Showing posts with label twilight. Show all posts
Showing posts with label twilight. Show all posts

Wednesday, December 17, 2008

လရောင် ငတ်တဲ့ည (၄)

“တစ်နှစ်ထဲကို သုံးခါ ရှိပြီ...။”

ဒီမနက် ဖေဖေ့ကို ဇင်ဇင် အဲဒီ သုံးခါ ဆိုတာ ဘာလဲလို့ မေးတာကို ဖေဖေက မဖြေပဲ စကားလမ်းကြောင်း လွဲသွားတယ်။ အရေးကြီးလို့ ဆိုပြီး စခန်းကို ထွက်သွားတယ်။ ကျောင်းကို တစ်ယောက်ထဲ ထွက်လာရတော့တာပေါ့။ ဒေါ့ဂျစ်နဲ့ ကျောင်းကို မောင်းလာခဲ့တယ်။ တောင်ပေါ်လမ်းတွေမှာ ဒေါ့ဂျစ်ကတော့ မောင်းလို့ ကောင်းတယ်။ ဇင်ဇင်တစ်ယောက် နည်းနည်းတော့ ရှက်နေတယ်။ ကားက ဆေးတောင် ကောင်းကောင်းမှုတ်သေးတာ မဟုတ်ဘူး။ ဘော်ဒီက အကြမ်းသာသာပဲ ရှိသေးတယ်။ ကိစၥ မရွိပါဘူေးလ။ အိမ်နဲ့ ကျောင်းနဲ့က ဒီလောက် ဝေးတာ။ စီးစရာ ကားတစ်စီး ရှိတာကို ကျေးဇူးတင်ရမယ်။

ဒီနေ့က ကျောင်းကို ပထမဦးဆုံး ထရန်စဖာနဲ့ သွားအပ်ရမှာ ဆိုတော့ စောစော သွားတာ ကောင်းပါတယ်လေ ဆိုပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ယူပြီး ထွက်လာခဲ့တယ်။ လမ်းတစ်လျှောက်မှာ နှင်းမှုန်တွက ခပ်ဖွဲဖွဲ ကျနေလေရဲ့။

ကျောင်းထဲကို ကားဝင်လာတော့ ကိုယ့်ထက် ကြိုရောက်နှင့်နေတဲ့ သူတွေ ရှိနေတာကို တွေ့တယ်။ ကိုယ့်ကားလဲ ၀င်ရော အားလုံးက ၀ိုင်းပြီး စပ်စုတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ မိန်းကလေး တစ်ယောက်တည်း ကျောင်းကို ကားမောင်းလာတယ်။ မောင်းလာတဲ့ ကားကလဲ ဒေါ့ဂျစ် အစုတ်ဆိုတော့ မဆန်းပါဘူးလေ။

အားလုံးကို ဂရုစိုက် မနေပဲ ကျောင်းသားရေးရာကို သွားပြီး လုပ်စရာ ရှိတာကို လုပ်လိုက်တယ်။ ကျောင်းသားရေးရာက လိုအပ်တာကို ဆက်လုပ်ခိုင်းပြီး ဇင်ဇင် တက်ရမယ့် အတန်း၊ အတန်းချိန်ဇယား တွေ ထုတ်ပေးတယ်။ ဒီနေ့ အတန်းရှိတာပဲ။

အတန်းထဲကို မ၀င်ခင် ကင်တင်းမှာ သွားထိုင်မယ်လို့ ဆုံးဖြတ်တယ်။ ကောင်လေးတစ်ယောက် အနားကို ရောက်လာတယ်။ ကျောင်းသူ အသစ် မို့လို့ လိုအပ်တာ ကူညီနိုင်ပါကြောင်း စကားလာရောတယ်။ ရန်သူထက် မိတ်ဆွေက ဒီအချိန်မှာ ပိုလိုအပ်တာမို့ စကားလက်ဆုံ ပြန်ပြောလိုက်တယ်။ နောက်ပိုင်းမှာ လိုအပ်တဲ့ အကူအညီကို အတော်ပေးနိုင်တဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်လာတာကို သိရတယ်။ ညီထွေးတဲ့။ တရုတ်ကလေး။ ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်တယ်။ ကျောင်းတွင်း အပ်ပျောက်တာက အစ ဘယ် အိမ်သာမှာ မီးလုံး ပျက်တာ အဆုံး သိတယ်။ သူနဲ့ ပါတ်သက်လို့ တစ်ခြားသော မိတ်ဆွေ အပေါင်းအသင်းများ တော်တော်များများ ရလိုက်တယ်။

