Showing posts with label Helping Hands. Show all posts
Showing posts with label Helping Hands. Show all posts

Saturday, May 24, 2008

နေရောင်အောက်က အသက်ရှုသံများ။

ခပ်ကြမ်းကြမ်းလေး ၀င်သရမ်းသွားတဲ့
သဘာဝတရားရဲ့ ကျီစယ်မှု...။
ဖန်လုံအိမ်ကြောင့်တဲ့...။
သဘာဝတရားကို လျှော့တွက်တတ်တဲ့
လူ့သဘာဝကြောင့်တဲ့...။
အရိပ်လို ကပ်ပါလာတဲ့
အတိတ်က ကံတရားကြောင့်တဲ့...။

အပြစ်ကင်းတဲ့ ကလေးများရဲ့
ချစ်စဖွယ် ရီသံများနဲ့
စည်ကားနေခဲ့တဲ့ နေရာက
အခုတော့
တစ်စပြင် တစ်ခုလို
တိတ်ဆိတ်လို့...။

အကွယ်အကာမဲ့တဲ့
အမိုးမဲ့တဲ့ဗလာထီးထီး
ကမ္ပလာမြေထု အထက်ဆီမှာ
တစ်ယောက်တည်း ရပ်နေရင်း
အနောက်ဘက်ဆီမှာ
မိုးညို့လာရင်ကို
စိုးထိတ်နေမိပြီ...။

ခိုနားဖို့ အတွက် အရိပ်တစ်ခု...။
နောက်မနက်တစ်ခု အတွက်
အသက်ဆက်ဖို့
ရေကြည်တစ်ပေါက်...။
နေ့သစ်တစ်ခုကို
တစ်ဖန်ပြန်ကြုံရဖို့
လိုအပ်နေတဲ့ အစားတစ်လုတ်...။
ဘယ်မှာလဲ... ဘယ်မှာလဲ... ဘယ်မှာလဲ...။

မျှော်လင့်ခြင်းနဲ့ ငတ်မွတ်နေတဲ့
မျက်လုံးအစုံများ...။
စိုးရိမ်မှုနဲ့ ထုံမွမ်းနေတဲ့
အတွေးနက်နက်များ...။
မရောရာတဲ့ မနက်ဖြန်ပေါင်းမြောက်များစွာ...။


အော်...
ဒါလား သဘာဝတရားရဲ့ ကျီစယ်မှု...။
ဒါလား ဖန်လုံအိမ် အာနိသင်...။
ဒါလား အတိတ်က ကမ္မ အကျိုးအာနိသင်...။

လောကကြီး...
ခင်ဗျား သိပ်ရက်စက်တယ်...။

(မယောင်ရာ ဆီလူးနေကြသော၊ တုံ့ပြန်မှု နှေးကွေးနေသော သူများသို့...။ )

Thursday, May 22, 2008

Keep It Up!!

ဒီခရီးကို ဒီထီးနဲ့ ဆက်သွားမလား...။
ဒီမိုးနဲ့ ဒီလေနဲ့...
ဒီလူနဲ့ ဒီအပူနဲ့...

ဆိုက်ချင်တဲ့ ကမ်းဆိုက်...
ရောက်ချင်တဲ့ သောင်ရောက်...

လက်သည်းကို ဆိပ်မိမှ
လက်ထိပ်နာမယ်...။

တွယ်ရာမဲ့ဗေဒါကို
ပန်းပန်ပေးလိုက်ရအောင်...။

ဒိုက်ဖတ်တွေ
ရေမှော်တွေ
အဝေးကိုသွား...။

ကဲ...လာခဲ့...။

ဟိုး.... အရှေ့မှာ
ရောင်နီပျို့လာပြီ...။
မိုးရိပ်မဆင်ခင်
အရောက်သွားရအောင်...။

(လှမ်းလင့်ကူညီနေကြသော လက်အစုံပေါင်းများစွာသို့...။)