Wednesday, September 12, 2007

Apartment 1303


ခုတစ်လော ရုပ်ရှင်ကြည့်တာ ဓါတ်ကျနေတယ်။ ရေးမိတိုင်းလဲ ရုပ်ရှင်အကြောင်းတွေချည်းပဲ။ ဒီတစ်ခေါက် ကြည့်မိတဲ့ ကားကတော့ ဂျပန် ထိတ်လန့်သည်းဖို ကားတစ်ကားပါ ...။ ဂျပန်ထိတ်လန့် သည်းဖိုကားတွေက The Ring့ နဲ့ နာမည်ရလာခဲ့တာ ဆိုတော့ ခု ဒီဇာတ်ကားကိုလဲ အဆိုပါ ကားများနဲ့ တန်းတူ သဘောထားပြီး သွားကြည့်ခဲ့ပါတယ်။ အဖေါ်ပါရင် ပိုကောင်းမယ်...။ ကြည့်မယ်ဆိုရင် အဖေါ်နဲ့ သွားကြည့်ကြနော...။

ဇာတ်လမ်းအကျဉ်းပဲ ရေးပြတော့မယ်။ ကွန်ဒိုမီနီယံ တစ်ခုမှာပေါ့...။ ည သန်းခေါင်ကျော် တစ်ယောက်တည်း ပြန်လာလို့ ဓါတ်လှေကား တက်စီးရင် ဗြုန်းဆို ကိုယ့်ဘေးနားမှာ ဂျပန်ကီမိုနို ၀တ်ထားတဲ့ မျက်နှာတစ်ခုလုံးကို ဆံပင်ရှည် အဖြူနဲ့ ဖုံထားတဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာပြီး ဓါတ်လှေကား တက်စီးလေ့ ရှိသတဲ့။ ၁၃ ထပ်ကို ရောက်ရင် ဒီအထပ်က ၁၃ ထပ်လားဆိုပြီး မပီမသ မေးတတ်တယ်။ အမေးခံရသူက ကောင်ူကောင်းမကြားလို့ ပြန်မေးမိရင် ငါ့မျက်လုံး ပြန်ပေးဆိုပြီး ဟောက်ပက် ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ လှမ်းတောင်းတတ်သတဲ့...။ အဲဒီလို သတင်းတွေနဲ့ နာမည်ကြီးနေတဲ့ တိုက်ရဲ့ အထပ် ၁၃ ထပ်မြောက်က အခန်း နံပါတ် ၃ ကို လာငှားတဲ့ သူတိုင်း တိုက်ပေါ်က တစ်နည်းနည်းနဲ့ ပြုတ်ကျ၊ ခုန်ချကြပြီး သေတာချည်းပဲတဲ့...။ (အခန်းခကလဲ ဈေးချိုလွန်းသတဲ့။) သေတဲ့သူတွေဟာ ၂၀ ၀န်းကျင်တွေ ဖြစ်ပြီး အမျိုးသမီး တွေသာ ဖြစ်ပါတယ်။ အိမ်ကနေ ပထမဦးဆုံး တစ်ယောက်ထည်း အခန်းငှားနေတဲ့သူတွေ ဖြစ်ကြောင်း ရဲမှတ်တမ်းများ အရ တိုက်ဆိုင်နေပါတယ်။ ဒီလို ဆုံးသွားတဲ့ သူတွေထဲက တစ်ယောက်ရဲ့ အစ်မဖြစ်သူဟာ ဒီအကြောင်းကို မကျေနပ်လို့ နယ်မြေတာဝန်ခံ ရဲတစ်ယောက်နဲ့ ပူးပေါင်း စုံစမ်းလိုက်တဲ့အခါ...။
ဒန်တန့်တန်...။
ရင်ခုန်ခြောက်ခြားဖွယ်အတိပါတကား...။ ဓါတ်လှေကားက အခန်းကကတော့ ဟောင်ကောင်မင်းသမီ ရှုကြည်သရုပ်ဆောင်တဲ့ မျက်လုံးဇာတ်ကားနဲ့ ခပ်ဆင်ဆင်ရယ်...။ အဲဒီဟောင်ကောင်ကားကြည့်ပြီးကတည်းက ဓါတ်လှေကားတွေကို တတ်နိုင်သမျှ ရှောင်ထားခဲ့တာ...။ အခုဒီရောက်မှ ပြန်စီးဖြစ်တယ်။ အခု ဒီကားကို ပြန်ကြည့်တော့ ည ည ညဥ့်နက်အချိန်ပိုက ပြန်လာတဲ့ ကျွန်တော့်အတွက် ၈ ထပ်ကို လှေကားနဲ့ပဲ ကုန်းကြောင်းတက်ရမလို ဖြစ်နေပြီ...။
အဲဒီနေ့က ကျွန်တော်ထိုင်တဲ့ ခုံတန်းမှာ ကျွန်တော် တစ်ယောက်တည်းပဲ ရှိပါတယ်။ ရေကြည့်လိုက်မှ ဟိုးနှစ်တန်းကျော်လောက်က လူ ၃ ယောက်ရယ်..။
ကျွန်တော်ရယ် ကျွန်တော်ရယ် အဲဒီ ၃ ယောက်ရယ်မှ ပေါင်း ၄ ယောက်တည်းနဲ့ ည ၁၁း၃၀ ရှိုးကို ကြောက်ကြောက်လန့်လန့်ကြည့်ပြီး အပြန် ရုပ်ရှင်ရုံက ဓါတ်လှေကားနဲ့ အဆင်းမှာ ဂျမ်း ဖြစ်သွားရင်း၊ အခန်းကို အပြန်မှာ မီးကို ချွေတာတဲ့အနေနဲ့ တစ်တိုင်ခြား လမ်းမီးလင်းနေတဲ့ မှောင်မဲမဲ တိုက်ကြားမှာ ပြန့်ကျဲနေတဲ့ တစေကြီးပွဲက စက်ကူဝါ၀ါတွေကြားမှာ ဟိုးပရလောကသားတွေဆီ ဟွန်ဒီလွဲပေးတုန်းက ငွေစက်ကူမီးရှို့လို့ ထွက်လာတဲ့ မီးခိုးမြူဆိုင်းဆိုင်းကြားမှာ သုတ်သုတ်နဲ့ ပြန်ခဲ့တုန်း ခွေးချေးပုံလား ကြောင်ချေးပုံလား မသိ တက်နင်းခဲ့ရတဲ့ ကားတစ်ကားပါ...။ (ကြောက်မလားလို့ ရေးလာလိုက်တာ နောက်ဆုံးခန်းမှ နံလိုက်တာ..။)

