ကျိုင်းတုံ ၀က်သားလုံး ခေါက်ဆွဲ
ဒီတစ်ခေါက်တော့ ကျိုင်းတုံမြို့ရဲ့ နာမည်ကြီးတဲ့ အစားအစာ တစ်မျိုးကို တင်ပြမှာ ဖြစ်ပါတယ်...။ အားလုံး သိကြတဲ့ အတိုင်း အသားလုံး ခေါက်ဆွဲဆိုတာ အစဉ်အဆက် အမဲသားနဲ့သာ ပြုလုပ်ခဲ့ကြပါတယ်...။ ဒါ့ကြောင့် အသားလုံး ခေါက်ဆွဲလို့ ပြောရင် မျက်စိထဲ ပြေးမြင်မိကြတာကတော့ အမဲလုံးခေါက်ဆွဲပါပဲ...။
ဒါပေမဲ့လဲ တစ်ချို့သောသူတွေဟာ အမဲသားကို သုံးဆောင်ခြင်းမပြုတဲ့ အတွက် အမဲလုံး ခေါက်ဆွဲအရသာကို မသိကြတော့ပါဘူး...။ အမဲသား မစားပေမဲ့ အမဲလုံးခေါက်ဆွဲ ပန်းကန်ကို ကြည့်ပြီး သွားရည်ကျခဲ့သူတွေ ရှိကောင်း ရှိပါလိမ့်မယ်...။ အဲဒီထဲမယ် ခေါက်ဆွဲလုပ်ရောင်းသူတွေ ကိုယ်တိုင်လဲ ပါကောင်းပါခဲ့လိမ့်မယ်...။ ဒါမှမဟုတ် ၀က်သားပဲ စားသုံးတဲ့သူတွေက အမဲလုံးခေါက်ဆွဲ ရောင်းချတဲ့သူထံကို ၀က်သားလုံး ခေါက်ဆွဲပါ ရောင်းဖို့ အကြံပြုချင် ပြုခဲ့ကြပါလိမ့်မယ်...။
ဆိုတော့ တိုးတက်လာတဲ့ ဈေးကွက် စီးပွားရေးအရ အမဲလုံးခေါက်ဆွဲရောင်းချသူဟာ ၀က်သားစားသုံးသူ ဈေးကွက်ကို ရယူနိုင်ဖို့ ကြိုးစားခဲ့ကြပါလိမ့်မယ်...။ အမဲလုံးကို လုပ်ရတာ လွယ်ပါလိမ့်မယ်...။ ဒါ့ကြောင့် ၀က်သားလုံးဆိုတာ အရင်မပေါ်ခဲ့ပဲ အမဲလုံးခေါက်ဆွဲပဲ ပေါ်ခဲ့တာပဲကြည့်ပါလား...။ အသီးမှာ သရက်၊ အသားမှာ ၀က် လို့ ဆိုရိုး စကား ရှိခဲ့ပေမယ့် ၀က်သားလုံး ခေါက်ဆွဲ နောက်မှ ပေါ်ခဲ့ရခြင်းဟာ ၀က်သားလုံး လုပ်ရခက်လို့ များလား ဆိုတဲ့ အတွေး ပွားစေပါတယ်...။ ထားပါလေ...။ ဒါကို စိတ်ဝင်စားတဲ့ နောင်လာနောက်သားများ ဆက်လက် စူးစမ်းနိုင်အောင် ချန်ထားပေးလိုက်မယ်...။ ဆိုလိုရင်းကို ပြန်သွားလိုက်ရအောင်...။
ဘယ်ရောက်သွားပါလိမ့်...။ အော်... ၀က်သားလုံး ဈေးကွက် ချဲ့ထွင်ရေး...။ အဲ.. အဲဒီ ဈေးကွက် ချဲ့ထွင်ရေးမှာ ၀က်သားကို ၀က်သားလုံး ဖြစ်အောင် ရှေးလူကြီးများ အတော် ကြိုးစားခဲ့ရမယ် ထင်ပါတယ်...။ ဘယ်လို ထွင်တာလဲတော့ မသိ...။
