ကြက်ဥမြင်တိုင်းလည်း သတိရမိတယ်။
ကြက်ဥနဲ့ ကြက်မ ဘယ်ဟာက အရင်စဖြစ်တာလဲ...။
ဖြစ်ခြင်းဖြစ် ဥက အရင်စဖြစ်ဖို့ သေချာတယ်။ ဘိုင်အိုမှာ သင်ကြားဖူးတာကတော့ ဥ ဆိုတာ ဆဲလ်တစ်လုံးတည်းဆိုလား။
ဒီကမ္ဘာကြီး စဖြစ်လာတော့ အကောင်မလောင်ရယ်လို့ မပေါ်သေးဘူးတဲ့။ ကမ္ဘာပေါ်မှာ မြေဆီလွှာတွေ ရေထုတွေသာ ရှိနေခဲ့တယ်။ ကောင်းကင်ပြင်မှာတော့ အသက်ဓါတ်လို့ ခေါ်တဲ့ ဓါတ်တစ်မျိုး ရှိနေခဲ့သတဲ့။ အဲဒီ ဓါတ် မိုးတွေ ရွာချတော့ မြေကြီးပေါ်ကို မိုးရေတွေနဲ့အတူ စီးကျခဲ့ပြိး မြေကြီးပေါ်က တစ်ခြားသော ဓါတ်ပေါင်းတွေနဲ့ ပေါင်းစပ်ထိတွေ့ရာက အပင်၊ တိရစ္ဆာန်တွေ ဖြစ်ခဲ့တယ်တဲ့။ နောက်တော့ ဒါဝင်ရဲ့ဆင့်ကဲဖြစ်စဉ် အရ လူတွေ ဘာတွေ ဖြစ်လာတာပေါ့။
ဒီဥ ဆိုတာမျိုးကလဲ အဲဒီ အသက်ဓါတ်နဲ့ ဘာညာသာရကာ တစ်ခုခု ပေါင်းပြီး ဓါတ်ပြုရာက ဖြစ်လာတာ ဖြစ်နိုင်တယ်။ ဥအခွံဘာညာ မာသွားတာကတော့ လေထုနဲ့ထိတွေ့လို့ မာသွားတာပဲ။
မယုံရင် ကြက်မတစ်ကောင် ဥနေတာကို သေချာသွား သုတေသန လုပ်ကြည့်ပါ။
ငယ်ငယ်က ဦးလေး မွေးထားတဲ့ ကြက်မ ဥ ဥ နေတာကို သေချာ ဓါတ်မီးနဲ့ သွားထိုးကြည့်ဖူးတယ်။
ကြက်မကတော့ ရှက်ပေမယ့်လဲ မျက်စိနှစ်ဘက်ကို စုံမှိတ်ပြီး ဥဖို့ တာစူနေတာပဲ...။ (ကတော်ကတော် ဆိုပြီး ညည်းတယ်။ ရှုပ်တတ်ရန်ကောလို့ ပြောတာနေမှာပေါ့။)
သူ့ဖင်က ရှုံ့ချီပွချီ ဖြစ်နေတာ အတော်ကြာတယ်....။ ကလေးပီပီ အနားနားက တွေ့တဲ့ ကောက်ရိုးနဲ့ သွားထိုးလိုက်တော့ ကြက်မတွန့်သွားတယ်။ (ကတော့ကတော့ တဲ့..။ အသံနည်းနည်း ပြင်းလာတယ်။ စိတ်တိုသွားတယ် ထင်တယ်။)
သူ ကြာကြာ စိတ်မတိုလိုက်ရဘူး။ ဖြူရော် လုံးတွဲတွဲ ပျော့စိစိ အလုံးလေး သူ့ဖင်ကနေ ပြူတစ်ပြူတစ် လုပ်နေတယ်။ (ကတောက် ကတောက်တဲ့.. ညှစ်နေတာ...။)
အဲဒီ ဥကို လက်နဲ့ သွားတို့တာ ပျော့စိစိလေး...။ ချွဲကျိကျိနဲ့။
