From http://myanmarictweek.com/
| ရတနာပုံတယ်လီပို့ အိုင်စီတီ ရက်သတ္တပတ်ပြပွဲတွင် ရောင်းချနေသည့် တစ်ခါသုံး GSM SIM Cardများကို ရန်ကုန်မြို့တွင်လည်း စတင်ရောင်းချတော့မည် ဖြစ်သည်။ အဆိုပါ ဖုန်းကတ်များကို ရွှေဂုံတိုင် အရှေ့လမ်းမကြီးရှိ Mr. Fone Telecon Centre တွင် ဒီဇင်ဘာ(၁၃)ရက်(ယနေ့)မှ စတင်၍ ရောင်းချမည်ဟု သိရသည်။ ဖုန်းကတ် တန်ဖိုးများမှာ အက်ဖ်အီးစီ (၁၀)တန်နှင့် (၂၀)တန်ဟူ၍ ဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ ဖုန်းကဒ် သက်တမ်းမှာ အက်ဖ်အီးစီ(၁၀)တန်သည် (၂)ပတ်အတွင်းသုံးနိုင်ပြီး၊ အက်ဖ်အီးစီ (၂၀)တန်မှာ (၃)လအတွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ သက်တမ်းကုန်ဆုံး၍ ဖုန်းကဒ် အသစ် ထပ်မံဝယ်ယူသည့်အခါ မူလနံပါတ်အတိုင်း ရရှိမည်မဟုတ်ပဲ နံပါတ်အသစ်တစ်ခု ရရှိသုံးစွဲရမည် ဖြစ်သည်။ ရန်ကုန်မြို့တွင် ရောင်းချသည့် ဖုန်းကတ်များကို အက်ဖ်အီးစီဖြင့် ငွေပေးချေ ဝယ်ယူနိုင်သကဲ့သို့ မြန်မာငွေလဲလှယ်နှုန်းထား တွက်ချက်ပြီးလည်း ကျသင့်သည့် မြန်မာငွေကျပ် တန်ဖိုးအတိုင်းလည်း ပေးချေနိုင်ကြောင်း သိရသည်။ ဝယ်ယူလိုသူများ အနေဖြင့် မြန်မာနိုင်ငံသား ဆိုပါက မှတ်ပုံတင် မူရင်းနှင့် နိုင်ငံခြား သားဆိုပါက ပတ်စ်ပို့မူရင်း ယူဆောင်လာရမည် ဖြစ်သည်။ ရန်ကုန်မြို့တွင် ရောင်းချမည့် တစ်ခါသုံးဖုန်းကတ် အရေအတွက်မှာ သောင်းဂဏန်းရှိကြောင်း Mr. Fone Telecon Centreမှ တာဝန်ရှိသူက ပြောကြားသည်။ အနာဂတ်ကာလတွင် နိုင်ငံတကာတွင် အသုံးပြုနေသည့် GSM SIM Card များကဲ့သို့ ငွေကြေးထပ်မံ ပေးသွင်းပြီး သက်တမ်းတိုးကာ မူလနံပါတ်အတိုင်း အသုံးပြုနိုင်မည့် Mobile Phoneများကို ရောင်းချသွားနိုင်ရန် အထူးစီမံ ကြိုးစားနေကြောင်းလည်း သိရသည်။ ယခုကဲ့သို့ GSM SIM Cardများကို ဈေးကွက်အတွင်း လွတ်လပ်စွာ ရောင်းချပေးခြင်းကြောင့် ဖုန်းHandsetများ ဝယ်လိုအား မြင့်တက်လာနိုင်ကြောင်းနှင့် အက်ဖ်အီးစီ(FEC)ဖြင့် ရောင်းချခြင်းကြောင့် အက်ဖ်အီးစီနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားလည်း မြင့်တက်လာနိုင်ကြောင်း ခန့်မှန်း ပြောကြားနေကြသည်။ Ref: TheVoiceWeekly (Vol. 5, No. 8 ) |
| (အိုင်စီတီပြပွဲတွင် ရောင်းချနေသည့် တစ်ခါသုံး အက်ဖ်အီးစီ ၁၀ တန် GSM Prepaid Card) (Photo: LA MINN NAING(LMN, arrivel to Yatanarpon) (ဖုန်းကဒ်များ အလုအယက် ဝယ်ယူနေကြသည်) (Photo: LA MINN NAING(LMN), arrivel to Yatanarpon) (တစ်ခါသုံးဖုန်းကဒ်များ ရောင်းချသည့် နေရာ) (Photo: LA MINN NAING(LMN), arrivel to Yatanarpon) |
Photos Credit to : La Minn Naing (LMN)