ကင်တင်းမှာ ညီထွေးရဲ့ ဘော်ဒါတွေနဲ့ ဆုံဖြစ်တော့ သူ အကုန် မိတ်ဆက်ပေးတယ်။ ကျော်ကျော်၊ လေးကို၊ သူဇာ၊ ထွေးလေး။ အဲဒီနေ့က ဘော်ဒါတွေ အများကြီး ရလိုက်တယ်။

ကင်တင်းမှာ ထိုင်နေတုန်း ညီထွေးက သိသင့်တာတွေ ပြောပြနေတယ်။

ရုတ်တရက် ကျောမှာ စိမ့်သလို ခံစားလိုက်ရတော့ နောက်ကို လှမ်းကြည့်မိတယ်။ သာမာန်ကျောင်းသားတွေနဲ့ မတူ နည်းနည်း ထူးခြားနေတဲ့ အုပ်စု တစ်စု ကင်တင်းထဲ ၀င်လာတာ တွေ့ရတယ်။ ညီထွေးက “သင်းကွဲ အုပ်စု” တဲ့ နာမည်ပေးထားတယ်တဲ့။ သူတို့ သီးသန့် နေတတ်တယ်။ ဘယ်အုပ်စုနဲ့မှ မရောတတ်ဘူးတဲ့။ တစ်တွဲစီ ထိုင်နေကြတယ်။ လေးယောက်ပေါ့။ ဘာမှ မစားမသောက်ကြပဲ စကား ထိုင်ပြောနေတယ်။ နည်းနည်းတော့ ထူးခြားတာပဲလို့ စိတ်ထဲက အသိအမှတ်ပြုပြီး ၀ိုင်းထဲ ပြန်အလှည့်မှာ တံခါးဝက ၀င်လာတဲ့ ကောင်လေး တစ်ယောက်ကို ထူးထူးခြားခြား သတိပြုလိုက်မိတယ်။ ဘာရယ်မသိ သူ့မျက်လုံးအကြည့်တွေက စူးရဲလွန်းတယ်။ ဇင်ဇင် မနေတတ် မထိုင်တတ်သလို ဖြစ်သွားတယ်။ သူကတော့ ဇင်ဇင့်ကို မတွေ့ဘူး။ ခဏနေတော့ ခုနက သင်းကွဲ အုပ်စုနဲ့ သွားထိုင်နေတယ်။ ဇင်ဇင်တစ်ယောက် ဘာကြောင့်မှန်း မသိ... သူထိုင်နေတာကို တောက်လျှောက် ခိုးကြည့်နေမိတယ်။ (စွန်ရဲလို့ တိတ်တခိုး နာမည် ပေးလိုက်မိတယ်။)

အကြည့်သူခိုးကို လူမိသွားတယ်။ သူလဲ ဇင်ဇင့်ကို အကြာကြီး စိုက်ကြည့်နေတယ်။ မိန်းကလေးမို့ ကိုယ်က ဦးဆုံး မျက်နှာလွဲပြီး သူငယ်ချင်းတွေနဲ့ ဆက်စကားပြောနေလိုက်တယ်။ သင်းကွဲအုပ်စု အကြောင်း မေးတော့ အားလုံးက စကားမဆက်ချင်ကြဘူး။ သူတို့ ဘယ်ကလာတယ်၊ ဘယ်မှာ နေတယ်ဆိုတာကို ဇင်ဇင်တစ်ယောက် သိချင်နေတယ်။ အထူးသဖြင့် စွန်ရဲ အကြောင်းကိုပေါ့...။

သူငယ်ချင်းတွေကတော့ လပြည့်ညက ဖြစ်သွားခဲ့တဲ့ လူသေမှုကို စိတ်ဝင်တစား ပြောနေကြလေရဲ့။ ကျောင်းတက်ခေါင်းလောင်းသံ ထိုးမှ လူစုခွဲဖြစ်တော့တယ်။


----xxxx----


အဲဒီည ဇင်ဇင်တစ်ယောက် ဆက်မအိပ်နိုင်တော့ဘူး။
သင်းကွဲ အုပ်စုနဲ့ စွန်ရဲအကြောင်းကို သာ တွေးနေမိတယ်။

