ဤပို့စ်သည် ဆားချက်သော ပို့စ်ဖြစ်၏။ ဖတ်ပြီးသူများ အတွက် အဟောင်း ဖြစ်သော်လည်း မဖတ်ရသေးသူ များအတွက် အသစ်ပင်တည်း။ ဖတ်ပြီးပါကလဲ တစ်ဖန်ပြန်လည် ဖတ်ရှုကာ မရှင်းသည့် အချက်များ အပြန်ပြန် အလှန်လှန် မေးမြန်းနိုင်ပါကြောင်း...။
(တစ်ကယ်က ဆားဖြူးတာပါ။ စကားလုံးကြီးကြီး သုံးလိုက်တော့ လူရှိန်တာပ။)
ပုဇွန်တောင် ဗိုလ်ချုပ်လမ်းဆုံးက မာလာဟင်းနဲ့ အကင်တွေ စားချင်လိုက်တာ ဘန်ကောက်က မူကထ စားချင်လိုက်တာ တင်လိုက်တာနဲ့ ချက်ချင်းတက်တယ်။ မြန်မာပြည် ကော်နက်ရှင်ထက် နှာတစ်ဖျားလေးတာ့ သာသွားပြီပေါ့ကွယ်။ လူမရှိတဲ့ ဒီနေ့ကျမှ ကော်နက်ရှင်တွေက ဇွတ်ကောင်းနေတယ်။ ဇင်းမယ် နိုက်ဘာဆားနားက စားသောက်ဆိုင်မှာ ဂုံးကို ကြက်ဥနဲ့ ကော်ကြော်နဲ့ ရောကြော်ထားတာ စားချင်တယ်။ (၁၉ လမ်းထိပ်က ဂဏန်းခွက်ကြော်နဲ့ မတူဘူး) ဘဲသားခေါက်ဆွဲ ဆိုပြီး ဆန်ကြာဇံကို ဘဲသားပြုတ်ရည် ချိုတိုတိုနဲ့ ရောင်းတဲ့ လက်တွန်းလှည်း ခေါက်ဆွဲဆိုင်က ခေါက်ဆွဲစားချင်တယ်။ ဒါလဲ ဇင်းမယ်ကပဲ။ ကြက်အူထဲကို ထမင်းချဉ်နဲ့ဆန်ကြာဇံ ရောထည့် အချဉ်တည်ထားတဲ့ ဆိုက်အို ဆိုတာလဲ စားချင်တယ်။ အီဆန်ဆိုတဲ့ အရပ်က လာတာ။ ကြက်အရေခွံ လတ်လတ်ဆတ်ဆတ် ကိုကြွပ်နေအောင် ကြော်ထားတဲ့ အရေခွံကြော်လဲ စားချင်တယ်ဗျာ။ ကောက်ညှင်းကို အုန်းနို့ဆမ်းပြီး ဆင်စွယ်သရက်သီးမှည့်နဲ့ တွဲစားရတဲ့ အစားအစာလေးလဲ စားချင်တယ်။ နွေရာသီရောက်လို့ တောင်လေတိုက်ရင် အော်တတ်တဲ့ အကောင်လေ။ စီကနဲ စီကနဲ အော်တတ်တယ်။ အဲဒီကောင်တွေက လူရည်ချွန် နို့မှုန့်ဗူးနဲ့ တစ်ပြည်၁၂ ကျပ်ဆိုပြီး ရောင်းတတ်တယ်။ အတောင်ချွတ်ပြီး ဆီပူနဲ့လိမ့်တာကို အခါးရည်နဲ့။ ဆားတော့ နည်းနည်းဖြူးပေါ့။ တစ်ချို့ကတော့ အာဂျီနိုမိုတိုလေးပါ ထည့်သေးတယ်။ မဲန်းင်ဂျယ် လို့ ခေါ်ကြတယ်။ မျက်စိပြူးပြူးနဲ့ မောင်တီဇက်အေများ သိမလား မသိဘူး။ (အဲဒီအကောင် မျက်စိပြူးတာ ပြောတာ။ မောင်တီဇက်အေ ပြူးတယ် မဆိုလိုပါ။) နောက် နွေရာသီစာ တစ်ခုကတော့ ခါချဉ်ဥပဲ။ ကျိုင်းတုံမှာ သင်္ကြန်မတိုင်ခင် တစ်လအလိုမှ စော်ဘွားဈေးဟောင်းနေ့ ဆိုပြီး မြို့လည်က စော်ဘွားသချိုင်္င်းမှာ မြို့မဈေးကရော ရွာနီးချုပ်စပ်က