Tuesday, March 31, 2009

တစ်လတစ်ကြိမ် ပုံမှန်လာတတ်သော ဧည့်သည်။

တစ်လနေရင် တစ်ခါ လာတတ်တယ်။
လူကို ဖမ်းစားတတ်တယ်။
သူလာရင် ပျော်တယ်...။
ဒါပေမယ့် အဆင်မသင့်ရင် ခေါင်းကိုက်တယ်။
စိတ်တိုရတယ်...။
ဒေါသထွက်ရတယ်။

ဒီနေ့လဲ လာပြန်ပြီ...။

အောက်မှာသာ ကြည့်ပေတော့...။
သိတယ် မဟုတ်လား...။ တစ်လ နေရင် တစ်ခါ လာတဲ့ကောင်...။ မသိသေးဘူးလား...။


ဒါက နောက်ကျောက ရိုက်ထားတဲ့ပုံ...။ မသိသေးဘူးလား...။ အောက်ကပုံကို ဆက်ကြည့်ဦး...။



ကဲဒီလောက်ဆို သိပြီပေါ့...။ ဟမ်.. မသိသေးဘူးလား...။




ဗရိုက်ဗိတ်လို့တောင် ရေးထားသေးတယ်ဗျာ...။ပေးစလစ်ဗျ...သိပြီလား...။



တစ်လတစ်ခါပဲ ပေးတယ်...။ လက်ထဲကို ဒီစာရွက်လေးပဲ ရောက်တယ်...။ ဘဏ်ထဲကို ထည့်ပေးတယ်..။ ဘာ.. ချက်ချင်း ထည့်ပေးတာလား...။ နိုး... နိုး.. နိုး...။ ည၁၂ နာရီတိတိမှ ၀င်တယ်ဗျား...။ ခုတော့ ဘယ်လောက် ဖြတ်ထားတယ်ဆိုတာ သိရအောင် လကုန်ရက်မှာ လာပေးထားတာ။ သန်းခေါင်မှပဲ သိမယ်...။



မတ်လ အတွက် လစာပေါ့...။ ဖြတ်တာက ပိုများနေတယ်...။ နောက်ကျလို့.. ဟိုဟာပျောက်လို့...။ ဒီဟာ ပျောက်လို့...။

ဘဏ်ထဲ ၀င်လာတဲ့ အမောင့်တွေကလဲ ကြာကြာမခံပါဘူး...။ ဟိုဟိုဒီဒီဆီက ချေးတာကို ပြန်ဆပ်ပြုတာရယ်...၊ အိမ်လခပေးရတာရယ်...။ ဘာညာ သာရကာ များနှင့် အတူ.. လွင့်ပါးသွားတဲ့ ကိန်းဂဏန်းများသည်လည်း..... ပေါ့လေ...။

အော်.... ခုတော့လဲ သူတစ်ယောက်တည်း လဲလျောင်းနေရှာရောပေါ့....။ သွားလေရော့လဟယ်....။ ဘဏ်စာအုပ်တောင် မဖွင့်ကြည့်မိတာ ကြာပေါ့...။

Sunday, March 29, 2009

စမ်းသပ်မှု သေးသေးလေးတွေ

အရင်က ဆော့ဖ်ဝဲတွေ ရရင် ကွန်ပြူတာထဲ ထည့်ပြိး ဟိုကလိ.. ဒီကလိပေါ့လေ...။
အဲဒီတုန်းက ရန်ကုန်အိမ်မှာက DeskTop ကွန်ပြူတာဆိုတော့ sound card က သတ်သတ် စိုက်ထားတယ်။
ရလာတဲ့ ဆော့ဝဲက အသံသွင်း ဆော့ဝဲတစ်ခု။
ဆိုနီက ထုတ်တဲ့ Acid 5.0 မှတ်တာပဲ။
မိုက်ကရိုဖုန်းကလဲ လက်ထဲ အဆင်သင့်၊ ဘေးနားမှာ လတ်တလော ထွက်ထားတဲ့ ၀ိုင်ဝိုင်းရဲ့ သမင်လည်ပြန် လိုက်ဖ်ရှိုး အခွေက ရှိနေ...။
ဆိုတော့ ကလိတယ်ပေါ့ဗျာ...။
မိုက်ကြိုး သေချာတပ်၊ ဆောင်းကဒ်ကို အင်ပွတ်ဘာညာ သေချာ ပြန်ရွေး၊ ဆော့ဝဲကို သေချာ အင်စတောလ်လုပ်၊ မန်နျူရယ်ကို သေချာဖတ်ပြီး သကာလ... သုံးညလောက် လူခြေတိတ်ချိန်၊ အိမ်မှာ လူမရှိတဲ့ အချိန်ကို ရွေးပြီး စမ်းသပ်လိုက်တော့ နားဒုက္ခ ပေးစရာ သီချင်း သုံးပုဒ် ထွက်လာပါတယ်...။
မူရင်း သီချင်းလေးတွေက ဖျက်ဆီးလို့.. အဲ နားထောင်လို့ အလွန်ကောင်းပါတယ်...။ ဖျက်လိုက်တော့ တော်တော်ကို ဆိုးရွားသွားတယ်...။ ဟဲဟဲ...။ အသံလေးက ဒီအတိုင်းဆို နည်းနည်းခြောက်နေတော့ စိုသွားအောင် အက်ခိုးလေး မဆိုစလောက် ထည့်ထားလိုက်တယ်...။


ပထမတစ်ပုဒ်
အချစ်မဲ့ နိဂုံး” ပါတဲ့...။

ဒုတိယ တစ်ပုဒ်ကတော့
ကြိုးမဲ့စွန်” ဖြစ်ပါတယ်။

တတိယ တစ်ပုဒ်ကတော့
သမင်လည်ပြန်” ဖြစ်ပါတယ်။




ဝိုင်ဝိုင်းများ လာနားထောင်မိရင် ဒီလိုက်ဖ်ရှိုး အခွေကို ထုတ်ဖို့ သူသဘောတူမိတဲ့ အတွက် နောင်တတွေ တစ်လှေကြီး... ရပြီး ဆူဇိုက်လုပ်မိက တာဝန်မယူပါ။
ထိုနည်းလည်းကောင်း ဒေါင်းလုပ်လုပ်ပြီး နားထောင်မိလို့ ဆယ်ရက်လောက် စားမ၀င် အိပ်မပျော် ဖြစ်သွားပါကလဲ တာဝန်မယူပါ။

Use it at your own risk.
Copy Left 2009.

ဒီလိုပဲ ကြုံရင် ကြုံသလို ဆားချက်တတ်တယ်ဗျာ...။
စကားမစပ်... အခုနေများ “အယ်လ်လွန်းဝါ သီချင်းများကို ဗွီစီဒီကာရာအိုကေ ဗားရှင်း (သီဆိုသံမပါ) ဆိုတာ ရခဲ့ရင်” ဆိုတဲ့ ချဉ်ခြင်းလေး ဖြစ်နေမိတယ်...။

သီချင်းလင်ခ့်ဘေးက နှိပ်လိုက်ရင် အော်တိုပလေးလို့ရအောင် ကူညီပေးတဲ့ ညီမလေး ပေါက် ကို ကျေးဇူးတင်ပါတယ်...။

Saturday, March 28, 2009

ကျွန်တော်နှင့် မပြီးဆုံးခဲ့သော ပန်းချီကား တစ်ချပ် (၇)

ကျွန်တော်က “ငါ့ကို... နမ်းရင် ပြောပြမယ်....။” လို့ ပြောလိုက်တယ်...။
သူ.. ထပ်မေးတယ်...။
ဟဲ့... အဲဒီ ပုရွက်ဆိတ်မလေး... ဘယ်ရောက်သွားလဲလို့ဆိုနေ....။
ကျွန်တော်ကလည်း...
“ဟဲ့.. ငါ့ကိုနမ်းရင် ပြောပြမယ်လို့....။” လို့ ပြောလိုက်ရော...။
သူလဲ အဲဒီတော့မှ သဘောပေါက်သွားပြီး.. မျက်နှာကြီး နီရဲသွားတယ်...။
နောက်.. ကျွန်တော့်ကို ထုမလို့.. လက်သီးဆုပ်လေးနဲ့ ရွယ်လိုက်တယ်...။
အောက်နှုတ်ခမ်း ကိုက်လိုက်တယ်...။
မျက်စောင်းလေး ထိုးလိုက်တယ်...။
သူ.. ကျွန်တော့်ကို ထုမလို့ပါပဲ...။
ထုမလို့ပါပဲ...။

အဲဒီအချိန်မှာ.......
ဟက်ပီးနယူးရီးယား...” ဆိုပြီး ပြိုင်တူ အော်လိုက်တဲ့ အသံကြောင့်... ကျွန်တော်တို့ နှစ်ယောက် လန့်သွားတယ်...။
ဟုတ်ပါတယ်...။ ည ဆယ့်နှစ်နာရီ ထိုးသွားပါပြီ...။
သူလဲ .. ထိုင်ရာကနေ ထပြီး လင်းခက်တို့ဆီကို လျှောက်သွားနေလေရဲ့...။
မသွားခင်.. ကျွန်တော့်ဆီ ကို မျက်စောင်းလေး တစ်ချက် ထိုးသွားလေရဲ့...။
ကျွန်တော် ရေငတ်သလို ဖြစ်သွားတယ်....။

================================

သူတို့... သူတို့ဆိုတာ... လင်းခက်နဲ့ ကိုတိုးတို့ပါ...။
သူငယ်ချင်းတွေဆီ လှမ်းဖုန်းဆက်ပြီး... ၀စ်က်ရှ်လုပ်နေကြလေရဲ့...။
လောကကြီး တစ်ခုလုံးလဲ အိပ်ပျော်ပုံ မရသေးပါဘူး...။
လမ်းပေါ် မှာ ဖြတ်သွားဖြတ်လာ ကားတွေဆီကနေ... ဟက်ပီးနယူးရီးယား လို့ အော်အော် သွားလေရဲ့...။
တိုက်ပေါ်က လူတွေကလဲ တစ်လှဲ့ ပြန်အော် နေကြလေရဲ့....။
နောက် တဟေးဟေးနဲ့... ၀ိုင်းအော်လိုက်သံကို ကြားရလို့ ကျွန်တော်တို့ တစ်တွေ အပြင်ကို ထွက်ကြည့်ကြပါတယ်....။

မိုးကောင်းကင် တစ်ခွင်လုံး .... ရောင်စုံတွေနဲ့ တောက်ပနေတယ်...။
ဘယ်အရပ်ဆီကမှန်း မသိပါဘူး...။
အနောက်ယွန်းယွန်းဆီကနေမှာ...။
မီးရှုးတွေ လွှတ်နေတာလေ....။
ပန်းထွက်သွားတဲ့... မီးပန်းလေးများဟာ ဖြာကနဲ ဖြာကနဲ လက်နေပါတယ်...။
ကျွန်တော် လွင်မိုးကို ခိုးကြည့်လိုက်တယ်...။
မိုးကောင်းကင်ကို မော့ကြည့်နေတဲ့ သူ့မျက်နှာလေးမှာ မီးရောင်တွေ အရောင်စုံ လာဟပ်နေလေရဲ့...။
နောက်သူ ညင်းညင်းလေး ရီလိုက်သံကို ကြားရတယ်...။
ကျွန်တော်သူ့ကို ... “ဟက်ပီးနယူးရီးယား....။”လို့နှုတ်ဆက်လိုက်တယ်...။
သူ ကျွန်တော့်ကို ပြန်ပြုံးပြလိုက်ပြီး... “ဆိမ်းမ်တူယူး...”တဲ့...။

အပြန်မှာ... ကိုတိုးရယ် ကျွန်တော်ရယ်... တစ်ယောက်ကို တစ်ယောက် စကားမပြောမိပဲ... တိတ်တိတ်လေး လမ်းလျှောက်ခဲ့ကြတယ်...။
ဟိုး ခပ်လှမ်းလှမ်းက ဘုရားရှိခိုးကျောင်းမှာတော့.. ပွဲတော် ကျင်းပနေတာကို တွေ့ခဲ့လေရဲ့...။

=======================

အချိန်ရာသီ အလီလီ ပြောင်းခဲ့ပြီးနောက်...
ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ဆုတ်ပြဲစေ....။
....
....
....
....
....
....
နောင်ငါးနှစ်အကြာ.....။

===================


အချိန် ကာလလေးတွေတစ်ရွေ့ရွေ့ ပြောင်းလဲသွားပါတယ်..။
အခြေအနေတွေ အမျိုးမျိုးပြောင်းလဲခဲ့ပါတယ်..။
ကောင်းဆိုးနှစ်လီ ရောထွေးခဲ့တာပေါ့..။
နတ်သမီးလေး..။တစ်နေရာကို ရောက်သွားခဲ့တယ်..။
သူနဲ့ ကျွန်တော် ဝေးကွာသွားခဲ့တယ်..။
သူနဲ့ကျွန်တော် တစ်ယောက် တစ်နေရာစီမှာပေါ့လေ..။
နံရံပေါ်က ကယ်လဲန်ဒါတွေမှာလဲ ဂဏန်လေးတွေ တိုး တိုးလာခဲ့တယ်..။


ဇာတ်သိမ်းခန်း။

အခုတော့လဲ ပြီးဆုံးသွားပါပြီ..။
အနှစ်နှစ် အလလ က စောင့်စားခဲ့ရတာတွေ ပျက်သုဉ်းသွားပါပြီ..။
ဘာကြောင့်ရယ်ဖြင့် မပြောလိုတော့ပါ..။

၂၀၀၄ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့..။
နတ်သမီးလေးရေ..။
ကိုယ့်အတွက်တော့ မျှော်လင့်ချက် ကောင်းကင်ကြီး ပြိုလဲသွားသောနေ့ပေါ့..။
လင်းခက်ရဲ့ စတိုးဆိုင်မှာ..။
လင်းခက်ပဲ ဒီသတင်းကို ပြောခဲ့တယ်..။

သီဟရေ..။ လွင်လွင်မိုး တစ်ယောက် သူအမေသဘောတူသူနဲ့ စေ့စပ်သွားပြီ....။” တဲ့...။
ကျွန်တော် တစ်ချက် မိုက်ကနဲ ဖြစ်သွားတယ်..။
ဘေးနားမှာ သူငယ်ချင်းတွေနဲ့မို့ ဘာမှ မဖြစ်သလို ကျွန်တော် ဟန်ဆောင်နေလိုက်တယ်..။
လင်းခက်ကတော့ ကျွန်တော် လွင်မိုးကို မေ့နေခဲ့လောက်ပြီ ထင်လို့ သည်စကားကို ပြောခဲ့တာပေါ့..။
လောကကြီးရယ်..။ ရက်စက်လိုက်တာဗျာ..။
ကျွန်တော့်အပေါ်ကို ခင်ဗျား အနိုင်ယူလာခဲ့တာ ဆယ်စုနှစ် ၃ ခုနီးပါးလောက် ရှိပါပြီ..။
ကျွန်တော် ကျေကျေနပ်နပ်နဲ့ အရှုံးပေးခဲ့တာချည်းပဲ..။
ဒါပေမဲ့ ဒီတစ်ခေါက်တော့ ခင်ဗျား တစ်ဆိတ်လွန်လာပြီထင်တယ်ဗျာ...။
ကျွန်တော့်နတ်သမီးလေးကို ကျွန်တော့်ဆီက ခင်ဗျား ဆွဲယူသွားတာတော့ လွန်တယ်ဗျာ..။
ပြန်ပေးဗျာ..။
ပြန်ပေး.........................................................................။

=============

ကောင်းကင်ကြီး ငိုနေသလား..။
ဟိုးရှေ့က ကားလမ်းမပေါ်က လူတွေက မှုန်ဝါးနေတာပဲ..။
မိုးရွာနေတာလား..။
အို.. မိုးရွာနေတာမှ မဟုတ်တာ..
ကျွန်တော့် မျက်ဝန်းထဲမှာ မိုးတွေရွာနေတာပဲ..။
မဟုတ်ဖူး..။
ကျွန်တော် ဘာလို့ ငိုရမှာလဲ..။
မငိုနဲ့..။ သီဟ.. မင်းအဲလောက် ပျော့ညံ့တဲ့ ကောင်လား..။
ဟင့်အင်း..။
မရဘူး..။ မျက်ရည်တွေ အလိုလိုနေရင်း စီးကျလာတယ်..။
ကျွန်တော့် နှလုံးသားကို လက်ကြမ်းကြီး တစ်စုံနဲ့ ဆုပ်ယူပွတ်ချေနေသလို ခံစားရတယ်...။
ကျွန်တော် သူ့ကို သိပ်ချစ်ခဲ့တာလေ..။
ဟန်ဆောင်ချစ် မဟုတ်ဘူး..။
၅ နှစ်တာ ၆နှစ်နီးပါး.. ရှည်ကြာခဲ့တဲ့ အဆုံးစွန်သော ချစ်ခြင်းနဲ့ ချစ်ခဲ့တာလေ..။
မိုးတွေ တစ်ပေါက် နှစ်ပေါက် ကျလာနေတယ်..။
ကျွန်တော့် မျက်နှာကို မိုးရေတွေ လာစင်နေတယ်..။
ကျွန်တော် မိုးရေတွေကို မသုတ်မိဘူး..။
မိုးရေတွေ ကျွန်တော့် ပါးပြင်တစ်လျှောက် စီးဆင်းသွားတယ်..။
မျက်ရည်တွေ ကျွန်တော် မသုတ်မိဘူး..။
မျက်ရည်နဲ့ မိုးရေတွေ ပေါင်းစပ်သွားတယ်..။
မိုးမင်းကြီးက မကြည့်ရက်ဘူး ထင့်..။
စွေရွာနေရာကနေ.. သည်းလာတယ်..။