1408 ခြောက်ခြားဖွယ် ညတစ်ည

ကြောက်တတ်ရင်တော့ ဒီကားကို မကြည့်ဖို့ ပြောပါရစေ..။
သဲထိတ်ရင်ဖို သရဲကားပါ။
ကားနာမည်က 1408 တဲ့...။
သရုပ်ဆောင်ကတော့ ဂျွန်ဂူးဆက် (John Cuseck)ဖြစ်ပါတယ်။ ခါတိုင်း ဒရာမာ ဇာတ်လမ်းတွေပဲ ရိုက်ရာကနေ အခုတော့ သဲထိတ်ရင်ဖို သရဲကားဖက်ကို လှည့်ရိုက်ပါတယ်။ သရုပ်ဆောင် သက်တမ်းက မနည်းတော့ အခုကားမှာ သရုပ်ဆောင်တာ အတော် ပီပြင်ပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ ဒီလိုပါ။
မင်းသားက သရဲသုတေသီ တစ်ယောက်ပေါ့။ သရဲ နာမ် လောကနဲ့ ပါတ်သက်ပြီး ကိုယ်တိုင် ကွင်းဆင်း လေ့လာပြီး မှတ်တမ်းတင်ကာ စာအုပ်ထုတ်ရေးစားနေတဲ့ စာရေးဆရာ တစ်ပိုင်း သုတေတီ တစ်ပိုင်း ဖြစ်ပါတယ်။

မိန်းမနဲ့ ကွဲနေပါတယ်။ မိန်းမနဲ့ ကွဲပြီးနောက်ပိုင်း တစ်မြို့ဆီမှာ နေပါတယ်။ သမီးလေးတစ်ယောက် ရှိခဲ့ဖူးပေမယ့် ကုမရတဲ့ ရောဂါတစ်ခုကြောင့် ဆုံးပါးသွားခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့်လဲ သူ့မိန်းမနဲ့ ကွဲပြီး တစ်ယောက်ထဲ တေလေနေကာ စာရေးစားတဲ့ အလုပ်ကို လုပ်နေပါတယ်။

