Thursday, February 12, 2009

ကောင်းကင်လမ်းပြ ပုလိပ် လိုနေပြီလော...။

Photo Credit to : News Sky

ဒီနေ့မနက် ဖတ်မိတဲ့ သတင်းလေး တစ်ပုဒ်ပါ။
အာကာသထဲက ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အာကာသယာဉ်အချင်းချင်း တိုက်မိတယ်ဆိုတဲ့ သတင်း။ ရှာမရှားတဲ့ ဖြစ်ရပ်မှန် သတင်းပါ။ အမေရိကန်နဲ့ ရုရှား နှစ်ဘက်နိုင်ငံက လေကြောင်း အာကာသဆိုင်ရာ အရာရှိများက ဒီဖြစ်ရပ်နဲ့ ပါတ်သက်ပြီး အတည်ပြု ပြောကြားခဲ့ပါတယ်။ အာကာသပေါ်မှာ ယာဉ်နှစ်စင်း တိုက်မိတာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဖြစ်စဉ်က ဒီလိုပါ။ Irridium ဆက်သွယ်ရေး ကုမ္ပဏီက လွှင့်တင်ထားတဲ့ ဆက်သွယ်ရေး ဂြိုဟ်တုဟာ ဆိုဗီယက် ရုရှားက လွှတ်တင်ထားတဲ့ Cosmos 2251 craft ဂြိုဟ်တုပျက် တစ်လုံးနဲ့ ကောင်းကင်ယံထက်မှာ တိုက်မိခဲ့ပါတယ်။ ဆားဘီးယားနိုင်ငံ အပေါ်ဘက် ၄၉၁ မိုင် အထက် ကောင်းကင်ယံမှာ ဖြစ်ပွားခဲ့ပါတယ်။ နယူယောက် စံတော်ချိန် အင်္ဂါနေ့ မနက် အစောပိုင်း ၁၁း၀၀ နာရီလောက်က ဖြစ်ပွားခဲ့ပါတယ်။

တစ်နာရီကို ၁၇,၅၀၀ မိုင်နှုန်းနဲ့ သွားနေတဲ့ အာကာသယာဉ်နှစ်ခု တိုက်မိတာ ရှားရှားပါးပါး နဲ့ ပထမဆုံးအကြိမ် အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ယာဉ်နှစ်ခု တိုက်မိလို့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းများဟာ အနီးအနားက နိုင်ငံတကာ အာကာသယာဉ်စခန်းကို ခြိမ်းခြောက်လျက် ရှိနေပါတယ်။ အပျက်အစီး အစိတ်အပိုင်းများ စုစုပေါင်း ၂၀၀ ကနေ ၃၀၀ အထိ ဟာ အာကာသထဲမှာ ဦးတည်ရာမဲ့ လွှင့်မျောနေပါတယ်။

Russia’s space agency ဖြစ်တဲ့ Roscosmos က ပြောကြားရာမှာ အဆိုပါ အစိတ်အပိုင်းများဟာ ကမ္ဘာမြေနဲ့ လွန်စွာ နီးကပ်တဲ့ အတွက် နိုင်ငံတကာ အာကာသစခန်းကို ထိခိုက်ဖို့ ဖြစ်နိုင်ချေ နည်းပါတယ်လို့ ပြောကြားသွားပါတယ်။ မော်စကို ကာကွယ်ရေး ၀န်ကြီးဌာနဟာ အဆိုပါ ထိန်းချုပ်မှု ကင်းမဲ့တဲ့ ယာဉ်နဲ့ ပါတ်သက်ပြီး တာဝန်ရှိတယ်လို့လဲ ပြောကြားသွားပါတယ်။ အမေရိကန်က ကာကွယ်ရေးဝန်ကြီးဌာနကလဲ အပျက်အစီး အစိတ်အပိုင်းများရဲ့ အခြေအနေကို စက္ကန့်မလပ် စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။

မေရီလန်း အခြေစိုက် အီရီဒီယံ နိုင်ငံတကာ ဖုန်းနဲ့ အချက်အလက် ဆက်သွယ်ရေး ကုမ္ပဏီကတော့ သူ့ရဲ့ ကျန်တဲ့ ဆက်သွယ်ရေး ဂြိုဟ်တု ၆၆ လုံးနဲ့ Network ချိတ်ဆက်မှုကို Restore လုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်သွားမယ်လို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြားသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဖုန်း အသုံးပြုသူများ အနေနဲ့ ဆက်သွယ်မှုပိုင်းဆိုင်ရာ ပြဿနာ အနည်းငယ်ကို ကြုံတွေ့ရဖွယ် ရှိကြောင်း ပြောကြားသွားပါတယ်။