လပြည့်ကျော်ညကတော့ လရောင်တွေနဲ့ လင်းချင်းနေရမှာကို တိမ်တစ်ဆုပ်ကြောင့် မှောင်နေခဲ့တယ်။
အဲဒီညမှာ ဇင်ဇင်တစ်ယောက် လရောင်ကို ငတ်မွတ်ခဲ့တယ်။
လရောင်ငတ်တဲ့ညလေး တစ်ည...။


----xxxx----

Tuesday, December 16, 2008

လရောင် ငတ်တဲ့ည (၃)

လရောင်ကတော့ ဖြာနေတုန်းပဲ...။

လရောင် တိုးဝင်နေတဲ့ အိပ်ခန်း ပြူတင်းရဲ့ လေသာပေါက်ကနေ အပြင်ကို ဇင်ဇင် ငေးကြည့်နေမိတယ်...။
တိမ်ညိုမဲ ပုပ်ပုပ်တွေကြားကနေ လက်မတင်လေး လွတ်လာတဲ့ လမင်းကြီးဟာ ၀ိုင်းဝိုင်းစက်စက်ကို သာလို့...။
ဝန်းကျင်မှာတော့ ညဥ့်ရဲ့သရုပ်ကို အားပါစေတဲ့ ဇိုးဇီဇိုးဇီ အသံလေးများ၊ တစ်ချက်တစ်ချက်မှ ဖိုသံပေးနေတဲ့ အုံးအင်သံလေးများ ပေါ်လာလေရဲ့...။
လရဲ့ညကို သရုပ်ပါစေတာကတော့ တောင်ပေါ်လေချမ်းလေ ဝှေ့ခနဲ သုတ်ပြီး တိုက်လိုက်တဲ့ အချိန်ပါပဲ...။
ဇင်ဇင့် အနွေးထည်ပါးပါးထဲကို တိုးဝင်လာတဲ့ ဆောင်းညလေချမ်းကြောင့် နွေးခနဲ ကြက်သီးတွေ ထလာခဲ့တယ်...။

ဆောင်းလေချမ်းကြောင့် ပါးပြင်ပေါ်က အေးစက်တဲ့ အထိအတွေ့ကို သတိထားမိချိန်မှာ သူငိုနေပါလားဆိုတာ သတိရလာတယ်...။ ဇင်ဇင်တစ်ယောက် ငိုနေမိပါပကော။ ပျံ့လွင့်နေတဲ့ အတွေးစများကို ပြန်လည် စုစည်းလိုက်တယ်။ ပြတင်းတံခါးကို ပြန်ပိတ်လိုက်ပြီး မှန်ပြတင်းက ထိုးကျလာတဲ့ လရောင်ကို ငေးကြည့်ဖြစ်တယ်။ လက်ထဲက ကိုင်ထားတဲ့ ခြုံစောင်ပါးပါးကို ကိုယ်ပေါ် အသာ ပြန်တင်လိုက်ရင်း လက်ရှိ ပစ္စုပ္ပါန် အခြေအနေကို သုံးသပ်နေမိတယ်....။

မေမေနဲ့ အပြင်းအထန် စကားများပြီး နောက် တစ်နယ်တစ်ကျေးက အဖေ့ဆီကို ထွက်လာခဲ့လိုက်တယ်။ မေမေကတော့ ဒီတစ်ခေါက်မှာ အတော်နောင်တရသွားတယ်။ သူ့ကို မတားဆီးနိုင်တော့ပဲ ကျန်နေခဲ့တယ်။ ဒီရောက်တော့ အဖေ့ဆီကို ဖုန်း ကြိုဆက်ထားတယ်တဲ့။ အဖေကတော့ ငယ်ငယ်ကတည်းက မေမေနဲ့ ကွဲပြီးတဲ့နောက် သူ့ကို တစ်နှစ်မှ တစ်ခါသာ တွေ့ဖြစ်တယ်။ တရားရုံးက အမိန့်ချလိုက်တယ်လေ။ တော်တော့်ကို ဆိုးဝါးခဲ့တဲ့ အတိတ်ပေါ့။

