Sunday, October 25, 2009

အနုပညာကို ရူးသွပ်ခဲ့သော ရောင်းရင်းများ။

အနုပညာတဲ့။
လူတွေ စိတ်ကို နူးညံ့စေတတ်တာမျိုး။
ရင်ခုန်သံခြင်း တူရင် ကြီးကြီးငယ်ငယ် မဟူ တစ်သားတည်း ဖြစ်သွားတာပဲ။
ကျွန်တော်က ငယ်ကတည်းက သီချင်းများအပေါ်မှာရူးသွပ်ခဲ့တယ်။ အခုထိပဲ...။
ရန်ကုန်မှာ နေတုန်းက လမ်းထဲက အနုပညာ ဝါသနာပါတဲ့ အစ်ကိုကြီးတွေနဲ့ တွဲဖြစ်တယ်။
ဗွီဒီယို ခွေဆိုင် ဖွင့်ထားတဲ့ လေးစိုးဆိုတဲ့ ပုဂ္ဂိုလ်က ဘေ့စ်တီးတာ ဝါသနာပါတယ်။ သူ့ဆိုင်ထဲမှာ အမ်ပလီဖိုင်ယာတွေ၊ ဆောင်းဘောက်တွေ၊ ဆောလစ်ဂစ်တာတွေ တစ်အားကြီးပဲ။ နေ့ခင်းပိုင်းတွေဆို သူ့ဆိုင် သွားသွားပြီးသီချင်းတီးကြတယ်။

နောက်တစ်ယောက်က ကီးဘုတ်တီးတာ ဝါသနာ ပါတဲ့ တစ်ယောက်။ ကိုဇော်ဝင်းတဲ့။ ယာမဟာ portable ကီးဘုတ် တစ်လုံး ဝယ်ထားပြီး အိမ်မှာ တီးတယ်။ အပျော်တမ်းပေါ့လေ။ တစ်ခါတစ်လေလဲ သီချင်းတွေ ဘာတွေ လိုက်သင်ပေးတယ်။ ကီးဘုတ်တီးနည်းတွေ ဘာတွေ လိုက်သင်ပေးတာပေါ့။ တစ်ချို့ တေးရေးဆရာတွေက သူတို့ ရေးထားတဲ့ သီချင်းကို အဆိုတော်တွေဆီ သွားရောင်းဖို့ လိုအပ်လာရင် သူ့ဆီ နို့စ်တွေ လာပေးပြီး အကြမ်း တီးခိုင်းတတ်တယ်။ အသံသွင်းပြီး သွားပြ သွားရောင်းကြတာပေါ့။ အစက တီးလုံးချည်းပဲ တီးပေးလိုက်တာ။ နောက်ပိုင်းကျတော့ ကျွန်တော်ဆိုတာ တီးတာ မြင်တော့ အဆိုတွေ ဘာတွေ ဝင်ဆိုခိုင်းပြီး သွင်းသွားတတ်တယ်။ ရောင်းရတယ် ပြောတာပဲ။ သီိချင်းကောင်းလို့လား မသိဘူး။ :P

နောက်တစ်ယောက်ကျတော့ လိဒ် တီးတာ ဝါသနာ ပါတဲ့သူ။ သူက တီးနေရရင် ထမင်းမေ့ ဟင်းမေ့။ လိဒ်အလုံးလေးတွေကို စာအုပ်အတိုင်း တစ်လုံး မကျန် တီးတယ်။ တစ်သဝေ မတိမ်း တူအောင်ကို တီးတာ။ ခက်တာက တစ်ခါတစ်လေ သူ့အလုံးနဲ့သူ မရမက ရအောင် တီးရင်းနဲ့ မျောသွားတာ Timing အောက်အောက်သွားလို့ ခဏခဏ ပြန်ပြန် ခေါ်ရတယ်။

နောက်တစ်ယောက်ကတော့ ညီငယ်တစ်ယောက်။ သူကျတော့ ရစ်သမ်ခေါက်ပေးတယ်။ လိဒ်လိုရင် ဝင်တီးပေးတယ်။ သူက ခေတ်သီချင်းတွေ ရတယ်။ အပေါ်က အစ်ကိုကြီးတွေက သီချင်းဟောင်းတွေ ပိုအားသန်ကြတယ်။

ညည မီးပျက်ရင် လသာသာအောက်မှာ အိမ်ရှေ့က ကွပ်ပျစ်မှာ ဂစ်တာ သုံးလေးလုံးနဲ့ ဆိုကြတာပဲ။ သူတို့တွေက ခိုင်ထူး၊ ထီးဆိုင်၊ ခင်မောင်တိုးလိုင်းတွေ။ အမယ် အပျော်တမ်းဆိုပြီး ပေါ့ဆော့ခရော့စ်တော့ မမှတ်လေနဲ့...။ သူတို့ ကြိုက်တဲ့ သီချင်းတွေဆို ဘေ့စ်၊လိဒ်၊ ဒရမ် အကုန် နို့စ် ထုတ်ထားတယ်။ လယ်ဂျာ စာအုပ် သုံးလေးအုပ်လောက်ကို ရှိတာ။