နာဆာကနေ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ စတင်မယ့် နိုင်ငံတကာ အာကာသ စခန်းဆီ သွားဖို့ ခရီးစဉ်ကိုတော့ ထိခိုက်မှာ မဟုတ်ဘူးလို့ နာဆာက ထုတ်ပြန်တဲ့ သတင်းစဉ်မှာ ပါရှိပါတယ်။ သို့သော်လည်း အချင်းဖြစ်ပွားရာ နေရာနဲ့ နီးကပ်စွာ တည်ရှိနေတဲ့ ယင်းတို့ရဲ့ ကမ္ဘာမြေကို စောင့်ကြည့်တဲ့ ဂြိုဟ်တုများရဲ့ အခြေအနေကိုတော့ စိုးရိမ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်သွယ်ရေး ကုမ္ပဏီ အီရီဒီယံကတော့ ပျက်စီးသွားတဲ့ ၄င်းတို့ရဲ့ ဂြိုဟ်တု နေရာကို ကမ္ဘာ ပတ်လမ်းကြောင်းမှာ အသင့်လွတ်တင်ထားတဲ့ အရန် ဂြိုဟ်တုနဲ့ ရက်ပေါင်း ၃၀ အတွင်း အစားထိုးမည် ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အဆိုပါ အာကာသယာဉ် အချင်းချင်း တိုက်မှုကြောင့် ဆက်သွယ်ရေး ဂြိုဟ်တု ပျက်စီးသွားလို့ အဆိုပါ ဂြိုဟ်တုကနေ အချက်ပြလှိုင်းများနဲ့ အသုံးပြုနေတဲ့ ပင်လယ်တွင်း ကူးသန်းသွားလာနေတဲ့ သင်္ဘောများအတွက် ဆက်သွယ်ရေးပိုင်းဆိုင်ရာ အခက်အခဲ ကြုံတွေ့နိုင်တယ်လို့ သတိပေးထားပါတယ်။

News Source : Bloomberg.com

18 comments:

  1. ဒီမှာအလုပ်ရှားနေတုန်း အာကာသလမ်းပြအလုပ်သွားလျှောက်ရရင်ကောင်းမလား။:P

    ReplyDelete
  2. သွားမလျှောက်ခင်မှာ အာကာသတွင်း အသက်ရှင်သန်ရေး လွှတ်မြောက်ရန် သင်တန်း (Safety Survive Course) ကို တက်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော့်ဆီမှာ လာရောက် စာရင်းပေးနိုင်ပါတယ်။
    လူဦးရေ ကန့်သတ်ထားပါတယ်။ (လာသမျှ လူကိုသာ လက်ခံပါမည်။)

    ReplyDelete
  3. ဒါမျိုးတွေ ကြိုမြင်လို့ တို့နိုင်ငံက ကိုယ်ပိုင် ဂြိုဟ်တု မလွှတ်ထားတာ...။

    ReplyDelete
  4. အလုပ်သွားလျှောက်မဲ့သူနဲ့ အနာဂတ်ကို ကြိုမြင်တဲ့သူနဲ့ ...
    အင်း.. ဒီမိုးဒီလေဒီရေနဲ့ ဒီလူတွေ နဲ့... အနာဂတ် အမိနိုင်ငံတော်ကြီးအတွက် ရင်လေးမိတယ်...။

    ReplyDelete
  5. ဘေးထိုင် ဘိုင်ကျ ဘုပြော..ကဘ

    ReplyDelete
  6. သူ့ကို ထပ်ပြောလိုက်ရင် ဘထဘကဘပ ဖြစ်ကုန်လိမ့်မယ်...။
    အန်းနီးဝေး သိုင်းကျူးပါ...။

    ReplyDelete
  7. ကိုဘ သွားလုပ်ပါလားဟင်.. မျက်စိနောက် သက်သာအောင်.. လို့ (မဆိုလိုပါဘူး)
    မဟုတ်ပါဘူး.... အေးအေးဆေးဆေး..အလုပ်မို့ပါ။

    ReplyDelete
  8. ဘထဘကဘပ ဆိုတာဘာလဲ (ရိုးသားစွာသိလို၍မေးခြင်း)

    ReplyDelete
  9. ဘေးထိုင်၊ဘိုင်ကျ၊ဘုပြောလေ...မမ
    မမ password ကို ကလူသစ်ဆီမှာ ပစဝ ပြောသလိုပေါ့...ဟိ

