Sunday, June 15, 2008

Pauk Kaya Eighties... ပေါက်ကရ ရှစ်ဆယ်များ...။ (၁)

ခေါင်းစဉ်နဲ့ ပါတ်သက်လို့ ဥဒါန်းချီပါတော့မယ်ဗျား...။ မပြောမပြီး မတီးမမြည် ဆိုသလို စိတ်ကူးပေါက်ရင် ပေါက်သလို နာမည်ပေးတတ်တဲ့အတွက် အခုလဲ ခေါင်းစဉ်ကို ဘာကြောင့် ဒီလိုပေးရတယ်ဆိုတာ ရှင်းပြပါမယ်...။

- ဒီစာတွေကိုတော့ ပေါက်ကရထဲမှာပဲ ထည့်တော့မယ်...။
- အရူးလွယ်အိတ်လိုမျိုး စုံစီနဖာနိုင်တဲ့ အချက်အလက်များကို ရေးသားမှာမို့ ဖြစ်ပါတယ်...။
- မည်သူတစ်ဦးတစ်ယောက်၊ ပုဂ္ဂိုလ် အဖွဲ့အစည်း တစ်ခုကိုမှ ပျက်စီးနစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ပါ...။
- အတုယူသင့်တာတွေ ပါပါမယ်...။
- ကြော်ငြာ ဖြစ်ရင်ချင်လဲ ဖြစ်သွားနိုင်ပါတယ်...။ (သက်ဆိုင်ရာ ကာယကံရှင်များ သဒါပေါက်ပြီး ကြော်ငြာခ လာချီးမြှင့်မယ်ဆိုလဲ အားတုံ့အားနာနဲ့ လက်ခံပေးလိုက်ပါမယ်...။)

၁။ No Water...

စိတ်ညစ်ဖို့ ကောင်းပါတယ်...။ အရှေ့မလေးရှားနယ် ဖြစ်တဲ့ ဆာဘား၊ ဆာရာဝတ် နားကို ခရီးထွက်ဖြစ်တုန်းက ဖြစ်ပါတယ်...။ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အင်ပီရီးရယ် ဟိုတယ်မှာ အိပ်ဖြစ်ပါတယ်...။ ခြောက်ထပ်က အခန်းတွေမှာ မတည်းပါနဲ့တဲ့...။ ကျွန်တော်ကတော့ သွားမိတဲ့ အခေါက်တိုင်းကို ခြောက်ထပ်မှာပဲ အခန်းရပါတယ်...။

ကြုံဖူးသူ တစ်ဆင့် စကားအရ အခန်းထဲကို ပထမဆုံး ၀င်လိုက်တာနဲ့ စိမ့်သက်သက်၊ အေးစက်စက် နဲ့ အရာက ကိုယ့်နံဘေးနား ဖြတ်သွားတာကို ကြုံရတယ်တဲ့...။ အိပ်ရာဝင်ခါနီးဖြစ်ဖြစ်၊ စာရေးနေတာပဲဖြစ်ဖြစ် တစ်ခုခုကို အာရုံစူးစိုက်လုပ်မိရင် ဖြစ်ဖြစ် တစ်ယောက်ယောက်က ကိုယ့်ကို စောင့်ကြည့်နေသလို၊ စိုက်ကြည့်နေသလို ခံစားရတယ်တဲ့...။ ဟိုတယ်ဝန်ထမ်းတွေကိုယ်တိုင်တောင် ကြုံဖူးတယ်လို့ ပြောတာပဲ...။

ထားလိုက်ပါ...။ ခုပြောချင်တာက မလေးရှားက အထူးသဖြင့် အဲဒီ အရှေ့ပိုင်းနားနေတဲ့ နေးတစ်မလေးရှားများ အခင်းကြီးငယ်များ သွားပြီးရင် ကိုယ်လက်သန့်စင်ရာမှာ ရေ မသုံးကြဘူးလား မသိ...။ အခု ကျွန်တော် သွားသွားတည်းတတ်တဲ့ ဟိုတယ်က အိမ်သာရေချိုးခန်းမှာ ရေသန့်စင်ဖို့ ပိုက်ထားမပေးပါဘူး...။ တစ်ရှုးလိပ်ပဲ ထားပေးပါတယ်...။ အတော့်ကို ဂွကျနိုင်တဲ့ အနေအထားပါ...။ သူရို့ယဉ်ကျေးမှုကိုယ်၌ကိုက ရေမသုံးကြတာလား မသိ...။ အညာမှာလို လယ်ပြင်သွား၊ တုတ်ခနောင်းနဲ့များ ပြီးလေရော့သလား...။ ဒါဆိုလဲ တုတ်ဖြစ်ဖြစ် ထားမှာပေါ့...။ ခုလဲ တုတ်နဲ့အလားသဏ္ဍာန်တူတဲ့ အရာလဲ မတွေ့...။ တစ်ရှုးစက္ကူနဲ့ပဲ ကိစ္စပြီးရမယ့်ပုံပါ...။ ဒုက္ခ...။