တန်ဆောင်တိုင်ဆို ကိုဇော်မင်းတို့ အိမ်ထဲမှာ စုတီးကြတယ်။ စက်တွေ ဘာတွေ ငှားပြီးတော့။
သင်္ကြန်ဆို ဘယ်မှ မသွားတော့ဘူး။ လေးစိုးတို့ ဗွီဒီယိုဆိုင်မှာ စင်ကလေး ထိုးပြီး အသံစက်တွေ ငှားပြီး ဝိုင်းဆို ဝိုင်းတီးကြတယ်။ ရေစိုတော့ ဓါတ်လိုက်.. တွန့်လိုက်.. ရှပ်ကီလေး ပင့်လိုက်ပေါ့...။

နောက်ပိုင်းတော့ လမ်းထဲက လူကြီးတွေက တန်ဆောင်တိုင် ရှိုး ကိုယ်ထူကိုယ်ထ လုပ်ပေးတယ်။ သူတို့တွေ တီးကြပေါ့။ လမ်းထဲက ဦးတင်လှိုင် ရှိတယ်လေ။ ချစ်မိုးစွေခဲ့တယ် ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ် ဆိုတဲ့ သီချင်းကို ဆိုတဲ့ တစ်ယောက်။ အဲဒီတော့ သူ့အကန့်နဲ့ နာမည်ကြီး သီချင်းကြီး ဆိုသူတွေလဲ လမ်းထဲက စတိတ်ရှိုးမှာ လာလာ ဆိုကြတယ်။ လွမ်းတောင် လွမ်းမိသေး။

အခုတော့ ကိုယ်စီကိုယ်စီ တစ်နေရာစီကို ရောက်နေကြတယ်။
ကိုဇော်မင်းက အိမ်ပြောင်းသွားတယ်။ လေးစိုးက တရားလိုင်းဘက် ကူးသွားတယ်။စက်တွေ အကုန်ရောင်းလိုက်တယ်။ ညီလေးက မေမြို့ပြောင်းသွားတယ်။ ကျွန်တော်လဲ ဒီလွင့်လာတယ်။ လသာညများဆို သူတို့တွေ သတိရနေမိသေးတယ်။ သူတို့နဲ့ တီးရင်းဆိုရင်း အသံသွင်းထားတာလေးတွေ ရှိတယ်။ တစ်နိုင်သွင်းထားတာ ဆိုတော့ ပရော်ဖက်ရှင်နယ် မဟုတ်ဘူးပေါ့။ သူတို့ သိမ်းထားလောက်တယ်။ ကျွန်တော့်ဆီမှာတော့ ပါမလာဘူး။

တစ်ခါသားမယ် ညီလေးက သီချင်းလေးတစ်ပုဒ် ရေးထားတာ လာပြတယ်။ မိုးစက်နဲ့ မျက်ရည်လို့ တိုက်ရိုက်ဘာသာပြန်ရင် အဓိပ္ပါယ်ရတဲ့ သီချင်းလေးပေါ့။ Demis Roussos က သီဆိုထားတဲ့ Rain and Tears လို့ အမည်ရတဲ့ သိုးဆောင်း သီိချင်းလေး တစ်ပုဒ်ပါ။ အောက်က youtube မှာ ဒီသီချင်းလေးကို ခံစားနိုင်ပါတယ်။


ညီလေးက ဒီသီချင်းအသွား မဆိုစလောက်ကို ကျောရိုးယူပြီး ရေးထားတာလေ။ အပျော်တမ်း ကီးဘုတ် ပလေယာ ကိုဇော်ဝင်းက ကီးဘုတ် Only နဲ့ တေးဂီတ တီးခတ်ပေးထားပါတယ်။ ညလူခြေတိတ်ချိန်မှာ ဖျတ်ကနဲ ပေါ်လာတဲ့ လျှပ်စစ်မီးရယ်ကြောင့် အသံသွင်းတာမှာ အခက်အခဲ ဖြစ်ခဲ့ရတယ်။ အဆိုပိုင်း သွင်းတာမှာ ဘေးအိမ်ကို အားနာရတာကြောင့် အသံ force ကို အပြည့် မသုံးမိခဲ့ဘူး။ ကိုဇော်ဝင်းကတော့ အားမနာပဲ အပြည့်ဆိုဖို့ ပြောခဲ့တာပဲ။ ည ၁၁နာရီခွဲ လူခြေတိတ်၊ သူငယ်အိပ်ချိန်မှာ လာပေးတဲ့ မီးကို ကျေးဇူးတင်ရမလား အပြစ်ဆိုရမလား ဖြစ်ခဲ့တယ်...။ ဘာပဲဖြစ်ဖြစ် အတိတ်ကို သတိရစေတဲ့ သီချင်းလေး တစ်ပုဒ်ပေါ့။ အောက်မှာ တင်ထားပေးလိုက်တယ်။ အသံနည်းနည်းလျော့ပြီး နားဆင်ကြည့်ကြပါလား။

