Wednesday, September 8, 2010

Mirror

ဘယ်နေရာမှာမှ လင့်ခ်မထားချင်လောက်တဲ့ ဘလော့ဂ်ကို ရေးတတ်သူ တစ်ယောက်ဖြစ်တယ်။ အလုပ်ကို အချိန်ဆွဲနိုင်သလောက် ဆွဲတတ်တယ်။ တစ်ခါတစ်လေလဲ အဲဒါနဲ့ ဆန့်ကျင်ဖက် လုပ်နေတတ်ပြန်ရော။ အစိုးရိမ်ကြီးတတ်သူ ဖြစ်တတ်သလို တစ်ခါတစ်လေလဲ လာမယ့်ဘေး ပြေးတွေ့ဆိုတဲ့ ဆောင်ပုဒ်ကို ကျင့်သုံးတတ်ပြန်ရော။ မာယာမပါ စကားပြောတတ်သလို မုသားမပါ လင်္ကာမချော ဆိုတဲ့ အတိုင်းလဲ လုပ်တတ်ပြန်တယ်။ စိတ်ကူးထဲမှာ သံတိုင်အိမ်ဆောက်တတ်ပေမယ့် လက်တွေ့ အကောင်အထည် ဖော်ဖို့မှာတော့ ပျင်းရိနေတတ်တယ်။ တစ်ခုခုကို ကြိုမြင်တတ်တဲ့ တတိယမျက်လုံး ပိုင်ဆိုင်တယ် ထင်ရလောက်အောင် တင်ကြို သိမြင်တတ်ပေမယ့် လူမိုက်နောက်မှ အကြံရ စကားပုံဟာ သူ့အတွက် ထားခဲ့လေသလား ထင်မှတ်မှားလောက်အောင် လုပ်ပြတတ်တယ်။ တစ်ခုခုကို စိတ်ပါရင် အသည်းအသန် စူးနစ်စွာ လေ့လာမျောဝင်နေတတ်ပြီး ဟင်ဆိုရင်လဲ ဘယ်တော့မှကို ပြန်လှည့်မကြည့်ချင်တော့တဲ့ သူတစ်ယောက် ဖြစ်နေပြန်တယ်။ အကြောင်းအရာစုံကို သိနေတတ်ပေမယ့် တစ်ကယ်တမ်း စစ်စစ်ပေါက်ပေါက် မေးလာရင်တော့ ဟိုလိုလို ဒီလိုလို ဖြစ်နေတတ်တယ်။ အရာရာကို ခွင့်လွှတ်တတ်ပေမယ့် တစ်ချိန်တည်းမှာပဲ အငြိုးကြီးတတ်သူ ဖြစ်နေပြန်တယ်။ ဗေဒင်မယုံဘူး လို့ ကြွေးကြော်တတ်ပေမယ့် မဂ္ဂဇင်းထဲပါလာတဲ့ ခုနှစ်ရက်သားသမီး ဟောစာတမ်းကို ဖတ်တတ်သူ ဖြစ်နေပြန်တယ်။ အသန့်ကြိုက်တတ်သူ ဖြစ်ပေမယ့် တစ်ခါတစ်လေလဲ ပစ်စလက်ခတ် နေတတ်ပြန်ရော။ အိမ်လွမ်းသူ ဖြစ်ပေမယ့် အလည်ပြန်ဖို့က လွဲပြီး အိမ်ပြန်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဘူး။ တစ်ကိုယ်ကောင်းဆန်တတ်ပေမယ့် တစ်ခါတစ်လေ အများအတွက် စဉ်းစားတတ်တဲ့ ဉာဉ်ကလေးက ရှိနေတတ်ပြန်တယ်။ တစ်ပါးသူကို အားပေးစကား ပြောတတ်တဲ့နေရာမှာ အရာရောက်သလောက် ကိုယ်ကိုယ်တိုင် panic ဖြစ်လာရင် ဘေးလူက ဘယ်လိုပြောပြော မရတတ်တဲ့သူ ဖြစ်ပြန်သတဲ့။ တစ်ယောက်ယောက်ကို ချုပ်ကိုင်ခြယ်လှယ်ချင်ပေမယ့် တစ်ခါတစ်လေ လွပ်လပ်ခွင့်ကို မြတ်နိုးတတ်သူ ဖြစ်နေပြန်ရော။


စိတ်ကူးပေါက်၍ ရေးမိသည်။ ချစ်ကြည်သော မျက်စေ့နှင့် ရှုပါကုန်...။

9 comments:

  1. အချုပ်အားဖြင့်ဆိုရသော် ကိုဘက ဘိုင်ပိုလာကိုးးးးးးးး

    :fo:
    :smile:

