Monday, August 10, 2009

ကိုပေါ ထိပ်တုံးစာမိခြင်း (သို့) မရယ်ရတဲ့ ဟာသ

ထုံးစံအတိုင်း အင်္ဂလိပ်နယ်ချဲ့များ အုပ်စိုးသော ခေတ်ဖြစ်သည်။

ထုံးစံအတိုင်း အင်္ဂလိပ်အရာရှိမင်း မစ္စတာ မိုက်ကယ် တစ်ယောက် ရွာတစ်ရွာသို့ စစ်ဆေးရေး ဝင်ရောက်ခြင်း ဖြစ်သည်။ တောကြိုအုံကြား ဖြစ်သဖြင့် မြို့ပေါ်သို့ ချက်ချင်း မပြန်နိုင်ချေ။ ထို့ကြောင့် ရွှေသေနတ်ဆုရ သူကြီးမင်းမှ နယ်ချဲ့မင်း အတွက် လိုအပ်သည်များ စီစဉ်ပေးရသည်။ နေရာထိုင်ခင်း၊ အစားအသောက်၊ တောက်တိုမယ်ရ ခိုင်းရန် ဖင်ပေါ့သူ စသဖြင့် စသဖြင့်... (လိုသည်များကို ဖြည့်ဖတ်ပါလေ။)

အဆိုပါရွာ၌ အင်္ဂလိပ်ဆိုလျင် အလွန်အထင်ကြီးသော ရူးပေါပေါ၊ ပါလေရာ ကိုပေါ ဆိုသူ တစ်ယောက်ရှိလေ၏။ (ပိတောက်ရိပ်မှ ကိုပေါ မဟုတ်သလို၊ စောဘွဲ့မှူး၏ ကိုပေါလဲ မဟုတ်ချေ။ဤကား စကားချပ်။)
ကိုပေါသည် အင်္ဂလိပ်ဆိုလျင် အထင်ကြီးသဖြင့် အင်္ဂလိပ်စကားကို ရွာမှ စကားပြန်အလိုတော်ရိထံတွင် တစ်ခွန်းစ နှစ်ခွန်းစ သင်ဖူး၏။ မွေးမိခင် ဘာသာစကား မဟုတ်ချေသောကြောင့် ဘိုသံမပီသလို အဓိပ္ပါယ်လဲ သေချာ မမှတ်မိချေ။
သူကြီးမှ သခင်ကြီးအတွက် လက်တိုလက်တောင်း ခိုင်းရန် စဉ်းစားရာ ကိုပေါကို ခန့်ထားလိုက်လေ၏။ ထိုည၌ မည်သည့် အကြောင်းခြင်းရာများ ထူးထူးထွေထွေ မဖြစ်ပဲ တစ်ညတာ ကုန်လွန်သွား၏။


မနက်လင်း၍ သခင်ကြီး မြို့ပြန်မည့်အချိန်တွင်မှ ပြဿနာပေါ်ချေပြီတည်း။ သခင်ကြီး၏ လက်ပတ်နာရီ ပျောက်ခြင်းမလှ ပျောက်ဆုံးမှု ဖြစ်သည်။ ရွှေသေနတ်ဆုရ သူကြီးမင်း နောက်နှစ် အရွေးမခံနိုင်တော့မည့် ကိန်းဆိုက်လေတကား...။

သခင်ကြီး လွန်စွာစိတ်ဆိုးလေရကား ကိုယ်တိုင် သူခိုးဖမ်းမည်ဟုဆိုကာ ယမာန်နေ့ညက အိမ်တော်လာသူ အားလုံးကို စစ်မေးချေ၏။ တရားခံ မပေါ်ချေ။ နောက်ဆုံးတွင်ကား အနီးကပ်ဆုံး နေထိုင်သူ ကိုပေါကို စစ်မေးရန်အလှည့်ရောက်၏။

ကိုပေါမှာလဲ သခင်ကြီးမေးချင် အသင့်ဖြေနိုင်ရန် တတ်သမျှ ဗြိတိသျှစာလုံးများကို အပြန်ပြန်အလှန်လှန် စဉ်းစားနေချေ၏။ သိုင်းကျူး၊ နိုး၊ ရက်စ် စသဖြင့်သာ မှတ်မိတော့၏။

