Friday, October 23, 2009

Time To Say Good Bye မင်းခယောက်ျား ကမ်းနားသစ်ပင်

ရေလှိုင်းတွေ တစ်ဝုန်းဝုန်းနဲ့ ကမ်းစပ်ကို ပြေးလာနေကြတယ်။
လှလိုက်တဲ့ ငပလီ။
ဝင်းဦးတို့ခေတ်က အဖြူအမည်းနဲ့ သွားရိုက်ဖူးတဲ့ ငပလီ...
မမုန်းလေနဲ့ ငပလီ...။
ငပလီ...

ငပလီတဲ့။ မြန်မာနာမည်လဲ မဟုတ်။ အတော့ကို သာသာယာယာလေး ရှိလို့ နိုင်ငံခြားက တိုးရစ်များ တစ်ကူးတစ်က လာရောက် အပန်းဖြေကြတဲ့ ရခိုင်ပြည်နယ်က အပန်းဖြေကမ်းခြေလေးတစ်ခု။
ဥရောပမှာ ဒီလို လှပတဲ့ ကမ်းခြေ ရှိတယ်။ သူ့နာမည်က Napoli တဲ့။ Amalfi ဆိုတဲ့ အီတလီ မြို့နားမှာ အဲဒီလို လှပတဲ့ ကမ်းခြေ ရှိတယ်တဲ့။ (ဒီနေရာလေးကို ကလစ်နှိပ်လိုက်ရင် Amalfi ကို ရောက်သွားမယ်။)


မြန်မာပြည် ငပလီကို ရောက်ဖူးတဲ့ သူတွေက ဒီကမ်းခြေဟာ ဥရောပက နာပိုလီ ကမ်းခြေနဲ့ မခြား လှပလွန်းလို့ အရှေ့တိုင်းရဲ့ နာပိုလီ ဆိုပြီး ပန်းသတင်း ပန်းချင်းဆောင်သွားရာက ငပလီဆိုတာ ဖြစ်လာတယ်လို့လဲ ပြောကြတယ်။

ဥရောပ ဆိုတာ ရာစုနှစ်ပေါင်းများစွာက ရောမ ခေါမ ယဉ်ကျေးမှုများ ထွန်းကားရာ နေရာပေါ့။ အီတလီ၊ ဗာတီကန်၊ ရောမ တစ်လွှားမှာ ဟိုးရှေးခေတ်အခါက ယဉ်ကျေးမှု ပြယုဂ် အဆောက်အဦများ ခိုင်ခိုင်မာမာ ကျန်ရှိနေတဲ့ နေရာ၊ အခုထိတိုင် တည်တံ့နေတဲ့ ကျောက်ရဲတိုက်၊ ဘုရားကျောင်း၊ အဆောက်အဦ များဟာ တစ်ခေတ်တစ်ခါက ဥရောပ ယဉ်ကျေးမှု ထွန်းတောက်ခဲ့တာကို ပြနေတုန်း။

အပေါ်က ပြောခဲ့တဲ့ နာပိုလီဆိုတာက အီတလီနားက Amalfi ဆိုတဲ့ မြို့လေးနားက နေရာလေး။ ဒီမြို့လေးနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီ ပုံပြင်လေး ရှိဖူးတယ်။ ဟာကျူလီ ဆိုတဲ့ အားကောင်းမောင်းသန် ဒဏ္ဍာရီလာ သူရဲကောင်းလေးဟာ သူ့ချစ်သူလေးကို မြုပ်နှံဖို့ ကမ္ဘာပေါ်မှာ အလှပဆုံး ကမ်းခြေကိုရှာတာ ဒီနေရာကို တွေ့သတဲ့။ တစ်ကယ်လဲ လှပတဲ့ နေရာလေးပေါ့။ အခွင့်ကြုံရင် သွားလည်ဖို့ တေးထားတဲ့ အထဲမှာ ဥရောပ ခရီးစဉ်လဲ ပါတယ်။ (4D ဖြစ်ဖြစ် ToTo ဖြစ်ဖြစ် ပေါက်ခဲ့ရင် သွားကို သွားဦးမှာ)။

