Sunday, January 31, 2010

စုံစီနဖာ အမှတ်စဉ်(မသိ/မမှတ်မိ)

  • သောကြာနေ့ညက အင်းလေးမှာ ထမင်းသွားစားဖြစ်တယ်။ ထုံးစံအတိုင်း မပါမဖြစ် ငါးရှဉ့်ခြောက်စပ်ပေါ့။ ဒီတစ်ခေါက် အင်းလေးမှာ သွားစားဖြစ်တိုင်း တိုးတက်မှုတွေ တွေ့ရတယ်။ ငါးရှဥ့်ခြောက်စပ် အရင်လို တူးခါနီး ကျွတ်သလိုမျိုး ကြော်လာတာ မဟုတ်တာ့ဘူး။ တော်သင့်ရုံ အတုံးလေးကို ရသာ နှံ့စပ်အောင် နယ်ပြီး သေချာကျက်အောင် (ကျက်အောင်) ကြော်လာတယ်။ ကျက်အောင် ဆိုတာကို ကွင်းစကွင်းပိတ်ထဲ ထည့်ရေးရတာက ဧရာဝတီမှာ သွားစားတော့ အတုံးကြီးပြီး မကျက်ဘူး။ ကိုက်လိုက်ရင် ညှီစော်နံတာ မပျောက်ဘူး။ (အဲဒီတုန်းက အင်းလေးက အတုံးသေးပြီး အကျွတ်လွန်တယ်။ သို့သော် ကျက်အောင် ကြော်တော့ သူ့ပဲ စားဖြစ်တော့တယ်။) နောက်ဟင်းရံကတော့ ဝက်သားပေါင်းနဲ့ ကန်စွန်းရွက်အစပ်ချက်။ ငါးပိထောင်း တောင်းတာ လူများနေလို့ ထမင်းတွေ စားကုန်ခါနီးမှ ရောက်လာတယ်။ စပ်ချက်များ.. ဇွန်းဖျားလေးနဲ့ ကော်ပြီး စားကြည့်တာ ရေသုံးခွက် အငမ်းမရ သောက်လိုက်ရတယ်။ အရည်ဖျော်ကတော့ ထုံးစံအတိုင်း ထောပတ်သီးဖျော်ရည်။
  • နောက်တော့ စားပြီးသောက်ပြီး အင့်ကားနေတဲ့ ဗိုက်ကို အစာချေတာမှာ အကူအညီရအောင် အတူပါလာတဲ့သူကို အတင်းပဲ အက်စ်ပလန်းနိတ်ဘက် လမ်းလျှောက်သွားဖို့ ခေါ်တယ်။ သောကြာနေ့ညဆိုတော့ သီချင်းလေးတွေ ဖရီးရှိုးတွေ ဆိုတာ ရှိတယ်။ လေတစ်ဖြူးဖြူးတိုက်နေတဲ့ ဟိုက်ကုတ်ဘေးနားက လမ်းလေးကိုဖြတ်၊ ဟိုတစ်ဘက်ခြမ်းက ဘောလုံးကွင်းမှာ သာနေတဲ့ ကောင်းကင်ထက်က လမင်းကြီးကို အာရုံခံစားပြီးကြည့်၊ စင်ကာပူခံတပ်သိမ်းပွဲတုန်းက ကျဆုံးသွားတဲ့ အာဇာနည်တွေကို အလေးပြု၊ ပန်းခြံလေးကိုကျော်၊ တံတားအောက်ကို ငုံ့ဖြတ်လိုက်တဲ့ သကာလ concert လုပ်တဲ့ နေရာကို ရောက်ခဲ့တယ်။