သူ့အဖေကတော့ အောက်ထပ်မှာ အိပ်နေလောက်ရောပေါ့...။ စခန်းမှူးတစ်ယောက် ဖြစ်တဲ့အတွက် ညဥ့်နက်မှပဲ အမြဲပြန်လာဖြစ်တဲ့ အဖေနဲ့ သူမတို့နှစ်ယောက်ဟာ တစ်အိမ်တည်း အတူ နေနေပေမယ့် ဝေးကွာနေဆဲလို့ သူခံစားနေရတယ်။

ဒီနေ့ ညစာစားချိန်အမှီကို ပြန်လာတဲ့ အဖေက ထူးထူးဆန်းဆန်း သတင်းတစ်ခုကို ပြောပြတယ်။ ထူးဆန်းပေမယ့် အလားတူ ဖြစ်ရပ်ကတော့ ၃ မှုရှိသွားပြီတဲ့။ လူသူ မနီးတဲ့ တောကြီးမျက်မည်းက ချောက်ကမ်းပါးထိပ်မှာ အသက်ဝိညာဉ်ကင်းမဲ့နေတဲ့ မုဆိုးတစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရကြောင်း၊ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အတွက် ဘယ်သူမှန်း မသိပေမယ့် ဒီနယ်ဘက်ကို နယ်ကျွံလာတဲ့ မုဆိုးတစ်ယောက် ဆိုတာကို သူ့ဘေးနားက အမဲလိုက် ရိုင်ဖယ်နဲ့ ကိရိယာ တစ်ချို့အရ သိရကြောင်း၊ တိရစ္ဆာန်ရဲ့ တိုက်ခိုက်မှုကို ခံရတာ ဖြစ်ကြောင်း စိတ်မချမ်းမြေ့ဖွယ် ပြောပြနေတယ်။

ဆေးရုံက သေမှုသေခင်း ဆရာဝန်ကတော့ ဒီနယ်ဘက်မှာ မြေခွေးဆိုတာ မရှိသလောက် ရှားပါးတဲ့ အကြောင်း၊ အခုဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ဒီနှစ်ထဲမှာဆို သုံးကြိမ်မြောက်ဖြစ်ကြောင်းကိုလဲ ပြောသွားသေးတယ်...။

ဇင်ဇင့်စိတ်ထဲမတော့ သူနဲ့ သူ့ဖေဖေ ဘယ်တော့ ပြန်နီးစပ်မလဲဆိုတာကို စဉ်းစားနေမိတယ်။



----xxxx----


ဒီနေ့ ဖေဖေ ဘယ်မှ မသွားဘူး အိမ်မှာနေနေတယ် ထင်တယ်။ မနက်နိုးလာတော့ အိမ်ရှေ့ခန်းမှာ ကော်ဖီထိုင်သောက်ရင်းနဲ့ ဂျာနယ်တစ်စောင် ထိုင်ဖတ်နေတာတွေ့တယ်...။ ဇင်ဇင်လဲ မီးဖိုချောင်ထဲ ၀င်ပြီး မနက်စာကို အလွယ် လုပ်စားလိုက်တယ်။ ညဦးပိုင်းက ဖေဖေက ပြောစရာရှိတယ်ဆိုလို့ ခဏနေတော့ ဖေဖေ့နား သွားထိုင်လိုက်တယ်။

ဖေဖေက ဂျာနယ်ဖတ်ရင်းကနေ မျက်လုံးလှန်ကြည့်တယ်။
“သမီးနိုးပြီလား။ လာ ခြံထဲ သွားရအောင်”

ဖေဖေနဲ့ခြံထဲကို ဆင်းခဲ့တယ်။ ခြံလေးကတော့ မာလီ မရှိလို့ ရွက်ကြွေတွေနဲ့ ပြည့်နေလေရဲ့။
ဆောင်းလေရူးက တစ်ချက် တိုက်သွားတယ်။ အနွေးထည် တစ်ထပ်လောက် ၀တ်ခဲ့ရင် ကောင်းမှာလို့ ဇင်ဇင် တွေးမိတယ်။ ဖေဖေက ဂိုဒေါင်ရှေ့မှာ ရပ်လိုက်တယ်။ အိတ်ထဲ အသင့် ပါလာပုံရတဲ့ သော့နဲ့ တံခါးကို ဖွင့်တယ်။ ဂိုဒေါင်ထဲမှာတော့ ထင်ထားသလို ပင့်ကူမျှင်တွေနဲ့ ပြည့်မနေပါဘူး။ အပြင်က နေရောင်ကြောင့် အတွင်းပိုင်းကို သေချာ မြင်နေရတယ်။ ဖေဖေ့ဝါသနာ အတိုင်း တွင်ခုံ၊ လက်သမား ကိရိယာ၊ စတာတွေ တွေ့နေလေရဲ့။ မော်တာ တစ်ချို့၊ ချိန်းကြိုးတွေ လဲတွေ့တယ်။

