Showing posts with label ခေါက်ဆိမ့်. Show all posts
Showing posts with label ခေါက်ဆိမ့်. Show all posts

Sunday, February 10, 2008

ခေါက်ဆိမ့် (သို့) ကျိုင်းတုံမုန့်တီ (သို့) Keng Tung Shan Spaghetti

အခုတစ်လော ပါးစပ် လပ်ကီး ကောင်းနေတယ်...။ စားကောင်းသောက်ကောင်းတွေနဲ့ချည်းတိုးနေတယ်...။ လောလောဆယ်တော့ ဒီနေ့မနက် စားခဲ့ရတဲ့ အဓိက Main Dish ကို ဦးစားပေး တင်ပြပါမယ်...။ ကျိုင်းတုံမုန့်တီ (သို့) ရှမ်းလို ခေါက်ဆိမ့် လို့ ခေါ်တဲ့ ကျိုင်းတုံ ရှမ်းရိုးရာ မုန့်တီ အကြောင်းပါ...။ လွယ်လွယ်ပြောရရင်တော့ ခရမ်းချဉ်သီးအနှစ်နဲ့ တောက်တောက်စင်းထားတဲ့ ၀က်သားများ ထည့်ပြုတ်ထားတဲ့ ဟင်းရည်ထဲကို နန်းကြီးထည့်ပြီး စားရတဲ့ ရှမ်းတိုင်းရင်းသား ရိုးရာ အစားအစာ ဖြစ်ပါတယ်...။
ဒီမုန့်တီကို ကနေ့မနက်က တိုပါးယိုး ဘုန်းကြီးကျောင်းမှာ စင်ကာပူရောက် ရှမ်းမိသားစုများက အလှူဒါန ပြုတာ ဖြစ်ပါတယ်...။
ဒီပုံကတော့ ကျိုင်းတုံမုန့်တီ သို့မဟုတ် ခေါက်ဆိမ့်လို့ ခေါ်တဲ့ ရှမ်းစပက်ဂက်တီ ဖြစ်ပါတယ်...။

ပြုလုပ်ပုံအဆင့်ဆင့်ကိုတော့ တတ်သလောက် မှတ်သလောက် တင်ပြသွားပါမယ်။ပထမဦဆုံး ကြက်သွန်နီ/ဖြူများကို နွာပြီး တောက်တောက်စင်းပါမယ်...။

အဲဒီနောက် ၀က်သား (သုံးထပ်သား)ကို အနေတော် တစ်မတ်သား အတုံးလေးများ ဖြစ်အောင် တုံးရပါမယ်...။ ဒီပုံကတော့ တုံးပြီးသား ၀က်သားများ ဖြစ်ပါတယ်...။

ကြက်သွန်နဲ့ တုံးပြီးသား ၀က်သားများကိုမီးအနေတော် မြှင်းမြှင်းလေးနဲ့ ချက်ပေးရပါတယ်...။ တည်နေချိန်မှာ တစ်ယောက်က ယောက်မနဲ့ အဆက်မပြတ် မွေပေးရပါတယ်...။ အိုးဖင် ကြက်သွန်ကပ်သွားမှာ စိုးလို့ပါ။

ဆီသတ်ပြီးလို့ ကျက်လောက်ပြီထင်ရင် အိုးကြီးထဲကို ပြောင်းထည့်ပြီး ပဲပုပ်ချပ်များ အိုးထဲ ထည့်ပေးရပါတယ်...။ ရေထည့်ပေးပြီးတဲ့နောက် မီးပြင်းပြင်းနဲ့ အဆက်မပြတ် မွှေပေးလို့ အိုးထဲက ဟင်းအနှစ်များ ပွက်ပွက်ဆူလာပြီဆိုရင်ဖြင့် မီးဖိုပေါ်က ချလို့ ရပါပြီ...။

တစ်ယောက်က ဟင်းအနှစ်များ တည်နေချိန်မှာ ကျန်တဲ့ တစ်ယောက်က နံနံပင်ကို လှီးပြီးနှမ်းထောင်း ဖြူးထားရပါမယ်...။ တစ်လက်စတည်းမှာပဲ တရုတ်စကားဝါပွင့်များကို ပြုတ်ထားရပါမယ်...။ တရုတ်စကားဝါပွင့်ဆိုတာ အောက်က ပုံပါ...။ ဗမာပြည် ကျိုင်းတုံမြို့ကနေ စင်ကာပူကို ဒီပွဲအတွက် စပါယ်ရှယ် Export သွင်းလာတာပါ...။


အဆာပလာအဖြစ်ကတော့ ၀က်ခေါက်ကြော်ပေါ့...။
ကဲ...။ လိုအပ်တာတွေ ပြင်ဆင်ပြီးသွားရင်တော့ စားသောက်ဖို့ အသင့် ဖြစ်နေပါပြီ...။ ပထမဦးဆုံး မုန့်တီကို ပန်းကန်လုံးထဲထည့်ပါ...။ (စကားမစပ်... ပုံထဲက မုန့်တီပန်းကန်ထဲကို ဟင်းရည်လောင်းထည့်ပေးပြီး ပဲပေးနေတဲ့သူက အဲ..အဲ... မုန့်တီပွဲ ပြင်ဆင်ပေးသူက ကမကထ ပြုလုပ်တဲ့ အစ်မကြီးပါ...။)


ပြီးရင် တရုတ်စကားဝါပွင့်ကို ထည့်ပါ...။ ပွက်ပွက်ဆူနေတဲ့ ဟင်းရည်အနှစ်ကို ပန်းကန်လုံးထဲ လောင်းထည့်ပါ...။ နှမ်းထောင်းဖြူးထားတဲ့ နံနံပင်လေးအုပ်လိုက်ပါ...။ ဆားအပေါ့အငန်ကတော့ ကိုယ့်အကြိုက်ကို လိုက်လို့ ချင့်ချိန်ထည့်နိုင်ပါတယ်...။ အဲဒီအခါမှာ စားချင်စဖွယ် ကျိုင်းတုံ မုန့်တီပူပူလေး ရရှိပါပြီ...။


ဝက်ခေါက်ကြော်ပွနဲ့တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ...။
စကားမစပ်ပါ...။ မနေ့က အဲဒီ မုန့်တီ အတွက် ဘုန်းကြီးကျောင်းမှ ၀က်သားခုတ်ကူတာ လက်မှ သွေးခြေဥသွားတယ်...။ လုပ်အားပေးသူများကို ကျိုင်းတုံမုန့်တီကြော်နဲ့ ပြန်ဧည့်ခံပါတယ်...။ အောက်ကပုံမှာ ငမ်းသွားနိုင်ပါတယ်...။