  • ဆိုနေတဲ့ အသံကို ကြားကြားချင်း ဒါ ဖိလစ်ပီနို တစ်ယောက်ဆိုတာဆိုတာ အတပ်သိလိုက်တယ်။ ဘယ်လိုသိလဲ မမေးပါနဲ့။ Common Sense ပေါ့လေ။ မြန်မာပြည်မှာ နေတုန်းက ဖဦးထုပ်တွေနဲ့ အတူတူ လုပ်ဖူးတော့ သူတို့ရဲ့ အင်္ဂလိပ် လေယူလေသိမ်းကို ဖမ်းမိတယ်။ လူကြားထဲမှာ၊ အမ်အာတီပေါ်မှာ သူတို့ စကားပြောနေရင် ဘယ်သူက မလေး၊ ဘယ်သူက ဖိလစ်ပီနိုဆိုတာ မျက်စိမှိတ်နေရင်းကနေ ခွဲခြားနိုင်တယ်။ အခုလဲ သူသီချင်းဆိုနေတာ နားထောင်ရင်း သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ် အကြားအစပ်တွေမှာ မိတ်ဆက်စကားတွေ ပြောရင် ဖိလစ်ပီနိုတစ်ယောက်ရဲ့ accent က ပိုသေချာလာတယ်။ သူဆိုသွားတာတွေက နာမည်ကျော် ဂန္တဝင်သီချင်းတွေပဲ။ အတိအကျ တူအောင် လိုက်ဆိုတာ မဟုတ်ပဲ သူ့စတိုင်နဲ့သူ အော်ဂင်သမားတစ်ယောက်၊ ဟော်လိုဂီတာ အတီးသမား တစ်ယောက်နဲ့အတူ အပေးအယူ မျှတစွာနဲ့ ဆိုသွားခဲ့တယ်။ You Are Wonderful Tonight တို့ ဘာတို့ ဆိုသွားတာ မဆိုးဘူး။ ဖေ့ဘွတ်ပေါ်မှာ တင်ထားပေးတယ်။
  • အခုတစ်လော ခေါင်းထဲ ဝင်နေတဲ့ သီချင်းကတော့ When I Need You ဆိုတဲ့ သီချင်းလေး။ မာရီယာကာရေး ဆိုတာလဲ ကောင်းတယ်။ မူရင်းလေးလဲ ကောင်းတယ်။ အဆိုရခက်တဲ့ သီချင်း။ ပင်လယ်ထဲ ရောက်တုန်း ကာရာအိုကေမှာ စမ်းဆိုတာ လွဲကုန်တာပဲ။
  • တစ်မိုးအောက်မှာ တူတူနေတဲ့ သူထဲက ပစိပစပ်များတာကို သည်းခံနေရတာလောက် ဆိုးတာ မရှိဘူး။ ခက်တာက ကိုယ့်ကိုပြောတာ မဟုတ်လို့ သွားတားလို့လဲ မရ။ နားထဲကို ခဏခဏ ဝင်နေ။ စိတ်ညစ်တယ်။ အေးအေးနေချင်ပါတယ်ဆို။
  • အခုတစ်လော အဆင်မပြေတာ များနေတယ်။ ပျော်အောင် ရှာကြံနေနေတယ်။ အဟက်။ ဘန်ကောက် ပတ်စ်ပို့ကို ကဗျာဆရာ ပို့လာပေးတော့ ဝင်ခွင့်ရသွားတယ်။ ကျေးဇူး ကဗျာဆရာ။ အခုတော့ Epiode 2 မှာ Chapter 3 ရဲ့ Finale ရောက်နေတယ်။ တုတ်တုတ်ကား ၁၅ စီးစား ဝယ်ဖို့ ပိုက်ဆံလိုနေတယ်။ ဘတ်ငွေတွေ လိုနေတာ။ နယူးယောက်က ပိုက်ဆံတွေ ဘန်ကောက်ကို လွဲပေးလို့ ရရင် ကောင်းမှာပဲ။ ကျူးဘားကတော့ Business တွေ expense လုပ်ဖို့ ပိုက်ဆံ မလောက်သေးဘူး။ ဒေသခံတွေကို ငှားထားတာ အစုံ မငှားနိုင်သေးဘူး ဖြစ်နေတယ်။ ကိုယ့်လုပ်ကွက်ကို လာလာဖျက်တာ ခံနေရတယ်။ နယူးယောက်မှာပဲ ဆေးကုနိုင်တယ်။ နယူးယောက်မှာတော့ ကာစီနို ၅၀၀ နီးပါး၊ ဟိုတယ် ၅၀၀ နီးပါး၊ ကျန်တာတွေလဲ ၅၀၀ နီးပါး ဆောက်ထားတာ ရှိတယ်။ သို့သော် နယူးယောက်မှာတော့ လုပ်စရာ ဘာမှ မရှိတော့ဘူး။ လုပ်ကွက်တွေလဲ ကုန်နေပြီ။ ရုရှားမှာတော့ စီးပွားရေးတွေ အကုန်လုပ်ပြီးပြီ။ နယ်ပယ်ချဲ့တာ နောက်ဆုံးခန်းပဲ ကျန်တယ်။ ဘန်ကောက် ပတ်စ်ပို့ရလို့ ဘန်ကောက်မှာပဲ ကျက်စားနေတယ်။
  • ဘူးဂစ်စ်နား သုံးခေါက် ရောက်ပြီ။ ရောက်တိုင်းလဲ တိုကီ က ကြက်အရည်ခွံ သွားသွားဝယ်ဖြစ်တယ်။ ကိုလက်စထရောများတယ်ပဲ ဆိုဆို အစားနဲ့ ပတ်သက်လာရင်တော့ မတားနဲ့ ဆိုပဲ။ တစ်ခါသွား ၃၀ ကျော် ကုန်ကုန်လာတယ်။ အဲ့ဖက် ခြေလှမ်း မလှမ်းမိအောင် ထိန်းထားတယ်။ အင်းပေါ့လေ။ ပင်လယ်ထဲသွား ခဏခဏ ငတ်ပြတ်လာတော့ ကိုယ့်ကို ပြန်သနားတော့ ဒါလောက်တော့ ကျွေးသင့်ပါတယ်လေ။
  • အရင်တုန်းက ကိုယ်နဲ့ စိတ်တူကိုယ်တူ မိတ်ဆွေ တစ်ယောက်ရှိတယ်။ အရင်က ရှိတယ်ဆိုလို့ အခု မရှိတော့တာ မဟုတ်ဘူး။ သူနဲ့ ကိုယ်နဲ့က ဒီစလုံးရောက်တဲ့ အထိ တစ်တွဲတွဲ ရှိတယ်။ နိုင်ငံရေး၊ ဝါသနာ၊ စာပေ၊ အနုပညာ နဲ့ ပတ်သက်လို့ ကိုယ်နဲ့ ရင်ခုန်သံချင်း တူတယ်။ ဆွေးနွေးလို့ ရတယ်။ အလုပ်စောပြီးရင် တစ်ခါတစ်လေ Boat Quay မှာ သူနဲ့ကိုယ် စင်ကာပူချောင်းက ဖြတ်လာတဲ့ လေပူတွေကို ခံစားရင်း တော်ကီတွေ ပစ်ကြတယ်။ ကမ္ဘာ့အရေးတွေ ဆွေးနွေးကြတယ်။ အောင်မယ် အပြင်းအထန် ဆွေးနွေးတာနော့။ ကိုယ်က ဒိုင်ယာနာကို ကြည့်ရသလောက် သူက သစ္စာမရှိတဲ့ ဒိုင်ယာနာလို့ သတ်မှတ်တယ်။ မာသာ ထရီဇာကို ကိုယ် မကြိုက်ပေမယ့် သူက လေးစားတယ်။ ရထားပေါ်ကနေ ဂန္ဓီ ပစ်ချခဲ့တဲ့ ဖိနပ်တစ်ဘက်နဲ့ ပတ်သက်ပြီး တစ်ပတ်လောက် မခေါ်မပြော