အော်...။ အဲဒီ သရဲတွေ ဘာတွေလား...။ မကြုံခဲ့ပေါင်...။ လာခြောက်လို့ မကြောက်ဘူးဆိုရင် သရဲ သိက္ခာကျမှာစိုးလို့ ထင်ပါ့...။ လာတောင် မလာဘူး...။ ဒါမှမဟုတ် သူတို့ထက် ပိုကြောက်စရာကောင်းတဲ့ လူချော မောင်ဘွိုင်းရုပ်ရည်ကို မြင်ပြီး လန့်သွားတာလားမှ မသိတာ...။ လူခြောက်တယ်... လူခြောက်တယ်ဆိုပြီး...။ ဟဲ...။

၂။ Cleaning Liquid at KLIA


အပေါ်က ပို့စ်ကတော့ သန့်စင်ခန်းမှာ ရေမထားပေးလို့ ဒုက္ခရောက်ပုံကို ရေးခဲ့ပါတယ်...။ အခုပို့စ်ကတော့ ကွာလာလမ်ပူလေဆိပ်က သန့်စင်ခန်းမှာ ကြုံရတာလေးကို ပြောချင်ပါတယ်...။ လေဆိပ်ဆိုတော့ သိတဲ့ အတိုင်း မတစ်ထောင်သားများ ဥဒဟို သွားလာဝင်ထွက်ရာ နေရာ ဖြစ်ပါတယ်...။ သန့်စင်ခန်းများလဲ သိကြတဲ့ အတိုင်း လူပေါင်းစုံ အသုံးပြုကြပါတယ်...။

ဆိုတော့ သန့်ရှင်းမှုရှိတဲ့ သူတွေက ကိစ္စ၀ိစ္စပြီးရင် စနစ်တကျ သန့်သန့်ရှင်းရှင်းလေး လုပ်သွားပေးတတ်တယ်...။ သူတို့နဲ့ ပြောင်းပြန်လူတွေကတော့ ရေတွေ ဘာတွေ ဆွဲမချတဲ့ အပြင်... ဘိုထိုင် အိမ်သာကမုတ်ပေါ် ခြေထောက်နဲ့ ငုတ်တုတ်ထိုင်ပြီး အခင်းကြီး သွားလိုက်ကြသေးတယ်...။ (အဲဒီလို အထိုင်ကောင်းလို့ ကိုယ်ကျိုးနည်းသွားရတဲ့ အဖြစ်အပျက်တွေကို နောက်များမှ တင်ပေးမယ်...။)
ပိုဆိုးတာက ကိုယ်ဘာစားထားတယ်ဆိုတာ နောက်လူသိအောင် သဲလွန်စများ ချန်ထားတတ်လေရဲ့...။ တစ်ခါသားဆို မြေပဲဆံတောင် ပါလိုက်သေး...။ အစာမကြေဘူးထင်ပါ့...။

တစ်ခါသားမှာတော့ ကျွန်တော် အကောင်းစားလေး မောင်ဘွိုင်းတစ်ယောက် တစ်နေ့လုံး အစားသောင်းကျန်းမှုဒဏ်ကို ကေအယ်လ်လေဆိပ်မှာ Transit စောင့်နေရင်းနဲ့ ခံရပါလေရော...။ တစ္ဂြီဂြီ တစ်ဂွမ်ဂွမ်နဲ့ ကိုသန့်စင်ကို လိုက်ရှာရတာပေါ့...။

