Tuesday, April 8, 2008

ကျိုင်းတုံဒေသထွက် အစားအစာများ - ၁

ခရီးထွက်နေရလို့ ဘလော့ဂ်ကြွေးတွေ တင်တာများနေပြီ ထင်တာပဲ...။ ဘလော့ဂ်ကြွလာ မိတ်သဟာများ နေကောင်းကြပါရဲ့နော်...။ လာလာကြည့်ပြီး ပို့စ်အဟောင်းပဲ ဖတ်ဖတ် ပြန်သွားရတဲ့ မိတ်ဆွေများကို အားတုံ့အားနာ ဖြစ်မိပါရဲ့...။ အဲဒီအတွက် တင်နေတဲ့ အကြွေးများကို တစ်ဖြည်းဖြည်းချင်း ပြန်ဆပ်သွားပါမယ့်အကြောင်း ကြိုပြောလိုက်ပါမယ်...။ (အချိန် လစ်မစ် ထည့်မရေးထားတာ တွေ့တယ်နော်...။ ဟဲဟဲ...။)

ပုံလေးတွေ အဆင်သင့် ရှိနေတော့ စားသောက်ဖွယ်ရာနဲ့ ဆိုင်ရာများကို တင်လိုက်ပါတယ်...။ ကျိုင်းတုံဒေသထွက် ရိုးရာ စားသောက်ဖွယ်ရာနဲ့ အထင်ကရ အစားအသောက်များ ဖြစ်ပါတယ်...။ အောက်ကပုံတွေမှာ ၀င်ရောက် စားသုံးနိုင်ပါတယ်...။

၁။ မဲ့ (ဒေသအခေါ်အဝေါ်)



ဝါးထဲမှာ နေတတ်တဲ့ အကောင်တွေလို့ သိရပါတယ်...။ ခူလိုလို ဘောက်ဖတ်လိုလို အကောင်တွေပေါ့...။ ဆောင်းအကုန် နွေအကူးကာလတွေမှာ ဒီအကောင်တွေ ပေါ်တတ်ပါတယ်...။ သူတို့ကို ဆီပူလေးနဲ့ ကြွတ်နေအောင် ကြော်ပြီး ရေနွေးကြမ်းလေးနဲ့ တွဲဖက် သုံးဆောင်ရပါမယ်...။ ယမကာလုလင်များတော့ သူရာရည်လေး တစ်မြမြနဲ့ပေါ့...။

အရသာက ဆိမ့်တိမ့်တိမ့်လေးနဲ့...။ သွေးတိုးတတ်သူများ များများ စားလို့ မသင့်ပါ...။ တစ်ချို့ဆို တစ်ကောင်လေးပဲ မြည်းတာကို သွေးတက်တယ်.. နောက်ကြောတက်တယ်ဆိုပြီး ညည်းကြတယ်...။ တစ်ချိုကျတော့ တစ်ပန်းကန်လုံးကုန်အောင် စားလဲ ဘာမှ မဖြစ်တာ တွေ့ရပါတယ်...။ (ကျွန်တော့်လိုပေါ့...)
အခုနေခါမှာ ၅၀၀ ဂရမ် အလေးချိန်ရှိတဲ့ မဲ့ကို မြန်မာကျပ်ငွေ ၄၀၀၀ လောက် ရှိပြီလို သိရပါတယ်...။ အဲဒီပန်းကန်ထဲက မဲ့ လေးတွေကတော့ ၂၀၀၀ လောက်တော့ ရှိမယ်ထင်တာပဲ...။ စားကောင်းတယ်ဗျို့...။

၂။ ကျိုင်းတုံ ၀က်အူချောင်း (အစစ်အမှန်)



အရင်တစ်ခါက ဂိုးဒဲန်းမိုင်း ယိုးဒယားဈေးက ဇင်းမယ် ၀က်အူချောင်းလို နနွင်းမှုန့်နံ့ နံတဲ့ ၀က်အူချောင်း မဟုတ်ပါ...။ ကျိုင်းတုံမြို့ထွက် မြို့မဈေးထဲက မနက်ခင်းမှာသာ ရောင်းတတ်တဲ့ ၀က်အူချောင်း ဖြစ်ပါတယ်...။ မန်းလေး၊ ရန်ကုန်ကလူတွေ သိတဲ့ တရုတ် ၀က်အူချောင်းတွေလို သကြားချို ချိုတာ မဟုတ်တဲ့ အရသာနဲ့ပါ...။

