Sunday, May 18, 2008

လာခြင်းမကောင်းခဲ့သော...။

ငါ...
အံကြိတ်နေတယ်။

မနေ့က
တွေ့ဖြစ်သေးတယ်။
ဒီနေ့ မရှိတော့ဘူးတဲ့။
မျှော်လင့်ချက်တွေကို
ရိုက်ချိုးသွားတဲ့
ချိုးဖြူငှက်ကို
ရှားမီးခဲထဲ
ငါ...
စိတ်ကူးနဲ့ ပစ်ထည့်လိုက်တယ်။

မြင်ကွင်းထဲမှာ
(သူတို့တွေ)ရေထဲမှာ မတ်တပ်ရပ်လို့၊
(သူတို့တွေ)အရှက်တရားကို လမ်းဘေးမှာ ခ၀ါချခဲ့လို့၊
(သူတို့တွေ)လှမ်းနေတဲ့ လက်တစ်စုံ၊
(သူတို့တွေ)ပုတ်ချဖို့ ကြိုးစားနေတဲ့ လက်တစ်စုံ၊
လေဟာနယ်ထဲမှာ
ပျောက်ကွယ်သွားတော့မယ့် ၀ိညာဉ်တစ်ခု၊
အော်.... ဒီလိုနဲ့ မိုးချုပ်သွားပြီလေ။

မနက်ဖြန်မှာ ပြူထွက်မယ့် နေမင်းတစ်စင်းကို
မြင်နိုင်ဖို့ အခွင့်အလမ်း...။
နေ့သစ်တစ်ခုကို စတင်မယ့် အခွင့်အလမ်း။
လတ်တလော ဟာနေတဲ့ ၀မ်းကို
ဖြည့်ပေးမယ့် အာဟာရ တစ်ခု။
သူတို့တစ်တွေ
လောကဓံရဲ့ အလှည့်အပြောင်းမှာ
ဘယ်လောက်ကြာကြာ
အံတုနိုင်မှာလဲ...။

“အဘတို့ အစ်မတို့ကလဲ ကြာလိုက်တာ”တဲ့...။
ဂျာရစ်က ဦးခွေးကို ပြောနေတုန်းလား။
ဘုန်းဘုန်း ကျက်သရေခန်းထဲက ငှက်ပျောသီးရော
ရှိသေးရဲ့လား...။

“မကြာခင် မင်းနို့စို့ရမှာပါ”တဲ့...။
အမေပျောက်နေတဲ့ သားကလေးကို
ဇနီးပျောက်နေတဲ့ အဖေက နှစ်သိမ့်ရင်း
ဘယ်တော့မှ မတွေ့နိုင်တော့တဲ့
သူ့ကြင်သူသက်ထားကို မျှော်နေတယ်...။

“ကျွန်တော်ပါ လိုက်သွားရမှာ”တဲ့...။
သစ်ကိုင်းကို ဖက်တွယ်ရင်း
သူတို့ကလေး ရေထဲမျှောသွားတာကို
မိန်းမ သိအောင် ပြောလိုက်လို့
နောင်တရနေတဲ့ သူတစ်ယောက်။
သိသိချင်း သစ်ကိုင်းကို လွှတ်လိုက်တဲ့
မိန်းမကို သူမြင်ယောင်နေမလား...။

ငါ...
အံကြိတ်နေတယ်။

(နာဂစ်ရေ...။
တစ်ကယ်တော့ မင်းဟာ
ဘယ်တုန်းကမှ
လာခြင်းကောင်းသော ဧည့်သည်တစ်ယောက်
မဟုတ်ခဲ့ဘူးဆိုတာ ...။)

1 comment:

  1. “ကျွန်တော်ပါ လိုက်သွားရမှာ”တဲ့...။
    သစ်ကိုင်းကို ဖက်တွယ်ရင်း
    သူတို့ကလေး ရေထဲမျှောသွားတာကို
    မိန်းမ သိအောင် ပြောလိုက်လို့
    နောင်တရနေတဲ့ သူတစ်ယောက်။
    သိသိချင်း သစ်ကိုင်းကို လွှတ်လိုက်တဲ့
    မိန်းမကို သူမြင်ယောင်နေမလား...။


    ကျွန်တော်ဆိုရင် လည်း မစဉ်းစားရဲဘူး ... လိုက်သွားဖြစ်လိမ့်မယ် :(

    ReplyDelete