မိုးမင်းရယ်..။
ကျွန်တော် ဘယ်ကို လျှောက်သွားနေမိလဲ မသိတော့ပါဘူး..။
ခြေဦးတည့်ရာပေါ့..။
ထီးလဲမပါဘူး..။
စိုပလေ့စေ..။ ကျွန်တော် ဒီအချိန်မှာ ဘာကို ဒီ့ထက်ပိုပြီး အရေးထားနိုင်တော့မှာလဲ..။

ချစ်သူရေ..။ အို ကျွန်တော် .. နတ်သမီးလေးကို ချစ်သူလို့ ခေါ်နေမိပါလား..။
အရင်ကတော့ နယ်နိမိတ်ခြင်း ခြားနေတာကို ကိုယ် ဂရုမစိုက်ခဲ့ပါဘူး..။
ကိုယ်တို့ နှစ်ယောက်သာ အချစ်စစ်နဲ့ ချစ်နေခဲ့တာ မှန်ရိုးဆိုရင် အတားအဆီးတွေ အားလုံးကို ကျော်ဖြတ်နိုင်မယ်လို့ ကိုယ်ထင်ခဲ့တာ..။
လက်တွေ့မှာတော့... ကိုယ်ထင်သလို မဖြစ်ခဲ့ပါလား..။
ကိုယ်.. သတ္တိ မရှိခဲ့တာပါ..။
ကိုယ်......
အို......။
ချစ်သူရေ..။
သီချင်းလေး တစ်ပုဒ်နားထဲမှာ ကြားနေမိတယ်..။
“မင်းမရှိတဲ့နောက်..။”တဲ့..။
မင်းမရှိရင် အသက် မရှင်ချင်ဘူးတဲ့..။
ရှင်သန်ရှင်ခြင်းရဲ့ အဓိပါယ် မရှိတော့ဘူးတဲ့..။
နေံဖက်ဆို မင်းအကြောင်းအတွေးတွေ..။ ညဘက်ဆို မင်းအကြောင်း အိပ်မက်တွေ..
ခါးသီးတဲ့ အတွေ့အကြုံတွေ မင်းထားခဲ့တယ်တဲ့..။
ကိုယ်တစ်ယောက်ထဲ..။
အား..........................။

ချစ်သူလေးရေ..။
မင်းသွားမယ်လို့ ဆုံးဖြတ်ထားခဲ့ရင်လည်း..။
မင်းမသွားခင်မှာ ကိုယ်သိချင်ခဲ့တာလေးတွေ.. ပြောပြခဲ့ပါလား..။
ဘ၀တစ်လျှောက်လုံး မင်းလက်တွဲသွားမယ်လို့ ဆုံးဖြတ်ထားခဲ့တဲ့ တစ်ယောက်ဟာ..
ကိုယ်မင်းအပေါ် ဂရုစိုက်သလောက် မင်းအပေါ် သူဂရုစိုက်နိုင်မလား..။
ဘ၀ ခရီးကြမ်းတွေမှာ မင်းလျှောက်လှမ်းနေတုန်း လဲပြိုခဲ့ရင် မင်းဘေးနားကို သူ အရောက်လာလို့ မင်းကို ဖေးကူမလား..။ ရှိနေမှာလား..။
ကံကြမ်မာရဲ့ ရိုက်ချက် လောက်ကဓံတွေရဲ့ အထုအထောင်းတွေကြောင့် မင်းတစ်ယောက်ထဲ အဖေါ်မဲ့နေချိန်၊ အထီးကျန်နေချိန်မှာ သူ ရှိနေနိုင်မှာလား..။
အဲဒီနေရာမှာ သူမင်းကို ပစ်ခွာမလား..။
ကိုယ်စိုးရိမ်မိတယ်ကွယ်..။
ကိုယ့်ကို တစ်ချက်လောက်တော့ စိတ်ချမ်းသာအောင် ကိုယ် စိတ်ချသွားအောင် မင်း ပြောပြခဲ့ပါလား..။
ပြောခဲ့ပါလား..။
တစ်ချိန်က ချစ်ခဲ့တဲ့ သူတစ်ယောက်ကိုပေါ့လေ...။


________________________



ခင်ဗျားတို့
အခု ကျွန်တော် ပြောပြောခဲ့တဲ့
အချစ်အကြောင်း ဘယ်လောက် သိပြီလဲ..။
ဘယ်လောက်သိခဲ့သလဲဟင်..။

ကျွန်တော်ကတော့
ခုမှ ရိုးတိုးရိပ်တိပ် သိခဲ့သလိုပဲ..။

နေရာ၊ကာလ၊ ဒေသကို လိုက်လျောညီထွေစွာ
အသုံးမချတတ်ခဲ့တဲ့
မိုက်မဲလှတဲ့ ကျွန်တော့်အတွက်တော့.............။


============


_____ နိတိဌံ _____

(မြန်မြန် ဇာတ်သိမ်းပေးလိုက်တယ်...။ အားလုံး ပျင်းစရာကောင်းတဲ့ ဇာတ် မြန်မြန်သိမ်းပေးလိုက်တော့ ၀မ်းသာမယ် ထင်ကြောင်း...။ )


ဤဇာတ်လမ်းပါ ဇာတ်ကောင်၊ နေရာ၊ ဒေသများသည် စာရေးသူ၏ ကွန့်မြူးထားသော၊ ဖန်တီးထားမှု များသာ ဖြစ်သည်။ အမည်နာမ တိုက်ဆိုင်ခြင်း၊ နေရပ်ဒေသ တိုက်ဆိုင်ခြင်း၊ ဖြစ်ရပ်ဇာတ်လမ်းများ တူညီခြင်း စသည်တို့သည် တိုက်ဆိုင်မှု သက်သက်သာ ဖြစ်သည်။
မည်သူ့ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှု ရှိက ခွင့်လွှတ်ပါ...။
(အတည်ပြောတာ)

Thursday, March 26, 2009

ကျွန်တော်နှင့် မပြီးဆုံးခဲ့သော ပန်းချီကား တစ်ချပ် (၆)

“ဟုတ်ပါဘူး...။ဟို.... လွင်မိုးကို ပုံပြင် ပြောပြမလို့ပါ...။”
(ကျွတ်... ဒီပါးစပ် က ဘာတွေ ပြောလိုက်တာလဲ....။
ဒါ... မင်းဒီစကားတွေ ပြောရမှာ မဟုတ်ဘူးလေ....။
မင်းပြောရမှာက တစ်ခြားကွ...။
ဒါ မဟုတ်ဘူး....။
အား..........................................။
အာဒံရေ....။
ဧ၀ကို ချစ်တယ်လို့ ဘယ်လို ပြောခဲ့တာလဲဟင်....။
(တင်းပုတ်ကြီး တစ်ရွယ်ရွယ်နဲ့တော့ မပြောလောက်ခဲ့ဘူး ထင်တာပဲ...။)
ဘယ်က စွမ်းအားတွေနဲ့ ပြောခဲ့တာလဲ....။
ကျွန်တော့်ကို ကယ်ပါဦး....။

ဒီတော့မှ လွင်မိုးက စိတ်သက်သာရာ ရသွားတဲ့ ပုံနဲ့...။
“အင်... ပုံပြောပြမယ်...။ ဘာပုံပြောမှာတုန်း....။ ဘာလဲ ... လူကို ကလေးများ မှတ်နေလား....။ ကလေး မဟုတ်ဘူးနော်...။”
ဘာညာနဲ့ .... စကားတွေ ဒလဟော ကရားရေလွှတ် တတွတ်တွတ် ပြောနေတော့တယ်....။
ကျွန်တော့် နတ်သမီးလေးမှ ဟုတ်ပါလေစ....။
ကျွန်တော်လဲ နေပါစေတော့....။
သူစိတ်ချမ်းသာရင် ပြီးရောလေဆိုပြီး... သူ့ကို ပြောပြဖို့ ပုံပြင်တစ်ပုဒ်ကို အပြေးအလွှား စဉ်းစားနေလိုက်ရတယ်...။

“တစ်ခါက ...တဲ့...။ ပုရွက်ဆိတ်ထီးတစ်ကောင် ရှိသတဲ့....။
“သူ့မှာ ... မှော်ဆန်ဆန်... ပဥလက်ဆန်ဆန်... ပညာရပ်တွေ တတ်ကျွမ်းပါသတဲ့...။
“တစ်ခါတစ်လေ .. သူအားရင် အဲဒီ ပညာရပ်တွေ ကို ထုတ်ဖေါ်ပြသလေ့ ရှိသတဲ့....။
“သူနေတဲ့ အရပ်မှာ တဲ့....။ သူ့အပေါင်းအဖေါ်... ပုရွက်ဆိတ်အထီးတွေ ... ပုရွက်ဆိတ်အမတွေ လဲ ရှိသတဲ့...။
“တစ်ရက်.... သူရယ်... သူ့သူငယ်ချင်း ပုရွက်ဆိတ်အမ သုံးကောင်ရယ်... တူတူ လမ်းလျှောက်ထွက်ကြသတဲ့...။
“လမ်းလျှောက်ထွက်ရင်းနဲ့... ဖြုတ်ဆို... ပုရွက်ဆိတ်အမ သုံးကောင်ထဲက တစ်ကောင်က ပျောက်သွားပါလေရော...။
“ဒီမှာတင် .. ကျန်ခဲ့တဲ့ ပုရွက်ဆိတ်အမ နှစ်ကောင်က မေးသတဲ့...။
“အဲဒီတစ်ကောင် ဘယ်ရောက်သွားလဲပေါ့...။ ပုရွက်ဆိတ်အထီးက ငါ့ကို နမ်းရင် ပြောပြမယ်တဲ့...။
“အမနှစ်ကောင်က မပြောလဲ နေဟာ ဆိုပြီး... ဆက်လျှောက်သွားသတဲ့...။
“ဒါပေမဲ့ သူတို့ စိတ်ထဲမှာတော့... တစ်နုံ့နုံ့နဲ့ပေါ့...။ ဒီပုရွက်ဆိတ်အထီးတော့ တစ်ခုခုလုပ်လိုက်လို့ ... ဟိုတစ်ကောင် ပျောက်သွားတာပေါ့....။
“ဒီလိုနဲ့ .. ဆက်လျှောက်ရင်းနဲ့.... တစ်နေရာလဲ ရောက်ရော... ဖြုန်းဆိုပြီး....”
ကျွန်တော်.. ဒီမှာ ခဏလောက် စကားစဖြတ်ပြီး နတ်သမီးလေးကို အကဲခတ်ကြည့်တယ်...။
သူ စိတ်ဝင်တစား နားထောင်နေတာကို တွေ့တော့မှ ပုံပြင်ကို ဆက်ပြောတော့တယ်....။
“ကျန်တဲ့ .. ပုရွက်ဆိတ်အမနှစ်ကောင်ထဲက တစ်ကောင်လဲ ပျောက်သွားပြန်လေရော....။”
နတ်သမီးလေး... မျက်လုံးလေး ၀ိုင်းသွားတယ်...။
အသည်းယားလိုက်တာဗျာ...။
သူ့ကို ကျွန်တော် ချစ်လိုက်ရတာဗျာ...။
ကျွန်တော် ပုံပြင်ကို ဆက်ပြောလိုက်တယ်...။
“နောက်ဆုံး ကျန်တဲ့ ပုရွက်ဆိတ် အမ ကလဲ အတင်းမရမက မေးတာပေါ့...။
“ဘယ်သူရှိရမှာလဲ...။ အဲဒီ မှော်ဆရာ ယောင်ယောင် ပုရွက်ဆိတ်အထီးကိုပေါ့...။
“နင် ငါ့သူငယ်ချင်းတွေကို .. ဘာလုပ်လိုက်တာလဲပေါ့...။
“ပုရွက်ဆိတ်အထီးကတော့ ထုံးစံအတိုင်းပဲ...။ ငါ့ကိုနမ်းရင် ပြောပြမယ်တဲ့....။
“ဒီမှာတင် ပုရွက်ဆိတ်အမက .. ဒေါမာန်ပွပွနဲ့ ရှေ့ကနေ ... ဘောက်ဆတ်ဘောက်ဆတ်.. လျှောက်သွားသတဲ့...။
“အဲဒီမှာပဲ... ဗြုန်းဆိုပြီး... အဲဒီ ဘောက်ဆတ်ဘောက်ဆတ်လေး...
“အဲအဲ... တစ်ကောင်တည်း.. ကျန်တော့တဲ့... ပုရွက်ဆိတ်မလေးလဲ ပျောက်သွားပြန်ရောတဲ့...။
ကျွန်တော် ပုံပြင်ကို ဒီနေရာမှာ ခဏ ရပ်လိုက်ပါတယ်...။
နတ်သမီးလေးက .. ကျွန်တော်ဘာဆက်ပြောမလဲဆိုပြီး... ဆက်နားစွင့်နေတယ်...။
ကျွန်တော် ဘာမှ ဆက်မပြောတော့မှ....
“သီဟ... အဲဒီနောက်ဆုံးကျန်တဲ့ ပုရွက်ဆိတ်မလေး.. ဘယ်ရောက်သွားတုန်း...။” တဲ့...။

ကျွန်တော်နှင့် မပြီးဆုံးခဲ့သော ပန်းချီကား တစ်ချပ် (၅)

ဖုန်းသံ တစ်ချက်ပဲ မြည်တယ်...။
ဟိုဘက်က ချက်ချင်း ကောက်ကိုင်တယ်...။
“ဟယ်လို...။”တဲ့....။
ကျွန်တော့်နားထဲရော... ရင်ထဲရော... ပျားရည်မြစ်ကြီး .. စီးသွားသလိုပဲ...။
ဟုတ်ပါတယ်...။ ကျွန်တော့်ရဲ့ နတ်သမီးလေးပါ...။ သူကျွန်တော့်ဖုန်းကို ထူးလိုက်သံပါ...။
ဒါပေမဲ့ ကျွန်တော်သိသိကြီးနဲ့ မေးလိုက်ပါတယ်...။
“လွင်မိုးလား...။”ဆိုတော့... သူက လေသံလေးနဲ့
“ဟုတ်တယ်...။ ပြော.. ဘာပြောမှာလဲ...။သူများတွေ အိပ်ပျော်နေတယ်...။”
“သန်းခေါင်ကျရင် ဆက်လာမှာဆိုပြီး... အခု မှ ဆက်လာတယ်...။ နောက်ကျနေပြီ...။” တဲ့...။
အိုး...။ ဒါဆို... သူကျွန်တော့်ဖုန်းကို စောင့်နေခဲ့တာပေါ့....။
ကျွန်တော် ..... ပျော်လိုက်တာလေ....။ မပြောပါနဲ့တော့...။
ပျော်လွန်းလို့... စကားတွေ မပြောနိုင်ပါဘူး...။
သူကျွန်တော့်ကို မဆက်နဲ့လို့ ပြောခဲ့ပေမဲ့ပေမယ့်... ကျွန်တော့်ဖုန်းကို သူစောင့်နေခဲ့တာပေါ့...။
သူက ..ဘာပြောမှာလဲလို့ ထပ်မေးတော့မှ...။
ကျွန်တော် သတိပြန်ဝင်လာပြီး...
“ဒီနေ့ဘာနေ့လဲ သိလား...။” ဆိုတော့...။
“အင်း... ခရစ်စမတ်နေ့လေ...။ အယ်...နေဦး...။ သန်းခေါင်ကျော်နေပြီ...။” ဆိုပြီး မပွင့်တစ်ပွင့် တိုးတိုးသက်သာ ရီနေတယ်...။
ကျွန်တော်က “ ဟုတ်ဘူး...။ဒီနေ့... ကိုယ့်မွေးနေ့... ခုနင်က ... သန်းခေါင်တုန်းက... ခရစ်စမတ်ညတုန်းက ပြီးခဲ့တဲ့ ၁၉၇၅ ခုနှစ်တုန်းက ...ကိုယ့်ကို မွေးခဲ့တာ....။” ဆိုတော့
“ဟယ်... ကြည့်စမ်း...။ ညနေတုန်းက မပြောဘူး...။ ခုမှ ပြောတယ်...။ ဟက်ပ်ပီး ဘတ်သ်ဒေး... ဟက်ပ်ပီးဘတ်သ်ဒေး ...။”
ဆိုပြီး... အံ့သြနေလေရဲ့...။
ကျွန်တော်ကတော့...
ဒါကျွန်တော့်ရဲ့ မွေးနေ့ဆိုတာကို ... တစ်ခြားတစ်ယောက်ကို
သတ်သတ်မှတ်မှတ်.. အသိပေးတာဆို... သူ့တစ်ယောက်ထဲပဲ ရှိတဲ့ အကြောင်း...။
အသိပေးတယ်ဆိုတာကလဲ ဘာကိုမှ မျှော်ကိုးရတာ မဟုတ်ပါကြောင်း...။
သူ့ကိုမှပဲ အသိပေးချင်စိတ်ပေါ်လာလို့... ဒီလိုလုပ်ရတာ ဖြစ်ကြောင်း..။
ပြောနေမိတယ်...။
နောက်တော့မှ သူက တော်တော် နောက်ကျနေပြီ.. သူများတွေ နိုးကုန်လိမ့်မယ်ဆိုမှ.. ကျွန်တော်လဲ ဂွတ်နိုက်လုပ်ပြီး... ဖုန်းချလိုက်ရတယ်....။