ဒါပေမဲ့ ၀က်သားလုံး ဖြစ်ဖြစ်၊ အမဲလုံး ဖြစ်ဖြစ် သူ့ကို လုပ်တော့မယ်ဆိုရင် အရင်ဆုံး အသားချည်းပဲ ပါတဲ့ အပိုင်းကို သီးသန့် ရွေးရပါလိမ့်မယ်...။ အဲဒီနောက် အဲဒီ အပိုင်းကို ရေစင်စင်ဆေးပြီး လူတစ်ထိုင်စာလောက် မြင့်တဲ့ စဉ်းနှီးတုံးပေါ် တင်ပြီး လေးထောင့်သံတုတ်နဲ့ တစ်ဒုန်းဒုန်း ရိုက်ရပါတယ်...။ ခုတ်တာ မဟုတ်ဘူးနော်...။ အသားတွေ ကျေသွားအောင် သံတုတ်နဲ့ ရိုက်ရတာ...။
အသားတွေ အားလုံးကျေသွားပြီ.. သမသွားပြီဆိုမှ ရလာတဲ့ အသားကျေတွေကို လက်ဆုပ်ထဲထည့်... ထည့်ပြီင်္းတော့ မုန့်လုံးရေပေါ်လုံးသလို အလုံးလေးဖြစ်အောင် ညှစ်... လက်ညိုးနဲ့ လက်မကြား ညှစ်လို့ ထွက်လာတဲ့ အသားလုံးကို ဇွန်းနဲ့ ကော်ကော်ပြီး ရေပွက်ပွက်ဆူနေတဲ့ အိုးထဲ ထည့်ပြုတ်ရပါတယ်...။
လွယ်မယောင်နဲ့ ခက်တဲ့ အလုပ်ပါ...။ အသားရိုက်တဲ့သူတွေဆို သူတို့ လက်မောင်းတွေဟာ အသားတွေ ရိုက်ရလွန်းလို့ သာမာန်လူတွေထက် ကြီးမားတာကို တွေ့ရပါလိမ့်မယ်...။ အသားလုံးဖြစ်အောင် ညှစ်တဲ့နေရာမှာလဲ အချိန်အဆ လိုပါတယ်...။ နို့မဟုတ်ရင် အသားလုံး ဖြစ်မလာပဲ.... ကြက်ဥလိုလုံးတဲ့ အသားလုံး၊ ချွန်ရှည်ရှည်နဲ့ အသားလုံးရှည် စသဖြင့် ကမောက်ကမ ပုံစံတွေ ထွက်လာပါလိမ့်မယ်...။ အစားအစာ စားသောက်ရာမှာ လျှာက ချို၊ချဉ်၊ငန်၊စပ်၊ဖန်၊ခါးဆိုတဲ့ အရသာကို လျှာထိပ်ဖူးက ရသာအာရုံနဲ့တင် ခံစားတာ မဟုတ်ပဲ အထိအတွေ့အာရုံ ဖြစ်တဲ့ ဖောဌဖ(စာလုံးပေါင်း မှားယွင်းနိုင်သည်) အာရုံနဲ့ပါ အသားနူးညံ့မှု ရှိမရှိ ဆိုတာ ခံစားပါတယ်...။ ဒါ့အပြင် မျက်စိအကြည်ဓါတ်က မြင်တွေ့နိုင်စွမ်းပေးတဲ့ စက္ခုအာရုံနဲ့ အစားအသောက်၏ ရှုချင်စဖွယ်ဖြစ်ခြင်း၊ စားချင်စဖွယ် ဖြစ်ခြင်း တို့ကို ခံစားလိုက်ပါသေးတယ်...။ နှာခေါင်းကနေလဲ ရတဲ့ ဂနာအာရုံနဲ့ အနံ့ကို ခံစားလိုက်သေးတယ်...။ ဒါ့ကြောင့် ဂျပန်တို့ဟာ အစားအသောက်ကို တည်ခင်းတဲ့ ပညာသတ်သတ် ထွင်ထားတာ ရှိပါတယ်...။ (ဥပမာ - လက်ဘက်ရည်ဝိုင်းတွင် လက်ဘက်ရည်ငှဲ့ခြင်း အနုပညာ...။) ထားပါလေ...။ မူရင်းကို ပြန်ဆက်ကြစို့...။
