Saturday, May 9, 2009

"Kokoro No Tomo" by "Mayumi Itsuwa"

ဒဏ်ရာများနဲ့ အသည်းက တောင်းဆိုတုန်း...။
xxxxxxxx
xxxxxxxx
တိုးတိတ် လွမ်းလို့နေပါမယ်...။

ဟိုအရင် ကျောင်းသားဘ၀ အဆောင်မှာနေတော့ အရှေ့ဘက်ဆီက ရှမ်းရိုးမဆီမှာ မိုးတွေ ညို့နေရင် တစ်ခုခုကို လွမ်းနေခဲ့တတ်တယ်။ ထိုင်နေတဲ့ စာကြည့်စားပွဲနဲ့ ကပ်ရက် ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်လိုက်ရင် တိမ်ညိုပုပ်ပုပ်တွေက အုံ့မှိုင်းတဲ့ စိတ်ကို အလွမ်းဒီဂရီတွေ ထပ်တိုးစေခဲ့တာပေါ့...။ အဲဒီမှာ ဘေးနားက အခန်းက ကောက်ခါငင်ခါနဲ့ အပေါ်က သီချင်းလေးကို ဖွင့်လိုက်ရော... (ကိုယ်ကပဲ လွမ်းတတ်နေလို့လား မသိ.. heart ထိသွားတာပဲ...။)

နောက်ပိုင်းတော့ အဲဒီ သီချင်းကို နားမထောင်မိတော့ မေ့မေ့ပျောက်ပျောက် ရှိခဲ့ရာမှ မနေ့က စီဘောက်ထဲမှာ တစ်ယောက်က ဒီသီချင်းရဲ့ အော်ရီဂျင်နယ် ဗားရှင်း လာပေးထားတာ တွေ့ရတယ်။ မူရင်းလဲ ဖြစ်ပြန်၊ ဆိုထားတဲ့ အဆိုတော်ကလဲ အသံရော၊ အဆိုပိုင်းရော ဆရာကြီးတစ်ဆူ ဖြစ်နေတဲ့ ဂျပန်အမျိုးသမီး အဆိုရှင် "Mayumi Itsuwa" ဖြစ်ပါတယ်။ သီချင်းလေး နာမည်က “Kokoro no Tomo” ဖြစ်ပါတယ်။ အောက်မှာ တင်ထားတဲ့ ယူထုကနေ နားဆင်ခံစားကြည့်ကြပါ။




Bonus :
မနာလိုတော့ မရှိပါနဲ့...။ ဒီတစ်ခါ ဘောနပ်စ်ကဏ္ဍမှာ အပိုအနေနဲ့ ဒီနေ့ အိမ်ကလူတွေ လုပ်ကျွေးတဲ့ အောက်က အစားအစာတွေနဲ့ ဧည့်ခံလိုက်ပါတယ်...။


မနက်စာ ပေါက်စီ (ပေါက်စီ အစစ်)


ကောက်ညှင်းပေါင်းနဲ့


နေ့လည်စာအတွက် ထိုဖူးနွေး...။ လက်မောင်းတောင့်နေအောင်ကို မွှေပေးရတယ်လို့ မွှေရတဲ့ တစ်ယောက်က မဏ္ဍပ်တိုင် တက်ပြပါတယ်။



စားချင်စဖွယ် ထိုဟူးနွေးရယ်...။

Friday, May 8, 2009

ဂျေအိုင်ခေါင်းဆောင်ကို ပြန်ဖမ်းမိပြီ...။

တစ်နှစ်နီးပါး ကြာအောင် ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စင်ကာပူ ဂျေအိုင် ခေါင်းဆောင် မတ် ဆီလမတ်ကို ဖမ်းမိပါပြီလို့ အစိုးရက ပြောကြားသွားပါတယ်...။ ဖမ်းမိတဲ့ နေရာက မလေးရှားနိုင်ငံဖြစ်ပါတယ်။ မလေးရှားရဲတွေကို စလုံးဘက် အကူအညီတောင်းထားခဲ့ပါတယ်။ တစ်ကယ်တော့ ဆီလမတ်ကို မလေးရဲ့တို့ ဖမ်းမိတာ တစ်လလောက်ရှိပြီလို့ ပြောပါတယ်။ စင်ကာပူ အစိုးရက အခုမှသာ တရားဝင်ကြေငြာတာ ဖြစ်ပါတယ်...။

