Wednesday, February 13, 2008

မျောက်အုန်းသီးရခြင်း အပိုင်း (၁)

အခုတစ်လော ဘွိုင်းဇ်တစ်ယောက် မျောက်အုန်းသီးရသလို ဖြစ်နေတာ ပတ်ဝန်းကျင်က မျက်စိနောက်လောက်အောင်ကိုပါပဲ...။ သူလိုချင်တဲ့ ဖုန်းတစ်လုံးကို သူရသွားလို့လေ...။ ဖုန်းတစ်လုံးရတဲ့အရေးကို ဒီလောက်တောင် ဇာချဲ့ရသလားလို့ တစ်ချို့က မေးငေါ့ကြလိမ့်မယ်...။ ကျွန်တော့်အတွက်ကတော့ ဇာချဲ့ရမှာပါ့...။ ဖုန်းတစ်လုံးကို လက်လွတ်စပါယ် မ၀ယ်ချင်ဘူလေ...။ အသုံးတည့်မယ်...။ လိုချင်တဲ့ function အပို လုပ်ဆောင်ချက်တွေ ပါမယ်ဆို ပိုမကောင်းလားဗျာ...။
အဲဒါနဲ့ ကိုယ်လိုချင်တဲ့ ဖုန်းတစ်လုံးကို ဇွဲနဘဲရှိရှိနဲ့ စောင့်ခဲ့တာပေါ့...။

သိကြတဲ့အတိုင်း ကျွန်တော်တို့ ရွှေနိုင်ငံတော်ကြီးမှာ လက်ကိုင်ဖုန်းဆိုတာ မရှိမဖြစ် အနေအထားဆိုပေမဲ့ အခြေအနေက သုံးနိုင်တဲ့ လူတန်းစားတွေအတွက် လူဂုဏ်တန်ပြယုဂ် တစ်ခုကနေ တက်မလာဘူးလေ...။ အဲဒီတော့ ခပ်ချာချာ (ချာ အရှေ့မှာ “ေ” ထည့်ဖတ်လဲ စိတ်မဆိုးတတ်ပါဘူးဗျာ...။) မောင်ဘွိုင်းဇ်တစ်ယောက် သူများတွေလို ဟဲန်းဖုန်းတစ်ကားကားနဲ့ ဟန်ရေးပြခွင့်မရခဲ့ဘူးပေါ့...။ ပြင်ပပေါက်ဈေး ၃၅ သိန်းလောက်တောင် ရှိခဲ့ဖူးသဗျ...။ အခုတော့ Prepiad ဖုန်းများ ချပေးတော့မယ်ဆိုတော့မှ ဖုန်းဈေးတွေ ပြုတ်ကျလာတယ်တဲ့ဗျား...။ ဒါတောင် ၂၂ သိန်းတဲ့...။ ဖလား...ဖလား...။

ဖုန်းအကြောင်းဆိုတော့လဲ နည်းနည်းတော့ ရှည်လိုက်ရမှ...။ ကမ်ဘာပေါ်မှာ ဖုန်းစနစ် အစုံဆုံး နိုင်ငံကို ပြပါဆိုရင်တော့ မြန်မာနိုင်ငံကိုပဲ ပြရမှာပ...။ GSM တဲ့...။ CDMA တဲ့...။ TDMA တဲ့....။ စုံပလုံစိနေတာပဲ...။ အခုနောက်ဆုံးတော့ GSM ကို ကြိုက်နေကြတာပေါ့...။ ကြိုက်ဆို GSM က ကမ်ဘာအနှံ့ သုံးနေတာကိုး...။ (တောင်ကိုးရီးယားကတော့ ခြွင်းချက်အနေနဲ့ CDMA စံနစ်ကို တစ်နိုင်ငံလုံး တွင်တွင်ကျယ်ကျယ် သုံးနေပါတယ်...။)

အခု ရန်ကုန်မှာ GSM ဖုန်းအချင်းချင်းပဲ SMS ပို့လို့ရသေးတယ်...။ MMS တို့... Voice Mail တို့ တော့ အိပ်မက်မက်လိုက်ဦးတော့...။ အင်း... ရေးရင်း..ရေးရင်းနဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေးအကြောင်း ရောက်သွားတယ်...။ Off Topic တောင် ဖြစ်နေပေါ့...။ ပြန်တည့်လိုက်ဦးမှ...။

ကျွန်တော်ဗျာ.. ဒီခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းကျွန်းကို စစရောက်တော့ ဆက်သွယ်ရေးက အရေးကြီးတယ်ဆိုတော့ ကြုံရာ ဖုန်းတစ်လုံးကို ဟို ၂၄ နာရီဖွင့်တယ်ဆိုတဲ့ ဖာရာပါ့ခ်က အာရပ်ကြီးဆိုင်မှာ သွားပြေးဝယ်ရတာပေါ့...။ မှတ်မှတ်ရရ အခုလို တုံချမ်းတုံချမ်းနဲ့ ဗျောက်တွေ တစ်ဒိုင်းဒိုင်းဖောက်ပြီး လမ်းပေါ်ကို တိုးတွေ နဂါးတွေ တက်ဆော့နေတဲ့ အချိန်ပေါ့...။ အလကားပေးရသလား ထင်ရလောက်အောင် တိုးနေတဲ့ လူထူထူကြားမှာ ဘကုန်းကုလား၊ မ' ကုလားတွေကြားမှာ ဖုန်းကူဝယ်ပေးခဲ့တဲ့ Dream နဲ့ ယုန်လေးတို့ကို ကျေးဇူးတောင် တင်မိသေး...။ အဲဒီတုန်းက ၀ယ်ခဲ့တဲ့ ဖုန်းက ဆိုနီအဲရစ်ဆန် အမျိုးအစားဖြစ်ပြီး မော်ဒယ်ကတော့ W700i ပါတဲ့...။
ဒီဖုန်းပေါ့...။


သူက 3G ဆိုတာကြီး မရပေမဲ့... ကိုယ်လိုချင်တဲ့ function တွေ အကုန်ပါတယ်ဆိုတော့ သူ့ပဲ ရွေးခဲ့တာလေ...။ 3G မရတော့ ဘာအအရေးလဲ...။ Video Call မရဘူးပေါ့...။ အလို...ဘယ်သူကများ ကိုယ့်ဘော့စ်နဲ့ ဖုန်းပြောရင် သူ့မျက်နှာကြည့်ပြီး ပြောချင်မှာပါလိမ့်....။ နော့...။ ဆိုတော့...ဆိုတော့...။ ဒီဖုန်းပဲပေါ့...။ (အမှန်က 3G ဖုန်း ရရင် ယူချင်နေတာ...။ ကိုယ့်ဘတ်ဂျက်က အဲလောက်ပဲ တတ်နိုင်လို့...။ အာဟိ...။)

အဲဒီတော့ ကိုယ်က နဂိုကတည်းက Music Crazy ဆိုတော့ Sony ဆိုတာကြီးကို Walkman Player တွေ ထုတ်ကတည်းက သဘောကျခဲ့တာ...။

အခု မော်ဒယ်မှာ Walkman Function ပါလို့ ၀ယ်ခဲ့တာပေါ့...။ SMS, MMS, Email ပို့လို့ရတယ်...။ သီချင်းတွေ နားထောင်လို့ရတယ်...။ ဓါတ်ပုံရိုက်လို့ရတယ်...။ Built-in Camera ပေါ့...။ 2 Mega Pixel တော့ ရတာပဲ...။ အပျော်တမ်းပဲဟာ...။ တစ်ကယ့်အရည်အသွေးကောင်းတဲ့ ပုံတွ လိုချင်ရင် ကင်မရာပဲ ၀ယ်လိုက်မှာပေါ့...။ (ဟီး... ကိုယ့်ဟာကို ဆင်ခြေပြန်ပေးနေတာ...။) စကားမစပ်ပါ....။ ဒီဘလော့ဂ်ထဲမှာကော... ကျွန်တော် အမြဲ ၀င်ဖတ်နေကျ နေးတစ်မြန်မာ မှာကော ကျွန်တော် တင်ခဲ့တဲ့ ပုံတွေ အားလုံးနီးပါးဟာ အဲဒီ ကင်မရာနဲ့ ရိုက်ခဲ့တာပါ...။ (ဒါက ကြုံကြွား...။ အဟက်...။)