လူပေါင်းစုံ အသုံးပြုနေတဲ့ လေဆိပ်အိမ်သာကို တက်ရမှာက ခပ်ရွံ့ရွံ့ဆိုတော့ စားသောက်ဆိုင်က တစ်ရှုးပေပါများ အလိပ်လိုက်ကို ယူသွားပါတယ်...။ သန့်စင်ခန်းထဲကိုလဲ စိတ်ညစ်ညူးခြင်းတစ်ဝက်နဲ့ ၀င်လိုက်တယ်...။ အိမ်သာကမုတ်ကို သန့်ရှင်းရေးလုပ်ဖို့ ပါလာတဲ့ တစ်ရှုးနဲ့ သုတ်နေရင်းကနေ စဉ်းစားမိပါတယ်...။ ဒီလောက် နိုင်ငံတစ်ကာ အဆင့်မှီလေဆိပ်ကြီး တည်ဆောက်ပြီးတော့ မရှိမဖြစ် သန့်စင်ခန်းအတွက် သန့်ရှင်းရေးကိစ္စကို ထည့်မတွက်လေခြင်းလို့ အပြစ်တင်မိပါတယ်...။ ဒီလေဆိပ်က နိုင်ငံတစ်ကာ အကောင်းဆုံးလေဆိပ်ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိထားပါတယ်...။

နောက်တော့ လေဆိပ်တည်ဆောက်သူတွေအနေနဲ့ ဒီလို အဖြစ်တွေအတွက် တစ်ခုခုတော့ ကြိုတွေးပြီး လုပ်ထားရမယ်လို့ တွက်ဆပြီး အခန်းတွင်း ဘေးဘီဝဲယာကို မျက်စိကစားလိုက်တော့ ... လား.. လား...။ တစ်ရှုးများ ထားရှိရာဗူးဘေးမှာ သန့်စင်ဆေးရည်ထည့်ထားတဲ့ ဗူးကို တွေ့မိပါတယ်...။ အသုံးပြုပုံကိုလဲ သရုပ်ပြပုံနဲ့ ကပ်ထားပါတယ်...။ အောက်ကပုံမှာ ပြထားပါတယ်...။


၁။ တစ်ရှုးကို ယူပါ
၂။ သန့်စင်ဗူးအောက်နားက ပြွန်မှာ ကပ်ထားပေးပါ...။ ခလုတ်လေးကို နှိပ်ပြီး သန့်စင်ဆေးရည်ကို တစ်ရှုးပေါ် လိုသလောက် စိုစွတ်အောင် ဖြန်းလိုက်ပါ။
၃။ အဲဒီစိုနေတဲ့ တစ်ရှုးနဲ့ မိမိသန့်ရှင်းရေး လုပ်လိုတဲ့ နေရာကို သုတ်လိုက်ရုံပါပဲ...။

တော်သေးတာပေါ့ဗျာ...။ အဲဒီလို facility ထားပေးလို့ ...။ နို့မို့ဆိုရင်တော့ တစ်ရှုးပေပါတွေခင်းပြီး နှစ်ပါးသွားရမဲ့ပုံပဲ...။ အားလုံး ဒီအသုံးဝင် (လိမ့်မယ်လို့ ထင်)တဲ့ အချက်ကို သတိပြုမိပြီး အရေးကြုံရင် အသုံးပြုနိုင်အောင် ရေးသားရင်းနဲ့ အိမ်သာဋီကာ... အဲ .. အဲ.. ပေါက်ကရအိတ်တီ့ အပိုင်း (၁) ကို နိဂြုံးဂုတ် လိုက်ပါတယ်...။

စာကြွင်း။ ။ အဲဒီ သန့်စင်ဆေးရည်က Sprit လို မွေးတေးတေးနဲ့ အေးအေးလေးဗျ...။


9 comments:

  1. ကိုသန့်စင်…….ဆိုတာ တီဇက်အေကို ပြောတာလားဟင်….။

    ပီနန်ဘက်က အိမ်သာတချို့ဆိုရင် ပိုဆိုးတယ်။ အိမ်သာထဲမှာ နာဂစ် ၀င်မွှေသွားသလား အောက်မေ့ရတယ်။ ကြမ်းပြင်ပေါ်မှာ ရေတွေလျှံနေတာ။ ရေထဲမှာ စီတန်း ချထားတဲ့ အုတ်ခဲတုံးလေးတွေပေါ်ကနေ တရုတ်နဂါး ကသလို သိုင်းကွက်နဲ့ နင်းသွားရတယ်။ တုံး..တုံးလုံးချမ်…တုံးချမ်…တုံးချမ်…ပေါ့ဗျာ။

    ReplyDelete
  2. ကိုသန့်စင်ဆိုတာ သန့်စင်ခန်းကို လူကြားကောင်းအောင် ကိုသန့်စင်နဲ့ သွားတွေ့မယ် ပြောတာ...။ နောက်တစ်မျိုး ရှိသေးတယ်...။ ဒါကျတော့ ယောက်ျားလေးများနဲ့သာ ဆိုင်တဲ့ အရေးပေါ့။ ကျားသွားကြည့်မယ်ဆိုရင် သဘောပေါက်...။
    ၁။ ကိုသန့်စင်သွားတွေ့မယ်က Apply to all sex.
    ၂။ ကျာသးသွားကြည့်မယ်ဆိုတာက Apply only to male...