ဖြစ်အောင် အမြင်မတူတာ ဖြစ်ခဲ့ဖူးတယ်။ ကိုယ်က ဂန္ဓီပစ်ချခဲ့တာက သူ့အတွက် အသုံးမလိုတော့လို့ ဒီအတိုင်း ပစ်ချလိုက်တာ။ ကောက်ရသူ နောက်တစ်ဘက် ပြန်ရပါစေတော့လို့ ပစ်လိုက်တာ မဟုတ်ဘူး ဆိုတော့ သူက မဟုတ်ဘူးတဲ့။ ဂန္ဓီကိုယ်တိုင် အဲဒီသဘောနဲ့ ပစ်လိုက်တာပါလို့ အင်တာဗျူးမှာ သတင်းစာဆရာကို ပြန်ပြောပြတာ သူဖတ်ဖူးတယ်တဲ့။ သက်သေ မပြနိုင်ရင် မယုံဘူးလို့ ပြောတော့ သူတင်းသွားတယ်။ တစ်ပတ်လောက်ကို ကိုယ့်ကို ဖုန်းမခေါ်တော့တာ။ ကျန်တဲ့ နေရာတွေမှာတော့ သဘောထား တိုက်ဆိုင်ကြပါတယ်။ အဲ ဘလော့တာတော့ ခေါ်တာ မရဘူး မောင်။ ခါးညောင်း လက်ညောင်း မျက်စိညောင်းတဲ့ အလုပ်တဲ့။ အဖျော်ယမကာလေးများ သောက်မယ်ဆိုရင်တော့ သူများလို ဘီယာစတေရှင် ဘာညာသူ မလိုက်ဘူး။ အေးဆေး သက်သာတဲ့ တစ်နေရာမှာ သူက ဝိုင်ပဲ သောက်ချင်တာတဲ့။ ကိုယ်ကတော့ အပြင်းတွေပေါ့လေ။ သူက မိန်းကလေး ပီပီ ဝိုင်ဆို တော်ပြီ။ စနေညများဆို အစ်စ်ကုဒ်မှာ ဝိုင်တစ်ပုလင်း၊ ဘီယာတစ်ကဒ်၊ ချီးဗာ့စ် ၊ ဘလက်လေဘယ် တစ်လုံး၊ ဝေါ့မန်းလေး တစ်လုံး၊ ဂီတာပါရင် ဂီတာ၊ မြည်းစရာ အဆာပလာ၊ သတင်းစာ စက္ကူနဲ့ သွားလေ့ ရှိတယ်။ နောက်တော့ သူလဲ ရည်းစားတွေ ဘာတွေနဲ့ ဖြစ်လာတော့ ကိုယ်လဲ အနေအထိုင် ဆင်ခြင်လိုက်တယ်။ သူခေါ်တိုင်း သိပ်မသွားဖြစ်တော့ဘူး။ ခုတော့ သူအချိန်ပြည့် အွန်မလိုင်းနိုင်တဲ့ မြန်မာပြည်ကို သူ့အဖေ ကျန်းမာရေးကြောင့် ပြန်သွားလေရဲ့။ မေးလ်တွေကတော့ ပို့နေဆဲ။ သူငယ်ချင်းလေးကို လွမ်းလိုက်တာ။
  • မလေးရှားရောက်တုန်း medical checkup လုပ်လိုက်ရတယ်။ urgent လုပ်လိုက်ရပြီး ပင်လယ်ထဲ ဆင်းသွားတယ်။ ရင်းဂစ် ၂၅၀ ကုန်သွားတယ်။ ရီဆတ်ကို အပြန်မှ ဝင်ယူပါဆိုတော့ အပြန်ကျ ဝင်ယူတော့ ဆရာဝန်က ကိုယ်နဲ့ တွေ့ချင်လို့ပါတဲ့။ ဝင်တွေ့တော့ ဆရာဝန်က ကိုယ့်မျိုးရိုးထဲမှာ ဆီးချိုဖြစ်ဖူးသူ ရာဇဝင် ရှိမရှိ မေးတယ်။ ကိုယ့်ဘကြီးနဲ့ ကိုယ့်အစ်မ ဝမ်းကွဲ ဖြစ်ဖူးတယ်။ ဘာလို့လဲလို့ ဆရာ့ကို မေးတော့ သွေးစစ်ချက် အဖြေထဲမှာ သကြားဓါတ်ပါဝင်နှုန်းက မြင့်နေလို့တဲ့။ ၁၁.