Saturday, October 4, 2008

ခေမာရဌ်သို့ တမ်းချင်း...။

မိုးအကုန် ဆောင်းအကူးညများကို သူအမှတ်ရမိသည်...။
အိမ်ခေါင်မိုးဆီမှ နှင်းခါးများ ရိုက်သံနှင့် မိုးကျသံ တစ်ဖြောက်ဖြောက်တို့ကို နားခံရင်း ညဥ့်လယ်ယံ လူခြေတိတ်ချိန်မှ ထကာ မနက်အထိ စာကြည့်ခဲ့ဖူးသည်ကို သတိရ၏။
တရုတ်အနွေးထည်ကို အထပ်ထပ်ဝတ်၊ ဂွမ်းကပ်စောင်ကို အထပ်ထပ်ပတ်ခြုံကာ အအေးဒဏ်ကို ကာကွယ်ခဲ့ဖူးသည်ကို အမှတ်ရမိ၏။
မနက်ဝေလီဝေလင်း အိမ်ရှေ့တံခါး ဖွင့်လိုက်မိလျင်ဖြင့် တွေ့ခဲ့ ကြုံခဲ့ဖူသော နှင်းလေလား... မိုးမှုန်လေလား မပီဝိုးတ၀ါးနှင့် မြင်ကွင်းများကို လွမ်းမိချေသည်...။

သူနေသော အရပ်သည် တောင်များ ပတ်လည် ၀ိုင်းလျက်ရှိသော ဒယ်အိုးပုံ ချိုင့်ဝှမ်းနေရာ ဖြစ်လေသည်...။
တောင်များ ပတ်ချာလည့် ၀ိုင်းရံနေခြင်းကြောင့် အေးမြသော ရာသီဥတုသည် နွေရာသီမှတစ်ပါး မြို့လေးအား အမြဲတစ်စေ လွမ်းမိုး၏။
မြို့လေးသည် တောင်ပေါ်မြို့လေး ဖြစ်သော်ငြား စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းခဲ့သည်...။ ထိုသို့ ဖြစ်ထွန်းရခြင်းမှာ မြို့လေးကို ရစ်ခွေကာ စီးဆင်းလျက်ရှိသော မြစ်ငယ်လေးကြောင့် ဖြစ်ချေသည်...။
အဆိုပါ မြစ်ငယ်သည် အခြားသော မြစ်များနှင်မတူပဲ
တောင်မှ မြောက်သို့ စီးဆင်းနေသော မြစ်တစ်ခု ဖြစ်ချေ၏။

အရှေ့တိုင်းမှ လာသော စိနတိုင်းဖြစ်ကုန်စည်များ၊ ပြည်မကြီးမှ ရောက်လာသော ကုန်စည်များ၊ ယိုးဒယားအရပ်မှ လာသော ကုန်စည်များ ဖလှယ်ရာ၊ ပေါင်းကူရာ နေရာ ဖြစ်သောကြောင့် မြို့လေးသည် အချက်အချာကျ၏။

ထိုမြို့လေးသည် ရာဇ၀င်ချီ၍ ရှိခဲ့၏။ ထိုမြို့လေးတွင် သူနေခဲ့ဖူး၏။
ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်ခဲ့၏။ ထိုမြို့၏ အလယ်တွင် သူငယ်စဉ်တောင်ကျေးကလေးက စ၍ နေထိုင်ခဲ့သော၊ အိမ်ဟုခေါ်ဆိုအပ်သော နေရာရှိ၏။

