Friday, June 10, 2011

အန်းဂျီးဘတ် ကစားရအောင်။

အန်းဂျီးဘတ် ကစားရအောင်...။
လတ်တလော သုံးနေတဲ့ Mozzilla Firefox Browser က facebook apps ကို သုံးတာ ပေ့ခ်ျကို ဘရောက်ဇင်း လုပ်တာ ထစ်နေလို့ စိတ်ပေါက်ပေါက်နဲ့ အရင်က မသုံးပဲ ပစ်ထားတဲ့ Chrome Browser ကို သွားသုံးကြည့်ပါတယ်။ အဲဒီမှာ Chrome ရဲ့ WebStore ထဲက Angry Birds ဂိမ်းကလေး ကို ဖရီးဆော့လို့ရတာ တွေ့တာနဲ့ စာဖတ်သူများ ဆော့လို့ရအောင် ဝေငှပေးလိုက်ပါတယ်။ အိုင်ဖုန်းတွေ အိုင်ပက်တွေမှာဆို အဲဒီဂိမ်းလေးကို ဝယ်ဆော့ရပါတယ်။ Android ဖုန်းတွေမှာတော့ အလကား ဆော့လို့ရတယ် ပြောပါတယ်....။ အခုတော့ လက်ပတုတ်မှာ ကွန်ပူတာတွေမှာလဲ ဆော့လို့ရနိုင်ပါပြီတဲ့...။

အောက်ကလင့်ခ်လေးကို နှိပ်ပြီး ဆော့လို့ရပါပြီ။

http://chrome.angrybirds.com/

Chrome မှာရော၊ Mozzilla Firefox မှာရော ဆော့လို့ရပါတယ်။ Chrome မှာ ပို smooth ဖြစ်တယ်လို့ ခံစားရပါတယ်။ မြေခွေးမီးလျှံမှာ ထစ်နေသလိုလိုပဲ...။ အိုင်အီးတော့ မစမ်းသပ်ရသေးပါ။


လောလောဆယ် ဆော့တာ လယ်ဗယ် တစ် အဆင့်တစ်ပဲ ပြီးသေးတယ်....။ ဟိဟိ

Monday, June 6, 2011

ငါးပိရည်ကျို လုပ်စားဖြစ်တယ်။

ကိုယ်မနေ့က ငပိရည်ကျို လုပ်စားဖြစ်တယ်။
ရှိသမျှ တံခါးတွေ ဖွင့်..
ပန်ကာ အကုန်ဖွင့်ပြီး လုပ်တာ.....
မျှင်စိမ်းစားငပိကို သေချာမီးဖုတ်...
နောက် ပွက်ပွက်ဆူအောင် ပြုတ်
ငရုတ်သီးခြောက်ကို မီးဖုတ် ထောင်း..
ကြက်သွန်ဖြူကိုလဲ မွေးသွားအောင် မီးဖုတ်ထောင်း..
ပုဇွန်ခြောက်ကို ဘလဲန်ဒါထဲ ထည့်..
အမှုန့်မဖြစ်တစ်ဖြစ်လောက်အောင် ခြေ..
နောက် ပွက်နေတဲ့ ငပိရည်ကျို အိုးထဲ ထည့်မွေ..
နာရီဝက်လောက် လုပ်လိုက်တာ...
အပေါ်ထပ်က ပွစိပါစိ အော်သံကြားလောက်တော့မှ ဂက်စ်ပိတ် မီးဖိုပေါ်ချ...
ဂေါ်ဖီထုပ်ပြုတ်၊ ပဲသီးတောင့်ရှည်နဲ့ တို့စားလိုက်တာ...
ဆွေမျိုးတောင် မေ့တယ်။
ပုံမတင်တော့ပါဘူး။ 

ဟင်.. ဒါလဲ ပို့စ်တင်တာပဲလားဆိုတော့ တင်လိုက်ချင်လို့ပါ။ 
ငါးပိက ဒီအတိုင်းဆို ငန်နေလို့ ပုဇွန်ခြောက်လေးထည့်လိုက်မှ အငန်သက်သာသွားတယ်။