၉ something ရှိနေလို့တဲ့။ သာမာန် သကြားဓါတ် ပါဝင်နှုန်းသည် ၃ ကနေ ၆ ဆိုတဲ့ သတ်မှတ်ချက်အတွင်းမှာသာ ရှိပါသည်တဲ့။ ပိုသေချာအောင် သွေးထပ်ဖောက်စစ် ကြည့်ရမယ် ပြောတယ်။ ဖောက်ပြန်ပေဦးတော့။ နောက်ထပ် ၃၀ ရင်းဂစ် ပေးလိုက်ရတယ်။ အဖြေကို အီးမေးလ်ထဲ ပို့လာမယ်တဲ့။ စိတ်ညစ်လိုက်တာ။
  • ဆီးချို စစ်တာနဲ့ ပတ်သက်ပြီး ဆရာဝန်တစ်ယောက်က ကိုယ့်ကို ရှင်းပြဖူးတာ ရှိတယ်။ ဆေးမစစ်ခင် အနည်းဆုံး ၈ နာရီ အစာ ရှောင်ရမယ်။ နောက် သွေးဖောက်စစ်။ ဒါက ပုံမှန်စစ်တာ။ Accurate result ရချင်ရင်တော့ ၈ နာရီ အစာရှောင်ပြီးရင် ဆရာဝန်ကနေ သကြားဓါတ် 75 mg ပါတဲ့ အရည်တစ်ခွက် သောက်ခိုင်းမယ်။ ပြီးရင် သွေးဖောက်ယူမယ်။ နောက်တစ်နာရီခြားတစ်ခါ သွေးဖောက်ယူမယ်။ နှစ်နာရီလုပ်ရမယ်။ ဘယ်မှ မသွားပဲ ကိုယ်လက်လှုပ်ရှားမှု မလုပ်ရပဲ အနားယူနေရမယ်။ ဒါမှ တိကျတဲ့ အဖြေကို ရနိုင်မယ်တဲ့။ ဒီလို လုပ်တာကို Oral Tolerance Test ဆိုလားခေါ်ပါတယ်တဲ့.
  • လောလောဆယ်တော့ ဒီမှာ ကိုယ်သွားစစ်တာ နောက်ကျလို့ General Test လောက်ပဲ လုပ်ပေးလိုက်တယ်။ သွေးဖောက်လိုက်ပြီး သွေးကို Test Paper ပေါ် အစက်ချ၊ အဲဒါကိုမှ စက်ကလေး တစ်ခုထဲ ထည့်လိုက်၊ စက်က analysis လုပ်ပြီးရင် ဒိုင်ခွက်ပေါ်မှာ ဂဏန်းလေး ပြနေလိမ့်မယ်။ အဲဒါသည် ကိုယ့်ရဲ့ သွေးထဲ သကြားဓါတ်ပါဝင်နှုန်းကို ပြတာပဲ။ စနေနေ့က သွားလုပ်ခဲ့တယ်။ ၅.၄ တဲ့။ နောက်မှ Oral Tolerance Test ဆိုတာ သွားလုပ်တော့မယ်။
