ဒီတစ်ခေါက်တော့ ကြုံဖူးတဲ့ အတွေ့အကြုံလေးကို ပြောပြချင်ပါတယ်။ ဗဟုသုတလေး တိုးသွားအောင်ပေါ့။ အကြားအမြင်များခြင်းသည် မင်္ဂလာတစ်ပါးလို့ ဘုရားဟော ၃၈ဖြာ မင်္ဂလာတရားတော်မှာတောင် ပါသေးတာပဲ...။
ကဲ..ကဲ..။ စလိုက်ရအောင်...။ အဖြစ်က မနှစ်ကနဲ့ မတူပါဘူး...။ ခြသေ့င်္တစ်ပိုင်း ငါးတစ်ပိုင်းကျွန်းကို ရောက်ရောက်ချင်း အလုပ်လုပ်ခွင့် ပါမစ်ကို သွားလျှောက်တော့ ကျလာတယ်...။ ၂နှစ်ပေးလိုက်ပါတယ်...။ (အဲ.. လက်ထဲမှာ ကိုင်ထားတဲ့ နိုင်ငံကူး လက်မှတ်က သက်တမ်းအားဖြင့် ၈လနဲ့ ၉လကြားပဲ ရှိပါတော့တယ်...။) အဲဒါနဲ့ အလုပ်သမားရုံးကို ၀မ်းသာအားရ သွားတော့တာပေါ့။ ဟိုရောက်တော့ အရာရှိက ၂နှစ်တုံးထုပေးမယ်လို့ လက်မြှောက်ပြီးခါမှ နိုင်ငံကူးစာအုပ်ကို သေချာ ပြန်ကြည့်ပြီး “ဟဲ့ မောင်ဘွိုင်း..။ မောင်ရင့် စာအုပ်က သက်တမ်း ၉ လပဲ ကျန်တော့တယ်...။ ဒါ့ကြောင့် အလုပ်လုပ်ခွင့် ကို ၈လပဲ ပေးနိုင်မယ်” ဆိုပြီး ၈ လအထိပဲ ပေးလိုက်တယ်...။ အဲဒါနဲ့ မောင်ဘွိုင်းဇ်ခများလဲ ထီပေါက်ပြီးတော့ ထီလက်မှတ် ပျောက်သလို ဖြစ်သွားတာပေါ့...။
လိုရင်းမရောက်သေးပါလား...။ ဒီလို..ဒီလို...။ ဖြစ်ချင်တော့ ရတဲ့အလုပ်က ဟိုဟိုဒီဒီ ခဏခဏ သွားရတဲ့ အလုပ်မျိုး ဖြစ်တာကလား...။ အလုပ်လုပ်ပြီး ၂ လလောက်ထိက ဘယ်သွားသွား ဘာမှ မဖြစ်ဘူး...။ အဲ... တစ်ခါသားမယ် ယိုးဒယားကို တစ်ခါ ထပ်ပြီး သွားဖို့ အကြောင်းဖန်လာတယ်...။ အဲဒါနဲ့ သူရို့ နိုင်ငံလေဆိပ်ကို ရောက်သွားတာပေါ့ဗျာ...။ အဲဒီမှာ ကိုယ်တော်ချော... အဲ..ကိုယ်တော်မချောလို့ ပြောရမလား... လ၀က အရာရှိမလေးက ရစ်ပါလေရော...။ (လ၀က ဆိုတာ လူတွေကို ရစ်စရာလို့ ထင်တဲ့လူတွေ အလုပ်လုပ်တဲ့ နေရာလား မသိ...။ ကြုံဖူးတဲ့ လ၀ကတိုင်း ရစ်သလားမမေးနဲ့...။ အထူးသဖြင့် ရဲရဲတောက် နီစွေးနေတဲ့ စာအုပ်လေးကို မြင်ရင်ပေါ့...။ ဤကား စကားချပ်)
