Sunday, August 9, 2009

အတိတ်ကို ပြန်လှန်ခြင်း (2)။

အတိတ်ကို ပြန်လှန်ခြင်း ဒုတိယပိုင်းအနေနဲ့ ဆက်ရရင် ဟိုအရှေ့က ခေါက်မောက် ဆိုတာလေးကို ဆက်ရမှာပါ့။ ခေါက်မောက်ဆိုတာ ကောက်သစ် ပေါ်တဲ့အချိန်မှာ ရတတ်တဲ့ ပေါ်ဦးပေါ်ဖျား ရာသီစာလေးပါ။ ကောက်သစ်ကို သေချာချက်ထားတဲ့ ကောက်ညှင်းမွှေးတစ်မျိုးပါ။ အနံ့လေးက သင်းသင်းလေးနဲ့ သူ့ချည်းသာ သက်သက် စားမယ်ဆို စားနိုင်တဲ့ ရာသီစာ တစ်မျိုးပေါ့။ တစ်ချို့ကတော့ ကွန့်ပြီး အုန်းဆံနုနုလေးနဲ့ ဖြူးစားကြတယ်။ တစ်ချို့ကတော့ သကြားဖြူးစားကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စားလို့ ကောင်းတာတော့ အမှန်ပဲ။ တစ်ချို့များကျတော့ အုန်းနို့ကထိနဲ့ နယ်ဖတ်ပြီးစားကြတယ်။ ရှမ်းပြည်မှာသာ ရနိုင်တဲ့ Exclusive Traditional Food တစ်မျိုးပေါ့။

ဆောင်းရာသီစာ နောက်ထပ်တစ်မျိုးကို မိတ်ဆက်ပေးရမယ်ဆိုရင်ဖြင့် ခေါက်လောက်လို့ ခေါ်တဲ့ ကစော်တစ်မျိုးကို ပြရမှာပါပဲ။ “ခေါက်” ဆိုတာ ထမင်း “လောက်” ဆိုတာ အရက်... တိုက်ရိုက်ဘာသာပြန်ရင် အရက်ထမင်းလို့ အချိုးမကျ အဆီအငေါ်မတည့်တဲ့ ဝေါဟာရကို ရမှာ ဖြစ်ပေမယ့် တစ်ကယ်ကတော့ သူက အရက် တစ်မျိုးပါပဲ။ သိကြတဲ့ အတိုင်း ရှမ်းပြည်က ဆောင်းရာသီမှာ အလွန်အေးချမ်းလေတော့ အအေးဒဏ်ကို ကာကွယ်ဖို့ လူတွေက တစ်နည်းတစ်ဖုံ အန်တုကြတာလို့ သဘောပေါက်ရင် ခေါက်လောက်ဟာ ဘာ့ကြောင့် ဆောင်းရာသီစာ ဖြစ်တယ်ဆိုတာ ခွင့်လွှတ်နားလည် သဘောပေါက် ကြပါလိမ့်မယ်။ ခေါက်လောက်ဆိုတာ ထမင်းကို အချဉ်ဖေါက်ထားတဲ့ ကစော်တစ်မျိုးပါ။ နောက်ထပ်ရက်နည်းနည်းလောက် ထားလိုက်ရင် အရက်အာနိသင် ရနိုင်ပါတယ်။ ဒါပေမယ့် ရှမ်းပြည်မှာ ကစော်ကို အရက်အဆင့်ထိ မထားပဲ ခေါက်လောက် အဆင့်ရတာနဲ့ ဈေးထဲမှာ လာရောင်းကြပါတယ်။ မြေအိုးခပ်ရွယ်ရွယ်ထဲမှာ ကစော်ကို ဖေါက်ထားတာပါ။ ဈေးမှာ လာရောင်းတော့လဲ အဲဒီ မြေအိုးအတိုင်း သယ်လာရောင်းကြတယ်။ အဖိုးကြီး အဖွားကြီးများက မက်မက်စက်စက် သုံးဆောင်ကြတဲ့ ရိုးရာ အချမ်းပြေ ရာသီစာ ဖြစ်ပါတယ်။ အရက်လိုပဲ သုံးဆောင်လိုက်ရင် လူတစ်ကိုယ်လုံး နွေးထေံးသွားပါတယ်။ သူ့ကို ဒီအတိုင်း သောက်ရင် ခါးလို့ မြေအိုးထဲမှာ သကြား ထည့်ဖျော်ထားပါတယ်။ ကလေးတွေ အကြိုက်ပေါ့။ ငယ်ငယ်က အဲဒီ ခေါက်လောက်ဆိုတာကို ကြိုက်တတ်လွန်းလို့ ခဏခဏ သွားသွားသောက်မိပါတယ်။ (အဲဒါကြောင့်လား မသိ.. ခုကြီးလာတော့ ယမကာ လုင် ဖြစ်နေတာ)