အဲဒီ ထောင်သား လွတ်မြောက်သွားတဲ့ အတွက် စင်ကာပူ ရဲ ၆ ယောက် ရာထူးလျှော့ချခံရသလို၊ စင်ကာပူ သမိုင်းမှာ ရဲအယောက်ပေါင်း ထောင်ချီပြီး တောလှန်ရှာဖွေခဲ့ရသည် အထိ မှတ်တမ်းတင်ခဲ့ပါတယ်။
ဒီကြားထဲ တစ်ချို့သော မီဒီယာများက ဆီလမတ်ကို ထောင်ထဲ စစ်ဆေးမေးမြန်းမှုမှာ လက်လွန်သွားလို့ ကာဗာဖြစ်အောင် ထွက်ပြေးသယောင်ယောင် ပြောဆိုခဲ့ပါတယ်...။
အစကတော့ သူထါက်ပြေးရင် ဖြစ်နိုင်ခြေကတော့ ဂျေအိုင် အကြမ်းဖက်သမားများရဲ့ ဘူမိနက်သန် ဖြစ်တဲ့ အင်ဒိုနီးရှားကို သွားရောက်ခိုလှုံဖွယ် ရှိတယ်လို့ ထင်မြင် ယူဆခဲ့ပေမယ့် အခု မလေးမှာ ဖမ်းမိတယ် ဆိုတော့ အံ့အားသင့်ခဲ့ကြပါတယ်..။

အခုလို တရားခံပြေး မတ် ဆီလမတ် ကပ်စ်ထရီကို ပြန်လည် ဖမ်းမိတဲ့ စင်ကာပူနိုင်ငံသားများ ပျော်မြူးနေကြတယ်လို့ သတင်းများက ဆိုပါတယ်။

သတင်း အကျယ်ကို သိလိုသူများ အောက်ကလင့်တွေမှာ သွားကြည့်နိုင်ပါတယ်။

Channel News Asia 1
Channel News Asia 2
Channel News Asia 3

Sunday, May 3, 2009

ပေါက်စီဋီကာ 小籠包 Pauk-Si (18+ DEN)

ပေါက်စီ။
တရုတ်အမျိုးသားတို့ရဲ့ ရိုးရာ အစားအစာ။
ဂျုံမှုန့်ကို အထဲမှာ အသားဖြစ်ဖြစ်၊ ပဲချို ဖြစ်ဖြစ် ဌာပနာထားပြီး ပေါင်းထားတဲ့ မုန့်။
တစ်ခါတစ်လေ ဘာမှ မထည့်ပဲ ဒီအတိုင်း အလွတ်ပေါင်းတာတွေ ရှိတယ်။ ဒါကိုကျတော့ အချဉ်ရည် လို တို့စရာ တစ်မျိုးမျိုးနဲ့ တို့စားတာ ရှိတယ်။ အဆာပြေ အနေနဲ့ စားစား၊ မုန့်ပဲ သွားရည်စာလိုပဲ စားစား၊ ထမင်းလွတ်ပဲ စားစား စားလို့ရတဲ့ အစာ။

အစကတော့ ပေါက်စီက တရုတ်လူမျိုးတို့ရဲ့ စားစရာ။ နောက်တော့ ကမ္ဘာရွာ ဆိုတဲ့ နိယာမအရ အရှေ့ဖျား ဂျပန်မှသည် အနောက်တစ်လွှား အမေရိကားဆီသို့ ပျံ့နှံ့သွားပါပြီ။ တစ်ကမ္ဘာလုံး ပေါက်စီဆိုတာ မသိ မရှိတော့ပါဘူး။ မနက်စာ ဒင်းမ်ဆမ်း စားရာမှာ မန်ထိုပေါက်စီ၊ အဆာပြေ စားရာမှာလဲ ဒီပေါက်စီ.. ဟိုမှာလဲ ပေါက်စီ.. ဒီမှာလဲ ပေါက်စီနဲ့ နေရာအနှံ့ ပေါက်စီမှ ပေါက်စီ ဖြစ်နေပါပြိ...။