ထိုအိမ်ကို ယခုအခါ သူ အဝေးမှ ရော်ရမ်းမှန်းဆ တမ်းတလျက် လွမ်းရလျက်ရှိ၏။

သူမှတ်မိသမျှ သူ၏အိမ်နှင့် မြောက်ဘက်ဆီမှာတွင် ညောင်ပင်တစ်ပင်ရှိ၏။ ထိုညောင်ပင်သည် မြို့ပေါ်မှ မထေရ်မြတ်တစ်ပါး သီဟိုဠ်သို့ အလည်သွားရင်းနှင့် တစ်ဆက်တည်း ဘုရားပွင့်တော်မူရာ နီပေါသို့ ၀င်ရောက်ကာ ဘုရားရှင်ပွင့်တော်မူထသော ညောင်ပင်မှ ညောင်ကိုင်းကို မျိုးပွားယူကာ မြို့လည်ကောင်တွင် ပူဇော်ကာ စိုက်ထားရာမှ ဧရာမ ညောင်ပင်ကြီး ဖြစ်နေချေပြီ...။
မြို့သူမြို့သားများသည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်နှင့်အညီ ထိုညောင်ပင်တွေ နတ်ကွန်းတစ်ခုကို ဆောက်လုပ် ကိုးကွယ်ချေ၏။
"Heart of The City" ကျိုင်မိုင်း (သို့) မြို့၏နှလုံးသည်းပွတ် ဟု အမည်သညာ တွင်၏။
ရှင်လောင်းလှည့်လျင် အဆိုပါ နတ်ကွန်းသို့ နတ်ပြကြ၏။
ဥပုသ်နေ့တိုင်း အဆိုပါ နတ်ကွန်းတွင် ဆွမ်းကပ်ကြ၏။
ယခင်အခါက မြို့နီးချုပ်စပ်မှ ရွာသားများ မြို့ပေါ်တက်လာလျင် တစ်ကူးတစ်က သွားရောက် ရှိခိုးကြ၏။

ယင်းညောင်ပင်နှင့် မနီးမဝေးတွင် မြို့၏ သင်္ကေတ တစ်ခုဖြစ်သော “မဟာမြတ်မုနိ ဘုရား” စံတော်ရာ ကျောင်းတော်ကြီး တည်ရှိ၏။
ဘုရားရှင်၏ မဏိတော်ကို မန္တလေး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးနှင့် တစ်ထေရာတည်း ထပ်တူကျစေရန် ထိုစဉ်အခါက မြို့၏စော်ဘွားသည် ယုံကြည်ကိုးစားသည့် အမတ်ပညာရှိကို မန်းရွှေပြည်တော်သို့ စေလွတ်ကာ ကြေးသွန်း ထုလုပ်စေ၏။
မုခတော်မှာ အလွန်ပင် သပ္ပါယ်ချေ၏။ ဖူးတိုင်း မ၀... ထပ်ခါထပ်ခါ ဖူးချင်၏။
မြို့နီး ချုပ်စပ်သာမက အခြားသော ဝေးလံသော အရပ်ဒေသမှ ဘုရားဖူးများ ရောက်လာကုန်လေ့ရှိ၏။
ထို့ကြောင့် မြို့ကလေးသို့ ရောက်ရှိသူတိုင်းသည် ဘုရားရှင်ထံပါး သွားရောက်ဖူးမြော်ကုန်ကြ၏။
မြို့ကလေးသို့ရောက်လျင် အဆိုပါ မဟာမြတ်မုနိ ဘုရားကို အရောက် ဖူးကြကုန်၏။
တစ်ခေါက်ရောက်တိုင်း တစ်ခေါက် ၀င်ဖူးလျင် မြို့ကလေးသို့ နောက်တစ်ခေါက် ပြန်လာနိုင်သည်ဟု ယုံကြည်ကြသောကြောင့် ဘာရောက်ဖူးမျှော်သူ ရပ်ဝေးဧည့်သည်များနှင့် စည်ကား၏။

ဘုရားကြီးနှင့် မနီးမဝေးတွင် မြို့၏ စော်ဘွား စံတော်မူရာ ဖြစ်ခဲ့ဖူးသော ဟော်နန်းနေရာ ရှိ၏။
အဆိုပါ ဟော်နန်းသည် သူ့ခေတ်သူ့အခါက ဆိုလျင် ရှမ်းပြည်တစ်လွှား၌ အကြီးဆုံး၊ အလှပဆုံး၊ အခမ်းနားဆုံးနှင့် အတင့်တယ်ဆုံး ဖြစ်ခဲ့၏။
ဟော်နန်းကို ဆောက်သည့် ဗိသုကာ ပညာရှင်သည် အိန္ဒိယ တိုင်းသားဟု အဆိုရှိကုန်၏။
စော်ဘွားသည် တပ်ခ်ျမဟာ အဆောက်အဦကို မြင်မိသည့် နောက်ပိုင်းတွင် အဆိုပါ အဆောက်အဦ၏ ခမ်းနားထည်ဝါ လှပ အချိုးကျမှုကို ခံစားမိသောကြောင့် ပုံစံတူ ဟော်နန်းကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်၏။
(ယခုအခါ အဆိုပါ ဟော်နန်းနေရာတွင် ခေတ်၏ ပြယုဂ်တစ်ခု ဖြစ်သည့် ခေတ်မှီ ဟော်တယ်ကြီးတစ်ခု ရောက်ရှိနေချေပြီ...။)