ဥရောပဟာ တစ်ခေတ်တစ်ခါက အနုပညာ ယဉ်ကျေးမှုများ အတော်ကို ထွန်းကားခဲ့တဲ့ နေရာဖြစ်တယ်။ ခုတိုင်လဲ ထွန်းကားနေဆဲ.... အော်ပရာ သီချင်းတွေဟာ ဥရောပခေတ်ကို ဖေါ်ကျူးတဲ့ တေးတွေ ဖြစ်တယ်။ တေးသွားခပ်မြင့်မြင့်ကို စူးရှတဲ့ အသံနဲ့ သီဆိုရတဲ့ အော်ပရာ တေးသွားများဟာ တစ်ခေတ်တစ်ခါက ဥရောပ လူဂုဏ်တန် အသိုင်းအဝိုင်းတွေရဲ့ ဧည့်ခန်းမှာ မရှိမဖြစ် ဖွင့်လှစ်ခဲ့ရတယ်။ Classic တေးသွားများလို့ သမုတ်ကြတာတွေပေါ့။

ဒီလို ခမ်းနားမှုတွေ၊ ကြီးကျယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဥရောပနိုင်ငံငယ်လေး အီတလီဟာ တစ်ချိန်တုန်းက G8 ထိပ်သီး အစည်းအဝေးကို ကျင်းပဖို့ စီစဉ်ခဲ့ကြတယ်။ သိတဲ့အတိုင်း ဂျပန်နိုင်ငံဟာလဲ ထိပ်သီးနိုင်ငံထဲမှာ ပါလေတော့ ဒီအစည်းအဝေးကို တက်ဖို့ ဝန်ကြီးချုပ်ကို လွှတ်ရတာပေါ့။ ဝန်ကြီးလာပြီဆိုတော့ သိကြတဲ့ အတိုင်း လုံခြုံရေး၊ ဖျော်ဖြေရေး စတာတွေဟာ သက်ဆိုင်ရာနိုင်ငံမှာ အခြေစိုက်ထားတဲ့ နိုင်ငံရဲ့ သံရုံးအပေါ်ကို ကျလာတာပါပဲ။ သံရုံးဆိုတဲ့ အတိုင်း သံအမတ်၊ ကောင်စစ်ဝန်၊သံအရာရှိများ အားလုံး ကို ခေါ်တာပေါ့။ ဝန်ကြီးချုပ်က သိတဲ့အတိုင်း AS Roma ဘောလုံးအသင်းကို ကြိုက်တယ်ဆိုလို့ အဲဒီ ဘောလုံးအသင်းရဲ့ ပွဲစဉ်ထဲက အကောင်းဆုံး တစ်ခုကိုလဲ ကြိုတင် ဘွတ်ကင် လုပ်ရတယ်။ ဝန်ကြီးချုပ် မိန်းမ ကြိုက်တတ်တယ်ဆိုတဲ့ အစားအသောက် ကောင်းကောင်း ရောင်းတတ်တဲ့ စားသောက်ဆိုင် စာရင်းက အစ ရှော့ပင်ထွက်ရင် သုံးတတ်တဲ့ ပစ္စည်းတွေ ရောင်းတဲ့ စတိုး အဆုံးကို သံရုံး ဆိုင်ရာ ဝန်ထမ်းများက စာရင်းပြုစု စီစဉ်ပေးရတယ်လေ။

နောက်ပြီး ဝန်ကြီးချုပ်က အထက်က ဆိုခဲ့တဲ့ အော်ပရာ သီချင်းများကိုလဲ နှစ်သက်တတ်လေတော့ လာမယ့် ခရစ်စမတ် အထိမ်းအမှတ် ကျင်းပမဲ့ concert ကိုလဲ စီစဉ်ထားပေးရသေးတယ်။ နာမည်ကြီး အဆိုတော် Sarah Brightman ရဲ့ concert ဆိုတော့ ဝန်ကြီးချုပ်က တက်ရောက် အားပေး ချီးမြှင့်ချင်သား။ ဆိုမယ့် သီချင်းကလဲ နာမည်ကြီး "Time To Say Goodbye" ဆိုတဲ့ ဂန္တဝင်သီချင်း ကို အသားပေးဆိုမှာ။ "Con Te Partiro'" လို့လဲ သိကြတယ်။ သံရုံးဝန်ထမ်းများလဲ အစီအစဉ်တွေ တစ်ဆက်တည်းဖြစ်အောင် ကြိုးစားရေးဆွဲကြရတော့တာပေါ့။


ဒီယူထုကတော့ Andrea Bocelli နဲ့ Sarah Brightman တို့ ငယ်နုစဉ်က တူတူဆိုထားတဲ့ "Time to say Goodbye" ဆိုတဲ့ Classic သီချင်းပါ။