အထဲမှာ အ၀တ်စအကြီးကြီး အုပ်ထားတဲ့ ခပ်ကြီးကြီး အရာတစ်ခုရှေ့ရောက်တော့ ဖေဖေ ရပ်လိုက်တယ်။ ဇင်ဇင်လဲ ရပ်လိုက်မိတယ်။ ဖေဖေက အ၀တ်စကို ရုပ်ခိုင်းတယ်။ ဆွဲရုပ်လိုက်တော့ ထရပ်ကား တစ်စီး။ နီညိုရောင်လေး။ ဒေါ့ဂျစ်ကို ထရပ်ကား ပုံ ဖြစ်အောင် ပြန်ပြင်ထားတဲ့ ပုံစံ။

“Happy Birthday သမီးလေး” တဲ့။

စိတ်ထဲမှာ အတိုင်းမသိ ၀မ်းသာသွားတယ်။ ဖေဖေ သူ့မွေးနေ့ကို မမေ့သေးဘူးကိုး။ ၀မ်းသာပေမယ့် စိတ်ထဲမှာပဲ ထားလိုက်တယ်။ မောင်းလို့ ရလားလို့ မေးတော့ ဖေဖေက တစ်ဟားဟားနဲ့ ရယ်နေရင်းကနေ မောင်းလို့ ရတာပေါ့လို့ ပြောတယ်။ အိမ်ရှေ့ကနေ ကားသံကြားလို့ ထွက်ကြည့်တော့ နယ်ခံတိုင်းရင်းသား လူကြီးတစ်ယောက်နဲ့ သူ့အရွယ် ကောင်လေးတစ်ယောက်။ လူကြီးက ၀ှီးလ်ချဲပေါ် ထိုင်လို့။ ဖေဖေက ၀မ်းသာအားရ နူတ်ဆက်တယ်။ လူကြီးက ဇင်ဇင့်ကို ကြည့်ရင်းနဲ့ “အိုး ဇင်ဇင်မဟုတ်လား...။ ကြည့်စမ်း သမီး ထွားလာလိုက်တာ။ ဒီကို မလာတာ ဘယ်နှစ်နှစ် ရှိပြီလဲ” လို့ မေးတယ်။ ဇင်ဇင်တောင် မမှတ်မိတော့ဘူး။ ဘယ်သူလဲ။ ဘယ်သူလဲ။ ဖေဖေက ဦးဟန်ထွန်းလို့ ပြောပြတယ်။ ငယ်ငယ်က သူတို့အိမ်နားက ချောင်းလေးမှာ အားလပ်ရက်တိုင်း ငါးသွားမျှားတတ်တာ၊ ဇင်ဇင်က အဲဒီ ချောင်းလေးထဲကို ဆင်းဆော့ရတာ ၀ါသနာပါတာ၊ ကောင်လေးက အဲဒီတုန်းက ဇင်ဇင့်နဲ့ ကစားဖေါ် သက်ထွန်း ဖြစ်တာ။ ဇင်ဇင် တစ်ခုမှ မမှတ်မိတော့ဘူး...။ မကောင်းတတ်လို့သာ ပြုံးပြလိုက်ရတယ်၊ ကောင်လေးကို ဘယ်လိုမှ ပုံဖေါ်လို့ မရဘူး။ ဖေဖေက ပြောတယ် ဒီကားကို မောင်းလို့ရတဲ့ အဆင့်အထိ ပြင်ခဲ့တာ သက်ထွန်းရဲ့ ကြိုးစားမှုကြောင့်တဲ့။ သက်ထွန်းက ဂျီတီအိုင်မှာ ဆက်တက်နေတဲ့ အကြောင်းကို ပြောပြတယ်။ အော်.. ဇင်ဇင်နဲ့ တူတူ ကျောင်းတက်မှာပါလားလို့ သိလိုက်တယ်။