  • စနေညမှာ ရှမ်းတို့ ရိုးရာ တုတ်ဆူးပွဲအတွက် လိုက်သွားတယ်။ စုံစီနဖာ သွားလုပ်ပေးတာပါ။ ကိုယ်က အချိန်တိုင်း အားနေတာ မဟုတ်တော့ ဘယ်နေရာမှာမှ သတ်သတ်မှတ်မှတ် commit လုပ်ပြီး တာဝန်မယူပေးနိုင်ဘူးလေ။ ကိုယ်ရှိတဲ့ အချိန်နဲ့ အားနေတဲ့ အချိန်နဲ့ ကြုံနေရင် သွားကူလုပ်ပေးပါတယ်။ အခုတုတ်ဆူးပွဲမှာ တစ်အိမ်တက်ဆင်း အိမ်ရှင်တွေကို နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း သွားရောက်ဆုတောင်းပေးကြတဲ့ အခမ်းအနားလေးပေါ့။ အိမ်ရှင်က တစ်လှည့် တုတ်ဆူးလာတဲ့ သူတွေကို အစားအသောက်တွေနဲ့ ပြန်ဧည့်ခံကြတယ်။ အလှူငွေတွေ ထည့်လာကြတယ်။ အဲဒီအလှူငွေတွေကို ဒီက ရှမ်းဘုန်းကြီးတွေ ကျောင်းထိုင်နေတဲ့ OBVS ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ နဝကမ္မ အလှူငွေအနေနဲ့ ထည့်ဝင်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ စနေနေ့ညကတော့ ခွေးဗိုက်နမ်းတဲ့ ညပါပဲ။ ဖေ့ဘွတ်မှာ ဓါတ်ပုံတွေ တင်ထားတယ်။
  • ဖေဖော်ဝါရီလ ၇ ရက်နေ့ဟာ ရှမ်းအလံကို တရားဝင် အသိအမှတ်ပြုကြတဲ့ နေ့ရက်ဖြစ်သလို ရှမ်းပြည်နယ်နေ့လဲ ဖြစ်ပါတယ်။ ဝေးမြေရောက် စင်ကာပူက ရှမ်းမိသားစုများလဲ ရှမ်းမိသားစုဝင်အချင်းချင်း တွေ့ဆုံကြမယ့် အစီအစဉ်လေးကို လုပ်ထားကြပါတယ်။ အခုတစ်ပတ် လာမယ့် ဖေဖော်ဝါရီ ၆ ရက် စနေနေ့ကို East Coast မှာ တွေ့ဆုံပွဲလေး လုပ်ကြပါမယ်။ အစားအသောက်အနေနဲ့ကတော့ ကောက်ညင်းနဲ့ ရှမ်းရိုးရာ နမ့်ဖစ်ထောင်း ကျွေးမွေးပါမယ်။ စင်ကာပူရောက် ရှမ်းမိသားစုဝင်များ မိမိတို့ အပေါင်းအသင်း မိတ်ဆွေများနဲ့ လာရောက်ဆင်နွဲကြပါလို့ ဖိတ်မန္တက ပြုပါတယ်။ မိမိတို့ တစ်နိုင် အစားအသောက်တွေ ယူလာမယ်ဆိုရင်လည်း လက်ခံပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၅း၃၀ နာရီမှာအစီအစဉ် စတင်ပါမယ်။ ဂိမ်းတွေ ကစားမယ်။ သီချင်းတွေ ဆိုကြမယ်လို့ သိရပါတယ်။
  • ပြီးခဲ့တဲ့နှစ်က ကျင်းပဖြစ်ခဲ့တာလေးတွေ အောက်မှာ ပုံနဲ့ ပြထားတယ်။ စားစရာလေးများလဲ ပါသလို ဂိမ်းကစားတာလဲ ပါတာပေါ့။ နောက် သီချင်းလေးတွေ ဝိုင်းဖွဲ့ သီဆိုတာလဲ ပါတယ်။ ပျော်စရာလေးပဲ။






