အနုပညာတဲ့။
လူတွေ စိတ်ကို နူးညံ့စေတတ်တာမျိုး။
ရင်ခုန်သံခြင်း တူရင် ကြီးကြီးငယ်ငယ် မဟူ တစ်သားတည်း ဖြစ်သွားတာပဲ။
ကျွန်တော်က ငယ်ကတည်းက သီချင်းများအပေါ်မှာရူးသွပ်ခဲ့တယ်။ အခုထိပဲ...။
ရန်ကုန်မှာ နေတုန်းက လမ်းထဲက အနုပညာ ဝါသနာပါတဲ့ အစ်ကိုကြီးတွေနဲ့ တွဲဖြစ်တယ်။
ဗွီဒီယို ခွေဆိုင် ဖွင့်ထားတဲ့ လေးစိုးဆိုတဲ့ ပုဂ္ဂိုလ်က ဘေ့စ်တီးတာ ဝါသနာပါတယ်။ သူ့ဆိုင်ထဲမှာ အမ်ပလီဖိုင်ယာတွေ၊ ဆောင်းဘောက်တွေ၊ ဆောလစ်ဂစ်တာတွေ တစ်အားကြီးပဲ။ နေ့ခင်းပိုင်းတွေဆို သူ့ဆိုင် သွားသွားပြီးသီချင်းတီးကြတယ်။
နောက်တစ်ယောက်က ကီးဘုတ်တီးတာ ဝါသနာ ပါတဲ့ တစ်ယောက်။ ကိုဇော်ဝင်းတဲ့။ ယာမဟာ portable ကီးဘုတ် တစ်လုံး ဝယ်ထားပြီး အိမ်မှာ တီးတယ်။ အပျော်တမ်းပေါ့လေ။ တစ်ခါတစ်လေလဲ သီချင်းတွေ ဘာတွေ လိုက်သင်ပေးတယ်။ ကီးဘုတ်တီးနည်းတွေ ဘာတွေ လိုက်သင်ပေးတာပေါ့။ တစ်ချို့ တေးရေးဆရာတွေက သူတို့ ရေးထားတဲ့ သီချင်းကို အဆိုတော်တွေဆီ သွားရောင်းဖို့ လိုအပ်လာရင် သူ့ဆီ နို့စ်တွေ လာပေးပြီး အကြမ်း တီးခိုင်းတတ်တယ်။ အသံသွင်းပြီး သွားပြ သွားရောင်းကြတာပေါ့။ အစက တီးလုံးချည်းပဲ တီးပေးလိုက်တာ။ နောက်ပိုင်းကျတော့ ကျွန်တော်ဆိုတာ တီးတာ မြင်တော့ အဆိုတွေ ဘာတွေ ဝင်ဆိုခိုင်းပြီး သွင်းသွားတတ်တယ်။ ရောင်းရတယ် ပြောတာပဲ။ သီိချင်းကောင်းလို့လား မသိဘူး။ :P
နောက်တစ်ယောက်ကျတော့ လိဒ် တီးတာ ဝါသနာ ပါတဲ့သူ။ သူက တီးနေရရင် ထမင်းမေ့ ဟင်းမေ့။ လိဒ်အလုံးလေးတွေကို စာအုပ်အတိုင်း တစ်လုံး မကျန် တီးတယ်။ တစ်သဝေ မတိမ်း တူအောင်ကို တီးတာ။ ခက်တာက တစ်ခါတစ်လေ သူ့အလုံးနဲ့သူ မရမက ရအောင် တီးရင်းနဲ့ မျောသွားတာ Timing အောက်အောက်သွားလို့ ခဏခဏ ပြန်ပြန် ခေါ်ရတယ်။
နောက်တစ်ယောက်ကတော့ ညီငယ်တစ်ယောက်။ သူကျတော့ ရစ်သမ်ခေါက်ပေးတယ်။ လိဒ်လိုရင် ဝင်တီးပေးတယ်။ သူက ခေတ်သီချင်းတွေ ရတယ်။ အပေါ်က အစ်ကိုကြီးတွေက သီချင်းဟောင်းတွေ ပိုအားသန်ကြတယ်။