စကားပြန်ဆက်ရရင်တော့ မရွှေချော မောင်ဘွိုင်းကို ရစ်ရတဲ့ အကြောင်းရင်းက စာအုပ်သက်တမ်း ၄ လပဲကျန်တော့လို့...။ ၄ လ ကျန်လို့ ရစ်တာ မဟုတ်ပဲ ဒုတိယံပိ သတိပေးရလို့တဲ့...။ မောင်ဘွိုင်းဇ် ဘူးလုံးနားမထွင်း ဖြစ်သွားတယ်...။ ဘာကို ဒုတိယံပိ တတိယံပိ ပြောတာတုန်းလို့...။ မရွှေချောက ပြန်ရှင်းပြတယ်...။ အရင်တစ်ခေါက်ကလဲ သက်တမ်း ၅ လ ပဲကျန်တာကို တစ်ခါလာပြီးညီ့...။ အခုလဲ သက်တမ်းမတိုးပဲ ထပ်ပြန်လာတယ်...။ နောက်တစ်ခါဆို ပေးဝင်ချင်မှ ပေးဝင်တော့မယ်တဲ့...။ ဟိုက်ယားမား...။ ဘယ့်နှယ် ဇွတ်ကောနေတာတုန်းလို့ သူရို့ ဘာသာစကားနဲ့ ပြန်မေးလိုက်မှ မရွှေချောက တင်းထားတဲ့ မျက်နှကို ပြန်ရှုံ့ ..အဲ.. အဲ ပြည်ကြည်လာပြီး... အသာတကြည် ပြန်ရှင်းပြတယ်...။ အရင်တစ်ခေါက်တုန်းက မောင်ဘွိုင်းလာတုန်းက သတိပေးတာလဲ သူပဲတဲ့ အခုလဲ သူနဲ့ပဲ ပြန်တိုးနေတာတဲ့...။ အဲဒါ သူက မောင်ဘွိုင်းကို မှတ်မှတ်ထင်ထင် ဖြစ်နေလို့ ပြန်ပြောရတာတဲ့...။ (ဟီဟိ..သူပြောမှ သတိထားမိတယ်...။ ပထမတစ်ခေါက်တုန်းက အဖြစ်အပျက်ကို .. နောက်များမှ အဲဒါ ပြရေးပြမယ်...။ )
သူရို့နိုင်ငံကို ၀င်လာတဲ့ နိုင်ငံခြားသားတိုင်း စာအုပ်သက်တမ်း ၆ လ အောက်ပဲ ရှိရင် ၀င်ခွင့်ပြုလေ့ မရှိတဲ့အကြောင်းပေါ့...။ ကျွန်တော်ကတော့ နှပ်ချေးလို သူတို့နိုင်ငံကို ၀င်ချည် ထွက်ချည် ဖြစ်နေတော့ ခွင့်ပြုတာ ဖြစ်ကြောင်း နောင်ကို ဒီလို မဖြစ်စေဖို့ သတိထားပြီး သက်တမ်းတိုးလာစေကြောင်း ဘာညာသာရကာ ရှင်းပြပြီးတော့ အ၀င်တုံး ထုပေးလိုက်ပါတယ်...။ အဲဒီတော့မှ မောင်ဘွိုင်းဇ်တစ်ယောက် စာအုပ်သက်တမ်းတို့ဖို့ သတိပြုမိသွားတာပေါ့...။
ဒီကို ပြန်ရောက်တော့ စာအုပ် သက်တမ်းတိုးမယ်ကြံတာပေါ့...။ ဒီတော့ သံရုံးကို အရင် သွားစုံစမ်းလိုက်တယ်...။ အစကတော့ ၀န်ထမ်းတွေကို ကိုယ်တိုင်သွားမေးမလို့ပါပဲ...။ ဒါပေမဲ့ ရုံးထဲတောင် မရောက်လိုက်ပါဘူး...။ အပြင်မှာ မိုးတိုးမတ်တတ် ရပ်နေသူတွေ တစ်ပုံကြီး တွေ့ရတယ်...