တစ်ခါသားတုန်းကပေါ့...။ ကျောင်းမှာ ကျောင်းသားတို့ထုံးစံ အဆောင်နေရတော့ အတူနေ သူငယ်ချင်းများ တစ်ယောက်တစ်လှည့် ဟင်းချက်ကြတာပေါ့...။ အဲဒီထဲမယ်... တစ်ယောက်ကတော့ ထူးထူးခြားခြား ဟင်းချက် အလွန်ကောင်းပါတယ်...။ သူချက်တဲ့ ဟင်းတိုင်း အကြိုက်တွေ့ပါတယ်...။ သူ့ကို ဘာကြောင့် ဟင်းချက် တော်ရသလဲလို့ မေးမိတော့ သူက ပြန်ပြောပြပါတယ်...
တစ်ခါကတဲ့...။ သူတို့နေတဲ့အရပ်က မြို့ကလေးကို ပါတ်လည်ဝိုင်းထားတဲ့ တောင်ပေါ်ကို ကိစ္စတစ်ခုနဲ့ တစ်ညအိပ် ရောက်သွားဖူးတယ်...။ သူငယ်ချင်းက သူ့အမျိုးတွေဆီ သွားစရာရှိလို့ အဖေါ်ခေါ်တာနဲ့ လိုက်သွားတာပါ...။ ရွာကလေးက သာယာပါတယ်...။ နေချင်စရာလေးပါ...။ ဆားထောင်းနေတဲ့ ရွာသူတွေ၊ တလင်းထဲမှာ စပါးနယ်နေတဲ့ ရွာသားတွေ၊ ရိုင်ပတ်ဖျာတွေပေါ်ကို စပါးပင်တွေ ရိုက်ရိုက်ပြီး စပါးခြွေနေသူတွေနဲ့ သူ့ဟာလေးနဲ့ သူ သာယာနေပါတယ်...။
ရွာထဲ လျှောက်သွားရင်းနဲ့ ရွာအပြင်ဖက်ရောက်တော့ တဲအိမ်လေးတစ်လုံး ရွာအပြင်မှာ ထီးထီးငုတ်တို ဖြစ်နေတာတွေ့လို့ သူငယ်ချင်းကို စပ်စုတော့ အဲဒီမှာ နေတဲ့ အဖိုးကြီး အကြောင်းကို ပြောပြတယ်...။
နယ်ခံရွာသား မဟုတ်တဲ့ အကြောင်း၊ ဒါပေမဲ့ ဒီရောက်နေတာ တော်တော် ကြာသွားပြီဆိုတဲ့ အကြောင်း...။ ဒီက ရွာသားတွေနဲ့ သိပ်ပြီး အဆက်အဆံ မလုပ်ကြောင်း၊ ဘာမှ လုပ်တာ မတွေ့ပေမယ့် တစ်ပါတ်တစ်ခါ မြို့ကို ဆင်းသွားပြီး စားသောက်စရာများ သယ်လာတတ်ကြောင်း၊ ရွာသူကြီးနဲ့တော့ စကား အပြောအဆိုများ ရှိကြောင်း၊ ရွာသူကြီးရဲ့ ပြောပြချက်အရ ဒီအဖိုးကြီး ဟင်းချက်တာ အလွန်တော်ကြောင်း၊ ထမင်းဆိုင် ဖွင့်ဖူးခဲ့မယ်လို့ ရွာသူကြီးက ထင်ကြောင်း ပြောပြပါတယ်...။
စိတ်ဝင်စားလာတာနဲ့ အဲဒီ အဖိုးကြီးနဲ့ စကားပြောကြည့်ချင်တယ် ဘာညာနဲ့ ပြောတော့ သူငယ်ချင်းက သူကြီးမြေးလေးကတော့ အဲဒီ အဖိုးကြီးနဲ့ အဆင်ပြေကြောင်း၊ သူ့ကို အကူအညီ တောင်းမှ ရနိုင်မယ့်အကြောင်း ပြောပြီး လုပ်ပေးရှာပါတယ်...။
