Tuesday, October 23, 2007

ကြောက်တတ်သူ တစ်ယောက်လား...


ဒိုင်ယာရီရေ...
ပြန်စဉ်းစားကြည့်တော့လဲ ကိုယ်ဟာ ငယ်ငယ်ကတည်းက အဖိနှိပ်ခံဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရသကိုး...။ မိဘများက အားပေးရှာသောလည်း ပတ်ဝန်းကျင်က ကိုယ့်အလိုမှ မဖြစ်ခဲ့တာကို ကြီးမှ သိရတာ...။
အဲဒီတော့ ကြောက်စိတ်ဆိုတာရှိခဲ့တာက အဆန်းမှ မဟုတ်တော့တာ...။
ဟိုဟာ မလုပ်နဲ့... ဒီဟာမလုပ်နဲ့...
ဒေ၀ါကြီးလာလိမ့်မယ်... အဲဒီလို အဲဒီလို...
ကြီးလာတော့လဲ ဒါ ဥပဒေနဲ့ မညီဘူးတဲ့...။
တစ်ချို့ကျတော့ လုပ်နေတာပဲ... ဘာမှလဲ မဖြစ်...။ ဘာဥပဒေလဲတော့ မသိဘူး..။
ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့
ရဲဖမ်းလိမ့်မယ်...။
တစ်ချို့များ သူတို့နဲ့တောင် ပလဲနံပ သင့်လို့ရယ်...။ အဆင်ကို ပြေလို့...။
ကားတစ်ဝီ၀ီစီး... ဟဲန်းဖုန်း ခါးကြားချိတ်... မာဘိုရိုလေးခဲ... တိုက်ဂါးသံဘူးလေးကိုင် ပူးလစ်စ် မျက်မှန်လေးတပ်... ကြောင်ကမ်ဘာ ရှုးဖိနပ်ကိုစီး... နှစ်ပိဿာလောက် လေးမယ့် ရွှေဆွဲကြိုးက လည်ပင်းမှာငိုက်လို့... နိုက်ကလပ် ညတိုင်းသွား... ဒါက အရင်တုန်းက ပြေလည်သူများ စတိုင်ကို ပုံဖေါ်တာ...။
သူရို့မယ်.. ဒီကွေ့ကို ဒီတက်နဲ့ လှော်မယ်.. ဟိုကွေ့ကို ဟိုတက်နဲ့လှော်ဖို့ အင်းထဲက လှော်တက်မျိုးစုံကို ကန်ထရိုက်ဆွဲပြီး ဂိုဒေါင်ထဲ ထည့်ထားသူများပေါ့...။
ကိုယ်ပြောချင်တာ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရမလားဆိုတော့လဲ ချင့်ချိန်ရမဲ့အရာတွေက များလွန်းတော့ ကိုယ့်ကိုယ်ကို လူကြောက်စာရင်းထဲ ထည့်လိုက်တာ ကြာပါပကော...။
ဇာပါးပါးနဲ့ အုပ်ထားတဲ့ ခပ်ကြမ်းကြမ်း ခဲခြစ်ပန်းချီလဲ ဖွင့်မပြနိုင်ခဲ့တာ ကြာပါပြီ...။
ကိုဒိုက်ရေ... ကျွန်တော့်ကို သွေးကြောင်တတ်နေပြီပါပကောလို့ သိရင် ပြောဦးမလား မသိ...။
အဟက်... ပုတ်သင်ညိုများလို့ အရောင်မပြောင်းတတ်တာက ခက်ပါသော်ကော...။
ဆိုတော့ ကိုယ့်ကို ကြောက်တတ်လား မေးလာခဲ့ရင် ဟုတ်ကဲ့ ကြောက်တတ်ပါတယ်လို့ ဖြေမှာပါ...။
ဟုတ်ကဲ့...။ တစ်ယောက်ယောက်ကို ရည်ညွှန်းပါတယ်ခင်ဗျား...။
အားလုံး ကောင်းပါသည်ခင်ဗျား...။

2 comments:

  1. ဒီလို ခံစားမူ့ မျိုး မအယ်မှာလည်းရှိပါတယ်။ ကျန်တဲ့သူတွေမှာလည်း ရှိပါတယ်။ ခေတ်ကိုက သူခိုးတွေ ထီးတင်တဲ့ခေတ်ကိုး။
    ရိုးသားတဲ့သူကတော့ ရိုးဂုဏ်လေးပိုက်ပြီး ငတ်နေတာပါပဲ။

    ReplyDelete
  2. “ရိုးသားတဲ့သူကတော့ ရိုးဂုဏ်လေးပိုက်ပြီး ငတ်နေတာပါပဲ။”
    ဒီဟာလေး သဘောကျတယ်...။

    ReplyDelete