အမေရိကားတစ်လွှား သရဲခြောက်ပါတယ်လို့ နာမည်ကျော်ကြားနေတဲ့ အိမ်တွေ၊ ဟော်တယ်တွေကို သွားပြီး... ကိုယ်တိုင် ညလုံးပေါက်နေကာ အတွေ့အကြုံ ယူပါတယ်။ အဲဒီကနေတစ်ဆင့် အမှန်တကယ် ခြောက်တာကို ကြုံခဲ့ရသလို နာမည်ကြီးအောင် အတုအယောင် သတင်းလွှင့်တာတွေနဲ့လဲ ကြုံခဲ့ရပါတယ်။ အဲဒီအတွေ့အကြုံတွေကို အခြေခံပြီး ရေးတဲ့ သူ့စာအုပ်တွေကတော့ ရောင်းတမ်းဝင်ထဲမှာ ပါမြဲ ပါနေတာပေါ့။

သရဲခြောက်တဲ့နေရာတိုင်းကို လိုက်လိုက်ပြီး လေ့လာစူးစမ်းရေးသားလေ့ ရှိတဲ့အတွက် သူ့ဆီကို အနယ်အနယ်အရပ်ရပ်က ဖိတ်ခေါ်စာတွေ ရောက်တတ်ပါတယ်။ ဘယ်အရပ်က ဘယ်အိမ် ဘယ်ဟော်တယ်ကဖြင့် သရဲခြောက်လွန်းလို့ လာရောက် စူးစမ်းလှည့်ပါ ဘာညာပေါ့...။

တစ်ရက်မှာတော့ သူ့ဆီကို ထူးဆန်းတဲ့ ပို့စ်ကဒ် တစ်စောင် ရောက်လာပါတယ်။ ပို့စ်ကဒ်ကတော့ ဟော်တယ် ကြော်ငြာ ပို့စ်ကဒ် ဖြစ်ပြီး အခန်းနံပါတ် ၁၄၀၈ ကို လုံးဝ မ၀င်ပါနဲ့ ဆိုတဲ့ စာသား တိုတိုတုတ်တုတ်လေးပဲ ပါပါတယ်။
အဲဒီဟော်တယ်ဟာ နယူးယောက်က ဒေါ်လ်ဖင် (Dolphin)ဆိုတဲ့ ဟော်တယ် ဖြစ်ပါတယ်။

ဒါနဲ့ သူလဲ စိတ်ဝင်စားသွားပြီး ဟော်တယ်ကို တိုက်ရိုက ဖုန်းလှမ်းချိတ်ပါတယ်။ တနင်္လာနေ့ ရမလားဆိုတော့ မရဘူးတဲ့။ အင်္ဂါလဲ မရဘူးတဲ့။ ကျန်တဲ့ ရက်တွေရောဆိုတော့ ဘွတ်ကင်နဲ့ ပြည့်နေပါပြီတဲ့...။ နောက်နှစ်ဆိုလဲ မရနိုင်ပါဘူးတဲ့...။ အဲဒါနဲ့ သူလဲ တော်တော် စိတ်ဝင်စားသွားပြီး သူ့ရဲ့ စာအုပ်ထုတ်ဝေသူထံကနေတစ်ဆင့် အဆိုပါ အခန်းကို မရရအောင် ဘွတ်ကင်ယူခိုင်းလိုက်ပါတယ်..။
ငှားလို့ရတဲ့အကြောင်း ကွန်ဖမ်းရတော့ သူ စာကြည့်တိုက်သွားပြီးတော့ အဲဒီအခန်းအောကာင်းကို လေ့လာတဲ့အခါမှာ အဲဒီအခန်းမှာ သွားရောက်တည်းခိုဖူးသူတိုင်းဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားကြတဲ့အကြောင်းတွေ ဖတ်ရပါတယ်။ ရက်ရက်စက်စက်ကို သေဆုံးသွားတဲ့အကြောင်း ၁၉၀၀ ပြည့်နှစ်များဆီကနေ အခုခေတ်အထိကို မိုက်ခရိုဖလင်နဲ့ သိမ်းထားတဲ့ သတင်းစာတွေကနေတစ်ဆင့် သိရှိခဲ့၇တယ်။ (စကားမစပ် မြန်မာပြည်မှာ အရင်ကတည်းက အဲဒလို မိုက်ခရိုဖလင်နဲ့ သတင်းစာတွေ သိမ်းတဲ့ နည်းပညာ သုံးနိုင်ခဲ့ရင် ကောင်းမှာပဲလို့ တွေးမိသေးတယ်။) ရုပ်ရှင်အကြောင်း ပြန်သွားလိုက်ရအောင်။