အဲဒီ ဖုန်းနဲ့ ကျွန်တော် တစ်နှစ်နီးပါး နှစ်ပန်းလုံးနေခဲ့ပါတယ်...။ တော်တော်လည်း အကြမ်းပတမ်းခံပါတယ်...။ ၀ရန်တီတောင် လာမာ့် ၁၆ ရက်နေ့မှ ကုန်မှာ...။ ဒီကြားထဲ ဖုန်းက ရေထဲကျသွားလို့ ဒုက်ခ ရောက်သွားသေးတယ်...။ ခြောက်အောင် ပြန်သုတ်ပြီး ပါဝါပြန်ဖွင့်တော့ ... အမယ်... ဘသားချောက အလုပ်မပျက် ဆက်လက် ချီတက်ဆဲပဲ...။ ဘာဆိုဘာမှ မဖြစ်တာ...။

နောက်တစ်ခါကျတော့ Memory Card ကြောင်လို့ ဖုန်းသုံးမရတာ ဖြစ်သွားတာ...။ သူက နဂို ပါလာတာက 512 MB...။ သီချင်း အပုဒ်ရေ ရာကျော်လာတနဲ့ အဆင်မပြေတော့... သူ့ထက် ပမာဏ ပိုများတဲ့ 2 GB ကဒ် ၀ယ်ထည့်လိုက်တယ်...။ ၅-၆ လလောက်လဲ ကြာရော...ကဒ်က ရုတ်တရက်ကြီး အလုပ်မလုပ်တာ... ဖုန်းပါေ၈ွက်သွားတယ်...။ အစက ကဒ်ကြောင်တာ မသိဘူး..။ ဖုန်းကိုပဲ ပါဝါ ဖွင့်လိုက် ပိတ်လိုက်နဲ့ လုပ်နေတာ... ဘယ်လိုမှ တက်မလာတဲ့အဆုံး ဒီအတိုင်း လက်မှိုင်ချနေလိုက်ရတယ်...။ အဲဒီတုန်းက ဂျိုဟိုးမှာ ၃ ရက်လောက် ရောက်နေတာ...။ အဲဒီ ၃ရက်လောက်မှာ အားလုံးနဲ့ အဆက်အသွယ်ပြတ်သွားရော...။ အဲဒါနဲ့ စလုံးကို ပြန်ရောက်တာနဲ့ ဖုန်းကို ဆိုင် မပို့ခင် နောက်ဆုံး try မယ်ဆိုပြီး... ကဒ်ကို ထုတ်...။ ပြီးတော့ ပြန်သွင်း... ဖုန်းကို ပါဝါ ပြန်ဖွင့် လုပ်လိုက်တာ... ကောင်းသွားရော...။ အဲဒါပဲ...။ ပြောချင်တာက ဖုန်းက တော်တော် အသုံးခံတယ်လို့ ပြောချင်တာ...။ ဒီအထိကို ဖုန်းကို ကန်ထရိုက် မသုံးပဲ... Prepaid နဲ့သုံးနေတာ...။

နောက်တော့ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် အကြောင်းတွေ ဖန်လာတော့ Contract ဖုန်းတွေကို သုံးဖို့ အကြောင်း ဖြစ်လာတယ်...။ အဲဒါနဲ့ ဘယ်အော်ပရေတာက ဘယ်လို ဆားဗစ်ပေးပြီး ဘယ်လို ဈေးချိုတယ် ဆိုတာ စစ်စစ်ပေါက်ပေါက် လိုက်ရှာပြီး သကာလ Star Hub က per second billing ကို နှစ်သက်ပြီး ဒီနှစ် တရုတ်နှစ်ကူး ပရိုမိုးရှင်းမှာ မျောက်အုန်းသီးရဖို့ အကြောင်းဖန်လာပါတော့တယ်...။

ကဲ..ကဲ ဒီနေ့တော့ ဒီလောက်ပဲကွယ်...။ တစ်ခြားနေ့တွေမှ ဘယ်အုန်းသီးရသလဲဆိုတာ ဒီမျောက်ကပဲ အဲ..အဲ ကျွန်တော်ကပဲ ဆက်ရေးပါတော့မယ်...။ တာ့တာ...။

စကားမစပ်ပါ...။ အပေါ်က ပြောခဲ့တဲ့ အာရပ်ဆိုင်ဆိုတာ ဆီရန်ဂွန်းတို့ Little India တို့ လောက်နားက မူစတာဖါး ဆိုင်ကို ပြောတာပါ...။ သူ့ဆိုင်က ရောင်းကုန်တွေဟာ အပြင်ကထက် အမှန်တကယ် ဈေးချိုပါတယ်...။

No comments:

Post a Comment