ဈေးသည်တွေပါ လာရောင်းတတ်တယ်။ အဲဒီအချိန်မှာ စားရင် အရသာ အရှိဆုံးလို့ ပြောတယ်။ ကတက်ချဉ် နုနုလေးနဲ့ သုပ်စားကြတယ်။ အရည်လေးက ချဉ်ချဉ်လေး၊ ခါချဉ်သက ကိုက်လိုက်မိရင် ထောက်ကနဲနဲ့ ဆိမ့်တာ။ တစ်ခါတစ်လေ ခါချဉ် ပါပါလာတတ်တယ်။ အတောင်ပံ ပါတဲ့ ခါချဉ်ကျတော့ ဝါးမိရင် ဆိမ့်ချဉ်ချဉ်နဲ့။ လူတွေများ သူများ အသက်ပါမှ စားလို့ အရသာ ရှိကြလား မသိဘူး။ တို့များ တောင်ပေါ်မှာ နောက်တစ်မျိုး စားတာရှိတယ်။ သူက ခူကောင်လိုပဲ။ အမွှေးမပါဘူး။ ဖြူဖြူလေးတွေ။ မျက်စိထဲ မြင်အောင် ပြောရရင် ဘောက်ဖတ် အဖြူကောင်လိုပဲ။ သူက ဝါးပိုးဝါးတွေ ဆိုလား။ အဲဒီ ဝါးတွေထဲမှာ အကောင်ပေါက်တာတဲ့။ ရောင်းရင်လဲ အဲဒီအတိုင်း တောထဲက ယူလာတဲ့ ဝါးကျည်တောက်ထဲက အတိုင်း ရောင်းတယ်။ အရင်တုန်းကဆို အီကော့တွေ အဲလို တစ်ဘက်ပိတ် ဝါးကျည်တောက်ကို ပလပ်စတစ် အစနဲ့ ပိတ်ပြီး လာလာရောင်းတယ်။ တရုတ်တွေဆို ဝယ်ကြသလား မမေးပါနဲ့။ တရုတ်တွေလောက် အကောင်းကြိုက်တာ တရုတ်ပဲ ရှိတယ် (ဒါက တောင်ပေါ်ရှမ်းစာနော်)။ သူ့ကိုလဲ ဆီပူလေးနဲ့ ကြော်ရတယ်။ ဆားဖြူးလိုက်ရင် ဆိမ့်ဆိမ့်လေးပေါ့။ တက်စာ။ တွင်းအောင်းကောင် ထင်တာပဲ။ မြေကြီးထဲ မြုပ်နေတဲ့ ဝါးတွေထဲက ရတာတဲ့။ အရောင်အဆင်း မရှိပဲ ဖြူဖြူလေးဆိုတော့ စားဝိုင်းတွေမှာ တင့်တယ်တာပေါ့လေ။ လူကြီးလက်မလောက် ရှိတယ်။ အခွံက စားလို့လဲ ရတယ်။ တို့များ ငယ်ငယ်တုန်းကတော့ အဲဒီအကောင်ကို ထက်ပိုင်း ချိုးလိုက်ပြီး အလယ်က အဆံတိုင်ကို ဖယ်၊ အခွံနဲ့ အနှစ်နဲ့ ဝါးလိုက်တာပဲ။ လယ်ကြွက်များ စားဖူးလား။ ပုသိမ် အသွားလမ်းက ရေနံ့သာ ဆိုတာကို သယ်ရင်းအလည်ခေါ်လို့ ရောက်တော့ ထန်းရည် ပေါတာကိုး။ ရခိုင်ရိုးမနဲ့ နီးတယ်။ လယ်ကြွက်နဲ့ မြည်းတာဗျာ။ ကြက်သားနဲ့ မလဲနိုင်ဘူး။ လယ်ကြွက်ဆိုတော့ စပါးတွေချည်း ရွေးစားတော့ ဆူဖြိုးနေတာပေါ့ဗျာ။ ဝတုတ်တုတ်တွေ။ အိမ်ကြွက်လို ကုပ်ချောင်းချောင်း ပိန်ညောင်ချိ မဟုတ်ဘူးဗျ။ မြွေသားကတော့ ငယ်ငယ်တုန်းက ငါးတန်းနှစ်မှာ စားဖူးတယ်။ သယ်ရင်းတို့ အဖေက တရုတ်နှစ်ကူးမှာ လတ်လတ်ဆတ်ဆတ် ချက်ကျွေးတာဗျား။ ပထမ မြွေခေါင်းကို စားပွဲခုံမှာ သံနဲ့ အသေရိုက်လိုက်တယ်။ နောက် လည်ပင်းလောက်နားကနေ ပတ်ပတ်လည်ကို ဓါးနဲ့ အရာပေးလိုက်တယ်။ အရေခွံကို အဲဒီကနေ အမြီးအထိ နောက်လှန် ဆွဲချလိုက်တယ်။ အရေခွံချည်းပဲ အကောင်းအတိုင်းရတာပေါ့၊ နောက် မြွေကျောကို ဓါးနဲ့ ခွဲတယ်။ ခွဲပြီးဟလာတဲ့ နေရာမှာ အသင့်ခွဲထားတဲ့ သစ်သားစာနဲ့ ကန့်လန့်ခံ လိုက်တယ်။ မခံရင် ခွဲထားတဲ့ နေရာတွေက ပြန်စေ့တတ်လို့တဲ့။ နောက် အထဲက အူကလီစာတွေ ထုတ်တယ်။ အသားချည်းပဲ ပြုတ်တယ်။ ပြုတ်နေတုန်း အိုးနား မကပ်ရဘူးဗျ။ အဆိပ်တွေ မွှန်မှာ ကြောက်တာရယ်၊ မျက်စိကန်းမှာ စိုးတာရယ်တဲ့။ မြွေသားက ချိုတယ်ဗျ။ ဂျင်းနိုင်နိုင်နဲ့ ချက်တာ။ မြွေသားက ပူတယ်ဆိုပဲ။ ဂျင်းကလဲ ပူတာပဲ။ သိတဲ့ အတိုင်း တရုတ်နှစ်ကူး ဆိုတာ တောင်ပေါ်မှာ ဆောင်းရာသီလေ။ ချမ်းနေတုန်း။ နောက် စားဖူးတာလေး။ ယုန်သားတဲ့။ မန်းလေးမှာ ကျောင်းတက်တုန်းက စားဖူးတာ။ ဆီပြန် ချက်လိုက်တော့ နူးနေတာပဲ၊ သူလဲ ချိုတယ်ဗျ။ ဇင်းမယ် ရောက်တုန်းကတော့ မျောက်ချေးခါး ဆိုတာ စားဖူးတယ်။ လူတွေက ပေါက်ပေါက်ရှာရှာကို စားကြတာ။ အခုလဲ မျောက်ချေးခါးတဲ့။ မျောက်ရဲ့ အစာအိမ်လောက် နားက ချေးမဖြစ်တစ်ဖြစ် ဟာတွေ ကပ်နေတဲ့ အူတွေပေါ့။ နားဝင်ချိုအောင် မျောက်ချေးခါးလို့ ပြောတာပဲ။ ဘယ်လို ချက်တာလဲတော့ မသိဘူး။ အင်းသားရိုးရာ အစာ ဆန်လှော် ဆေးခါးဟင်းချိုနဲ့ အရသာ ဆင်တယ်။ ခါးသက်သက်လေး။ ကျန်တာကတော့ ဝက်ကလီစာလိုပါပဲ။ အရည်ကတော့ သောက်လို့ ကောင်းတယ်။ အသားပြုတ်ရည် ချိုခါးခါးလေး။ အစာအိမ်ဆိုလို့ တစ်ဆက်တည်း ပြောရရင် ဆိတ်ပုဆိုးကြမ်းဆိုတာ အဲဒါကို ခေါ်တာ မဟုတ်လား။ တောင်ပေါ်မှာတော့ အမဲ အစာအိမ်ကို ခုလိုပဲ ခါးသက်သက် အရည်သောက် ပူပူလေး လုပ်ပြီး အရက်နဲ့ မြည်းတတ်တယ်။ ငယ်ငယ်က အဲဒီ အရည်သောက် အမဲအစာအိမ် ဟင်းချို ခါးသက်သက်ကို သောက်ချင်လွန်းလို့ အရက်ဆိုင်ထဲ ဝင်တာ မောင်းထုတ် ခံရဖူးတယ်။ အဲဒါနဲ့ ဦးလေးကို သွားဝယ်ခိုင်းဖူးတယ်။ အမေ့မောင်ပေါ့လေ။ ခုတော့ ဆုံးသွားပါပြီ။ အဲဒီခါးသက်သက် ဟင်းရည်တွေ သောက်မိတိုင်း သူ့တောင် သတိရ မိသေးတယ်။ နောက် ဝက်သား သုံးထပ်သားကို တောက်တောက်စင်းပြီး အစိမ်းအတိုင်း သုပ်တာ။ သူက ရှမ်းရိုးရာ အဆာပလာ အမှုန့် ဟင်းခတ် အမွေးအကြိုင်တွေ ထည့်နယ်ရတယ်။ ပူစီနံနဲ့ တွဲစားတယ်။ သူလဲ ယမကာ လုင်အကြိုက် အမြည်းပဲ။ ငယ်ငယ်က မြို့လေးမှာ အဲဒါ လုပ်တာ အရမ်းတော်တဲ့ လုံးဆမ် ဆိုတဲ့ ဦးလေး တစ်ယောက် ရှိတယ်။ (လုံးဆမ် ဆိုတာ ဦးလေးဆမ် ပေါ့။ ဘိုဆန်ဆန်ဆိုရင် Uncle Sam ပေါ့လေ)။ သူ့တစ်ကိုယ်လုံး တက်တူးတွေနဲ့။ မနက်ပိုင်းဆို ဈေးထဲမှာ သူကိုယ်တိုင် ကောင်းပေ့ဆိုတဲ့ ဝက်သားရွေးဝယ်တယ်။ သူဝယ်နေကျဆိုင်က ဝက်သားမကောင်းရင် ကောင်းတာ ဝယ်တယ်။ နောက် အိမ်ပြန်ပြီး ချက်ဖို့ ပြင်ဆင်တယ်။ ပြီးရင် နေ့ခင်းလောက်ဆို အကျီင်္ချွတ်နဲ့ စဉ်းနှီးတုံးကြီးကြီးမှာ ဝက်ခုတ်ဓါး ပြားပြားကြီးနဲ့ ဇိမ်ပြေနပြေ ဝက်သား တောက်တောက်စင်းတော့တာပဲ။ သူ့ဆိုင်မှာ သွားဝယ်ရင် အဲ့ဒီအချိန်နဲ့ အမြဲတမ်း တိုးတယ်။ စင်းပြီး ဆိုရင် သူက ပြင်ထားတဲ့ အဆာပလာတွေနဲ့ သေချာနယ်တယ်။ ဟင်းခတ်အမယ်များလဲ သူ့စိတ်ကြိုက် သူ့အချိုးအစားနဲ့ သူပဲ။ သူလုပ်တာ သူများနဲ့ မတူဘူး။ တော်တော်ကောင်းတယ်။ နံနံပင်၊ ပူစီနံ၊ ဂေါ်ဖီထုပ် နဲ့ တွဲစားရတာပေါ့။ ငယ်ငယ်ကတော့ အိမ်က အစိမ်း ပေးမစားဘူး။ ဝယ်ပြီး ပြန်လာရင် ရေထည့်ပြီး အိုးနဲ့ ပြန်လှော်လိုက်တယ်။ ဆီနဲ့ မကြော်ဘူး။ အဲဒီ ကြော်ပြီးသားကိုမှ စားရတာ။ အဲဒီတုန်းကဆို အစိမ်း စားချင်လိုက်တာ။ ကြီးလာရင် စားမယ်ပေါ့လေ။ ဒါပေမဲ့ ကြီးလာတော့ တစ်နယ်တစ်ကျေးကို လွှင့်သွားတယ်။ အန်ကယ်ဆမ်လဲ မရှိတော့ဘူး ထင်တာပဲ။ မောင်တီဇက်အေတို့များ အဲဒီ ဝက်သားစိမ်းစင်းကောသုပ်ကို မှီလိုက်သေးလား မသိဘူး။ နောင်ခိုက်မှာ ရောင်းတာလေ။ ရိုးရာ အစားအစာတွေ ဆိုလို့ နောင်ဖါ အရပ်က လာလာရောင်းတတ်တဲ့ ခေါက်ခက်ပ် ဆိုတာ သတိရတယ်။ ဆန်ကို အမှုန့်ထောင်း၊ ရေဖျော်၊ ဂျင်းရည် ထောင်းထည့်၊ ငရုတ်သီးမှုန့် ထည့်၊ ဆားထည့်။ နောက်တော့ ပြုတ်လိုက်တာလား မသိဘူး။ အဒီအရည်ကို ဝါးပင်က ဝါးကပ်ခေါ်တာလား၊ တစ်ဘက်က အမွှေးတွေနဲ့ တစ်ဘက်က ပြောင်ချောဟာလေ။ နှီးတုတ်တုတ်လေးတွေနဲ့ သီတာလေ။ (လူ မသီတာကို ပြောတာ မဟုတ်ဘူး။ သီထားတာကို ပြောတာ။) အကိုင်မတော်ရင် လေမွေ့ရင် အကုန်သွားပဲ။ အဲဒီအရည်ကို အဲဒီ ပြောင်ချောနေတဲ့ ဖက်မှာ သုတ် နေလှမ်း၊ ခြောက်သွားရင် ပြန်ခွာပြီး မီးခဲ သင်းသင်းလေးမှာ မီးနည်းနည်း ပြလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားလို့ရတယ်။ တစ်ဂျိုးဂျိုး တစ်ဂျွတ်ဂျွတ်ပဲ။ သူက အငန်မျိုးပေါ့။ အချိုမျိုးကျတော့ အချပ်ကြီးတယ်။ မုန့်လေပွေလို အချပ်ကြီးတယ်။ လေအဝှေ့မခံဘူး။ ကျိုးကျက်ပြီး ပါသွားတာပဲ။ စားပြီးရင် အာဂလောင်တွေမှာ ကပ်ကျန်တတ်တယ်။ သူငယ်စာတွေပေါ့ဗျာ။ အငန်မျိုးရော အချိုမျိုးရောကို မီးပြင်းပြင်းမှာ ခဏလေး ပြလိုက်ရင် စားလို့ရတယ်လေ။ ရောင်းတာကတော့ တစ်ခါတည်း ကင်ပြီးသားကို ရောင်းတာပဲ။ တောင်းကြီးကြီးမှာ စီထည့်တာ။ အပေါ်က ပလပ်စတစ်အုပ်တာပေါ့။ ဝယ်သူလာရင် နှီးတံ ခပ်တုတ်တုတ်ကို အောက်ဖက်က ကွင်းချည်ထားပြီး အဖျားနားက ထိပ်ချွန်တာလေးကနေ ဖေါက်စွပ်ပြီး သီရောင်းလိုက်တာပဲ။ အငန်မျိုးကို ဒီအတိုင်း စားလို့ ရပေမယ့် ကျွန်တော်က ထွင်စားတယ်။ ငရုတ်သီးမှုန့်ကြော်ကို ဆားနဲ့ အချိုမှုန့်နဲ့ ထပ်ထည့်လိုက်တယ်။ နောက် အဲဒီ ခေါက်ခက်ပ် အငန်အချပ်ပေါ် ထပ်သုတ်စားတယ်။ ရှယ်ပဲ။ ရန်ကုန်က မုန့်ဟင်းခါးတွေမှာ ထည့်တဲ့ ပဲကပ်ကြော် သိတယ်ဟုတ်။ ဆားမပါ ဘာမပါလေ။ ကျွန်တော်တို့ဆီက ပဲကပ်ကြော်ကတော့ ရှယ်ပဲ။ ကုလားပဲ၊ ပဲလုံးကြီး စတာတွေနဲ့ ကြော်တယ်။ ကြက်သွန်ဖြူ ရိုက်ထည့်တယ်။ ဆား၊ အချိုမှုန့်ပါတယ်။ မနက်ဆို ကောက်ညှင်းပူပူနဲ့ အဲဒီပဲကြော်နဲ့ တွဲစားတာ အရသာဗျ။ ချမ်းကချမ်း.. အေးနေတဲ့ လက်ကို ကောက်ညင်းပူပူနဲ့ ထိလိုက်လို့ ရတဲ့ အနွေးဓာတ်၊ ပဲကြော် အရသာ။ ရှလွတ်... နောက် ရွှေဖရုံသီးကို ဆန်မှုန့်နဲ့ ကြော်တဲ့ အကြော်လဲ ကျွန်တော့် ဖေးဘရိတ်ပဲ။ ကြက်သွန်မြိတ် အောက်က ကြက်သွန်ဥ သေးသေးတွေနဲ့ ကြော်တဲ့ အကြော်လဲ ကျွန်တော်ကြိုက်တယ်။ မနက်တိုင်း ကျူရှင်သွားရင် အဲဒီ အကြော်နဲ့ ကောက်ညှင်းနဲ့ စားစားသွားတာ မှတ်မိတယ်။ နောက် နန်တုံလို့ ခေါ်တဲ့ တစ်ကယ့် ရှမ်းတောင်ပေါ်ရိုးရာ အစားအစာ။ ဘာလို့လဲ ဆိုတော့ သူက အပူပိုင်း မြေပြန့် ပြည်မကြီးတွေမှာ လုပ်စားလို့ မရဘူး။ ဝက်သားကို အရိုးရော အခေါက်ရော အသားရော ပြုတ်ထားတာ။ ထုံးစံအတိုင်း ကြက်သွန်ဖြူ၊ နံနံပင်၊ ဘာညာပေါ့ဗျာ။ အဲဒါရော ပြုတ်ထားတာကို သံဗန်းမှာ လက်နှစ်ဆစ်လောက် ပြည့်အောင် အရည်ရော အသားရော အခေါက်ရောဖြည့်။ ခြံထဲက ဗူးစင်ပေါ်မှာ ဖြစ်ဖြစ် အိမ်ခေါင်မိုးမှာ ဖြစ်ဖြစ် တင်ထားလိုက်။ ညကျ နှင်းတွေ မဟားဒယား ကျလာရော။ အရည်က အေးပြီး ခဲမလိုလို ဖြစ်ရော။ ရေခဲတဲ့ အထိတော့ မခဲဘူးပေါ့လေ။ သူက အသားပြုတ်ရည်ဆိုတော့ ကျောက်ကျောလို။ မနက်ဆို ဈေးထဲမှာ ဗန်းလိုက် မ လာပြီး ရောင်းတယ်။ လိုချင်သလောက် ဝယ်လို့ရတယ်။ ငှက်ပျောဖက်လေးနဲ့ သေချာ ထုပ်ပေးတယ်။ ဘုန်းကြီးကျောင်း ဆွမ်းချိုင့် အလှည့်ကျပြီဆို ဒီဟင်းရယ်၊ ဆားဘဲဥရယ်က ပင်တိုင်ပဲ။ နောက် ဘုန်းကြီးကျောင်းမှာ ပင်တိုင် ကပ်တတ်တဲ့ ဆွမ်းဟင်းတစ်မျိုးက ထိုဖူးကြော်သုပ်..။ ဆန်းတယ်တော်။ ရှမ်းပြည်မှာ ထိုဖူးကို ကြော်ပြီးသုပ်တာ။ မြိုးတို့ လွိုင်နိုင်းမှာ သွားစားတဲ့ ထိုဟူးနွေးကို သူတို့က အတုံးလေး ဖြစ်သွားအောင် ဗန်းထဲထည့်ပြီး အခြောက်ခံလိုက်တာ။ အဲဒါကို ပြန်ကြော်ထားတာကို ပဲငံပြာရည်၊ ဂေါ်ဖီထုတ်၊ နံနံပင် စတာတွေနဲ့ သုပ်ထားတာ။ အဲဒါကို ငှက်ပျောဖက်နဲ့ ထုတ်ပြီး ရောင်းတာ။ အဲ့တုန်းကဆို ထိုဟူးနွေးသုပ်များ ဝယ်လာမိရင် အထားမတတ်ရင် ပဲငံပြာရည်တွေက တစ်စက်စက်နဲ့ ကျနေတာ။ အိမ်ရောက်တော့ ပဲငံပြာရည် ပြန်ထည့်ရတယ်။ အခုနေခါတော့ ပလပ်စတစ်တွေနဲ့ ထုတ်နေပါပြီ။ အရင်က ဝက်သားတန်းရုံ အပြင်ဘက် ဘေးမှာ ခုံနဲ့ ခင်းရောင်းတဲ့ အဒေါ်ကြီးတစ်ယောက် လုပ်တာ အရသာ ကောင်းတယ်။ လူတွေ တန်းစီနေတာပဲ။ သူအရင်ကုန်တယ်။ နောက် ငါးဒုက္ခ၊ ငါးကို ဝမ်းဗိုက်ကနေ မခွဲပဲ ဆူးတောင်ဘက်ခြမ်းကနေ အမြီးအထိ တောက်လျှောက်ခွဲထားတာကို အပြားလိုက်ဖြန့် နောက် ငြုပ်သီးစိမ်းထောင်း၊ ကြက်သွန်နီထောင်းကို ထည့်ပြီး ပြန်ခေါက်၊နှီးနဲ့ ပြန်ချည်။ ဆီပူပူနဲ့ သေချာကြော်။ နှီးချည်ထားတဲ့အလိုက် ပြန်ကြော်တာ။ မနက်ကျတော့ ဈေးထဲ ပြန်လာရောင်းရောပဲ။ တိုဟူးသုပ်၊ နန်တုံ၊ ငါးဒုက္ခတွေက မရိုးနိုင်တဲ့ လူတိုင်း ကြိုက်တဲ့ ရိုးရာ အစားအစာတွေပေါ့ကွယ်။ ငယ်ငယ်တုန်းက စာမေးပွဲဖြေပြီး နောက်တစ်ရက်ဆို မောင်တီဇက် အကျီင်္အသစ်လေးနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံနောက်ခံက