။ ကိုယ်လဲ ရောရပ်လိုက်တာပေါ့...။ ရုံးထဲဘာလို့ မ၀င်တာလဲ...။ မ၀င်ချင်လို့လား.. ၀င်ခွင့်မရလို့လား.. ဘာလား..ညာလား ဆိုတာ ကိုယ်မှမသိတာ...။ ဒါနဲ့ ဘေးနားက တစ်ယောက်ကိုမေးတာပေါ့...။ ဘာညာသာရကာနဲ့...။ ဂျက်စီဂျိမ်းအကြောင်း သိသါားတာပေါ့...။
အဲဒါနဲ့ ရုံဲးဝင်ပြီး နည်းနည်းပါးပါး လေ့လာတာပေါ့...။ စရွက်စာတမ်းတွေ လိုအပ်တဲ့ ဟာတွေ ယူလာခဲ့ပါတယ်...။ အိမ်ရောက်တော့ ဖြည့်စရာရှိတာ ပြင်စရာ ရှိတာ ပြင် (သိတယ်မဟုတ်လား...။) အဲ .. ပြောရဦးမယ်...။ စာအုပ်သက်တမ်း တိုးချင်ရင် အခွန်ကို up to date ဆောင်ထားမှ တိုးပေးမယ်ဆိုတာကို ခိုင်လုံတဲ့ တရားမ၀င် သတင်းရပ်ကွက်က ရလာတယ်...။ (ခိုင်လုံတယ်ဆိုတာက သူကိုယ်တိုင် မနေ့တစ်နေ့ကမှပဲ ဆောင်လာတာလေ...။) ထူးထွေတည့် အံ့ရာသော်လို့ မညည်းပါနဲ့...။
အိပ်ရေးပျက်တဲ့ ညတစ်ည ဖြစ်ခဲ့သလို သူငယ်ချင်းများလဲ မအိပ်နိုင်တဲ့ ည...။ နောက်ပြီး ကာလာပရင်တာလေးလဲ မင်တော်တော်ကုန်ခဲ့တဲ့ည ဖြစ်သွားခဲ့တယ်...။မာစတာကဒ်တို့ NETS တို့ ခရဒ်ဒစ်ကဒ်တို့ လက်မခံပဲ ငွေသားချည်းပဲ လက်ခံတယ်ဆိုလို့ ငွေအထပ်လိုက် သွားထုတ်လာခဲ့ရတဲ့ညတစ်ညလဲ ဖြစ်ခဲ့တယ်...။
သူငယ်ချင်းတွေက မှာတယ်...။ တစ်ချို့ဆေးတွေက ခါးတယ်တဲ့...။ အဲဒါောကာင့် အချိုအုပ်ပြီး စားကြရတာတဲ့...။ ပေါက်တယ်နော်...။ နောက်တစ်ယောက်က ပြောတယ်...။ အများညီတော့ ဤကို ကျွဲ ဖတ်သင့် ဖတ်ရတာပေါ့တဲ့...။ မိုးရည်က သိပ်မခါးဘူးတဲ့...။ ငယ်ငယ်က ဆရာဝန် မိုးရည်ထိုးပေးတာ ခံဖူးတာပဲတဲ့...။ တစ်ချို့ကလဲ ဟိုလိုဒီလိုပေါ့လေ...။ တစ်ချို့ကလဲ စောစောထပြီး လျှောက်လွှာ သွားထပ်ဖို့ ပြောကြတယ်...။ အစံပါပဲလေ...။ အဲဒီလိုနဲ့ အိပ်၍မပျော်သော ညတစ်ည ကုန်ဆုံး လွန်မြောက်ပါစေကွယ် ဆိုတဲ့ သီချင်းလေး ညည်းခဲ့ရတာပေါ့ကွယ်...။
