Friday, February 29, 2008

ဇာတ်တူသား စားခြင်း၏ အကျိုးကျေးဇူး

ငယ်ငယ်တုန်းက ကိုးတန်းလောက်မှာ မြန်မာ ဇာတက ၀တ်ထုတိုများ ဆိုပြီး ပုံပြင်လေးတွေ သင်ခဲ့ရဖူးတယ်...။ ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်း ဇာတ်ပျက်သွားရပုံ အကြောင်းပေါ့လေ...။
မှတ်မိကြဦးမလား...။ မေ့နေရင် အကျဉ်းချုံး ပြီးပြောပြမယ်...။ လာကြ.. လာကြ...။
တစ်ခါတုန်းကပေါ့ကွယ်...။ ကြီးမားတဲ့ ဂူတစ်ဂူထဲမှာ ဟသာင်္ပေါင်း ကိုးသောင်းဟာ ဟင်္သာသဘာဝအလျောက် နေထိုင်ကြသတဲ့...။ ခြေခင်းလက်ခင်းသာတဲ့ နေ့တွေမှာဆို သလေးစပါးနှံရှိရာ စားကျက်ကွင်းဆီကို သွားရောက် အစာရှာလေ့ရှိကြပြီး... ရာသီဥတု မသာယာခဲ့ရင်တော့ ဂူထဲမှာ လက်ဦးမဆွက သိုလှောင်ထားတဲ့ ရိတ်ခါများကို မှီဝဲနေကြသတဲ့...။ အခါတစ်ပါးမှာ ရာသီဥတု ဖောက်ပြန်လို့ ဟသာင်္များ ဂူထဲကနေ ဂူပြင် မထွက်နိုင် ဖြစ်ကြသတဲ့...။ သိုလှောင်ထားတဲ့ စားနပ်ရိတ်ခါများလဲ လုံးပါး ပါးကုန်သတဲ့...။ ဖြစ်ချင်တော့ ဂူဝမှာ လှည်းဘီးပမာဏလောက်ရှိတဲ့ ပင့်ကူကြီးဟာ ကြီးမားတဲ့ ပင့်ကူအိမ်ကြီးကို ဂူပေါက်ဝကို ပိတ်ပြီးတော့ အိမ်ဆောက်နေသတဲ့...။ ဒီတော့ ဟင်္သာတို့လဲ အပြင်ကို မထွက်နိုင် ဖြစ်ကြတော့တာပေါ့...။ စားစရာက ရှားပါးလာတော့ မလုပ်သင့်တာကို လုပ်မိကြသတဲ့...။ ပထမဆုံး ဟင်္သာပေါက်စကို စားကြသတဲ့...။ အဲဒီ ပေါက်စတွေကုန်တော့ ဟင်္သာအိုများ...ထိုမှ တစ်ဆင့် ဟင်္သာမျများ စသဖြင့် စားသောက်ကြသတဲ့...။ ပင့်ကူကလည်း ဖယ်ကို မဖယ်ပေးဘူးတဲ့...။ နောက်ဆုံးမတော့ ကြံရာမရတော့ ခေါင်းဆောင်လုပ်တဲ့ အစုကနေပြီးတော့ ငယ်ရွယ်ပြီး ဖျတ်လတ်သန်မာတဲ့ ဟင်္သာပျိုများကို ပင့်ကူကြီးကို သွားရောက်နှိမ်နင်းဖို့ အတင်းအကျပ် တာဝန်ပေးသတဲ့...။ တာဝန်ပေးအပ်ခြင်းခံရတဲ့ ဟင်္သာများလဲ သူတို့မှာ ရှိတဲ့ အစွမ်းမှန်သမျှ သုံးပြီး တိုက်ခိုက်ပါသော်လည်း ဇာတ်တူသားစားမိတော့ အင်အားချိနဲ့ပြီး ပင့်ကူကြီးရဲ့ အစားကိုခံလိုက်ရတာ ရှိတဲ့ ဟင်္သာပေါင်း ကိုးသောင်း ပြုတ်ပြုတ်ပြုန်းရောဆိုပဲ...။ အဲဒါကြောင့်နေမှာ ခုဆို ဟင်္သာဆိုတာ ပုံပြင်ထဲမျာ၊ ဘုရားကျောင်းနံရံတွေမှာ ပဲမြင်ရတော့တာ...။
လိုရင်းကို ပြန်ချုပ်ရရင်တော့ အခုဒီအကြောင်းကို ပြောပြချင်တဲ့ အကြောင်းရင်းက ဒီနေ့ကြည့်လာခဲ့ရတဲ့ ဗွီဒီယို ကလစ်တစ်ခုကြောင့်ပါ...။ ကင်းမြီးကောက် အချင်းချင်း တစ်ကောင်နဲ့ တစ်ကောင် တိုက်ခိုက်ကြရင်းနဲ့ တစ်ကောင်ကရှုံးသွားပါတယ်...။ နိုင်တဲ့အကောင်က ရှုံးတဲ့အကောင်ပို ပျော်ပျော်ကြီး ပွဲတော်တည်နေချိန်မှာ ကင်းမြီးကောက်စားတဲ့ အကောင်ဖြစ်တဲ့ တော်တွင်းကြွက် တစ်ကောင်က လာရောက်ပြီး အလွယ်တကူ စားသွားတာ ကြည့်ရင်း မိတ်ဆွေတို့ကို မျှဝေပေးချင်လာလို့ ဒီပို့စ်ကို တင်လိုက်ရခြင်း ဖြစ်ပါတယ်...။ ဒီမှာ ကြည့်နိုင်ပါတယ်...။

No comments:

Post a Comment