ဒီဗွီဒီယို ကလစ်လေးထဲမှာတော့ သူတို့နှစ်ယောက် နည်းနည်း အသက်အရွယ် ထောက်လာပါပြီ။




Andrea Bocelli တစ်ယောက်တည်း ဆိုတဲ့ ဗားရှင်းပါ။



Sarah Brightman တစ်ယောက်တည်း ဆိုတဲ့ ဗားရှင်းဖြစ်ပါတယ်။
Credit to : EMI Japan


ဒီလို ငြိမ့်ညောင်းတဲ့ တေးသီချင်းလေးများကို သီကျူးတဲ့ အီတလီရဲ့ ခရစ်စမတ် ညချမ်းလေးကို အရုပ်ဆိုး အကျည်းတန်သွားစေမယ့် အဖြစ်အပျက်လေးတစ်ခု ဖြစ်သွားပါတယ်။

- G8 အစည်းအဝေးမှာ ဝန်ကြီးချုပ်လာမယ်ဆိုတော့ အလုပ်တွေ အသည်းအသန် ရှုပ်နေတဲ့ အီတလီက ဂျပန်သံရုံး။
- သံရုံးကို secretary ရာထူးနဲ့ ပြောင်းလာတဲ့ သံအရာရှိ Diplomat... သူ့ကို ဂျပန်သံရုံးအသိုင်းအဝိုင်းက မလိုလားဘူး။ သူလာရင် ပြဿနာတွေ တစ်ထွေးကြီး ဖြစ်တတ်လေ့ရှိလို့တဲ့။
- ခရစ်စမတ် မတိုင်မီက အီတလီကို အလည်လာတဲ့ မုဆိုးမ သားအမိလေးနှစ်ယောက်...

ဖြစ်ချင်တော့ အဲဒီ အလည်လာတဲ့ ဂျပန်နိုင်ငံစား သမီးလေးကို ပြန်ပေးသမားတွေက ပြန်ပေးဆွဲပြီး နာပိုလီမှာ ပြန်သွားရွေးခိုင်းတယ်။ သံအရာရှိက မနေသာတော့ပဲ ပါဝင် ပတ်သက်မိပြန်တယ်။ (မင်းခယောကျာ်း ကမ်းနားသစ်ပင်ဆိုတာ ဒီလိုပါပဲလေ။) ဂျပန်သံရုံးက ဒီကိစ္စကို မီဒီယာကို မသိစေချင်ပဲ သိုသိုသိပ်သိပ် ပြီးစီးသွားအောင် အီတလီရဲတွေကို ကိုင်တွယ်စေချင်တယ်။ အတွေ့အကြုံများတဲ့ သံအရာရှိက အီတလီဥပဒေ ဖြစ်တဲ့ ပြန်ပေးသမားများကို ငွေမပေးရဆိုတဲ့ စည်းမျဉ်းကို ကျော်ပြီး Deal လုပ်ချင်တယ်။ အီတလီ ရဲမင်းကြီးက သံအရာရှိကို မကြည်မလင် ဖြစ်....။

တစ်ဖြည်းဖြည်းနဲ့ ပြန်ပေးမှုရဲ့ နောက်ကွယ်မှာ မထင်မှတ်တာတွေ ပါလာတယ်။ စီစီတီဗွီ လုံခြုံရေး ရုပ်မြင် ကိရိယာများရဲ့ အခန်းကဏ္ဍ၊ နိုင်ငံရေး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လူသားချင်း စာနာ ထောက်ထားတဲ့ ကူညီမှု၊ နိုင်ငံ့အရေးနဲ့ ယဉ်လာရင် တစ်ဦးတစ်ယောက်ရဲ့ အရေးပါမှုတွေဟာ မှေးမှိန်သွားနိုင်တယ်ဆိုတဲ့ အချက်၊ နိုင်ငံသားတစ်ယောက်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး...။

အီတလီ အစိုးရနဲ့ ဂျပန်အစိုးရတို့ရဲ့ လိမ္မာပါးနပ်စွာ ကိုင်တွယ်မှုကြောင့် မီဒီယာ ရှေ့ကို ရောက်မလာဖြစ်ခဲ့တဲ့ ကန့်လန့်ကာ နောက်ကွယ်က အဖြစ်အပျက်တစ်ခုပါ။ ကြားထဲက မြေဇာပင် ဖြစ်သွားတဲ့ သံအရာရှိ Diplomat ကတော့ လူမသိ သူမသိ တောင်အာဖရိက နိုင်ငံတစ်ခုကို လွှင့်ပါး အမှုထမ်းရလေရဲ့။