ဟော်နန်း၏ အရှေ့ဘက်တွင် အရှေ့ဘက်စံ မိဘုရား စံမြန်းရာ အိမ်တော် ရှိ၏။
မြောက်ဘက်တွင် မြောက်နန်းစံ မိဘုရား စံတော်မူရာ မြောက်အိမ်တော် ရှိ၏။
အနောက်ဘက်တွင် ခြားထားသော ကန်၏ အခြားတစ်ဘက်ဆီ၌ အနောက်နန်းစံ မိဘုရား၏ အိမ်တော် ရှိ၏။
တောင်အရပ်တွင်ကား မြဘုရားကျောင်းသည်သာလျင် ရှိ၏။
ထို့ကြောင့် တောင်ညာစံ မိဘုရားအတွက် အိမ်တော်သည် တောင်ဘက် မြို့ရိုးအနီးတွင် ရှိ၏။ အဝေးဆုံး ဖြစ်ချေသည်...။
အဆိုပါ အိမ်တော်အနီးတွင် ယခုထက်တိုင် တည်ရှိနေသော မြို့အ၀င်တံခါးဝသည် ထီးထီးတည်း ကျန်နေ၏။ မြို့ရိုးများမှာမူကား အချိန်ကာလ၏ တိုက်စားမှုကြောင့် ပျောက်ပြယ်ကုန်၏။

အဆိုပါ တောင်ညာစံ မိဘုရား၏ အိမ်တော်အနီးတွင် မြို့လေးကို အဆက်ဆက် အုပ်စိုးခဲ့သော နယ်ရှင်ပယ်ရှင် စော်ဘွားများ၏ ရုပ်ကလာပ်များ ဂူသွင်းထားရာ စော်ဘွားသင်္ချိုင်းရှိ၏။
အဆိုပါ သချိုင်္င်းကို တစ်နှစ်လျင် တစ်ခါသာ ဖွင့်၍ မြို့သူမြို့သားများ ဂါရ၀ ပြုရန် အခွင့်ပေး၏။
အဆိုပါ နေ့သည် မြို့အခေါ် ဈေးဟောင်းနေ့ ပင် ဖြစ်ချေသည်...။
ဈေးဟောင်းနေ့သည် တစ်နှစ်မှ တစ်ခါသာ အဆိုပါ သချိုင်္င်းအနီး၌ ကျင်းပ၏။
မြန်မာအလို သင်္ကြန်မကျမီ တစ်လအလို လဆန်းတွင် အဆိုပါ ဈေးဟောင်းနေ့ကို သတ်မှတ်ကာ ဈေးများ တည်ခင်းရောင်းချ၏။

စော်ဘွားများ အုပ်စိုးစဉ်ကာလက ရာဇ၀တ်သားများကို ကွပ်မျက်ခြင်းမပြုမီ အဆိုပါ ဈေးဟောင်းနေ့တွင် အဆိုပါ ရာဇ၀တ်သားအား လှည့်လည်ပြသ၏။
ဈေးထဲတွေ့သမျှ၊ ရှိသမျှ အစားအသောက်၊ ကုန်ပစ္စည်းများကို ရာဇ၀တ်သားမှ လိုချင်၊ စားသောက်ချင်ခဲ့လျင် ယူစေ၊ စားစေသည့် အခွင့်ရှိ၏။
မသေခင် နောက်ဆုံး အခွင့်ထူး ခံစားစေခြင်း ဖြစ်၏။
ဈေးထဲတွင် တွေ့သော သမီးပျိုကို ရာဇ၀တ်သားမှ သဘောကျလျင်လည်း ရာဇ၀တ်သား အလိုကို လိုက်စေ၏။
ထို့ကြောင့် အဆိုပါ ဈေးဟောင်းနေ့ ကျင်းပသည့်နေ့၌ ရာဇ၀တ်သားများ လှည့်လည်မည်ဆိုလျင် မိန်းမပျိုများ အပြင်ကို မထွက်ကြတော့ချေ...။