ကျွန်တော်ဘားကောင်တာမှာ အကြာကြီး ထိုင်နေမိတယ်....။
နောက်မှ ကိုတိုးက ကျွန်တော် ပျောက်နေလို့ လာရှာမှပဲ... ကျွန်တော် ပြန်လာတော့တယ်...။
အဲဒီည...
ညမဟုတ်တော့ဘူး...။ မနက် နှစ်နာရီ ရှိရောပေါ့...
ပြန်လာချိန်မှာ ကျွန်တော် ....ဘာရယ် မသိ... အူမြူးနေတာလား...။
ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေသလား... ဆိုတာ မသိတော့ပါဘူး...။
လမ်းမှာ ကိုတိုးတို့ စင်ကာပူ ခေါက်ဆွဲ ၀င်စားတာတောင် မစားနိုင်ခဲ့ပါဘူး...။

ကြယ်တွေကတော့ ကောင်းချီးသြဘာပေးနေသလိုလိုနဲ့ ဟိုးအဝေးမှာ မှိတ်တုတ်မှိတ်တုတ်နဲ့ပေါ့...။

-x-x-x-x-x-x-x-x-x-x-

နောက်တစ်နေ့ ရောက်မှ လင်းခက်ဆီက သိရတာက...
ကျွန်တော့်နတ်သမီးလေး... ကျွန်တော့်ဆီက ဖုန်းကို မအိပ်ပဲနဲ့ ...စောင့်နေတဲ့အကြောင်း...။
နောက်တော့ မအောင့်နိုင်တော့ပဲ အိပ်ပျော်သွားတဲ့ အကြောင်း...။
အိပ်ပျောသွားချိန်မှာ .. ဖုန်းသံမြည်တော့ ... ဖုန်းဆီ ပြေးသွားချိန်မှာ ... တစ်ခုခုနဲ့ တိုက်သွားလို့ သူတို့ နိုးလာကြောင်း...။
ဒါပေမဲ့ နတ်သမီးလေး ရှက်သွားမှာစိုးပြီး.. သူတို့ အိပ်ချင်ဟန်ဆောင်နေခဲ့ကြောင်း...။
စသဖြင့်... စသဖြင့်... လင်းခက်က ကျွန်တော့်ကို ဖေါက်သည်ချခဲ့ပါတယ်...။
ကျွန်တော့်နတ်သမီးလေးကတော့... ရှက်ပြုံးလေးနဲ့ ခေါင်းငုံ့နေရုံမှတစ်ပါး....။

ဘာလိုလိုနဲ့....။ နှစ်သစ်ကိုကူးပါတော့မယ်...။
ဒီည.... ။ နှစ်ဟောင်း တစ်ခု ကုန်ဆုံးတော့မဲ့ ည....။
နှစ်သစ်တစ်ခုကို ကူးပြောင်းတော့မဲ့ ည....။
တိတိကျကျ ပြောရရင် ဒီဇင်ဘာ ရဲ့ နောက်ဆုံး ည ၃၁ ရက်နေ့...။
လင်းခက်တို့အိမ်မှာ ကျွန်တော် တို့ လူစုံတက်စုံ ရောက်နေတယ်...။
တောင်ကြီးက ရောက်လာတဲ့ လင်းခက် သူငယ်ချင်း မစနာလဲ ရှိနေတယ်...။
ကျွန်တော်တို့ တစ်တွေ နှစ်သစ်ကူးမဲ့ ည ကို ရင်ခုန်စွာ စောင့်နေကြတာပေါ့...။
ကျွန်တော် သူ့ကို ဒီည ဖွင့်ပြောမယ်လို့ ဆုံးဖြတ်ထားတယ်...။
တတ်နိုင်သမျှ သူ့ အနားမှာ ကျွန်တော် မနေဘူး..။
ရှောင်နေတယ်...။
နေလဲ မနေရဲဘူး..။ အပြစ်တစ်ခု ကျူးလွန်ထားမိတဲ့ လူတစ်ယောက်လို ခံစားမိတယ်...။
ဘာကြောင့်လဲ မသိဘူးဗျာ...။
သူ့နားရောက်သွားရင် အားအင်တွေ ကုန်ခမ်းသလို... သတ်တိတွေ မရှိတော့ သလို ခံစားနေရတယ်ဗျာ...။
မပြောရဲဘူးဗျ....။

-x-x-x-x-x-x-x-x-x-x-

ဒီလိုနဲ့...
လင်းခက်တို့နားမှာ သွားထိုင်နေရင်း....သူတို့ ပြောတဲ့... စကားတွေ
နားထောင်ရင်းနဲ့... သူ့ကို တစ်ချက် တစ်ချက် အကဲခတ်ကြည့်တယ်..။
သူလဲ
ကျွန်တော့်ကို တစ်ချက်တစ်ချက် ခိုးခိုးပြီး အကဲခတ်သလို ရှိနေတာကို ..
ကျွန်တော့် မျက်ဝန်း ထောင့်စွန်းကနေ....မြင်နေရတယ်....။
ကျွန်တော် မူပျက်နေတာလား...။ သိသာနေလို့လား မသိ...။
ကျွန်တော် တော်တော့်ကိုမူပျက်နေပြီလား....။
လင်းခက်နဲ့ စကားဖေါင်ဖွဲ့လောက်အောင် ပြောနေတဲ့ ကိုတိုးတောင် သတိထားမိပြီး .. ကျွန်တော့်ကို မသိမသာ အပြင်ခေါ်သွားတယ်...။
“မင်း လွင်မိုးနဲ့ စိတ်ကောက်နေတာလား...။ ဒါမှမဟုတ် လွင်မိုးက မင်းကို စိတ်ကောက်နေတာလား...။”
“ဟာ... မဟုတ်တာ...။ ဘာဆိုင်တာ လိုက်လို့...။”
“မဟုတ်ဘူးလေ....။ မင်းတို့ နှစ်ယောက် ... စကားလဲ မပြောကြဘူး...။ ခါတိုင်းဆို မင်းတို့ နှစ်ယောက်ထဲ ... စကားပြောနေကြ မဟုတ်လား...။နိုင်နိုင်က ငါ့ကိုလဲ လာမေးနေတယ်...။”
“ဟုတ်တယ်...။ ဒါပေမဲ့... မဟုတ်ဘူး...။”
“အာ...သီဟ.. မင်းဘာဖြစ်နေတာလဲ...။ ဘာတွေ ဟုတ်တယ်..။ မဟုတ်ဘူး.. ဖြစ်နေတာလဲ... ဒီကောင်...။” ဆိုပြီး ကိုတိုးက ...ကျွတ်... လို့ စုပ်သပ်လိုက်တယ်...။
ဒီမှာတင် ကျွန်တော်က ကိုတိုးကို အဖြစ်မှန်ကို ဖွင့်ပြောမလို့ လုပ်တုန်း .... လင်းခက်က ထွက်လာပြီး..
“ဟဲ့.. ဒီနှစ်ယောက် ... ညဥ့်နက်လှပြီ...။ အပြင်မှာ ဘာတွေ ထွက်လုပ်နေတာလဲ...။ လာ..
အထဲကိုဝင်...” ဆိုပြီး လာခေါ်လိုက်တော့ ... ကျွန်တော် ကိုတိုးကို မပြောလိုက်ရတော့ပါဘူး...။

ဒါနဲ့ ကျွန်တော်တို့ အိမ်ထဲကို .. ပြန်ဝင်လာကြတယ်...။
အိမ်ထဲ ရောက်တော့ အခြေအနေတွေ ဒီထက်မဆိုးသွားအောင် ကျွန်တော် ... နတ်သမီးလေးနဲ့ စကား သွားပြောနေလိုက်တော့မယ်...။
ကိုလင်းတို့ကတော့ နယူးရီးယား ရောက်ရင် ၀စ်က်ရှ်လုပ်ရမဲ့သူတွေ ရဲ့စာရင်းကို ပြုစုနေကြလေရဲ့...။
နတ်သမီးလေး ဘာတွေ တွေးနေလဲ မသိဘူး...။

-x-x-x-x-x-x-x-x-

နတ်သမီးလေး ဘာတွေ တွေးနေလဲ မသိဘူး...။
ကျွန်တော်တို့ ၀င်လာတာတောင် သတိမထားမိသလိုပဲ...။
ကျွန်တော်.. နတ်သမီးဘေးမှာ ၀င်ထိုင်လိုက်တယ်....။
“လွင်မိုး....” လို့တိုးတိုးခေါ်လိုက်တယ်...။
သူ ဆတ်ကနဲ တစ်ချက် တွန့်သွားတယ်...။
နောက်မှ “အို... သီဟ...” တဲ့...။
ပြီးတော့ ဘေးဘီ လှည့်ကြည့်တယ်...။
သူနဲ့ ကျွန်တော် နှစ်ယောက်တည်း ဒီဘက် အခန်းထောင့်မှာ ဆိုတာကို သိသွားတော့.... သူ ဟိုဘက်ကို နည်းနည်း တိုးသွားတယ်...။
“ဘာဖြစ်တာလဲဟင်” လို့ မေးတော့...
“ဘာမှ မဖြစ်ပါဘူး...”တဲ့...။
သူများ ရိပ်မိနေပြီလား မသိ...။ ဒါဆို....။
ကျွန်တော် ... ဘာဆက်လုပ်ရမလဲ...။ ကျွန်တော် ဖွင့်ပြောလိုက်ရမလား...။
ကျွန်တော့်မှာ ရှိတဲ့ အားအင်တွေ ဘယ်ရောက်ကုန်ပြီတုန်း...။
သတ်တိတွေလဲ စကြာဝဠာတံတိုင်းနား ပြေးကပ်ကုန်ပြီ ထင်ရဲ့...။
ဟား...............။ သက်ပြင်းမော တစ်ချက်ကို ရင်ထဲမှာ ခိုး ရှိုက်မိတယ်...။
မိန်းကလေးတွေမှာ သူတစ်ပါး အကြံအစည်... အထူးသဖြင့် ကိုယ့်ကို ရည်းစားစကားလာပြောမယ် ဆိုတာကို ကြိုသိနိုင်တဲ့.... မွေးရာပါ အရည်အချင်းများ ရှိသလား မသိ...။
အဲဒီလို... ကျွန်တော် ဖွင့်ပြောတော့မှာကိုများ ... သူရိပ်မိပြီး.... နေမထိ ထိုင်မသာ ဖြစ်နေပုံရတယ်...။
ဒီလိုတွေးမိလိုက်တော့... ကျွန်တော် ... ကျွန်တော့်နတ်သမီးလေးကို သနားသွားတယ်...။
ဟင့်အင်း...။ မင်းမသနားနဲ့.. မောင်သီဟ....။ မင်းပဲ ... ခံစားရလိမ့်မယ်နော....။
ကျွန်တော့် စိတ်တွေ လွန်ဆွဲနေတယ်....။ စိတ်တွေ ရှုပ်ထွေးနေသလား...။ ယောက်ယက်ခပ်နေသလားတောင် မသိတော့ဘူး....။

-x-x-x-x-x-x-x-x-x-x-

ဒီလိုနဲ့...ကျွန်တော်တို့ နှစ်ယောက် ... တစ်ယောက်ကို တစ်ယောက် စကား မပြောမိပဲ ထိုင်နေတာ... တော်တော် ကြာသွားတယ်...။
အချိန်လိပ်ပြာလေး ကျွန်တော်တို့နားကနေ တောင်ပံတစ်ဖျတ်ဖျတ် ခတ်လို့ တစ်ကောင်ပြီး တစ်ကောင် ထွက်ပြေးသွားတယ်...။

အချိန်ရှိခိုက်.. လုံ့လစိုက်ရတယ်တဲ့...။ သားရယ်...” တဲ့...။
အသံတစ်ခု ကြားလိုက်သလို ခံစားရသလိုလို....။
ပွဲခင်းထဲတွေ့ခဲ့တဲ့ အမားက လရောင်အောက်မှာ ဗိုင်းငင်ရင်းနဲ့ ကျွန်တော့်ကို ပြောနေသလို အာရုံထဲ မြင်နေတယ်...။

ဟော့....။
ပြောနေရင်းတန်းလန်းနဲ့ ... အရှေ့ဂေါယာကျွန်းကနေ နေမင်းကြီးထွက်လာပြီ...။ အမားက နှင်းစိုနေတဲ့... ကောက်ရိုးတွေ တစ်ပွေ့တစ်ပိုက်ကြီးကို ပွေ့ပြီး နေသွားလှန်းနေလေရဲ့...။
ပါးစက်ကလဲ တစ်တွတ်တွတ်နဲ့...
Make Hay While The Sun Shines...” တဲ့...။

ဟော.. ကြည့်နေရင်း တန်းလန်းနဲ့ ကမ်းစပ်ကို လျှောက်သွားပြီး အသင့်တွေ့တဲ့ လှေတစ်စီးပေါ်ကို အမား တက်လှော်သွားလေရဲ့...။ ဦးတည်ရာအရပ်က ပင်လယ်ဆီ...။ လက်ကလဲ ကောင်းကင်ဆီကို လက်ညိုးထိုးနေလေရဲ့...။ သူပြတဲ့ နောက်ခံ ကောင်းကင်ယံမှာတော့ တိမ်လွှာဖြူဖြူလေးတွေက စာသားတစ်ခုကို ပုံဖေါ်နေလို့...။

အချိန်နှင့် ဒီရေသည် လူကို မစောင့်”တဲ့။

အင်း.... အမားရေ...။
ကျွန်တော်တော့... ပြောဖို့ရာ ခွန်အားတွေ ဘယ်ရောက်နေမှန်း မသိလို့ မပြောရဲဘူး ဖြစ်နေတယ်ဗျိုး... လို့ စိတ်ထဲက ပြန်အော်နေမိတယ်...။
ကျွန်တော်... ဒီလို တိတ်ဆိတ်နေတာကို သည်းမခံနိုင်တော့ဘူး...။
ကျွန်တော် သူ့ကို ထပ်ခေါ်လိုက်တယ်...။
“လွင်မိုး...။”
(ဒီလို ခေါ်လိုက်တိုင်း စူပါကော်ဖီမစ် ကြော်ငြာထဲက မင်းသားလွင်မိုးရဲ့ စပ်ဖြဲဖြဲ မျက်နှာက အာရုံထဲ တိုး တိုး ၀င်လာလို့ မနည်း ဖျောက်ဖျောက် ထားရတယ်...။)

သူ မျက်လုံး အ၀ိုင်းသားနဲ့ ကျွန်တော့်ကို လှည့်ကြည့်တယ်...။
(ဘယ်လောက်ပဲ သတ္တိကောင်းတဲ့ မိန်းမသား ဖြစ်နေပါစေ။ ဒီလို အဖြစ်မျိုးကို နဖူးတွေ ဒူးတွေ့ ကြုံလာရင် ရင်ခုန်တတ်တာ သူတို့ သဘာဝပဲ ထင်ပါရဲ့...။)

“လွင်မိုးကို တို့ ပြောစရာ ရှိတယ်...” ဆိုတော့...
“ဘာပြောမှာလဲ... ဟိုမှာ လင်းခက်တို့ ရှိတယ်နော်...။” တဲ့...။
ကျွန်တော် ဘာဆက်ပြောရမှန်း မသိဘူး..။
ကြောင်အမ်းသွားတယ်...။
နောက်မှ ပြောမိပြောရာ ပြောချလိုက်တယ်....။

Wednesday, March 25, 2009

ကျွန်တော်နှင့် မပြီးဆုံးခဲ့သော ပန်းချီကား တစ်ချပ် (၄)