Bonus : မနေ့က ရုပ်ရှင်တစ်ကား ကြည့်မိတယ်။ ကြည့်သင့်တယ်လို့ မှတ်ချက်ပေးမိပါတယ်။ နာမည်ကြီး မင်းသား မင်းသမီးများ မပါပဲ သာမာန် သရုပ်ဆောင်များနဲ့ ဇာတ်လမ်း အစမှ အဆုံး ဆွဲခေါ် နစ်မြုပ်သွားစေနိုင်တဲ့ ကားကောင်းလေး တစ်ကားပါ။ ကားလေး နာမည်က "Amalfi" တဲ့။ အချိန်ပေးပြီး သေချာကြည့်လိုက်ပါ။ အောက်မှာ ယူထုနားက ဒီရုပ်ရှင်ကို အမြည်းစမ်းကြည့်နိုင်တဲ့ လင့်ခ်လေး တင်ထားပေးတယ်။






11 comments:

  1. အသွားချင်ဆုံး တိုင်းပြည်က အီတလီ။
    အကြိုက်ဆုံး ဘောလုံးအသင်းက အီတလီ။
    အကြိုက်ဆုံး ဘောလုံးသမားက အီတလီက။
    နာပိုလီကို ဘောလုံးအသင်းပဲသိတယ်။ ကမ်းခြေအကြောင်းခုမှသိတယ်။
    ဒီကားကို ဒီနေ့ ရုပ်ရှင်ရုံမှာ တွေ့တယ်။ မကောင်းဘူးထင်ပြီး မကြည့်ခဲ့ဘူး။
    မျှဝေပေးတာ ကျေးဇူးပါ။

    ReplyDelete
  2. အဲဒီကားက ဂျပန်ကားတွေထဲမှာ ပထမဆုံး အစအဆုံး ပြည်ပမှာရိုက်ကူးတဲ့ကားဆိုပဲ။

    ReplyDelete
  3. သွားကြည့်ပါ။ မတန်ဘူး မကောင်းဘူးဆိုတာ မရှိစေရတဲ့ plot ကောင်းကောင်းနဲ့ ဂျပန်ကား ပါ။

    ReplyDelete
  4. Theme Song က အထက်က အော်ပရာ သီချင်းပါ။ ကောင်းတယ်။

    ReplyDelete
  5. လူလစ်ရင်တော့သွားကြည့်ဖြစ်မယ်။

    ReplyDelete
  6. Time to say goodbye..
    လို့ ကြားလိုက်တိုင်း ကြို လွမ်းနေမိတယ်..
    Sarah Brightman ကတော့ ဒီကို ခဏ ခဏ လာတယ်..

    ReplyDelete
  7. surrogate ကြည့်ြီ့ပီးသွားပြီ. ကြိုက်တယ်။

    ReplyDelete
  8. ခဏခဏ လာဖတ်ပါတယ။် သီချင်းတွေ ဆိုတော့ဘာပြောရမှန်းမသိလို့ပေါက်ကိုစောင့်နေတာ။

    ReplyDelete
  9. ယူထုလို့ဖြင့် မကြားပေါင်ဗျာ။လျှာဝင်ရှည်ရရင် နာမည်ကြီး မင်းသားမင်းသမီး မပါ သာမာန်သရုပ်ဆောင်ဆိုတာ မှားနေတယ် ကဘွတ်ဇ်ရဲ့။ဂျပန်မှာတော့ မင်းသား၂ယောက်လုံးနဲ့ မင်းသမီးက နာမည်ကြီးတွေ။တစ်ကမ္ဘာလုံး အတိုင်း အတာနဲ့ဆိုရင်တော့ နာမည်မကြီးဘူး လူသိမများဘူးဆိုတာ ဟုတ်မှာပေါ့နော်

    ReplyDelete
  10. အေး.. ငါတို့က ကမ္ဘာနဲ့ချီ ပြောတာအေ့...။ အဟက်

    ReplyDelete
  11. ငါ ယူထု နေတာကြာပေါ့။ ညည်းကယ်လ်ဗင်က ခုမ ထပြီး ထုလား ကျူ့လား လုပ်နေတာ...။ ဟားဟား

    ReplyDelete