အဲဒီ ခေါက်လောက်ကို ကိုယ်ဝန်ဆောင် မိခင်များလဲ အချမ်းပြေ သောက်သုံးကြတယ်။ ခေါက်လောက်ကို ပြုတ်ပြီး ကြက်ဥခေါက်ထည့်တာပေါ့။ အားလဲရှိ အချမ်းလဲပြေတဲ့ ရိုးရာ တိုင်းရင်းဆေး တစ်မျိုးပါ။ မောင်သိန်းအောင်တို့များ ဒီပုံတော့ ရိုက်မလာဘူး...။

နောက်ရိုးရာ အစားအစာ တစ်မျိုးကို ထပ်မိတ်ဆက်ရရင် ကျော်စံကေးခြောက်လေး ဖြစ်ပါတယ်။ ခြေတံရှည် ဖားကောင်လေးများကို အခြောက်လှမ်းထားတဲ့ စားစရာ ဖြစ်ပါတယ်။ တစ်စည်းကို ကျော်စံကေးခြောက် ၁၂ ကောင်လောက် ပါတတ်တဲ့ အစည်းတစ်စည်းကို ၁၀ ကျပ်လောက် ပေးရပါတယ်။ (၁၉၉၄ ဈေးနှုန်း) အဲဒီ ကျော်စံကေးကို ဆီပူထဲမှာ ကြွပ်နေအောင် လိမ့်ပြီး ဆားလေး ဖြူးလိုက်ရင် ဟင်းတစ်မယ် ရပါတယ်။ တစ်ချို့လဲ အခါးရည်နဲ့ မြည်းကြတာပေါ့။ အရသာလား...။ ဘယ်လို အရသာနဲ့ နှိုင်းရမလဲဆိုတာ မပြောတတ်ဘူးရယ်။

ခေါက်ဖင်းဆိုတာလေ သိကြလား မသိဘူး။ ခေါက်ဖင်းဆိုတာ ထိုဟူးနွေးကို အခဲလေး ဖြစ်အောင် လုပ်ထားတဲ့ စားစရာကို ပြောတာ။ ခေါက်ဖင်း အမျိုးမျိုး ရှိတယ်။ မြေပဲနဲ့ လုပ်ထားတဲ့ ခေါက်ဖင်းကို ခေါင်ဖင်းထိုလင် (အညိုရောင် ရှိ) လို့ခေါ်တယ်။ မတ်ပဲ၊ ကုလားပဲနဲ့ လုပ်ထားတာကျတော့ ခေါက်ဖင်းထို (အဝါရောင် ရှိ) လို့ခေါ်တယ်။ ဆန်မှုန့်နဲ့ လုပ်တဲ့ ခေါက်ဖင်းကိုတော့ ခေါက်ဖင်းခေါင်လို့ ခေါ်တယ်။ (အဖြူနဲ့ အဝါကြား အရောင်အဆင်းရှိ)။ အများဆုံး စားဖြစ်တာကတော့ ခေါက်ဖင်းခေါင်ပဲ။ နေ့လည်နေ့ခင်း တစ်ရေးတစ်မော အိပ်ရာကနေ နိုးလာတဲ့ အခါ ခေါက်ဖင်းခေါင်ကို ခရမ်းချဉ်သီးရည် ချဉ်ချဉ်နဲ့ ငြုပ်သီးစပ်စပ်နဲ့ စားရတဲ့ အရသာကို ကျိုင်းတုံသူ/သားများ မေ့နိုင်မယ် မထင်ပါ။ ခေါက်ဖင်းထိုလင်ကတော့ ဆားနည်းနည်း ထည့်ထားတယ်။ သူလဲ ကြံသကာရည်ဖြစ်ဖြစ်၊ ခရမ်းချဉ်သီးရည်ဖြစ်ဖြစ် ဆမ်းစားရတာပဲ။