ကဲ ဘာရေးရမှန်း မသိလို့ စုံစီနဖာ ခေါင်းစဉ်တပ်ရေးပေးလိုက်တယ်။ ကျေနပ်ပါ မိငယ်။

15 comments:

  1. ကိုဘွိုင်းဇ် ရေ စာလာဖတ်သွားတယ်ဗျ။
    ဟုတ်ပါ့ ခေါင်းစဉ် အတိုင်း စုံစီနဖာ ပါပဲ။
    ရောသမမွှေ ရောမရေးတော့ဘူးလားဗျ။ :)
    ခင်ဗျား ပျောက်နေတာ သင်္ဘောစီးနေရလို့ လားဗျ။ (စပ်စုတာမဟုတ်ပါနော)။

    မောင်မောင်

    ReplyDelete
  2. ကိုမောင်မောင်လိုပဲ commissioning တွေ လိုက်လုပ်နေရတာလေ။ ကမ်းလွန်ကို သွားတာ။

    ReplyDelete
  3. စုံစီနဖာ ကို အစုံအစိ ဖတ်သွားပါတယ်။

    ReplyDelete
  4. စုံစိနေတာပဲ..
    အပြင်မှာ ဖျော်ရည်သောက်ရင် ထောပတ်သီးဖျော်ရည်သောက်တာပဲ
    တူတယ်..။။(နာ့ နဲ့)
    တခြား ဘာမှ မတူပါလားး။။

    ReplyDelete
  5. ငါးပိထောင်းကစပ်ကြောင်းဆိုင်ကသိလို့ နဲနဲဘဲစားခါနီးပြီးမှလာချတာပါ။ လူတွေ အရမ်း စပ်ကုန် မှာစိုးလို့။

    အက်စ်ပလိန်းနိပ်ဘက် ညဘက်လမ်းလျောက်မထွက်ဘူးပါ။

    ဖေ့ဘွတ်ပေါ်မှာတင်ထားပေးတယ်
    မတွေ့ပါလား။

    စမ်းဆိုတာလွဲပေမဲ့ မှန်းဆိုလို့တော့ရမှာပါ. ဆက်ဆို.

    တစ်ခန်းတည်းအတူမနေရဘူးမဟုတ်လား။ မဆိုးပါဘူးလေ။ ဒါပေမဲ့လဲမှန်တယ်။ ဟိုတုံးက အတူနေဘူးတဲ့တစ်ယောက်ကဖုံးပြောရင်အကျယ်ကြီးပြောတော့တစ်ခေါက်စိတ်ညစ်လို့ toilet ထဲသွားထိုင်နေဘူးတယ်။ နားညည်းလွန်းလို့။

    ဘန်ကောက်ပတ်စစ်ပို့ကတော့အခုမှဘဲရှင်းတော့တယ်။

    စားပါ
    ရောက်တုံးလေးစားရတာ
    ကြာတော့လဲပျင်းသွားရင်စားချင်တော့မှာမဟုတ်ပါဘူး။

    ဒီလိုသူငယ်ချင်းလေးရှိတာကောင်းတာပေါ့

    Oral glucose tolerance test
    Glucose တစ်လုံးကျန်ခဲ့တယ်။
    http://en.wikipedia.org/wiki/Glucose_tolerance_test
    အဆင်ပြေမှာပါ အခုတစ်လော အချိုစားတာကိုလျော့ အချိုရေနေရာမှာ ရေနဲ့အစားထိုး။ သကြာ့းပါဝင်မှူနူန်းနဲအောင်နေ. Diet control ခေါ်တာပေါ့ ။

    စနေညပုံတွေ ကြည့်ပြီးပါပြီ။ ကောင်းတယ်။

    ဖေဖော်ဝါရီ ၆ ရက့်ပုံတေါလည်းကြည့်ရမယ်လို့မျော်လင့်ပါတယ်။ မှောင်နေမယ် ဆိုတော့မီးထိုးရိုက်ခဲ့စေချင်ပါတယ်။

    စုံစီနဖာက ကြွက်မီနော်. လိုက်လာလိမ့်မယ် ကော်ပီနဲ့။ (သူ့ဘလော့နာမည်က စုံစီနာဖာ စာမျက်နာတဲ့)