    ReplyDelete
  3. ကျွန်တော့်တုန်းကလည်း အဲလိုပါပဲ… ကိစ်စ ၀ိတ်စ ပြီးပြီဆိုတော့ မှ သန့်စင်ဖို့ hand shower လေးက လုံးဝကို ရှိမနေဘူး။ တော်တော်လေး အကြပ်ရိုက်သွားတယ်.. ဒါပေမဲ့ ရေးချိုးခန်းနဲ့ ကတွဲရက်ဖြစ်နေတော့ ရေချိုးခန်းက ရေချိုးတဲ့ hand shower ကိုပဲ အိမ်သာ hand shower အဖြစ်သုံးလိုက်တယ်ဗျာ ဟီးဟီး.. ရှက်လို့ဘယ်သူ့မှတောင်မပြောဖူးပါဘူး ခုမှလူစုံလို့
    မလေးလူမျိုးများဟာ အိမ်သာမှာ ရေသုံးပုံမပေါ်တဲ့ အပြင် မျက်နှာသစ်တဲ့ ဘေဇင် ထဲကိုလဲ ခြေထောက်ထည့်ပြီး ဆေးတတ်ကြပါသေးတယ်… ရိုးရာလားဘာလားတော့မသိဘူး

    ReplyDelete
  4. ဟုတ်တယ်...။ နောက်ဆုံး ပြန်လာခါနီး မနက်မှာ မျက်နှာသစ်နေတုန်း ဘေးနားက မျက်နှာသစ်တဲ့ ဘေစင်ထဲကို ခြေထောက်ဆေးနေတာ တွေ့လို့ ငါဒီမှာ မျက်နှာသစ်နေတာ မမြင်ဘူးလားလို့ ကောလိုက်သေးတယ်...။ ဟီဟိ... သူတို့ရဲ့ ယဉ်ကျေးမှုဆိုရင်လဲ မတတ်နိုင်ဘူး...။

    ReplyDelete
  5. 'In Wudhu, we wash or moisturize the nerve-ends of the hands, feet, hair, mouth, nose and ears.'
    http://www.islam.com/salat/wudhu.htm
    (ဘာသာရေး ထင်တယ်..ကိုဘွတ်ဇ်။)

    ReplyDelete
  6. အလုပ်တူတူလုပ်ဖူးတဲ့ မလေးမလေးတွေက အလုပ်က အိမ်သာမှာ ရေခွက်လေးတွေတောင် ဆောင်ထားတယ်နော်။
    မလေးရှားက မလေးတွေတော့မသိုဘး။

    ReplyDelete
  7. ဘာသာရေးလို့ ပြောတာမှန်ပါတယ်။ ကျနော် KL မှာ နေတုန်းက မွတ်စ်လင်ဘာသာဝင်တိုင်း ပလီ မတက်ခင်မှာ ကိုသန့်စင်စီလာကြပြီး သန့်ရှင်းရေးလုပ်ကြပါတယ်။ ခြေထောက်ဆေးပြီဆိုလျှင် ခြေထောက်တစ်ဘက်ကို မျက်နှာသစ်ခွက်ထဲ ထည့်ပြီး တစ်ပေါင်ကျိုး ပို့စ်နဲ့ ဆေးပါတယ်။ အထူးသဖြင် Ramadan ကာလ မှာ ပိုတွေ့ရပါတယ်။

    ReplyDelete
  8. ပေါက်ပေါက်ရှာရှာ... အိမ်သာအကြောင်းကို အသေးစိပ်အကျယ်ဖွင့်ထားတယ်။ ဟားဟား။

    ReplyDelete
  9. အခု အင်ပီရီရယ်ဟိုတယ်မျာ ရေပန်း တပ်ထားပေးတယ်...။ မြန်မာစာဖတ်တတ်တဲ့ မလေး သို့မဟုတ် မြန်မာ ၀န်ထမ်း တစ်ယောက်ယောက်က ဒိဘလော့ဂ်ဖတ်ပြီး သွားပြောထားလို့ ထင်တယ်...။

    ReplyDelete