မနက်လင်းအားကြီးမှ အိပ်ပျော်သွားတယ်...။ သတိရလို့ နိုးလာတော့ နာရီပြန်တစ်ချက်တောင် ထိုးပါရော့လား...။ အဲဒါနဲ့ ကမန်းကတန်း ရေမိုးချိုး၊ ထမင်းကို ကသိုက်ကရိုက်စားပြီး အမ်အာတီစနေရှင်ကို တက်သုတ်ရိုက်ပြေးပြီး သံရုံးရှိရာ အောချတ်ကို သုတ်ခြေတင်လာခဲ့တာပေါ့...။ (ဖူး.... မောလိုက်တာ...။) သံရုံးလဲရောက်ရော ကိုယ့်ရှေ့မှာ တန်းစီနေတာ အရှည်ကြီးပဲ ...။ ဒါနဲ့ လိုအပ်တဲ့စာရွက်စာတမ်းများကို ကလစ်နဲ့ သေချာညှပ်ပြီး လက်ခဲ့တဲ့ နေရာမှာ တင်လိုက်တယ်...။ ဒီနေ့တော့ မိုးချုပ်မဲ့ညဆိုတာ သိလိုက်တာနဲ့ သူငယ်ချင်းကို ည ၇ နာရီလောက်မှ ပင်နီစာလားကို လာခဲ့ဖို့ ချိန်းလိုက်တယ်...။
ဖုန်းဆက်ပြီးတော့ ထိုင်စရာနေရာလေးလဲ ရတော့ ၀င်ထိုင်ရင်း ဘေးဘီကို လေ့လာာကည့်လိုက်တယ်...။ အရွယ်စုံပါပဲ...။ ကျောင်းသားတွေလဲ တွေ့ရတယ်...။ အိမ်ပြန်မှာမို့လို့ သံရုံးက ထောက်ခံစာ လာယူကြတလို့ သူတို့အချင်းချင်း ပြောသံတစ်စွန်းတစ်စ ကြားလိုက်ရတယ်...။ တစ်စွန်းတစ်စ မဟုတ်ပါဘူး...။ ကုလားသိုက် ကျားဝင်ကိုက်သလို၊ လက်ပံပင်ဇက်ရက်ကျသလို ဆူညံနေလို့ ရုံးထဲက လူတွေ အကုန်လုံး ကြားရတာပါပဲ...။ ဘေးနားက အစ်ကိုကြီးက စာအုပ်ပျောက်လို့ အသစ်လာလျှောက်တာတဲ့...။ နောက်တစ်ယောက်ကတော့ အခွန်မဆောင်တာ ကြာပြီဆိုပဲ...။ ၄ နှစ် ရှိပြီတဲ့...။ Work permit နဲ့ပဲ ရအောင် ဆောင်မယ်တဲ့...။ ငြင်းနေတာ တွေ့တယ်...။ တွက်ပြလိုက်တော့ ၄-၅ ထောင်လောက်တဲ့...။ ဘုရားရေ...။
စောင့်ရတာ နာရီဝက်လောက် ကြာသွားတယ်...။ အရှေ့ကလူတွေလဲ တော်တော်နဲ့ မပြီးနိုင်သေးဘူး...။ အယောက် ၅၀ ကျော် ကျန်သေးတယ်..။ ဒါနဲ့ အောချတ်ဘက် ခဏ လျှောက်ဖို့ အကြံရတာနဲ့... ထွက်ဖို့ ပြင်လိုက်တယ်...။ အဲဒီအချိန်မှာ ရှေကြွက်စီကြွက်စီနဲ့ ရှေ့က ကျောင်းသူတေါကို ခေါ်လို့ ထသွားတာတွေ့လိုက်တယ်...။ တစ်ဆက်တည်း မောင်ဘွိုင်းနာမည်ကို ခေါ်သံ ကြားလိုက်တယ်...။ အဲ.. ဘယ်လိုပါလိမ့်...။ ဘေးနားက အစ်ကိုကြီးက ကျောင်းသားတွေ ဦးစားပေး လုပ်ပေးနေတာတဲ့...