ဖေဖေက ဦးဟန်ထွန်းကို အိမ်ရှေ့ရောက်အောင် တွန်းသွားနေတယ်။ ဇင်ဇင်နဲ့ သက်ထွန်းက နောက်ကနေ လျှောက်ရင်းနဲ့ လိုက်လာတယ်။ ဦးဟန်ထွန်းက ဖေဖေ့ကို ပြီးခဲ့တဲ့ လပြည့်ညတုန်းက အလည်မလာတာကို မေးတော့ ဖေဖေက ဦးဟန်ထွန်းကို ဟိုးတစ်ညက တိရစ္ဆာန်အကိုက်ခံရပြီး သေသွားတဲ့ လူသေမှုကို ပြောပြတယ်။ ဦးဟန်ထွန်း သတင်းကို ကြားတော့ ကွက်ကနဲ မျက်နှာပျက်သွားတယ်။ ဖေဖေ့မျက်နှာကို စူးစိုက်ကြည့်လိုက်ပြီး “သူတို့တစ်တွေ ဂတိ ပျက်နေပြီ” လို့ တီးတိုး လှမ်းပြောလိုက်တယ်။ ဇင်ဇင်ကြားဖြစ်အောင် ကြားလိုက်တယ်။ ဘယ်သူတွေက ဂတိတွေ ပျက်နေတာလဲ။ သက်ထွန်းက ဇင်ဇင့် အာရုံလွဲသွားအောင် တစ်ခြား ငယ်ဘ၀က အကြောင်းတွေ ပြောပြပေမယ့် ဇင်ဇင် စိတ်မ၀င်စားနိုင်တော့ဘူး။

“သူတို့တစ်တွေ ဂတိ ပျက်နေပြီ” ဆိုတဲ့ စကားတစ်ခွန်း။
ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ရုပ်အလောင်း။
တစ်နှစ်ထဲကို သုံးခါ ရှိပြီ...။

----xxxx----

(ဆက်ရန်)

(အစကတော့ တည်မိတဲ့ ဘုရား လင်းတပဲ နားနား ဆိုပြီးတော့ စထားမိတယ်။ ခုမှ အလုပ်တွေက ဇယ်ဆက်သလို လုပ်နေရတယ်။ တေချင်တယ်။ မနေ့က အကြမ်းကိုပဲ ပြန်ချောလိုက်ရတယ်။ ခွင့်လွှတ်ပါကုန်။)

လရောင် ငတ်တဲ့ည (၂)


ပြေး...
ပြေး.......
ပြေး.............

လွှတ်အောင်ပြေး...။
နောက်က အုပ်စုလိုက် လိုက်နေသံကို ကြားရတယ်...။
အာခံတွင်းထဲက ခြောက်ကပ်နေတဲ့ မောဟိုက်သံကို ကိုယ်တိုင် ပြန်ကြားနေရတယ်။
ဒါပေမဲ့ သူရပ်နေလို့ မရဘူး။ ကိုယ်ပေါ်မှာ ခြစ်မိတဲ့ ဆူးတွေ၊ နင်းမိတဲ့ ဆူးပြွမ်းလမ်းပေါ်က ကျောက်စရစ်ကြမ်းတွေ၊ ကန္တာရဆူးခြုံတွေ ဒဏ်ကို သူသတိ မပြုမိဘူး။ ဒဏ်ရာတွေက သွေးစိမ်းရှင်ရှင် ထွက်နေတာကို ဂရုမထားအားဘူး။
လောလောဆယ် အတွေးအာရုံထဲမှာ လွမ်းမိုးနေတာကတော့ အသက်ဘေးကနေ လွတ်အောင် ပြေးဖို့ပဲ...။