    မိငယ်ကတော့စိတ်ဝင်စားတယ်။ ကိုယ်ကစပ်စုစိန်မို့လို့။

    ဟိုတုံးကတော့
    ပေါက်တတ်ကရ အိတ်တိ
    ကမှာတလွားမှ သတင်းတိုထွာများ
    အတိတ်ကိုပြန်လှန်ခြင်း
    IRC chart မှ ဟာသများ
    ဘန်ကောက် trip နတ်မိမယ်တို့ပျော်စံရာ

    တို့လဲထောပတ်သီးဖျော်ရည်ကြိုက်တယ် ဖရဲသီးဖျော်ရည်ကြိုက်တယ် ဘာမှ မရရငတော့ ဆန်းကစ်လဲကြိုက်တယ် အောရင်ခ်ျလည်းကြိုက်တယ်။ နွားနို့အစစ်လဲကြိုက်တယ်။ ကော်ဖီလဲကြိုက်တယ် လက်ဘက်ရည်လဲကြိုက်တယ် etc......

    ReplyDelete
  6. အချိန်ကုန်တာ မြန်လိုက်တာ.. မနှစ်ကပဲ အဲဒီအကြောင်းဖတ်လိုက်ရသေးတယ်။
    သိပ်မကြာသေးဘူးထင်နေတာ အခုထပ် တုတ်ဆူးပြန်ပြီနော်။

    ReplyDelete
  7. ဘာလို့ခွေးဗိုက်နမ်းတာလဲဟင်??

    ReplyDelete
  8. ဆီးချိုမရှိအောင် ဂရုစိုက်ပါ ကိုဘွိုင်းဇ်ရေ..။
    (ဖိနပ်တစ်ဘက်နဲ့ ပတ်သက်လို့ ကြားဖူးတာကတော့.. ပစ်ချရင် ကောင်းမလား မကောင်းဘူးလား စဉ်းစားနေတုန်း လွတ်ကျသွားတာဆိုပဲ။
    .........
    နောက်နေတာပါ..အတည်။) :D

    ReplyDelete
  9. hihi.. ကိုယ်နဲ့ အဖြစ်တူနေတယ်.. နယူးယောက်မှာဘဲ ဆေးသွားသွားကုနေရတယ် :)

    ReplyDelete
  10. တုတ်ဆူးဆိုပါလား စိတ်ဝင်စားလိုက်တာ
    ပြီးတော့ မောင်နှမတွေ အားလုံးစုံမယ်ဆိုတော့ ပိုလို့ တောင် ပျှော်ဖို့ ကောင်းမှာနော် ပီအိုက်
    ပုံလေးတွေ တင်ပေးပါဗျာ စုစုစည်းစည်းနဲ့ ပီအိုက်တို့ ပုံလေးတွေကို
    နမ့်ဖစ်ထောင်းဆိုလို့  တစ်အားသတိရသွားပြီ အားကျမခံ လုပ်စားအုန်းမှ

    ReplyDelete
  11. ဗိုက် ခွေးနမ်းတယ် လုပ်ပါ ဆရာသမားရယ်....ဘယ့်နှယ် ခွေးဗိုက်နမ်း ရမတုန်း...အနမ်းမတော်လို့ ဟိုက အပီကိုက်ထည့်လိုက်ရင်...ဒွတ်ခ ဗျာ....:)

    ReplyDelete
  12. ခွေးက ဗိုက်ကို နမ်းတယ်လို့ ပြောတာပါဗျာ...။ ဂယ်ဘဲ.. ဂယ်ဘဲ.. တစ်ကတည်း...။ ပြော မပြောချင်တော့ဘူး။

    ReplyDelete
  13. ဒီလိုရေးလိုက်မှရှင်းသွားတော့တယ်။

    ReplyDelete
  14. အသိနောက်ကျလေခြင်း။

    ReplyDelete
  15. လိုရင်းတိုရှင်း ရေးဘူး ဆရာကိုဘ တော်တော်ရှည်

    ReplyDelete