ကျိုင်းတုံမြို့မှာတော့ အဆိုပါ အသားလုံးခေါက်ဆွဲဆိုင်များကို ကျိုင်းတုံမြို့မဈေးအတွင်းမှာ မနက်တိုင်း ရောင်းချနေသလို ကန်နား၊ နွဲ့နော၊ ဈေးတန်းကြီး၊ ပါလျံ စတဲ့ ရပ်ကွက်က အိမ်ဆိုင်တွေမှာလဲ ညပိုင်းအထိ ရောင်းချနေကြပါတယ်...။ ဈေးထဲကတော့ မနက်ခင်း လတ်လတ်ဆတ်ဆတ် အသားတွေကို ချက်ချင်းရိုက်၊ ချင်ချင်းလုံးပြီး ရောင်းတဲ့အတွက် ပိုပြီး လတ်ဆတ်မှု ရှိပါတယ်...။ မြို့မဈေးထဲကို မနက်ခင်း သွားလည်မိလို့ ခေါက်ဆွဲဆိုင်တန်းဖက် လျှောက်မိရင်ဖြင့် တစ်ဒုန်းဒုန်းနဲ့ အသားရိုက်သံတွေကို ကြားရပါလိမ့်မယ်...။
လောလောဆယ် ကျွန်တော် အကြိုက်တွေ့မိတဲ့ ၀က်သားလုံး ခေါက်ဆွဲဆိုင်ကတော့ မြို့မဈေး အရှေ့ဘက် မိန်းဝင်ပေါက် (မြို့တော် စည်ပင်ခန်းမဘေးက အပေါက်) ရဲ့ ၀င်ဝင်ချင်း ညာဘက်တန်း ခေါက်ဆွဲဆိုင်တွေထဲက ပါနွဲ့ခေါက်ဆွဲဆိုင်ပါပဲ...။ ဆိုင်းဘုတ်တပ်မထားပါဘူး...။ အရပ်ပုပု ခပ်ဖိုင့်ဖိုင့် အသားဖြူဖြူနဲ့ အန်တီကြီးဟာ ပါနွဲ့ပါပဲ...။ မိသားစု တစ်နိုင် ခေါက်ဆွဲဆိုင် ဆိုပေမဲ့ အားပေးတဲ့သူ တစ်ပုံကြီးပါ...။ တစ်မြို့တစ်နယ်က လာရောက်လည်ပတ်သူများ ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူချင်းဆောင် ကြားရပြီး တစ်ခုတ်တစ်ရ လာစားကြသလို အဝေးရောက် မြို့သူ/မြို့သားများလဲ တစ်ခါ တစ်ခေါက် အိမ်အပြန်ဖြစ်ဖြစ် အလည်ရောက်ခဲ့ကြရင် တစ်ကူးတစ်က သွားစားကြတဲ့ ဆိုင်ကလေးပါ...။ ထိုင်ဖို့ နေရာအတွက် လူများရင် နည်းနည်း စောင့်ပေးရတဲ့ သဘောမှာ ရှိပါတယ်...။ ဈေးနှုံးကတော့ သာမာန် ၀က်သားလုံးခေါက်ဆွဲ တစ်ပွဲကို ၈၀၀ ကျပ်ပါ...။ ၀က်သားလုံး ပိုထည့်မယ်ဆိုရင်တော့ ၁၀၀၀ ကျပ် ကျသင့်ပါလိမ့်မယ်...။ ၂၀၀၈ ခုနှစ် မတ်လပိုင်းက ဈေးနှုံးပါ...။ ၀က်သားဈေး အတက်အကျပေါ်မူတည်လို့ ဈေးနှုံး အပြောင်းအလဲ ရှိနိုင်ပါတယ်...