Sunday, June 5, 2011

Deserve

သင်စိုက်ပျိုးခဲ့သည်ကိုသာ
ရိတ်သိမ်းရလိမ့်မည်။

မစိုက်ခင်က
မျိုးမှန်အောင်သာ ရွေးခဲ့လျင်
ပူပန်ကြောင့်ကြခြင်းမဖြစ်နှင့်။

စိုးရိမ်ရေမှတ် အထက် ရောက်နေသလော။

Wednesday, April 13, 2011

"Thin Gyan Moe" Myanmar Classic Movies : သင်္ကြန်မိုး

ပျော်ရွှင်စရာကောင်တဲး့ သင်္ကြန်နှစ်ကူး အခါသမယပါ။
မြန်မာမှန်ရင် သင်္ကြန်ဆိုတာနဲ့ သင်္ကြန်မိုးဇာတ်ကားကို ပြေးမြင်မိကြမှာပါ။ ၁၉၈၅ လောက်တုန်းက ရိုက်ကူးပြသခဲ့တဲ့ ကားဖြစ်ပါတယ်။
ယူကျူ့ပေါ်မှာ ဦးစန်းအောင် တင်ထားတဲ့ “သင်္ကြန်မိုး” ဇာတ်ကားလေး တွေ့မိလို့ အဝေးရောက် မြန်မာများ သင်္ကြန်အလွမ်းပြေစေရန် ပြန်လည် မျှဝေပေးလိုက်ပါတယ်။



အဲဒီကားမှာ သုံးခဲ့တဲ့ သင်္ကြန်သီချင်း အများစုဟာ ယခုထက်တိုင် သင်္ကြန်ရာသီချိန်ရောက်တိုင်း တီးမှုတ်နေကြတဲ့ ကလပ်စစ် သင်္ကြန်သီချင်းများ ဖြစ်လို့နေပါတယ်။
ရိုက်ကူးခဲ့သူကတော့ ဒါရိုက်တာ မောင်တင်ဦးပါ။
အဲဒီကားထဲက အခန်း အကူးအပြောင်းလေးတွေလဲ လှပါတယ်။
နောက်ဆုံးခန်း ရောက်ခါနီးမှာ သက်ထွေးကို သင်္ကြန်လည်ခွင့် မပေးခဲ့တဲ့ ဖခင် ကိုငြိမ်းမောင်တစ်ယောက် အမြင်မှန်ရပြီး အရက်ပုလင်းကို ရိုက်ခွဲလိုက်တဲ့အခန်းကနေ သင်္ကြန်မိုး အလှပြယာဉ်ပေါ်က ဒရမ်မာ ဒရမ်ကို ရိုက်ချလိုက်တဲ့ ရိုက်ချက် အခန်းနဲ့ အကူးအပြောင်း လုပ်ထားတာ မိုက်တယ်။ ပညာပါတယ်။ ကြည့်လိုက်ကြပါလား....

Tuesday, April 12, 2011

ပွင့်ကြွေတစ်ချို့

Photo Credit to : Hnin Wut Yi

ရတတ်သမျှအချိန်တွင် ကောက်သင်းကောက်သလို သူကောက်ချင်သော်လည်း ပွင့်ကြွေများက သူမျှော်လင့်ထားသလို အရေအတွက်များများ ကျမလာခဲ့။
တစ်ချို့က ချောက်ထဲသို့..
တစ်ချို့က ချောက်နှုတ်ခမ်းကျလုလု။
အရင်နေရောင်များများ ရခဲ့သော ကာလက ကောက်သင့်သလောက် မကောက်မိပဲ လေလွင့်သွားသော ပွင့်ကြွေများကို သူမြင်ယောင်မိသည်။
လေနတ်သားကိုပဲ အပြစ်တင်ရမည်လား...
ပွင့်ကြွေတွေ အများကြီး ကျန်နေသေးတယ်ဟု သူ့ကိုယ်သူ ဆင်ခြေပေးခဲ့တာကိုပဲ အပြစ်တင်လေမလား...။

