တစ်ရံရောဆီ အခါက မိုးတို့သည် ကောင်းကင်ပေါ်မှ ခုန်ပေါက်ကျဆင်းဖူးသည်...။ (အခုတော့ မြေကြီးပေါ်ကနေ မိုးပေါ် ထိုးတက်နေလို့လား ဟု ရွဲ့မမေးကြရန်...)
မိုးကောင်းကင်ကို မော့ကြည့်ရင်း မျက်နှာပေါ်သို့ တစ်ပေါက်ချင်းစီ ကျခဲ့ဖူးသော မိုးစက်ငယ်ကလေးများကို ငတ်မွတ်ဖူး၏။ (မင်းကွာ အိမ်မှယလဲ ရေသန့်တွေ သောက်လို့ ရရဲ့သားနဲ့ ဟုမရွဲ့ပါနှင့်...။ ကိုယ့်ခံစားချက်နဲ့ ကိုယ်ပါ...။)
မိုးရေစက်များ စုပေါင်း၍ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းလာသော မြေပြင်ပေါ်မှ ရေစီးကြောင်းကလေးများ တစ်ဖြည်းဖြည်း အိုင်ထွန်းလာသည်ကို ငေးကြည့်ဖူး၏။ (အရသာရှိတယ်မောင်....။ )
စုစည်းမိသော ရေပမာဏများ တိုးတက်များပြားလာသောအခါ မူရင်းနေရာမှ ပိုမို၍ နိမ့်လျောသော နေရာသို့ ရွေ့မျောကြပြန်လေသည်...။ ထိုအခါ တစ်အီအီ လိမ့်ဆင်းနေသော ရေစီးကြောင်းတစ်ခု စတင် ဖြစ်ပေါ်လာလေသည်....။
ထိုရေစီးကြောင်းပေါ်သို့ ကောင်းကင်ထဲမှ မိုးစက်မိုးပေါက်များ ခုန်ဆင်းထိမှန်ရာမှ ရေပူစီဖေါင်းလေးများ ဖြစ်ပေါ်လာလေရာ ရေပလုံစီလေးများသည် ရေစီးကြောင်းအတိုင်း လိုက်လံမျောပါကြကုန်လေ၏။
မိတ်ဆွေ...။
အဆိုပါ ရေပလုံစီ ပူဖေါင်းလေးများ၏ သက်တမ်းကို တွက်ဆမိပါသလော....။
အဆိုပါ ရေပလုံစီ ပူဖေါင်းလေးများသည် ရေစီးကြောင်းတစ်လျှောက် အဘယ်မျှလောက် ခရီးနှင်နိုင်ပါမည်နည်း...။
အချို့သော ပူဖေါင်းကလေးများသည် စတင်ဖြစ်ပေါ်ချင်း ခဏ၌ပင် အပေါ်မှ ခုန်ဆင်းလာသော အခြားသော မိုးစက်မိုးပေါက်မှ လွင့်စင်ထိမှန်မှုကြောင့် ဇီဝိန်ချုပ်ရရှာ၏။ ပူဖေါင်းသက်တမ်းစေ့အောင်ပင် မနေရရှာပေ...။
အချို့သော ပူဖေါင်းများသည် ခရီးအကွာအဝေးတစ်ခုအထိ ရောက်ခါမှ မိုးစိက်ထိမှန်မှုကြောင့် ဖေါက်ကနဲ ကြွေလွင့်ရရှာ၏။
အချို့သော ပူဖေါင်းများသည် အရှေ့အနောက် တန်းစီ မျောပါသွားရင်း တစ်နေရာတွင် ရေစီးတန့်နေပါက အတူတူ ပူးပေါင်းမိကာ ပူဖေါင်း စုံတွဲလေးများ ဖြစ်သွားလေ့ရှိ၏။
အဆိုပါ ပူဖေါင်းစုံတွဲများအနက်မှ အချို့သော ပူဖေါင်း စုံတွဲများသည် ဆက်လက်၍ ခရီးနှင်ကုန်၏။
အချို့သော ပူဖေါင်းစုံတွဲများသည်ကား ပေါင်းမိမိခြင်း တစ်ခဏတွင်ပင် ပေါက်ကွဲလေ၏။ အချို့သော ပူဖေါင်း စုံတွဲများသည် ခရီးအကွာအဝေး တစ်ခု အထိ အတူတူ ခရီးနှင်ခဲ့ပြီးခါမှ ပေါက်ကွဲသွားတတ်၏...။
အချို့သော ပူဖေါင်းစုံတွဲများသည်ကား ပြန်လည် ကွဲကွာသွားကြကာ တစ်သီးတစ်ခြားစီ ခရီးနှင်ကြလေ၏...။
တစ်ချို့သော သက်ပြင်း ပူဖေါင်းများသည် မိုးစက်မိုးပေါက်များ ထိမှန်သည်ကို ဟန်မပျက် ဆက်လက်ချီတက်နေသကဲ့သို့ တစ်ချို့တစ်ကိုယ်တော် ပူဖေါင်းများသည် မိုးစက်ထိမှန်ပြီးခါမှ ပူဖေါင်းသေးသေးလေးများပင် စီးပွားလာချေသမုံ့...။ အာဂ ပူဖေါင်းပါတကား...။
အလို...။ တစ်ချိန်သော တစ်ခါတွင် ရေစီးကြောင်းသည် အမှိုက်၊ အတားအဆီး တစ်ခုခုနှင့် ကြုံတွေလေသော အခါ တန့်နေတတ်၏။
ထိုအချိန်အထိ မကြေပျက်သေးပဲ ခရီးနှင်လာသော တစ်ကိုယ်တော် သက်ပြင်း ပူဖေါင်းများ၊ ပူဖေါင်းစုံတွဲများ၊ မူလပူဖေါင်းနှင့် ယင်းမှ စီးပွားလာသော ပူဖေါင်းများ တို့သည် အတားအဆီးများနှင့် ငြိမိကာ ကျန်ခဲ့သည်က ကျန်၍ ဆက်လက်မျောပါသည်က ရှိသကဲ့သို့ အတူတစ်ကွ မျောပါမြဲ မျောပါနေသည့် ပူဖေါင်းများလဲ ရှိလေသည်...။
အတားအဆီး အနှောင့်အယှက် တစ်စုံတစ်ရာ မတွေ့မချင်း ဆက်လက် မျောပါကုန်လေ၏။
စီးဆင်းကုန်လေ၏။ သက်တမ်းမကုန်မချင်း ရေစီးကြောင်းအလိုက် စီးမျောကုန်လေ၏။
အဘယ်အချိန်အထိ သူတို့ ဆက်လက် ခရီးနှင်နိုင်ပါမည်နည်း....။
မသိနိုင်ကုန်...။
မိမိရော...။ ဘ၀ရေစီးကြောင်းအတွင်း အဘယ်အချိန်အတိုင်းအတာအထိ တစ်ကိုယ်တော် မျောလွင့်နိုင်ပါမလဲ...။
(ငယ်စဉ်ကလေးဘ၀ မိုးရွာစဉ် အိမ်ရှေ့၌ တွေ့မြင်နေခဲ့ရသော မိုးရာသီ မြင်ကွင်းတစ်ခုကို ပြန်လည် ခံစား တင်ပြပါသည်....။)
စမ်းသပ်ချက်
1 year ago
No comments:
Post a Comment