။ ကိုးနာရီနောက်ပိုင်း ရောက်သွားရင်တော့ ၀က်သားလုံး ကျန်ချင်မှာ ကျန်ပါလိမ့်မယ်...။ အာမ မခံနိုင်ပါကြောင်း....။ ကျွန်တော် ရောက်ဖြစ်တုံးကဆို မနက်တိုင်း ၇ နာရီဆို အဲဒီဆိုင် ရောက်နေပြီ...။ (မည်သည့် ကြော်ငြာခမှ မရပါ...။ အရသာကောင်းသဖြင့် ညွှန်းရခြင်း ဖြစ်ပါတယ်...။)
စမ်းသပ်ချက်
1 year ago
ကိုဘွိုက်ဇ်
ReplyDeleteခေါက်ဆွဲပန်းကန်ထဲက ဟင်းရည်ကို မြင်ရတာကတော့ ဒီ Jurong Point သုံးထပ်က Food Court က Shanghai Delights ဆိုတဲ့ ခေါက်ဆွဲဆိုင်က အမဲသားခေါက်ဆွဲပြုတ် ကို သတိရစေတယ်။ အဲသည်မှာကတော့ အသားလုံးတော့ မဟုတ်ဘူးပေါ့လေ။ သို့သော် အမဲသားကို ပါးပါးလွှာလွှာလေးတွေ လှီးထည့်ထားတယ်။ ခေါက်ဆွဲက မှာတဲ့အချိန်ကျမှ လက်နဲ့ ဆွဲပေးလိုက်တဲ့ Handmade Noodle ပေါ့။ အရည်က ဓါတ်ပုံထဲမှာ မြင်ရတဲ့ ကိုဘွိုင်းဇ်ရဲ့ ခေါက်ဆွဲအရည်နဲ့ တော်တော်ဆင်တယ်။ အသားဖတ်ကလေးတွေကို တူနဲ့ ညှပ်ပြီး ပေးထားတဲ့ ငရုတ်သီးအစပ်နဲ့ တို့တို့စားလိုက်ရင် ကျိုင်းတုံမှာ ကျန်ခဲ့တဲ့ ဆွေမျိုးတွေကို မေ့သွားလိမ့်မယ်။
တခါတခေါက် ကြုံကြိုက်လို့ Jurong Point ကို ရောက်ရှိတဲ့အခါ မြည်းစမ်းနိုင်ဘို့ လမ်းညွှန်လိုက်ပါတယ်။ အမဲသားစားတယ်ဆိုရင်ပေါ့လေ။
ကျိုင်းတုံအမဲလုံးခေါက်ဆွဲမစားရတာကြာပြီ၊ ၉၆ တုန်းက တောင်ကြီးဘဏ်အနောက်လမ်းကြားဆိုင်မှာ စားတာနောက်ဆုံးဖြစ်မယ်ထင်တယ်။ ကျိုင်းတုံမှာလို တော့မကောင်းဘူး...
ReplyDeleteအာလိုလို.. ရှလွတ်..
ReplyDeleteဒီလိုလုပ်တာဘယ်ကောင်းမလဲ၊ ဗိုက်ကဆာရတဲ့အထဲ၊ ပုံလေးတွေကြည့်ကြည့်ပြီး ပိုဆာလာတယ်။ မြို့မဈေးဝင်ပေါက်က ထင်သလောက်မကြီးဘူးပဲကိုး၊ ကျနော်စိတ်ထဲမှာ တော်တော်ကျယ်တယ်ပဲ ထင်နေတာ၊ အခုကြည့်တော့ သေးသေးလေးရယ်။ လွမ်းစရာကြီးဗျာ။ အမဲလုံးကို လက်နဲ့ပြွတ်ခနဲ ပြွတ်ခနဲ ညှစ်နေကြတဲ့မြင်ကွင်းကို မြင်ယောင်မိတယ်၊ လွမ်းတယ်ဗျာ။