3 နာရီဆက်တိုက် မရပ်မနား ပြေးလွားနေရတော့ သူ့ခြေထောက်တွေ နွမ်းနယ်လာတယ်။ သူ့နောက်က အုံနဲ့ကျင်းနဲ့ လိုက်နေတုန်းပဲ။
သူ့နှလုံးခုန်သံ တစ်ဒိန်းဒိန်း ရိုက်ချက်ဟာ သူ့နားထင်သွေးကြောကို တစ်ချက်တစ်ချက် လာလာ ဆောင့်နေတယ်။ သူလွတ်နိုင်မလား။ အစက တင်းထားခဲ့သမျှ စိတ်တွေ လျော့ချင်သလိုလို ဖြစ်သွားတယ်။ စိတ်က တွေးနေပေမယ့် ပြေးနေတဲ့ နှုန်းကို မလျော့မိဘူး။ နောက်ကလဲ လိုက်လာတဲ့ အသံတွေ ကြားနေတုန်းပဲ။ ပင်စည်တွေ၊ ချုံပုတ်တွေ သူ့နောက်မှာ ရိပ်ကနဲ ရိပ်ကနဲ ကျန်နေခဲ့တယ်။

သူပြေးနေတယ်။
ဆက်ပြေးတယ်။
တောက်လျှောက်ပြေးနေတယ်
ဒါပေမယ့် သူမောလာပြီ။
ခြေကုန်လက်ပန်း ကျနေပြီ။

လရောင်ကတော့ အဇဋာ မိုးကောင်းကင်မှာ လင်းပနေလို့။
လရောင်ကို တပ်မက်ဖူးတဲ့ သူ၊ ဒီတစ်ခါတော့ လရောင်ကို မုန်းနေတယ်။ သူရှိရာကို မြင်နိုင်တယ်လေ။
လရောင်ကွယ်တဲ့ အပင်တွေကြား သူတိုးဝင် ပြေးတယ်။ ခပ်ဝေးဝေးဆီက လှစ်ခနဲ၊ လှစ်ခနဲ လိုက်လာတဲ့ အရိပ်တွေကို မျက်ဝန်းထောင့်မှာ သူတွေ့နေရတယ်။ အန္တရာယ်တွေ သူ့နားကို တော်တော်နီးနေပြီ။ အားစိုက်ထည့်ပြီး ထပ်ပြေးတယ်။

ရှေ့မှာ ရေစီးသံသဲ့သဲ့ကို ကြားလိုက်တယ်။ သူအားတက်သွားတယ်။ အနည်းဆုံး ရေတစ်ပေါက်တော့ သောက်ရမယ်လေ။ အားတက်သရောနဲ့ ပြေးသွားတော့ ရှေ့မှာ ဘာ အတားအဆီးမှ မတွေ့တော့ပါလား။ ဟာလာဟင်းလင်း ဖြစ်နေတယ်။

အို
ချောက်ကမ်းပါး စွန်းမှာ သူရောက်နေတာကိုး။
ဆောင်းလေအေးက ဟိုးချောက်ကမ်းပါး အောက်ဘက်ကနေ အပေါ်ကို ပင့်တိုက်လာတာ သူခံစားလိုက်တယ်။ ချွေးစေးတွေနဲ့ မောဟိုက်နေတဲ့ သူ... တစ်ခဏလောက်တော့ အပန်းပြေသွားတယ်။

ဒါပေမယ့်...
အသံကြားလို့ နောက်လှည့်ကြည့်တော့ အန္တရယ်က လက်တစ်ကမ်းမှာ။
နောက်ကို တစ်ဖြည်းဖြည်း ဆုတ်မိတယ်။
ဟိုးအောက်နားက ရေစီးသံ ပိုပို ကျယ်လာတယ်။ ချောက်ကမ်းပါးစွန်းက ခဲလုံး နင်းမိလို့ ကိုယ်တစ်ချက် ယိုင်သွားတယ်။
ကျောက်စိုင် ကျောက်ခဲ တစ်ချို့ ပြုတ်ကျသွားတယ်။

ဒီအချိန်မှာ သူမြင်လိုက်ရတာကတော့

ချွန်မြနေတဲ့ အစွယ်ဖွေးဖွး...
လရောင်အောက်မှာ ၀င်းကနဲ ဖြစ်သွား...
သူ့ဆီကို အငမ်းမရ တိုးဝင်လာ...
ရှိသမျှအားနဲ့ ခုခံ...
လဲကျသွား...
အားနည်းလာ...
လည်မျိုနားမှာ တစ်ချက် စူးကနဲ ဖြစ်သွားယ်။
သွေးတွေ ... သွေးတွေ...
အနီရောင် သွေးတွေ...