သခင်ကြီး။ ။ မောင်မင်း ကိုပေါ။ မင်း သခင်ကြီး နာရီခိုးသလား။
ကိုပေါ ။ ။ ရက်စ်
သခင်ကြီး။ ။ ဘယ်မှာထားသလဲ၊ သခင်ကြီးကို ပြန်ပေးပါ။
ကိုပေါ ။ ။ နိုး
သခင်ကြီး။ ။ မောင်မင်း ကိုပေါ။ ဒါဆို မင်းကို ဖမ်းတယ်။
ကိုပေါ ။ ။ သိုင်းကျူး။

ဤသို့ဖြင့် ကိုပေါတစ်ယောက် ထိပ်တုံးစာ မိလေ၏။

မှတ်ချက်။ မရယ်ရသော ဟာသကို မျှဝေခြင်း ဖြစ်သည်။

15 comments:

  1. ရယ်လည်းမရယ်ရဘူး

    ReplyDelete
  2. ရယ်ရပါတယ်။ဟင်းဟင်း..

    ReplyDelete
  3. အဲ့ yes no thank you ပါတဲ့ ဟာသက version အမျိုးမျိုးနဲ့ ထွက်နေတာပဲ

    မရယ်ရတော့ဘူး

    ReplyDelete
  4. ပိတောက်ရိပ်က ကိုပေါထက်တော့ သာပါပေတယ်။ ရွာမှာနေပြီး အင်္ဂလိပ်လို ပြောတတ်တယ်ဆိုတော့။း-)

    ReplyDelete
  5. ဒါကိုပေါ့က သူမဟုတ်ပါဘူးလို့သွယ်ဝိုက်ပြီးလာငြင်းတာဘဲ။

    ReplyDelete
  6. ဘွိုက်က ဘူကို လက်စားချေတာဖြစ်နိုင်တယ်။

    ReplyDelete
  7. မရီချင်လည်းအတင်းရီသွားတယ် ဟင်းဟင်းဟင်း ဟင်း
    မခိုတစ်ယို ရီသွားတာ ပီအိုက်
    ညှင်းညှင်းညှင်း ညှင်း

    ReplyDelete
  8. မခိုတစ်ရို့  စာလုံးပေါင်းများမှားနေလားလို့ 
    ပြန်ပြင်ကြည့်တာ ပီအိုက်ရ

    ReplyDelete
  9. ခေါင်းစဉ်ကိုက မရယ်ရတဲ့ ဟာသ ကိုး။ တစ်ကယ်ကိုမရယ်ရဘူး။ ဒါပေမဲ့ ကိုပေါ သနားစရာကောင်းတယ်။

    ReplyDelete
  10. ကိုပေါသနားပါတယ်...အလကားနေရင်း...
    ပုံပြင်လေးကတော့ဒါပါပဲကွယ်... သင်ခန်းစာကတော့ တကယ်နားမလည်ပဲ.. တတ်ယောင်ကားမလုပ်ဖို့ပေါ့...

    ReplyDelete
  11. မရယ်ရတဲ့ဟာသမှ ရယ်ချင်ဒယ်။ (ခွိခွိခွိ)

    ReplyDelete
  12. ဘေးထွက်အဓိပ္ပါယ်တွေ ဘာတွေများ ကောက်ရမှာလား ဟင်.. ဒီဟာသကြီးအတိုင်းကတော့ ရိုး ဟိုးဟိုးနေပြီ..

    ReplyDelete
  13. ရယ်ရတယ်တော့ဟိဟိ. ကွန်မက်တွေက.

    ReplyDelete
  14. အိုင်ဆေး ကိုဘ ... မရယ်ရတဲ့ လူတိုင်းသိနေတဲ့ ဟာသကို တကူးတကရေးတယ်ဆိုတော့ သူ့နောက်မှာ ပေးချင်းတဲ့ မတ်ဆေ့ ရှိပုံရတယ်။ ဒါပေါ့သေးသေးမဟုတ်လောက်ဘူး။ သေသေချာချာ စဉ်းစားလိုက်ဦးမယ်ဗျာ နော် ....

    ReplyDelete
  15. ကိုဒီဘီနဲ့ နန်းညီတော်တယ်။

    ReplyDelete