သီချင်းနာမည်က “နှောင်းအတိတ်” တဲ့။

Friday, October 23, 2009

Time To Say Good Bye မင်းခယောက်ျား ကမ်းနားသစ်ပင်

ရေလှိုင်းတွေ တစ်ဝုန်းဝုန်းနဲ့ ကမ်းစပ်ကို ပြေးလာနေကြတယ်။
လှလိုက်တဲ့ ငပလီ။
ဝင်းဦးတို့ခေတ်က အဖြူအမည်းနဲ့ သွားရိုက်ဖူးတဲ့ ငပလီ...
မမုန်းလေနဲ့ ငပလီ...။
ငပလီ...

ငပလီတဲ့။ မြန်မာနာမည်လဲ မဟုတ်။ အတော့ကို သာသာယာယာလေး ရှိလို့ နိုင်ငံခြားက တိုးရစ်များ တစ်ကူးတစ်က လာရောက် အပန်းဖြေကြတဲ့ ရခိုင်ပြည်နယ်က အပန်းဖြေကမ်းခြေလေးတစ်ခု။
ဥရောပမှာ ဒီလို လှပတဲ့ ကမ်းခြေ ရှိတယ်။ သူ့နာမည်က Napoli တဲ့။ Amalfi ဆိုတဲ့ အီတလီ မြို့နားမှာ အဲဒီလို လှပတဲ့ ကမ်းခြေ ရှိတယ်တဲ့။ (ဒီနေရာလေးကို ကလစ်နှိပ်လိုက်ရင် Amalfi ကို ရောက်သွားမယ်။)


မြန်မာပြည် ငပလီကို ရောက်ဖူးတဲ့ သူတွေက ဒီကမ်းခြေဟာ ဥရောပက နာပိုလီ ကမ်းခြေနဲ့ မခြား လှပလွန်းလို့ အရှေ့တိုင်းရဲ့ နာပိုလီ ဆိုပြီး ပန်းသတင်း ပန်းချင်းဆောင်သွားရာက ငပလီဆိုတာ ဖြစ်လာတယ်လို့လဲ ပြောကြတယ်။

ဥရောပ ဆိုတာ ရာစုနှစ်ပေါင်းများစွာက ရောမ ခေါမ ယဉ်ကျေးမှုများ ထွန်းကားရာ နေရာပေါ့။ အီတလီ၊ ဗာတီကန်၊ ရောမ တစ်လွှားမှာ ဟိုးရှေးခေတ်အခါက ယဉ်ကျေးမှု ပြယုဂ် အဆောက်အဦများ ခိုင်ခိုင်မာမာ ကျန်ရှိနေတဲ့ နေရာ၊ အခုထိတိုင် တည်တံ့နေတဲ့ ကျောက်ရဲတိုက်၊ ဘုရားကျောင်း၊ အဆောက်အဦ များဟာ တစ်ခေတ်တစ်ခါက ဥရောပ ယဉ်ကျေးမှု ထွန်းတောက်ခဲ့တာကို ပြနေတုန်း။

အပေါ်က ပြောခဲ့တဲ့ နာပိုလီဆိုတာက အီတလီနားက Amalfi ဆိုတဲ့ မြို့လေးနားက နေရာလေး။ ဒီမြို့လေးနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီ ပုံပြင်လေး ရှိဖူးတယ်။ ဟာကျူလီ ဆိုတဲ့ အားကောင်းမောင်းသန် ဒဏ္ဍာရီလာ သူရဲကောင်းလေးဟာ သူ့ချစ်သူလေးကို မြုပ်နှံဖို့ ကမ္ဘာပေါ်မှာ အလှပဆုံး ကမ်းခြေကိုရှာတာ ဒီနေရာကို တွေ့သတဲ့။ တစ်ကယ်လဲ လှပတဲ့ နေရာလေးပေါ့။ အခွင့်ကြုံရင် သွားလည်ဖို့ တေးထားတဲ့ အထဲမှာ ဥရောပ ခရီးစဉ်လဲ ပါတယ်။ (4D ဖြစ်ဖြစ် ToTo ဖြစ်ဖြစ် ပေါက်ခဲ့ရင် သွားကို သွားဦးမှာ)။