အဲဒီနောက် သူ နယူးယောက်ကို ထွက်သွားပါတယ်။ ဟော်တယ်ရောင်တော့ ရီဆပ်ပ်ရှင်နစ်စ်က သူ့ကို မန်နေဂျာနဲ့ သွားတွေ့ခိုင်းပါတယ်။ မန်နေဂျာကတော့ ဆင်မ်မြူရယ် ဂျက်ဆန်ပါ။ မန်နေဂျာက သူ့ကို အဲဒီအခန်းကို မသွားဖို့ကို တားမြစ်ပါတယ်။ သွားတဲ့သူတိုင်း တစ်နာရီကျော်အောင် မနေနိုင်ကြဖူးလို့လဲ ရှင်းပြပါတယ်။ စာကြည့်တိုက်ထဲက သတင်းစာထဲမှာ မပါတဲ့ ဖုံးကွယ်ထားတဲ့ လူသေမှုအကြောင်းတွေလဲ ပြောပြပါတယ်။ သို့ပေမဲ့ သူကတော့ လာရင်းအကြောင်းကိုပဲ ပြောပြပြီး ဒီတစ်ညတော့ မရရအောင် နေမယ်ဆိုပြီး အခန်းသော့ကို ဇွတ်တောင်းပါတယ်။ မန်နေဂျာက သူ့ကို နှစ်ချို့ဝိုင်အကောင်းစား တစ်ခွက်နဲ့တောင် လာဘ်ထိုးပြီး တားသေးတယ်။ ၀ိုင်ပုလင်းပါသွားတာပဲ အဖတ်တင်တယ်။ မတတ်သာတဲ့ အဆုံး သော့ ထုတ်ပေးလိုက်ရပါတယ်။
အခန်းထဲမှာ သူရောက်သွားတော့ သူကြုံရတာတွေကို တိတ်ရီကော်တာ တစ်လုံးနဲ့ မှတ်တမ်းတင်ပါတယ်။

ဇာတ်လမ်းက အဲဒီမှာ စတာပဲ...။ အဲဒီအခန်းက သင်မိသွားရင် အီလက်ထရောနစ်ကိရိယာတွေ အလုပ်မလုပ်တော့ပါဘူး။ ဖုန်းအလုပ်မလုပ်တော့ပါဘူး...။ ရေဒီယို မရတော့ပါဘူး...။
ဒီလိုနဲ့ သူ အခန်းထဲက ကုတင်ပေါ်မှာ ပျင်းပျင်းနဲ့ ၀ိုင်ထိုင်သောက်နေတုန်း ဗြုန်းဆို ဘေးနားက ရေဒီယိုက ခေတ်ဟောင်းသီချင်း တစ်ပုဒ်ထွက်လာပါတယ်။


သူ့အပေါ်က နာရီက အချိန်မှတ် ကောင်တာတစ်ခုလို ဖြစ်သွားပြီး မိနစ် ၆၀ ကနေ စတင် ရေတွက်ပါတော့တယ်။



အတော်ကို ထိတ်လန့်စရာကောင်းတဲ့ ကားတစ်ကားပါ။ မျက်စိဖွင့်တစ်ဝက် ပိတ်တစ်ဝက်နဲ့ တစ်ကားလုံး ကြည့်ခဲ့ရလောက်အောင် ဘယာနက ရသကို ပေးစွမ်းနိုင်ပါတယ်။ ထိတ်လန့်သည်းဖိုရသကို ခံစားလိုသူများ သွားရောက် မြည်းစမ်းပြီး မိမိရဲ့ သတ်တိကို စမ်းသပ်နိုင်ပါကြောင်း...။

Sunday, September 9, 2007

စိုင်းထီးဆိုင် မောင့်လပြည့်ဝန်း အမ်တီဗွီ (သို့) အိုရေ ပိုလိုရေ (သို့) Chinese Ghost Story


အချိန်မအားတာနဲ့ ကိုယ့်ဘလော့ဂ်ပေါ်ကို မလှည့်ဖြစ်တာ တော်တော်ကြာသွားပါပကော။ တစ်ခုကောင်းတာက ကိုယ့်ကို ကပ်ကြွားသွားတာ မခံလိုက်ရတာပဲ။ :D ဒီတစ်ခေါက်ပြချင်တဲ့ ဗွီဒီယိုလင့်ခ်လေးက ကိုကွာကွာ တင်ထားတဲ့ စိုင်းထီးဆိုင်ရဲ့ မောင့်လပြည့်ဝန်း သီချင်းအမ်တီဗွီပေါ့လေ။ စိန မြန်မာ ဖက်စပ် ထုတ်လုပ်ထားတာပဲ။ သီချင်းလေး ကောင်းသလို နောက်က အမ်တီဗွီနောက်ခံရဲ့ ဇာတ်လမ်းလေးလဲ ကောင်းတယ်...။