လိုရင်းပြောရရင်တော့ အဲဒီ အဖိုးကြီးနဲ့ စကားလက်ဆုံကျဖြစ်ပါတယ်...။ (သူငယ်ချင်းပြောပြတဲ့ စကားများဟာ ရှေးဟန် အလွန်ဆန်သမို့ မူရင်းအတိုင်း ဖေါက်သည်ချရရင် စာဖတ်သူများ နားမလည်နိုင်မှာ စိုးတာနဲ့ အများ နားလည်နိုင်မယ့် စကားတွေနဲ့ပဲ တစ်ဆင့် ပြန်လည် ရေးသားပါမယ်...။)
သူ့ဖခင်ဟာ ငယ်ငယ်တုန်းက ရှမ်းစော်ဘွားတစ်ဦးထံမှာ စားတော်ကဲအဖြစ် အမှုတော်ထမ်းခဲ့တာပါ...။ အဲဒီ စော်ဘွားဟာ စားကောင်းသောက်ဖွယ်ရာများကို ခုံမင်နှစ်သက်လေ့ ရှိပါသတဲ့။ သူ့ဖခင်ကိုလည်း လက်လှမ်းမီရာ ချက်ပြုတ်နည်းတွေကို သင်ထားစေပြီး တစ်နေ့ တစ်မျိုး မရိုးရအောင် ချက်စေသတဲ့...။ ကိုယ်တိုင်လဲ တီထွင်ချက်ပြုတ်စေသတဲ့...။ အဲဒီအထဲကမှ ဟင်းအမယ် ၃ မျိုးဟာ စော်ဘွားရဲ့ ဖေးဖရတ်ဖြစ်တယ်တဲ့...။ စားတော်ကဲ သူ့ဖခင်ရဲ့ ကောင်းသတင်းတွေဟာလဲ အဲဒီနယ်တစ်လွားမှာ ကျော်ကြားနေသတဲ့...။
ဒီလိုအမှုတော် ထမ်းလာရင်းနဲ့ တစ်နေ့မှာ သူတို့နေတဲ့ မြို့ကို ရန်သူတွေ ၀ိုင်းတော့ အားမတန် မာန်လျှော့ရသတဲ့...။ သူ့အရှင်က ခဏတစ်ဖြုတ် ရှောင်တိမ်းဖို့ ထွက်သွားတော့ သူ့ဖခင်နေမကောင်းလို့ မလိုက်နိုင်တာနဲ့ ချန်ခဲ့ပါတယ်...။ နေကောင်းတာနဲ့ သူ့အရှင်နောက်ကို လိုက်ခဲ့ပါလို့ သေချာ မှာခဲ့သတဲ့...။ ဒါပေမဲ့ သူ့အရှင်ဟာ လမ်းခရီးမှာ ငှက်ဖျားမိပြီး ကံကုန်သွားတယ်...။
မြို့စောင့်တပ်သာ ကျန်ခဲ့တဲ့ သူတို့ မြို့ကလေးကို ရန်သူဘက်က အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပါတယ်...။ ရန်သူ့ဖက်က အကြီးအကဲက စားတော်ကဲရဲ့ သတင်းကို ကြားတော့ အဲဒီ နာမည်ကျော် ဟင်းအမယ် ၃ မျိုးကို သူတို့ရဲ့ မြိုသိမ်းပွဲ အောင်ပွဲ အထိမ်းအမှတ် ညစာစားပွဲမှာ တည်ခင်းဧည့်ခံဖို့ စီစဉ်သတဲ့...။ စားတော်ကဲကိုလည်း မူလအရသာ မပျက်အောင် ချက်ခိုင်းဖို့ လူလွှတ်မှာလိုက်သတဲ့...။
စားတော်ကဲဟာ သူ့အရှင်က လွဲပြီးတော့ ဘယ်သူ့ကိုမှ သစ္စာစောင့်သိမှု မပြုဘူးလို့ သူကိုယ်သူ ကတိပေးထားတော့ မချက်နိုင်ဘူးလို့ အကြောင်းပြန်လိုက်သတဲ့...။ အဲဒီအတွက်လဲ သူ့အသက်အန္တရာယ်နဲ့ ကြုံမှာကို သူသိထားပြီး ဖြစ်ပေမယ့် မမှုဘူးတဲ့...။ လောလောဆယ်တော့ ဒီည စားပွဲမှာ သူမချက်နိုင်အောင် တစ်ခုခုကို သူ စီစဉ်ရမယ်ဆိုပြီး သူ့ကိုခေါ်သတဲ့...။ ပြီးတော့ မိုင်းကိုင်စက္ကူလိပ်တစ်ခုကို သံကျည်တောက်ထဲ ထည့်ပြီး သူ့ကို ပေးထားသတဲ့...။ သေချာ သိမ်းခိုင်းသတဲ့...။