အိမ်ပြန်ရောက်တော့ .. လင်းခက်တို့က သူတို့ကို ခေါ်မသွားဘူး ဆိုပြီး.. ရန်တွေ့လေရဲ့...။
ကျွန်တော်လဲ ခဏလောက် အမောဖြေပြီး...သူနဲ့ ထွေရာလေးပါး ပြောဖြစ်တာပေါ့...။
သိတဲ့အတိုင်းပါပဲ...။ ကျွန်တော်ကချည်းပဲ .. အပြောသမားပါ...။
သူကတော့ ...ထုံးစံအတိုင်း.. နားထောင်သမား သက်သက်ပေါ့...။
ကျွန်တော်ကလဲ ... သူနဲ့သာ ရှိနေမယ်ဆိုရင် အချိန်တွေ ဘယ်လောက်ပဲ ကုန်လွန်နေပါစေ...။
ဂရုမစိုက်နိုင်ပါဘူး...။ နိုင်နိုင်တို့ .. လင်းခက်တို့ကတော့... တစ်ချက်တစ်ချက် .. ၀င်ဝင်ပြောကြတာပေါ့...။
နောက်တော့ ... သူတို့ ရှောင်ထွက်သွားကြတယ်...။
အပြင်သွားစရာ ရှိတယ်ဆိုပြီး ထွက်သွားကြတယ်...။
ဒီလိုဆိုတော့လဲ ... လင်းခက်က မဆိုးရှာပါဘူး...။
သူနဲ့ ကျွန်တော် နှစ်ယောက်သား ကျန်ခဲ့တယ်...။
ဒီတော့မှ သူလဲ ... မနေတတ်သလို ဖြစ်သွားတယ်...။
ဟုတ်မှာပေါ့...။ ကျွန်တော်တောင် ... ဘာလုပ်ရမှန်း မသိတော့ဘူး...။
မသိတာက... ကျွန်တော် ... ကျွန်တော့်ရင်ထဲက ခံစားချက်ကို ဖွင့်ပြောဖို့ ကြံစည်နေလို့ပါ...။
ပြောဖို့ စကားလုံးတွေကို ရွေးချယ်နေဆဲ...။
ဒါပေမဲ့ .. ဒီအချိန် ပြောလိုက်ရင် သူကိုယ့်ကို စိတ်ဆိုးသွားမလားဆိုတဲ့ အတွေးကလဲ ၀င်နေတယ်...။
ပြောလိုက်ရမလား...။
မပြောသေးပဲ... နောက်မှ ... ဆိုရင် ကောင်းမလားပေါ့...။
ဒါပေမဲ့... ကျွန်တော် အခု ပြောလိုက်ရအောင်လဲ သတ်တိမရှိဘူး ဖြစ်နေတယ်...။
ဒီလိုနဲ့.... နှစ်ယောက်စလုံး အတွေးကိုယ်စီနဲ့ ငြိမ်နေမိတယ်...။
တော်တော် ကြာသွားတယ်...။
နောက်မှ ... သူတိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်တယ်...။
ဒီနေ့ညကို ဘယ်သွားစရာ ရှိလဲတဲ့...။
စကားစလိုက်တယ်..။
ကျွန်တော်က မရှိပါဘူးလို့ပြောတော့...။
သေချာစဉ်းစားနော်တဲ့...။
ကျွန်တော် တစ်ချက် စဉ်းစားလိုက်တယ်...။
ဘာမှမရှိပါဘူး...။
ဘာ့ကြောင့် သူဒါတွေလာမေးနေတာလဲပေါ့...။
မရှိပါဘူး...။ ဘာလုပ်မှာမို့လို့လဲ လို့မေးတော့...။
မရှိရင်လဲ ပြီးရောတဲ့...။
ညနေမှ ဖုန်းဆက်လိုက်မယ်တဲ့...။
ဒါနဲ့ ကျွန်တော်လဲ ပြောစရာ မရှိတော့ ... သူ့ကို နှုတ်ဆက်ပြီး.. အိမ်ပြန်ခဲ့တယ်...။
ညနေ ... လေးနာရီလဲ ရောက်ရော... ဖုန်းဆက်လာတယ်...။
ညနေစာကျွေးချင်လို့... ကိုတိုးကိုပါခေါ်ပြီး.. (ရး၀၀) နာရီကို သူတို့ဆီ လာခဲ့ပါပေါ့...။
ကျွန်တော်က ဘာ့အတွက် ကျွေးတာလဲ မေးတော့ .. မဖြေဘူး...။
လာမှာသာလာခဲ့ပါ...။ ရောက်ရင်သိမှာပါ... ဆက်ဆက်လာခဲ့ပါ...။
မလာရင် .. စိတ်ဆိုးမယ်ဆိုပြီး.. ဖုန်းချသွားတယ်...။
ကျွန်တော်လဲ ကိုတိုးကို ပြောလိုက်တယ်...။
ကိုတိုးကို မေးကြည့်တော့လဲ ကိုတိုးက ဘာမှ မသိဘူးတဲ့...။
နောက်(၆း၀၀)နာရီလောက်မှာ ရေမိုးချိုး... အ၀တ်အစားလဲပြီးတော့ သူတို့ဆီ ထွက်လာခဲ့တယ်...။
ရောက်တော့... သူတို့လဲ အသင့်ဖြစ်နေပါပြီ...။
ဘယ်မှာ သွားစားမလဲဆိုတော့...။ တရုတ်တန်းပေါ့တဲ့...။
ဒါနဲ့ ... ကျွန်တော်တို့ ... တရုတ်တန်းကို... ယွန်းကြတယ်...။
(၁၉)လမ်းထဲက “ရတနာ” ဆိုတဲ့ စားသောက်ဆိုင်ရဲ့ အပေါ်ထပ်မှာ ကျွန်တော်တို့ ထိုင်ဖြစ်တယ်...။
စားစရာတွေ မှာပြီးတဲ့ အထိ... ကျွန်တော်မေးတာကို ဘယ်သူမှမပြောပြသေးဘူး...။
နိုင်နိုင်က လွင်လွင်မိုးကို မေးကြည့်ဆိုပြီး... ပြုံးစိစိနဲ့... ကျွန်တော့်ကို လှမ်းပြောတယ်...။
အစားအသောက်တွေ ရောက်လာတယ်...။
စားကြ.. သောက်ကြတယ်...။
ပျော်ပျော်ပါးပါးပေါ့...။
စားပြီးလို့... အအေးသောက်နေကြချိန်မှာ လင်းခက်က ... “ဟက်ဘီးဘတ်ဒ်ဒေး.. လွင်လွင်မိုး”ဆိုပြီး... လက်ထဲက အထုပ်လေး.. လှမ်းပေးလိုက်တယ်...။
ဒီတော့မှ ကျွန်တော် သဘောပေါက်သွားတယ်...။
အော်.... ဒီနေ့ သူမွေးနေ့ပါလားပေါ့...။
ဒါ့ကြောင့် သူဒီမနက် ဘုရားကိုသွားနေတာကိုး...။
ကျွန်တော်ကလဲ မထင်မှတ်ပဲ ရောက်သွားတော့ သူအံ့သြသွားတာနေမှာလို့... သဘောပေါက်လိုက်တယ်..။
ဘာမဆိုင်..ညာမဆိုင်.. စိတ်ချင်း ဆက်သွယ်တယ်ဆိုတာ .. ဒါလားလို့ တွေးလိုက်မိတယ်...။
တစ်ကယ်တော့.. ဒါ စိတ်ချင်းဆက်တာမှ မဟုတ်တာနော့...။
(တစ်ခါတစ်လေ လိပ်တံဆိပ် ပေါက်တူးတွေ ကျွန်တော့်ဆီမှာ ဒါဇင်လိုက် ဆောင်ထားတတ်တယ်...။)
ဒါဆို... ဘာခေါ်ရမလဲ...။
ဟင့်အင်း... သိဘူးကွယ်...။
ဒါပေမဲ့... ကိုယ်သိတာ တစ်ခုထဲ ရှိတယ်...။
နတ်သမီးလေးကို ကိုယ်ချစ်တယ်...။

-x-x-x-x-x-x-x-x-x-x-

နောက်တစ်ရက်....မွန်းလွဲပိုင်း။
ခရစ်စမတ်နေ့ပေါ့...။
ခရစ်တော် မွေးဖွားတဲ့ နေ့ပေါ့...။
နတ်သမီးလေးဆီကို ကျွန်တော် မွေးနေ့လက်ဆောင်သွားပေးပါတယ်...။
ထူးထူးထွေထွေတော့ မဟုတ်ပါဘူး...။
ဓါတ်ပုံထည့်တဲ့ စားပွဲတင်မှန်ဘောင်လေးပါ...။
ချစ်သူ မဟုတ်သေးတဲ့ ကောင်မလေး တစ်ယောက်အတွက် ဘာတွေ ၀ယ်ပေးရမယ်ဆိုတာ ကျွန်တော် မသိပါဘူး...။
ဆိုတော့ ... တွေ့ရာ ပဲ...ကျွန်တော်ကောက်ဝယ်ခဲ့တာပါ...။
တကယ်ဆို သူ့ကို ကျွန်တော် ပေးချင်နေခဲ့တာက ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာတွေပါ...။

....................။

အဲဒီနေ့မှာပဲ...။
ခရစ်စမတ်နေ့မှာပဲ...။
ကျွန်တော် နတ်သမီးလေးနဲ့ စကားပြောဖြစ်တယ်...။
ကျွန်တော်လို့... ညသန်းခေါင်လောက်မှာ ဖုန်းဆက်လာချင်တယ်လို့...။
ဖုန်းလက်ခံပြောမှာလားလို့ဆိုတော့...။
သူများ အိမ်တဲ့...။
မကောင်းဘူးထင်တယ်တဲ့...။
ဆက်မလာနဲ့တဲ့...။
ပြောစရာရှိရင်...ခုပြောတဲ့...။
ကျွန်တော်က ညမှပဲ ပြောလို့ရမှာ...။
မရဘူး... ဆက်လာမှာပဲဆိုတော့...။
ဘာမှ ပြန်မပြောတော့ဘူး...။
ဒါပေမဲ့... နဲနဲတော့ စိတ်ရှုပ်သွားတဲ့ အမူအရာတော့ တွေ့လိုက်တယ်...။
ကျွန်တော့်နတ်သမီးလေး .. စိတ်များ ဆိုးသွားပြီလား...။
....................။
ညကျတော့ .. ကိုတိုးနဲ့ ကျွန်တော်... ယုဇနဂါးဒင်းက ပိုင်အိုးနီးယား နှိုက်ကလပ်သွားကြတယ်...။
ခရစ်စမတ်ပါတီဆိုပြီး... ပွဲလုပ်တယ်လေ...။
ကိုတိုးက နှိုက်ကလပ်သရဲ...။
ကတာခုန်တာ အရမ်းကြိုက်တာ...။
ပွဲမရှိလဲ ... စနေညတိုင်းသွားတယ်...။ အပတ်တိုင်းပဲ....။
အဲဒီညကတော့ ခရစ်စမတ်ညမို့လို့..ပါတီရှိတာပေါ့...။
ကရင်းခုန်ရင်းနဲ့ .... ညသန်းခေါင်ကျော်သွားတယ်...။
ကျွန်တော်လဲ ပြောထားတာ သတိရသွားပြီး..... ဖုန်းရှိရာ ... နေရာကို လိုက်ရှာတယ်..။
ဘားကောင်တာမှာ....ဖုန်းတွေ့တော့ နတ်သမီးလေးဆီ... ဆက်မယ်လို့ဆိုပြီး ဖုန်းခွက်ကို ကောက်ကိုင်လိုက်တယ်...။
ဒါပေမဲ့...စိတ်ထဲက ချီတုံချတုံနဲ့ပေါ့...။
ဟုတ်တယ်လေ...။ ဒီအချိန်မှာ ကျွန်တော် ဖေါင်းထိလို့ မရဘူးလေ....။
အ၀ါကဒ်တော့ အထိမခံနိုင်ပါဘူး...။ သူ ဆက်မလာပါနဲ့လို့ ပြောထားရဲ့သားနဲ့...။
ဒါနဲ့ ... ဖုန်းခွက်ကို ပြန်ချလိုက်တယ်...။
..................................................။
ဟင့်အင်း...။ စိတ်ထဲက ငြင်းနေမိတယ်...။
ကျွန်တော် ဘာကို ငြင်းနေမိတာလဲ....။
..........
................
......
..........
..........
အချိန်တွေ တော်တော်ကြာသွားတယ်......။

-x-x-x-x-x-x-x-x-x-x-x-x-


ဘားကောင်တာက ကောင်မလေးက နားမလည်သလိုနဲ့... သူဆက်ပေးရမလားတဲ့...။
ကျွန်တော် ခေါင်းခါပြလိုက်တယ်...။
ကျွန်တော် လှည့်ထွက်ဖို့ ပြင်လိုက်တယ်...။
ဟင့်အင်း...။ မဆက်လို့ မရဘူး..။ ဆက်ကို ဆက်ရမယ်...။
ကျွန်တော် စိတ်တွေ လွန်ဆွဲနေတယ်...။ ဆက်မယ်.. မဆက်ဘူးပေါ့...။
နောက်မှာ ဖုန်းဆက်မဲ့ လူတစ်ယောက် စောင့်နေတယ်...။
ကျွန်တော် မဆက်တော့ဘူးဆိုတော့ သူဆက်မယ်လို့ ဆိုပြီးဟန်ပြင်လိုက်တယ်...။
ကျွန်တော် ရုတ်တရက် ဖုန်းခွက်ကို လုလိုက်ပြီး... ကျွန်တော်ဆက်မယ်လို့ ပြောလိုက်တယ်...။
အဲဒီ တစ်ယောက် မကျေမနပ်နဲ့ ... ပွစိပွစိ ရေရွတ်ပြီး... တစ်ခြားကို ထွက်သွားလေရဲ့...။
ဒိုင်ခွက်က ဂဏန်းလေးတွေကို နှိပ်လိုက်တယ်...။
ကျွန်တော့်လက်တွေ တုန်နေတယ်....။
ကျွန်တော် ဂဏန်းမှန်အောင် မနဲ ကြိုးစားနေရတယ်...။
အရေးထဲ လိုင်းက အော်တို မ၀င်ဘူး...။
ကျွန်တော် စိတ်ပေါက်ပေါက်နဲ့... ဖုန်းခွက်နားက ခလုတ်ကို
ခပ်ဆတ်ဆတ်လေး... သုံး..လေး..ငါးချက်လောက်.. ဖိနှိပ်လိုက်တယ်...။
ဟော....။ တူ......တဲ့...။ အော်တို ပြန်ရသွားပြီ...။
နံပါတ်... နံပါတ်....။ ဦးနှောက်ထဲ အသေမှတ်ထားတဲ့ နံပါတ်....။
ခုနင်ကပဲ နှိပ်လိုက်တဲ့ နံပါတ်...။ အဲဒါကြီးကို မေ့နေတယ်...။
ကယ်တော်မူပါ...။
၅မိနစ်လောက်ကြာသွားတယ်...။ ခေါင်းအေးအေး ထားပြီး ပြန်စဉ်းစားလိုက်တယ်...။ ... အားရပြီ..။
ဒီတစ်ခါတော့ အထစ်အငေါ့ မရှိ ... ချောမောစွာနဲ့... ဂဏန်းတွေကို တောက်လျှောက် နှိပ်လိုက်တယ်...။
ဖုန်းသံတစ်ချက် မြည်တယ်...။
ကျွန်တော့်ရင်တွေ အတိုင်းအဆ မရှိ တုန်ယင်နေသလိုပဲ...။
ဘုရားသခင်.... ကျွန်တော့်ကို ကောင်းချီးပေးပါစေ....။

-x-x-x-x-x-x-x-x-x-x-x-x-x-


(ကိစ္စများမြောင် လူတို့ဘောင် ဆိုတဲ့ အတိုင်း အလုပ်က ခရီးနဲ့ပါတ်သက်ပြီး လုပ်နေရတဲ့ အလုပ်ပါ။ ရုံးက ခုနကပဲ အီးမေလ်း ၀င်လာတယ်။ စတဲန်းဘိုင် လုပ်ထားပါတဲ့။ ဒီည ခရီးထွက်ဖြစ်ရင် ထွက်၊ မထွက်ဖြစ်ရင် နက်ဖြန်ထွက်ရမယ်တဲ့။ ကွန်ဖမ်းဖြစ်ရင် E-ticket လှမ်းပို့မယ်တဲ့။ ရှင်ချင်တယ် မနေ့တစ်နေ့ကပဲ ပြန်လာတာကို...။ အိမ်လေးကို စောင့်ရှောက်ပေးကြပါဦး ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်းတို့...။ ဤသည်ကား စာကြွင်း ဖြစ်ချေ၏။ )

ကျွန်တော်နှင့် မပြီးဆုံးခဲ့သော ပန်းချီကား တစ်ချပ် (၃)