တွေ့သမျှကို တံချူနှင့် ချူလိုက်ချင်သော်လည်း သူ့ချူတံကပဲ တိုလို့လား အပွင့်တွေက မြင့်လွန်းလို့ပဲလား မသိ။ မမှီနိုင် ဖြစ်နေသည်။ တစ်ချို့သော အပွင့်များသည် အလှမ်းမှီသော်လည်း လိုချင်သည့် အချိန်တွင် ချူနိုင်၍ ချန်ထားသည်။
လေနတ်သား နောက်တစ်ချက် အသော့ ပြန်လာသော အခါ အညှာမခိုင်သော အပွင့်တစ်ချို့ကြွေလာပြန်၏။
ကိုယ်လိုချင်သော အပွင့်တစ်ပွင့် ပါလာသည်ကိုတွေ့လေတော့ လက်နှင့် အယမ်း ....
ချောက်နှုတ်ခမ်းသို့ ရောက်သွားသည်။
အရှိန်ကြောင့် အောက်သို့ ကျလေသလော....
လေအေးစူးစူးက အောက်မှ ဒလစပ် ပင့်တင် ထိုးခွဲတက်နေသည်ကို ခံစားမိသည်။
တစ်ဟူးဟူး လေသံများသည် နားထဲသို့ အငမ်းမရ တိုးဝင်...

ငြိမ့်ကနဲ ငြိမ့်ကနဲ.....

သူအိပ်မက်မှ ဂယောင်ခြောက်ချား လန့်နိုးမိလေသလား...
ပွင့်ကြွေတွေကတော့ ဟိုတစ်ပွင့် ဒီတစ်ပွင့်...

Friday, April 8, 2011

သင်္ကြန် အကြို ရာသီစာလေး

ဘလော့ဂ်ဂါ မင်းသားကြီး

V1 -(ဘလော့ဂါ မင်းသားကြီး ဘလော့ဂ်ဆိုဒ်တစ်ကာ ရောက်ခဲ့ပြီ...။
ဘယ်ဘလော့ဂ်သူ၊ ဘယ်ဆိုဒ်မှန်းမို့ မသိတော့ ခက်သေးသည်။
မနေ့က ပေးတဲ့ ဘလော့လိပ်စာ Thumb Drive စိုလို့ ပျက်ကုန်ပြီ...
မမှတ်မိတော့ ခက်သားလှဒေ၀ီ...။)၂

PreCho : ဘလော့မင်းသမီးကြီး ခြေရာဖျောက်တော့ လိုက်လို့ရှာသည်။

ဟို CBox တွေ့နိုးနိုး.. ဒီ CBox တွေ့နိုးနိုး...
မင်းသားကြီး အလွမ်းဇာတ်က နှစ်သစ်ကူးလေပြီ။
ဘလော့ဂ်မင်းသမီးနဲ့ တွေ့ဖို့ အလွန်ခက်သည်။

V1 - (Solo)
Cho : နေ့သစ်အကူးမှာ ပို့စ်အသစ်လေးတွေ တက်တော့မည်။
Gmail, Native, ပဒုမ္မာ၊ ကျူးပစ်၊ ပလန်းနက်ပါ မကျန်ပြီ...။
ကောမန့်ဘောက်က်မှာ လိုက်ရှာလဲလေ တို့မတွေ့ပြီ။
ဘန်းကျော်ကြောင့်လား တွေးတော့ ဝေးနေပြီ။
မြန်မာဆိုက်ဘာ ယူဆာ လေးနှမငယ် ...
တစ်ချက်စာ Chat မှာ မျက်လှည့်ပြလိုက်ပြီ...။

V1. PreCho:

(မပြီးမချင်း loop ပတ်၍ ပြန်ဆိုရန်။)


- မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှု ရှိက ခွင့်လွှတ်ပါ။
- ရှာပုံတော် မင်းသားကြီး သင်္ကြန်သီချင်းကို မှီငြမ်း ပုံဖျက်ထားသည်။
- မူရင်း သီချင်း နားဆင်လိုသော် အောက်ကပုံကို ကလစ်နှိပ်ပါလေ...။


ရှာပုံတော် မင်းသားကြီး - ဇော်ပိုင်

ကိုယ့်ဗားရှင်းနဲ့ကိုယ် ပြန်တင်ထားတာကို ဒီနှစ် 2011 အတာနှစ်ကူး အကြိုအနေနဲ့ ဆားချက်လိုက်ပါတယ်။

Moveis Marathon

ဒီနေ့ စိတ်ပေါက်ပေါက် ရှိတာနဲ့ ရုပ်ရှင်လေးကား ဆက်တိုက်ကြည့်လိုက်တယ်။
မနက် ၁၁ နာရီကနေ ည ၇ နာရီအထိ။

1. Natali 3D (R21)
2. Rio 3D
3. Limitless
4. Faster


1. Natali 3D
ကိုရီးယားကားပါ။ မိန်းကလေး တစ်ယောက်ကို ချစ်မိတဲ့ ယောကျာ်းနှစ်ယောက် နဲ့ ဇာတ်လမ်းဆင်ထားတယ်။ မောင်နဲ့ အစ်မ၊ သားနဲ့ အမိ ကြည့်ရန် မသင့်တော်ပါ။ ဇာတ်လမ်းမယ်မယ်ရရ မရှိပဲ ကိုရီးယား ထုံးစံအတိုင်း ဒဿနဆန်တဲ့ စကားတွေနဲ့ အသည်းယားစရာ ရိုက်ထားပါတယ်။

2. Rio 3D
 ကာတွန်းကားလေးပါ။ ရှားပါးမျိုးနွယ်ဝင် Blu အမည်ရ ငှက်ပြာလေးကို နောက်ဆုံးမျိုးဆက် ပျောက်မှာစိုးလို့ တစ်ကောင်တည်းကျန်တဲ့ မျိုးနွယ်တူ အမ ငှက်ကလေးနဲ့ မျိုးပွားအောင် ကြံဆောင်တဲ့ ကားလေး။ ရယ်ရပါတယ်။ သိပ်တော့ မရယ်ရ။ (ဒီ 3D နှစ်ကားစလုံး မစစ်တာလား မသိဘူး။ အရုပ်တွေ ၂ထပ် ထပ်နေတယ်။)


3. Limitless
Limitless Poster
သူကတော့ အက်ရှင်ကား တစ်ကားပဲ။ ဒီမင်းသားက Hang Over မှာ ပါသေးလား မသိဘူး။ ဒီကားမှာတော့ ထုံထိုင်းထိုင်း စာရေးဆရာ တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်။ ၉ နှစ်ကြာ မတွေ့ဖြစ်တဲ့ ညီမရဲ့ ယောက်ျားနဲ့ ပြန်တွေ့မိရာက NZT ဆိုတဲ့ ဆေးကိုစားမိတဲ့နောက် ဦးနှောက်ဉာဏ်ရည်တွေ ပွင့်သွားပြီး ထက်ထက်မြက်မြက် ဖြစ်လာတာ၊ နောက်တော့ အန္တရာယ်တွေနဲ့ တွေ့တာ... ပြန်ဖြေရှင်းတာ ဘာညာ... အက်ရှင်ကား ကြိုက်သူများ အကြိုက်တွေ့နိုင်မယ့် ကားလေးပါ။


4. Faster
Faster Poster 
သည်ရော့ခ်မင်းသား ပါဝင်တဲ့ ဇာတ်ကြမ်း ဒရာမာကား။ အက်ရှင် သိပ်မပါ.. ဇာတ်အလယ်ပိုင်း ရောက်တဲ့အထိ အီလေးလေးကြီး ဖြစ်နေတုန်း။ နောက်ဆုံးအပိုင်းလေးက လှည့်ကွက်လေး ကောင်းတယ်။ မဆိုးဘူး။

Photo Credit to imdb