နောက်တော့ မီးဖိုထဲ ခဏ ၀င်သွားတယ်တဲ့...။ ကြာလွန်းလို့ သူ့အဖေကို သူမသင်္ကာတော့ ၀င်သွားကြည့်တော့ သတိလစ်နေတာ တွေ့ရသတဲ့...။ သူ့အဖေက သူ့လက်ကို ဓါးနဲ့ ခုတ်လိုက်တာ ဒဏ်ရာက သွေးထွက်လွန်ပြီး မေ့နေတာကို တွေ့ရတော့ ဆေးမှုးခေါ်ပြီး ဆေးကုပေးသတဲ့...။ ရန်သူ့အကြီးအကဲက ဟင်းချက်ဖို့ လာခေါ်တဲ့ တပ်သားတွေ တွေ့သွားပြီး သူတို့ အကြီးအကဲဆီ ဖြစ်ကြောင်းကုန်စင်ကို သတင်းပို့သတဲ့...။
အကြီးအကဲ အဲဒီ သတင်းကြားတဲ့ အခါ ဒေါသ အလွန်ထွက်သွားပါတယ်...။ စားတော်ကဲကို ဒဏ်ရာပျောက်ကင်းအောင် ကုသစေပြီး သတိပြန်လည်လာရင် ဟင်းချက်နည်း မရရအောင် မေးခိုင်းပြီး သူ့စားဖိုမှူးနဲ့ ချက်ခိုင်းမယ်လို့ အမိန့်ချတယ်...။
စားတော်ကဲလဲ ညဘက်ရောက်တော့ သတိရလာသတဲ့...။ ဖြစ်ကြောင်းကုန်စင်ကို သူပြန်သိရတော့ သူ့သားကို သံပုရာရည် တစ်ခွက် ဖျော်ခိုင်းတယ်...။ သူ့သားကို ဒီနယ်မှာ မနေစေပဲ ဝေးနိုင်သမျှ ဝေးဝေးကို ရှောင်ပုန်းစေတယ်...။ သူက ကျန်ခဲ့တာတဲ့...။ သားဖြစ်သူက အဖေမှာတဲ့အတိုင်း သံပုရာရည် ဖျော်ပေးတယ်...။ စားတော်ကဲက သူ့လည်ပင်းမှာ ဆောင်ထားတဲ့ ကြုတ်ကလေးကို ဖွင့်ပြီး အထဲက ဖြူဖြူမှုန့်တွေကို သံပုရာရည်ထဲ ထည့်လိုက်တယ်...။ ရေတွေ ခဏလောက်ဆူလာပြီးနောက် အရောင်လေး မဆိုစလောက် ပြောင်းသွားတာ တွေ့ရတယ်...။
အဲဒီနောက် စားတော်ကဲဟာ သူ့သားကို ခုပဲ အထုပ်အပိုးပြင်ပြီး ချက်ချင်းထွက်ပြေးဖို့ ခိုင်းသတဲ့...။ သူကတော့ လက်က ဒဏ်ရာကြောင့် မထူးတော့ဘူး သေတော့မှာပဲလို့ ပြောသတဲ့...။ အခုလဲ ဒဏ်ရာက အနာရှိန်ကြောင့် မခံနိုင်တော့ဘူးတဲ့...။ သူ့အရှင်မရှိတော့တဲ့ နောက်မှာ သူဘယ်သူ့ကိုမှ သစ္စာစောင့်သိစရာမလိုတော့တဲ့ အတွက် သူ့ဘ၀ကို ဒီမှာတင် တစ်ခန်းရပ်လိုက်တော့မယ်တဲ့...။ အခု ခွက်ထဲကို ထည့်လိုက်တာ အဆိပ်မှုန့်တွေ ဖြစ်တယ်...။ အဲဒါတွေကို သူသောက်ပြီး သူ့ကိုသူ အဆုံးစီရင်လိုက်တော့မယ်လို့ မှာတမ်းခြွေသတဲ့...။