Photo : Storytimeout

လမင်းကြီးတောင် အနီရောင် ပြောင်းသွားလေသလား...။
မျက်လုံးထဲ အမှောင်တိုက် တိုးဝင်လာ...
စမ်းရေစီးသံ တစ်ဖြည်းဖြည်း တိုးတိတ်သွား...
နာကျင်မှုတွေ မသိတော့
ပိန်းပိတ်တဲ့ အမှောင်ထုကသာ တိုးဝင်...
ချိုမြတဲ့ ဒဏ်ရာတွေကို ခံစားပြီးတော့ အဆုံးစွန်သော အစွန်း တစ်ဘက်ဆီသို့...

----xxxx----


အကျည်းတန်တဲ့ မြင်ကွင်းကို မျက်ကွယ်ပြုလို့... ထက်အာကာ မိုးကောင်းကင် အဇဋာမှာတော့ တိမ်ညိုပုပ်တွေ ကင်းစင်နေတဲ့ လပြည့်ည လမင်းကတော့ ထိန်ထိန်သာနေတယ်...။
လရောင်တွေ ဖျန်းပက်နေတဲ့ တစ်ခဏမှာ ကြယ်တစ်ပွင့် ရုတ်ကနဲ ကောင်းကင်ထက်က ကြွေဆင်းသွားတယ်။
ဘယ်သူမှ မသိလိုက်ဘူး...။
လရောင်ကတော့ ဖြာနေတုန်းပဲ...။

----xxxx----
(ဆက်ရန်)

Monday, December 15, 2008

လရောင် ငတ်တဲ့ည (၁)



လရောင်...။
တိမ်မျှင်ပုဝါပါးကနေ ခပ်စောင်းစောင်း ထိုးလာတဲ့ လရောင်။
သြကာသ လောက တစ်ခွင်လုံးကို အေးချမ်းသွားအောင် လွမ်းခြုံပေးတဲ့ လရောင်။
ညဥ့်လည်ယံမှာ အလင်းမျှင်ပါးပါးကို ယစ်မူးမိသူတိုင်း နောက်တစ်ခါ၊ အထပ်ထပ် အခါခါ တိမ်းမူးချင်လောက်အောင် လူတွေကို ဖမ်းစားတတ်တဲ့ လရောင်...။

ဒီလရောင်ဟာ လူတွေကို နူးညံ့စေတယ်။
ဒီလရောင်ကပဲ လူတွေကို ကြမ်းတမ်းစေတယ်...။
ဒီလရောင်ကပဲ အဟိတ်တိရစ္ဆာန်တွေရဲ့ စိတ်နှလုံးကို ဆွဲငင်သိမ်းကျုံး လှုပ်ရှားစေတယ်...။
ဒီလရောင်ကပဲ ကမ္ဘာဦး လူသားတွေရဲ့ နေမင်းကွယ်ပျောက်လို့ အမိုက်မှောင် ဖုံးနေချိန်မှာ အားငယ်နေတဲ့ စိတ်နှလုံးကို ချော့သိပ်တယ်...။

ဒီလရောင်ကြောင့်ပဲ ကမ္ဘာကျော် အနုပညာတွေ ပေါ်ထွန်းခဲ့တယ်။
Beethoven ရဲ့ လရောင်တေးသွား (Moonlight Sonata) ကို နားထောင်ဖူးပါသလား။
Moon River ဆိုတဲ့ ရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းကို သောတအာရုံထဲ ခဏလောက် ဖြစ်ဖြစ် ထည့်ကြည့်ဖူးပါသလား...။
ဂျူးရဲ့ ၀တ္ထုဖြစ်တဲ့ “မြရဲ့လ” ကို အဆိုတော် ထူးအိမ်သင်က အသံထွက်ဖတ်ပြခဲ့တဲ့ အသံထွက် ၀တ္ထု ကို ဖတ်ဖူး နားထောင်ဖူးကြလား။




လရောင်ကြောင့် ပြောင်းလဲခြင်းများစွာထဲက တစ်ခုကို ပြောပြချင်တယ်။
နားထောင်မယ်ဆို လရောင်အောက်ကို သွားကြစို့...။

----xxxx-----
(နိဒါန်းပဲ ရှိပါသေးတယ်..။ ခေါင်းစဉ်မှာ အချီးလို့ တပ်ထားတာကို ရှုပ်နေတယ်လို့ ပြောလို့ ပြန်ဖြုတ်လိုက်ပါတယ်...။)
(ဆက်ရန်။)