ငယ်ငယ်တုန်းကဆို အိမ်ရှေ့ကို ဖြတ်ဖြတ်ပြီး လည်ရောင်းနေတဲ့ ပေါက်စီသည် နှစ်ယောက်ရှိတယ်။ နှစ်ယောက်စလုံး တရုတ် အဖိုးအိုတွေ။ တစ်ယောက်က ဆိုင်းထမ်း နဲ့ ထမ်းရောင်းတယ်။ တစ်ဘက်က ပေါက်စီတွေ ထည့်ပေါင်းထားတဲ့ ပေါင်းအိုးနဲ့ အောက်က မီးသွေးမီးဖို ပူပူနဲ့။ ကျန်တဲ့ ဆိုင်းထမ်း နောက်တစ်ဘက်ကတော့ သတင်းစာ စက္ကူဖြတ်စတွေနဲ့ ကျွတ်ကျွတ်အိတ်၊ အချဉ်ရည် နီစွေးစွေးတွေ...။ နောက်ထပ် တစ်ယောက်ကတော့ လှည်းကလေးနဲ့ ရောင်းတယ်။ လှည်းကလေးကို ထိပ်နားမှာ မီးဖိုနဲ့ ပေါင်းအိုးနဲ့ ပေါက်စီတွေ ပေါင်းထားတယ်။ အဖုံးကတော့ အခုခေတ်လို ဒန်အိုးဖုံး မဟုတ်ပဲ သုံးထပ်သားပြားတွေ ၀ါးဘိုးဖတ်တွေနဲ့ ကိုယ်တိုင် လုပ်ထားတဲ့ ဟုမ်းမိတ်အဖုံး။ ဆောင်းတွင်းချိန်ဆို အဲဒီလှည်းနား ကျွန်တော်တို့ ကလေးတစ်သိုက် သွားသွားကပ်ကြတယ်။ မီးဖိုဓါတ်က အနွေးဓါတ်ရယ်၊ ပေါက်စီအဖုံးကို ဖွင့်လို့ ထောင်းကနဲ ထွက်လာတဲ့ ပေါင်းအိုးအငွေ့ပူပူနဲ့ တွဲပါလာတတ်တဲ့ ပေါက်စီနံ့ မွေးမွေးလေးရယ်...။ အဲဒါတွေက ကျွန်တော်တို့ ကလေးတစ်သိုက်ကို အတော် စွဲဆောင်မှု ရှိခဲ့တယ်...။

ပေါက်စီကို ၀က်သားပေါက်စီကြက်သားပေါက်စီနဲ့ ပဲပေါက်စီ ဆိုပြီး ခွဲခြား ရောင်းတာ ရှိတယ်။ ၀က်သားပေါက်စီဆို ပေါက်စီထိပ်မှာ အနီရောင် တို့ထားတယ်။ ကြက်သားပေါက်စီဆို အစိမ်းရောင်။ ပဲပေါက်စီကတော့ ဘာမှ တို့မထားဘူး။ ကျွန်တော်ငယ်ငယ်က ဘာလို့ အသားပေါက်စီတွေ မစားလဲ မသိဘူး။ ပဲပေါက်စီပဲ စားတယ်။ ချိုလို့နေမှာ။ ပေါက်စီ အဲလောက် မက်မက်စက်စက် သိပ်မကြိုက်ခဲ့ဘူး။ အခုကြတော့ ပေါက်စီဆို ကြိုက်သလား မမေးနဲ့။ ဘာပေါက်စီပဲလာလာ အကုန်ကြိုက်တယ်။ :D

ပေါက်စီမှာ အဓိကအားဖြင့် ပါတာကတော့ အသားပေါက်စီမှာဆို ၀က်သားပေါက်စီထဲမှာ တောက်တောက်စင်းထားတဲ့ ၀က်သား၊ အကွင်းလိုက် လှီးထားတဲ့ ၀က်အူချောင်း၊ ကြက်သွန်နီ/ဖြူ၊ ငရုတ်ကောင်း၊ ကြက်ဥပြုတ် တစ်စိတ် နှစ်စိတ်လောက်ကို ပါးပါးလှီးထည့်ထားတာ။ ကြက်သားပေါက်စီကတော့ ၀က်သားနေရာမှာ ကြက်သားကလွဲပြီး ကျန်တာ တူတူပဲ။ ပဲပေါက်စီကတော့ ဘယ်လို လုပ်တာလဲတော့ မသိဘူး။ ပဲအနှစ်ကို ထန်းညက်လား ကြံသကာလား မသိ.. ရောကြိတ်ထားတာလေး။

အဲဒီ ကျွန်တော်တို့ မြို့ကလေးက ပေါက်စီသည် နှစ်ယောက်ဟာ မနက်စောစောနဲ့ ညဦးပိုင်းတွေမှာ မြို့တွင်း လှည့်ပြီး ရပ်တစ်ကာလည် ရောင်းကြတယ်။ သူတို့လာပြီဆို အဝေးကနေ သူတို့ အော်ရောင်းနေတဲ့ အသံတွေ ကြားရတတ်တယ်။ ဆိုင်းထမ်းနဲ့ အဖိုးကြီးကတော့