။ ကိုယ်နဲ့ ဘာဆိုင်လို့လဲ...။ နေပေါ့..ခေါ်တော့လဲ သွားတာပေါ့...။ ရှေ့က ကျောင်းသူများတစ်သိုက် ကိတ်စပြီးတာနဲ့ ကိုယ့်အလှည့်ရောက်လာတော့ ကောင်တာရှေ့သာံးလိုက်တာပေါ့...။ ကောင်တာရှေ့နားက အန်တီက မောင်ဘွိုင်းလျှောက်လွာကိုလဲ ကြည့်ရော .. အဲ.. မှာသွားပြီ. မောင်ရင်က ကျောင်းသားမှ မဟုတ်တာတဲ့... ခုနက မောင်ရင် လျှောက်လွှာလာတင်တော့ ကျောင်းသားမှတ်ပြီးတော့ ခေါ်လိုက်တာတဲ့...။ ဒီတော့ နောက်မှ လာလိုက်.. ဆိုပြီး လျှောက်လွှာကို ပြန်ထိုးမယ်ကြံတော့ မောင်ဘွိုင်းလဲ အန်တီရယ်... ခေါ်မှတော့ မထူးပါဘူး ဘာညာနဲ့ ပြောလိုက်တော့ ခပ်မြန်မြန်ပဲ အလုပ်က ပြီးသွားပါတယ်...။ အဲဒါနဲ့ သံရုံးရောက်ပြီး တစ်နာရိမကြာဘူး စာအုပ်သက်တမ်း တိုးပြီးသွားပါတယ်။
(တော်ပြီ.. အိပ်ချင်သွားပြီ... ကွန်ကလူးရှင်း ချတော့မယ်...။ )
အဓိက လိုက်နာရန်။ ။
၁။ Passpost ကော်ပီ ကူးထားပါ။
၂။ အလုပ်ခန့်စာ ကို ကော်ပီကူးပါ။
၃။ ငွေသားသာ လက်ခံသည်။
၎။ မနက်စောစော သွားပါ။
၅။ မိမိနှင်း သက်ဆိုင်သော လျှောက်လွှာကိုသာ ရွေးချယ် ဖြည့်စွက်ပါ။
(သက်တမ်းတိုး (အခွန်ဆောင်ရန်ပါ တစ်ပါတည်းပါ)၊ ကျောင်းသား ထောက်ခံစာ၊ အလုပ်မလုပ်ကြောင်း မှီခို ထောက်ခံစာ၊ စာအုပ်ပျောက် ထောက်ခံစာ၊ ကလေးမွေး ထောက်ခံစာ၊ အခွန်ဆောင်ပါမည့်အကြောင်း ထောက်ခံစာ) အဲဒီအထဲက ကိုယ်နဲ့ဆိုင်တာကိုပဲ ယူပါ။
*၆။ အခွန်ဆောင်မယ်ကြံရင် သံမှူးထံကို မိမိအခွန်ဆောင်ချင်သည့်အတွက် လက်ခံပေးပါမည့်အကြောင်း လျှောက်ထားရတဲ့ လျှောက်လွှာ :O
အဲဒါတွေ လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်တဲ့အကြောင်း ကြားသိမြင်တွေ ထိသိခဲ့ရတာတွေ ပြန်လည် မျှဝေပေးလိုက်ရပါတယ်...။
ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲ...။
ဗျာ...။ အော်... ဟိုဟာလား... ဖုန်းဆက်မေးပေါ့ဗျာ... သိသားနဲ့...။ ဟွန့်
New Year Wishes - Tin Moe
7 years ago