(ဒီအပေါ် က ပုံက ခေါက်ဖင်းထိုလင် ဖြစ်ပါတယ်။ မောင်တီဇက်အေဆီက ခွင့်မတောင်းပဲ ယူလာတာပါ။ ဘာဖြစ်လဲ.. ဘာဖြစ်လဲ...။)

ခေါက်ဖင်းထိုကျတော့ ထိုဟူးနွေး ဖြစ်နေတဲ့ အရည်ပျစ်ခဲခဲကို ဗန်းထဲထည့် အအေးခံထားတဲ့ ဟာပေါ့။ သူ့ကျတော့ ကြော်လိုက်ရင် နှစ်ပြန်ကြော်လို့ တောင်ကြီးမှာ ခေါ်တဲ့ စားစရာ ဖြစ်သွားတယ်။ မကြော်ပဲ ခဲနေတဲ့ဟာကို ဒီအတိုင်း အချဉ်ရည် တစ်ခုခုနဲ့ တွဲစားကြတယ်။ ကျိုင်းတုံမှာ နာမည်ကြီးတဲ့ နှစ်ပြန်ကြော်ကတော့ အရင် ကျိုင်းတုံ ရုပ်ရှင်ရုံဘေးနားမှာ ရောင်းတဲ့ ကုလားကြီး နှစ်ပြန်ကြော်ပဲ။ ငယ်ငယ်ကတည်းက အဲဒီနေရာမှာ ကုလားကြီး ရောင်းနေတာ တွေ့ရတယ်။ အခုထိလဲ အဲဒီကုလားကြီး ရောင်းနေတာပဲ။ ဒယ်အိုးကြီးကြီးနဲ့ ကြော်ရောင်းတာ။ အဲဒီ ကုလားကြီးဆို ရှမ်းကမ္မဝါစာ ဖတ်ရမလား ထင်ရလောက်အောင် ရှမ်းစကားကို ရှမ်းတွေထက် ထုံးလိုချေ၊ ရေလိုနှောက် ကျွမ်းကျင်တာကလား...။

ဆက်ရန်...။

12 comments:

  1. ယာမကာ လုင်ကြီးး
    ခေါက်လောက်ဆိုတာ..
    ယူနန်လို..白 酒 ဒီနိုင်ငံက အခေါ် 酒酿 လို့ခေါ်တဲ့ဟာထင်တယ်
    မြန်မာလို ကြက်ဥကဇော်ပေါ့..
    ကျနော်တို့ ကတော့ဆောင်းဆိုစားတတ်ပါတယ်..
    မီးတွင်း၁လကို နေ့တိုင်းစားရတယ်..
    ပုံတင်ဖူးတယ်..
    ကိုဘပြောတာနဲ့ တူချငိမှ တူမှာပါ..

    ReplyDelete
  2. ပြီးကို မပြီးနိုင်တော့ဘူး အတိတ်ကလည်းးးးးးးးးရှမ်းအစားအစာကိုကြိုက်ပါတယ်။ စဝ်စံထွန်းဈေးထဲက ထမင်းဝါ၊ဟင်းထုတ်၊ဝက်သားချဉ်၊ကြာဇံဟင်းခါးနဲ့တွဲရောင်းတာလေ အဲဒီဆိုင်သတိရတယ်။ တောင်ကြီးမရောက်တာ ကြာပေါ့။ ညဈေးတန်းက အစာတွေလည်းကြိုက်တယ်။ မျှစ်နုနုလေးတွေ စားချင်တယ်။

    ReplyDelete
  3. ခေါက်လောက်ကိုလေ ကျောက်မဲ ဖက်မှာ ခေါ်တာ ဆန်ချို တဲ့။ သူငယ်ချင်းဆီသွားလည်တော့ နာမည်ကြီးဆန်ချို ကျွေးမယ်ဆိုပြီး ခေါ်ကျွေးတာ ခေါက်လောက်ဖြစ်နေတာ ။ ခေါက်ဖင်း လည်း အခုဆို ချဉ်ငံစပ် ဆိုပြီး နေရာတော်တော်များများမှာ ရောင်းနေတာတွေ့တယ်။ ခေါင်ဖင်းထိုလင် ကတော့ ကျိုင်းတုံ ဖက်တွေမှာပဲ ပေါပေါစားရတယ်နော်။ တခြားဒေသတွေမှာ ရောင်းတာ သိပ်မတွေ့မိဘူး။ ဘွိုက်ဇ်က အစားအသောက်အကြောင်းကို တော်တော်သိသူ ၊ အစားတော်တော် စားနိုင်သူဖြစ်မယ်ထင်ပါရဲ့။

