာဝတရားရဲ့ ကျီစယ်မှု...။
ဖန်လုံအိမ်ကြောင့်တဲ့...။
သဘာဝတရားကို လျှော့တွက်တတ်တဲ့
လူ့သဘာဝကြောင့်တဲ့...။
အရိပ်လို ကပ်ပါလာတဲ့
အတိတ်က ကံတရားကြောင့်တဲ့...။

အပြစ်ကင်းတဲ့ ကလေးများရဲ့
ချစ်စဖွယ် ရီသံများနဲ့
စည်ကားနေခဲ့တဲ့ နေရာက
အခုတော့
တစ်စပြင် တစ်ခုလို
တိတ်ဆိတ်လို့...။

အကွယ်အကာမဲ့တဲ့
အမိုးမဲ့တဲ့ဗလာထီးထီး
ကမ္ပလာမြေထု အထက်ဆီမှာ
တစ်ယောက်တည်း ရပ်နေရင်း
အနောက်ဘက်ဆီမှာ
မိုးညို့လာရင်ကို
စိုးထိတ်နေမိပြီ...။

ခိုနားဖို့ အတွက် အရိပ်တစ်ခု...။
နောက်မနက်တစ်ခု အတွက်
အသက်ဆက်ဖို့
ရေကြည်တစ်ပေါက်...။
နေ့သစ်တစ်ခုကို
တစ်ဖန်ပြန်ကြုံရဖို့
လိုအပ်နေတဲ့ အစားတစ်လုတ်...။
ဘယ်မှာလဲ... ဘယ်မှာလဲ... ဘယ်မှာလဲ...။

မျှော်လင့်ခြင်းနဲ့ ငတ်မွတ်နေတဲ့
မျက်လုံးအစုံများ...။
စိုးရိမ်မှုနဲ့ ထုံမွမ်းနေတဲ့
အတွေးနက်နက်များ...။
မရောရာတဲ့ မနက်ဖြန်ပေါင်းမြောက်များစွာ...။


အော်...
ဒါလား သဘာဝတရားရဲ့ ကျီစယ်မှု...။
ဒါလား ဖန်လုံအိမ် အာနိသင်...။
ဒါလား အတိတ်က ကမ္မ အကျိုးအာနိသင်...။

လောကကြီး...
ခင်ဗျား သိပ်ရက်စက်တယ်...။

(မယောင်ရာ ဆီလူးနေကြသော၊ တုံ့ပြန်မှု နှေးကွေးနေသော သူများသို့...။ )

Friday, May 23, 2008

Yesterday .... မနေ့က

မနေ့က
အားကုန်လုဆဲဆဲ ပန်းပွင့်ကို
မြေသြဇာ သွန်းလောင်းနိုင်ခဲ့တယ်...။

မနေ့က
ရွက်ကျပင်ပေါက် တစ်ပင်ရဲ့
တွယ်ရာမဲ့ နိဒါန်းကို
အဆုံးသတ်ဖို့
အစပျိုးတဲ့ ဇာတ်ကွက်ကို
တွေ့ရတယ်...။

မနေ့က
ကိုယ့်အရိပ်ကို ပြန်လန့်နေတဲ့
အတိတ်တစ္တေအခြောက်ခံသူများရဲ့
ဆင်ကန်းတောတိုး ကမူးရှုးထိုး
တုန့်ပြန်မှုကို
ခါတိုင်းလို ကြုံရပြန်တယ်...။

မနေ့က
မနိုင်ဝန်ထမ်းပြီး
မဖြည့်စွမ်းနိုင်တဲ့ ဂတိတွေ
အထပ်ထပ် အခါခါ
ပေးခဲ့တဲ့၊ ပေးနေတဲ့၊ ပေးနေဦးမယ့်
လူတစ်ယောက်ကို တွေ့ခဲ့တယ်...။

မနေ့က
ရှာမှရှားတဲ့ သမိုင်းဝင် ဖြစ်ရပ်တစ်ခု
အစပျိုးခြင်းကို ကြုံလိုက်ရတယ်...။

မနေ့က
တစ်သက်လုံး ကြားလာခဲ့တဲ့
စကားပုံတစ်ခု
ပြောင်းပြန်ဖြစ်တာ
ကြားဖူးသွားတယ်...။

မနေ့က...
မနေ့က...
(မနေ့က...)။