ဝက်သားထဲက သုံးထပ်သားလိုမျိုးကို တောက်တောက်စင်းပြီး ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့် စတာတွေနဲ့ သေချာစွာ နယ်ထားပြီး ၀က်အူထဲကို ညဦးပိုင်းကတည်းက သွတ်ပြီး ဈေးသွားခါနီး မနက် ၃-၄ နာရီလောက်မှာ အိမ်ကနေ ဆီနိုင်နိုင်နဲ့ ကြော်လာရောင်းတဲ့ လတ်ဆတ်တဲ့ ဒေသထွက် စားစရာ ဖြစ်ပါတယ်...။

ပုံထဲက အနေတော် အရွယ်အစားလောက်က တစ်ချောင်းကို ၅၀၀-၇၀၀ လောက် အစားစား ရှိပါတယ်...။ နာမည်ကြီး၊ အရသာကောင်းမွန်မှု စတာတွေ အပေါ် မူတည်ပြီးတော့ပေါ့...။ ရန်ကုန်မှာ မိုဟွမ် ၀က်ခေါက်ကြော်ထုပ် ထုတ်လုပ်ရောင်းချနေတဲ့ မိသားစုတွေရဲ့ အမေ “နိုင်းရယ်” လုပ်တဲ့ ၀က်အူချောင်းဆို နာမည်ကြီးပါတယ်...။ “နိုင်ရယ် ဆိုက်လောက်ဖစ်” ဆိုပြီး နာမည်ကြီးပါတယ်...။ (ပြောရင်းနဲ့ စားချင်လာပြီး ရှလွတ်...။)

၃။ ခါချဉ်ဥ (ခ',မူတ်းသူမ် / ခ',င်္မင်းမူခေ်း)

တောင်လေပူပူတွေ တိုက်တတ်တဲ့ နွေရာသီမှာ ပေါ်တတ်တဲ့ ရာသီပေါ် စားသောက်ဖွယ်ရာ ဖြစ်ပါတယ်...။ ခါချဉ်ကောင်လေးများရဲ့ ဥတွေ ဖြစ်ပါတယ်...။ ခါချဉ်အုံတွေကို တုတ်နဲ့လိုက်ထိုးပြီး ခါချဉ်တွေ ကုန်မှ သူတို့ အသိုက်ကို ဖြုတ်ပြီး ဖက်နဲ့ထုပ် လာရောင်းတတ်ပါတယ်...။

သင်္ကြန်နားနီးလာပြီဆို ကျိုင်းတုံမှာ အရင်က ထုံးစံအတိုင်း ဈေးဟောင်းနေ့ (ကတ်ကောင် = ဂ၊တ်,ဂ၊၀်,)ဆိုပြီး အရင်က ဈေးဟောင်းနေရာမှာ ဈေးဆိုင်တွေ တည်ပြီး ရောင်းချကြပါတယ်...။ သင်္ကြန်မတိုင်ခင် ရက်တွေရဲ့ ကတ်လိနေ့မှာ လာရောင်းကြပါတယ်...။ အဲဒီနေ့မှာ ခါချဉ်ဥတွေ ကွာလတီကောင်းတာလေးတွေ ရတတ်ပါတယ်...။ (ဈေးနေ့တွေအကြောင်း သီးခြား ရေးပြပါ့မယ်...။) ခံတက်ချဉ်နဲ့ မွေပြီး စားရပါတယ်...။ အဲဒီနေ့မှာ စားရင် ဆေးဘက်ဝင်တယ်ဆိုလား မသိ ပြောသံ ကြားဖူးပါတယ်...။ (တန်ဆောင်မုန်းလပြည့်ညမှာ မယ်ဇလီဖူးသုပ် စားကြသလိုပေါ့...။)