ပေါက်^-စီ၊ ပေါက်^-စီ၊ ပေါက်^-စီ၊ ပေါက်^-စီ၊
ဆိုပြီး လေးခါ တိုပြတ်ပြတ်နဲ့ အော်တတ်တယ်။ ဒါဆို ဆိုင်းထမ်း အဖိုးကြီး လာပြီပေါ့...။

လှည်းကလေးနဲ့ ရောင်းတဲ့ ပေါက်စီသည်ကျတော့

ပေါက်......................................... စီ
ဆိုပြီး အသံကို လေးလေးပင်ပင် အရှည်ကြီးဆွဲလို့ အော်တတ်တယ်။ သူက အသံပိုအောင်တယ်။ အဖွားကြီးတွေဆို သူ့ကို မုန်းကြတယ်။ သူအော်လိုက်ရင် ရင်ထဲကို စူးပြီး အောင့်အောင့်သွားလို့တဲ့...။ ဘာပဲပြောပြော နှစ်ယောက်စလုံးကတော့ လာပြီဆိုရင် ၀ယ်စားချင်သူတွေ တစ်ပြုံကြီးပဲ...။

ရန်ကုန်ရောက်လာတော့ မန်းလေး၊ လားရှိုး စသဖြင့် အထက်ပိုင်းက တရုတ်ပြည်နဲ့ နီးစပ်တဲ့ နေရာက လူတွေ အကြေအရပ်ကို ဆင်းလာကြပြီး တရုတ်အစားအစာတွေ ရောင်းကြတယ်။ ပေါက်စီလဲ ဘယ်နေမလဲ။ မတ်စ်ပရော်ဒတ်ရှင်းနဲ့ ရောင်းကြတာပေါ့။ ရန်ကုန်က နာမည်ကြီးတဲ့ ပေါက်စီတွေကတော့ ၀မ့်ဝမ့်ပေါက်စီ၊ ကျိုင်းတုံ ပေါက်စီ၊ လားရှိုးခုနှစ်လွှာ ပေါက်စီ စသဖြင့်ပေါ့ကွယ်...။

အခုများမှာတော့ ခြင်္သေ့ကျွန်းက စားချင်စဖွယ် တစ်စက်မှ မရှိတဲ့ ပေါက်စီ သေးသေးလေးတွေနဲ့ အာသာ ဖြေနေရတော့တယ်ကွယ်။

“ဘောနပ်စ်”

အရေးကြီး မက်ဆေ့ခ်ျ - အောက်ဖေါ်ပြပါ စာသားနှင့် ပုံများသည် အသက် ၁၈ နှစ်နှင့် အထက် လူကြီးများ အတွက်သာ ရည်ရွယ်ပါသည်။

ဒီနေ့တော့ မနက်စာ ပေါက်စီ ကျွေးချင်ပါတယ်။ မစားခင်မှာတော့ ကျွန်တော် ကျွေးမယ့် ပေါက်စီကို လာတဲ့လူ အရေအတွက်နဲ့ အညီအမျှ ကျွေးရမှာဖြစ်လို့ တစ်ခု ကူညီစေလိုပါတယ်။ အရင်တုန်းက အဲလိုပဲ မလုပ်လိုက်မိလို့ မလောက်မငှ ဖြစ်တာ ကြုံခဲ့ရလို့...။ အခုတော့ ကူညီကြပါဦး..။ အောက်က ပုံတွေထဲမှာ ပေါက်စီ ဘယ်နှစ်လုံးပါတယ်ဆိုတာ ကူညီရေတွက်ပေးကြပါ။


[image004.jpg][image005.jpg][image003.jpg][image002.jpg][image001.jpg]

စားချင်လိုက်တာကွယ်....

အဲ.. အဲ...။ ဟေ့လူတွေ ... ပေါက်စီ ဘယ်နှစ်လုံးရှိတာတဲ့တုန်း....။

ဟာ!!!!
နှစ်လုံးမကဘူး...။ ပေါက်စီ ရေခိုင်းနေတာ ဘာတွေ ရေနေတာတုန်း...။
ကျွန်တော်လဲ ပေါက်စီ ကြိုက်တတ်တယ်။
“သားတို့အကြိုက် ပေါက်စီ”

ဝန်ခံချက်။ တစ်ဆင့်ပို့လာသော အီးမေးလ်ထဲမှ ပုံများ ဖြစ်ပါသည်။ ပိုင်ရှင် မသိပါ။ ပိုင်ရှင်ပေါ်ပါက ခွင့်တောင်းပါသည်။ ခွင့်မပြုပါက ပိုင်ရှင်အလိုကျ ဖြုတ်ပေးပါမည်။

Photo : From Chained Mail.