    ReplyDelete
  4. ဆန်အရက် ဆို မကောင်းဘူးလား..မွန်တွေလဲ ကောက်ညှင်းချဉ်ဆို တဲ့ ကဇော် တမျိုး ရှိတယ်..အချို နဲ့  အခါးရှိတယ်..အချိုသောက်တော့ ရီဝေဝေ နဲ့ ငယ်ငယ် က အဖေ နဲ့ လိုက်ပြီး ခဏခဏသောက်ဖူးတယ်..း))

    ReplyDelete
  5. တခါမှမစားဖူးဘူး....
    ရှမ်းပြည်တောင် သွားချင်လာပြီ... to try Exclusive Traditional Food...

    Good day!

    ReplyDelete
  6. ဆန်ချိုဆိုတာ...ကဇော်မဖြစ်ခင်ကို ပြောတာပါ..
    သူက အချိုရည် သက်သက်ပဲ..
    လုံးဝ အရက်အနေအထား မရောက်သေးဘူးး
    ဆန်ရယ်...麦芽 အမှုန့်ရယ်ကို အဆင်မပြတ်ကျိုချက်ပြီး
    ဆန်အပွခံထားတာကို ဆန်ချိုလို့ ခေါ်ပါတယ်..
    အခုတောင် 麦芽 အမှုန့်တွေ မေမြို့က သယ်လာတာ ရှိနေသေးတယ်..

    ReplyDelete
  7. အမှတ်ရတဲ့ အစားအစာကတော့ ငါးဒုက္ခ ဆိုတာပဲ။ အထဲမှာ အစာသွတ်၊ ငါးကိုကြိုးတုတ်ထားသေးတယ်လေ။

    ReplyDelete
  8. စားကြပါ။ စားကြ။ တမျိုးပြီးတမျိုးကို စားကြ။

    ReplyDelete
  9. ကောက်ညှင်းကြိုက်တယ်။

    ခေါက်မောက်
    ဘာဖြစ်လို့ရှမ်းပြည်မှာဘဲ ရနိုင်မှာလဲ။ မြန်မာပြည်မှာ ကော စားရတာ အဲဒါ မဟုတ်ဘူးလား။

    ehhh…..ဖားတော့မစားဘူးဘူး။ အတော်အစားသောင်းကျန်းတဲ့မောင်ဘွိုက်ဘဲ။ သော်တာ ဆွေ လား နင်လား.ငါလားအောက်မေ့ရတယ်။

    ReplyDelete
  10. ဒီပိုစ်က မောင်တီဇက်အေ လုပ်စားသွားမှာစိုးလို့ကမန်းကတန်းပြန်သိမ်းထားလိုက်ရတဲ့ပိုစ်ပါ လို့ ခိုင်လုံတဲ့ရပ်ကွက်က ကြားရတယ်။

    ReplyDelete
  11. ဒီ မမတစ်ယောက်ကလည်း..သော်တာဆွေကို တယ်မမေ့နိုင်ဘူးကိုး။
    သူတို့ပြောတာတွေ မသိဘူး..အားငယ်သွားပြီ။
း(

    ReplyDelete
  12. ရုပ်ရှင်ရုံနားက နှစ်ပြန်ကြော်ရောင်းတဲ့ ကုလားကြီးက ကိုယ်ပြန်သွားတော့ မှတ်မိနေတယ်။
    နင်တို့တစ်တွေ လောဘကြီးလွန်းတယ်တဲ့။
    မိဘအနား မနေကြဘူးတဲ့။
    ငါဆို ဒီနှစ်ပြန်ကြော်ရောင်းလာတာ မင်းတို့ အသက်မကတော့ဘူး ဘယ်မှလဲ မသွားဘူး။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်နေတာ စိတ်ချမ်းသာတယ်တဲ့...
    ကိုယ့်ကို သူက တရားပြန်ချသွားတယ်။

    ReplyDelete