အဲဒီနောက်ပိုင်း လွင်မိုးနဲ့ ကျွန်တော်ဟာ တစ်ယောက်ကို တစ်ယောက် ဖုန်းတွေ အပြန်အလှန် .. အကြိမ်ကြိမ် အခါခါ ဆက်မိတယ်...။
ကျွန်တော်ကပဲ ဆက်တာ များပါတယ်...။
တစ်ခါ ဆက်တိုင်း သူ့အပေါ် သံယောဇဉ် ကြိုးတွေ အထပ်ထပ် ရစ်နှောင်မိတော့တယ်...။
များသောအားဖြင့် ကျွန်တော်ကအပြောသမားဖြစ်ပြီး သူကတော့ နားထောင်သမားပေါ့...။
ကျွန်တော့်ချစ်သူဟာ...
(အခုအချိန်မှာ ကျွန်တော် သူ့ကို တကယ်ချစ်မိပြီလို့ သတ်မှတ်လိုက်ပါပြီ...။) စကားနည်းသူ မဟုတ်ပါပဲ... စကားကို ဖောင်ဖွဲ့မပြောတတ်သူပါ...။
ကျွန်တော့်ရင်ထဲက အချစ်ကို ကျွန်တော် ထုတ်ဖော် မပြောသေးပေမဲ့... ဘေးဘီကတော့ ရိပ်မိနေပါပြီ...။
သူလဲ သိမှာပါ...။
သိလိမ့်မယ်လို့လဲ ထင်ပါတယ်...။
သူ့ကို တစ်ကယ်ချစ်မိသွားတာပါ...။
ကျွန်တော့်တစ်သက်မှာ ဘယ်မိန်းကလေးကိုမှ ဒီလောက်ထိ မစွဲလမ်းခဲ့ဖူးပါဘူး...။

-x-x-x-x-x-x-x-x-x-x-x-x-x-

ကျွန်တော့်နတ်သမီးလေးက ရန်ကုန်မှာ ကွန်ပျူတာ သင်တန်း လာတက်တာပါ...။
နယ်က ဆိုပါတော့...။
မေမြို့ကပါ...။
နိုင်နိုင်နဲ့က ဖအေတူ မအေကွဲ ညီအစ်မတော်ကြတယ်...။
သူတို့နှစ်ယောက်က ညီအစ်မဆိုသော်လည်း ...သူငယ်ချင်းပေါင်း.. ပေါင်းကြပါတယ်....။
ကျွန်တော်ကလည်း နယ်ကပဲလေ...။
ဒါပေမဲ့ သူတို့နဲ့တော့ မတူဘူးပေါ့...။
ကျွန်တော်က ကိုတိုးနဲ့ တူတူနေနေတယ်...။
နိုင်ငံခြားကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်နေတယ်...။
အဲဒီတုန်းက တစ်ယောက်ထည်းဆိုတော့ ... ရတဲ့ လခနဲ့က လောက်ပါတယ်...။
သိပ်တော့ ပိုပိုလျှံလျှံကြီးတော့ မဟုတ်ဘူးပေါ့...။
ဒီလိုနဲ့... အချိန်ဆိုတဲ့ ကာလရထားကြီးလဲ တစ်ရွေ့ရွေ့ မရပ်မနား ထုတ်မောင်းနေခဲ့တယ်...။
အဲဒီရထားကြီးနဲ့အတူ ကျွန်တော်တို့... ဖုန်းပြောဖြစ်ကြတာလဲ တစ်ဘူတာပြီး တစ်ဘူတာ၊ တစ်မှတ်တိုင်ပြီး တစ်မှတ်တိုင်ပေါ့...။
ထူးထူးထွေထွေတော့ မဟုတ်ပါဘူး...။
ဘာမှ ဆန်းဆန်းပြားပြားဆိုတာလဲ ... ကျွန်တော် မပြောရသေးဘူး...။
မပြောဖြစ်တာက.. အကြောင်း ရှိတယ်...။
ပြောဖို့ မရဲတာရယ်....၊ ကိုတိုးက ရှုပ်ရှုပ်ရှက်ရှက်တော့ မလုပ်နဲ့ကွာ ဆိုပြီး ပြောထားတာရယ်...။
နောက်ပြီး လင်းခက်က ကျွန်တော်တို့ကို သိပ်ပြီး သဘောတူပုံ မရတာရယ်ကြောင့်ပါ...။

၁။ ပြောဖို့ မရဲတဲ့ အကြောင်းက ကျွန်တော့်မှာ ပြောဖို့ရာ အင်အား သိပ်မရှိလို့ပါ....။
လူဆိုတာမျိုးက အခက်သားပါကလား...။
ကိုယ်ကသာ တခြား ကောင်မလေးတွေကို အီစီကလီ လုပ်ရင်သာ... နှုတ်သွက်အာသွက် ရှိနေပေမဲ့ ... ကိုယ်တစ်ကယ်.. ချစ်ရတဲ့ သူလဲကျရော ....။
မရဲကြတော့ဘူး...။
နှုတ်ထဲ အာစေးထဲ့မိသလိုပဲ...။ ပြောမထွက်တော့ဘူး...။

၂။ ကိုတိုးကတော့ ... ကျွန်တော့်ကို အရင်ကောင်မလေးတွေလိုပဲ သဘောထားပြီး လျှောက်စနေမှာလို့ စိုးရိမ်ပြီး တားတာပါ....။
နောက်ပြီး... သူငယ်ချင်းတွေဆိုတော့.. သူလဲအနေခက်မှာပေါ့...။
ဒါပေမဲ့ လဲ အဲဒီတုန်းက သူတားတာကို ကျွန်တော်သေချာ မသိခဲ့ဘူး...။

၃။ လင်းခက်ကတော့... ။
နတ်သမီးလေးကို လင်းခက်နဲ့ ဆက်စပ်ပြီးမှ သိတာကိုး....။
ဒီတော့ကာ ကျွန်တော်လဲဒီတိုတောင်းလှတဲ့ အချိန်အတွင်းမှာ မလှုပ်ရှားချင်သေးဘူး...။ လင်းခက်ကလဲကိုတိုးလိုပေါ့... သူ့သူငယ်ချင်းအတွက် စိုးရိမ်တာပေါ့....။
ကိုတိုးနဲ့ လင်းခက်တို့ နှစ်ယောက်စလုံး ကျွန်တော့်ကြောင့် သူတို့ မျက်နှာပျက်မှာ စိုးရိမ်တာပါ...။
ဒါပေမဲ့ ...။
ကျွန်တော် ဂရုမစိုက်ပါဘူး...။
သူတို့နှစ်ယောက်စလုံးကို ကျွန်တော် ဂရုမစိုက်ပါဘူး...။
နောက်ပိုင်းကျတော့ သူတို့လဲ ကျွန်တော့်ကို တားမရမှန်း.... ကျွန်တော်တစ်ကယ် ခံစားရမှန်း သဘောပေါက်သွားတော့... ဘာမှ မပြောကြတော့ပါဘူး...။
ဇာတ်လမ်းက အခုမှ အစပျိုး ရုံပဲ ရှိတာပါ....။

-x-x-x-x-x-x-x-x-x-x-x-x-

အချိန်တွေ ... တရွေ့ရွေ့ .. ကုန်ဆုံးသွားတယ်...။
သူတို့ တစ်တွေ... မြို့ထဲက လင်းခက်အစ်မရှိရာ (၃၉)လမ်းကအိမ်မှာ လာအိပ်ကြပါတယ်...။
လင်းခက်အစ်မက ခရီးထွက်သွားလို့ အိမ်လာကူစောင့်ပေးတာတဲ့...။
ဒီလိုနဲ့....တစ်နေ့....။
မှတ်မှတ်ရရ...။
ဒီဇင်ဘာ (၂၄) ရက်နေ့...။
ကျွန်တော်သူတို့ဆီ .. မနက်အစောကြီး ရောက်သွားတယ်...။
စိတ်ထဲမှာ သူ့ကိုပဲ ဘာရယ်ကြောင့် မသိ...။
သတိရနေလို့ ပါ...။
ဘာပဲဖြစ်ဖြစ်သွားလိုက်မယ်ဆိုပြီး ထွက်လာတာပါ...။
ခါတိုင်းဆို .. ညနေခင်းလောက်မှ ကျွန်တော်သွားတတ်တာပါ...။
ကျွန်တော့်နတ်သမီးလေးက အပြင်ထွက်ခါနီးနဲ့ ကြုံနေတယ်...။
သူအံ့သြသွားတယ်...။
ဘာလာလုပ်တာလဲ...။ အစောကြီးပေါ့...။
ကျွန်တော်က .. ဒီလိုပါပဲ... ကြုံလို့ ၀င်လာတာလို့ ဖြေလိုက်တယ်...။
တကယ်ဆို... ကျွန်တော်သူ့ကို သတိရလို့ သက်သက် သူ့ဆီလာတာပါ...။
ဒါကို ပြောဖို့ မရဲဘူး.. ဖြစ်နေတယ်...။
တော်တော် အသုံးမကျပါဘူး...။ ဖြစ်ပုံများ....။
သူက ဘုရားကို သွားမလို့တဲ့...။
ကျွန်တော်လဲ ... လိုက်ပို့မယ်.. လိုက်ခဲ့မယ်ပေါ့...။
သူက အားမှပါတဲ့...။
ကျွန်တော်က သူ့အတွက်ဆို အမြဲတမ်း.. အားပါတယ်လို့... စိတ်ထဲကပဲ ပြောမိတယ်...။
ဒီလိုနဲ့ ဘုရားကို သွားကြတယ်...။
ရွှေတိဂုံ ဘုရားကိုပါ...။ စောင်းတန်းမှာ ဘုရားပန်းတွေ အများကြီးပဲ... သူဝယ်တယ်...။
ရွှေထီးတွေ.. တံခွန်တွေ... ကုတ်ကားတွေ ရောပဲ...။
နောက်... သူ ဘုရားရှေ့မှာ ရှိခိုးတယ်...။
အကြာကြီးပဲ...။
ကျွန်တော် .. သူ့ဘေးကနေ... သူဘုရားရှိခိုးနေတာကို... ငေးကြည့်နေတယ်...။(ငရဲများ ကြီးမလားပဲ...။)
သူကတော့ မျက်လွှာကလေး ချလို့ပေါ့...။
သူဘုရားကို... ဦးချတော့မှ... သတိရလာပြီး မျက်နှာလွဲလိုက်တယ်...။
နောက်တော့ ... ကျွန်တော်တို့... ဘုရားအောက်ဘက်ကို ဆင်းလာပါတယ်...။
သူက စာကလေးတွေ လွှတ်ချင်တယ်ပြောတော့... ကျွန်တော်လဲ... မဟာဝိဇယ စေတီရှိရာကို ခေါ်လာခဲ့တယ်...။
လိပ်ကန်နားမှာ ... စာကလေးတွေ လွှတ်ဖို့ ရောင်းနေတဲ့သူတွေ ရှိတယ်...။
သူ့အတွက် စာကလေးတွေ ၀ယ်ပေးတော့... သူငြင်းတယ်...။
သူပဲ ၀ယ်ပါရစေတဲ့...။
ဝယ်ပြီး... သူတစ်ကောင်ချင်း လွှတ်တယ်...။
ငှက်ကလေးတွေ ကောင်းကင် ပေါ် ပြန်တက်တာကို ကြည့်ရင်းနဲ့... သူပျော်နေပုံရပါတယ်...။
နောက်လိပ်ကန်ထဲကို ငါးစာ၊ လိပ်စာတွေ ကျွေးသေးတယ်...။
သူက ကျွန်တော့်ကို တစ်ခုခု ပြောချင်နေပုံပဲ...။
ဒါပေမဲ့ ဘာရယ်ကြောင့် မသိ..။ သူကျွန်တော့ကို ဘာမှ မပြောဘူး...။
နောက်... ကျွန်တော်တို့ ပြန်ခဲ့ကြတယ်...။
သူရိယနေမင်းကြီးက ပျင်းပျင်းနဲ့ သူ့ရောင်ခြည်တစ်ထောင်ကို အစွမ်းကုန်လွှတ်နေသလား မှတ်ရပါတယ်...။
ကျွန်တော့်အတွက်တော့ လမင်းကြီး သာနေသလိုပါပဲ...။
(ချွေးတော့ တောက်တောက် ကျနေတာပေါ့နော်...။)

Tuesday, March 24, 2009

ကျွန်တော်နှင့် မပြီးဆုံးခဲ့သော ပန်းချီကား တစ်ချပ် (၂)

အဲဒီညမှာ ကျွန်တော် အိပ်မက် မက်ပါတယ်...။
အိပ်မက်ထဲမှာ သူက လရောင်အောက်မှာ ခြေဆင်းပြီးတော့ ထိုင်နေပါတယ်...။
သူ့အပါးမှာ ကြယ်တာရာလေးတွေက ၀န်းရံ ခစားနေပါတယ်...။
ဖြူလွလွဝတ်စုံကို ၀တ်ဆင်ထားတဲ့ သူမဟာ... ငွေရောင်လခြည်တန်းတွေအောက်မှာ တောက်ကြွားနေပါတယ်...။
သူ့ဆံနွယ်လေးတွေဟာ မြောက်ပြန်လေ နဲ့ လွင့်မျောနေပါတယ်...။
တိမ်ခပ်ပါးပါးလေးတွေကလဲ သူ့အပါးမှာ သိုင်းခြုံထားတယ်...။

ကျွန်တော်က သူ့ဆီကို ရုပ်ရှင်ထဲက အနှေးပြကွက်တွေလို စလိုးမိုးရှင်းနဲ့ ... ပြေးသွားနေပါတယ်...။
ဘယ်လိုဖြစ်လို့ အဲဒီလို ပြေးသွားမှန်းတော့ မသိပါဘူး...။
သူ့အလိုလို စလိုးမိုးရှင်းပြကွက်လို ဖြစ်နေတာပါ...။

အဲဒီအချိန်မှာ ရုတ်တရက် ချက်ချင်းကြီးဆိုသလို ပတ်ဝန်းကျင် ကောင်းကင် တစ်ပြင်လုံး လင်းထိန်သွားပြီး... လေယာဉ် စက်သံတွေ ကြားလာရပါတယ်...။
ဒါနဲ့ ကျွန်တော်လဲ ကောင်းကင်ယံကို မော့ကြည့်မိတော့...။
လား..လား....။
ဘယ်က ပေါ်လာမှန်းမသိတဲ့ ဒုတိယ ကမ်ဘာစစ်တုန်းက အမေရိကန်တွေသုံးခဲ့တဲ့ ဗုံးကြဲလေယာဉ်ကို တွေ့လိုက်တယ်...။

ကြည့်နေရင်းတန်းလန်းနဲ့ ရုတ်တရက်ဆိုသလို... လေယာဉ် ၀မ်းဗိုက်တွေ ပွင့်လာပြီး... အထဲက ခပ်မဲမဲ အရာတစ်ခု ကျလာပါတယ်...။
ခပ်မဲမဲ လူဝကြီးတစ်ယောက် ပိတ်ဖြူစကို ခိုစီးပြီးတော့ ဆင်းလာသလိုပါပဲ...။
တစ်ကယ်တော့.. အဲဒါဟာ လေထီးဖြူနဲ့ တွဲချည်ထားတဲ့ ဗူးနက်တွေပါ....။
ဗူးပေါ်မှာ စာတွေ ရေးထားပါတယ်...။
အဲဒီစာတွေကို လရောင်အောက်မှာ ထင်းထင်းကြီး တွေ့နိုင်ပါတယ်...။

အဲဒီ အရာကြီးဟာ... ကျွန်တော်တို့ရှိရာ မြက်ခင်းပြင်ကြီးဆီကို တည့်တည့်ကျလာပါတယ်...။
ဗူးပေါ်မှာ ရေးထားတာတွေလဲ တဖြည်းဖြည်း ထင်ရှားလာပါတယ်...။
စာတွေဖတ်ပြီးတော့ ဘုရားပေါင်းစုံ “တ” မိပါတယ်...။
ဟိုက်..ရှားပါး...။

ဟီရိုရှီးမား မြို့ပေါ်သို့ ကြဲချခဲ့သော ဗုံးထက် အဆတစ်ထောင်ပြင်းသည့် မီဂါဗုံး” ပါတဲ့...။

ဟိုက်...မှတ်ကရော...။
ကျွန်တော်လဲ သူရှိရာ ထပ်ပြီးအကြည့် ... သူက ကျွန်တော်နဲ့ ဝေးရာကို ထိုင်ရာက မထပဲ တစ်ရွေ့ရွေ့ ရောက်သွားနေတယ်...။ အော်တို ရွေ့နေသလိုကြီး...။

အဲဒီအချိန်မှာ ဗုံးကြီးက သူနဲ့ ကျွန်တော့်အကြားတည့်တည့်မှာ ကျကွဲပါတယ်...။
ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားပါတယ်...။
အရာအားလုံးဟာ ခဏလောက်တိတ်ဆိတ်သွားတယ်...။
နောက်မှ စလိုးမိုးရှင်းနဲ့ ပြေးနေတဲ့ ကျွန်တော်လဲ ပုံမှန် လူပြေးသလို ပြေးနိုင်တော့တယ်...။

