Tuesday, September 14, 2010

ကံထမ်းလာတာ မမြင်ရ။


သူ ကြာသပတေးညက Script တစ်ခုကို ရေးသား ပြီးစီးခဲ့သည်။ ယင်းနောက် ဝဘ်ဆိုဒ်ပေါ်တင်လိုက်သည်။ ဖေ့ဘွတ်မှာ သူငယ်ချင်းများ (အယောက် ၇၀၀ ကျော်) သိစေရန် status ကို update လုပ်ပြီးနောက် အိပ်ရာဝင်ခဲ့သည်။


သောကြာနေ့ မနက်ပိုင်း အိပ်ရာမှ နိုးလာသောအခါ သူ့အီးမေးလ် inbox တွင် မေးလ်များ ဝင်လာမစဲ တစ်သဲသဲ ဖြစ်နေသည်။

ညဦးပိုင်းက သူတင်ထားသော ဝဘ်ဆိုဒ်နှင့် ပါတ်သက်၍ ချီးကျူးစာများ၊ သတင်းစာ မဂ္ဂဇင်းများမှ သူနှင့် အင်တာဗျူးများ ပြုလုပ်ရန် ရက်ချိန်းယူသော အီးမေးလ်များ ဖြစ်နေသည်....။

သူသည်ကား Standford University တွင် Computer Science ဘာသာတွဲဖြင့် ပညာ ဆည်းပူးနေသော Feross ဆိုသည့် သူငယ်ကလေးပင် ဖြစ်သည်။ သူတီထွင်လိုက်သော အရာမှာ တစ်ခြား မဟုတ်။ YouTube Instant ဟု ခေါ်တွင်သော youtube site မှ မိမိ လိုချင်သော ဗွီဒီယိုကလစ်များကို တစ်မုဟုတ်ချင်း ရှာဖွေပေးနိုင်သော YTInstant ဟု အမည်ရသော youtube ရှာဖွေရေး အင်ဂျင်တစ်ခုသာ...။

ဤကဲ့သို့သော ပရိုဂရမ်ကို ရေးသားရန်မှာ နဂိုမူရင်း ကနဦးက စဉ်းစားထားခြင်း မဟုတ်ချေ။ အတူနေ သူငယ်ချင်း ဖြစ်သော Jake Becker မှ စိန်ခေါ်မှုကို မခံချင်စိတ်နှင့် ကြိုးစားမှုကြောင့် ဖြစ်ချေသည်။ မူလအကြောင်းရင်းခံမှာကား Google Search Engine မှ မိမိတို့ အင်တာနက် တွင် ရှာဖွေလိုသော အကြောင်းအချက်များကို ချက်ချင်း ရှာဖွေမှု ပေးစွမ်းနိုင်သော Google Instant ကို စတင်မိတ်ဆက်ရာမှ အစပျိုးခြင်းပင်တည်း။

Jake က Feross အနေဖြင့် ယင်းကဲ့သို့သော ပရိုဂရမ်ကို Youtube အသုံးပြုလျက် တစ်နာရီအတွင်း ရေးနိုင် မရေးနိုင်ကို စိန်ခေါ်လေသည်။ Feross မှလည်း မိမိ မာနကို ထိပါးသည့်အလျောက် မခံချင်စိတ်ဖြင့် တစ်ထိုင်တည်း ရေးသားက လွှင့်တင်ခဲ့လေသည်။ တစ်နာရီအတွင်း ပြီးစီးသည်တော့ မဟုတ်ချေ။ စုစုပေါင်း သုံးနာရီ ကြာခဲ့ချေသည်။ စိန်ခေါ်ပွဲတွင် သူရှုံးခဲ့သည်။ သို့သော် အရှုံးထဲမှ အမြတ် ဆိုနိုင်သော Youtube ရှာဖွေရေး ပရိုဂရမ် တစ်ခုကို သူရေးသားနိုင်ခဲ့သည်။ (Google Instant ကို အသုံးပြုနိုင်ရန် Google Team မှ အဖွဲ့သားများ နှစ်ပေါက်အောင် ရေးသားခဲ့ရသည်။ Feross အနေဖြင့် YouTube Instant ကို ရေးသားရန် သုံးနာရီခန့်သာ ကြာလေသည်။)



ယင်း ပရိုဂရမ်ကို YTInstant ဟု အမည်သညာ မှည့်တွင်က http://ytinstant.com တွင် တင်ထားခဲ့လေသည်။ ယင်းနောက် အထက်ဖော်ပြပါအတိုင်း ဖေ့ဘွတ် သူငယ်ချင်းများကို အသိပေးကာ အသုံးပြုကြရန် တိုက်တွန်းပြီးနောက် အိပ်ရာဝင်ခဲ့လေသည်။

ကံတရား၏ ဆန်းကြယ်မှုသည် ဤတွင် မရပ်တန့်သေးချေ။ သူ၏ Twitter တွင် youtube မှ အရာရှိChad Jurley ကိုယ်တိုင်က Feross ၏ Youtube Instant တီထွင်ချက်ကို သဘောကျကာ ယင်း၏ ကုမ္ပဏီတွင် လာရောက် လုပ်ကိုင်ရန် Twitter မှတစ်ဆင့် အလုပ်အကိုင် ကမ်းလှမ်းလေသည်။

ပြီးခဲ့သော တနင်္လာနေ့ကမှ Youtube ဌာနချုပ်တွင် Feross နှင့် Hurley တို့ တွေ့ဆုံကာ အလုပ်အကိုင် ကိစ္စများကို ဆွေးနွေးခဲ့ကြလေသည်။

ကံတရားသည် ဆန်းကြယ်လွန်းပေစွ။ Feross ၏ အနာဂတ်သည် ပန်းခင်းထားသော လမ်းမ ဖြစ်နေသည်တကား.....။

Feross ၏ တရားဝင် ဝဘ်ဆိုဒ် - http://www.feross.org
Feross ရေးသားခဲ့သော YouTube Instant - http://ytinstant.com
Feross ၏ ဖေ့ဘွတ် လိပ်စာ - http://www.facebook.com/feross.aboukhadijeh
Feross ၏ Twitter လိပ်စာ - http://twitter.com/FreeTheFeross

5 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ကိုဘလည်း Singapore HDB Instant ရေးဖို့ကောင်းပြီ
    LOL

    ReplyDelete
  3. ရတ ရေးတာ ရယ်ရတယ်.. ဟားဟား...

    ငါက ခေါင်းစဉ်တွေ့တော့ လိုချင်တဲ့နေရာ၊ လိုချင်တဲ့ဈေးနဲ့ အိမ်ရသွားလို့ ကိုဘ ကံကောင်းတဲ့အကြောင်းရေးထားတာမှတ်လို့

    ReplyDelete
  4. မမစင်လိုပဲ ကျနော်က ထင်လိုက်တာ အိမ်ကိစ္စမှတ်လို့ 
    ဒါမယ့်ကျနော်ထင်တာက တစ်မျိုး
    ကွန်ဒိုပိုင်တဲ့ ကောင်မချောချောလေးကများ လက်ထပ်ခွင့်တောင်းသလားလို့ ထင်လိုက်တာ LOL

    ReplyDelete