ကျိုင်းဖေါင်း ချောင်းကို picnic ထွက်တာ ခေတ်စားဖူးတယ်။ အဲဒီလို ပစ်ကနစ် ထွက်ပြီဆို ကောက်ညှင်းရယ်၊ ဆားဘဲဥရည်စိမ်ရယ်၊ နန်တုံရယ်၊ တိုဟူးသုပ်ရယ်၊ ငါးဒုက္ခရယ် နောက် ဝက်ခေါက်ကြော်၊ တိုဟူးရီးတွေကတော့ မပါမဖြစ် ပင်တိုင် ပစ်ကနစ် အစားအသောက်တွေပဲ။ အဲလို ပစ်ကနစ် ထွက်ပြီဆိုမှဖြင့် ဒီလို အစားအသောက် ကြုံရမှာပဲ။ လူတိုင်းကတော့ တစ်မျိုးမဟုတ် တစ်မျိုး ပါလာတာပဲ။ အဲ့ဒါလဲ သူ့ဟင်းငါနှိုက် ငါ့ဟင်းသူနှိုက်နဲ့ ကုန်သွားတာပဲ။ နန်တုံက နေပြင်းရင် မြန်မြန် အရည်ပျော်တတ်တယ်။ အဲလိုဆို သိပ်စားလို့ မကောင်းတော့ဘူး။ ဒါပေမဲ့လဲ ကုန်တာပါပဲ။ နန်တုံထုတ်တဲ့ ဖက်တောင် လျှာနဲ့ လျက်တဲ့ ခပ်နောက်နောက် သယ်ရင်းတွေလဲ ရှိပါ့။ တစ်နှစ်တစ်ခါကို မှန်မှန်ကြီးကို ကျိုင်းဖေါင်းချောင်း ပစ်ကနစ် ထွက်တာကတော့ မရိုးနိုင်အောင် လေးတန်းနှစ်လောက်ကနေ တောက်လျှောက်ထွက်လာတာ ဆယ်တန်းအောင်တဲ့ အထိပဲ။ နောက် ရှမ်းပြည်မှာပဲ ရတတ်တဲ့ ခေါပုတ်ကင်။ သူက ကောက်ညှင်းပူပူကို နှမ်းနက်နဲ့ ရောပြီး ထောင်းတာ။ ဆားထည့်တာလဲ ရှိတယ်။ အဖြူမျိုးပေါ့။ ကြံသကာ ထည့်ထောင်းတာကတော့ အညိုမျိုးပေါ့။ ခေါပုတ်ကို ထောင်းပြီးရင် အနေတော် အချပ်လေးတွေ လုပ်ပြီး နေလှမ်းထားရတယ်။ ဆောင်းတွင်းမှာ လုပ်တာများတယ်။ နှင်းရိုက်အောင် ဆိုပြီး ညလဲ အပြင်မှာပဲ နှင်းရည် သောက်ခိုင်းတယ်။ ခေါပုတ်ဖြူကို မီးပြင်းပြင်းနဲ့ ကင်လိုက်ရင် ခေါပုတ်က ကြွပ်ရွ ပြီး ကြွဖေါင်းလာတယ်။ အဲဒါကို လက်ညိုးနဲ့ ပူမှန်းသိသိနဲ့ သွားဖေါက်ဖေါက်ပစ်တယ်။ ဖေါက်လိုက်လို့ ဖေါင်းတက်လာတာ ပြန်ပိန်လျော့သွားတာကို သဘောကျတာ။ နောက် မောင်တီဇက်ပြောတဲ့ နှမ်းပျစ်ရည် ဆိုတာနဲ့ တို့စားတာ။ တစ်ကယ်က ကြံသကာကို ကျိုထား ပြီး နှမ်းတွေထည့်တားတဲ့ ပျစ်တောက်တောက် ကြံသကာရည်ပေါ့ကွယ်။ ပူပူလေးနဲ့ ချိုချိုလေးကို ဆောင်းတွင်း ချမ်းစီးစီးမှာ လျှာအကျက်ခံပြီး တစ်ဖူးဖူးနဲ့ စားကြတယ်။ အနွေးထည်လေး ဝတ်လို့၊ လည်ပင်းမှာ မာဖလာလေး ပတ်လို့၊ ခေါင်းမှာ သိုးမွေးဦးထုပ် ဆောင်းလို့၊ ဘောင်းဘီဝတ်ပြီး ခြေအိတ်စွပ်ထားတဲ့ မောင်ဘွိုင်းတစ်ယောက် လက်ထဲမှာ ခေါပုတ်ဖြူ ကိုင်ပြီး ပါးစပ်ထဲက ခေါပုတ်ပူပူကို တစ်ဖူးဖူး မှုတ်စားနေတာ မြင်ယောင်ပါလေ။ ဘယ်လောက်ရိုးသား အပြစ်ကင်းစင်ပြီး ချစ်စဖွယ်ကောင်းတဲ့ နုနုနယ်နယ် ငယ်ငယ်ရွယ်ရွယ် ချာတိတ်လေးလဲလို့...