တစ်ကယ်တော့ အဲဒီနောက်က ဗွီဒီယိုက ဟိုးလွန်ခဲ့သော အနှစ်နှစ်ဆယ်လောက်က စုန်းသရဲ၊ကဝေ၊ မှော်ကားတွေ ခေတ်စားစဉ်တုန်းက ကျော်ကြားခဲ့တဲ့ ဟောင်ကောင် တရုတ် သရဲကားပေါ့..။
ဒီဇာတ်လမ်းလေးက နာမည်ကြီးလွန်းလို့ ဒီသရုပ်ဆောင်တွေနဲ့ အပိုင်း ၁ ၂ ၃ ၄ စသဖြင့် အပိုင်း ၇ အထိ ကို ရိုက်ခဲ့ကြတယ်။ ဒီဇာတ်လမ်းကိုပဲ တစ်ခြား သရုပ်ဆောင်၊ မင်းသား၊ မင်းသမီးနဲ့ ထပ်ရိုက်ကြသေးတယ်။ ဒါပေမဲ့ အသစ်တွေ ဘယ်လိုပေါ်ပေါ် ဒီအဟောင်းကိုတော့ မမှီကြဘူးလို့ ဆိုကြတယ်။ ကျွန်တော်လဲ ဒီအဟောင်းကိုပဲ ပိုကြိုက်တယ်...။ ငယ်ငယ်တုန်းက ဒီကားကို ဗွီဒီယိုရုံမှာ ကြော်ငြာပြီဆိုရင် "အိုရေ ပိုလိုရေ သရဲကား" ဆိုပြီး ကြော်ငြာလေ့ရှိတယ်...။ ပြတိုင်း ရုံပြည့်ရုံလျှံပဲ...။ ပိုင်ရှင် အမြတ် ၁၀ ဆ မက ရတဲ့ကားဆိုတာ ဒီကားပဲ ရှိမယ်ထင်ပါရဲ့။
(မှတ်ချက်။ ။ တီဇက်အေရဲ့ ဘာဘာညာညာ ပြတဲ့ ဗွီဒီယိုရုံ မဟုတ်ပါ...။ သူ့ဗွီဒီယိုရုံအကြောင်း ဖတ်ချင်ရင် ဒီကို သွားပါ...။ တီဇက်အေမှ ကြောငြာခ ပြန်ပေးရန်။)
ဇာတ်လမ်းအကျဉ်းပြောရရင် အရင် စိန်တိုင်းမှာ ဘုရင်တွေ အုပ်စိုးစဉ်တုန်းက နန်းတွင်းပညာကျော်ဘွဲ့လက်မှတ်ရဖို့ဆိုရင် နေပြည်တော်ကို စာမေးပွဲ သွားဖြေကြရတယ်။ စာမေးပွဲက တစ်နှစ်မှ တစ်ခါလား မသိ ကျင်းပတယ်။ ဆိုတော့ ဘ၀လမ်းတိုးတက်ရေးအတွက် စာပေပညာရှင်များဟာ ကိုယ့်နေရပ် တစ်နယ် တစ်တောင်ကျေးကနေ နေပြည်တော်ထိကို ခက်ခက်ခဲခဲ လာရောက်ပြီး ၀င်ရောက် ဖြေဆိုကြတယ်။ တစ်နှစ်မှာ တစ်ယောက်ပဲ အောင်လက်မှတ်ကို လှမ်းယူခွင့်ရှိတယ်။ ကွာလတီ ထိန်းတာပေါ့ဗျာ။ ဆိုတော့ကာ... ဒီဇာတ်လမ်းထဲက မင်းသားလေးလဲ နေပြည်တော်တက်ပြီး စာပေပညာရှင်ဘွဲ့ကို ဖြေဆိုဖို့ အလာ လမ်းမှာ မထင်မှတ်ပဲ တစ်ခြားလောက က ပရသား (သရဲမဆိုတော့ ပရသမီးလို့ ဆိုရင် ပိုမှန်မလားပဲရယ်။) နဲ့ကြုံရော..။ ပုံမှန်အားဖြင့်ဆိုရင် အဲဒီ ပရသားတွေဟာ သူတို့နယ်ထဲ နယ်ကျွံရောက်လာတဲ့ လူသားတွေကို ဂုတ်သွေး စုပ်ခွင့်ရှိတယ်။ သို့သော် ဒီပရသမီးလေးကျတော့ (စကားမစပ် ချောတယ်နော်...