ဥရောပဟာ တစ်ခေတ်တစ်ခါက အနုပညာ ယဉ်ကျေးမှုများ အတော်ကို ထွန်းကားခဲ့တဲ့ နေရာဖြစ်တယ်။ ခုတိုင်လဲ ထွန်းကားနေဆဲ.... အော်ပရာ သီချင်းတွေဟာ ဥရောပခေတ်ကို ဖေါ်ကျူးတဲ့ တေးတွေ ဖြစ်တယ်။ တေးသွားခပ်မြင့်မြင့်ကို စူးရှတဲ့ အသံနဲ့ သီဆိုရတဲ့ အော်ပရာ တေးသွားများဟာ တစ်ခေတ်တစ်ခါက ဥရောပ လူဂုဏ်တန် အသိုင်းအဝိုင်းတွေရဲ့ ဧည့်ခန်းမှာ မရှိမဖြစ် ဖွင့်လှစ်ခဲ့ရတယ်။ Classic တေးသွားများလို့ သမုတ်ကြတာတွေပေါ့။

ဒီလို ခမ်းနားမှုတွေ၊ ကြီးကျယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဥရောပနိုင်ငံငယ်လေး အီတလီဟာ တစ်ချိန်တုန်းက G8 ထိပ်သီး အစည်းအဝေးကို ကျင်းပဖို့ စီစဉ်ခဲ့ကြတယ်။ သိတဲ့အတိုင်း ဂျပန်နိုင်ငံဟာလဲ ထိပ်သီးနိုင်ငံထဲမှာ ပါလေတော့ ဒီအစည်းအဝေးကို တက်ဖို့ ဝန်ကြီးချုပ်ကို လွှတ်ရတာပေါ့။ ဝန်ကြီးလာပြီဆိုတော့ သိကြတဲ့ အတိုင်း လုံခြုံရေး၊ ဖျော်ဖြေရေး စတာတွေဟာ သက်ဆိုင်ရာနိုင်ငံမှာ အခြေစိုက်ထားတဲ့ နိုင်ငံရဲ့ သံရုံးအပေါ်ကို ကျလာတာပါပဲ။ သံရုံးဆိုတဲ့ အတိုင်း သံအမတ်၊ ကောင်စစ်ဝန်၊သံအရာရှိများ အားလုံး ကို ခေါ်တာပေါ့။ ဝန်ကြီးချုပ်က သိတဲ့အတိုင်း AS Roma ဘောလုံးအသင်းကို ကြိုက်တယ်ဆိုလို့ အဲဒီ ဘောလုံးအသင်းရဲ့ ပွဲစဉ်ထဲက အကောင်းဆုံး တစ်ခုကိုလဲ ကြိုတင် ဘွတ်ကင် လုပ်ရတယ်။ ဝန်ကြီးချုပ် မိန်းမ ကြိုက်တတ်တယ်ဆိုတဲ့ အစားအသောက် ကောင်းကောင်း ရောင်းတတ်တဲ့ စားသောက်ဆိုင် စာရင်းက အစ ရှော့ပင်ထွက်ရင် သုံးတတ်တဲ့ ပစ္စည်းတွေ ရောင်းတဲ့ စတိုး အဆုံးကို သံရုံး ဆိုင်ရာ ဝန်ထမ်းများက စာရင်းပြုစု စီစဉ်ပေးရတယ်လေ။

နောက်ပြီး ဝန်ကြီးချုပ်က အထက်က ဆိုခဲ့တဲ့ အော်ပရာ သီချင်းများကိုလဲ နှစ်သက်တတ်လေတော့ လာမယ့် ခရစ်စမတ် အထိမ်းအမှတ် ကျင်းပမဲ့ concert ကိုလဲ စီစဉ်ထားပေးရသေးတယ်။ နာမည်ကြီး အဆိုတော် Sarah Brightman ရဲ့ concert ဆိုတော့ ဝန်ကြီးချုပ်က တက်ရောက် အားပေး ချီးမြှင့်ချင်သား။ ဆိုမယ့် သီချင်းကလဲ နာမည်ကြီး "Time To Say Goodbye" ဆိုတဲ့ ဂန္တဝင်သီချင်း ကို အသားပေးဆိုမှာ။ "Con Te Partiro'" လို့လဲ သိကြတယ်။ သံရုံးဝန်ထမ်းများလဲ အစီအစဉ်တွေ တစ်ဆက်တည်းဖြစ်အောင် ကြိုးစားရေးဆွဲကြရတော့တာပေါ့။


ဒီယူထုကတော့ Andrea Bocelli နဲ့ Sarah Brightman တို့ ငယ်နုစဉ်က တူတူဆိုထားတဲ့ "Time to say Goodbye" ဆိုတဲ့ Classic သီချင်းပါ။