ခဏနေတော့ ကြက်မက အတော့ာ့ာ့ာ့ာ့ာ့ာ့ာ့ ဆိုပြီး အသံရှည်ဆွဲ ညှစ်လိုက်တာ ဖွတ်ဆိုပြီး ကြက်ဥ အလုံးလိုက် ထွက်လာတယ်။ ကောက်ရိုးပုံပေါ် တင်နေတာ ဟတ်ဖရိုက်ဥ ကို ပန်းကန်ပြားပေါ်တင်သလိုပဲ။
ခဏနေတော့ ဥလေးက လေသလပ်ပြီးမာသွားတယ်။ အရောင်လေးက ညနေဖက်ရောက်တော့ ကြက်ဥ အရောင် ဖြစ်သွားတယ်။
အဲဒီဥလေးကပဲ ကံဆိုးလေသလား ကိုယ်ပဲကံကောင်းလေသလား မသိဘူး။ ၃ ရက်လောက်ကြာတော့ ငလျင်လှုပ်ပါလေရော။ ဦးလေးက ငလျင်လှုပ်ပြီးပြီဆိုရင် ဥတွေ အကောင်မပေါက်တော့ဘူးတဲ့။ (ကြက်ဥကို ကိုင်ပြီး ခလောက် ခလောက် လုပ်လိုက်ရင် ကြက်အကောင်မပေါက်တော့ဘူး။)
ဒါနဲ့ အဲဒီဥလေးကို အာဟာရ နို့ကြက်ဥ လုပ်လိုက်တယ်။
ကြက်ဥက အကောင်မဖြစ်သေးတော့ တစ်ချို့က ကြက်ဥကို သက်သတ်လွတ်သမားများ စားလို့ရတယ်တဲ့။ တစ်ချို့ကတော့ အကောင်လောင်းဆိုတော့ အသက်ဓါတ်ပါနေတော့ သက်သတ်မလွတ်ဘူးတဲ့။ စားချင်ရင်တော့ လွတ်တယ်ပေါ့ကွယ်။ မစားချင်ရင်တော့ မလွတ်ဘူးပေါ့။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။
အခု သိပ္ပံခေတ်မှာ ကြက်ဥတွေကို Mass Prodcution အနေနဲ့ ထုတ်နေကြပါပြီ။ ဘလော့ဖတ်သူတွေ စားသုံးနေတဲ့ ကြက်ဥတွေဟာ ဈေးကွက်အခေါ် လေဥ တွေပါ။ အကောင်မပေါက်တဲ့ ဥတွေတဲ့။ ဥဖြစ်ပြီးအကောင်မပေါက်တာ အံ့သြစရာပဲ။ နည်းနည်းတော့ စိတ်ဝင်စားတယ်။ အဲဒီ လေဥတွေ အကြောင်းသိတဲ့သူတွေ လာရှင်းပြပေးရင် ကောင်းမှာပဲ။
ဒီယူထုမှာ ခေတ်သစ် ကြက်ဥ ထုတ်လုပ်ပုံကို လေ့လာနိုင်ပါတယ်။
အဲဒီလို အကောင်မပေါက်တဲ့ ဥတွေကို နယ်မှာဘယ်လို ထုတ်တယ်ဆိုတာ မြင်ဖူးတယ်။ ဒီအတိုင်းပါပဲ။ ကြက်မတွေကို ကြက်တန်းမှာ ဆန်ကွဲတွေ ပက်ထားတဲ့ ကျင်းမှာ ကောက်ရိုးတွေ အပုံလိုက်ခင်းပေးထားတယ်။ ကြုံတဲ့ ကြက်မတွေက တက်ဥလိုက်တာပဲ။ မနက်ဆို ဥကောက်တဲ့သူက လာလာကောက်သွားတယ်။ တစ်ခြံကို ကြက်မ အကောင်ရေ ၅၀ ကျော်လောက် ရှိတယ်။ မိတ်လိုက်ဖို့ ကြက်ဖတစ်ကောင်ပဲ ထားတယ်။ အဲဒီ ကြက်ဖကလဲ ငါသည်သာ တစ်ကောင်တည်းသော အထီးပင်တည်းလို့ ကြွားချင်တာလား မသိဘူး။ ခဏခဏ တွန်နေတော့တာပဲ။ တစ်ခြား အိမ်ကြက်ဖတွေ လာရစ်ရင် အဲဒီအကောင်က ခွပ်လွတ်တယ်။ မာန်တက်နေတာ...။ ဒင်းက အကုန် မောင်ပိုင်စီးထားရတာကို တစ်ကောင်တစ်လေ မျှပေးဖို့တောင် မသဒ္ဓါတဲ့ကောင်။