    ReplyDelete
  10. ဒီလိုကိုး.. စန်ဒါလင်းကယ်မှဘဲ ရှင်းတော့တယ်။ ကျေးဇူးဘဲ။

    ReplyDelete
  11. ဒီဂြိုလ်တုကို အာထားရတဲ့ သဘောင်္လေးတွေ သနားစရာ။

    ReplyDelete
  12. မတော်တဆတိုက်မိတာလား။ တမင် စမ်းသပ်ပြီး တိုက်ကြည့်တာလား ဟင်

    ReplyDelete
  13. သိပ်တော့ မသင်္ကာဘူးရယ်...။ ရုရှားတွေ ဂြိုဟ်တုပျက်တစ်လုံး အဆုံးခံပြီးတော့ အမေရိကန်ကို သွေးတိုး စမ်းလိုက်တယ် ထင်တယ်။ အခုဆို အပေါ်မှာ ဂြိုဟ်တုတွေက အလုံးပေါင်း တစ်သောင်းနဲ့ ခုနှစ်ထောင်ကျော်ရှိတယ်တဲ့...။
    အခုတိုက်လိုက်တဲ့ ကောင်တွေကနေ ပဲ့ထွက်သွားတဲ့ အစိတ်အပိုင်းတွေဟာ နောင်နှစ်ပေါင်း တစ်သောင်းလောက်အထိကို အာကာသပေါ်မှာ ခြိမ်းခြောက်နေဦးမှာတဲ့ဗျား...။

    ReplyDelete
  14. ဟုတ်တယ်။ ပုံမှန်အားဖြင့် အာကာသ ထဲမှာ အရာဝတ္တုတွေ တစ်ခုကို တစ်ခု အနီးကပ်လာရင် တွန်းဖယ်တတ်တော့ တိုက်မိဖို့ ရာခိုင်နုန်း အလွန်နည်းပါတယ်။ အခုလို တိုက်မိတဲ့အကြောင်းက ကျမနဲနဲ သိထားတဲ့ သီအိုရီနဲ့ သွေဖယ်နေလို့ သံသယ တော့ ဖြစ်မိပါတယ်။ ရုရှားက အလွန်လျို့ဝှက်သလို သူတို့ လှမ်းတဲ့ ခြေလှမ်းက လည်း မထင်မိလောက်အောင် ဖြစ်တတ်တော့ ပုံမှန်မှ ဟုတ်ပါ့မလားလို့ ပေါ့လေ။

    ReplyDelete
  15. ပညာရှိများ ဆွေးနွေးနေတာကို လာလာဖတ်သည်။

    ReplyDelete
  16. 17 Feb 09, 00:30
    kom: boyz ရဲ့နားမလည်ပါဆိုတာကတော့ နားလည်ရဲ့သားနဲ့ လူကိုချောက်ချ လို့ ချောက်ထဲက ခဏခဏ ပြန်တက်ခဲ့ရပါပကော.. အဖြေမပေးသေးဘု..ပညာရှိ တစ်ယောက် ကများ အဖြေပေးမလားလို့စောင့်ချင်သေးတယ်။ :P
    16 Feb 09, 23:45
    TZA: နားမလည်ပါ၊ ကျွန်ုပ်သည် ရိုးသားစွာဝန်ခံတတ်သော လူငယ်တစ်ဦးဖြစ်သည်။
    16 Feb 09, 23:38
    kom: .နားလည်ပါ့မလားမသိ.။ :P
    16 Feb 09, 23:38
    kom: ဆက်ကြံလိုက်ဦးမယ်။ ဒုတ်ခနောင်းဖြစ်သွားအောင်။

    ReplyDelete
  17. ကိုဘ သင်တန်းလူပြည့်သွားပြီလား.. သင်တန်းတော့ တက်ချင်ပါတယ်။ သူငယ်ချင်းတွေ များမယ်ထင်လို့လေ။ အာကာသ အကြောင်းရော ယာဉ်တွေ အကြောင်းရော ဂျိုတု အကြောင်း တော့ ဘာမှ နားမလည်ပါ။

    ReplyDelete
  18. မီယာ - သင်တန်းက ရက်အကန့်အသတ်ကို သတ်မှတ်ထားပါတယ်။ အချိန်တွေကတော့ အကန့်အသတ် မရှိ ကြိုက်တဲ့အချိန်မှာ တက်နိုင်ပါတယ်။

    အန်တီဂွိရေ- ဘယ်အချိန်မှာ ဘာပြောခဲ့မှန်းတောင် မမှတ်မိနိုင်အောင် ဖြစ်နေလို့ ခွင့်လွှတ်ပါ။

    ReplyDelete