ဒီဗွီဒီယို ကလစ်လေးထဲမှာတော့ သူတို့နှစ်ယောက် နည်းနည်း အသက်အရွယ် ထောက်လာပါပြီ။




Andrea Bocelli တစ်ယောက်တည်း ဆိုတဲ့ ဗားရှင်းပါ။



Sarah Brightman တစ်ယောက်တည်း ဆိုတဲ့ ဗားရှင်းဖြစ်ပါတယ်။
Credit to : EMI Japan


ဒီလို ငြိမ့်ညောင်းတဲ့ တေးသီချင်းလေးများကို သီကျူးတဲ့ အီတလီရဲ့ ခရစ်စမတ် ညချမ်းလေးကို အရုပ်ဆိုး အကျည်းတန်သွားစေမယ့် အဖြစ်အပျက်လေးတစ်ခု ဖြစ်သွားပါတယ်။

- G8 အစည်းအဝေးမှာ ဝန်ကြီးချုပ်လာမယ်ဆိုတော့ အလုပ်တွေ အသည်းအသန် ရှုပ်နေတဲ့ အီတလီက ဂျပန်သံရုံး။
- သံရုံးကို secretary ရာထူးနဲ့ ပြောင်းလာတဲ့ သံအရာရှိ Diplomat... သူ့ကို ဂျပန်သံရုံးအသိုင်းအဝိုင်းက မလိုလားဘူး။ သူလာရင် ပြဿနာတွေ တစ်ထွေးကြီး ဖြစ်တတ်လေ့ရှိလို့တဲ့။
- ခရစ်စမတ် မတိုင်မီက အီတလီကို အလည်လာတဲ့ မုဆိုးမ သားအမိလေးနှစ်ယောက်...

ဖြစ်ချင်တော့ အဲဒီ အလည်လာတဲ့ ဂျပန်နိုင်ငံစား သမီးလေးကို ပြန်ပေးသမားတွေက ပြန်ပေးဆွဲပြီး နာပိုလီမှာ ပြန်သွားရွေးခိုင်းတယ်။ သံအရာရှိက မနေသာတော့ပဲ ပါဝင် ပတ်သက်မိပြန်တယ်။ (မင်းခယောကျာ်း ကမ်းနားသစ်ပင်ဆိုတာ ဒီလိုပါပဲလေ။) ဂျပန်သံရုံးက ဒီကိစ္စကို မီဒီယာကို မသိစေချင်ပဲ သိုသိုသိပ်သိပ် ပြီးစီးသွားအောင် အီတလီရဲတွေကို ကိုင်တွယ်စေချင်တယ်။ အတွေ့အကြုံများတဲ့ သံအရာရှိက အီတလီဥပဒေ ဖြစ်တဲ့ ပြန်ပေးသမားများကို ငွေမပေးရဆိုတဲ့ စည်းမျဉ်းကို ကျော်ပြီး Deal လုပ်ချင်တယ်။ အီတလီ ရဲမင်းကြီးက သံအရာရှိကို မကြည်မလင် ဖြစ်....။

တစ်ဖြည်းဖြည်းနဲ့ ပြန်ပေးမှုရဲ့ နောက်ကွယ်မှာ မထင်မှတ်တာတွေ ပါလာတယ်။ စီစီတီဗွီ လုံခြုံရေး ရုပ်မြင် ကိရိယာများရဲ့ အခန်းကဏ္ဍ၊ နိုင်ငံရေး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လူသားချင်း စာနာ ထောက်ထားတဲ့ ကူညီမှု၊ နိုင်ငံ့အရေးနဲ့ ယဉ်လာရင် တစ်ဦးတစ်ယောက်ရဲ့ အရေးပါမှုတွေဟာ မှေးမှိန်သွားနိုင်တယ်ဆိုတဲ့ အချက်၊ နိုင်ငံသားတစ်ယောက်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး...။

အီတလီ အစိုးရနဲ့ ဂျပန်အစိုးရတို့ရဲ့ လိမ္မာပါးနပ်စွာ ကိုင်တွယ်မှုကြောင့် မီဒီယာ ရှေ့ကို ရောက်မလာဖြစ်ခဲ့တဲ့ ကန့်လန့်ကာ နောက်ကွယ်က အဖြစ်အပျက်တစ်ခုပါ။ ကြားထဲက မြေဇာပင် ဖြစ်သွားတဲ့ သံအရာရှိ Diplomat ကတော့ လူမသိ သူမသိ တောင်အာဖရိက နိုင်ငံတစ်ခုကို လွှင့်ပါး အမှုထမ်းရလေရဲ့။


Bonus : မနေ့က ရုပ်ရှင်တစ်ကား ကြည့်မိတယ်။ ကြည့်သင့်တယ်လို့ မှတ်ချက်ပေးမိပါတယ်။ နာမည်ကြီး မင်းသား မင်းသမီးများ မပါပဲ သာမာန် သရုပ်ဆောင်များနဲ့ ဇာတ်လမ်း အစမှ အဆုံး ဆွဲခေါ် နစ်မြုပ်သွားစေနိုင်တဲ့ ကားကောင်းလေး တစ်ကားပါ။ ကားလေး နာမည်က "Amalfi" တဲ့။ အချိန်ပေးပြီး သေချာကြည့်လိုက်ပါ။ အောက်မှာ ယူထုနားက ဒီရုပ်ရှင်ကို အမြည်းစမ်းကြည့်နိုင်တဲ့ လင့်ခ်လေး တင်ထားပေးတယ်။