Saturday, May 2, 2009

လမ်းပေါ်မှ ...

နေက ကျဲကျဲတောက် ပူနေတယ်ဗျာ...။
ကားတွေက ကျပ်တောက်နေတာပဲ။ ဟိုဘက်ခြမ်းက တီကိုနဲ့ ပုဂ္ဂိုလ်ကလဲ ခေါင်းတစ်ခြမ်း ထိုးထားတာ။
ငါလဲ အရေးကြီးတာပဲ။ ငါလဲ အလုပ် နောက်ကျတော့မယ်။
ဟင်... ဟိုက ဆိုင်ကယ်နဲ့ တစ်ယောက်က ကားရှေ့ကို ဖြတ်တော့မယ်။ သေတော့မှာပဲ...။
ငါ သိမ်းကျုံး ဆဲလိုက်ရင် ကောင်းတော့မယ်။ လူက ညစ်နေပါတယ်ဆို...။
အားလုံးက တစ်ယောက်ကို တစ်ယောက် မသည်းခံနိုင်တော့ပါလား။
တောက်.. ကားကျပ်နေပါတယ်ဆို မီးပွိုင့်က အလုပ်မလုပ်ပြန်ဘူး...။
ဒီမိုး ဒီလေ ဒီရေနဲ့တော့ ဟုတ်နေပါပြီ။
မီးပွိုင့်ပျက်တော့ ကားတွေက ထွက်ချင်တိုင်းထွက် တိုးချင်တိုင်းတိုးနေတာပေါ့။
အဲ မဟုတ်ဘူးဟ...။ လမ်းပြ ပုလိပ် ရှိနေတယ်...။ လမ်းပြနေတာပဲ...။
အော် .. တော်သေးတာပေါ့...။
အဲ.. ပုလိပ်က လမ်းပြတာ ရိုးရိုးမပြပဲ ဘယ်လို ပြနေပါလိမ့်...။

အော်.. သူက အကလေးပါ တွဲဖက်ပြီး ပြနေတာကိုး...။ ဒီတစ်ယောက်က တရုတ်ပြည်ကပါ။ သူ့အကကို ဘီဘီစီက တွေ့မိပြီး သူတို့ သတင်းပေါ် တင်ထားပေးတာ တွေ့ရတယ်...။ သီချင်းလေးပါ တွဲထည့်ထားပေးတာကိုး။ အင်း... ရဲမင်းကြီးက ဒါကို မြင်သွားပြီး သူ့ကို အလုပ်ဖြုတ်ရင်တော့ မတတ်နိုင်ဘူး။ ဒါမှမဟုတ် တစ်နိုင်ငံလုံးက လမ်းပြရဲတွေ သူ့အတိုင်း လုပ်စေ ဆိုရင်တော့ ... ဟိဟိ။ ဘီဘီစီလင့်ခ်ကို အရင် ကြည့်ပါလား...။ ပြီးမှ အောက်က ယူထု လင့်ခ်ကို ကြည့်ပေါ့နော့။