ဟော်နန်းနှင့် အနောက်စံမိဘုရားအိမ်တော် အကြားတွင် ကန်ကြီး တစ်ကန် ရှိလေ၏။
ပါးစပ်ရာဇ၀င်များအရ တစ်နှစ်တစ်ခါ အဆိုပါ ကန်စောင့်နတ်အား သမီးကညာ အပျိုစင် ၇ ယောက်ကို ဆက်သရသည်ဆို၏။
ပျက်ကွက်ခဲ့လျင် အဆိုပါ ကန်ကြီးမှ အော်သံထွက်ကာ အနီးအပါး ဖြတ်သန်းသွားလာသူများ၊ နေထိုင်သူများမှ ရေနစ်၍ အသက်ဆုံးရှုံးခြင်း များ ဖြစ်တတ်သည် ဆို၏။
ယခုအခါ အဆိုပါ အယူအဆများ မရှိတော့ပါ...။
ထူးခြား ဖြစ်ရပ်အနေနှင့် အဆိုပါ ကန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ကျောက်ခဲရေပေါ်သော ဖြစ်ရပ် ဖြစ်ခဲ့ဖူး၏။ ထိုပေါ်ခဲ့သော ကျောက်တုံးကြီးအား ဘုရားစင်အောက်တွင် ထားရှိကာ ကြားသိသူ လူအများမှ ထူးဆန်းအံ့သြဖွယ် တစ်ရပ်အနေနှင့် သွားရောက် ကြည့်ရှုကြကုန်၏။ နောင်တွင် တာဝန်ရှိသူမှ လာရောက် သိမ်းဆည်းသွားသည်ဟုသာ ကြားရလေ၏။
အဆိုပါ ကန်ကို တစ်ပတ် ပတ်မိလျင် မြို့ကလေးကို နောက်တစ်ကြိမ် ပြန်လာခွင့် ကြုံနိုင်သည်ဟု မြို့သားများသည် အလည်လာသူ ကိုရွှေဧည့်သည်များအား ပြောကြားလေ့ ရှိကြ၏။

မြို့ကလေးသည် ၎င်းကို အမှီသဟဲပြုနေသည့် မြို့သူမြို့သားများအား အကာအကွယ်ပေးခဲ့၏။
မြို့ကလေးသည် ခေတ်အဆက်ဆက် ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ ခံခဲ့၏။
မြို့ကလေးသည် ၎င်း၏ ရင်ခွင်မှ ထွက်ခွာသွားသော သူများကို ကြုံခဲ့၏။
မြို့ကလေးသည် ၎င်း၏ ရင်ခွင်ထံသို့ ပြန်လည် ခိုဝင်လာသော ဒဏ်ရာနှင့် သားငယ်သမီးငယ်များကို ၀မ်းနည်းပက်လက် တစ်ယုတစ်ယ ပိုက်ထွေးပေး၏။
မြို့ကလေးသည် ၎င်း၏ နှလုံးသည်းပွတ်ကို မကောင်းဆိုးဝါးများမှ ဆွဲယူခြေမွ ဆုတ်ယူဖျက်ဆီးသည်ကို အံကြိတ်ခဲ့၏။
မြို့ကလေးသည် ဒဏ်ရာဒဏ်ချက်များ၊ အနာရွတ်များနှင့် ပြည့်နှက်နေသော ရင်ခွင်အစုံကို ဥပေက္ခာပြုကာ သမိုင်းကို ပြောပြခဲ့၏။

အဆိုပါ မြို့လေးသည် သူချစ်ခဲ့သော၊ သူချစ်နေဆဲ ဖြစ်သော၊ ချစ်နေလိမ့်ဦးမည် ဖြစ်သော ခေမာရဌ် မြို့ကလေးသာလျင် ဖြစ်ချေတော့သည်တကား....။

11 comments:

  1. ဖတ်ရတာ..မရောက်ဖူးပေမယ့် မြင်ယောင်မိတယ်။ ကျေးဇူးပါ။
    (နောက်တစ်ခု ကျေးဇူးတင်တာက “ခြေမွ” အတွက်ပါ။ စိတ်ထဲမှာ “ချေမွ” လို့ ထင်နေမိတာ။ “ခြေမွ” ကမှ အမှန်မှန်း ကိုဘွတ်ဇ်ရေးမှ သတိထားမိတော့တယ်။)