Thursday, October 22, 2009

Official Release of Windows 7


အများတကာ မျှော်လင့်နေကြတဲ့ Windows OS 7 ကို ယနေ့ ကြာသပတေးနေ့မှာပဲ မိုက်ကရိုဆော့ဖ် ကုမ္ပဏီကနေ တရားဝင် ဖြန့်ချိလိုက်ပါပြီ။ ဖြန့်ချိတဲ့ရက် မတိုင်ခင်က ပိုင်းရိတ်ဗားရှင်းများ အင်တာနက်မာ ပလူပျံနေတာ တစ်ပတ်လောက် ရှိပါပြီ။ ဒီတစ်ပတ်ထဲမှာ ဒေါင်းလုဒ် အများဆုံး လုပ်တဲ့ စံချိန် တင်သွားပါတယ်။ ဘာတွေ ထူးခြားလဲ ဆိုတာတော့ စမ်းသပ်ပြီးမှ သုံးသပ်ချက်များ ထွက်လာမှ ထပ်မံရေးသားပေးပါ့မယ်။ လောလောဆယ် ပြောနိုင်တာကတော့ အရင် ဝင်းဒိုးများသည် ကွန်ပြူတာတွက်ချက်မှု စွမ်းရည် 64 bit ကို အပြည့် မသုံးပဲ 32 bit သာ သုံးထားပါတယ်။ အခု ဝင်းဒိုး အသစ်မှာတော့ ကွန်ပြူတာပရိုဆက်ဆာရဲ့ တွက်ချက်မှု စွမ်းဆောင်ရည် 64bit ကို အပြည့် သုံးထားတဲ့ အတွက် မိမိတို့ ကွန်ပြူတာ စွမ်းဆောင်ရည်ကို တင်းပြည့်ကျပ်ပြည့် သုံးနိုင်ပြီလို့ ဆိုနိုင်ပါတယ်။ (တစ်ချို့ကတော့ ဒီ Windows 7 ကို Vista အရည်ခွံခြုံထားတဲ့ Windows XP လို့ ဝေဖန်ကြပါတယ်။)

အချို့သော ဝင်းဒိုး အသစ်ဖြန့်ချိတဲ့ သတင်းများကို ဒီနေရာတွေမှာ ဖတ်နိုင်ပါတယ်။
-
Microsoft Windows 7 vs. Apple Snow Leopard
- It's Official: Microsoft Launches Windows 7

Wednesday, October 21, 2009

Recent IT News

- ပန်းသီးကုမ္ပဏီ ဈေးချနေသည်။ အကျယ်ကို ဤနေရာတွင် ရှု။
- ဂူဂယ်မှ ဖုန်းအတွက် OS ကို eClair ဆိုလား နာမည်ပေးထားသည်။ Android 2.0 ဟုလဲ ခေါ်ဆိုသည့် ဖုန်း OS အသစ် ထပ်ထွက်သည်။အကျယ်ကို ဤနေရာတွင် ရှု။
- ဆိုနီ အဲရစ်ဆန်မှ X3 ဖုန်း အဖြစ် ထုတ်လုပ်နိုင်သော Rachel သည် Android OS ကို သုံးထားသည်။ ယင်းကို ယခုအခါ X10 ဟု အမည်ပေးမည် ဖြစ်ကြောင်း ထပ်မံ၍ ကောဠဟလ ထွက်လာ။ အကျယ်ကို ဤနေရာတွင် ရှု။
- မိုဘိုင်းဖုန်းဈေးကွက်တွင် နေရာယူထားသော WinMo မှ ၆.၅ ဗားရှင်းပင် မထွက်သေး။ WinMo 7 ကို ထုတ်လုပ်ရန် microsoft က ကြံနေသည်ဟု အတွင်းသတင်းများရ။ အကျယ်ကို ဤနေရာတွငရှု
- ဂူဂဲလ်မှ Apple iTunes ကဲ့သို့ အွန်လိုင်းတေးဂီတ ဈေးကွက် ဖေါ်ဆောင်မည်ဟု သတင်းသန့်သန့်ရ။ အကျယ်ကို ဤနေရာတွင် ရှု။


ဤတွင် ဆားချက်၍ ပြီး၏။

Monday, October 19, 2009

Lost & Found

မခိုင်သင်းသင်း ပိုင်ဆိုင်သော
၁။ POSB Bank Card
၂။ S-Pass Card
ကောက်ရထားပါသည်။

ပိုင်ရှင်ဖြစ်ကြောင်း အထောက်အထား (ပါတ်စ်ပို့တ်၊ ကျောင်းသားကဒ် အစရှိသည်) နှင့် အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်၍ သွားရောက်ထုတ်ယူနိုင်ပါသည်။
မိုဘိုင်း - ၈၃၅၀ ၄၉၅၈