ညည မီးပျက်ရင် လသာသာအောက်မှာ အိမ်ရှေ့က ကွပ်ပျစ်မှာ ဂစ်တာ သုံးလေးလုံးနဲ့ ဆိုကြတာပဲ။ သူတို့တွေက ခိုင်ထူး၊ ထီးဆိုင်၊ ခင်မောင်တိုးလိုင်းတွေ။ အမယ် အပျော်တမ်းဆိုပြီး ပေါ့ဆော့ခရော့စ်တော့ မမှတ်လေနဲ့...။ သူတို့ ကြိုက်တဲ့ သီချင်းတွေဆို ဘေ့စ်၊လိဒ်၊ ဒရမ် အကုန် နို့စ် ထုတ်ထားတယ်။ လယ်ဂျာ စာအုပ် သုံးလေးအုပ်လောက်ကို ရှိတာ။
တန်ဆောင်တိုင်ဆို ကိုဇော်မင်းတို့ အိမ်ထဲမှာ စုတီးကြတယ်။ စက်တွေ ဘာတွေ ငှားပြီးတော့။
သင်္ကြန်ဆို ဘယ်မှ မသွားတော့ဘူး။ လေးစိုးတို့ ဗွီဒီယိုဆိုင်မှာ စင်ကလေး ထိုးပြီး အသံစက်တွေ ငှားပြီး ဝိုင်းဆို ဝိုင်းတီးကြတယ်။ ရေစိုတော့ ဓါတ်လိုက်.. တွန့်လိုက်.. ရှပ်ကီလေး ပင့်လိုက်ပေါ့...။
နောက်ပိုင်းတော့ လမ်းထဲက လူကြီးတွေက တန်ဆောင်တိုင် ရှိုး ကိုယ်ထူကိုယ်ထ လုပ်ပေးတယ်။ သူတို့တွေ တီးကြပေါ့။ လမ်းထဲက ဦးတင်လှိုင် ရှိတယ်လေ။ ချစ်မိုးစွေခဲ့တယ် ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ် ဆိုတဲ့ သီချင်းကို ဆိုတဲ့ တစ်ယောက်။ အဲဒီတော့ သူ့အကန့်နဲ့ နာမည်ကြီး သီချင်းကြီး ဆိုသူတွေလဲ လမ်းထဲက စတိတ်ရှိုးမှာ လာလာ ဆိုကြတယ်။ လွမ်းတောင် လွမ်းမိသေး။
အခုတော့ ကိုယ်စီကိုယ်စီ တစ်နေရာစီကို ရောက်နေကြတယ်။
ကိုဇော်မင်းက အိမ်ပြောင်းသွားတယ်။ လေးစိုးက တရားလိုင်းဘက် ကူးသွားတယ်။စက်တွေ အကုန်ရောင်းလိုက်တယ်။ ညီလေးက မေမြို့ပြောင်းသွားတယ်။ ကျွန်တော်လဲ ဒီလွင့်လာတယ်။ လသာညများဆို သူတို့တွေ သတိရနေမိသေးတယ်။ သူတို့နဲ့ တီးရင်းဆိုရင်း အသံသွင်းထားတာလေးတွေ ရှိတယ်။ တစ်နိုင်သွင်းထားတာ ဆိုတော့ ပရော်ဖက်ရှင်နယ် မဟုတ်ဘူးပေါ့။ သူတို့ သိမ်းထားလောက်တယ်။ ကျွန်တော့်ဆီမှာတော့ ပါမလာဘူး။
တစ်ခါသားမယ် ညီလေးက သီချင်းလေးတစ်ပုဒ် ရေးထားတာ လာပြတယ်။ မိုးစက်နဲ့ မျက်ရည်လို့ တိုက်ရိုက်ဘာသာပြန်ရင် အဓိပ္ပါယ်ရတဲ့ သီချင်းလေးပေါ့။ Demis Roussos က သီဆိုထားတဲ့ Rain and Tears လို့ အမည်ရတဲ့ သိုးဆောင်း သီိချင်းလေး တစ်ပုဒ်ပါ။ အောက်က youtube မှာ ဒီသီချင်းလေးကို ခံစားနိုင်ပါတယ်။