အဲ.. စကားပြန်ကောက်ရဦးမယ်။ အဲဒီလေဥဆိုတာကို အကောင်မပေါက်တာ မသိလို့ အိမ်ကြက်မ ဝပ်နေတဲ့ ဝပ်ကျင်းထဲ ထည့်ထားကြည့်ဖူးတယ်။ ကြက်မက ဥတဲ့ တစ်ခြားဥတွေ အကောင်ပေါက်ပေမယ့် အဲဒီဥက ပေါက်ကို မပေါက်ဘူး။ နောက်တော့ ပုပ်သွားတာပဲ အဖတ်တင်တယ်။ ကြက်မခမျာ ကောက်ရ“ဥ”အတွက် ရင်ထုမနာ ဖြစ်တာပေါ့လေ။ သူ့ခမျာ အဲဒီဥပုပ်ကို အအောင့်ခံပြီး ဝပ်ပေးရှာတယ်။ နောက်တော့ သူမရှိချိန် အစာရှာချိန်ရောက်မှ ကောက်ပြီး လွှင့်ပစ်လိုက်ရတယ်။ တစ်ခါက ဦးလေးရဲ့ သူငယ်ချင်း အရက်သမား တစ်ယောက် ဥ လာခိုးတာ။ ကြက်မဥတွေ နေရာမှာ ဂေါက်သီးတွေ ပင်ပေါင်တွေ ထားခဲ့တာ။ ကြက်မတွေ ဝသီက ဥကျင်းဝပ်နေတုန်း ဥတွေ သွားနှိုက်ထားပြီး ဘာမှ မထားခဲ့ရင် နောက်တစ်ကြိမ် မဥတော့ဘူးတဲ့။ အဲလို အယူရှိကြတယ်။ ဥပျောက်လို့ လိုက်ရှာရင်လဲ ကြက်မတွေဟာ ဂဏှာမငြိမ်ပဲ တစ်ကတော်တည်း ကတော်နေတော့တာတဲ့။ အဲဒီတော့ ဉာဏ်ကြီးရှင် အရက်သမားက ပင်ပေါင်တွေ၊ ဂေါက်သီးတွေ အစားထည့်ထားတော့ ကြက်မလဲ ဥပျောက်တာ မသိဘူးပေါ့။ အကောင်မပေါက်နိုင်တဲ့ ပင်ပေါင်တွေကို အကောင်ပေါက်လာနိုးနဲ့ ဝပ်နေတာ ဦးလေးက မသင်္ကာ ဖြစ်မှ သွားကြည့်တော့ သိပါလေရော။ သူ့သူငယ်ချင်း လက်ချက်မှန်းလဲ သိရော.. မိုးမွန်အောင် ဆဲပါလေသဗျား....။
သေချာတာကတော့ ကြက်ဥစားရင် အားရှိတယ်ဆိုတာပဲ။
BONUS : How to peel boiled egg.
၁။ ပြုတ်ပြီးသား ကြက်ဥကို အိုးထဲက ထုတ်လိုက်ပါ။
၂။ လက်နဲ့ သေချာစွာကိုင်ပါ။
၃။ ကြက်ဥ ထိပ်နှစ်ဘက်ကို ခေါက်ပြီး ထိပ်အခွံကို ခွာလိုက်ပါ။
၎။ ကြက်ဥကို အလယ်ကနေ ကိုင်ပြီး ထိပ်တစ်ဘက်ကနေ လေနဲ့ အသာမှုတ်ထုတ်လိုက်ပါ။
အို .. ပြောနေကြာတယ်။ အောက်က ယူထုလေး ကြည့်လိုက်တာမှ တစ်ခါတည်း ရှင်းသွားမယ်။