။ အဟိ ဆောင်းတွင်း ချမ်းစီးစီး နှင်းတွေ ကျနေတာကို နောက်ခံထားပေါ့လေ။ မျက်နှာမှာ မီးဖိုက မီးအလင်းရောင်တွေ ဟပ်လို့...။ ခေါပုတ်အညို အချိုကိုတော့ ဒီအတိုင်း ကင်စားတယ်။ နဂို ချိုပြီးသားဆိုတော့ ဘာမှ ထပ်တို့စရာ မလိုတော့ဘူး။ ဆောင်းတွင်းမှာ ကောက်သစ်ပေါ်ချိန်ဆို စားရတတ်တဲ့ ရာသီစာ နောက်တစ်မျိုးရှိတယ်။ ခေါက်မောက်လို့ ခေါ်တာလေ။ သူက ကောက်ညှင်းတစ်မျိုး ပဲဗျ။ အနံ့မွေးတယ်။ နဂိုမွေးတာလား၊ အနံ့မွေးစေတဲ့ သစ်ရွက်တွေနဲ့ ထည့်ပေါင်းတာလား မသိ။ မွေးနေတာပဲ။ အရောင်ကလဲ အဲဒီ သစ်ရွက်ကြောင့်ထင်တယ်။ စိမ်းစိမ်းလေး။
(ဒေတာတွေ သိမ်းထားပေးတာ ကျေးဇူးပါ တီဇက်အေ။ လက်မညောင်းရတော့ဘူးပေါ့ကွယ်...။)
နောက်မှ မောင်တီဇက်ကို မပြောရသေးတာတွေကို အာရုံလာတဲ့ အချိန်မှာ အပီစုပ် တူးအနေနဲ့ ပြန်တင်မယ်။

ဒါဆားဖြူးတဲ့ Post လား။ စားချင်တာတွေများလွန်းလို့ကုန်အောင်မဖတ်နိုင်ဘူး။ ကလစ်ကလစ်နဲ့ ကျော်ဖတ်သွားတယ်။
ReplyDeleteအဲလိုစကစ်ပ် သိပ်မလုပ်နဲ့အေ...။ စာမွဲကျရင် ဒုက္ခရောက်လိမ့်မယ်။
ReplyDeleteဘာလဲကွာ...
ReplyDeleteရက်ရက်စက်စက် နှိပ်စက်လိုက်တာ လွန်ပါရောလား...
ဒါနဲ့ မတွေ့တာ အတော်ကြာပြီနော်...
အဆင်ပြေ နေကောင်းတယ် ဟုတ်...
ဟာ.... ရက်စက်တယ်ဗျို့.... ဒီလောက်များတဲ့ စားချင်စဖွယ်တွေတော့ ဖတ်ဘူးသေးဘူး....။ ရေးတတ်တယ်...။
ReplyDeleteအားလုံး အဆင်ပြေမာချာကြောင်း ပို့ပါ ငွေတစ်သောင်း :D
ReplyDeleteတီဇက်အေ ရေးတာ ဖတ်ဖူးတယ်..ကိုဘ
ReplyDelete"အပီစုပ် တူး" အသံဖလှယ်ထားတာကြီးကလဲ ကျောင်းဆရာကြီး ဟွန်း။
ReplyDeleteတခါဖတ်ပြီးတိုင်းတခါ မူးသွားပါကြောင်း.....
ReplyDelete*rolling eyesssss
Good day!
အဲလောက်များတဲ့ စားစရာ
ReplyDeleteဘယ်ကစ စားရမယ်မှန်းမသိတော့ဘူး
btw ပြန်ရောက်လာပြီလား၊ ခရီးထွက်နေတာဆို
ကြိုက်တယ်ဆရာ..
ReplyDeleteအပီစုပ်တူး မျှော်နေပါတယ်..
အာရုံမြန်မြန်လာပါစေ..