    ReplyDelete
  2. ချစ်တာကတော့ချစ်ပြီးသားပါဘဲ။ မျက်စိနဲ့ မရှူရရင်တော့ကောင်းမယ်။ စိုင်းထီးဆိုင်လိုပေါ့ သူ့စတိရှိုးကိုသွားနားထောင်ရင် မျက်စိကလေးမှိတ်ပြီးသီချင်းကို နားထောင်မှပိုပြီးကောင်းတယ်မြင်လိုက်ရရင် အချစ်ပေါ့သွားမှာစိုးလို့ မျက်စိကလေးကို မှေးမှေးပြီးထားပြီးကြည့်မှ အနေတော်လောက်ကျတာမို့လို့ မရှူချင်ပါ။

    ဘယ်နေရာမှာမှ လင့်ခ်မထားချင်လောက်တဲ့ဘလော့ကိုရေးတတ်သူဆိုတဲ့မြန်မာစကားကိုအတော်စဉ်းစားရတယ်. လိုရင်းကတော့ boyz ရေးတာတွေက မကောင်းလို့ ဘယ်သူကမှ လင့်ခ်မထားချင်ဘူးလို့ဆိုလိုတာလား။ ’လင့်ခ်ထားတဲ့ဘလော့တွေရှိပါတယ်။တွေ့ပါတယ်။ တော်တော်များများမှာ.

    ဖတ်လို့ကောင်းပါတယ်။ အိုင်တီနဲ့ပက်သက်တာတေက တော့ နားမလည်နိုင်လို့သိတ်မဖတ်နိုင်ပေမဲ့ ပေါက်တတ်ကရလေးတွေ ကျန်တောတွ ဖတ်တတ်ပါတယ်။ မရေးတတ်သလိုနဲ့တစ်ခါတစ်ခါ့ကျရင်လဲ သိတ်ရေးတတ်နေပြန်ရော. ကိုယ်တောင်သူ့လို့မရေးတတ်လို့အားငယ်ရတယ်။ တစ်ပုဒ်ဆို ဆို သလောက် ကောင်းနေပြန်ရော. အဖွဲ့ကလည်း မဖွဲ့တတ်သလိုနဲ့ဖွဲ့လိုက်ရင် ငြိမ်းကျော်တောင် ထိုင်ငိုသွားချင်လောက် အောင်ဖွဲ့တတ်သူလဲဖြစ်ပြန်တယ်။

    ပေါက်တတ်ကရအိတ်တိတွေ ကိုရေးတတ်သလို. ဘယ်တော့မှ အဆုံးမသတ်တဲ့ အပိုင်းတွေ ကိုလည်းရေးတတ်ပါသေးတယ်။

    သီချင်းလဲဆိုပြီးတစ်ခါတစ်လေ ဖျာရောင်းတတ်သလို တစ်ခါတစ်လေကျတော့လည်း. တတ်ကျွမ်းတဲ့ဗဟုသုတလေးတွေကို မျှ ဝေချင်တတ်တဲ့စေတနာလေးနဲ့ရေးနေပြန်ရော.
    တစ်တစ်ခါတစ်လေကကျတော့လည်းကိုယ့်ရဲ့ခံစားချက်ကလေးတွေ ကိုရေးနေပြန်တယ်။ အသံမထွက်ဘဲ လိုက်ဖတ်နေတဲ့ ဘလော့ရီဒါတစ်ယောက်လဲ ဖြစ်နေပြန်သေးတယ။်

    အသဲမာမလိုနဲ့အားငယ်တတ်သူလည်းဖြစ်သေးတယ။် မချစ်သလိုချစ်သလိုနဲ့ မူယာ မာယာတွေ လည်းများတတ်သေးတယ်။ ဘယ်သူဘယ်ဝါမှန်းမသိ ကိုယ်နဲ့သူဘဲ သိမဲ့ သင်္ကေတကလေးတွေ နဲ့လည်း.. မပက်သက် မသက်ဆိုင်သူတွေ ကို ရင်ခုန်အောင်လုပ်နိုင်သူလဲဖြစ်နေသေးတယ်။

    မာယာမပါစကားပြောတတ်သလို တည့်တည့်ကြီးပြောလွန်းလို့ မခံစားနိုင်တာတွေ လည်းရှိခဲ့သေးရဲ့။ တိုင်းရင်းသားမို့လို့ဘဲ တည့်သလား ကိုယ်ကိုယ်တိုင်ကဘဲတည့်သလားဆိုတာတော့ ကိုယ်တိုင်ဘဲသိလိမ့်မယ်။


    တစ်ယောက်ယောက်ကိုချုပ်ကိုင်ချယ်လှယ်ချင်ပေမဲ့ လက်ဆုပ်လက်ကိုင်မရှိသူလည်းဖြစ်နေခဲ့ပြန်သေးတယ်။