။) မင်းသားလေးကို မြင်မြင်ချင်း သဘောကျသွားပြီး ဖမ်းမစားပဲ တစ်ခြား ပရသားတွေ ရန်ကနေ လွှတ်အောင် စောင့်ရှောက်ရင်းနဲ့ ဒန်တန့်ဒန် သွားတယ်...။ အဲဒီလို မဒန်တန့်ဒန်ခင်တော့ မင်းသားက 'မ' ဆို ယင်မတောင် ဖမ်းမချက်ဖူးလေတော့ ပရသမီးခမျာ မချင့်မရဲနဲ့ပေါ့...။ နောက်တော့ သူတို့နှစ်ယောက် တစ်ကယ်ပဲ ချသ်ကြိုက်သွားကြတယ်။ လူသားနဲ့ ပရလောကသမီး ဘယ်လို ချစ်ကြိုက်တယ်ဆိုတာ အိုင့်ကို လာမမေးနဲ့ ... သိဘူးပဲ ဖြေမှာပဲ...။ အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးခြင်းမရှိ ဆိုတဲ့ ဘယ်သူထားခဲ့မှန်းမသိတဲ့ စကားပုံအတိုင်း သူတို့နှစ်ယောက်ရဲ့ အချစ်ဟာလဲ မုန်တိုင်းထန်ခဲ့တာပေါ့...။ သိတဲ့အတိုင်းပဲ ဗီလိန်တို့ လူကြမ်းတို့ပါမှ မင်းသားမင်းသမီးကို ပရိတ်သတ်တွေ ပိုသနားတတ်ကြတော့ ဒီကားထဲမှာလဲ ဗီလိန် ပါလာပြန်ရော...။ တစ်ခြားသူ ဟုတ်ရိုးလား...။ ပရလောကသမီးများကို အုပ်စိုးနေတဲ့ စရိုက်ခပ်ကြမ်းကြမ်း မာမီစတိုင်နဲ့ ယမမင်းလိုလို ချိုပါတဲ့ ပရသားတွေရဲ့ အရှင်သခင်ပေါ့...။ နောက်တစ်ယောက်ကတော့ ပရလောက်ကသားများကို နှိမ်နှင်းနေတဲ့ မှော်ဆရာပေါ့...။ ပရသား ထိန်း မာမီက မင်းသားကို ဒုက်ခရောက်အောင် လုပ်လိုက်၊ မင်းသမီးက ကယ်လိုက်၊ မှော်ဆရာက ပရမင်းသမီးကို လိုက်ဖမ်းဖို့ ကြိုးစားလိုက်၊ မင်သားက ကယ်လိုက်နဲ့ နောက်ဆုံးမတော့ ပရထိန်းနဲ့ မှောဆရာနဲ့တိုက်ကြ ... မင်းသားနဲ့ မင်းသမီးက မျိုးမတူ ဇာတ်ခြားလေတော့ ကွဲကြ... နောက်ဆုံးတော့ မင်းသားက အသက်စွန့်ခံပြီး အချစ်စစ်ဆိုတာ ဒီလို ရှိတယ်ဆိုပြီး အနစ်နာခံပြ...။ ပြီးပြီ...။


ငါ့နှယ်... စိုင်းထီးဆိုင် ရဲ့ မောင့်လပြည့်ဝန်းပါဆိုမှ ဘယ်လိုကနေ ဘယ်လို "အိုရေ ပိုလိုရေ"မူဗွီရီဗျူး ဖြစ်သွားလဲ မသိဖူး။ ဖျက်ရမှာလဲ နှမြော... အိုအေ...။ ဘာဖြစ်လဲ ကိုဘလော့ဂ်ကို ရေးတာပဲ...။ အော့်ဖ်တော့ပ်ပစ်က် ဖြစ်လဲ ဖြစ်ပဒစ်ပေါ့...။ :D ပြောရင်းနဲ့ အဲဒီကားတောင် ပြန်ကြည့်ချင်လာပြီ။