(ကောက်ရသူအား မုန့်ကျွေးပါလေ။ ဘလော့ပိုင်ရှင်ကို ကျွေးချင်သည် ဆိုပါက လူ့ကျင့်ဝတ်နီတိအရ ဖိတ်ခေါ်ချက်ကို မငြင်းဆန်သင့်သဖြင့် အားနာစွာ လိုက်လျောပါမည်။)

Sunday, October 18, 2009

အဆိုတော်တစ်ယောက် ပြောပြဖူးတဲ့ ဟာသတစ်ပုဒ်

စင်ကာပူမှာ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပတော့ မြန်မာပြည်က အဆိုတော်ကို ဖိတ်ခေါ်တယ်။ အဲဒီ အဆိုတော်က သီချင်းလာရောက် ဖျော်ဖြေရင်းနဲ့ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်ကြား အတီးသမားတွေ ခဏအနားရနိုင်ဖို့ အရွှန်းဖောက်တဲ့ လူကြီး ဟာသပါ။ အသက်၁၈ နှစ်နဲ့ အထက် လူကြီးများအတွက်သာ ဖြစ်တဲ့ အတွက် မိမိကိုယ်ကို လူကြီးလို့ သတ်မှတ်သူများ အောက်က စာတွေကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးသူ ညီငယ် ညီမငယ်များ ဒီပို့စ်ကို မဖတ်ပါနဲ့။ (မဖတ်နဲ့ဆိုပေမယ့် ခိုးဖတ်မယ်ဆိုတာ ကြိုသိနေတယ်။)

တစ်ခါကပေါ့။ ဘတ်စ်ကားပေါ်မှာ တစ်နှစ်သားအရွယ် နို့မပြတ်သေးတဲ့ ကလေးလေးနဲ့ သူ့အမေတို့ ပါလာသတဲ့။ ကလေးကို နို့တိုက်ချိန်ရောက်တော့ အမေက ကလေးကို နို့တိုက်တာမှာ ကလေးက ဂျီကျပြီး မသောက်ပဲ နေတော့ အမေက စိတ်တိုပြီး ကလေးကို “နို့စို့မလား မစို့ဘူးလား။ မစို့ရင် ကုလားကြီးကို တိုက်လိုက်မှာနော် ” ဆိုပြီး ပြောသတဲ့။ ကလေးက မစို့ဘူးတဲ့။ အမေက ကလေး မဆာသေးလို့ နေမှာ တွေးမိပြီး ခဏ နေလိုက်သတဲ့။ နောက်တစ်အောင့်လောက်ကြာတော့ ကလေး နို့တိုက်ချိန် ကျော်လာတာ သတိပြုမိတော့ ကလေးကို နို့တိုက်မယ် ပြင်သတဲ့။ ကလေးကလဲ မသောက်ချင်ပဲ ဂျီကျပြန်သတဲ့။ အမေကလဲ ရှေးနည်းတူ “သား မစို့ရင် ကုလားကြီးကို တိုက်လိုက်မှာနော်” လို့ ပြောပြန်သတဲ့။ ကလေးကလဲ မစို့ချင်လို့ ငိုသတဲ့။ အမေကလဲ လက်လျှော့ရပြန်သတဲ့။ ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ရှေ့က ကုလားကြီးက ပြောလိုက်သတဲ့။ “အစ်မဂျီးနော်။ အစ်မဂျီး ကလေးကို ပြတ်ပြတ်သားသားမေးပါနော်။ ကုလားနော် စောင့်နေတာ ဆင်းရမယ့် မှတ်တိုင် ၃ မှတ်တိုင်တောင် ကျော်လာပြီတဲ့”။

မရယ်ရရင် ကျွန်တော် တင်ပြပုံ ညံ့ဖျင်းလို့ လို့ပဲ မှတ်ယူပါ။ အဆိုတော် ပြက်လုံးထုတ်တုန်းကဆို ပိတ်သတ်တွေ ပွဲကျလိုက်တာ ပတ်တုတ်လို့ တောင် မနိုင်ဘူး။ (သူက ကုလားအမူအရာ ဟန်ပန်လေသံနဲ့ လေယူလေသိမ်းပါ လုပ်ပြတာ။)