    ReplyDelete
  2. ဆယ်စုနှစ် တစ်ဝက်နေလို့မှ ပြန်မရောက်ဖြစ်တော့တဲ့ မွေးမြေပေါ့...။
    တစ်အား သတိရနေတယ်...။

    ReplyDelete
  3. လွမ်းတတ်လိုက်တာနော်။

    အလွမ်းဓါတ်ခံနဲ့ ရေးထားတော့ စာတွေက ပြန်သတန်လန်ထွက် နေတယ်။ :P

    နန္ဒာလဲ ရှမ်းပြည် ရောက်ဘူးပါတယ်။

    တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ကလော၊ အောင်ပန်း တိုပေါ့။

    ရှမ်းပြည်ရဲ့ Atmosphere နဲ့ Spirit ကို နှစ်သက်မိတယ်။

    US က နန္ဒာ့ Family Home က Boston မှာ၊

    အဲဒီမှာ ရှမ်းပြည် နဲ့ Similar ဖြစ်တဲ့ နေရာလေး တွေရှိတယ်။ အခု အိမ်မပြန်ဖြစ်တာ တနှစ်ကျော်ပြီ။

    မွေးမြေကို သတိရတာ ကိုယ်ခြင်းစာပါတယ်။

    SMNTL

    ReplyDelete
  4. ကျိုင်းတုံ လွမ်းချင်း

    ReplyDelete
  5. ဒီပိုစ်လေး ကောင်းတယ်ဗျာ။ အရင် ကလဲ ကောင်းပါတယ်။

    ReplyDelete
  6. နန္ဒာရေ... လွမ်းပုံများတော့ မပြောပါနဲ့တော့...။ အထက်က ပြောခဲ့သလို ဆယ်စုနှစ်တစ်ခုမက ကြာခဲ့တော့ အဝေးက ဓါတ်ပုံတွေနဲ့ပဲ လွမ်းနေရတာ...။ နောက်များမှ အဆင်ပြေရင် ဓါတ်ပုံတွေ ဝေေ၀ဆာဆာ တင်ချင်သေးတယ်...။

    အမ်းမားရေ.. သိနေတယ်လေ... ဒီလောက် ဟင့်ပေးလိုက်ရင် ဘယ်မြို့လဲဆိုတာ အမ်းမား သိလောက်တယ်လို့...။
    အစောကြီး ထတယ်နော်...ဒီစနေကို.. :P

    ReplyDelete
  7. တော်လှချည်လား။ ကိုယ်.ကိုယ်တောင် နောင်တ ရသွားတယ်။
    အိမ်ပြောင်းပြီထင်ရဲ. ကားလိုရင်ဆက် လိုက်ပါ။ အမ်းမားဆီကို မဟုတ် အထမ်းသမာှးှဆီကို...

    ReplyDelete
  8. နက်ဖြန်မှ ပြောင်းမှာ...။ ကားအတွက် ကျေးဇူး တင်ပါတယ်...။ တစ်ကယ်ပြောတာပါ..။ :P

    ReplyDelete
  9. ရာဇူးဘေး အင်းယားလမ်း က ခေမာရဌ် ကိုရော သတိမရဘူးလား။ အမ်းမားတို.အမှတ် တရ လက်ရာ တွေ ထားခဲ့တယ်။ နောင်လာနောက်သားတွေ အတွက်ပေါ့.။

    ReplyDelete
  10. တိုတိုပဲပြောမယ်.. လွမ်းတယ်ဘွိုက်ဇ်ရယ်

    ReplyDelete
  11. ကိုဘရေ.. ပီမိုင်ကို တက္ကသိုလ်ဖက်မှာလုပ်မယ်...။ မြို့ထဲက ဘောလုံးကွင်းက ကျင်းလို့တဲ့။ ကျိုင်းတုံသားတွေကတော့ တအားခဲထားကြတယ်။ ဆယ်စုနှစ်များစွာမှာ အခုမှ တစ်ကြိမ် သူတို့ စိတ်ကြိုက်ကျင်းပတဲ့ ပွဲမို့လို့ပြောတယ်။ 12၊13၊14 ဒီဇင်ဘာ သုံးရက်။ အကြောင်းညီညွှတ်ရင် လာခဲ့ပေါ့ဗျာ..

    ReplyDelete