ဗုံးကွဲပြီးလို့ ကောင်းကင်ကြီးကို မှိုပွင့်ပုံကြီး ထိုးတက်သွားပါတယ်...။
ခြောက်တန်း သမိုင်း ဖတ်စာအုပ်ထဲက ဟီရိုရှီးမားနေ့ အကြောင်း စာမျက်နှာမှာ ပါတဲ့ မှိုပွင့်ပုံအတိုင်းပဲ...။ ဖြတ်ညှပ်ကပ်လုပ်ထားသလား အောက်မေ့ရတယ်...။
အံ့သြစရာကောင်းတာက ကျွန်တော့်မှာ ဘာဒဏ်ရာမှ မရတာကိုပါပဲ...။
ဒါနဲ့ကျွန်တော်လဲ... သူရှိရာဆီကို အပြေးသွားလိုက်တယ်...။
သူက ခေါင်းငုံ့နေပါတယ်...။
အနားရောက်သွားတော့ သူ့ခေါင်းလေး မော့လာပါတယ်...။
ပြီးတော့ တိုးတိုးလေး ပြောသေးတယ်...။

အမားကို.. အိမ်ပြန်ပို့ပေးပါလားဟင်...။”တဲ့ ... ။


အံမလေး....။

လွင်လွင်မိုး မဟုတ်ပါဘူး...။
ပွဲခင်းမှာ တွေ့ခဲ့တဲ့ ကုလားမ အဖွားကြီးပါ....။ ဆာရီက လရောင်အောက်မှာ တစ်လက်လက်နဲ့...။

ကျွန်တော်နှင့် မပြီးဆုံးခဲ့သော ပန်းချီကား တစ်ချပ် (၁)

ဘယ်လိုမှ အစားထိုး မရနိုင်တဲ့ဆုံးရှုံးမှုတွေထဲမှာ အချိန်ဆိုတဲ့ အရာက အဖိုးအခအကြီးဆုံးလို့ပဲ ထင်မိတယ်။
ဖြစ်နိုင်ရင် အချိန်တွေကိုနောက်ပြန်ဆွဲပြီးတော့ ကိုယ့်ရဲ့ အမှာေးတွ၊ နောင်တတွေအတွက် ဘွာပြန်ခတ်လိုက် ချင်တယ်။
တကယ်တော့ ကျွန်တော်ဟာ .... အချိန်၊ကာလ၊နေရာ၊ဒေသကို လိုက်လျောညီထွေစွာ အသုံးမချတတ်တဲ့ မိုက်မဲလှတဲ့ သတ္တ၀ါပါ...။ ဒါ့ကြောင့်လဲပဲ ကျွန်တော့်ရဲ့မသိနားမလည်မှုတွေရဲ့ အကျိုးဆက် ရလာဒ်ကို အခုထိပဲခံစားနေရတာပေါ့...။

--------------------------------------------

လူတိုင်းလူတိုင်းအချစ်ဆိုတဲ့ အရာကို အနည်းနဲ့ အများခံစားတတ်ကြမှာပေါ့...။
အဲဒီထဲမှာ ကိုယ့်ရဲ့ ခံစားချက်တွေကို ဖော်ထုတ်ရေးသားခဲ့တာတွေတစ်ပုံကြီးရှိမှာပဲ...။
ဒီလိုမျိုး အချစ်အကြောင်းကို တစ်ယောက်ပြီးတစ်ယောက် ရှုထောင့် အသီးသီးကနေ သုံးသပ်ပြ၊ဝေဖန်ကြ၊ ရေးသားတင်ပြကြတာတွေ ရှိမှာပေါ့လေ...။
ခံယူချက်ခြင်းကတော့ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့လေ...။
ခင်ဗျားတို့ရော အချစ်အကြောင်းကို ဘယ်လောက်သိကြပြီလဲ...။
ဘယ်လို သဘောပေါက်ပြီး ဘယ်လောက်နားလည်ကြပြီလဲ...။
ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် အခုအချိန်အထိတော့ ရေးတေးတေးပဲ သဘောပေါက်သေးတယ်လို့.....။

==========================================

သူနဲ့ကျွန်တော်စတွေ့ခဲ့တာ ၉၉သီတင်းကျွတ်တုန်းကပေါ့...။
အဲဒီနှစ်က ကျွန်တော်တို့လမ်းထိပ်မှာ စတိတ်ရှိုး ရှိတယ်လေ...။
ကျွန်တော့် သူငယ်ချင်း ကိုတိုးက သူ့သူငယ်ချင်း လင်းခက်(ကျွန်တော်နဲ့လဲ ခင်ပါတယ်...။ကိုတိုးနဲ့က ပိုခင်တာပေါ့နော်...။)ကို စတိတ်ရှိုး ကြည့်ဖို့ ခေါ်ပါတယ်...။
သူတို့ကလှည်းတန်းမှာ အဆောင်ငှားနေတာလေ....။
အဲဒါကြောင့် တကူးတက ခေါ်ရတာ...။
အဲဒီတုန်းက ကျွန်တော့် ဘ၀အတွက် အပြောင်းအလဲ တစ်ခု ဖြစ်မယ်ဆိုတာ မသိခဲ့ဘူး...။
သူတို့က သုံးယောက်လာမယ်တဲ့...။
ဒါဆို ကျွန်တော်ရယ်...ကိုတိုးရယ်... ငလင်းရယ်... ပေါင်းလိုက်ရင် ၆ယောက်ပေါ့...။
အဲဒါ ပေါင်း ၆ ယောက်ဆိုပြီးတော့ ကျွန်တော် လက်မှတ်ကြိုဖြတ်ထားလိုက်တယ်...။

------------------------------------------

သီတင်းကျွတ်လပြည့်ည....စတိတ်ရှိုး ကြည့်မယ့်ည....။
လင်းခက်တို့ရောက်လာတယ်...။
သူလဲပါလာတာပေါ့...။
အော်... သူဆိုတာကျွန်တော့်ရဲ့နောင်တစ်ချိန်မှာ ကျွန်တော့်နှလုံးသားကို အပိုင်စိုးသွားမဲ့သူပေါ့....။ သူ့ကိုစတွေ့တွေ့ချင်းပဲ ကျွန်တော် ရင်ခုန်သွားတယ်...။
လင်းခက်က ကျွန်တော့်ကို သူ့နဲ့မိတ်ဆက်ပေးတယ်...။
ဥမ္မာသန်ဒီတို့... ပပ၀တီတို့ ....ကလီယိုပါထရာတို့ ချောတယ်..လှတယ် ဆိုတာ... ရာဇ၀င်ထဲမှာပါ...။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်အငြင်းမပွားချင်ပါဘူး...။
(ဘာလို့လဲ ဆို... ကျွန်တော်က ရာဇ၀င်ထဲ ပြန်သွားကြည့်နိုင်မှာမှမဟုတ်တာ...။ ဟုတ်တယ် မဟုတ်လား အန်တီဂွိ...။)

ဒါပေမဲ့.. သူ့ကိုတွေ့လိုက်ရချိန်မှာတော့.... ကျွန်တော့်အမြင်မှာပေါ့လေ...။
ရာဇ၀င်ထဲကမိန်းမလှလေးတွေ ထိုင်ငိုသွားရပါလိမ့်မယ်...။
ဘာလို့လဲဆိုတော့ သူ့ထက်လှတာတောင်သူ့လောက် မလှနိုင်ဘူးလို့ထင်တာပါပဲ...။
သူ့ရဲ့အလှမှာ ယစ်မူးနေတဲ့ကျွန်တော့်ရဲ့ရင်ထဲမှာတော့..... ဂျပန်ပြည် ဟီရိုရှီးမားမြို့ကိုကြဲချခဲ့တဲ့ အဏုမြူဗုံးထက် အဆပေါင်းများစွာ ပြင်းထန်တဲ့ ဗုံးတစ်လုံး ပေါက်ကွဲသလို....
ဒါမှမဟုတ်... ကိုဘေးငလျင်ထက် ဆယ်ပြန်ပိုပြင်းတဲ့ ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်သလို ခံစားလိုက်ရပါတယ်...။
(ကိုဘေးငလျင်ပြင်းအား ဘယ်လောက်ရှိမှန်း ကျွန်တော် မသိပါ....။)

==================================

သာမာန်အမျိုးသမီးတစ်ယောက်နဲ့ ယှဉ်လိုက်ရင်ခေါင်းတစ်လုံးလောက် ပိုမြင့်နေတဲ့ ....နောက်ပြီး
ကျွန်တော့် အရပ်နဲ့ တန်းတူနီးပါး (ကျွန်တော့်အရပ်က ၅ ပေ ၈ လက်မလောက်ရှိပါတယ်...။) ရှိတဲ့ သူ့အရပ်နဲ့ လိုက်ဖက်ညီစွာ ခါးလည်လောက်အထိဖြောင့်စင်းပြီး ...... ကျော့ရှင်းသန်စွမ်းလှတဲ့.. သူမရဲ့ ပိတုန်းရောင် ဆံကေသာကို ၀ဲခါလှုပ်ရမ်းလိုက်တဲ့ အချိန်တိုင်းတွေဟာ....ကျွန်တော့်အတွက် တဂိုးရဲ့ကဗျာတွေထက် ပိုမိုလှပနေခဲ့ပါတော့တယ်...။


“သီဟရေ..ငါတို့သွားရအောင်...။” လို့လင်းခက်က လောတော့... သူမရဲ့အလှမှာတဒင်္ဂလောက်
ယစ်မူးနေတဲ့ ကျွန်တော်ဟာ လန့်နိုးလာပါတယ်...။
သူ့နာမည်ကို လင်းခက် ပြောမပြော သူသတိမထားလိုက်မိပါဘူး...။
ကျွန်တော် ဘာမှ မကြားလိုက်ပါဘူး...။
ပွဲခင်းထဲရောက်တော့ ကျွန်တော်ရယ်...ကိုတိုးရယ် သူရယ်ပေါ့.... သုံးယောက်သား လူအုပ်ကွဲပြီး ကျန်ခဲ့တယ်...။ လင်းခက်တို့သုံးယောက်သားက ပျောက်သွားတယ်...။
ကိုတိုးက ဒေါပွနေတယ်...။
ကျွန်တော်တော့ ပျော်နေတာပေါ့...။သူက ကျွန်တော်နဲ့ကျန်ခဲ့လို့ပေါ့...။ လင်းခက်တို့ကို လိုက်ရှာရင်း.. လိုက်ရှာရင်းနဲ့စတိတ်ရှိုးနားလဲ ရောက်ရော...
“ ဟေး..သီဟ... ကိုတိုး... ငါတို့ဒီမှာ ... လွင်မိုးရော...” တဲ့...။လင်းခက်အော်ခေါ်လိုက်တာပါ....။
ကျွန်တော် ကြောင်သွားတယ်...။ ဘယ်ကလွင်မိုးလဲပေါ့...။
ကိုတိုးကတော့.. ဒေါပွပွနဲ့ “ပါတယ်...ပါတယ်...။ ဒီမှာ”တဲ့....။ ဆိုပြီး သူ့ကို ဆွဲခေါ်သွားတယ်...။
အဲ...။ ကျွန်တော့်နတ်သမီးလေးကလွင်မိုးတဲ့လား...။
(မင်းသားနာမည်ကြီးလို့ စိတ်ထဲတွေးလိုက်မိသေးတယ်။)
အဲဒါနဲ့ စတိတ်ရှိုးကြည့်ဖို့ ဆိုင်ရာခုံတွေကိုသွားရော... ပြဿနာက စတက်ရော...။
လက်မှတ်ကသုံးစောင်ကို တစ်နေရာစီ...။ ဒီနေရာမှာလင်းခက်ကို ကျေးဇူးတင်ရမယ်...။ ကိုတိုးရယ်..ငလင်းရယ်... လင်းခက်ရယ်ကို တစ်ဖွဲ့...။
အိပ်မက်နတ်သမီးရယ်...နောက်တစ်ယောက်ရယ်... ကျွန်တော်ရယ်ကို တစ်ဖွဲ့ဆိုပြီး ခွဲလိုက်တယ်...။
သဲင့်ခယူ... လင်းခက်...။
ပြီးလဲ ပြီးရော.. လင်းခက်လဲဇိုးဇိုးဇတ်ဇတ်နဲ့ သွားတယ်..။
ကျွန်တော်က အိပ်မက်နတ်သမီးနဲ့လိုက်သွားတယ်...။
နောက်မှ တစ်ခုခုကို သတိရပြီး... လင်းခက်ဆီ ပြန်လှည့်သွားတယ်...။
ကျွန်တော် လိုက်လာတာကို လင်းခက်က မြင်တော့ “ဟဲ့ .. နင်လိုက်မသွားဘူးလား..။” လို့ လင်းခက်က မေးတယ်..။
“နာမည် မမှတ်မိလို့ဟ...” ကျွန်တော်ပြန်ပြောတယ်...။
လင်းခက်က ဇဝေဇ၀ါနဲ့..“ ဘာနာမည်တုံး...”တဲ့...။
ကိုတိုးက သဘောပေါက်ပြီး... “ဆံပင်တိုတိုနဲ့က နိုင်နိုင်..ဆံပင်ရှည်ရှည်နဲ့ က လွင်လွင်မိုးတဲ့...။”
ကျွန်တော်သိပြီ...။ အဲဒါနဲ့ သူတို့ဆီ ပြန်လှည့်သွားတယ်...။

==============================================

ကျွန်တော်တို့ခုံကညာဘက် အစွန်ဆုံးမှာပါ...။
နိုင်နိုင်က ယာစွန်မှာ ... လွင်လွင်ကအလယ်မှာ... ကျွန်တော်က ဒီဘက်မှာ... လွင်လွင်မိုးနဲ့ ကပ်ရက်။
အဟဲ... အီဖေကိုယ် ကြံတာ မဟုတ်ဘူးနော်...။
နိုင်နိုင်ကမူးတတ်လို့ အပြင်မှာ ထိုင်ပါရစေတဲ့...။
ဒီအချိန်မှာကျွန်တော့်ရဲ့ ရင်ထဲမှာ ကုလားဘုရားပွဲ အသေးစားလေးလှည့်နေတယ်...။ ဒိန်းတပ်တပ်..ဒိန်ဒတပ်တပ်နဲ့ပေါ့...။ စတိတ်စင်ကဒရမ်ခေါက်သံနဲ့ အပြိုင်ပေါ့...။

လူကလဲ ဘယ်လိုဖြစ်နေမှန်း မသိဘူး...။ သူကတော့ အေးဆေးပဲ...။
ပွဲစတာ တော်တော်ကြာသွားပါပြီ...။ ဒီအချိန်မှာပွဲခင်းကို ကာထားတဲ့ သံဆူးကြိုးကို ဖျက်ပြီး ၀င်လာဖို့လူတွေက လုပ်နေတယ်...။ နိုင်နိုင်က ကြောက်လို့ဆိုပြီး ကျွန်တော်နဲ့နေရာချင်း လာလဲပါတယ်...။ အဆိုတော်တွေ တစ်ယောက်ပြီး တစ်ယောက် ဆိုနေပါတယ်...။ နောက်တော့ ကာထားတဲ့ သံဆူးကြိုး ပေါက်သွားပြီး လူတွေ ပွဲခင်းထဲကို တားမနိုင်ဆီးမရ တိုးဝင်လာပါတယ်..။ လုံခြုံရေးနဲ့ ရန်ဖြစ်ကြပါတယ်...။ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်...။

ဒီအချိန်မှာ ကျွန်တော့်လက်မောင်းကိုအားကိုးတကြီး လာဆုပ်ကိုင်လိုက်တဲ့ အတွေ့အထိ...။
ကျွန်တော့်နတ်သမီးလေး...။ သူကြောက်လို့ ကျွန်တော့်ကိုအားကိုးတစ်ကြီး လာကိုင်တာပေါ့...။
“မကြောက်နဲ့နော် လွင်လွင်မိုး...” လို့ ပြောပြီးနောက်လှည့်ကြည့်တော့ .... အာ.... နောက်နားက ကုလားမကြီးပါ...။ နှာခေါင်းမှာလဲ အကွင်းလေးတပ်ထားပြီး ခေါင်မြီးခြုံထားတယ်...။
“သားရယ်... အမားကြောက်လို့ပါ...။ အမားကနယ်ကပါ...။ အမားကိုတည်းတဲ့ အိမ်ပြန်ပို့ပေးပါ...။ ဒီပွဲခင်းအပြင်နားမှာပဲ...” တဲ့...။
ကျွန်တော် ကိုယ့် အဖြစ်ကိုယ်ပြန်ရီချင်သွားတယ်...။ မှန်းချက်လွဲသွားလို့လေ...။
တကယ်ဆို..သူက ကြောက်စရာကြီးနော်လို့စကားစမယ်...။ ကျွန်တော့်လက်ကို အားကိုးတစ်ကြီးလာကိုင်မယ်။ ဒါဆို ကျွန်တော်က သူ့ကိုဘယ်လို ပြန်အားပေးလိုက်မယ်...။ သူ့ကို အကြောက်ပြေအောင်ဘယ်လို ပြန်ပြောလိုက်မယ်..။ ဘာညာ စသဖြင့် စာစီထားပြီးသား...။ဟီး... လွဲသွားပြီပေါ့...။ သူ့ကို ကြည့်တော့သူက စတိတ်ရှိုးကို စိတ်ပါလက်ပါ ကြည့်နေလေရဲ့...။ ဒါနဲ့ ကျွန်တော်လဲ သူ့ကို မခေါ်တော့ပဲ အဖွားကြီးကို အပြင် ပို့မယ်အလုပ် သူက.. ဘယ်သွားမလဲတဲ့..။ အကျိုးအကြောင်း ပြောပြတော့ သူလဲလိုက်လာမယ်တဲ့...။
(သားသား အကြိုက် .....ဟီး..။)