Discrimination ဘာညာ မရှိပါ။ ဟာသ တစ်ပုဒ်ကို မျှဝေခြင်း ဖြစ်ပါတယ်။

"B" for Beach a.k.a ဝက်သားတုတ်ထိုး ပါတီ

စနေနေ့ညက သူငယ်ချင်း တစ်ယောက်က အပေါင်းအဖော်များနဲ့ စုံစုံလင်လင် တွေ့ချင်တယ်ဆိုလို့ Sembawang Park ကို တွေ့ဖို့ သွားကြပါတယ်။ အတီးအဆိုမပါပဲ. သူငယ်ချင်းများနဲ့ အစားသောက်များသာ သက်သက် ပါတဲ့ ပွဲလေး တစ်ပွဲပါ။ အဲဒီချိန်းဆိုထားတဲ့ နေရာကို မသွားခင်မှာ တစ်ယောက်က မှာလို့ လာဗဲန်းဒါး နားက ဂိုးဒန်းမိုင်းက ယိုးဒယား စားသောက်ဆိုင်မှာ ကြက်အရေခွံကြော် ဝင်ဝယ်ပါတယ်။ နောက် အဲဒီကနေ တစ်ဆင့်ဆမ်ဘားဝမ်ကို အမ်အာတီနဲ့ ဒိုးပါတယ်။ ဆမ်ဘားဝမ် အမ်အာတီ ရောက်တော့ တက်စီနဲ့ ထပ်သွားပါတယ်။ ဘတ်စ်ကားတွေ သွားတာ ရှိပါတယ်။ နောက်ကျနေလို့ တက်က်စီနဲ့ သွားတာပါ။ ဟိုရောက်တော့ လူတော်တော်စုံပြီး တော်တော်လေးလဲ ခရီးရောက်နေကြပါပြီ။ ကိုယ်လဲ အမှီလိုက်မယ်လဲ ကျန်ရော.. လမ်းဆုံးဘူတာ ဆိုက်ပါပြီတဲ့။ ဟတ်ကော့ကြီး ကျန်ခဲ့တယ်။ ဒါနဲ့ ကျန်တဲ့ အစားဘက်ကို လှည့်ကြတာပေါ့။ ကြာဇံကြော်နဲ့ ဝက်သားတုတ်ထိုးတဲ့။ ဝက်သားတုတ်ထိုးကတော့ အိုးသူကြီး စပါယ်ရှယ်လစ်စ် ကယ်လ်ဗင် လုပ်လာတာလေ။ ဒီညတော့ ကြာဇံကြော်ည မဟုတ်ပဲ ဝက်သားတုတ်ထိုးည ဖြစ်သွားခဲ့တယ်။ အချင်း၊ အူတိုင်၊ နားရွက်၊ အစာအိမ်၊ လျှာ၊ မျက်လုံး စသဖြင့် အင်္ဂါရပ်များ စုံလင်စွာပါဝင်တဲ့ ဝက်သား တုတ်ထိုးပါ။ အချဉ်ကလဲ ကိုယ်တိုင် လုပ်လာတဲ့ အတွက် ဝမ်းတော်လားမှာကို စိုးရိမ်စရာ မလိုပါ။ အချိုတည်းဖို့ကတော့ ဖရဲသီးတွေ ပါတယ်။
အချုပ်ဆိုရရင်တော့ ဗော့ဒ်ဂါကို ဆန်းကစ်နဲ့ ရောလိုက်တဲ့ ညလေး တစ်ညပေါ့လေ။

ဒီလိုညလေး ပြန်ကြုံချင်သေးတယ်။ ကျေးဇူး ကိုဟိုးမား

မုဒိတာပွားလို့ရအောင် ဖုန်းကင်မရာလေးနဲ့ ရိုက်လာတဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ဝါးတား မှုန်တုန် မကြည်လင် မပြတ်သားမှုများကို ဖယ်ပြီး ကြည့်လိုက်ရင် ဝက်သားတုတ်ထိုးဆိုတာ တွေ့ပါလိမ့်မယ်။

သိပ်တောင် မကျန်ချင်တော့ဘူး။ ရောက်တာ နောက်ကျသွားလို့...။ ဒါပေမယ့် အစုံတော့ စားရသေးတယ်။ မျက်လုံးက ဘယ်သူ စားသွားလဲ မသိဘူး။

ဒီဗန်းထဲက အူတိုင်တွေ အချင်းတွေ ကြက်ဥတွေနဲ့ပဲ ကျန်တော့တယ်။ လျှာက သတ်သတ်ဖွက်ထားတယ် ထင်တယ်။ ဘယ်ရောက်သွားပါလိမ့်။ ခုနက စားနေတုန်း....။

ဖရဲသီးလေးတွေ စားပါဦး။ ဆန်းကစ်ခွက်က အထဲမှာ ဆန်းကစ်ယောင်ဆောင်တဲ့ ဗော်ဒကာ ပါတယ်။

ကိုယ်ကြိုက်တဲ့ Angle ကနေ ကြည့်ချင်ရင် ကြည့်နိုင်အောင် Direct cut အနေနဲ့ ရှုထောင့်စုံစုံကနေ တင်ပြလိုက်ပါတယ်။
အလင်းများသွားလို့ နည်းနည်း ရောင်ပြန် များသွားတယ်။