Saturday, April 26, 2008

သိုဝ်ရှ၊ခေ်

တိတ်တဆိတ် နေတတ်တဲ့ ကိုယ့်ကို
သူတို့တစ်တွေရဲ့ မနာလိုခြင်း ဥခွံထဲ ထည့်ဖို့ ကြံနေလေရဲ့...။
အဆင်မပြေမှုတွေကို ကိုယ့်အိတ်ပေါက်ထဲ ထည့်မယ်တဲ့လား...။
ဒါဝင်တောင် လက်လျှော့သွားတာ ကြာရော့...။
အမောင်က ဘာတဲ့တုန်း...။

ဟိုးတစ်ဘက်က သတင်း/အတင်းစကားတွေကို
ဒီဘက်ရောက်အောင် သယ်လာကြ...။
ဝါယာကြိုးတစ်တွေရဲ့ ဟိုးအစွန်းနှစ်ဘက်ဆီမှာ
မုသားတွေ စွန်းပေနေတဲ့
လံထော်ထော် ထူအမ်းအမ်း နှုတ်ခမ်းအစုံတွေကို ကိုယ်မြင်နေရရဲ့...။

ဟန်ဆောင်မှုတွေနဲ့ ဖုံးလွမ်းနေတဲ့ မျက်နှာဖုံးတွေ တပ်ပြီးတော့
ကိုယ့်ကို လိမ်ညာမှု သွေးစက်တွေနဲ့ ပေကျံနေတဲ့ လျှာအပြားလိုက်နဲ့
အရောင်အဆင်းမဲ့ စကားလုံးတွေကို ပလုံးပထွေး အန်ချပြနေလေရဲ့...။

သူတို့တစ်တွေရဲ့ လက်ဖမိုးကမှ အမှန်
ကိုယ်တွေ မြင်နေတဲ့ လက်ဖ၀ါးက စာမတင်ထိုက်ဘူး ဆိုပြီး
သူ့ထက်ငါ အလုအယက် ဈေးကွက်ခင်းနေလေရဲ့...။

အဟက်...။
မာယာတွေ မသုံးတတ်ရင် ကိုယ့်ဆီ လာသင်ကြားလှည့်...။
အစွယ်တွေ လက်သည်းတွေ ၀ှက်ထားခဲ့တာကြာရော့...။
နေမင်းကြီးကို အန်မတုဖူးဘူး...။
မိုးမင်းကြီးကို ဖက်မပြိုင်ခဲ့ဘူး...။
ဆောင်းကို မတွန်းလှန်ခဲ့ဘူး...။
တောင်တွေကို မဖြိုခဲ့ဖူးဘူး...။

လိုအပ်လာရင်တော့
တောဘုရင်ကို အန်တု ရင်ဆိုင်ရမှာပဲ...။
သားရဲတွင်းထဲ ခုန်ချသင့်ရင် ခုန်ချရမှာပဲ...။

သံချောင်းတော့ မဟုတ်ဘူး...။
ကိုနန္ဒလဲ မဟုတ်ဘူး...။
ရွှေဘလဲ မဟုတ်ဘူး...။

ကိုယ်ဟာ ဖုန်တွေတက်နေတဲ့
ပိုင်ရှင်မဲ့
ဓါးအိမ်ထဲက အသွားတွေ တုံးမတတ်
ခုတ်ထစ်နေခဲ့ရတဲ့ ဓါးတစ်ချောင်းသာ ဖြစ်ခဲ့တယ်...။
(မိုးညို့ရင် လေးတွေ ညို့မယ်လို့ ပြောဖူးတဲ့ ခါတော်မီသားရေ... ငါလာပြီ....။)

1 comment:

  1. သံချောင်းတော့ မဟုတ်ဘူး...။
    ကိုနန္ဒလဲ မဟုတ်ဘူး...။ ...ဆိုတော့...ဧကန္တ စက်လှေပိုင်ရှင် ဦးဘရန် ဖြစ်ရမယ်။

    ReplyDelete