    အစားအစာကို ပေါက်တတ်ကရ အစုံပလုံစုံလင်အောင်စားတတ်သူလည်းဖြစ်သေးတယ်။ ရှမ်းလူမျိုးများ အစားမခုံမင်ဆိုတာကိုပြောင်းပြန်လှန်ပလိုက်အောင် စားနိုင်သူလည်းဖြစ်ခဲ့ပြန်သေးတယ်။ မြန်မာလိုပြောတတ်ပေမဲ့လည်းဝဲနေတဲ့အသံကိုတော့ မပြောင်းလဲနိုင်သေးသူလည်းဖြစ်နေပြန်သေးတယ်။ အဝတ်အစားကိုဖြစ်သလိုဝတ်တတ်သလိုနဲ့ဂျီးများတဲ့နေရာမှ နစ်ယောက်မရှိတာ လည်းကြားမိပြန်တယ်။ ဆန္ဒတွေ အစပိုင်းမှာ ပြင်းထန်သလို ရည်ရွယ်ချက်တွေ ကိုးကားချက်တွေ နဲ့စပြီး အဆုံးမသတ်သူလည်းဖြစ်တယ်။

    မိန်းကလေးဆန်သလိုယောက်ကျာ်းလေးတစ်ယောက်လဲဖြစ်တယ်။ အခုကလေးတင်ဘွိုက်စ်ဖြစ်ပြီး ခဏနေရင် ကောင်မလေးတစ်ယောက်လဲဖြစ်သွားနိုင်သေးတယ်။ အများထဲကတစ်ယောက်ပေမဲ့ စင်ပေါ်ရောက်အောင်တက်နိုင်သူလဲဖြစ်သလို ဆန္ဒတွေ ရှေ့ရောက်နေပမဲ့လဲ လူက နောက်ကို ကျန်နေချင်သေးတယ်။ လိုက်ဘို့ကို ငြင်းဆန်နေသူလဲဖြစ်တယ်။

    ReplyDelete
  3. ဟီးးဟီးး..
    ဖတ်ပြီး ထိုင်ရယ်နေတယ်..။
    ဒီမှာ ခံစားချက် ပြင်းပြင်းကြီးနဲ့ နေနေတာပါဆို..
    ပြန်လျော်ပေး ကိုယ့်ခံစားချက်လေးတွေကို..
    (ကော်မန့်သူကို ရည်ရွယ်သည်။)

    ReplyDelete
  4. ကဘ ထက်တောင် မမက ပိုသိနေပါလားးး မိတ်ဆွေတယောက်ကို ဒီလောက် အလေးအနက် ဂရုစိုက်တတ်တာ ၀မ်းသာစရာပဲ။
    (ကော်မန့်သူကို ရည်ရွယ်သည်။)

    ReplyDelete
  5. အပတ်စဉ်ထုတ် ဂျာနယ်တစောင်ရဲ့ အထွေထွေ ဗေဒင်ဟောစာတမ်းနဲ့တူသလိုလို..၊ လူတွေမှာ ရှိတတ် ဖြစ်တတ်တဲ့ ယေဘုယျ စိတ်နေ စိတ်ထားကို ပြောပြနေသလိုလို..၊ ကိုယ့်အကြောင်းသိ လူရင်းတယောက်က ကိုယ့်အကြောင်းပြောနေလို့ စိတ်ထဲ မလုံသလိုလို.. ဘာလိုလို..။

    ReplyDelete
  6. ပြုလုပ်ရန် အမှုတစ်ခုမှာ ..အနည်းငယ်.နောက်ကျနေသူတစ်ဦးလဲ ဖြစ်ပါတယ်။
    :P

    ReplyDelete
  7. စိတ်ကူးထဲတောင် တိုက်အိမ်လေး ဘာလေး မဆောက်ဘူး.. သံတိုင်အိမ်တဲ့... ဟင်း....
    ကိုဘ ဆိုရင် တစ်ခါက 3 party ဖုန်းပြောတုံးက စွာတေးလန်နေတာပဲကောင်းကောင်းသိတယ်.. ဟီးဟီး...
    3 party မဟုတ်ဘူးဟ.. ၄ ယောက်.. :P

    ReplyDelete
  8. ဘလော့ဂါအကြောင်းတစေ့တစောင်းအား ဖတ်ရူသွားပါကြောင်း

    ပို့ စ်ထက်ရှည်တဲ့ မမကွန် ရဲ့ ကွန်မန်.ကိုလည်းဖတ်ပါကြောင်း ၊ မမကွန် ရဲ့ ကွန်မန်.့ရှည်ရှည်ကို ပထမဦးဆုံးအကြိမ်ဖတ်မိတဲ့ အတွက် အလွန့် အလွန် အံသြမိပါကြောင်း ...

    ReplyDelete
  9. အိုအေ...တို့ဆီမှာ ညည်းလင့်ခ် ရှိပါတယ်အေ့...
    မနက်ဖြန်ခါ ပြီးနိုင်သော အလုပ်ကို ယနေ့ မလုပ်ပါနှင့် တဲ့...(တို့ ပြောတာ...)
    လူတိုင်းမှာ ဒါ့ခ်ဆိုက်ဒ်(dark side) ရှိကြပါတယ် ဝမ်းမနဲပါနဲ့အေ.... တူတူပါပဲ

    ReplyDelete