ညီလေးက ဒီသီချင်းအသွား မဆိုစလောက်ကို ကျောရိုးယူပြီး ရေးထားတာလေ။ အပျော်တမ်း ကီးဘုတ် ပလေယာ ကိုဇော်ဝင်းက ကီးဘုတ် Only နဲ့ တေးဂီတ တီးခတ်ပေးထားပါတယ်။ ညလူခြေတိတ်ချိန်မှာ ဖျတ်ကနဲ ပေါ်လာတဲ့ လျှပ်စစ်မီးရယ်ကြောင့် အသံသွင်းတာမှာ အခက်အခဲ ဖြစ်ခဲ့ရတယ်။ အဆိုပိုင်း သွင်းတာမှာ ဘေးအိမ်ကို အားနာရတာကြောင့် အသံ force ကို အပြည့် မသုံးမိခဲ့ဘူး။ ကိုဇော်ဝင်းကတော့ အားမနာပဲ အပြည့်ဆိုဖို့ ပြောခဲ့တာပဲ။ ည ၁၁နာရီခွဲ လူခြေတိတ်၊ သူငယ်အိပ်ချိန်မှာ လာပေးတဲ့ မီးကို ကျေးဇူးတင်ရမလား အပြစ်ဆိုရမလား ဖြစ်ခဲ့တယ်...။ ဘာပဲဖြစ်ဖြစ် အတိတ်ကို သတိရစေတဲ့ သီချင်းလေး တစ်ပုဒ်ပေါ့။ အောက်မှာ တင်ထားပေးလိုက်တယ်။ အသံနည်းနည်းလျော့ပြီး နားဆင်ကြည့်ကြပါလား။
သီချင်းနာမည်က “နှောင်းအတိတ်” တဲ့။

ရင်ခုန်သံခြင်းကတူချင်နေပြန်ပါပြီ။ တွေ့ပလား .နောက်တစ်ယောက်။
ReplyDeleteယူထုမနားထောင်ဘဲ နှောင်းအတိတ်ဘဲနားထောင်သွားပါတယ်။
ReplyDeleteဖျာရောင်းနေပြန်ပြီ။
ReplyDeleteဟမ်.ြ့ပီးသွားပြီလား.
ReplyDeleteဇီးသီးထုတ်လို့ ရပြီ (ထမင်းစားပြီးမှ နားထောင်လိုက်တယ်) ရှမ်းပွဲမှာ တက်ဆိုလို့ ရပြီ
ReplyDeleteနှစ်ခါနားထောင်သွားပါတယ်...
ReplyDeleteနားထောင်ကောင်းတယ်ဗျို့ ...
mie nge
As always, your singing style is excellent. If you don't mind me saying, I feel that you are controlling too much on your voice. ( I mean... I know the reason coz you mentioned why you had to do so.) Because your voice is very good, I just wish that you used full force on your voice as ကိုဇော်ဝင်း said. Still good job on this!
ReplyDeleteဲဖြူတုတ်လေးရေ။
ReplyDeleteကျေးဇူးတင်ပါတယ်။
Again အပေါ်က ပြောခဲ့သလိုပါပဲ မီးလာတဲ့ အချိန်လေးကို ကုတ်ကပ်လုပ်ရတာဆိုတော့ ဖွင့်ဆိုဖို့ အခြေအနေမပေးခဲ့တာ။ ၃ ရက်မှာ ညပိုင်းကို ၂နာရီခွဲပဲ မီးလာတဲ့ အချိန်တုန်းကပေါ့။ :P
လာလည်တဲ့ အတွက် ကျေးဇူးပါ...။
ကိုယ်ထင်ထားတဲ့ ရုပ်နဲ့ အသံနဲ့ တခြားဆီဖြစ်နေတယ်။
ReplyDeleteဘယ်ဟာမှ ဆိုးတယ်ပြောတာမဟုတ်ပါဘူး။ အဲနှစ်ခု စိတ်ထဲ မညီတာပြောတာ။
အသံက ဖိုးချို၊ ခိုင်ထူး ရောထားသလိုလို။ သေချာ နားဆင်သွားပါတယ်။း)