နိုင်နိုင်ကဆက်ကြည့်မယ်ဆိုတော့ လင်းခက်တို့ဆီ သွားပို့ပြီးထွက်လာခဲ့ကြတယ်...။ လင်းခက်တို့ကတော့
အဆိုတော်နဲ့ အပြိုင်အော်လို့ကောင်းတုန်း...။

--------------------------------------------

အဲဒီညကလဟာ အရင်လိုပဲ သာမြဲသာလျက်ပါပဲ...။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့လမင်းကြီးဟာ
ခါတိုင်းညတွေထက် ၀ိုင်းစက်ပြီး လှပနေခဲ့ပါတယ်....။ သူနဲ့ ကျွန်တော်ဟာ အဖွားကြီးကို လိုက်ပို့ပြီးမီးရောင်စုံ ထွန်းထားတဲ့ ပွဲခင်းအနှံ့ လျှောက်လည်ခဲ့ပါတယ်...။ ပွဲခင်းက လူတိုးတော့ လူချင်းကွဲမှာ စိုးလို့ သူ ကျွန်တော့်ကို မလွှတ်တမ်း ကပ်ပါတယ်...။ တစ်ခုခုစားချင်တယ်ဆိုလို့မုန့်ဟင်းခါးသွားစားကြပါတယ်...။ မုန့်ဟင်းခါးကို မုန့်ဖတ်မပါပဲ ဒီအတိုင်းချည်းဟင်းရည်နဲ့ အကြော်ပဲစားပါတယ်...။ ရန်ကုန်ရောက်ကတည်းက ဒီအတိုင်းပဲစားတဲ့ အကြောင်း... မုန့်ဖတ်တွေကို မကြိုက်ကြောင်း... ပြောပြနေတယ်...။ စားပြီးလို့ နောက် ပွဲခင်းထဲ ဆက်လျှောက်တော့ တစ်နေရာမှာချားရဟတ်ကြီးတစ်ခုကို သွားတွေ့ပါတယ်...။ အကြီးကြီးမှအကြီးကြီး...။ သူက စီးချင်တယ်တဲ့...။

ခက်ကပြီ...။
ကျွန်တော်က အမြင့်ကြောက်တတ်တယ်လေ...။ ဒါပေမဲ့...။ ဟန်ကိုယ့်ဖို့ မဟုတ်လား...။ သူနဲ့စီးရမယ်ဆိုတော့ ........ကျွန်တော် အရဲစွန့်လိုက်ရတယ်...။ တစ်ခါမှလဲစီးဖူးတာ မဟုတ်...။ အံမလေး....။ ဒါနဲ့ ... ကျွန်တော်တို့ချားရဟတ် စီးဖြစ်ပါတယ်...။ ကျွန်တော့်မှာဖြင့်ရင်တလှပ်လှပ်နဲ့ပေါ့....။ ရဟတ်စီးနေချိန်မှာပေါ့...။ ဟုတ်ကဲ့...။ အမြင့်ကြောက်လို့ မဟုတ်ပါဘူး...။ ရဟတ်စီးချင်တယ်လို့ဆိုတဲ့သူက ကြောက်လို့ဆိုပြီး ကျွန်တော့်ကို အတင်း ဖက်တွယ်ထားလို့ပါပဲ....။

=================================

သီတင်းကျွတ်လပြည့်ညမို့ လမင်းကြီးဟာ ၀ိုင်းဝိုင်းစက်စက်နဲ့ထိန်ထိန်တောက်နေပါတယ်...။
တစ်ချက် တစ်ချက် ဝေ့ကနဲ သုတ်လာတဲ့ လေပြေညင်းဟာဆောင်းရဲ့ အငွေ့အသက် တစ်ချို့ကို သယ်ဆောင်လာလေရဲ့...။
နှင်းမှုံတွေကျစပြုနေပါပြီ....။
ပုရစ်အော်သံက တစ်ချက်တစ်ချက် တိတ်ဆိတ်တဲ့ ညဥ့်ယံကို ထွင်းဖောက်နေပါတယ်....။ ပွဲခင်းထဲကအသံတွေဟာလဲ လေအဝှေ့မှာ တစ်ချက် တစ်ချက် ပါလာတယ်...။
သူနဲ့ကျွန်တော် ပွဲခင်း အပြင်ဖက်က လူသူလေးပါး ကင်းရှင်းတဲ့မြက်ခင်းပြင်ကျယ်ထဲမှာနှစ်ယောက်ထဲ
ထိုင်နေပါတယ်...။

သူကတော့ကောင်းကင်ယံက လမင်းကြီးကို ငေးမောလို့......။ တစ်ခါ တစ်ခါ လေနဲ့မတူ ပါသွားတဲ့ သူ့ဆံနွယ်လေးတွေကို လက်နဲ့ သိမ်းလိုက်ပုံလေးက သိပ်ကြည့်လို့ကောင်းနေတာပဲ....။
ကျွန်တော် သူ့ရဲ့အခွင့်မရပဲ ညလေပြေတွေနဲ့ အတူ လွင့်ပါ ဆော့ကစားနေတဲ့ သူ့ဆံစတွေကို စိတ်ကူးနဲ့ခိုးရှိုက်နေမိတယ်....။

ဆွတ်ပျံ့ရီဝေမှုတွေဟာကျွန်တော့်တစ်ကိုယ်လုံးလွမ်းခြုံသွားပါတယ်....။
သူလမင်းကြီးကိုငေးမောရာကနေ ရုတ်တရက် ကျွန်တော့်ဆီကိုလှည့်ကြည့်တယ်....။
ခိုးထုပ်ခိုးထည်နဲ့ မိတဲ့ သူလိုကျွန်တော် ပူထူသွားတယ်....။
လုပ်မိလုပ်ရာမြက်တွေကို လျှောက်ဆွဲနှုတ်နေတယ်...။
မြက်တွေကတော့ ကြားကဓါးစာခံဖြစ်သွားလို့ မကျေမနပ်နဲ့ လူတွေကို အရေးယူဖို့ အရေးပေါ် ညီလာခံ ကျင်းပနေမလားမသိ...။
ပွက်လောရိုက်သွားသလို မြက်ပြင်တွေ ယိမ်းထိုးသွားတယ်...။ လေပြည်လေး သုတ်သုတ် ရုတ်သွားလို့ ထင်ပါရဲ့...။

ဒါကို သူက ဘာတွေ သဘောပေါက်သွားလဲမသိ....။
အသံလွင်လွင်လေးနဲ့ ခိုးခိုးခစ်ခစ်ရယ်မောတော့တယ်။
ပြီးတော့.... သူပြန်ငြိမ်သွားပါတယ်....။ ဘယ်လောက်ကြာသွားမှန်းမသိဘူး....။ ကျွန်တော်သူ့ကိုငေးကြည့်နေမိတယ်...။
အချိန် လိပ်ပြာလေး ကျွန်တော်တို့နားက ဘယ်နှစ်ကောင်လောက် ပျံသွားသလဲ မသိ...။
သူက ကျွန်တော့်ကို မကြည့်ပဲပြန်ရအောင်လို့ ပြောမှ ကျွန်တော် သတိပြန်ဝင်လာတယ်...။
ပွဲခင်းထဲ ပြန်ဝင်လာတော့ လူကွဲစပြုနေပါပြီ...။
စတိတ်ရှိုးလဲ ပြီးသွားပါပြီ...။
ဒါဆိုလင်းခက်တို့ရော....။

ကျွန်တော်တို့ နှစ်ယောက်အခုမှ ပူထူသွားပြီး လိုက်ရှာနေမိတယ်...။
ပွဲခင်းထဲမှာ သူတို့ကို လုံးဝ မတွေ့ရတော့ပါဘူး...။ ဒါနဲ့ ကိုတိုးတို့ အိမ်ကို ပြန်မှပဲ ဆိုပြီး နှစ်ယောက်သား ပြန်လာခဲ့ကြတယ်...။
ကိုတိုးတို့အိမ်ကို ပြန်ရောက်တော့ စိတ်ပူနေကြတဲ့လင်းခက်တို့ကို အိမ်ရှေ့မှာ တွေ့ရတယ်....။
ကျွန်တော် ဘာမှပြန်မပြောတော့ပါဘူး...။
ဖြစ်ကြောင်းရယ်ကုန်စင်ကိုသူကပဲ ပြောပြတယ်....။
ကိုတိုးသူငယ်ချင်းက ကျွန်တော့်ကိုတိုးတိုးလေး နဲ့ ပိုင်လှချည်လားလို့လာပြောတယ်....။

သူတို့က အဆောင်မပြန်ပဲမြို့ထဲက သူတို့ အသိအိမ်မှာ အိပ်မယ်တဲ့...။
ကျွန်တော်တို့လဲ နီးလဲ မနီး ဝေးလဲ မဝေး ဖြစ်နေတော့ လမ်းလျှောက်ပို့လိုက်တယ်...။ နောက်တော့ညောင်းလာတာနဲ့ ဆိုက်ကားငှားစီးကြတယ်...။
သူရယ် ...ကျွန်တော်ရယ်... နိုင်နိုင်ရယ်က တစ်စီးပေါ့...။
လမ်းမှာ ကျွန်တော်က အရဲစွန့်ပြီး မနက်ဖြန်ရော လာမှာလားလို့မေးတော့ သူက ခေါ်တဲ့သူမှမရှိတာတဲ့...။ ကျွန်တော်က ဒို့ခေါ်မယ်ဆိုရင်ရော.... ဆိုတော့...ပြုံးပြီး ခေါင်းညိတ်မလိုလိုနဲ့.... စဉ်းစားလိုက်ဦးမယ်တဲ့...။
ကဲ... ကြည့်ပါဦး...။
ဘယ်လောက် အသဲ ယားစရာကောင်းလိုက်သလဲလို့....။

ဒါနဲ့ သူတို့ ညအိပ်မယ့်အိမ်ကို ရောက်လာတယ်...။ ဆိုက်ကားပေါ်ကဆင်းပြီး အိမ်ထဲဝင်ကာနီး
နှုတ်ဆက်ကြတော့ သူက ခပ်တိုးတိုးနဲ့ ကျွန်တော့်ကိုလာခဲ့မယ်လေတဲ့....။

အပြန်မှာကောင်းကင်ကြီးဟာ မွန်းတိမ်းလရောင်ကြောင့်...တောက်ပနေပါတယ်...။ ကြယ်ကလေးတွေကတော့
ကျွန်တော့်ကိုကောင်းချီးပေးနေလေရဲ့...။

=======================

Tuesday, March 10, 2009

Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်...။

ထိုနေ့က သူ အလွန် အလုပ်များနေလေသည်။ ရုံးမှ ၅ နာရီထိုးသံ ဒင်ဒေါင် တစ်ချက် ကြားလိုက်လေမှ ဟိုက်ကနဲ ဖြစ်မိချေသည်။ လုပ်လက်စ အလုပ်များကို ရပ်၊ ပစ္စည်းများကို အလျင်စလို သိမ်း၊ တယ်လီဖုန်းနှင့် တက်စီကိုခေါ်၊ ဓါတ်လှေကားသို့ အမြန်ပြေး၊ လမ်းတစ်လျှောက် တွေ့သောလူကို လိုက်လံနှုတ်ဆက် စသဖြင့် ဇယ်ဆက်သလို လုပ်ဆောင်သွားလေ၏။

ထိုနေ့က ညနေစောင်း ငါးနာရီခန့်တွင် တန်းပနီးစ် စက်မှုဇုံအတွင်း ၉၂ လမ်းပေါ်၌ ဖုန်းတစ်လုံးနှင့် ဗျာများနေသော ခပ်ချောချော ငနဲကို တွေ့လျင် အကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး မောင်ဘွိုင်းဟုသာ မှတ်ကြချည်လော့။

ထိုနေ့မတိုင်မီက အကြောင်းအရာတို့ကို ပြန်ပြောင်းဇာတ်ကြောင်းလှန်ရသော်...
(ရုပ်ရှင်များတွင် နောက်ကြောင်းပြန်ရာတွင် Flash မီးများဖြင့် တစ်ဖျတ်ဖျတ် ပြန်သကဲ့သို့ မြင်ယောင်ပါလေ...။)

အင်တာနက်တည်းဟူသော လှိုင်းလုံးကို စီးကာ ကမ္ဘာအနှံ့ ကျက်စားမိသည့် ညများစွာ အနက်မှ ညတစ်ညတွင် ဖြစ်သည်။ လက်ထဲမှ ကြွက်ကလေးကို ဘယ်နှိပ်လိုက်၊ ညာနှိပ်လိုက်နှင့် အမှတ်မထင် ဆော့ကစားနေရာမှ ဂျက်စတားတည်းဟူသော လေကြောင်းလိုင်းမှ ဘာအထိမ်းအမှတ် ညာအထိမ်းအမှတ်နှင့် နှစ်လုံးပေါက် ဈေးချနေသည့် ကြော်ငြာကို အလိုလို နှိပ်မိလျက်သား ဖြစ်လေ၏။ လွန်ခဲ့သော တစ်လဆီက တရုတ်နှစ်ကူး အားလပ်ရက် ပိတ်ရက်ရှည်ကို ကောင်းကောင်းကြီး မသုံးလိုက်ရသည့်အတွက် ရက်တိုခရီးတစ်ခုကို မဖြစ်မနေ ထွက်ဖြစ်အောင် ထွက်ရမည်ဟု တေးထားသည့်အတိုင်း ယခု ကြော်ငြာသည် နတ်တို့ရက်သည့် ကမ္ဗလာ၊ ရေကန်အသင့် ကြာအသင့် ဖြစ်ချေ၏။ ထိုနည်းတစ်ဝ အနှစ်နှစ်အလလက မတွေ့ရတာ လက်တစ်ဘက်နီးပါး ကြာမြင့်နေပြီ ဖြစ်သည့် အစ်မတော် တစ်ယောက်သည်လည်း ဘန်ကောက် ထရန်စစ် ၀င်ချေမည်၊ အားလျင် လာတွေ့ချေဟု တစ်ဆင့်စကား လျပ်စီးကြောင်း ၀ါယာကြိုးမှ တစ်ဆင့် အမှတ်တော် ပါးလာချည်ရကား... အဆိုပါ ဂျက်စတား အရောင်းမြှင့်တင်ရေး အစီအစဉ်ကို Welcome ဟူသည့် အစပျိုး နှုတ်ဆက်စကားမှာ စ၍ Terms and Conditions ဟူသည့် စာပိုဒ်အထိ အနုလုံ ပဋိလုံ စေ့စေ့ငုငု ဖတ်ရှု၏။ ဘတ်ဂျက် အဲယားလိုင်းတို့မည်သည် အများမြင်သာအောင် ဖေါ်ပြထားသော ဈေးနှုန်း၊ သတ်မှတ်ချက်များ နောက်ကွယ်၌ Hidden Agenda များ ဘုရားတရလောက်အောင် ပေါများနေလေရကား သေချာစွာ စစ်ဆေးခြင်း ဖြစ်၏။

အစ်မတော် ရောက်မည့်ရက်နှင့် အရောင်းမြှင့်တင်ရေးကာလသည် တိုက်ဆိုင်စွာဖြင့်ပင် Qwety, Qwety ကွက်တိ ဖြစ်နေချေ၏။ Thursday, Friday နှစ်ရက်ကို ခွင့်ယူချေသော် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်နှင့် ပေါင်းလျင် ၄ ရက်တာ နတ်မိမယ်များနှင့် ပျော်ပါး.. အဲ.. အဲ.. အားလပ်ရက် ဖြစ်မည့် အားလျော်စွာ ရုံးမှ အုပ်ချုပ်ရေး အရာရှိများထံ ကြာသပတေး၊ သောကြာ နှစ်ရက်စာ ခွင့်စာများ ရေးသား တင်ပြခြင်းများ ပြုလုပ်၏။ လုပ်လက်စ အလုပ်များ ဖြတ်သင့်တန်ဖြတ်၊ ရွှေ့ဆိုင်းတန်သင့် ရွှေ့ဆိုင်းရ၏။ ဤမျှလောက် လုပ်နေသည့် ကြားမှပင် အားဂျင့်ဟုဆိုကာ အဆောတလျင် မနှေးအမြန် လာပါဟု တစ်ဂျီဂျီ ခေါ်လိုက်၊ ရာဇသံ ပေးလိုက် လုပ်နေသော ဖေါက်သည်များကို အထက်အရာရှိနှင့် စကားပြောချည်ဟု လွဲချ၏။ အရာရှိမှာ ယခုအခေါက် အားလပ်ရက်တိုကို ခွင့်မပြုချင်သော်လည်း တရုတ်နှစ်ကူး ပိတ်ရက်များတွင် ခွင့်စာ Approve ဖြစ်ပြီး အရေးပေါ် ကိစ္စ ပေါ်လာသောကြောင့် ခွင့်ပိတ်ရက် မခံစားလိုက်ရသည့် အဖြစ်ကို သိထားသည့် အားလျော်စွာ ခေါင်းငြိမ့်ကာ ဖေါက်သည်များကို ငြင်းလွှတ်ရချေ၏။