တရုတ်ပြည်က လမ်းပေါ် ပုလိပ်အက



ဒါက ဖိလစ်ပင်က လမ်းပြရဲ အက



ဒါက မက်ဆီကိုက လမ်းပေါ် အက


အဲ... ဒီအက ဆိုရင်ကော.. အဆုံးထိ ကြည့်လိုက်ပါဦး...။



သေတတ်သည်။ သတိထားလို့ တားရမယ့် ပုံ ပေါက်နေပြီ။

Morale of the Story : Don't try too much different. :D

Shan Bird Dance



Credit : fabianfred537

ရှမ်းရိုးရာလို့ဆိုလိုက်ရင် ရှမ်းအိုးစည်နဲ့ တွဲမြင်တတ်သလို နောက်တစ်မျိုးတွဲမြင်တတ်တာက ကိန္နရာ အကဖြစ်ပါတယ်။ အခု ဗွီဒီယိုထဲက အကကတော့ ရှမ်းရိုးရာ အက တစ်မျိုးဖြစ်တဲ့ ရှမ်းအမျိုးသားတို့ရဲ့ ယဉ်ကျေးမှု အမှတ်လက္ခဏာ ဖြစ်တဲ့ ရှမ်းရိုးရာ ကိန္နာရာ မောင်နှံအက ဖြစ်ပါတယ်။ အစဉ်အလာအရဆိုရင် အဖို၊ အမ မောင်နှံကရမှာ ဖြစ်ပါတယ်။ ဒီကကွက်မှာတော့ အဖိုမပါပဲ အမချည်းသာ ကသွားတဲ့ အကွက်လေးပါ။ အရင်တုန်းကတော့ ကပြသူတွေက မျက်နှာဖုံးစွပ် ကကြပါတယ်။ ကျင်းပတဲ့နေရာကတော့ ထိုင်းမြန်မာ နယ်စပ် ဖာန်ခရုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ၀ါလကင်းလွှတ် သီတင်းကျွတ်ချိန်ခါများမှာ ကျင်းပကြတဲ့ ပွဲတော်တွေမှာ ဒီအကလေးတွေကို ကပြ ဖျော်ဖြေကြပါတယ်။

Swine Flu Case in Hong Kong (First Case in Asia)


Credit : NY Times
ဒီကနေ့ သောကြာနေ့မှာ ဟောင်ကောင်အုပ်ချုပ်ရေး အဖွဲ့ကနေပြီးတော့ တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပါတယ်။ ပထမဦးဆုံးသော ၀က်တုပ်ကွေး ကူးစက်သူ ရောဂါ ဝေဒနာ ရှင် တစ်ယောက်ကို စစ်ဆေးပြီးနောက်ပိုင်း ဒီကြေငြာချက်ကို ထုတ်ပြန်လိုက်တာပါ။ အဆိုပါ လူနာဟာ မက္ကဆီကိုနိုင်ငံကနေ ရှန်ဟိုင်းတစ်ထောက်နားပြီး လာတာ ဖြစ်ပါတယ်။ ကြာသပတေးညက အဲဒီ လူနာနေထိုင်တဲ့ ဟော်တယ် တစ်ခုလုံးကို မ၀င်ရ၊ မထွက်ရ ဇုံ အဖြစ် Quarantine သတ်မှတ်လိုက်ပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ခြောက်နှစ်တာ ကာလတုန်းက ဖြစ်ပွားခဲ့တဲ့ ဆားစ်အိပ်မက်ဆိုးကို လန့်နိုးလိုက်သလိုပါပဲ။ ယခု လူနာဟာ ရှန်ဟိုင်း လေဆိပ်ထဲကနေ အပြင်ကို ထွက်မသွားဘူးဆိုပေမယ့် ရှန်ဟိုင်းက တာဝန်ရှိသူတွေကို ခေါင်းခဲစေပါပြီ။ တုပ်ကွေးဆိုင်ရာ ကျွမ်းကျင်သူများ ပြောကြားချက်အရ လူနေ ထူထပ်တဲ့ အာရှနိုင်ငံတွေမှာ တုပ်ကွေး ကူးစက်မှု ဖြစ်ပွားခဲ့ရင်တော့ ရောဂါကို ထိန်းချုပ်ရန် အတော်ကို ခက်ခဲနိုင်လိမ့်မယ်လို့ တွက်ဆထားပါတယ်။

ကမ္ဘာနဲ့ အ၀ှမ်းမှာ ၀က်တုပ်ကွေး ကူးစက်ခံရသူ ဦးရေဟာ တစ်ဖြည်းဖြည်း တိုးတက်များပြားလာပါတယ်။ အမေရိကန် တစ်နိုင်ငံတည်းမှာတင် ကူးစက်ခံရသူ ဦးရေဟာ ပြည်နယ်ပေါင်း ၁၉ ပြည်နယ်မှာ ၁၄၁ ဦး အထိ ရှိသွားပြီ ဖြစ်ပါတယ်။

ဟောင်ကောင်က ပထမဦးဆုံး သတ်မှတ်ခံရတဲ့ ၀က်တုပ်ကွေး လူနာဟာ ကြာသပတေး ညနေပိုင်းက ချိုင်းနား အရှေ့လေကြောင်းနဲ့ ရောက်လာခဲ့တာ ဖြစ်ပြီး ဟိုတယ်မှာ ချက်အင်ပြီးတဲ့နောက် စတင် ဖျားနာခဲ့ရာက သတိပြုမိကြတာ ဖြစ်ပါတယ်။ အခင်း ဖြစ်ပွားတာနဲ့ တစ်ပြိုင်နက် သက်ဆိုင်ရာက လူနာကို ဒေသဆိုင်ရာ ဆေးရုံမှာ သီးသန့်ထားလိုက်ပြီး အဆိုပါ ဟိုတယ်ထဲက လူ၂၀၀ ကိုလဲ သီးသန့် နေစေကာ အနီးအနားက မက်ထရိုပတ်ခ်ကိုလဲ ၇ရက်တိတိ ပိတ်ခိုင်းလိုက်ပါတယ်။

