ခံစားမိတဲ့ သီချင်းဟောင်းလေး နောက်တစ်ပုဒ်ပါ။
ဒီသီချင်းကတော့ ငယ်ငယ်က ၈၄ မတိုင်ခင်က ထင်ပါရဲ့ နားထောင်ဖူးတယ်။ ဘယ်သူဆိုတာလဲတော့ မမှတ်မိဘူး။ ဖိုးချိုလား...။
အစ်ကိုတွေက သူငယ်ချင်းတွေ ပေါတော့ ခွေတွေ ခဏခဏ နားထောင်ဖူးတယ်။
အိမ်မှာ အရင်က ဆေးပေါ့လိပ်တွေ ရောင်းတော့ နေ့ခင်းပိုင်းဆို တောင်ကြီးက လာတဲ့ ဆေးလိပ်ပိုတွေထဲက ဆေးလိပ်အစည်းတွေကို ပြန်စည်းရတယ်။
အဲဒီအချိန်မှာ အိမ်အလုပ် ဝိုင်းကူလုပ်ကြရင်း သီချင်းတွေ ကက်ဆက်နဲ့ နားထောင်ကြတယ်။ ဘက္ထရီ ရှိရင် ဘက္ထရီနဲ့ ချိတ်ပေါ့လေ...။ မရှိရင်တော့ ကြက်ဖတံဆိပ် အဝါရောင် ဓါတ်ခဲ ခြောက်လုံးနဲ့ သီချင်းတွေ ဖွင့်ကြတယ်။
နေ့ခင်းပိုင်း နားထောင်နေကြမို့လို့လား မသိဘူး ... ဒီသီချင်း နားထောင်မိရင် အိမ်ခေါင်မိုးကနေ ထိုးဝင်လာတဲ့ ညနေစောင်း အလင်းတန်းထဲမှာ ဖုန်တွေ ကခုန်နေတာကို မြင်မြင်နေတာပဲ။
အခုလဲ အဲဒီ သီချင်းကို ပြန်ဆိုတဲ့ ဇော်ပိုင်သီချင်းကို နားထောင်နေတာ ညကြီးသန်းခေါင်မှာ ညနေစောင်းနေရောင်လေးကို မြင်လိုက်သလိုပဲ။
အတိတ်ကို ခဏ ဖလက်ရှ်ဘက်နဲ့ ပြန်ရောက်သွားတယ်။
ငယ်ငယ်တုန်းကတော့ သံစဉ် သဘောကျလို့ နားထောင်ဖြစ်ပါတယ်။ ကြီးမှ စာသားလေးတွေ သေချာ ပြန်နားလည်တော့မှ တေးရေး အောင်ကိုလတ် အတော်ကို ခေတ်မှီတာပါလားလို့ ချီးကျူးမိတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က စာသားတွေနော်။ လန်းတယ်။
သီချင်းနာမည်က “လမ်းဆုံ” တဲ့။
Credit : koyannaing