သူ့ဖခင် ခံစားနေရတဲ့ ဝေဒနာကို မကြည့်ရက်လို့ မသောက်ပါနဲ့လို့ တားချင်ပေမယ့် ဒီနည်းဟာ
၁။) ရန်သူ့အပေါ် သစ္စာမစောင့်ချင်တဲ့ သူ့အဖေအတွက် ထွက်ပေါက်တစ်ခု ဆိုတဲ့ အချက်
၂။) လက်က ဒဏ်ရာဝေဒနာကို ခံစားနေရတဲ့ အဖြစ်ကနေ သက်သာစေနိုင်တာ ဒီထွက်ပေါက်တစ်ခုသာ ဖြစ်တယ်ဆိုတဲ့ အချက်
စတာတွေရယ်ကြောင့် သူဟာ သူ့အဖေ အဲဒီ သံပုရာရည် ကို သောက်တာကို မတားရက်တော့ပါဘူး...။
အဲဒီညမှာပဲ သူဟာ သူနေတဲ့ မြို့ကလေးကနေ ပုန်းရှောင်ထွက်ခွာလာခဲ့ပါတယ်...။ အခု နေနေတဲ့ နေရာမတိုင်ခင် အနယ်နယ်မှာ နေခဲ့ဖူးပေမယ့် ဒီနေရာရောက်တော့ အခြေချ နေထိုင်ဖို့ အဆင်အပြေဆုံး အနှောင့်အယှက်ရန်ကလည်း အကင်းဆုံး ဖြစ်တဲ့အတွက် ဒီမှာပဲ ခေါင်းချ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာတဲ့...။
သားထောက်သမီးခံများ မရှိဘူးလားလို့ မေးကြည့်တော့ နယ်တကာလှည့် ရှောင်တိမ်းနေရတော့ သံယောဇဉ် အမျှင်မတန်းမိအောင် သတိထားနေခဲ့တဲ့အတွက် အိမ်ထောင်မရှိဘူးတဲ့...။ သံကျည်တောက်ထဲက မိုင်းကိုင် စက္ကူလိပ်အကြောင်း သတိရလို့ မေးကြည့်တော့ နာမည်ကြီး ဟင်းအမယ် ၃ မျိုး ချတ်ပြုတ်နည်းကို ရေးထားတဲ့ စက္ကူဖြစ်ကြောင်း၊ အန္တရာယ် များလွန်းလို့ မီးရှို့ပစ်လိုက်ပြီလို့ ပြောပါတယ်...။
နှမြောမိတဲ့အတွက် မျက်နှာမကောင်းဖြစ်နေတဲ့ သူငယ်ချင်းကို အဖိုးကြီးမြင်တော့ ဒီလို အဖိုးတန် ပညာရပ်ကို သူလွယ်လွယ်ကူကူ မဖျက်ဆီးပစ်ပါဘူး... သူကိုယ်တိုင် နှုတ်ငုံဆောင်ပြီး ဦးဏှောက်ထဲ သိမ်းထားပါတယ်ဆိုပြီး ပြောပြပြပါတယ်...။ အလုပ် လုပ်ကိုင်စားသောက်တာလဲ မဟုတ်ပဲနဲ့ နေ့စဉ် စားသောက်ဖို့ ဘယ်လို စီစဉ်တာလဲဆိုတော့ သူ့အဖေ စားတော်ကဲကို အလွန် မြတ်နိုးလှတဲ့ စော်ဘွားဟာ သူမသေခင်မှာ သူ့ဘဏ္ဍာထိန်းကို စားတော်ကဲဖြစ်ဖြစ် သူ့ရဲ့ဆွေမျိုးသားရင်းထဲကပဲဖြစ်ဖြစ် သက်ရှိ ထင်ရှားရှိနေခဲ့ရင် တစ်နည်းနည်းနဲ့ ရအောင် ဆက်သွယ်ပြီး ထောက်ပံ့ကြည့်ရှုရမယ်လို့ မှာထားခဲ့တယ်တဲ့...။ ဘဏ္ဍာထိန်းလဲ မှာတဲ့အတိုင်း အခုထိ သူိ့ကု ထောက်ပံ့နေတဲ့အကြောင်း မြို့ပေါ် တစ်ပတ်တစ်ခါ မှန်မှန် တက်သွားတာလဲ အဲဒီအတွက် ဖြစ်ကြောင်း ပြောပြသတဲ့...။