ဟိုတယ် ၀န်ထမ်းပေါင်း ၁၀၀ ကျော်ကိုလဲ သီးသန့်ဇုံအဖြစ် ညတွင်းချင်း ပြောင်းလဲထားတဲ့ နေရာကို ရွှေ့ပြောင်းနေထိုင်စေမယ်လို့ သိရပါတယ်။ အပြာရောင် ယူနီဖေါင်း ၀တ်စုံ ၀တ်ထားပြီး မျက်နှာဖုံးများ တပ်ဆင်ထားတဲ့ ကျန်းမာရေး လုပ်သားများဟာ တာမီဖလူး ဆေးဝါးများ လာရောက် ဝေငှတယ်လို့ သိရပါတယ်။ အဆိုပါ တာမီဖလူး ဆေးဟာ တုပ်ကွေးရောဂါပိုးရဲ့ သက်တမ်းကို တိုတောင်းစေတာ ဖြစ်ပါတယ်။

ဟောင်ကောင် ကျန်းမာရေးဌာန က ဒါရိုက်တာ ဒေါက်တာ လမ်ပင်းလျန်ရဲ့ ပြောကြားချက်အရ မည်သူ တစ်စုံတစ်ယောက်ကမှ ကျန်းမာရေး အရာရှိရဲ့ ခွင့်ပြုချက်မရပဲနဲ့ အဆိုပါ ဧရိယာအတွင်းသို့ ၀င်ရောက်၊ ထွက်ခွာခြင်း မပြုရဘူးလို့ သိရပါတယ်။

သတင်းအကျယ်ကို ဖတ်ရှုလိုပါက နယူးယောက်တိုင်းမ် သတင်းဝေါစထရိ ဂျာနယ် သတင်း နဲ့ အေပီ သတင်း တို့မှာ အသေးစိတ် ဖတ်ရှုနိုင်ကြပါတယ်။

စင်ကာပူနဲ့ ဟောင်ကောင်အကြားမှာ လေယာဉ်ခရီးစဉ် အပြန်အလှန် ပြေးဆွဲပါတယ်။ စင်ကာပူကနေ ဟောင်ကောင်ကို Singapore Airline ကနေပြီးတော့ ဟောင်ကောင်ကို နေ့စဉ် တစ်ရက်လျင် ခရီးစဉ် ငါးခေါက်နှုန်းနဲ့ လေးနာရီကြာ ခရီးစဉ်ကို ပုံမှန်ပြေးဆွဲနေပါတယ်။ တစ်ခြား ပြေးဆွဲတဲ့ လေကြောင်းများလဲ ရှိနိုင်ပါတယ်။

Friday, May 1, 2009

Swine Flu, Singapore, Orange Alert

Singapore နိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနဲ့ရဲ့ ဧပြီလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြောငြာတဲ့ ၀က်တုပ်ကွေး ရောဂါ နောက်ဆက်တွဲ သတင်းမှာ ယမာန်နေ့က အ၀ါရောင် အဆင့်အဖြစ် သတ်မှတ်ထားရာကနေ နောက်တစ်ဆင့် လိမ္မော်ရောင် အဆင့်သို့ ထပ်တိုးလိုက်ပါပြီ။ ၀က်တုပ်ကွေးရောဂါ ကူးစက်ခံရသူ မရှိသေးပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက တိုးမြှင့် ထုတ်ပြန်လိုက်တဲ့ သတိပေး Level ဖြစ်တဲ့ အဆင့်ငါးနဲ့ လိုက်ပြီး တိုးမြှင့် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံသို့ ခရီးသွားလာပြီး ပြန်ရောက်လာတဲ့ နိုင်ငံသားများကိုလဲ Home Quarantine Order ထုတ်ပြီး ၇ ရက်အတွင်း အပြင်မထွက်ဖို့ကို တိုက်တွန်းနူိးဆော်ထားပါတယ်။