ဈေးနှုန်းကတော့ တစ်ထုပ်ကို ဟင်းတစ်ခွက်စာလောက် ရှိတဲ့ အထုပ်ကို ၂၀၀၀ လောက် ပေးရပါတယ်...။ ဥတွေ များသလား မမေးနဲ့...။ ပဲကြီးလှော် ပုံစံ ဖြူဖြူဥတွေအပြင် ခါချဉ်ကောင်လောင်း ဖြူဖြူလေးများပါ အဆစ်ပါလိုက်သေး...။ ဥတွေ ကိုက်လိုက်ရင် တစ်ထောက်ထောက်နဲ့ ဆိမ့်နေတာပဲ...။ ဆိမ့်နေတာလေးကို ခံတက်ချဉ်က ၀င်ဝင်ဖြည်ပေးတော့ သွေးမတက်ဖူးပေါ့...။

ကျိုင်းတုံဈေးနေ့များအကြောင်း။
ကျိုင်းတုံမှာ ဟိုးအရင် စော်ဘွားခေတ်ကဆို ငါးရက်တစ်ဈေး ဆိုပြီး ဈေးနေ့လေးတွေ ရှိပါတယ်...။ ကတ်လိ ၊ ကတ်ထိုက်၊ ကတ်ကောင်၊ ကတ်လုံ၊ ကတ်အွန် (ဂ၊တ်,လီး၊ ဂ၊တ်,ထ'၊;၊ ဂ၊တ်,ဂ၀်,၊ ဂ၊တ်,လူင်၊ ဂ၊တ်,ကွခေ်,)စသဖြင့်ပေါ့...။ ကတ်လိ ဆို ဘယ်ရွာမှာပဲ ဈေးဖွင့်တယ်... ကတ်ထိုက် ဆို ဘယ်ရွာမှာပေါ့လေ...။

အဲ ... ငါးရက်မြောက်ဈေးနေ့ကတော့ ဈေးကြီးနေ့ (ကတ်လုံ) လို့ သတ်မှတ်ပြီး ကျိုင်းတုံမြို့ပေါ်က ဈေးမှာ ရွာနီးချုပ်စပ်က ဈေးသည်တွေ အားလုံး လာရောက် ရောင်းချကြပါတယ်...။ အဲဒီနေ့မှာ ၀ယ်ခြမ်းချင်တာတွေ စုံစုံလင်လင် ရရှိနိုင်ပါတယ်...။ အခု ဟိုခုံလို့ ခေါ်တဲ့ နေရာ (ကျိုင်းတုံဟော်နန်း ဘေးနားက ကလေးကစားကွင်း လုပ်ထားတဲ့ နေရာ) မှာ ဈေးကြီးနေ့ကို ရောင်းဝယ်ဖေါက်ကားကြပါတယ်...။

ခုထိလဲ ရွာနီးချုပ်စပ်က အဲလိုပဲ ရောင်းဝယ်နေကြတုန်းပါပဲ...။ အရင် ဈေးကြီးနေ့တွေတုန်းက တည်ခင်းရောင်းချနေတဲ့ နေရာလေးကတော့ ခုခေတ်မှာ စည်ပင်က နေရာရွှေ့လိုက်တော့ အခုလက်ရှိ မြို့မဈေးနေရာ ဖြစ်သွားတာပေါ့...။

ကျိုင်းတုံဟော်နန်းဆိုတာ မသိသူများ အခု အဲဒီဟော်နန်းနေရာမှာ ဟော်နန်းကို ဖျက်ပြီး ဆောက်ထားတဲ့ ကျိုင်းတုံဟိုတယ်ကိုတော့ သိကြမှာပါ...။ (စကားမစပ်။ ။ အဲဒီ ကျိုင်းတုံ ဟော်နန်းက ရှမ်းပြည်တစ်ကြောမှာ အလှဆုံး၊ ခမ်းနားကြီးကျယ်မှု အရှိဆုံးနဲ့ အကြီးဆုံးလို့ သိရပါတယ်...။ ဓါတ်ပုံကတော့ မလွယ်သေးလို့... အဆင်သင့်ဖြစ်မှ တင်လိုက်ပါမယ်...။)

ဆက်ရန်

2 comments:

  1. သြော်…သူလည်း အစားသမားဘဲကိုး။ ဒါကြောင့် တီဇက်အေနဲ့ တတွဲတွဲနေတာဖြစ်မယ်။

    ReplyDelete
  2. ဒုကခ...။ သူနဲ့က အပြင်မှာ တစ်နှစ်နေလို့ တစ်ခါ မတွေ့ဘူးရယါ...။ ကိုပေါရယ်...။ :)

    ReplyDelete