တစ်လလောက် အဖိုးကြီးဆီ သွားသွားလည်တဲ့နောက် သူငယ်ချင်းဟာ ဟင်းချက်အတတ်ပညာကို အတော်လေး ရလာပါတယ်...။ နောက်ရက်တွေမှာ အချိန်တန်လို့ အိမ်ပြန်ကြတော့မယ်လုပ်တော့ အဖိုးကြီး ကိုယ်တိုင် လာနှုတ်ဆက်ပါတယ်..။ အဖိုးကြီးလဲ သူ့ကို သံယောဇဉ် ဖြစ်နေပါပြီ...။ မျက်ရည်အ၀ိုင်းသားနဲ့ သူ့ကို တိုးတိုးလေး နှုတ်ဆက်သတဲ့...။ သူ့အဖေထားခဲ့တဲ့ ပညာကို သူသေသွားရင် သေရွသာပါသွားမယ် ဆိုပြီး ဒီပညာရပ်ကို သူတိုရရဲ့ ရန်သူ အမျိုးအနွယ်တွေဆီ မရောက်ပါစေနဲ့...။ စားလဲမစားပါရစေနဲ့လို့ ကတိတောင်းပြီး သူငယ်ချင်းကို နှုတ်တိုက် ရွတ်ပေးသတဲ့...။ သူငယ်ချင်းလဲ ရေးမှတ်စရာ မပါတာနဲ့ ဒီအတိုင်း ဦးဏှောက်နဲ့ပဲ မှတ်ခဲ့ရသတဲ့...။
အခု အဆောင်မှာ ချက်ကျွေးတာတွေက အဖိုးကြီးဆီက သင်လာတဲ့ နည်းတွေအတိုင်း ဖြစ်သတဲ့...။ နာမည်ကြီး ဟင်း ၃မျိုးကိုတော့ အခုထိ ဘဏ္ဍာထိန်း အဖိုးကြီးကလွဲပြီး ဘယ်သူ့ကိုမှ ချက်မကျွေးရသေးတဲ့အကြောင်း၊ အခုတော့ ဘယ်သူမှလဲ မရှိတော့ ချက်ချင်တဲ့အကြောင်း၊ အရသာက ဘယ်လိုကောင်းတဲ့ အကြောင်း ပြောပြတော့ ကျွန်တော်တို့လဲ တိုက်တွန်းကြတာပေါ့...။ သူက ကျွန်တော်တို့ မျိုးရိုးများကို သေချာ စိစစ်မေးမြန်းပြီး သူကတိပေးထားတဲ့ အမျိုးအနွယ် မပါဘူးဆိုတာ သေချာမှ ချက်ကျွေးပါတယ်...။
သူချက်ကျွေးတဲ့ ဟင်းအမည်များ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်...။
၁။ မင်းကလေးငို ၀က်ပျိုပွင့်ကြော်။
၂။ ရွှေပြားခတ် ၀က်ပါးကြော်။
၃။ ဟန်မူရာကြော့ ထိုဖူးပျော့ကြော်။
တို့ ဖြစ်ပါတယ်...။ နန်းတွင်း အစားအစာများပေပဲ...။
ဝှီး...။ ဖြူး....။ မောသွားတာပဲ...။
ဒီနေ့ဟာဖြင့် အလုပ်သမားနေ့ ဖြစ်တဲ့ အတွက် လေဘာဒေးကို ဂုဏ်ပြုသောအားဖြင့် နေ့လည်စာကို အိမ်မှာ စပါယ်ရှယ် ချက်ပြုတ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်...။ (မနက်ကတည်းက ဟော်ကာစင်တာမှာ ဖက်ထုပ်ကြော်နဲ့ ချာပါတီ သွားတီးပြီး ပြန်လာကတည်းက ပြန်အိပ်နေတာ...။ ခုမှ ထလာတော့ ဗိုက်က ဆာလာတာ...။)