ကျန်းမာရေး ၀န်ကြီးရဲ့ ပြောကြားချက်အရ မက္ကဆီကိုက ၀က်တုပ်ကွေး ရောဂါကို ပထမဆုံး ကူးစက်ခံနိုင်ရဖို့ အခွင့်အလမ်း အများဆုံးက အရှေ့တောင်အာရှနိုင်ငံများထဲမှာ စင်ကာပူနိုင်ငံက ဖြစ်နိုင်ခြေ အများဆုံး ဖြစ်တဲ့ အတွက် သတိနဲ့ နေဖို့ တိုက်တွန်းလိုက်ပါတယ်။ ဖြစ်လာတဲ့ ဒဏ်ကို ကြောက်ရွံ့ခြင်းမရှိပဲ စံနစ်တကျ ခုခံကာကွယ်နိုင်ဖို့ အသင့်ပြင်ထားပြီး ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားပါတယ်။

ဆားစ်ရောဂါ ဖြစ်တုန်းက ခုခံကာကွယ်မှုမျိုးဟာ အခုတစ်ကြိမ် ရောဂါအသစ်အဆန်းနဲ့ ကြုံလာချိန်မှာ အသုံးဝင်ချင်မှ ၀င်ပေမယ့် တစ်ကယ်တမ်း ဖြစ်လာချိန်မှာ ခြေကုန်လက်ပန်းကျနေတာ မဖြစ်ရလေအောင် သတိပေး ကာကွယ်ချက်တွေကို လိုတာထက် ပိုမလုပ်မိစေဖို့ ပြောကြားပါသေးတယ်။

လိမ္မော်ရောင် သတိပေးချက် အဆင့်မှာ ကိုယ်ပူချိန် တိုင်းတာနဲ့ ၀က်တုပ်ကွေးရောဂါ လက္ခဏာ စစ်ဆေးချက်တွေကို ဆေးရုံနဲ့ ဆေးခန်းတွေမှာ စစ်ဆေးမှာပါ။ ဆေးရုံများမှာ ဆေးစစ်တာ၊ ဆရာဝန်လာပြတာ တွေကို လူနာနဲ့ လိုက်ပါသူ အဖေါ် တစ်ဦးသာ ခွင့်ပြုမှာ ဖြစ်ပြီး နှစ်ယောက်စလုံးကို ကိုယ်ပူချိန် တိုင်းတာနဲ့ တုပ်ကွေး လက္ခဏာ စစ်ဆေးမှာ ဖြစ်ပါတယ်။
(လွန်ခဲ့တဲ့ တနင်္လာနေ့က ချန်ဂီဆေးရုံကို ခါးရိုး ဓါတ်မှန်ရိုက်ဖို့ အသွားမှာ ကျွန်တော်နဲ့ ပါလာသူ အဖေါ် တစ်ဦးကို Thermal Scanning, နားထဲ သာမိုမီတာ နဲ့ ကိုယ်ပူချိန် တိုင်းတာတွေ လုပ်ပါတယ်။ အဲဒီတုန်းက ကျွန်တော့် ကိုယ်အပူချိန် မြင့်နေလို့ ဆိုပြီး Fever Patient လူနာများ စောင့်ဆိုင်းရာ နေရာမှာ သွားစောင့်ခိုင်းတာ ကြုံပါတယ်။ Screening လုပ်တဲ့ အချိန်မှာ ကိုယ်ပူချိန် မရှိဆိုပြီး ရိုးရိုး လူနာခန်းထဲမှာပဲ သွားထားပါတော့တယ်။)

လူနာကို နီးနီးကပ်ကပ် ပြုစုစောင့်ရှောက်တဲ့ ကျန်းမာရေး ၀န်ထမ်းတိုင်းကို ကာကွယ်ရေး ၀တ်စုံ၊ ကိရယာတွေ အပြည့်အစုံ ၀တ်ဖို့ ညွှန်ကြားချက် ထုတ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

တုပ်ကွေး ရောဂါသည် ကိုယ်ခံအား နိမ့်ပါးတဲ့ အချိန်မှာ ၀င်ရောက် တိုက်ခိုက်နိုင်တာမို့ ကျန်းမာရေး ကောင်းနေတဲ့ နိုင်ငံသားတိုင်း ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လေ့ကျင့်ခန်း ဖြစ်တဲ့ အပြေးလေ့ကျင့်ခန်း၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ စတာတွေ ကို ပုံမှန် လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ အိပ်ရေး ၀၀ အိပ်ဖို့လဲ တိုက်တွန်းထားပါတယ်။

အကယ်၍ Swine Flu ၀က်တုပ်ကွေးနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်များ သိရှိလိုပါက ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ၀က်ဘ်ဆိုဒ်ဖြစ်တဲ့
www.moh.gov.sg သို့လည်းကောင်း၊ Hot Line Phone ဖြစ်တဲ့ 1800-333 9999 သို့လည်းကောင်း ဆက်သွယ် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

Source : CNA