Thursday, June 12, 2008

သိုးထိန်းမှတ်တမ်း...။

ငါ့ရင်ထဲ၌ မစဲသော မိုးတို့သည် ရှိုကုန်၏။
ထိုနည်းတူ အက်ကြောင်းထစ ပြုနေသော အတ္တတို့သည် ရှိကုန်၏။
ချစ်ခြင်းသဘောကို ခံစားတတ်သည့် နုနယ်သော နှလုံးသားသည်လည်း ရှိကုန်၏။
ဖြူစင်ရိုးသားခြင်းကို ငတ်မွတ်သော အာသီသတို့နှင့် ပြည့်တင်းကုန်၏။

အကြောင်းတရားကို မှီတည်၍ ဖြစ်ထွန်းလာသော အကျိုးတရားကြောင့်
ပစ္စုပန် အခြေအနေတို့ ဖြစ်ပေါ်၏။
ကောင်းကင်မှ ၀ဲနေသော သိမ်းငှက်တစ်ကောင်၏ မြင်ကွင်းကို
မြေပြင်မှ သမင်တစ်ကောင် ခံစားတတ်မည် မဟုတ်ချေ...။
ရေပျော်ငါး၏ လွတ်လပ်စွာ ကူးခတ်မှု အရသာကို မြေအောင်းကြွက်သည် နားလည်မည်မဟုတ်...။

ထိုနည်းတူ ငါ၏လာရာကို သင်မသိသကဲ့သို့ ငါ၏ လားရာကို သင်သိချေမည် မဟုတ်...။
သင်မြောက်ဘက်တူရူသို့ ဦးတည်ချိန်တွင် နေမင်းပေါ်ထွန်းရာအရပ်ကို ငါဦးတည်နေလိမ့်မည်...။
သင်စွန်ပလွံသီးကို စားသုံးနေချိန်တွင် ငါသည် စပျစ်သီးကို အကြိုက်တွေ့နေအံ့...။
အိပ်စက်ခြင်းကို သင် တပ်မက်ချိန်တွင် ကောင်းကင်မှ ကြယ်ကြွေခြင်းကို ငေးမောခြင်းအလုပ်ကို ငါလုပ်ဆောင်အံ့...။

တောင်ထိပ်တွင် မြူဆိုင်းနေချေပြီ...။
တွေဝေခြင်းကို ချန်ရစ်ခဲ့ပါ...။
အမြင်မတူမှုများကို ၀ိဝါဒကွဲခြင်းများနှင့် အဆုံးမသတ်ပါနှင့်...။
လမ်းဆုံးကို မရောက်သေး...။
သင်နောက်ချန် ကျန်ရစ်နေခဲ့လျင် ငါတစ်ကိုယ်တည်း ရှေ့ဆက်သွားအံ့...။

ဝံပုလွေ၊ ခွေးအ များသည် ကောင်းသော အပေါင်းအဖေါ်များ မဟုတ်သည်ကို သတိချပ်လေ...။

ရေကြည်ရာသို့၊ မြက်နုရာသို့ သွားမည်လော....။ ယိုယွင်းနေသော စားကျက်ဟောင်းကို ဖက်တွယ်မည်လော...။

2 comments:

  1. လွတ်မြောက်မှုခြေလှမ်းအစ လား။ (သို့) တကိုယ်တော်လေလွင့်ခြင်း လား။

    ReplyDelete
  2. မျက်နှာဖုံးကို ဖယ်ခွာခြင်း ပါ...။

    ReplyDelete