ထိုင်းနှင့် မြန်မာတို့သည် ရှေးယခင် အတီတေ ကာလများစွာ ကြာမြင့်ရှည်လျားသော သမိုင်းကြောင်းများ ရှိခဲ့သည် မှန်သော်လည်း....။ သူအားများလျင် ငါ့နယ်မြေကျူး... ငါအားများလျင် သူ့နယ်ချဉ်း စသဖြင့် အားစမ်းကာ နေလာသည့်ကာလမှာလဲ မတည့်အတူနေဆိုသကဲ့သို့ အဆိုပါသမိုင်းကြောင်းများနှင့် ယှဉ်တွဲလျက် နေချေသည်တကား။ အများအားဖြင့် မြန်မာမင်းများကသာ အနိုင်ရလေ့ ရှိသောကြောင့် စစ်ရှုံးသူတို့ ထုံးစံ စစ်နိုင်သူကို နာကျည်းသည်မှာ ဓမ္မတာပင်။ ဖမာ့ ဖမာ့ ဆိုလျင် မုန်းတီးစိတ် ၀င်နေအောင်လည်း ယခင့်ယခင် မျိုးချစ်စိတ် ပြင်းထန်သော အစိုးရမင်းများက ဖြူစင်သော ထိုင်းနိုင်ငံ အနာဂတ် ကလေးများအတွက် ပြဌာန်းထားသော ကျောင်းစာအုပ်များထဲတွင် အမှန်တစ်ဝက် လံကြုတ်တစ်ဝက် ထည့်သွင်းလေသောကြောင့် ယိုးဒယားခေါ် အယုဒ္ဓယပြည်သားများသည် ဖမာ့ ဟု ခေါ်ဆိုအပ်သော မြန်မာများကို အမုန်းကြီး မုန်းနေသည်မှာ မဆန်းချေ။ သို့သော်လည်း သောက္ကတဲဟု ခေါ်ဆိုအပ်သော စူကိုထိုင်း (Sukotai)၊ ပိဿလောက် ဟုခေါ်ဆိုအပ်သော ဖစ်စနူလုပ် (Pisanulok)၊ အစရှိသည့် အရပ်များတွင် ရှေးမြန်မာမင်းများ ချီတက် အလည်အပတ် ရောက်ခဲ့စဉ်က ဖျက်ဆီးခဲ့သည် ဆိုသော ဘုရား၊ ကျောင်းကန်ပျက်များ၊ ဆင်းတုတော်ပျက်များကို ယခုခေတ် အခါ၌ နိုင်ငံခြားသား ဧည့်သည်များအား လိုက်လံ ပြသကာ ၀င်ငွေလမ်း ဖြောင့်နေသည်မှာ ငြင်း၍ မရချေ။ သမာသမတ်ကျသော၊ လက်တစ်ဆုပ်စာမျှသော ထိုင်း သမိုင်းပညာရှင် အချို့က အဆိုပါ မြို့ပျက်၊ ဘုရားပျက်၊ ကျောင်းပျက်များသည် မြန်မာများ ကျူးကျော်ခြင်း သက်သက်ဆိုလျင် ဤမျှ များပြားမည် မဟုတ်။ ကုံးထက် မဟာနာ့ခွန်း ဟု ခေါ်ဆိုအပ်သော နတ်မိမယ်တို့ ပျော်စံရာ ဘန်ကောက်မြို့တော် ကို တည်သော မင်းလက်ထက်က အဆိုပါ မြို့ပျက်များမှ အုတ်ကောင်းများကို သယ်ယူကာ မြို့သစ်တည်ရာတွင် အသုံးပြုသောကြောင့် မြန်မာမင်းများ ဖျက်ဆီးသည်ထက် ပို၍ ပျက်စီးသည် ဟု ထောက်ပြဖူးလေသည်။ သို့သော်လည်း ယုန်ကလေးများသည် အဆိုပါ အကြောင်းအချက်များကို နှာစေးနေကာ ဖမာ့ ဖျက်လို့ ပျက်တာဟု လက်ညိုးထိုးကာ နိုင်ငံခြားသားများထံမှ ဒေါ်လာငွေများ သဲ့ယူကြလေ၏။

ရေးရင်းနှင့် လမ်းချော်ကုန်ပြီ...။ တင်ပြချင်သည်မှာ အဆိုပါ ဖမာ့များကို မုန်းတီးသည့် အကျိုးဆက်များကြောင့် နောက်တက် အစိုးရများထဲတွင် ဖမာ့ မုန်းတီးသည့် အရာရှိမင်းများ ပါလာလျင် မြန်မာများကို အကျိုး ဖြစ်ထွန်းစေမည့် အချက်များကို ပယ်နှုတ်၊ ပိုမို တင်းကျပ်သည့် စည်းကမ်းချက်များ ထုတ်ပြန်ခြင်း စသည့် အမှုကို ပြုလုပ်ကြလေ၏။ ရှေး အရင် မဆလ ခေတ်ဟု ခေါ်ဆိုအပ်သော ခေတ်အခါ၌ သဘောင်္လိုက်ခြင်း ဟူသော အော့်ဖ်ရှိုးဂျော့ဘ် အမှုသည် အလွန် ခေတ်စားလေ၏။ သဘောင်္သား အများစုသည် စင်္ကာပူ၊ ဟောင်ကောင်မြို့များ၌ သဘောင်္တက်စီးလေရကား ရန်ကုန်မှ အဆိုပါ မြို့များသို့ တိုက်ရိုက်လေကြောင်း မရှိလေရကား ဘန်ကောက်မှ တစ်ဆင့် သက်ဆိုင်ရာ လေကြောင်းလိုင်း ပြောင်းစီးခြင်း Transit အမှုကို ပြုရလေ၏။ အဆိုပါ ခေတ်ကာလ၌ ထိုင်းအစိုးရမင်းများထဲတွင် ဖမာ့များကို မုန်းတီးသူများ ပါရှိဟန် မတူချေ။ ထို့အတွက်ကြောင့် ဘန်ကောက် ထရန်ဆစ် ဆိုလျင် ထရန်ဆစ်ဗီဇာများကို ရန်ကုန်၌ တင်ကြို တောင်းစရာ မလိုခဲ့ချေ။ ဆိုက်ရောက်ဗီဇာဖြင့်သာ ရယူရန်လို၏။ အဆိုပါ ဆိုက်ရောက် ထရန်ဆစ်ဗီဇာဖြင့် ဘန်ကောက်မြို့တွင်း ၃-၄ ရက် လည်ပတ်နိုင်လေ၏။ နောက်တစ်ဆင့် သွားမည့် လေယာဉ်လက်မှတ် ပြရုံဖြင့်ပင် ထရန်ဆစ်ဗီဇာ အလွယ်တကူရနိုင်သော ကင်းလွှတ်ခွင့်များ ရရှိဖူး၏။ နောက်တက်လာသော အစိုးရမင်းများ လက်ထက်တွင်ကား ထရန်ဆစ်ဆစ် မဆစ်ဆစ်၊ ဗီဇာ ကို တင်ကြို လျှောက်ထားရမည် ဟူသော မူကို ချမှတ်ကာ ထရန်ဆစ်ဗီဇာ ကင်းလွှတ်ခွင့်ကို ဖမာ့ခေါ် မြန်မာများ အတွက် ပယ်ဖျက်လိုက်လေရာမှ ရန်ကုန်မြို့ရှိ ယိုးဒယား သံရုံးသည် ဗီဇာလျှောက်ထားသူများနှင့် စည်ကားသွားလေ၏။ ထိုမျှမကသေး သံရုံး၏ ဘဏ္ဍာရေး အခြေအနေမှာ နိုင်ငံပြင်ပသို့ ထွက်ခွာကြသော မြန်မာနိုင်ငံသားများ ကောင်းမှုကြောင့် ဂရပ်မျဉ်းများသည် အပေါင်းပြရုံမက တာဝတိသာဖက်သို့ တည့်တည့်ကြီး ထိုးတက်သွားလေ၏။
(ဤသည်ကား ဗဟုသုတ အလို့ငှာ ဖြန့်ဝေခြင်းပင်တည်း။)

သို့အတွက်ကြောင့် ဘန်ကောက်မြို့တော်သို့ အလည်အပတ် ရောက်ရှိနေမည့် မောင်ဘွိုင်းမှာလဲ သက်ဆိုင်ရာ ထိုင်းသံရုံးသို့ ဗီဇာလျှောက်ထားခြင်း အမှုကို ပြုရလေ၏။ သံရုံး၏ အင်တာနက် စာမျက်နှာပါ ညွှန်းဆိုချက်များအတိုင်း ဗီဇာလျှောက်ထားသည့် အချက်အလက်များ ဖြည့်သွင်းရေးစွက်ထားသည့် လျှောက်လွှာတစ်စောင်၊ ပတ်စ်ပို့ ဓါတ်ပုံ တစ်ပုံ၊ S-Pass, EP, PR မိတ္ထူ တစ်စုံ၊ ဗီဇာလျှောက်ထားကြေး ဒေါ်လာ ၅၀ (မည်သည့်အကြောင်းကြောင့်မျှ ပြန်မအမ်းချေ။)၊ အသွားအပြန် လေယာဉ်လက်မှတ် တစ်စောင်၊ နီစွေးနေသော နိုင်ငံကူးလက်မှတ် စာအုပ် တစ်အုပ်ဖြင့် သံရုံး တည်ရှိရာ အောချာ့တ်လမ်းပေါ်တွင် တည်ရှိသော East Point Mall ရှေ့ရှိ ယိုးဒယား သံရုံးသို့ မနက် ၉း၀၀ - ၁၁း၃၀ နာရီအတွင်း အရောက်သွားကာ လျှောက်ထားခြင်း အမှုကို ပြုလေ၏။ ကြုံဖူးနေကျ ဖြစ်သော အခြားသော သံရုံးများကဲ့သို့ ဆက်ဆံရေး မပြေပြစ်မည်ကို စိုးရိမ်မိချေသေးသည်။ ဂိတ်ဝ၌ မိမိတို့၏ သက်ဆိုင်ရာ မှတ်ပုံတင်ကို ထားခဲ့ကာ သံရုံးအတွင်းရှိ ဗီဇာဌာနသို့ ၀င်ရောက်၊ သတ်မှတ်နေရာ၌ တန်းစီ၊ မိမိ အလှည့် ရောက်လေသော် လိုအပ်သည့် စာရွက်စာတမ်းများ တင်သွင်း၊ ကျသင့်သော ဗီဇာကြေး ပေးသွင်း၊ လက်ခံဖြတ်ပိုင်း ဘောက်ချာများကို ယူ၊နောက်တစ်နေ့ နေ့လည် ၂း၀၀ နာရီ အချိန်တွင် ဗီဇာတုံး ထုထားသော နိုင်ငံကူး လက်မှတ် လာယူပါရန် ချိုသာသော အပြုံးပိုင်ရှင် မမ၏ စကားသံကို နားဝင်ပီယံ ရှိလောက်အောင် ကြားရပြီး သကာလ၌ ဗီဇာလျှောက်ထားခြင်း အမှု ပြီးဆုံး၏။

သတ်မှတ်နေ့ရက်တွင် နိုင်ငံကူး လက်မှတ်ကို ယူချေ၏။ ညဘက်၌ လိုအပ်သော ပစ္စည်း ပစ္စယများ ၀ယ်ခြမ်း.. အဲ.. အဲ.. ကျွန်းပိစိ၌ ၀ယ်သည်ထက် နတ်မိမယ်တို့ ပျော်စံရာ ကုန်းထက်တွင် ပို၍ ဈေးချိုသည်ကို သတိပြုပါလေ။ ထို့အတွက်ကြောင့် လေးရက်တာ သွားမည့် ခရီးအတွက် ပစ္စည်းများ သိပ်မများဟု ဆိုကာ ညဉ့်တုန်းက ပစ္စည်းများ မသိမ်းဆည်းချေ။

အဆင်မသင့်လေသော် ထွက်တော်မူမည့် နေ့၌ ရုံးတွင်းတွင် လုပ်ငန်းများ ဇယ်ဆက်သလို တရစပ် လုပ်နေခဲ့ရသဖြင့် ဤပို့စ်အပေါ်ဆုံးတွင် ပြဆိုသကဲ့သို့ လမ်းမပေါ်၌ ပျာယာခတ်ခြင်း အမှုကို ပြုနေခဲ့ရခြင်း ဖြစ်ချေတော့သည်တကား။

ဆက်ရန်။

No Evil

Speak No Evil, Hear No Evil, See No Evil

Credit : Boyz

Monday, March 2, 2009

တွေးမိတာလေးတွေ (၂)

နေ့ကို လစားသဖြင့် လကို နှစ်စားသည်ဟု ထင်ချင် မှားပေမည်။
လကိုစားသည်မှာ လငပုပ်ပင်တည်း...။

ရော်ရွက်ဝါတို့ ကြွေသည်ကို မြင်၍ သံဝေဂ ရသူများ ရှိပေလိမ့်မည်။
အမှိုက်ကျုံးကုလားမှာကား အနှီ ရော်ရွက်ဝါများ ကြွေကျတိုင်း စိတ်ထဲမှ ပျစ်ပျစ်နှစ်နှစ် ဆဲနေချိမ့်မည်။

အောက်ထပ် မြက်ခင်းပြင်ဆီမှ မော်တာလေမှုတ်သံကို ကြားလျင် မြန်မာပြည်မှ ဓါတ်ဆီဆိုင်တွင် ဓါတ်ဆီထုတ်ရန် တိုးတန်းစီနေသော ကားများကို သတိရမိ၏။ သဘာဝ သယံဇာတ ဟူ၍ အလျဉ်းမရှိသော ဤကျွန်းပိစိတွင် သစ်ရွက်အမှိုက်များကို တံမြက်စည်း မလှဲပဲ လေမှုတ်မော်တာဖြင့် လိုရာသို့ မှုတ်ထုတ်နေသည်ကို အောင့်သက်သက် ကြည့်မိသည်မှာ အလီလီ...။ အနှီအမှိုက်များကို တံမြက်စည်း အကျဲဖြင့် လှဲချသော် လောင်စာဆီ မသက်သာအံ့လော။

လတ်လတ်ဆတ်ဆတ် ခုတ်ထစ်ရောင်းချသော အသားနှင့် ရေခဲရိုက်ထားသော အသားများကို အသားပါတာချင်းတူတူ၊ အာဟာရတန်ဖိုးချင်းတူတူ ဖြစ်သည်ဆို၏။ ရေခဲရိုက်ထားသည်က ထက်ဝက်မျှ ဈေးချိုသောကြောင့် ရေခဲရိုက်သားများ စားရန် ဆိုင်ရာမှ နိုးဆော်၏။ သို့သော် အဆိုပါ ရေခဲရိုက်သားများသည် ရက်ပေါင်း မည်မျှကြာအောင် ခဲထားခဲ့သည်ကို ဆန်းစစ်ကြည့်မိပါ၏လော။

ပင်နီစူလားပလာဇာတွင် ကြော်ငြာတစ်ခု၌ ယင်းဂလိပ် စာသားတစ်ခုပါရှိလေသည်။
“Terms and Conditions Applied”
အဆိုပါ ယင်းဂလိပ်ကို မြန်မာမှု ပြုရာ အောက်ပါအတိုင်း ဘာသာပြန်ထား၏။
“ဝေါဟာရနှင့် အခြေအနေများ သတ်မှတ်ပြီး” ဟူသတတ်။

Oversea ဟုဆိုတိုင်း ပင်လယ်ရပ်ခြားဟု ဘာသာပြန်သင့်သလော...။ သို့ဆိုပါက Offshore ကို မည်ကဲ့သို့ ဘာသာပြန်သင့်သနည်း။ (ဆရာမြသန်းတင့်ကို သတိရမိ၏။)

အများနှင့် အလုပ်လုပ်သော် မှတ်တမ်းမှတ်ရာ ထားရှိရန် အရေးကြီးသည်ကို သတိပေးလို၏။

တော်သေဘီ။

ခေတ္တ ကျွန်းပိစိရောက်
အကောင်းစား လူချော နာမည်ကြီး မောင်ဘွိုင်း
(အန်တီဂွိကို အားကျ၍ နာမည်ကြီး ဆိုသည့် စကားရပ်ကို ယူသုံးသည်။)