ရေခဲကြောင်အိမ်ထဲကို ဘာတွေ ၀ယ်ထည့်ထားသလဲဆိုတာ သွား check ကြည့်လိုက်ပါတယ်...။ ကိုယ့်ဟာ ဟုတ်မဟုတ်ကို အပြင်ရောက်နေတဲ့ အစ်ကိုကို လှမ်းကွန်ဖမ်းလုပ်ပါတယ်...။ ဟီး နမော်နမဲ့နိုင်ချက်ကတော့ အရင်က သူများဟာတွေကို တစ်ခါ သွားယူချက်မိလို့ တစ်ခါသေဖူးထားတော့ ပျဉ်းကတိုးသား ဘယ်လောက် ဈေးကြီးတယ်ဆိုတာ မှတ်သွားဖူးပါပြီ...။
ကြက်သား၊ ၀က်သား၊ ပဲစိမ်း၊ ပဲပင်ပေါက်၊ ဂျပန် ထိုဖူး အစရှိသဖြင့် အစရှိသဖြင့်...။ အင်း... တစ်ပါတ်လုံးလုံး အလုပ်လုပ်ထားတဲ့ ကိုယ့်ကိုယ်ကို စပါယ်ရှယ် ချက်ပေးလိုက်မယ်...။ စဉ်းစားထားတဲ့ ဟင်းအမယ်များကတော့ သူငယ်ချင်းဆီကနေ မေးထားတဲ့ ဟင်းအမယ်များပေါ့လေ...။ သူပြောထဲ့တဲ့ ချက်နည်းအတိုင်းပေါ့...။
လာလေရော့...။ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဂက်စ်ဖွင့်...။ တောက် ကနဲ မီးထ...။ လိုအပ်တာတွေ အကုန်လုပ်...။ ကိုယ့်ကိုယ်ကို အဆာပြေ ချက်ထားပေးတဲ့ ဒီစားသောက်ဖွယ်ရာလေးများကို တည်ခင်းပေးလိုက်ပါတယ်...။
ကဲ လာလေရော့... အပ်ချလောင်း...။
၁။ မင်းကလေးငို ၀က်ပျိုပွင့်ကြော်။
၂။ ရွှေပြားခတ် ၀က်ပါးကြော်။
၃။ ဟန်မူရာကြော့ ထိုဖူးပျော့ကြော်
မယုံရင် ပုံပြင်လို့ မှတ်ယူနိုင်ပါကြောင်း...။ :P
စမ်းသပ်ချက်
1 year ago
ရှေးရှေးခေတ်က စားဖိုမှူးကတော့ အသားကို အမှုန့်ဖြစ်အောင် တောက်တောက်စင်းနေတာနဲ့တင် ၂ရက်လောက်ကြာမယ်... ဒါကြောင့် စပါယ်ရှယ် အစာ ဖြစ်သကိုး... ဟီးးး ဒါကြောင့်လဲ လက်နာတော့ ချက်လို့ မရတာကိုး :P
ReplyDeletedid u really cook them? u dun even treat me :(
ReplyDeleteဟားဟား ဘာများလဲလို့  ဖတ်လိုက်ရတာ.. နောက်ဆုံးမှ နေ့ လယ်က ကြွားတဲ့ဟင်းတွေမှန်းသိတော့တယ်။ :P..
ReplyDeleteသြော်..ကြွားထားတာကိုး။
ReplyDeleteစားဖိုမှုးရဲ့ သံပုရာရည်သာ
ယူသောက်လိုက်ချင်တော့တယ်။ :P
ယုံရမှာလား။
ReplyDelete